[ဒီဝတ္တုတိုလေးကို
ဆရာ မြင့်သန်းဘာသာပြန်ထားပြီးတော့ မူရင်းကတော့ တရုတ်စာရေးဆရာ လောဝ်ရှု ရေးသားထားတာဖြစ်ပါတယ်။ သူ့ခေတ်၊သူ့အခါက လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတာကို
သရော်ပြီးရေးထားတဲ့ ၀တ္တုတိုလေးဖြစ်ပါတယ်။]
ဝါန်းရယ်၊ ချူရယ်၊ ကျွန်တော်ရယ် စပ်ပြီး
ဆေးရုံတစ်ခု ဖွင့်ကြတယ်။ ၀ါန်းရဲ့ မိန်းမက
သူနာပြုဆရာမချုပ်ဖြစ်လာမယ်။ အလျင်ကတော့ ရိုးရိုးသူနာပြုဆရာမပဲ။ ယောက်ျားရတော့ ဆရာဝန်ကတော်ရယ်လို့ အဆင့်တက်သွားရာက
အခု သူနာပြုဆရာမချုပ်ဖြစ်လာမှာ။ ချူရဲ့ ယောက္ခမအထီးကြီးကတော့
လုပ်ငန်းပိုင်းဆိုင်ရာ မန်နေဂျာနဲ့ စာရင်းကိုင်အဖြစ် တာဝန်ယူမယ်။ ဒီိကိစ္စ အားလုံးအတွက် ၀ါန်းနဲ့ ကျွန်တော် ညှိပြီးပြီ။ တကယ်လို့များ ချူရဲ့ ယောက္ခမကြီး စာရင်းလိမ်တာတို့၊ အလွဲသုံးစားလုပ်တာတို့များ လုပ်လာခဲ့ရင် ၀ါန်းနဲ့
ကျွန်တော်က အဘိုးကြီးရဲ့ သမက်ကို ပညာပေးရုံပဲ။
အပြတ်ကိုင်ရုံပဲ။ ဒီတော့ ချူက သူ့ယောက္ခမကြီး
အတွက် အာမခံတင်ထားရတာမျိုး။ ၀ါန်းနဲ့ ကျွန်တော်က
ဒီကိစ္စမှာ အမာခံတွေ။ ဆေးရုံဖွင့်ကြမယ်ဆိုတဲ့
အကြံကိုက ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြံ။
ကျွန်တော်တို့ခေါ်လို့ ချူက နောက်မှ ပါလာတာ။ သူ့ကိုတော့ မျက်စိဒေါက်ထောက် ကြည့်ရမှာပဲ။
ဘယ်လိုစီးပွားရေးလုပ်ငန်းကိုပဲ
လုပ်လုပ်။ လုပ်ကိုင်ကြတဲ့ လူအရေအတွက်က
ဘယ်လောက်ပဲ နည်းနည်း၊ သူ့လူ ကိုယ့်လူ ရယ်လို့ အုပ်စုခွဲတာကလေးကတော့ ရှိမှာပဲ။ အဲဒီလိုမှမဟုတ်ရင် လုပ်ငန်းတစ်ခုလုံးအပေါ် သိပ်ပြီး
ဂရုမစိုက်သလိုမျိုး ဖြစ်နေမှာပဲ။ မဟုတ်ပေဘူးလား။ ဒီတော့ ကျွန်တော်တို့ ဘယ်လို အုပ်စုခွဲမယ် ဆိုတာကို
တင်ကူးပြီး စီမံထားလိုက်ကြတယ်။ ၀ါန်းနဲ့ကျွန်တော့်
အုပ်စုထဲမှာ ချူ မိန်းမကို ထည့်ရမယ်။ ဒါမှ
တစ်ခုခုအပေါ် မဲခွဲကြရင် ကျွန်တော်တို့က သုံးမဲ၊ သူက တစ်မဲတည်း။ သူ့ယောက္ခမကြီးက ၀ါးန်ဘက်က ပါကောင်း ပါမယ်။ အဘိုးကြီးက အိုလှပြီ။ ၀ါန်း မိန်းမက ကျွန်တော်တို့အုပ်စုထဲ ပါနေမှတော့
အဘိုးကြီး ကိစ္စကို သူ့စရိတ်နဲ့သူ ရှင်းပါလိမ့်မယ်။
ချူနဲ့
ပတ်သက်လို့ ချီမွမ်းစရာ ရှိတာကလေးကိုတော့လည်း ချီးမွမ်းရဦးမယ်။ သူ့ဟာနဲ့သူ တော်တဲ့အပို်င်း ရှိတယ်။ လိပ်ခေါင်းဖြတ်ရာမှာ တော်တယ်။ ဓားကိုင်ကောင်းတဲ့ လူတစ်ယောက် သူ့အလုပ်မှာ သူတော်တယ်ဆိုတာကဖြင့်
ဝမ်းမြောက်စရာပဲ။ ဒါကြောင့်မို့ပဲ သူ့ကို
ကျွန်တော်တို့ လုပ်ငန်းထဲကို ဖိတ်ခေါ်ခဲ့တာ။
တကယ်လို့များ သင်းက လူလည် ကျလာခဲ့ရင်တော့ သူ့ရဲ့ ခွဲစိတ်ကုသရာမှာ ကျွမ်းကျင်တာတွေ
အသာမေ့ထား၊ ကောင်းကောင်းချည်း ဆုံးမပေးရလိမ့်မယ်။