Pages

Thursday, November 28, 2013

N!xau သို့ The Gods Must Be Crazy

          ကျွန်တော်တို့ ငယ်ငယ်တုန်းက Gods must be crazy ဇာတ်ကားလေးကို ကြည့်ဖူးကြမှာပါ။  ဒီရုပ်ရှင်ကို ၁၉၈၀ ခုနှစ်က Jamie Uys ဆိုတဲ့ ဒါရိုက်တာက ရေးသား  ရိုက်ကူးခဲ့တာပါ။  အာဖရိကတိုက်မှာ ပထမဆုံး ရုံတင်ပြသခဲ့ပြီး စံချိန်တင် လူကြိုက်များခဲ့ပါတယ်။  နောက် နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ပြသဖို့အတွက် မူရင်း အာဖရိက စကားပြောတွေကို အင်္ဂလိပ်လို ပြင်ဆင်ခဲ့ပါတယ်။  အမေရိကန်နိုင်ငံနဲ့ ဂျပန်မှာ ဒီရုပ်ရှင်ဟာ စံချိန်တင် ပြသခဲ့ရပြီး အလွန်ကို အောင်မြင်ခဲ့ပါတယ်။  ကမ္ဘာအရပ်ရပ်မှာပြသခဲ့ပြီးတော့ ဒီရုပ်ရှင်ဟာ ဒေါ်လာ သန်း ၁၀၀ ကျော် အမြတ်အစွန်းရရှိခဲ့ပါတယ်။  ဒီအထဲမှာ ကျွန်တော်စိတ်ဝင်စားမိတာကတော့ ဒီရုပ်ရှင်ထဲက ကိုကာကိုလာ ပုလင်းလေး တစ်လုံးနဲ့ အလုပ်ရှုပ်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး အာဖရိကတိုက် ကာလာဟာရီ သဲကန္တာရထဲက Bushmen စီ အကြောင်းလေးပဲဖြစ်ပါတယ်။  ဒီလို သန်ပေါင်းများစွာ စံချိန်တင်ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်ဟာ ဘယ်လောက်များ အကျိုးခံစားခွင့် ရခဲ့သလဲဆိုတာကိုပေါ့။
          ဒီရုပ်ရှင်ထဲက ဇာတ်လိုက် စီ ရဲ့ မူရင်းနာမည်ကတော့  Nǃxau ǂToma ဖြစ်ပါတယ်။  သူဟာ နမ်မီဘီယား ဒေသမှာ မွေးဖွားခဲ့ပြီးတော့ သူ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာကို သူကိုယ်တိုင် မသိခဲ့ပါဘူး။  သူဟာ အာဖရိက ဘာသာစကား ၃ မျိုးလောက်ကိုတော့ ကောင်းကောင်းကြီး ပြောတတ်ပါတယ်။  မြို့ကြီးတွေကိုလည်း တစ်ခါမှ ရောက်ခဲ့ဖူးတာမဟုတ်သလို ဒီရုပ်ရှင် မရိုက်ကူးခင်အထိ သူ့ဘ၀မှာ လူဖြူ ၃ ယောက်လောက်ပဲ မြင်ခဲ့ဖူးတာပါ။  နောက်ပြီး ပိုက်ဆံ၊ ငွေကြေးဆိုတာကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။  ငွေကြေးနဲ့ ဘယ်လို ဖလှယ်ရမှန်းလည်း မသိသလို၊  ဒီငွေကြေးရဲ့ တန်ဖိုးကိုလည်း မသိခဲ့ဘူးလို့ ဆိုပါတယ်။  ဒီရုပ်ရှင်ရိုက်ကူးခအတွက် သူဟာ ဒေါ်လာ ၂၀၀၀ အောက်သာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Monday, November 18, 2013

အဆုံးစွန်အထိ ခရီးဆက်နေဦးမည့် Voyager ၁ နှင့် ၂

          ကျွန်တော်ငယ်ငယ်တုန်းက လမင်းကြီး ရယ်၊  မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကောင်းကင်က ကြယ်လေးတွေကို လသာတဲ့ ညဖက်ဆိုရင် မော့ကြည့်ပြီး အများကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီ ကြယ်လေးတွေက ဘယ်လောက်ဝေးလဲ?  ဘယ်နေမှာ ရှိနေတာလဲ?  ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို ရောက်မလာတာလဲ?  ကျောင်းရောက်တော့လည်း ဆရာမက ကျွန်တော်တို့ကမ္ဘာကြီးကနေကို လှည့်ပတ်နေပြီးတော့ သူ့မှာ မိသားစု ဂြိုလ်ပေါင်း ကမ္ဘာအပါအ၀င် ကိုးလုံး ရှိတယ်လို့ဆိုပြန်တယ်။  နောက်ပြီး ကျွန်တော်တို့ နေမိသားစုဟာ နဂါးငွေ့တန်း ဂလက်ဆီဆိုတဲ့ အရာကြီးထဲက အစိတ်အပိုင်းလေးတစ်ခုတဲ့။  အဲ့ဒီ နဂါးငွေ့တန်းဆိုတဲ့ ဟာကြီးကလည်း စကြ၀ဋ္ဌာ ပင်လယ်ကြီးထဲမှာ မျောချင်ရာမျောနေသတဲ့။
          နောက်ပိုင်း အတန်းထဲမှာ မှန်ပြောင်းတွေ အကြောင်းသင်ရပြန်ရော…  ဟိုး အဝေးကြီးက အရာဝတ္တုတွေကို နီးနီးလေးမှာလိုမျိုး လှမ်းပြီး မြင်ရပါသတဲ့။  အရမ်းအားကောင်းတဲ့ မှန်ပြောင်းကြီးတွေနဲ့ ဆိုရင် ဂြိုလ်တွေကိုပါ လှမ်းပြီး ကြည့်လို့ရပါသတဲ့။  အင်း… ကျွန်တော်တို့ မသိတဲ့ အရာတွေ တော်တော်များနေပါလားနော်…..  ကျွန်တော်တို့ အနေနဲ့ ကမ္ဘာမြေကြီးပေါ်ကနေ ထိုင်ပြီးတော့ အများကြီးတွေးနေ၊  ငေးနေမဲ့အစား အဆိုပါ ဂြိုလ်ကြီးတွေ၊  ကြယ်ကြီးတွေ ရှိတဲ့ နေရာကို အနီးကပ်သွားရောက်ကြည့်ရှု့လို့ရရင်တော့ ကျွန်တော်တို့ အနေနဲ့ ပိုပြီးတော့ ဒီအရာတွေရဲ့ အကြောင်းကို သိလာနိုင်တာပေါ့လေ။  ဒီလိုမျိုး လူတွေ စဉ်းစားခဲ့ကြပါတယ်။ စဉ်းစားခဲ့သလို အကောင်အထည်လည်း ဖော်ခဲ့ကြပါတယ်။  ဒီလိုမျိုး ဂြိုလ်တွေ၊ ကြယ်တွေကို စူးစမ်းဖို့အတွက် လူသားတွေဟာ လမင်းကြီးဆီကို၊ အင်္ဂါဂြိုလ်ဆီကို၊ ဂျူပီတာ ဂြိုလ်ဆီကို… စသည် စသည်ဖြင့် အာကာသ စူးစမ်းရေး ယာဉ်ကြီးတွေ လွှတ်တင်ခဲ့ကြပါတယ်။
          ခု Voyager 1 & 2 ဆိုတဲ့ အကြောင်းလေးကတော့ ကျွန်တော့် ကွန်မန့် ဘောက်စ်ထဲကို အကိုတစ်ယောက်က ရေးပါလားဆိုလို့ တင်လိုက်ဖြစ်တဲ့ ပိုစ့်လေးတစ်ခုပါ။  ဒီပိုစ့်အတွက် ကျွန်တော့် အဓိက ကိုးကားခဲ့တာကတော့ Nasa နဲ့ Wikipedia  ၀ဘ်ဆိုဒ် နှစ်ခု ဖြစ်ပါတယ်။  Voyager ၁ နှင့် ၂ ဆိုတဲ့ အာသာကယာဉ် ကတော့ ကျွန်တော်တို့ နေမိသားစုထဲက Satun လို့ခေါ်တဲ့ စနေဂြိုလ်ကြီးနဲ့ Jupiter ဂြိုလ်ကြီးနှစ်ခုကို အနီးကပ်လေ့လာဖို့အတွက် ကနဦး စီမံကိန်းချခဲ့ပေမယ့် ခုတော့ ဒီ ညီနောင် အာကာသယာဉ် နှစ်စီးဟာ သူတို့ရဲ့ လေ့လာရေး အစီအစဉ်တွေကို ကျွန်တော်တို့ နေမိသားစုရဲ့ အပြင်ဖက် အဆုံးစွန်အထိရောက်အောင် လက်ဆက် ခရီးနှင်နေဆဲ ဖြစ်ပါတယ်။