စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 12, 2018

On the Road to Mandalay - Rudyard Kipling


                မန္တလေးကို သွားတဲ့လမ်း ဆိုတဲ့ ကဗျာကို နိုဗယ်ဆုရှင် ကဗျာနှင့် ၀တ္တုတို စာရေးဆရာ Rudyard Kipling ရေးသားထားတဲ့ ကဗျာလေးပါ။  ဒီကဗျာဟာ Kipling ရဲ့ အထင်ရှားဆုံး ကဗျာတွေထဲက တစ်ပုဒ်လည်းဖြစ်ပါတယ်။  ထူးထူးခြားခြား မန္တလေး ဆိုတဲ့နာမည်လေးဖြစ်တဲ့ အတွက် ကျွန်တော်စိတ်ဝင်းစားသွားလို့ ဖတ်ကြည့်မိတာပါ။  Kipling အသက် ၂၄ နှစ်အရွယ် (၁၈၉၀ မတ် သို့ ဧပြီလ) မှာ ရေးခဲ့တဲ့ ကဗျာလေးပါ။  ပျိုမြစ်တဲ့အရွယ်မှာ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိန်းကလေးတစ်ယောာက် အကြောင်းကို လွမ်းလွမ်းဆွေးဆွေးလေး ရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။  သီပေါမင်း ပါတော်မူပြီး ၅ နှစ်အကြာ မှာရေးခဲ့တဲ့ ကဗျာတစ်ပုဒ်လို့ ပြောလို့ရပါတယ်။
          ဒီကဗျာကို ဖတ်လိုက်တဲ့အချိန်မှာ ခံစားမှု့ နှစ်ခုကို ကျွန်တော် တစ်ပြိုင်ထဲခံစားလိုက်ရတယ်… တစ်ခုက ကစ်ပလင်ရဲ့ ဆွဲဆောင်အားကောင်းလှတဲ့ ရေးအသားနဲ့ နူးညံတဲ့ ခံစားမှု့။  နောက်တစ်ခုကတော့ ကိုလိုနီပုံစံနဲ့ ရေးထားတဲ့ အရေးအသားကို ကျွန်တော့် စိတ်ထဲမှာ မြန်မာတစ်ယောက်အနေနဲ့ မနှစ်မြို့မှု့ ခံစားရပါတယ်။  မနှစ်မြို့မှု့ခံစားချက် ဖြစ်နေတဲ့ ကဗျာကို ဘာဖြစ်လို့ ရေးတင်လဲဆိုတော့ ဖတ်တဲ့လူတွေ သိစေချင်လို့ပါ။  ၂၀၁၇ စက်တင်ဘာလောက်တုန်းက အင်္ဂလန် နိုင်ငံတကာ ဆက်ဆံရေး အတွင်းရေးမှုး ဘောရစ် ဂျွန်ဆင်မြန်မာပြည်လာသွားတုန်းက ရွှေတိဂုံစေတီပေါ်မှာ ဒီကဗျာကို စရွတ်တော့ သူ့ဘေးက သံမှုး ဂျွန်ဆင်က ၀င်ဟန့်ခဲ့ပါတယ်။  အင်္ဂလန်က ဂျာနယ်တွေမှာ မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီပေါ်မှာ ဒီလိုကဗျာမျိုးရွတ်တာ မသင့်တော်တဲ့အကြောင်း သတင်းတွေ ဖော်ပြကြပေမယ့်… မြန်မာပြည်မှာတော့ သိပ်ပြီး သိလိုက်ပုံမရပါဘူး။ 
          ဘာသာရပ်တစ်ခု ဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုဖြစ်ဖြစ်ကို လေ့လာရင် ကြိုက်လို့ရယ်၊ မကြိုက်လို့ရယ်ဆိုတာထက်.. ကိုယ်နဲ့ပါတ်သတ်ပြီး အကျိုးမယုတ်အောင်၊ အကျိုးရှိအောင် လေ့လာဖို့လိုတယ်ဆိုတဲ့ သဘောလေးကို ပြောချင်တာပါ။  ဒီကဗျာဟာ ၁၈ ရာစုကရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။  ကဗျာထဲမှာပါတဲ့ တစ်ချို့ အယူအဆလေးတွေက လွဲနေတာကိုတွေ့ရမှာပါ။  ဥပမာ မော်လမြိုင်ဆိုရင် ဘင်္ဂလားပင်လယ်အော်ဖက် (အက်ဒမန် ပင်လယ်ဖက်)၊ အနောက်အရပ်ကို မျက်နှာမူထားတာ။  တောင်တရုတ်ပင်လယ်နဲ့ စပ်ဆက်မှု့မရှိပါဘူး။  ဒါပေမယ့် ကစ်ပလင်ရဲ့ ကဗျာထဲမှာတော့ တရုတ်ပင်လယ်အော်လို့ ရေးထားတာကို တွေ့ရမှာပါ။ 
         

Saturday, August 4, 2018

စင်ကာပူနှင့် မိုးကောင်းကင် အိပ်မက်များ



            လူတိုင်းကတော့ ကောင်းတာတွေချည်းဖြစ်ချင်ကြတာပဲလေ။  အိပ်မက် မက်ရင်တောင်မှ သိန်း ၁သောင်းတန် ထီပေါက်တယ်ကစပြီး မက်တာ။  ဒါပေမယ့် အိပ်မက် ရှိမှ တိုးတက်တာ။  ဦးတည်ချက်၊ မျှော်လင့်ချက်၊ အိပ်မက်တွေနဲ့ လူတွေက ရှင်သန်နေကြတာ.. တရားသဘောနဲ့ဆိုရင်တော့ လောဘလို့ပြောပေမယ်.. တရားလဲ မပေါက်သေးတော့ ဒါနဲ့ပဲသွားနေတာပဲ။ 
            ငယ်ငယ် ပုဆိုးကွင်းသိုင်းပြီး ရပ်ကွက်ထဲ လျှောက်ပြေးနေတုန်းက အချိန်တန်ရင် ထမင်းနှစ်နပ်ကို အမေကတော့ကျွေးနေတာပဲ။ အဲ့ဒီတုန်းက အိပ်မက်ဆိုရင် အရုပ်လိုချင်တာပဲရှိတာ။  အသက်က တဖြည်းဖြည်းကြီးလာ၊ ရည်းစားသနာလဲ ရလာရော မုန့်ဖိုးကလိုလာ၊ ဖီလိမ်းပြင်ဆင်.. အဲဒီတုန်းက အိပ်မက်ဆိုရင်တော့ မုန့်ဖိုးများများရပါစေပေါ့။  နောက်တော့ ကျောင်းပြီးခါနီးတော့ အိမ်က မျက်စေ့စပါးမွှေးစူးလောက်ပြီ.. ပိုက်ဆံက အရင်လိုမုန့်ဖိုးပေးပါဆိုပြီ လက်ဖြန့်တောင်းရမဲ့ အရွယ်မဟုတ်တော့ဘူးဆိုတော့ အိပ်မက်က လစာ ကောင်းကောင်း ရတဲ့ အလုပ် ရချင်ပါတယ်ဖြစ်လာရော။  ဟော… အလုပ်လဲရ မိန်းမလဲယူပြီးရော တို့နှစ်ယောက်အတွက် အိမ်လိုပါတယ်ဆိုတဲ့ ကိုအငဲ သီချင်းကို အကြိုက်ကြီးကြိုက်ရော… အဆင်ပြေတဲ့လူတွေများကြတော့လဲ အိမ်၊ ရင်သွေးရတာလေးတွေရ၊ ပြီးရင် ဟိုနားဒီနားသွားဖို့ ကား လေးတစ်စီး။  အိမ်အကူကလဲ လို… ခရီးဝေးသွားဖို့က ကားတစ်စီး၊ အိမ်က တီဗီကသေးလို့ ခန်းလုံးပြည့် Curve LED TV ကြီးကိုမှ home theater system တပ်ပြီး ငြိမ့်ငြိမ့်လေး နေချင်တဲ့လူနဲ့၊ နွေရာသီစံအိမ်၊ မိုးရာသီ စံအိမ်၊ ဆောင်းရာသီ စံအိမ်၊ နိုင်ငံခြားက ပစ္စည်းတွေ ၀ယ်ပြီးစိတ်တိုင်းကျဆောက်ထားတဲ့အိမ်… စသည် စသည်ဖြင့် အိပ်မက်ကတော့ ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်ဘူးရယ်… 
            ကျွန်တော့်လည်း ဒီတိုင်းပဲ အိပ်မက်ကတော့ အကြီးကြီးမက်တာပေါ့။  ဖြစ်ချင်တာမှ ဘီလ်ဂိတ်က စိတ်ကောင်းလေးဝင်ပြီး ကိုယ့်ကိုများ သူ့အမွေတွေ ရော့အင့်ဆိုပြီး ပေးမလားတောင် စိတ်ကူးလို့ရတာပဲလေ။  ဟော မာတာမိခင်ရဲ့ ထောက်ပံမှု့လေးနဲ့၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးလေးနဲ့ ထမင်းစားလက်မှတ် ဘွဲ့ကလေးရ၊  လေယာဉ်လက်မှတ်လေး တစ်စောင်နဲ့ ယောင်ချာချာ စင်ကျားပေါရောက်လာ။  တစ်ခါမှ မမြင်ဖူးတဲ့လူတွေဆီမှာ အလုပ်ကလေးရ။  လစာလေးရလိုက် အိမ်ပို့လိုက်၊ အလုပ်ကလေးပြောင်းလိုက် ဖင်လှည့် ခေါင်းလှည့်နဲ့ ဒီမှာ ၁၀ နှစ်လောက်ကြာလာတော့ ဒီကလူတွေရဲ့ အိပ်မက်ကလေးတွေကိုလဲ တဖြည်းဖြည်းမြင်လာတောပေါ့လေ။  အိပ်မက် တွေကို အကောင်အထည်ဖော်ဖို့ စဉ်းစားကြည့်လိုက်တော့ စလုံးက နိုင်ငံသားတွေရော၊ PR တွေရဲ့ အိပ်မက်ကလည်း အတော်မလွယ်ပါလားဆိုတာ တဖြည်းဖြည်းနားလည်လာတယ်။