စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Wednesday, December 28, 2011
2011 ရဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်သူများ ၁၀၀ ထဲက ဒေါ်အောင်ဆန်းစုကြည်
          ကမ္ဘာကျော် Times Magazine ရဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်စွမ်းရှိသူများ အယောက် ၁၀၀ ထဲမှာတော့ ဒီနှစ် ၂၀၁၁ အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နာမည် အစဉ်အလိုက် စီထားတဲ့အထဲမှာ နံပါတ် ၁၈ ရောက်မြောက်အဖြစ် ပါဝင်လာပါတယ်။  ဒါဟာ ဘားရက်အိုဘားမား၊ ဟီလာရီကလင်တန်၊ မီရှလ် အိုဘားမားတို့ရဲ့ အထက်မှာ ပါဝင်လာတာပါ။  ကမ္ဘာကျော် လူမှု့ရေးကွန်ယက်ကို စတင်တည်ထောင်သူ မက်ဇူကာဘက်ကတော့ အဆင့် ၆ နေရာမှာ တွေ့ပါတယ်။ 
          ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာကတော့ အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ အန်တီစုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရရှိအောင် ဆောင်ရွက်နေတဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ရော ၁၉၉၁ ခုနှစ် နိုဘယ်ဆုရှင် တစ်ယောက်အနေနဲ့ပါ  အာရှတိုက်ရဲ့ ဟီးရိုး တစ်ယောက်ဖြစ်သလို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူတွေကို ဇွဲမလျှော့ပဲ အားတက်စေအောင် လှုံဆော်နိုင်တဲ့ လူတစ်ယောက်လည်း ဖြစ်တယ်လို့ ဖော်ညွှန်းထားပါတယ်။  ဒီအကြောင်းကို ရေးထားသူကတော့ တရုတ်နိုင်ငံသား ၀မ်တန် ဆိုသူဖြစ်ပါတယ်။  သူ့အဆိုအရတော့ မစ္စတာဝမ်ဟာ ၁၉၈၉ခုနှစ် တရုတ်နိုင်ငံမှာ ဒီမိုကရေစီ အသွင်ပြောင်းလည်းရေးလှုပ်ရှားမှု့ဖြစ်တဲ့ တီယန်နန်မန် လှုပ်ရှားမှု့မှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းစွာ ဖြင့် လှုပ်ရှားသင့်ကြောင်း တိုက်တွန်းခဲ့ပြီး နောက်တစ်နှစ်မှာ တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြလှုပ်ရှားတာကို သူ့အခုအထိ မှတ်မှတ်ရရရှိနေတုန်းပဲလို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၇ နှစ်လောက် ကျခံနေရတဲ့ နေအိမ်အကျယ်ချုပ်ကနေပြီး ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ 
Tuesday, December 27, 2011
Facebook ကူလို့ ပြန်ဆုံရတဲ့ ဘိုးဘိုးနဲ့ ဘွားဘွား
          Aurelia Matias လို့ခေါ်တဲ့ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်က ဘွားဘွားဟာ သူမရဲ့ခင်ပွန်း ပျောက်ဆုံးသွားလို့ ၀မ်းနည်းပက်လက်ဖြစ်နေခဲ့တာပါ။  သူမရဲ့ခင်ပွန်းဟာ မှတ်ဥာဏ် ချို့ယွင်းပြီး သတိမေ့တဲ့ ရောဂါကို ခံစားနေရသူပါ။  နောက်ဆုံးတော့ ကြံရာမရတဲ့အဆုံး သူမရဲ့ ခင်ပွန်းဓာတ်ပုံကို ကျောမှာကပ်ပြီးတော့ ရှာပုံတော်ဖွင့်နေတဲ့ဓာတ်ပုံကို အပျော်တမ်းဓာတ်ပုံဆရာလေးက ဖဘ ပေါ်တင်လိုက်ပါတယ်။
          ရဲတပ်ဖွဲ့ကတော့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အဘွားအိုရဲ့ ယောင်္ကျား Luis Matias ကို ရှာဖွေမတွေခဲ့ပါဘူး။  အဘိုးအိုဟာ မနီလာမြို့မှာ လမ်းလျှောက်သွားရင်းနဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တာပါ။  ဒါပေမယ့် Facebook ရဲ့ အကူအညီနဲ့ ၂ရက်အတွင်းပြန်ရှာတွေ့နိုင်ခဲ့ပါသတဲ့။
          အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Avancena လို့ခေါ်တဲ့ သမီးဖြစ်သူကတော့ “ကျွန်မတို့ဟာ Facebook ကို သုံးတောင်မသုံးတတ်ပါဘူး။  ဒါပေမယ့် ခုလိုအဖေ့ကို ပြန်တွေ့ရတော့ ဒီလို ဓာတ်ပုံကို ဖဘ ပေါ်တင်ပေးတဲ့ ဓာတ်ပုံဆရာကို ကျေးဇူးတင်ပါတယ်ရှင်၊ ခုတော့ ကျွန်မ အမေလည်း အရမ်းကို ပျော်နေတယ်။  သူက အဖေ့ကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာလေ”လို့ ပြောသွားပါတယ်။
          အဘိုးအိုကိုတော့ သူ့အိမ်နားကနေ နာရီဝက်လောက်သွားရတဲ့နေရာလေးက ပန်းတွေထားတဲ့ ပုံးကလေးအနီးမှာ ပြန်တွေ့ခဲ့တာပါ။  ဒီဓာတ်ပုံကလေးကို Facebook ပေါ်မှာ အကြိမ်ပေါင်း ၆သောင်း ၁ ထောင်ကျော် ဖြန့်ပေးခဲ့ကြပါတယ်တဲ့။
Thursday, December 15, 2011
ပြန်ပါဦးမည် ပြန်ဦးမည်
          ရွှေပြည်ကြီးက ဝေးသနှင့်။  မပြန်ဖြစ်တာ အတော်ကြာပေါ့။  ပြန်ချင်တာကလည်း တစ်ပိုင်းကိုသေလို့။  ခုတော့ အရှင်လတ်လတ်ကြီးနဲ့ ပြည်တော်ပြန်ရပါတော့မည်။  ပျော်သလိုလို၊ ၀မ်းနည်းသလိုလို။  ပျော်တာကတော့ မြန်မာပြည်ကို ပြန်ရလို့။  ၀မ်းနည်းတာကတော့ ကုန်သွားတဲ့ ပိုက်ပိုက်တွေကိုပါ။  အိမ်ကရှု့မငြီးရဲ့ ပတ်စပို့က ၆ လကျော်ကျော်ကျန်တော့သမို့ အသစ်လည်းစရာရှိပါတယ်။  သို့ပေမယ့် အကျွန်ုပ်က အခွန်တော် ဆောင်မှသာလျှင် ဘားကုဒ်ပါတဲ့ ပက်စပို့အသစ်ကလေး သူ့လက်ထဲရောက်မှာဖြစ်လေတော့ အခွန်ဆောင်၊ သူ့အတွက် ပက်စ်စပို့အသစ်ထုတ်နဲ့ ပိုက်ပိုက်လေးတွေ ပါသွားတယ်။  သြော်.. သမ္မတ အသစ်ကြီးက နိုင်ငံတော်ကြီးကို တိုးတက်အောင် ကြံဆောင်နေလေတော့လည်း ပစ္စရောဟောတု မဟုတ်လောက်ပါဘူးလို့ ဖြေသိမ့်လိုက်၊ ဖြေသိမ့်လိုက်နဲ့ ၀ိုင်ဝိုင်းသချင်းလေးဆိုရင်း ကိုယ့်ကိုကို ဖြေသိမ့်လိုက်ပါတယ်။   ဆိုသာဆိုရတယ် ကော်ပီသီချင်းကြီးဆိုလေတော့ တရုတ်ပြည်မှာဆို အော်ပြီး မဆိုရဲဘူး။  စင်ကျားပေါ ရောက်တော့မှ ရေချိုးခန်းထဲ အပြတ်ဟဲတာ။  စင်ကျားပေါသာရောက်တယ် တစ်ရက်မှ ကောင်းကောင်းမနားလိုက်ရဘူး၊  ကိုင်ထားတဲ့ ကဒ်က သက်တမ်းက ကုန်ခါနည်းတော့ တိုးရတာက တစ်လုပ်၊ ရုံးကိုဝင် သတင်းပို့၊  ခွင့်လက်မှတ်ထိုး၊  အဲ့ဒါကလည်း အချိန်မနည်းပုတ်သွားသေးတယ်။  ဒါတောင် စင်ကျားပေါ မရောက်ခင်ကတည်းက ကြိုပြီး ရုံးက မမတွေကို မျက်နှာချိုသွေးထားလို့ သက်တမ်းတိုးတာ အတန်ငယ်မြန်တာ။
ဂျော်ဂျီယာက သံလိုက်လူသား
          ဂျော်ဂျီယာပြည်နယ်က အသက် ၃၉ ရှိ အားကစားနည်းပြ အက်တီဘာ အဲလ်ချဗ်(Etibar Elchyev) ဆိုသူကတော့ ဇွန်းအချောင်းပေါင်း ၅၀ ကို ကိုယ်မှာကပ်ပြီးတော့ သံလိုက်လူသားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားပါပြီ။  အဆိုပါ ကစ်ဘောက်ဆင် လက်ဝှေ့နည်းပြဟာ သူ့ရဲ့ ကိုယ်ထဲမှာ သံလိုက်စွမ်းရည်ရှိနေတယ်ဆိုတာကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က စတင်သိရှိခဲ့တယ်လို့ဆိုပါတယ်။
          ပထမတော့ အက်တီဗာ ဟာ ဇွန်းပေါင်း ၂၇ ချောင်းကို မျက်နှာပေါ်ကပ်ပြီး ကမ္ဘာ့စံချိန်ချိုးမယ်လို့ ဂျော်ဂျီယန် ဂင်းနစ် ကမ္ဘာစံချိန်အဖွဲ့က ကြေငြာခဲ့ပါတယ်။  ဒါပေမယ့်လည်း ဒီ ကစ်ဘောက်ဆင် နည်းပြဟာ သူ့ရဲ့ လည်ပင်းနဲ့ ရင်ညွန့်တစ်ဝိုက်မှာ ဇွန်းအချောင်းပေါင်း ၅၀ကို ကွာမကျစေပဲ ထိန်းနိုင်ခဲ့ပါတယ်။  ဒီလိုမျိုး အံဖွယ် စွမ်းရည်ကို ပြသနိုင်ခဲ့တဲ့ အက်တီဘာဟာ အခုဆိုရင် ပျော်ရွှင်နေပြီး ဒီထက်ပိုမို ဇွန်းတွေကပ်နိုင်အောင် ကြိုးစားဦးမယ်လို့ဆိုပါတယ်။
          “ဒီကနေ့ ရလဒ်အတွက် အထူးကို ကျေနပ်မိပါတယ်။  ဒါပေမယ့် ကျွန်တော့် စွမ်းရည်တွေ အကုန်လုံးကို ထုတ်ပြနိုင်ဖို့အတွက် အလျှင်စလိုတော့ လုပ်မှာမဟုတ်ပါဘူး။  ပထမတော့ ကျွန်တော် ဇွန်း ၂၇ ချောင်းကို ကိုယ်မှာ ကပ်ပြမယ်လို့ ကြေငြာခဲ့ပေမယ့် နောက်ပိုင်းတော့ အချောင်း ၅၀ လောက်အထိ ကပ်နိုင်ခဲ့ပါတယ်။  နောက်တစ်ချိန်ဆိုရင်တော့ ဇွန်းအချောင်းပေါင်း ၁၅၀ လောက်အထိကို မှန်းထားတယ်။  ဖြစ်ပေမယ့် ဒီထက်များချင်လည်း များနိုင်ပါတယ်။  ကျွန်တော့် ရည်မှန်းချက်ကတော့ ဘယ်သူမှ မချိုးဖြတ်နိုင်တဲ့ မှတ်တမ်း ချန်ခဲ့ချင်တာပါလို့”  သံလိုက်လူသား ကိုကိုအက်တီဗာ ကပြောသွားပါတယ်။  
Wednesday, December 14, 2011
တရုတ်က ဖြိုချလိုက်ရတဲ့ တံတား
          မီတာ ၇၆၀ ရှည်တဲ့ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လျှူယန် တံတားကြီးကတော့ လုံခြုံစိတ်ချရမှု့မရှိလို့ ဖြိုချလိုက်ပါတယ်။  လူရာပေါင်းများစွာဟာ ဒီတံတားကြီးကို ဖောက်ခွဲပြီးတော့ ၀ုန်းကနဲ ပြိုကျသွားတာတွေ၊ မီးခိုးတွေ အများကြီးတက်လာတာတွေကို ကြည့်ဖို့လာကြပါတယ်တဲ့။  ဒီ လျှူယန် တံတားကြီးဟာ ၁၉၉၄ခုနှစ်မှာ ချန်ရှပြည်မြို့ကို ဖြတ်ပြီးတော့ ဆောက်လုပ်ခဲ့တာပါ။  ဒေသတွင်း အာဏာပိုင်တွေပြောသွားတာကတော့ ဒီတံတားကြီးကို အလွန်တရာ ပါးလွှာသော ဒီဇိုင်းဖြစ်အောင် ရေးဆွဲပြီး တည်ဆောက်ခဲ့ပါတယ်တဲ့။  ဒီအတွက် သံမဏိကြိုးတွေကို အဓိက အသုံးပြုထားပါတယ်။  ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါကျတော့ ဒီသံမဏိကြိုးတွေဟာ ဆိုးဆိုးရွားရွားကို သံချေးတွေတက်လာတဲ့အပြင် အချို့ နေရာတွေမှာဆိုရင် ပြတ်တောက်နေပြီလို့ဆိုပါတယ်။  ဒီတံတားကို ဒီဇိုင်းရေးဆွဲတုန်းက ယာဉ်ပေါင်း ၃ သောင်းလောက်သာ တစ်နေ့ကို တံတားကို ဖြတ်မယ်လို့ရည်ရွယ်ထားပေမယ့် တစ်ကယ်တမ်းကျတော့ ကားအစီးပေါင်း ၈ သောင်းကျော်အထိရှိလာပါတယ်။  တံတားအသစ်ကိုတော့ ၂၀၁၂ ခုနှစ်မှာ အသစ်ထပ်မံတည်ဆောက်မှာဖြစ်ပါတယ်။
                      အင်း တရုတ်က သူ့တံတား သူဆောက်ပြီး သူ့ဟာသူ ပြန်ဖြိုတာတော့ ကိစ္စမရှိဘူးပေါ့လေ။  ကိုယ့်နိုင်ငံလာဆောက်ပေးပြီးရင်တော့ လှည့်ကြည့်မယ်တောင်မထင်။   ကွာလတီကလည်း မြင်ရတဲ့အတိုင်း။ အောက်က YouTube ကလစ်ကလေးမှာတော့ တံတားကြီးဖြိုချတာကို ကြည့်နိုင်ပါတယ်။
သစ်ပင်အိမ်ကလေးမှာနေတဲ့ အမျိုးသမီး
          ဂျူဒီ အန်ဒါဆန်ဆိုတဲ့ အမျိုးသမီးနေတဲ့ အိမ်ကလေးကတော့ တစ်ကယ့်ကို သစ်ပင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ အိမ်ကလေးပါ။  ဗာဂျီးနီးယား နံရံကပ်ပင် (Virginia Creeper)ကလေးတွေ သူ့မရဲ့ အိမ်နံရံတစ်လျှောက်လုံးကို တွယ်ပေါက်နေပြီးတော့ ပြုတင်းပေါက်တွေပါ နေရောင်ခြည် မ၀င်နိုင်လောက်အောင်ကို အတော်များပြားနေပါသတဲ့။  သူမကတော့ “တစ်ကယ့်ကို သစ်ပင်အိမ်ကလေးပါပဲလို့” ပြောသွားပါသေးတယ်။
          “ကျွန်မ ပြုတင်းပေါက်ကိုလည်း ကြည့်ပါဦး သစ်ရွက်တွေနဲ့ပြည့်လို့ နေရောင်နည်းနည်းပဲ ၀င်တော့တယ်လို့” သူမကဆိုပါတယ်။  ဒါဟာ ပူပြင်းတဲ့ နွေရာသီမှာတော့ အရိပ်ရပြီး အေးအေးလေးနေလို့ရပေမယ့် အလင်းရောင်လုံလောက်မှု့မရှိပါဘူးတဲ့။  အလင်းရောင်မလောက်တော့ နေ့ခင်းဖက်တွေမှာပါ အိမ်ထဲ မီးထွန်းထားရပါသတဲ့။  အန်ဒါဆန်ကတော့ တစ်နှစ်ကို နှစ်ခါလောက် ပြုတင်းပေါက်ကနေ ကိုယ်ကလေးထွက်ပြီး သစ်ရွက် သစ်မြစ်တွေကို နာရီအနည်းငယ်လောက် ရှင်းလင်းပါသတဲ့။  “ဒီလို အပင်ကလေးတွေရှိနေတာကိုပဲ ဂုဏ်ယူမိပါတယ်။  နွေဦးရောက်ရင် အရမ်းလှတာပါပဲရှင်” လို့ ဂျူဒီ အင်ဒါဆင်က ပြောဆိုသွားပါသေးသတဲ့။
          အင်း လှတော့ လှတယ်ပေါ့လေ.. တစ်အိမ်လုံး မှောင်မည်းနေမှာရယ်၊ မြွေတို့၊ ကင်းတို့သာ အဲ့ဒီကြားထဲ အသိုက်ဆောက်နေလို့ကတော့ မတွေးဝံစရာ။
Source : (Link)
Tuesday, December 13, 2011
ကျွန်တော်နှင့် စင်ကာပူ အလွဲများ
          စင်ကာပူ အလွဲများဆိုခေါင်းစဉ်က တပ်လိုက်ပေမယ့် ကျွန်တော်တစ်ယောက်ထဲ လွဲတာတွေတော့ မဟုတ်ဘူး။  ကျွန်တော်တို့ သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် လွဲကြ၊ နောက်ကြတာလေးတွေ အမှတ်တရ အဖြစ်ရေးလိုက်တာပါ။
မှန်မချနဲ့ ကိုယ့်လူ အတူတူပဲ
          ဒါက ကျွန်တော့် သူငယ်ချင်းရဲ့ ဖြစ်ပုံလေး။  သူက မြန်မာပြည်ကနေ စင်ကာပူကို ပထမဆုံးလာတာပေါ့လေ။  ကျွန်တော်တို့ကလည်း ထုံးစံအတိုင်း သူငယ်ချင်းလာလည်ပြီဆိုရင် အားတဲ့လူက သွားပြီးကြိုကြတယ်။  သူလည်း စင်ကာပူရောက်ရော ထုံးစံအတိုင်း ပတ်စ်စပို့ပြ ဗီဇာပြ၊ အိတ်တွေဘာတွေ ဆွဲပြီး ကျွန်တော့် သူငယ်ချင်းလည်း ခပ်တည်တည်နဲ့ ထွက်လာတာပေါ့။  မှတ်မိသေးတယ် အဲ့ဒီနေ့က မိုးလေးက ခပ်ဖွဲဖွဲရွာနေတာကိုး။  ကျွန်တော်တို့ကလည်း သူငယ်ချင်းအတွက် ဖုန်းဆင်းမ်ကဒ်တစ်ကဒ်ရယ်၊ နိုင်ငံခြားခေါ်ဖို့ ဖုန်းကဒ်ရယ် ယူသွားတာပေါ့လေ။  ဒီလိုနဲ့ လေဆိပ်ကအထွက် တက်စီ ပေါ်တက် ကျွန်တော်တို့နဲ့ အတူတူ အိမ်ကို သွားကြတာပေါ့။  တက်စီကလည်း အဲကွန်းလေး အေးနေအောင်ဖွင့်ပြီး မောင်းသပေါ့ဗျာ။  လမ်းရောက်တော့ သူငယ်ချင်းက သူရောက်ကြောင်းကို သူ့အိမ်ကို လှမ်းပြီး ဖုန်းခေါ်ပါတယ်။  အဲ့ဒီမှာ ဒီဟာသလေးက စတာ။ 
“အဖေ ကျွန်တော်ရောက်ပြီဗျ”…. “အင်း အားလုံး အဆင်ပြေတယ် အဖေ…..”   “ဟဲလို ဟဲလို…. အဖေ သိပ်မကြားရဘူး……..”  ဆိုပြီးတော့ ကျွန်တော့ သူငယ်ချင်းက မှန်ကိုချ ခေါင်းကို မှန်အပြင်နည်းနည်းထုတ်ပြီး ပြောသဗျ။
တက်စီ ဆရာကလည်း မှန်ကို ပြန်တင်ပြီး ဆက်မောင်းတယ်။  ကျွန်တော်တို့ကတော့ ပြုံးစိပြုံးစိ။
သူငယ်ချင်းကလည်း မရဘူး စိတ်ကြီးတယ်၊  ဖုန်းလိုင်း သိပ်မကြားရတိုင်း မှန်ချည်းဘဲ ပြန်ပြန်ချပြီး ခေါင်းထုတ်ထုတ်ပြောသကိုး…. ကြာလာတော့ တက်စီဆရာလည်း တင်းလာတယ်ထင်ပါ့….
“ဒီမှာကိုယ့်လူ ဒီနိုင်ငံမှာ ဖုန်းလိုင်းက နေရာတကာမိတယ်၊  မှန်ချပြီးပြောစရာမလိုဘူး….”  ဆိုလေတော့မှ သူလည်း သတိရသွားတော့တယ်.. ဟုတ်သား ဟိုဘက်က လိုင်းမကောင်းတာထင်ပ၊ သူ့ဖုန်းသူပြန်ကြည့်တော့ လိုင်းမိ၊ မမိပြထားတဲ့ တိုင်လေးက အပြည့်.. အဲ့သလို။ 
နို့… ဟိုမှာက အသားကျနေပြီပဲဟာကို လိုင်းက ဟိုနေရာမိတစ်ချက်၊ ဒီနေရာမိတစ်ချက်ဆိုတော့ သူလည်း အကျင့်ပါသွားတာ။  ခုတော့ သူလည်း နောက်ဆို မှန်ချချပြီးတော့ ဖုန်းမပြောတော့ဘူး။
Monday, December 12, 2011
ယူနီဗာဆယ် စတူဒီယိုသို့ တစ်ခေါက်
          စင်ကျားပေါ ပြန်ခြေချလိုက်တော့ ပူပါတယ်။  ဟိုကလာတုန်းက သုည လောက်အေးနေတဲ့အချိန် ဒီရောက်တော့ ၂၆ ဒီဂရီလောက် ဖြစ်နေတော့ တစ်ကိုယ်လုံး ပူတက်နေလို့ ရေလည်း မချိုးရဲ၊ မျက်နှာလည်း မသစ်ရဲ။  နောက်တစ်နေ့ကျတော့ ကျွန်တော့် အရင်အလုပ်လုပ်ခဲ့တဲ့ ရုံးက အစ်ကိုကြီးတစ်ယောက်ရဲ့မွေးနေ့ရယ်၊ အိမ်ပြန်ရောက်တော့ ကျွန်တော့် သူငယ်ချင်းတွေရယ်နဲ့ ၀ိုင်းလိုက်တာတင် တော်တော်ညနက်သွားပြန်ရော။  ဒီလိုနဲ့ မနက်ရောက်တော့ ယူနီဗာဆယ် ကိုသွားဖြစ်တယ်။  သူငယ်ချင်းတွေနဲ့ အတူတူပေါ့။
Thursday, December 8, 2011
နှုတ်ဆက်ခဲ့ပါတယ် နန်တုန်
          ဒီမြို့ကလေးကို ရောက်တာပြီးခဲ့တဲ့ ဒီဇင်ဘာလောက်က။  ခုဆို ၁၁ လနီးပါးလောက်ရှိပြီထင်ပါ့။  မနက်ဖြန်ဆိုရင်တော့ ဒီမြို့ကလေးကို ခွဲခဲ့ရပါတော့မယ်။  နန်တုန်(Nantong) ဆိုတာက ရှန်ဟိုင်းကနေ ၂ နာရီလောက် ကားစီးရင် ရောက်ပါတယ်။  မြို့ကလေးမှာက လူဦးရေ ၇ သန်းကျော်ကျော်ရှိတယ်။  ရန်ကုန်လောက် မကြီးပေမယ့် သူ့ဟာနဲ့ သူတော့ ကြီးမယ်ထင်တယ်။  ဒါပေမယ့် တိုက်တွေကတော့ ရန်ကုန်ထက်ပိုမြင့်ပြီး ပိုကြီးမယ်ထင်တယ်။
          နန်တုန်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်ကမှ တဟုန်ထိုး တိုးတက်လာတဲ့ မြို့တစ်မြို့။  ရှန်ဟိုင်းတို့ ဘေဂျင်းတို့လိုမျိုး လူတွေ ပြွတ်သိပ်ပြီးတော့ ရှုပ်ရှက်လည်း ခတ်မနေလှပါဘူး။  သူ့ဟာသူ တည်တည်ငြိမ်ငြိမ်လေးနဲ့ နေချင့်စဖွယ်မြို့ကလေး။  စူကျိုးတံတားသစ်ဖွင့်လိုက်တော့ နန်တုန်မြို့ဟာ ရှန်ဟိုင်း ဧရိယာထဲကို လက်လှမ်းမှီတဲ့ မြို့တစ်မြို့ဖြစ်လာပါတယ်။
Wednesday, December 7, 2011
ထီဆုကြီးပေါက်ဖို့ ခွေးကလေးတွေရဲ့ အီးအီး အပြိုင်ကောက်ကြစို့
          ထိုင်ဝမ်နိုင်ငံ မြောက်ပိုင်းကလမ်းတွေ သန့်ရှင်းစေဖို့အတွက် ခုတော့ ထိုင်ဝမ်နိုင်ငံသားတွေဟာ ခွေး အီအီးတွေကို အပြိုင်ကောက်နေကြပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒီခွေးအီအီးကောက်ပြိုင်ပွဲရဲ့ ပထမဆုကို လိုချင်ကြလိုပါတဲ့။  ပြီးခဲ့တဲ့ သြဂုတ်လက စတင်ခဲ့တဲ့ ဒီထီဖွင့်ပွဲကို New Taipei City က နိုင်ငံသား အယောက် ၄၀၀၀ ကျော်ဟာ ပါဝင်ဆင်နွှဲပြီးပါပြီ။  ဒီ ထီပေါက်စဉ်ရဲ့ အမြင့်ဆုံး ဆုကတော့ ဒေါ်လာ ၂၀၀၀ တန်(ထိုင်ဝမ်ငွေ ၆ သောင်းတန်) ရွှေ ကို ရရှိမှာဖြစ်ပါတယ်။  ထီလက်မှတ်လိုချင်ရင် ခွေးအီအီး တစ်ထုပ်နဲ့ လဲယူလို့ရပါသတဲ့။  ခုတော့ ခွေးအီအီးအထုပ်ပေါင်း တစ်သောင်း လေးထောင်ကျော်ကို လက်ခံရရှိနေပြီလို့ဆိုပါတယ်။
          ထိုင်ဝမ်နိုင်ငံ မြို့တော် ၀န်းကျင် သန့်ရှင်းရေး ဗျူရိုရဲ့ ၀န်ထမ်း မလိုင်လျှမ် ကတော့ “အခု ကျွန်မတို့ထင်ထားတာထက် ပိုပြီးတော့ကို အောင်မြင်မှု့ရပါတယ်” လို့AFP သတင်းဋ္ဌာနကို ပြောသွားပါတယ်။  ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလို စနစ်လေးကျင့်သုံးရင် အများကြီးပို တိုးတက်လာနိုင်ပါတယ်။
Source : (Link)
သင်ထင်သလို မဟုတ်သော သင့် ဦးနှောက်အပေါ် ယူဆချက် ၇ ခု
၁။ ဦးနှောက် သည် မီးခိုးရောင်
          တစ်ကယ်တော့ ဦးနှောက်ဟာ မီးခိုးရောင် တစ်ခုထဲရှိတာမဟုတ်ပါဘူး။  အမဲရောင်၊ အဖြူရောင်နှင့် အနီရောင် စတဲ့ အရောင်တွေလည်း ပါဝင်ပါတယ်။  ဦးနှောက်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းဟာ မီးခိုးရောင်ဖြစ်ပေမယ့် သူ့မှာ အဖြူရောင်လည်း ပါဝင်ပါတယ်။  နောက် အမည်းရောင် အရေးပါတဲ့ အစိတ်အပိုင်းလည်းပါဝင်ပြီးတော့ အနီရောင် သွေးကြောတွေရှိပါတယ်။  ကျွန်တော်တို့ လက်တွေ့စမ်းသပ်ခန်းတွေမှာတွေ့ရတဲ့ ဦးနှောက်တွေဟာ ပိုးသတ်ဖို့နဲ့ မပုတ်မသိုးအောင် တာရှည်ခံရန်အသုံးပြုတဲ့ ဆေးရည်တွေ ကြောင့် မီးခိုးရောင်သာ မြင်ရတာပါ။
Tuesday, December 6, 2011
လျှောက်ကြီဦးမလား ရိုလာကိုစတာ လှေကား
          ရိုလာကိုစတာဆိုရင် မွေလိမ်မွေကောက် ရထားလမ်းတစ်လျှောက် ဝေဟင်ထဲရောက်နေသလို မိုးပျံရထားနဲ့ သည်းတထိတ်ထိတ် ရင်တဖိုဖို စီးရတာမို့ အသည်းငယ်သူများကတော့ စီးရမှာ မချင့်မရဲ့ ဖြစ်ကြမှာပါ။  ဒီလိုမျိုးအတွက်တော့ မပူပါနဲ့။  ရိုလာကိုစတာ လှေကားကို ဂျာမနီနိုင်ငံ Duisburg မှာ ဖွင့်လှစ်လိုက်ပါပြီ။ ဒီ ရိုလာကိုစတာလှေကားကို ဒီဇိုင်နာ Heike Mutter and Ulrich Genth တို့က ထွင်လိုက်တာဖြစ်ပြီး ကျားနှင့်လိပ်လို့ နာမည်ပေးထားပါတယ်။  ၄၅ မီတာမြင့်တဲ့ ဒီလှေကားမှာ လှေကားထစ်ပေါင်း ၂၄၉ ထစ်ပါဝင်ပါတယ်။ ဒါကြောင့် သင့် စိတ်ကြိုက် အရှိန်နဲ့ သင့် စိတ်ကြိုက်ပုံစံ လမ်းလျှောက်နိုင်လို့ ရိုလာကိုစတာ လျှောက်သူတွေလည်း အသည်းငယ်စရာမလိုတော့ပါဘူး။ 
          ဒီ ရိုလာကိုစကာလှေကားဟာ ဂျာမနီက အသုံးမပြုတော့တဲ့ မိုင်းတွင်း အဟောင်းကြီး အပေါ်မှာ ရှိတာပါတဲ့။  ဒီတံတားကို တည်ဆောက်ဖို့ သံတန်ပေါင်း ၁၂၀ လောက် ကုန်ပါသတဲ့။  ညအချိန်ကျရင်တော့ မီးလုံးလေးတွေကို လှေကားလက်ရန်းတစ်လျှောက် အလှဆင် ထွန်းထားပါသတဲ့။
Thursday, December 1, 2011
ကျွန်တော်နှင့် ဆွေမျိုးများ၏ အလွဲများ
          အလွဲဆိုတာကတော့ လူတိုင်းလွဲ တတ်ကြတာကိုး။  တစ်ခါတစ်လေကျတော့လည်း တစ်ယောက်နဲ့ တစ်ယောက် စကြ နောက်ကျ လွဲကြတဲ့ မှတ်မှတ်ရရလေးတွေကို ဖြစ်လို့။  ဒီအထဲက ကျွန်တော်မှတ်မှတ်ရရ ရှိတဲ့ အလွဲလေးတွေကို အမှတ်တရအဖြစ် ပိုစ်တင်လိုက်ပါတယ်။
မမြင်အောင် ဖုံးပြီးစား
          ဒါကတော့ ကျွန်တော့် အဖေနဲ့ သူ့သူငယ်ချင်း နှစ်ယောက် ရဲ့ ကျောင်းတုန်းက အဖြစ်အပျက်ကလေးပါ။  တစ်နေ့တော့ အဖေရယ်၊ သူ့ငယ်ချင်းနှစ်ယောက်ရယ် မြို့ထဲသွားပြီး ဒန်ပေါက်စားကြလေသတဲ့။  သူငယ်ချင်းတစ်ယောက်က ရန်ကုန်သား လည်လည်ဝယ်ဝယ်ရှိတယ်။   ဒါပေမယ့် နောက်တစ်ယောက်ကတော့ နယ်ကခင်ဗျ။  နယ်ကဆိုတော့ သူတစ်ခါမှ ဒန်ပေါက်မစားဖူးသေးဖူး။  ဒါ သူငယ်ချင်း တွေနဲ့အတူ ပထမဆုံးစားဖူးတာ။  ဟိုရောက်တော့ ဟေ့ ဒန်ပေါက် သုံးပွဲ စားမယ်ဟေ့ပေါ့လေ။  ဟော ဒန်ပေါက်လည်းရောက်လာရော ရန်ကုန်သား သူငယ်ချင်းက နယ်က သူ့သူငယ်ချင်းကို မေးပါသတဲ့။
“ဟေ့ကောင် ငါ့ ဒန်ပေါက်ထဲမှာ ကြက်သားတုံးကြီး ဒန်ပေါက်ထမင်းထဲ မြှပ်ပြီး ပါလာသကွ၊  မင်းဆီမှာရော”
အဲ့ဒီလိုဆိုတော့ နယ်ကသူငယ်ချင်းကလည်း သူ့ဒန်ပေါက် ထမင်းကို နည်းနည်းလေးဖယ်ကြည့်လေတော့ “ဟရောင်ရေ…. ငါ့ဆီမှာလည်း ပေါင်တုံးအကြီးကြီးပဲလို့” ထအော်ပါသတဲ့။  ဒါနဲ့ ရန်ကုန်သား သူငယ်ချင်းက
“ဟကောင်ရ ဖြေးဖြေးပြော သူများတွေကြားကုန်ဦးမယ်၊  မင်းနဲ့ငါက ကံကောင်းလို့ပါတာ၊ တော်ကြာသူများတွေသိသွားရင် ဒုက္ခ” ဆိုလေတော့ နယ်က သူငယ်ချင်းခမျာလည်း ဒန်ပေါက်ကို ၀၀ မစားရရှာပဲ  ကြက်သားတုံးကို လူမမြင်အောင် ထမင်းလေးနဲ့  ဖုံးလိုက် နည်းနည်းလေးဖယ်လိုက် ဖဲ့စားလိုက်ပေါ့လေ။  နောက်ဆုံး မအောင့်နိုင်တော့ ၀ါးလုံးကွဲရယ်ကြတော့မှ နယ်သားသူငယ်ချင်းလည်း စိတ်တွေဆိုးတာပေါ့လေ။  စိတ်ဆိုးလေတော့ စိတ်အဆိုးပြေအောင်ရယ်ဆိုပြီးတော့ ရုပ်ရှင်ခေါ်ပြပါသတဲ့။
Wednesday, November 30, 2011
လျှပ်စစ် ချွေတာဖို့ အတွင်းခံ ထူထူ ၀တ်ကြစို့
          တောင်ကိုးရီးယား သမ္မတကြီး လီမြောင်ဘက်ကတော့ တင်္နလာနေ့က တောင်ကိုရီယား နိုင်ငံသားများကို စွမ်းအင်ချွေတာတဲ့အနေနဲ့ရော လျှပ်စစ် မလုံလောက်ခြင်းမှ ကာကွယ်ရန်အတွက်သော်လည်းကောင်း အတွင်းခံထူထူ ၀တ်ကြဖို့ ပြောလိုက်ပါသတဲ့။
          “ဒီလို အတွင်းခံထူထူကြီး ၀တ်ရတာ ပထမတော့ ကသိကအောက်ရောက်လှပါတယ်။  ဒါပေမယ့် အခုတော့ ကျွန်တော် ဒီလို အတွင်းခံ ထူထူကြီး ၀တ်ရတာကို အသားကျနေပါပြီ။  အခု ဒီလို အထူကြီး ၀တ်ထားတော့ နွေးနေတာပေါ့” လို့ သမ္မတကြီးက မြွက်ဟ သွားပါတယ်။  သမ္မတကြီး လီက အခုဆိုရင် တောင်ကိုးရီယားဟာ လျှပ်စစ် လိုအပ်မှု့မြင့်တက်လာတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရသလို ဒီနှစ်ဆောင်းရာသီအတွက်လည်း လျှပ်စစ်စွမ်းအင် အတွက် ပြသနာဖြစ်လာနိုင်ပါတယ်။
          ဒါကြောင့် သမ္မတကြီးက တောင်ကိုးရီးယားအိမ်များ၊ ရုံးများမှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေ ပိတ်ဖို့၊ စွမ်းဆောင်မှု့မြင့်ပြီး လျှပ်စစ်သုံးစွဲမှု့သက်သာစေတဲ့ ပစ္စည်းတွေ အသုံးပြုဖို့ နှိုးဆော်လိုက်ပါတယ်။  ပြီးခဲ့တဲ့ စက်တင်လာလတုန်းကလည်း ရုတ်တရက် ရာသီမဟုတ်ပဲ အပူချိန်တွေမြင့်တက်ခဲ့လို့ လျှပ်စစ် လိုအပ်မှု့ မြင့်တက်ခဲ့ကာ အိမ်ခြေ ၂ သန်းလောက် မီးပျက်တောက်ခဲ့ရပါတယ်။
Tuesday, November 29, 2011
အမှတ်တရ Keppel’ Nantong
        ဒီနေ့တော့ ကျွန်တော်တို့ ဆောက်နေတဲ့ သင်္ဘော ၉ စီးရဲ့ နောက်ဆုံးအစီးမြောက် သင်္ဘောကို Keppel’ Nantong က အောင်မြင်စွာ ဆောက်လုပ်ပြီိးစီးခဲ့ပါပြီ။  ဒါကြောင့် လက်စသပ်စရာလေးတွေ သပ်ပြီးရင် ကျွန်တော်လည်း နန်တုန်း မြို့ကနေ ထွက်ခွာပြီး သင်္ဘောအသစ်ဆောက်မယ့် တစ်ခြားနေရာကို သွားရတော့မှာပါ။
          ဒီကနေ့တော့ နောက်ဆုံးသင်္ဘော လက်လွှဲတဲ့ ပွဲလေးဖြစ်လေတော့ ကျွန်တော်တို့ သင်္ဘော ကုမ္ပဏီက လူကြီးမင်းများလည်း လက်မှတ်ထိုးဖို့ လာကြပါတယ်။  ကျင်းမှာလည်း သင်္ဘော ပြီးစီးပွဲလေး အကျဉ်းချုပ်လုပ်ပေးတာနဲ့ အမှတ်တရဓာတ်ပုံရိုက်ထားတာတွေ သိမ်းထားတဲ့အနေနဲ့ ပိုစ် တင်လိုက်ပါတယ်။
Monday, November 28, 2011
ဘရာဇီးက ကမ္ဘာ့အကြီးဆုံး ရေပေါ် ခရစ်စမတ်သစ်ပင်
          ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေးဒိုးမှာတော့ ကမ္ဘာ့ ပထမဆုံး ရေပေါ် ခရစ်စမတ်သစ်ပင်ကြီးကို ခရစ်စမတ်ရာသီအကြို ဖွင့်လှစ်လိုက်ပါပြီတဲ့။  ဒီသစ်ပင်ကြီးဟာ အမြင် ၈၅ မီတာမြင့်ပါတယ်။  ရီရိုဒီဂျနေဒိုး Rio’s Rodrigo de Freitas Lagoon မှာရှိတဲ့ ဒီသစ်ပင်ကြီးရဲ့ ရေမီးစုံ အလှပြဖွင့်ပွဲကို ကြည့်ရှု့ဖို့ လူပေါင်း ထောင်ချီပြီး လာခဲ့ကြပါတယ်။  ဒီသစ်ပင်ကြီးဟာ စုစုပေါင်း ၅၄၂ တန်လေးပြီးတော့ မီလုံးပေါင်း ၃.၃ သန်းကျော် တပ်ဆင်ထားပါသတဲ့။  ဒီနေရာဟာ အခုတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ အထိက နေရာတစ်ခု ဖြစ်လာနေပါပြီ။  ၁ သန်းမကသော လူတွေဟာ ဒီသစ်ပင်ကြီးရဲ့ မီးအလှတွေကို ကြည့်ရှု့ဖို့ ဘုရင်သုံးပါးနေ့ ဇန်န၀ါရီ ၆ ရက်မတိုင်ခင် မီးတွေ မဖြုတ်ခင်မှာ လာကြဦးမယ်လို့ ဆိုပါတယ်။  ဂင်းနစ် မှတ်တမ်းမှာတော့ ဒါဟာ ကမ္ဘာ့အကြီးဆုံး ခရစ်စမတ် သစ်ပင်အဖြစ် မှတ်တမ်းဝင်သွားပြီးဖြစ်ပါတယ်။  အောက်က YouTube ဗီဒီယိုမှာတော့ ဒီသစ်ပင်ကြီးရဲ့ အလှအပတွေကို ခံစားနိုင်ကြပါပြီ။
သံနှင့် အပ်ပေါင်း ၄၇ ချောင်းကို ခြေထောက်ထဲမှ ခွဲထုတ်ရသည့် မိန်းကလေး
          အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီတောင်ပိုင်း၊ ပရီပါရီ မြို့က ၃ နှစ်အရွယ် မိန်းကလေး ဆာဖီရာ မှာတော့ ထူးထူးဆန်းဆန်း ဂမ္ဘီရဆန်ဆန်အဖြစ်အပျက်ကလေး ဖြစ်သွားပါတယ်။  ဒါကတော့ သူမခြေထောက်ထဲကို သံနှင့် အပ်ကဲ့သို့သော သတ္တုချောင်းများ စိုက်ဝင်နေခြင်းပါ။  ဒီမတိုင်ခင် လအနည်းငယ်ကထည်းက ဒီမိန်းကလေးဟာ သူမခြေထောက်တွေ နာကျင်နေတယ်လို့ သူမမိခင်ကို ပြောပါတယ်တဲ့။  နောက်ဆုံးတော့ သူမမိခင်လည်း မိန်းကလေးကို ဆေးရုံကို ခေါ်သွားပြီး ပြပါတယ်။  ဆရာဝန်တွေ ဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့ အခါမှာတော့ သံတွေ၊ အပ်တွေလို အရာဝတ္တုတွေဟာ ကလေးမရဲ့ ခြေထောက်ထဲမှာ နစ်မြုတ်နေတာကို တွေ့ရှိရပါသတဲ့။
ဒီ သံချောင်းတွေ၊ အပ်တွေ ဖယ်ထုတ်ဖို့ ခွဲစိတ်တာ ၂ နာရီလောက်ကြာပါတယ်။
မိန်းကလေးရဲ့ ခြေထောက်ထဲကို သံချောင်းပေါင်း ၂၇ ချောင်းစိုက်ဝင်နေတာဖြစ်ပြီး ၂၆ ချောင်းကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။  ဒါပေမယ့် ကျန်တဲ့ သူ့မရဲ့ ခြေထောက်နောက်ဖက်ကို စိုက်ဝင်နေတဲ့ တစ်ချောင်းကတော့ ဖယ်ထုတ်ဖို့  မလွယ်လှပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ အာရုံကြောတွေ ဆုံနေတဲ့ အဓိကနေရာဖြစ်နေတာကြောင့် ဒါကို ဖယ်ထုတ်ဖို့ အထူးဂရုစိုက်ရမယ်လို့ ဆိုပါတယ်။
Sunday, November 27, 2011
ကလီဗန်က အချစ်ဥမင်
          ယူကရိန်းနိုင်ငံ ကလီဗန် (Kleven) က ဒီမီးရထား ဥမင်ကလေးကတော့ အချစ်ဥမင်လို့ အမည်တွင်ပါတယ်။  ထူးထူးဆန်းဆန်း ဘာမှ ရှိတာမဟုတ်ပါဘူး။  ဥမင်လေးတစ်ခုလုံး အစိမ်းရောင် အပင်တွေနဲ့ ဖုံးလွှမ်းနေလို့ အရမ်းကို အေးမြတဲ့ ခံစားမှု့မျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။  အောက်မှာတော့ အချစ်ဥမင်ရဲ့ ပုံလေးတွေ တင်ပေးထားပါတယ်။  ကြည့်ရှု့တော်မူကြပါကုန်။
ဗေဒင် နက္ခတ်နဲ့မှ အလုပ်ခန့်မယ့် တရုတ်က ကုမ္ပဏီတွေ
          အဲ့ဒီ သတင်းစာထဲမှာ ဆက်ဖော်ပြထားတာကတော့ အဆိုပါ အလုပ်ကုမ္ပဏီရဲ့ အလုပ်ခေါ်ယူသူ အမျိုးသမီးက သူမတို့ဟာ ဒီ ရာသီခွင်တွေနဲ့ ပတ်သတ်ပြီးတော့ အလုပ်သမားခန့်ရာမှာတော့ ဗြိစ္ဆရာသီဖွားတွေဟာ တစ်မှိုင်မှိုင်တစ်တွေတွေရှိတတ်ပြီး ကန်ရာသီဖွားတွေကတော့ ဆက်ဆက်ထိမခံ အလုပ်တစ်ခုကို စွဲမြဲစွာ မလုပ်ဘူးလို့ ဆိုပါသတဲ့။
          “ကျွန်မ ဒီရာသီခွင် ၂ ခုမှာ ဖွားတဲ့လူတွေကို အလုပ်ခန့်ဖူးပါတယ်။  သူတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ငြင်းခုံ စကားများချင်ရင်များမယ်၊ မဟုတ်ရင် အလုပ်ခဏပဲလုပ်ပြီး ထွက်တာပဲလို့” ပြောသွားပါသတဲ့။  ဒါပေမယ့် ဘာကြောင့် တစ်ခြားသော ရာသီခွင် ၃ ခုဟာ သူမစိတ်ကြိုက်ဖြစ်ရတယ် ဆိုတာကိုတော့ ထည့်သွင်း ရေးမထားပါဘူး။  ဒါပေမယ့် အဲ့ဒီမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုကိုတော့ ထည့်သွင်း ဖော်ပြသွားပါတယ်။
Saturday, November 26, 2011
ဂျပန်က ကန်ဆိုင်း နိုင်ငံတစ်ကာလေဆိပ်
          ဂျပန်ဆိုတာ ကျွန်းနိုင်ငံလေးပါ။  ကျွန်းနိုင်ငံဆိုတော့ မြေရှားပါတယ်။  ဒီတော့ သူတို့ဟာ နိုင်ငံတစ်ကာ အဆင့်မှီလေဆိပ်တစ်ခုကို   ပင်လယ်ပြင်ပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။  ဒီလေဆိပ်ဟာ ကန်ဆိုင်းလေဆိပ်ဖြစ်ပြီးတော့ ဂျပန်နိုင်ငံအတွက် ဒုတိယမြောက် အရေးအပါဆုံး နိုင်ငံတစ်ကာ လေဆိပ်ဖြစ်ပါတယ်။  ဒီလေဆိပ်ကြီးကို ၁၉၉၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။  အိုဆာကာလေဆိပ်က လူနေထူထပ်လှတဲ့နေရာမှာလည်းရှိ၊ အလုပ်လည်း အလွန်ရှုပ်နေလေတော့ တိုးချဲ့ဖို့ဆိုတာက မလွယ်တော့ပါဘူး။  အိုဆာကာလေဆိပ်ကတော့ အီတာမီ နဲ့ တိုယိုနာကာ ကြားထဲမှာ ရှိတာပါ။ 
          ဒီ ကန်ဆိုင်းလေဆိပ်ကို ၁၉၈၇ ခုနှစ်ကထည်းက စတင် အုတ်မြတ်ချခဲတာဖြစ်ပြီး ကျောက်တုံးတွေနဲ့ ကွန်ကရစ် အတုံးကြီးတွေပေါင်း ၄၈၀၀၀ ကျော် အသုံးပြုပြီး ပင်လယ်ပြင်ကနေ အကာအရံဖြစ်အောင် တည်ဆောက်ခဲ့ရပါတယ်။  ဒီအပြင် တောင်သုံးတောင်ကို ဖြိုချပြီးတော့ ရလာတဲ့ မြေ ကုဗမီတာ ၂၁ သန်းကျော်ကျော်နဲ့ ဒီလေဆိပ်ကြီး ပင်လယ်ပြင်အထက်ကို ရောက်လာအောင် ဖို့ခဲ့ရပါတယ်။  လူအင်အား ၁၀၀၀၀ ကျော်နဲ့ ၃ နှစ်အတွင်း အလုပ်ချိန်စုစုပေါင်း (လုပ်ငန်း အထွေထွေအတွက်) နာရီပေါင်း ၁၀ သန်းကျော်အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီလေဆိပ်ကြီးကို ပြီးစီးဖို့ သင်္ဘော ၈ စင်းအသုံးပြုပြီး မီတာ ၃၀ မြင့်တဲ့ မြေထုဖြစ်လာအောင် တည်ဆောက်ခဲ့တာပါ။  နောက်ပြီးတော့ ၃ ကီလိုမီတာ အကွာအဝေးရှိတဲ့ တံတား ကို လေဆိပ်နဲ့ မြို့ကြားကို ဆက်သွယ်ဖို့ တည်ဆောက်ခဲ့ပါတယ်။
Friday, November 25, 2011
ကြည့်ကြဦးမလား ခွေးဖက်ရှင်
          ခွေးဖက်ရှင်ဆိုတာကတော့ တစ်ကယ့်ခွေးကလေးတွေအတွက် ဖက်ရှင်ဒီဇိုင်းထွင်ပြီး ဖလောရီဒါ ပြည်နယ် Fort Lauderdale မှာ တစ်ကယ့် ရှိုးပွဲလုပ်ခဲ့တာပါ။  ဒါဟာ ရံပုံငွေပွဲကလေးပါတဲ့။  ဒီပွဲကရတဲ့ငွေတွေကို ပိုင်ရှင်မယ့် အိမ်မွေး တရိစ္ဆာန်လေးတွေအတွက် နေဖို့နေရာလေးတွေ၊ ပြုစုစောင့်ရှောက်ဖို့တွေ နဲ့ ဆေးကုသမှု့အတွက်ပါရည်ရွယ်တယ်လို့ဆိုပါတယ်။  ဒီရှိုးပွဲကနေ ဒေါ်လာ ၂ သောင်း ၅ ထောင်ကျော်လောက်ရဖို့ မျှော်လင့်ထားပါသတဲ့။  ၁၉၇၆ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ အမန်ဒါ လူမှု့အဖွဲ့အစည်းက ဒီရှိုးပွဲလေး ဖြစ်လာအောင် ကျောထောက်နောက်ခံပေးထားပြီးတော့ ဒီအဖွဲ့အစည်းဟာ နှစ်စဉ် ပိုင်ရှင်မယ့် တိရိစ္ဆာန်ပေါင်း ၁ သောင်းကျော်အတွက် ပိုင်ရှင်ရှာဖွေပေးနိုင်ခဲ့ပါတယ်တဲ့။
လျှောက်ကြဦးမလား တရုတ်က ရင်ထိတ်သည်းဖို မှန်တံတား
          တရုတ်နိုင်ငံ ကျန်းကျားကျီး ပြည်သူ့ အပန်းဖြေ တောအုပ်ကလေးမှာတော့ မှန်သားအထူ ၂.၅ လက်မရှိပြီး ၃ပေကျယ်တဲ့ မှန်လမ်းကလေးရှိပါတယ်တဲ့။  အဲ့ဒီလမ်းကလေးဟာ မြေပြင်ကနေ ၁၄၃၀ မီတာအမြင့်ရှိတဲ့ မတ်စောက်လှတဲ့ ထျန်မန်း တောင်စောင်းပေါ်မှာ ဆောက်ထားတာမို့လို့ ဖြတ်သွားသူတိုင်း အသည်းယားချင်စရာပါ။  ထူးဆန်းတာလေးတစ်ခုက ဒီမှန်တံတားပေါ်ကို ဖြတ်သွားမယ့်လူတိုင်းရဲ့ ဖိနပ်မှာ အ၀တ်စွပ်ပြီးမှ ဖြတ်သန်းစေပါသတဲ့။  ဒါဟာ သန့်ရှင်းရေးသမားတွေ အပန်းတကြီး သန့်ရှင်းစရာမလိုတော့ဘူးပေါ့။  ကြည့်ရာတာတော့ သန့်ရှင်းရေးသမားတောင် ကြောက်လို့ မှန်သွားမတိုက်ရဲ့ဘူးထင်ပါရဲ့။  ကျွန်တော့်အနေနဲ့ကတော့ ရင်ထိတ်သည်းဖိုစရာကောင်းတာကတော့ မြင့်လို့လို့ မထင်မိပါဘူး။  တရုတ်တွေရဲ့ ဘာပစ္စည်းသုံးထားသလဲဆိုတာ တွေးရင်း ဒီမှန်တံတားပေါ်လျှောက်ရင် ဒူးတွေဘာတွေ တုန်လာနိုင်ပါတယ်။  ကဲအောက်က ဓာတ်ပုံကလေးမှာတော့ တရုတ်က ရင်ထိတ်သည်းဖို မှန်တံတားလေးကို ရှု့စားကြပါကုန်။
Thursday, November 24, 2011
Death of ‘thank you’
          ဗြိတိန် The Telegraph ကတော့ အင်္ဂလန်က လူတွေဟာ “ကျေးဇူးတင်ပါတယ်” လို့ ပြောတဲ့ အရေအတွက် နည်းလာပါတယ်တဲ့။  ဒီအစား တစ်ခြားစကားလုံးတွေဖြစ်တဲ့ “ta” တို့ “cool” တို့ သုံးသလို ပြင်သစ်စကားလုံးဖြစ်တဲ့ “merci” ကိုလည်း အစားထိုး သုံးစွဲလာပါသတဲ့။
          တစ်နှစ်ကို လူတစ်ယောက်ဟာ “Thank You” ဆိုတဲ့ စကားလုံးကို အကြိမ် ၅၀၀၀ လောက်ပြောကြပါတယ်၊ ဒါဟာ တစ်ရက်ကို ပျမ်းမျှ ၁၃ ကြိမ် ၁၄ ကြိမ်လောက်တော့ “Thank You” ဆိုတဲ့ စကားကို သုံးသေးတယ်ဆိုတဲ့ သဘောပေါ့လေ။  ဒါဟာ လူမှု့ဆက်ဆံရေးစကားတွေ တိုးတက်လာတဲ့ ရလဒ်လို့လည်း ဆိုပါတယ်။  ၄၀%ကတော့ သူတို့ဟာ သူ့တို့အရင် မျိုးဆက်တွေထက်စာရင်တော့ “Thank You” လို့ ပြောတာ ပိုနည်းသွားတယ်လို့ ယုံကြည်ကြပါတယ်။
          ဗြိတိန်က အစားအသောက် ကွန်ရက် ရုပ်သံလိုင်းက “ကျေးဇူးတင်ပါတယ် နေ့” ဆိုပြီး အစီအစဉ်လုပ်တာတောင်မှာ အယောက် ၂၀ မှာ ၁ ယောက်က “nice one” လို့ ပြောသွားပါသေးတယ်တဲ့။  ဒါပေမယ့် ၉၅% ကတော့ ယဉ်ကျေးသိမ်မွေ့မှု့ဟာ အရေးကြီးတယ်လို့ ယုံကြည်ကြပြီး ၁၀% သော ဗြိတိန်လူမျိုးများကတော့ သူတို့ကို သူတို့ ယဉ်ကျေးတယ်လို့ ယုံကြည့်ကြပါတယ်တဲ့။
Wednesday, November 23, 2011
ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ၂
          အရင်ပိုစ့်တုန်းက စနစ်အကြောင်းလေး စဉ်းစားဖြစ်တယ်။  ခုတလော ဘာဖြစ်နေတယ်မသိဘူး။  စဉ်းစားရင်းနဲ့ကို စဉ်းစားဖြစ်နေတယ်။  ခုလည်း လှိုင်းအကြောင်းစဉ်းစားဖြစ်နေတယ်။  ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ ခု စတုတ္ထလှိုင်းက ကမ္ဘာကြီးကို ရိုက်ခတ်နေတယ်။  ကျွန်တော်တို့တွေ အသည်းအသန် လှိုင်းတွေကြားထဲမှာ အလဲလဲ အပြိုပြို။
          မနေ့ကပဲ တွေ့လိုက်သေးတယ် Google ကုမ္ပဏီက Google book ကို Samsaung နဲ့ Accer ကုမ္ပဏီ နှစ်ခုရဲ့ Harware ကိုသုံးပြီးတော့ ထုတ်လိုက်တယ်။  ကွန်ပျူတာပေါ့လေ.. ပြောရရင် သို့ပေမယ့် ဘာမှ install လုပ်စရာမလို၊ virus စစ်စရာမလို၊ စက်ဖွင့်လိုက်လို့ ၁၀ စက္ကန့်ဆိုရင် သုံးလို့ရပြီ။ အလွန်မြန်၏။  ဖန်သားပြင်မှာ ဘာမြင်ရမလည်း Google Chrome Browser ဒါပဲ။  သို့ပေမယ့် အဲ့ဒီအထဲမှာ အစုံပါသည်။  ရုံးလုံးငန်းဆိုင်ရာ စာစီစာရိုက်၊ စာရင်းဇယား၊ ဘာညာ အစုံလုပ်လို့ရမည့် အသုံးဝင်သော Software လေးတွေ Google Market ထဲမှာ ဒေါင်းလုပ်ဆွဲရုံ။  ပြီးရင် တန်းသုံး။  ဟိုးအရင်တုန်းကလို ဟိုအခွေဝယ်၊ ဒီအခွေဝယ် ဒါမျိုးမရှိတော့ ဟုဆိုသည်။  အရင်တုန်းက ကွန်ပျူတာတွေက Wifi တို့ ဘာတို့နဲ့ အင်တာနက်ချိတ်လို့ရသည်၊ ခုတော့ ထိုစက်ထဲတွင် 3G ပါပါလာသည်။  အိမ်မှာ ၀ိုင်ယာလက် ရှိမှ သုံးလို့ရသည်မဟုတ်တော့ နေရာတကာသုံးလို့ရတော့မည်။  ဘယ်နေရာမှာ သွားပြီး အချက်အလက်တွေ သိမ်းထားမလည်း?  Google က provide လုပ်ထားတဲ့ Cloud Server ပေါ်တက်သိမ်း၊ လိုချင်တဲ့အခါ ပြန်ဆွဲချ သုံးလိုက်ယုံသာရှိသည်။  အလွန်ကောင်းသည်၊ မြန်သည်၊ ခေတ်ပိုမှီလာသည်၊ ကျွန်တော်တို့တွေ ဒါတွေသိအောင် လေ့လာရပြန်သည်။  နောက်တစ်လလောက်နေရင် နောက်တစ်ခု ထပ်ထွက်လာဦးမည်။  ဘာလည်း ဘယ်လိုဟာမျိုးလည်း ဘာတွေပါမှာလဲ။  တီထွင်မှု့တစ်ခု၏ သက်တမ်းသည် မည်မျှခံမည်နည်း ကျွန်တော်မသိ။
Tuesday, November 22, 2011
2nd Anniversary
          မြန်လှသည်၊ ဘာလိုလိုနဲ့ ၂ နှစ်ပြည့်သွားပါပြီ။  ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲ ပြီးတော့ ဘ၀လမ်းကို အတူလျှောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ် သူ့ကို ကျေးဇူးတင်ပါတယ်။   သူ့ကိုစတွေ့ခဲ့တဲ့ အချိန်ကနေပြီးတော့ သမီးရည်းစားဖြစ်တဲ့အချိန်အထိ ၈ နှစ်လောက် ကြာခဲ့တယ်။  ချစ်သူသက်တမ်းကလည်း ၆ နှစ်ကျော်ကျော် ဟော ခုတော့ လက်ထပ်တာလည်း ဘာလိုလိုနဲ့ ၂ နှစ်ပြည့်သွားပြန်ပြီ။
          စတွေ့တော့ ကျွန်တော်က ၅ တန်း၊ သူကလည်း ၅ တန်း မြင်ကထည်းက ဘယ်လိုခံစားချက်ရယ် မပြောတတ်ဘူး တစ်နေ့ သူ့ကို ယူမယ်လို့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။  ဒီလိုနဲ့ သူ့ကိုတွေ့ပြီး ၇ နှစ်အကြာမှာ ကျွန်တော် သူ့ကို ချစ်ကြောင်းပြောဖြစ်တယ်။  သူ့ကိုတွေ့ပြီး ၈ နှစ်မြောက်မှာ သူနဲ့ ကျွန်တော် ချစ်သူတွေဖြစ်ခဲ့တယ်။  နောက်ထပ် ၆ နှစ်ကြာတဲ့အခါမှာ ငါ့ကို လက်ထပ်ပါလို့ ကျွန်တော်သူ့ကို ပြောတယ်။  သူ့ကို လက်ထပ်ဖို့ ငါပြင်ဆင်သလောက်တော့ ပြင်ဆင်ပြီးပြီလို့ ကျွန်တော် ဆုံးဖြတ်ချက်ချတဲ့ တစ်နေ့ပေါ့။  ဒီလိုနဲ့ ကျွန်တော်တို့ ဘ၀ စခဲ့ကြတယ်။
          ချစ်သူဘ၀နဲ့ အိမ်ထောင်သည် ဘ၀ ဘာကွာသွားလည်း?   အားလုံးကွာသွားတယ်။  ပိုပြီး ရင်းနှီးလာတယ်၊  မျက်နှာဖုံးစွပ်တွေ ခွာကြတယ်။  တစ်ယောက်စိတ်ဓာတ်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း သိလာတယ်။  ပိုပြီး ငြှိနှိုင်းယူရတွေများလာတယ်။  တာဝန်တွေ ခွဲဝေယူလာကြရတယ်။  ကိုယ့်တာဝန် ကိုယ်နိုင်အောင်ထမ်းဖို့လည်းလိုတယ်၊ မဟုတ်ရင် တရွတ်တိုက်ကြီးနဲ့ ခရီးက ဖင့်တယ်။  လေးတယ်၊ နှေးတယ်။  ချစ်တာ ဟာ ချစ်တာပေါ့…၊ ချစ်လို့လည်း ဘ၀စဖို့ သဘောတူကြတာပေါ့။  တစ်ဦးနဲ့တစ်ဦး လက်ထပ်တာဟာ တစ်ဦးကို တစ်ဦးဖေးမတာ။  တစ်ဦးက တစ်ဦးကို မှီခိုတာ။  ဒါပေမယ့် တစ်ယောက်ချင်းစီလည်း အမှီအခိုကင်းနိုင်ရမယ်။  ကျွန်တော်တို့ အချိန်မရွေး သေသွားနိုင်တယ်။  ရင်သွေးလေးတွေရလာလို့ တစ်ဦးဦး သေဆုံးသွားခဲ့ရင် ဒီရင်သွေးလေးတွေအတွက် ကျန်ရစ်သူဟာ အသင့်ဖြစ်နေရမယ်။  စီးပွားရေး၊ လူမှု့ရေး၊ စီမံခန့်ခွဲမှု့ စတဲ့ အိမ်တစ်ခုရဲ့ တာဝန်အားလုံးကို ဆက်လက် အောင်မြင်အောင် ထမ်းဆောင်နိုင်ရမယ်။  ဒီရင်သွေးကို ဘယ်လောက် ဆိုးတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေပါစေ ကိုယ်ထက် တော်တဲ့၊ ကိုယ့်ထက် သာတဲ့ နေရာကို ရောက်အောင် အဖေရော၊ အမေရောက ပံပိုးပေးနိုင်ရမယ်။  ဒီအတွက် စီမံကိန်း ရှိသင့်တယ်။  ကျွန်တော်သေသွားလို့ သူ့ကို ဒုက္ခ အများကြီးပေးခဲ့သလိုမျိုး မဖြစ်စေရသလို၊ သူသေသွားလို့လည်း ကျွန်တော် ဒုက္ခတွေ ပင်လယ်ဝေပြီး ကျန်ခဲ့မှာ မဟုတ်ဘူး။  ဒီကစပြီး ကျွန်တော်တို့ ပြင်ဆင်ကြတယ်။
 ဒီလိုနဲ့ အခက်အခဲတွေ ကျော်ဖြတ်ကြတယ်၊ အတူတူ ရယ်မောခဲ့ကြတယ်။  ကျွန်တော် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးနေစဉ် အချိန်မှာပဲ ငါတည်ထောင်တဲ့ မိသားစုအပေါ်မှာ ငါသည် တာဝန်ကျေစေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ ထည့်ထိုးထားခဲ့တယ်။  ဒီအတွက် ကျွန်တော် တာဝန်ကျေအောင် ကြိုးစားတယ်။  သူ့ကိုလည်း နားလည်းအောင်ရှင်းပြတယ်။  သူ့ကလည်း သူ့ယူဆချက်တွေကို ပြောပြတယ်။  လက်မထပ်ခင်ကထည်းက သဘောတူညီချက်တစ်ခုရှိတယ်၊ ရန်ဖြစ်ရင် အော်လားဟစ်လား မလုပ်ဖို့ သဘောတူညီချက်ပါ။  ဒါကိုလည်း ခုထိ နှစ်ယောက်စလုံး စောင့်ထိန်းနေကြတုန်းပဲ။  နောင်လည်း ကျွန်တော်တို့ စောင့်ထိန်းသွားမယ်လို့ ကျွန်တော် ယုံကြည့်တယ်။  သူက ကျွန်တော် သူ့ကို “မင်း” လို့ခေါ်တာ မကြိုက်သလို၊ ကျွန်တော်ကလည်း သူ ကျွန်တော့်ကို “နင်” လို့ ခေါ်တာကို လုံးဝမကြိုက်ပါဘူး။  ဒီအတွက် မည်မျှ စိတ်ဆိုးနေသည်ဖြစ်စေ လေသံကို ထိန်းသလို အဲ့ဒီ စကားလုံးတွေကိုလည်း မသုံးနှုံးပါဘူး။  ကျွန်တော်တို့ အရမ်းစိတ်ဆိုးလာကြရင် စကားမပြောတော့ပါဘူး။  ပြောတိုင်းမှာ အမှားပါနိုင်ပါတယ်။  နှစ်ယောက်စလုံး ဒေါသထိန်းနိုင်တဲ့ အချိန်ကျတော့မှ ပြန်လည်ညှိနှိုင်းကြတယ်။   ဒါကြောင့် ကျွန်တော်တို့ ရန်ဖြစ်ရင် အသံတိတ်ဖြစ်တယ်လို့ အိမ်က လူတွေက ပြောတတ်ကြတယ်။ 
ဒီလိုနဲ့ ၂ နှစ်ပြည့်လာပြန်ပြီ။  ခဏလေးလိုပဲ။  ပြီးခဲ့တဲ့ နှစ်က သူ့ကို ဘာပေးနိုင်ခဲ့သလည်း ဘာမှမပေးနိုင်ခဲ့ပါဘူး။  ဒီနှစ်ရော ဘာပေးနိုင်လည်း၊ လူကိုယ်တိုင် တောင် အနားမှာမှ မရှိတာ ကျန်တာ ဘာပေးနိုင်ဦးမှာတုန်း။ ကျွန်တော်ချစ်တယ်၊ သူ့ကို ချစ်တယ်။  အဲ့ဒီတော့ အနည်းဆုံး ဒီစာလေးတော့ ပေးချင်ပါတယ်။  ဒါလေးကိုဖတ်ပြီးတော့ပဲ သူ ပျော်ရွှင်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ 
Monday, November 21, 2011
ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ၁
         ကျွန်တော့် အလုပ်က သင်္ဘောဆောက်တာပါ။  အရင်တုန်းကတော့ စင်ကာပူက သင်္ဘောကျင်းမှာ အလုပ်လုပ်ခဲ့ပြီးတော့၊ ခုကတော့ သင်္ဘောကုမ္ပဏီကိုယ်စား ကုမ္ပဏီက ဆောက်တဲ့ သင်္ဘောတွေကို ဆောက်တဲ့ သင်္ဘောကျင်းကို သွားပြီးတော့ အရည်အသွေး၊ စီမံကိန်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ အန္တရာယ်ကင်းရှင်းမှု့ ရှိမရှိ စတဲ့ လုပ်ငန်းစဉ်တွေအလိုက် သင်္ဘောကုမ္ပဏီကိုယ်စား ကြည့်ရှု့ပေးတဲ့ အလုပ်လုပ်ပါတယ်။  အလုပ်ထဲမှာ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့ ကြုံတွေ့ရပါတယ်။  ဒီအခါမှာတော့ သူတို့တွေရဲ့ အကျင့်စရိုက်၊ ဓလေ့၊ ပညာတွေ အများကြီး လေ့လာခွင့်၊ သုံးသပ်ခွင့်၊ သင်ယူခွင့် ရပါတယ်။  ကျွန်တော်ပထမဆုံး အလုပ်နဲ့ ပတ်သတ်ပြီးလေးစားတဲ့ နိုင်ငံဆိုရင်တော့ ဂျပန်ပါ။
          ဂျပန်နိုင်ငံဟာ စက်မှု့တော်လှန်ရေးကာလ အစောပိုင်းတုန်းကတော့ အနောက်နိုင်ငံတွေဆီက ပစ္စည်းတွေဝယ် ခွဲခြမ်း စိတ်ဖြာကြည့် ပုံတူကူးချလို့ လူပြောသူပြောများတဲ့ နိုင်ငံတစ်ခုပါ။  အစပိုင်းမှာ အရည်အသွေးညံဖျင်းလို့ မည်သူမှ မသုံးကြချင်ပေမယ့် ခုတော့ ဂျပန်ကထုတ်တဲ့ ပစ္စည်းဆိုရင် “Made in Japan” ဆိုပြီး လူတွေရဲ့ ယုံကြည့်စိတ်ချမှု့၊ အရည်အသွေးကောင်းမွန်မှု့၊ တာရှည်ခံမှု့ စတဲ့ ဂုဏ်ပုဒ်တွေကို ပြေးပြီးမြင်ယောင်တတ်ကြပါတယ်။  ဒါဟာ နိုင်ငံကိုယ်စားပြု အရည်အသွေးတစ်ခုပါ။  ဘာ့ကြောင့် ဒီလို တိုးတက်လာပါသလည်း။  အရေးအကြီးဆုံး တစ်အချက်က စနစ်ကျလို့ပါလို့ ကျွန်တော်ကမြင်ပါတယ်။
Sunday, November 20, 2011
ပါကစ္စတန် ဖုန်းမက်ဆေ့ခ်ျမှာ ပိတ်ပင်မယ့် စကားလုံးတွေ
          တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ပါကစ္စတန်နိုင်ငံမှာတော့ ဟော့ဒီ စကားလုံးတွေ အပါ အ၀င် အင်္ဂလိပ်နဲ့ ပါကစ္စတန်စကား Urdu စကားလုံးပေါင်း ၁၅၀၀ ကျော်ကို ဖုန်း မက်ဆေ့ခ်ျက တစ်ဆင့်ပို့ရင် အလိုအလျှောက် စစ်ဆေးတဲ့ စက်ကနေပြီးတော့ ပို့လို့မရအောင် ဖျက်ပစ်မယ်လို့ သတင်းထွက်နေပါတယ်။ 
          ဒါဟာ ပါကစ္စတန် ၂၀၀၉ ခုနှစ် ဆက်သွယ်ရေး အက်ဥပဒေ အရ မလိုလားအပ်တဲ့ စကားလုံးတွေ၊ အများပြည်သူနဲ့ မသင့်လျှော်မယ့်စကားလုံးတွေ၊ လိမ်ညာလှည့်ဖျားမှု့တွေ၊ စော်ကားတဲ့ စကားလုံးတွေ အသုံးမပြုနိုင်စေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ပါဝင်မယ့် အချို့စကားလုံးတွေကတော့
Saturday, November 19, 2011
ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား (၂)
           အဲ့ဒီလိုနဲ့ ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။  ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။  ဆရာတော်က ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်း ဆောင့်လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။  ငုတ်တုတ်လည်း ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။  ကရင်လိုရောရင်း ရောရင်းကနေ နောက်ပိုင်း ဘာသာစကားပြောင်းသွားတာ ဘေးကလူတွေလည်း နားမလည်တော့ပါဘူးတဲ့။  ဟို ကရင်ကျောင်းဆရာမလည်း နားမလည်တော့ဘူး။  ထင်တာကတော့ ရှေးဟောင်း ဘာသာစကား တစ်ခုဖြစ်မယ်ထင်ပါတယ်။  
                      ဆရာတော်လည်း ပြောရင်း ပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။  မမိုးမိုးလည်း လူးလှမ့် နေတာပေါ့လေ။  အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး အသံက ယောင်္ကျား သံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော့နဲ့ အတင်အချ ပြောတော့တာပါဘဲ။  နောက်မှ သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံး နဲ့ ပြောတယ်လို့ဆိုပါတယ်။  သူတို့ ရဲ့ အထွေးကလေးကို လူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊  လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊ ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေသလဲ လို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့ ကြိမ်နဲ့ သမတယ်လို့ ဆိုပါတယ်။  သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့ မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့ စကားများကြတယ်လို့ ဆရာတော်က ပြန်ပြောပါတယ်။ 
ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား
          ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။  ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။  သူ့ဟာသူနေသူ နေကြတယ်။  ကိုယ်လည်း ကိုယ်ဟာကိုနေတယ်ပေါ့လေ။  ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ ငွေကိုပဲလိုချင်တယ်။  ဘယ် ပစ္စည်းမှ အလကားမရတာ၊ ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ်ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။  အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။  အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။ 
          ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကို ကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်း ကြားဖူးပါရဲ့။  ဒါပေမယ့် ကိုယ်တွေမဟုတ်လေတော့ ယုံရခက်ခက်ကြီးရယ်။  ဒါပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။  ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိပ်ပြီး ခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။  အဖြစ်ကဒီလို။
Friday, November 18, 2011
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၃
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏။
ကျီစားတာပါ.....
တရုတ်က ကမ္ဘာ့ အန္တရာယ်အကြီးဆုံး ကျောင်းတက်ချိန်
          “ပညာရှာ ပမာသူဖုန်းစား”၊ “ပညာရွှေအိုး လူမခိုး” စတဲ့ စကားပုံလေးတွေဟာ ပညာရဲ့ တန်ဖိုးကိုဖော်ပြတဲ့ စကားပုံလေးတွေပါ။  နောက်ပိုင်းမှ “ရွှေအိုးရှိမှ ပညာရ” တို့ဘာတို့ ဖြစ်လာတာကိုတော့ ထားလိုက်ပါတော့လေ။  မည်သို့ပင်ဖြစ်စေ ယခုပိုစ့်လေးကတော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မြောက်ပိုင်း ပိလိရွာကလေးက ကလေးငယ်လေးတွေ စာသင်ဖို့ ဘယ်လောက်အထိ အန္တရယ်တွေကြားထဲကနေ ကျောင်းကိုသွားရတယ်ဆိုတာလေးပါ။  နှစ်တိုင်း ကျောင်းဖွင့်ချိန်ဆိုရင် ပိလိ ရွာကလေးကို ဆရာမတွေနဲ့ အစိုးရ အရာရှိတွေဟာ အဲ့ဒီရွာက ကလေးငယ် ၈၀ လောက်ကို ကျောင်းကိုခေါ်ဆောင်ဖို့ ရောက်လာလေ့ရှိပါသတဲ့။  ဒီကလေးငယ်ကလေးတွေဟာ ရွာကနေပြီးတော့ ကျောင်းကိုရောက်ဖို့ ၁၂၅မိုင် ခရီးကြမ်းကို ဖြတ်သန်းရပါသတဲ့။  ဒီဖြတ်သန်းရတဲ့ ခရီးတွေက တော်တော့်ကို စွန့်စွန့်စားစား သွားရတာပါ။  သူတို့လေးတွေဟာ ကျောင်းကိုရောက်ဖို့ ရေခဲနေတဲ့ မြစ်လေးစင်း၊  ခနော်နီ ခနော်နဲ့ ပေ ၆၅၀ ကျော်ရှည်တဲ့ ကြိုးတံတား ၁ ခု၊  ပျဉ်ပြားတစ်ချပ်စာသာရှိတဲ့ တံတားတွေ စတာတွေကို ဖြတ်သန်းရပါသတဲ့။  ဒါခရီးကို ပြီးဆုံးဖို့ အချိန် ၂ ရက်ကြာပါတယ်တဲ့။
Thursday, November 17, 2011
နီတာ့ ပစ္စည်းတစ်ခုမှ မပါဘူး
          ဒီဟာသလေးကတော့ ကျောင်းနေဖက် ကျွန်တော့်သူငယ်ချင်း ဇော်သန်း ပြောပြတဲ့ ဟာသလေးပေါ့။  ပုံပြင်မပြောခင် ဇော်သန်းဆိုတာက ကျွန်တော်နဲ့ ရေကြောင်းတက်ခဲ့တဲ့ ငါးနှစ်လုံးလုံး တစ်ဆောင်ထဲနေကြထဲ သူငယ်ချင်းတွေထဲကတစ်ယောက်။  သူက ဒလ ဟိုဘက် တွံတေး ဇာတိ။  ကျောင်းပိတ်ရက်ဆိုရင် သူတို့ရွာသွားလည်၊ ဘောလုံးကန်၊ ထန်းရေသောက် ပျော်စရာအတော်ကောင်းသား။  ဇော်သန်းရဲ့ အဖေနဲ့ အမေကလည်း အတော်သဘောကောင်းသဗျ။  ကျွန်တော်တို့လာရင် ၀က်သားကို လုံးချက်ချက်၊ ငပိရည်နဲ့ တို့စရာနဲ့ လွေးလို့တယ်ကောင်း။ 
          ဒါတင်ဘဲလားဆိုတော့ မဟုတ်ဘူး၊ တစ်ခါတစ်လေ သူ့ အဖေနဲ့ အမေနဲ့ အဆောင်ကို လာလည်တတ်သေးတယ်။  လာရင်တော့ ဟင်းတွေ ထမင်းတွေ ကျွန်တော်တို့ တစ်ဝစားရတာပေါ့ဗျာ။  ဇော်သန်းရဲ့ အဖေကြီးလာလည်တော့ ကျွန်တော်တို့က ဘောလုံးဂျာနယ် ဖြန့်ခင်းပြီးတော့ လက်ချာရိုက်လိုက်တာ ဦးလေးကြီးလည်း ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင် လေပစ်၊ ဟိုဘက်ကကောင်းတယ်၊ ဒီဘက်က ကောင်းတယ်နဲ့ ဘောလုံးကို ၀ါသနာပါသွားတာပဲ။  လူကြီးကိုလည်း မချန် အဲ့သလို ပျက်စီးကြတာ။  ကမ္ဘာ့ဖလားတုန်းကဆို ဖိုင်နယ်ပြီးမှ ရွာပြန်တဲ့အထိကို ဖြစ်ရော။ 
          အဲ့ နီတာ ပစ္စည်းတစ်ခုမှ မပါဘူးဆိုတာက တစ်ကယ့်အဖြစ်အပျက်ဗျ။  သူတို့ရွာမှာ ကိုနီတာဆိုတဲ့ လက်သမားကြီးရှိတယ်။  လက်ရာသေသပ်တာရယ်၊ အလုပ်ကို စနစ်တကျ လုပ်တာရယ်ကြောင့် အိမ်တိုင်း အိမ်တိုင်း အိမ်ဆောက်တာတို့ အိမ်ပြင်တာတို့ဆိုရင် ကိုနီတာကြီးက လက်စွဲပေါ့။  ကိုနီတာကြီးကလည်း အိမ်ဆောက်လို့ပြီးရင်ဖြစ်ဖြစ်၊ အိမ်ပြင်လို့ပြီးလို့ အပိုကျန်တဲ့ ၀ါးလေးတွေ၊ ဓနိလေးတွေကို အိမ်ရှင်ဆီခွင့်တောင်းပြီး ယူတယ်ခင်ဗျ။  တစ်ရွာလုံး ဘယ်သူ့အိမ် အလှဆုံးလဲဆို ကိုနီတာကြီးအိမ်က အသပ်ရပ်ဆုံး။  သပ်ရပ်ဆို ကိုယ်တိုင်ကလည်း လက်သမားကိုး။  ဓနိမိုးဆိုလဲ ကျိုးတိုးကျဲတဲမဟုတ်ဘူး၊  ချပ်ချပ်ရပ်ရပ်၊  ထရန်ကာ၊ ကြမ်းခင်း အားလုံးပြောစရာကို မရှိအောင် သေသေသပ်သပ်လေးနဲ့ လှနေတဲ့ ကိုနီတာကြီးအိမ်ကို အားလုံးက ချီမွမ်းကြတာပေါ့။  တစ်နေ့တော့ ကိုနီတာကြီးအိမ်မီးလောင်ပါလေရောတဲ့။  မီးလောင်တော့ ရွာသားတွေလည်း အပြေးအလွှား ကိုနီတာကြီးအိမ်ဖက်ကို ရေပုန်းတွေ ဆွဲပြီး ပြေးကြတာပေါ့လေ။  ဟိုလည်းရောက်ရော မီးကတော်တော်ကြီးနေတော့ သတ်လို့ကလည်းမရ။  တစ်အိမ်လုံးလောင်ပါလေရောပေါ့လေ။  အဲ့ဒီအချိန်မှာ ကိုနီတာကြီးကတော့ အိမ်ပေါ်ဒ ဒန်အိုး ဒန်ခွက် အ၀တ်အစားတွေနဲ့ ဆောင့်ကြောင့်ကြီးထိုင်၊ ဆေးပေါ့လိပ်ကြီးကိုဖွာရင် သူ့အိမ်မီးလောင်တာကို ပြုံးပြုံးကြီးနဲ့ ကြည့်နေလေရဲ့။  အဲ့ဒါနဲ့ ရွာသားတွေလည်း ဟေ့ ကိုနီတာ ခင်ဗျားနှယ် အိမ်မီးလောင်တာကိုမှ ပြုံးပြုံးကြီးကြည့်နေရတယ်လို့ ဆိုလေတော့ ကိုနီတာကြီးကပြန်ပြောသတဲ့။
“လောင်ပလေ့စေ….. အဲ့ဒီအိမ်ထဲမှာ နီတာ့ ပစ္စည်း တစ်ခုမှ မပါဘူးတဲ့ဗျား”
ရယ်ဖို့လည်းကောင်းသလို ကိုနီတာရဲ့ စည်းကမ်းရှိပုံလေးကိုလည်း သဘောကျလှပါတယ်။  သူများအိမ်တွေ ဆောက်ရင်း ပိုတဲ့ ပစ္စည်းလေးတွေနဲ့ သူ့အိမ်ကို မွမ်းမံတယ်ဆိုပဲ၊  ဓနိတစ်ချပ်ရရင် သူ့အိမ်က သိပ်မကောင်းတဲ့ ဓနိနဲ့ လဲတယ်၊ ၀ါးတစ်လုံးရ ၀ါးတစ်လုံးနဲ့ နောက်ဆုံး တစ်အိမ်လုံး သူ့ပစ္စည်း ဘာမှ မပါတော့ဘူး တဲ့။
ကမ္ဘာ့အကြီးဆုံး ဆန်မုန့်ကျွပ်
                     ဂျပန်နိုင်ငံကတော့ ဆန်နဲ့လုပ်ထားတဲ့ မုန့်ကျွပ်ကို ကမ္ဘာ့အကြီးဆုံးဖြစ်အောင်လုပ်ပြီး ဂင်းနစ်မှတ်တမ်းဝင်သွားပါပြီ။  အချင်း ၅ ပေ ၃ လက်မရှိတဲ့ ဒီ ဆန်မုန့်ကျွပ်ကြီးဟာ ဂျပန်မှာတော့ လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။  ဒီမုန့်ကြီးကို ရာမာဂူချီ ဆိုတဲ့ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ကီယိုရိုရှီက ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ် ကော်မတီဝင်အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တယ်လို့ဆိုပါတယ်။  လွန်ခဲ့တဲ့ လတုန်းကထဲက ကမ္ဘာ့အကြီးဆုံးမှတ်တမ်းဝင်အောင် ကြိုးစားခဲ့ပေမယ့် ၃ စီတီမီတာ ငယ်သွားလို့ ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ်ဖြစ်ရမယ့် မှတ်တမ်းနဲ့ လွဲခဲ့ရတာ အခုတော့ အမှန်တကယ်ကို ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ်ဖြစ်လာပါပြီ။  ဒီမုန့်ကို လုပ်ဖို့ ဆန်မှုန့် ၃၃ ပေါင်နဲ့ တစ်နာရီလောက်ကြာအောင် မီးဖုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီလိုမီးဖုတ်နေတုန်းမှာလည်း မိနစ်အနည်းငယ်ကြာတိုင်း မုန့်ကြီးကို လှည့်လှည့်ပေးရပါသေးတယ်။
               ဒီ မုန့်ကျွပ်ကြီးကို ဂင်းနစ်မှတ်တမ်းဝင်ဖို့ တိုင်းတာ၊ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးတာနဲ့ မြို့ခံလူတွေ စားဖို့ ခွဲဝေပေးခဲ့ပါတယ်တဲ့။  “ခုတော့ တကမ္ဘာလုံးကလူတွေဟာ ကျွန်တော်တို့ မြို့လေးအကြောင်းကို ဒီမုန့်ကျွပ်ကြီးကြောင့် သိရှိတော့မှာ ဖြစ်ပါတယ်” လို့ ရာမာဂူချီက ပြောသွားပါတယ်။
Source : (Link)
Wednesday, November 16, 2011
လေယာဉ်ပျံ မပေါ်ခင်က တီထွင်မှု့များ
လေယာဉ်ပျံတွေ ပေါ်လာတဲ့ နောက်ပိုင်းမှာတော့ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ အချိန် သက်သက်သာသာနဲ့ သွားလာလို့ရပါပြီ။  ဒါပေမယ့် ဒီလို လေယာဉ်ပျံတွေကို အောင်မြင်စွာ တီထွင်နိုင်ဖို့ ဖြတ်ကျော်ခဲ့ရတဲ့ သမိုင်းလေးကတော့ ဟော့ဒီ အောက်က YouTube မှာ မြင်နိုင်မှာပါ။  ဒါလေးကို ကြည့်ပြန်တော့ သြော်... ဟိုးအရင်တုန်းက လူတွေ တယ်လည်း ရယ်ရပါလားလို့ ထင်ကြပါလိမ့်မယ်။  ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ဒါဟာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ကြတာပါ။  အကြိမ်ကြိမ်ရှုံးနိမ့်မှု့တွေ၊ လူတွေ လက်ညှိုးထိုးပြီး ရယ်စရာတွေ ဖြစ်ခဲ့ပေမယ့်၊  ဒီလို အကောင်အထည်ဖော်ခဲ့တဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ နှောင်းလူတွေ ခံစားရတာပါ။ 
အိုင်ဖုန်းကို မုန်းတဲ့ ခွေးကလေး ကိုကို
          ကိုကိုဆိုတဲ့ ခွေးမလေးဟာ အသက် ၄ နှစ်ခွဲရှိပါပြီ။  ဒီခွေးမလေးဟာ ရုပ်ရှင် ကြည်ရတာကို အရမ်းကြိုက်ပါသတဲ့။  ဒါပေမယ့် အိုင်ဖုန်း ကြော်ငြာဝင်လာရင်တော့ အပြင်းအထန်ကို ဟောင် ပြီးတော့ ကန့်ကွက်ပါတယ်။  ဒါကြောင့် အိုင်ဖုန်း မကြိုက်တဲ့ ခွေးကလေး ကိုကိုဆိုပြီး အင်တာနက်မှာ ရေပန်းစားနေပါတယ်။  ခွေးရဲ့ သခင်ကတော့ အိုင်ဖုန်း အစား အန်းဒရွိုက်ကို ကြိုက်တယ်ထင်ပါ့ ခွေးကလေးရဲ့ ဘလော့ဂ်မှာ အိုင်ဖုန်း ဆန့်ကျင်ကြောင်းထွေ ရေးထားလေရဲ့။  ဒါတင် ဘယ်ကမလဲ ခွေးကလေးရဲ့ အကျီင်္ကို တစ်ထည် ၁၄ ဒေါ်လောက်နဲ့ ရောင်းထားကိုလည်း တွေ့ရပါသဗျ။  မည်သို့ပင် ဖြစ်စေကာမူ အောက်က YouTube ဗီဒီယိုလေးမှာတော့ ခွေးကလေးနဲ့ အိုင်ဖုန်း ကြော်ငြာ မတည့်ပုံများတော့ ကြည့်ရတာ အတော် ရယ်ရသဗျ။  
Monday, November 14, 2011
ဂျပန်က အိမ်သာကား
          အိမ်သာကားဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့၊  ဂျပန် အိမ်သာကမုတ် ထုတ်လုပ်တဲ့ကုမ္ပဏီ ToTo ကနေပြီးတော့ တီထွင်လိုက်တဲ့ ဘီး ၃ ဘီးပါတဲ့ ယာဉ်တစ်ခုပါ။  မော်တော်ဆိုင်ကယ်နဲ့ ခပ်ဆင်ဆင်တူပေမယ့် ဒီယာဉ်ကို မောင်းနှင်ဖို့ လိုအပ်တဲ့ လောင်စာကတော့ ဘိုင်အို ဓာတ်ငွေ့ပါတဲ့။  ဒီဓာတ်ငွေ့ကို အများသုံးအိမ်သာထဲက စွန့်ပစ်ပစ္စည်းတွေနဲ့ သက်ရှိ လူတွေ၊ အကောင်တွေရဲ့ အညစ်အကြေးတွေကို ရောစပ်၊ ဓာတ်ငွေ့ထွက်လာအောင် ပြုလုပ်ပြီး မောင်းနှင်ပါတယ်ာလို့ တိုတို အိမ်သာကမုတ် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရ ကန်ဂျီ ဖူဂျီတာ ကပြောသွားပါတယ်။
          ဒီယာဉ်လေးကိုတော့ “နီယို” လို့အမည်ပေးထားပြီး ယာဉ်မောင်းထိုင်ရမယ့် ခုံကတော့ အိမ်သာ ကမုတ်ပါ။  ဒီအပြင်ယာဉ်ကလေးရဲ့ အနောက်မှာ အိမ်သာသုံး တီရှုးပေပါ အလိပ်ကြီးကို ချိတ်ထားပါသေးသတဲ့။ 
          “မောင်းမယ့်သူထိုင်တဲ့ ထိုင်ခုံဟာ အိမ်သာ အစစ်ဖြစ်ပေမယ့် တစ်ကယ်သုံးဖို့တော့ မဟုတ်ပါဘူး။  ဒီယာဉ်ကို မောင်းဖို့လောင်စာကတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့၊ ညစ်ညမ်းမှု့ မဖြစ်စေတဲ့ ဇီဝ ဓာတ်ငွေ့လောင်စာပါ။  ဒီလောင်စာကို ယာဉ်ရဲ့ နောက်မှာ သိုလှောင်ထားပါတယ်၊ တစ်ကယ့်ကို မောင်းရတာ အဆင်ပြေပါတယ်” လို့ ဆိုပါတယ်။