စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Saturday, September 29, 2012
အတု… အတု… အတု
          အတု အကုန်လုံး တရုတ်တွင်ရသည်။  သို့သော် အစားအသောက်ကို အတုလုပ်တာကတော့ အတော့်ကိုဆိုးလှသည်။  တရုတ်မှာ နွားနို့ မသောက်ရဲ။  ခက်သည်က မသောက်လျှင် ငတ်မည်သာတည်း။  ထို့ကြောင့် သောက်ချင်လာလျှင်တော့ တစ်ခွက်တစ်လေ မှာသောက်ဖြစ်သည်။ 
          ကြက်ဥ အတုကတော့ ကြာလှပြီကော။  အတု အစစ် ဘယ်လိုခွဲမတုန်း။  မနက်စာ ပေါင်မုန့်နှင့် ကြက်ဥကိုသာ ဟိုတယ်တွင်ရှိသည်။  ကြော်ပြီးသာ ကြက်ဥတစ်လုံးကို အတုအစစ်မခွဲနိုင်။  ဒီတိုင်းသာ စားရသည်။  ကြက်ဥတင်မဟုတ် စပျစ်သီးပါ အတုထွက်နေပြီ။  YouTube တွင် ရှု့ကြပါကုန်။
Thursday, September 27, 2012
iPhone 5 လား တရားစွဲပစ်လိုက်မယ်
                 ပန်းသီးနဲ့ ဆမ်းဆောင်း တရားစွဲ၊ ဟိုဘက်ကစွဲလိုက် ဒီဘက်က စွဲလိုက်နဲ့ မရိုးနိုင်တဲ့ ဇာတ်လမ်းပေါ့။  ဒါပေမယ့် ထူးထူးခြားခြား ဒီနေ့ သတင်းလေးဖတ်လိုက်ရတော့ တော်တော်လေး ရယ်ချင်သွားတယ်။   ဟောင်ကောင် အခြေစိုက် Goophone ဆိုတဲ့ ဖုန်းကုမ္ပဏီတစ်ခုဟာ apple က အသစ်ထွက်မယ့် iPhone 5 နမူနာကို apple က တရားဝင် မဖြန့်ချီခင်မှာ ရရှိသွားပြီး၊ iPhone 5 အခွံအတိုင်း ပုံတူပွားပြီးတော့ Android os သွင်းပြီး ဈေးကွက်ကို ဖြန့်ချီပြီးနေပါပြီတဲ့။  ဒါ့ကြောင့် apple ကသာ iPhone 5 ကိုဈေးကွက်ထဲကို ဖြန့်မယ်ဆိုရင် သူတို့ ဖုန်းဟာ ဈေးကွက်ထဲကို အရင်ရောက်ပြီးသားဖြစ်တဲ့ အတွက် ပန်းသီးကို ပုံစံတူ ကူးမှု့နဲ့ ပြန်ပြီးတော့ တရားစွဲမယ်လို့ ဆိုပါသတဲ့။  သြော်…. သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးမှ အဟုတ်။  ဘာ… ဘာ… ဘာမှ မပြောလိုတော့ပါဘူး။
Source : (Link)
Thursday, September 20, 2012
မီးမုန်တိုင်း (သို့) Fire Whirl များ
          တိုနေဒိုး လေဆင်နှာမောင်းတွေကိုတော့ မြင်ဖူးကြမှာပါ။  ဒါပေမယ့် ခုလိုမျိုး Tornadoနဲ့ သဏ္ဍာန်တူတဲ့ Fire Whirl Storm အဖြစ်တော့ မြင်ရဖို့ တော်တော်လေး ခဲယဉ်းပါတယ်။  လေဆင်နှာမောင်းထဲမှာ မီးတွေပါ လောင်ကျွမ်းပြီးတော့ လေဆင်နှာမောင်း သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ မီးတန်းကြီး ဖြစ်ကျန်ခဲ့တဲ့ မုန်တိုင်းမျိုးပါ။  ၁၉၂၃ ခုနှစ် ဂျပန်မှာ မဟာကန်တို ငလျှင်ကြီးလှုပ်သွားတော့ မြို့တစ်မြို့စာလောက်ရှိတဲ့ မီးမုန်တိုင်းကြီး ဖြစ်ပေါ်ခဲ့ပြီး တိုကျိုမြို့ရဲ့ ဟိဖူကူရှိုး-အာတို ဒေသမှာ လူပေါင်း ၃ သောင်း ၈ ထောင်လောက်ဟာ ၁၅ မိနစ်အတွင်း သေဆုံးခဲ့ရပါတယ်။  ၁၉၂၆ ခုနှစ်မှာလည်း ကာလီဖိုးနီယားရဲ့ ဆန်လူးဝစ်(စ်) အိုဘစ်(စ်)ပိုမှာ ဆီကန်ကို မိုးကြိုးပစ်ရာက စတင်တဲ့ မီးလောင်ကျွမ်းမှု့နဲ့စတင်ပြီးတော့ ခုလိုမျိုး မီးမုန်တိုင်းဖြစ်ပွားခဲ့ပါတယ်။ 
          ၁၀ မီတာကနေ ၁၅ မီတာအထိ အမြင့်ရှိနိုင်တဲ့ ဒီမီးမုန်တိုင်းတွေဟာ အကြာကြီးတော့ တိုက်ခတ်တာမဟုတ်ပါဘူး။  ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ ဒီမီးမုန်တိုင်းတွေဟာ ကီလိုမီတာ အမြင့်အထိ ရောက်နိုင်ပြီးတော့ လေတိုက်နှုန်းကလည်း တစ်နာရီကို ကီလိုမီတာ ၁၆၀ ကျော်နှုန်းတိုက်ခတ်နိုင်ပြီးတော့ မိနစ် ၂၀ ကျော်ကြာမြင့်နိုင်ပါတယ်။  မီးမုန်တိုင်းတွေ ဘယ်လိုတိုက်ခတ်သလဲဆိုတာကို အောက်က YouTube ဗီဒီယိုတွေမှာလည်း ကြည့်နိုင်ပါတယ်။
Wednesday, September 19, 2012
ကျွန်တော်နှင့် C သုံးလုံး ဒုက္ခများ
          C သုံးလုံးဆိုတာ နေရာတိုင်းမှာ တွေ့ရသည့် ဒုက္ခ။  အထူးသဖြင့် သင်္ဘောကျင်းတွေမှာ။  အရင်တုန်းကတော့ သင်္ဘောကျင်းမှာ ကိုယ်ကသင်္ဘောဆောက်ပေးသူ။ အခု Owner Representative ပြောင်းလုပ်တော့ ၀ဋ်ပြန်လည်တာပဲ။  တစ်ကမ္ဘာလုံး ဘယ် သင်္ဘောကျင်းသွားသွား ဒီ C ၃ လုံးပြဿနာကတော့ ရှိမြဲ။  C သုံးလုံးဆိုတာက ရယ်စရာမောစရာလိုမျိုး ပြောတတ်ကြတာ။  ဒါပေမယ့် ပြဿနာကတော့ မသေးလှ။  Specification, new building contract, ITP (Inspection and Test Plan)၊ Yard Standard ဒါတွေအားလုံးဟာ သင်္ဘော မဆောက်ခင်ကထည်းက သင်္ဘောကျင်းနဲ့ သင်္ဘောအပ်နှံသူကြားထဲမှာ ရှိရမယ့် မရှိမဖြစ် သဘောတူညီမှု့တွေ။  သင်္ဘောစဆောက်တာနဲ့ ဒီသဘောတူညီမှု့အတိုင်း တည်ဆောက်မှု့ အဆင့်အဆင့်ရဲ့ အဆင့်တိုင်းကို သွားရမှာ။  အဆင့်တိုင်းရဲ့ တည်ဆောက်မှု့တွေကို Classification society က သူ့ကြည့်ရမယ့် အပိုင်းကို လိုက်ကြည့်၊ owner ကတော့ အကုန်လုံးလိုလိုကို လိုက်ကြည့်။  သံပြားဖြတ်တာကစလို့၊ သံပြားတွေ ဂဟေဆော်ဆက်၊ သင်္ဘောပုံစံပေါ်၊ ပန်ကာတွေ ဆင်၊ အင်ဂျင်တွေထိုင်၊ လျှပ်စစ်ကြိုးသွယ်… ဘာညာ အကုန်လုံးဆိုပါတော့လေ။  ဒီတော့ သင်္ဘောကျင်းဆိုတာကလည်း မ တစ်ရာ သားသမီးတွေကို အုပ်ချုပ်ရတဲ့ အဖွဲ့အစည်း၊ ဒီကြားထဲမှာ Management က ဖွတ်ဖြစ်နေရင် ဒီ မ တစ်ရာ သားသမီးတွေက သင်္ဘောကို လုပ်ချင်တိုင်း လုပ်ကုန်ကြရော။  ဒါကိုမှ သင်္ဘောကျင်းက မထိန်းနိုင်ရင် ပြဿနာတွေက အဲ့ဒီ မတစ်ရာ သားသမီး လူတွေမှာ မဟုတ်တော့ပဲ သင်္ဘောကိုယ်တိုင်က ပြဿနာ အတုံးလိုက်ကြီး ဖြစ်သွားရော။  အဲ့ဒီတော့ စောစောက သင်္ဘောတူညီချက်တွေ အတိုင်း စစ်ဆေးတဲ့ အခါကျတော့ ပြဿနာက စသပေါ့လေ။
သင်္ဘောကျင်းတွေရဲ့ C သုံးလုံး ဥပဒေက Convince, Confuse and Cheat။ သင်္ဘောကျင်းတွေရဲ့ပထမဆုံး tactic C က convince။  စောစောက ပြောခဲ့တဲ့ Contract, specification, ITP, Yard Standard စတာတွေနဲ့ မညီတဲ့ quality issue တွေအကုန်လုံးနဲ့ပါတ်သတ်ပြီးတော့ သူတို့က convince (ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ဖြစ်သင့်တယ်၊ ပြင်ပေးမယ်၊) ဒါမျိုးလေးတွေနဲ့  စသပေါ့လေ၊ လုပ်တာက တစ်မျိုး မလုပ်တာက တစ်မျိုး.. မနက်ဖြန်များစွာရှိတယ် ဆိုတဲ့ ဒိုးလုံး သီချင်းလိုမျိုး မနက်ဖြန်တွေကို ရွှေ့ရင်း ရွှေ့ရင်းနဲ့  ပြဿနာလေးတွေ ပုံပုံလာပြီး ပြဿနာပုံ တော်တော်ကြီးလာ။  အဲ့.. နောက် နဲနဲ ပိုပြီး ပြဿနာကြီးလာရင်တော့ Confuse stage ကိုရောက်ရော။  ဒီအဆင့်ကျရင်တော့ သင်္ဘောကျင်းတွေက ငြင်းမယ်၊ေ၀၀ါးအောင်လုပ်မယ်၊ လမ်းကြောင်းပြောင်းမယ်၊ အပေးအယူတွေလာမယ်၊ စသည်အားဖြင့် ပြဿနာတွေကို ဖြေရှင်းမယ်။  ဒီအဆင့်မှာလည်း ဘယ်လိုမှ လုပ်မရတော့ဘူးဆိုရင်တော့ Cheat အဆင့်ကို ရောက်သွားပြီ။  Cheating ဆိုရင်တော့ ဒါဟာ သင်္ဘောရဲ့ quality ကို တိုက်ရိုက်ကို ထိတော့တာ။  ခိုးလုပ်မယ်၊ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ နွားမ ရွှံပိတ်လုပ်တော့မယ်။  ဒီလိုနဲ့ C သုံးလုံးက စတယ်။ 
Monday, September 17, 2012
ဂူဂဲလ်ရဲ့ ဂူဂဲလ် မျက်မှန်
             သိပ္ပံကားတွေထဲမှာ မျက်မှန်တစ်လက်ထဲမှာ မက်ဆေ့ခ်ျရိုက်၊ သတင်းအချက်အလက်တွေ ပြ၊ ဖုန်းခေါ် ဒါတွေကို တွေ့ဖူးမှာပေါ့။  ခုတော့ အပြင်မှာ နောက်နှစ်လောက်ဆိုရင် မြင်ရနိုင်ဖွယ်ရှိလာပါပြီ။  Google ကတော့ သူ့ရဲ့ proto type ဂူဂဲလ်မျက်မှန်ကို အိုင်ဖုန်း ၅ မထုတ်ခင် တစ်ရက်က ဖက်ရှင်ရှိုးတစ်ခုမှာ ထုတ်ပြသွားပါတယ်။  ဒီ မျက်မှန်မှာ ဘာပါမလဲ?  မျက်မှန်ကိုင်းထဲမှာ memory, processor, camera, speaker and micro phone, bluetooth and wi-fi antenna စတာတွေ ပါဝင်ပါမတဲ့။  မျက်မှန်ရဲ့ ညာဘက်ထောင့်အပေါ်နားလေးမှာ screen သေးသေးလေးပါဝင်ပါတယ်။ ဒီမျက်မှန် တပ်ထားလိုက်ရင် cellular radio ကနေတစ်ဆင့် အွန်လိုင်းချိတ်ပြီးရင် wireless နဲ့ ကိုယ့်ရဲ့ဖုန်းကိုချိတ်၊ ဒီလိုဆိုရင် ဟန်းဖုန်းတွေလိုပဲ ဖုန်းဆက်လို့ရမယ်၊ မက်ဆေ့ခ်ျပို့လို့ရမယ်၊ GPS နဲ့သွားချင်တဲ့ နေရာကို ရှာလို့ရမယ်၊ ဓာတ်ပုံရိုက်ပြီးတော့ ချက်ချင်း Google+ မှာ ရှဲလို့ရမယ်၊ face to face video call ပါမယ်။  ဒီတော့ မျက်မှန်တစ်လက်တပ်လိုက်ရင် ကွန်ပျူတာ အသေးလေးတစ်လုံး ကိုယ့်ရှေ့ရောက်နေသလိုပဲ…. ဘာခလုပ်မှ နှိပ်စရာမလို၊ voice command အသံနဲ့ ထိန်း။  ဟုတ်တော့ ဟုတ်နေတာပဲ။  ဟောဒီက YouTube Video မှာ ဒီမျက်မှန် ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကြည့်နိုင်ပါတယ်။
Thursday, September 13, 2012
အိုင်… အိုင်… အိုင်….
          ဒီပြဿနာစတာက ဟိုလူကြီး ကမောင်သန့် ကနေ စတာ။  စဆို သူက ပိုစ့် ၃ ပိုစ့်နဲ့ ဆွလိုက်တာ.. အတိတ်နမိတ်ပေးတာကတစ်မျိုး  စင်ကာပူ မပါဘူးဆိုတာက တစ်ဖုံတစ်ကယ်ထွက်ပြီဆိုတာကတစ်မျိုး အမျိုးမျိုးဆွတော့ လူလည်း ကြည့်ချင်လိုက်တာမှ တစ်ပိုင်းကို သေလို့။  ဟော နောက်ဆုံး တစ်ကယ်ထွက်ပြီဆိုတဲ့ ပိုစ့်လဲရောက်ရော အိုင် ဆီကို တန်းနေအောင်ပြေးတာ။  ဒီလူတွေ ကြော်ငြာကောင်းချက်ကတော့ 9 လောက်ရှိတယ်။  အီးကုန်စက္ကူကြော်ငြာရင်တောင်မှ we never done this before တို့၊ the best we ever made တို့လိုမျိုး စာလုံးတွေနဲ့တင် လူမှာ သေလောက်တယ်။  ကမ္ဘာ့အကောင်းဆုံး အီးကုန်းစက္ကူကိုရဖို့ အကောင်းဆုံး မြေဆီမြေနှစ် မြေသြဇာတွေကို ဘယ်နိုင်ငံကမှာယူပြီးတော့၊ ၀ါးတွေ အရည်အသွေးကောင်းဆုံးရအောင် အပူချိန်၊ မိုးရေ ကိုဘယ်လိုထိန်းသိမ်းပြီး ၀ါးကို စိုက်ပျိုး၊ နောက်ဆုံးပေါ်စက်ကြီးတွေနဲ့ ကြိတ်လို့ စက္ကူနဲ့ အရေပြားနဲ့ ထိတွေ့တဲ့နေရာမှာ ဘယ်အရာမှ မယှဉ်သာအောင် ကွာလတီက ဟောဒီလိုကောင်းတော့၊ ဟောဒီ အီကုန်းစက္ကူကို သုံးလိုက်ရင် အိမ်သာတက်ရင်း နတ်ပြည်ရောက်သလို ခံစားရမယ်ဆိုပြီးတော့ စီအီအိုသုံးယောက် အဖြူရောင် နောက်ခံကြီးနဲ့ ၀ါးပင်တွေ တစ်မျိုးပြလိုက်၊ ၀ါးကြိတ်တာတစ်မျိုးပြလိုက်၊ အီးကုန်စက္ကူ ပါကင်လှလှတွေ တစ်မျိုးပြလိုက်နဲ့ ပတွတ် ပတွတ်ပြောလိုက်ရင် တစ်သက်လုံး ထရံချိုး အီးကုန်းလာတဲ့လူတွေတောင် သူတို့ဆီမှာ တန်းဆီပြီးဝယ်ရလောက်တယ်။
          ခုလည်း ကိုယ်ကိုင်ထားတဲ့ ဖုန်းကို ကြည့်လိုက် သူတို့ရဲ့ အိုင်ဖုန်းဖိုက် ကြော်ငြာကြီးကို ကြည့်လိုက်နဲ့… ဟယ်.. ဖုန်းလေးက ပါးပါးလေးပဲ… အင်း ၇.၆ မီလီမီတာပဲ ထူးသကိုး။ ရှည်မျောမျောလေးနဲ့ လှထှာ။  သြော်… ရက်တီနာ ဒစ်စပလေးတဲ့.. အင်း ကောင်းလိုက်တာ ကြည်လင်ပြတ်လားလိုက်တာ… ဟင်.. ငါ့ဖုန်းကြီးနဲ့ ကွာပ။  ဘာလဲ.. ပန်နိုရားမားဟုတ်လား.. အော်.. ဓာတ်ပုံတွေကို မြင်ကွင်းအကျယ်လိုက်ကြီး ရိုက်လို့သတဲ့.. ဟင့် ငါဖုန်းမှာလဲ အဲ့သလိုဟာမျိုး မချိပါလား။  ဒီလို ပန်နိုရားမားနဲ့ဆိုရင် မြန်မာပြည်က ရှိရှိသမျှ နာမည်ကြီးမော်ဒယ်တွေကို တန်းစီခိုင်းပြီး အတန်းလိုက်ကြီး ဆွဲရိုက်ပစ်လိုက်လို့ရတယ် ရှယ်ပဲ.. ရှယ်ပဲ။  အို.. ပန်းသီးက အင်ဂျင်နီယာတွေထွင်လိုက်တဲ့ နားကျပ်ကိုများ နားထဲထိုးထည့်လိုက်ရင် လောကစည်းစိမ်… ဇိမ္ဘဲ.. ဇိမ္ဘဲ။  ဘာ.. A6 ပရောဆက်ဆာက သိပ်မြန်သတဲ့။  ငါ့ဖုန်းကတော့ ဟန်းလိုက်တာ (ဂိမ်းတွေ စုပြုံထည့်ထားတာကိုတော့ မပြောနဲ့) ခွေးအကြီး လှည်းနင်းနေသလိုပဲ။  အမယ်… ဘလူးတုနဲ့ ဖိုးဂျီဝိုင်ယာလက်ဆိုတဲ့ ဟာကြီးက ဒေတာ ထရန်စဖားမှာ ရှလွတ်.. ရှလွတ်နဲ့ သိပ်မြန်တာပဲတဲ့။  ငါ့ဖုန်းကတော့ လှည်းအိုကြီးကို နွားအိုကြီး နှစ်ကောင်ဆွဲလို့၊ လမ်းမှာ ဂျမ်းဖြစ်နေတာထက်တောင် ကွန်နက်ရှင်ဆိုးသေးတယ်။  ဆမ်ဆောင်း ဂလက်ဆီ သရီးကလည်း “လူတွေအတွက် ဒီဇိုင်းထုတ်ထားတယ်”ဆိုပြီး ကြော်ငြာပြန်တော့ သြော်.. ၀ယ်မသုံးမိတဲ့ ငါ့မှာ လူရော ဟုတ်မှ ဟုတ်သေးရဲ့လားလို့ နားရွက်ပြန်ကိုင်ကြည့်၊  ဂျိုပေါက်မပေါက် ကိုယ့်ခေါင်း ကိုယ်ပြန် စမ်းကြည့်ရသေးတယ်။  ခုလည်း 4G ဆိုတဲ့ဟာကြီးက အိုင်ဖုန်း ဖိုက်မှာ ပါလာပြန်ပြီ။  ဘယ်သူက ဘယ်သူဟာကို ခိုးမှန်းတော့မသိ။  ပြီးရင် သူတို့ပဲ အုန်းအုန်းထ တစ်ယောက်နဲ့ တစ်ယောက် တရားစွဲဦးမယ်။ ကြားထဲမှာ ထွက်သမျှဖုန်းတွေကြည့် သွားရေ တောက်တောက်ကျ။   သူတို့ကြော်ငြာသမျှလိုက်ကြည့်ပြီးတော့.. တော်တော်ဒူတဲ့ ငါဖုန်းပါလား ဆိုပြီး လွှတ်ပစ်ချင်စိတ်တောင်ပေါက်လာပြီ။
Wednesday, September 12, 2012
လေ့လာမှတ်သား သူတို့စကား
ခံယူချက်ဆိုတာက တစ်ကယ်တော့ ခပ်သေးသေးအရာတစ်ခု... ဒါပေမယ့် အများကြီးပြောင်းလဲနိုင်တယ်..
Tuesday, September 11, 2012
အာဘွား…
          “ရေမြေခြားသွားရတော့… မင်းလေးကို ထားခဲ့ရပြီပေါ့… မျက်ကွယ်ရာမှာ ကိုစိတ်ချပါရစေ….”  တစ်နယ်စီဝေး၊ အလွမ်းတွေဝေ၊ ချစ်သူတွေဘ၀ မတွေ့ရလို့လွမ်း ချစ်အနမ်းလေးတွေ ဝေးနေတဲ့ ချစ်သူများတွေကတော့ ဂျီတော့၊ ဗီဇက်အို၊ စကိုက်ပီ၊ ဖဘ တို့စတဲ့ အွန်လိုင်းပေါ်မှာပဲ အလွမ်းဖြေရတာပေါ့။  အခုတော့ တစ်မူထူးလို့ အသစ်တစ်မျိုး ထပ်ပေါ်လာပါပြီ။ အဲ့ဒါကတော့ “Kissenger” ပါတဲ့။  ချစ်သူတွေအွန်လိုင်းကနေ တစ်ဦးနဲ့ တစ်ဦး အနမ်းတွေ ချွေနိုင်မယ့် စက်ကလေးပါတဲ့။  ဒီစက်မှာပါတဲ့ sensor က တစ်ဖက်က ချစ်သူရဲ့ အနမ်းခြွေလိုက်တဲ့အခါမှာ နှုတ်ခမ်းရဲ့ ဖိအားအတိုင်း တစ်ဖက်ကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါသတဲ့။  အဲ…. ရည်းစားမရှိတဲ့ လူပျိုကြီးများဒါလေးကို ဖတ်မိလို့ အားငယ်မသွားပါနဲ့ဦး....  နမ်းစရာချစ်သူမရှိရင်.. အဲ့ဒီစက်ကလေးမှာ ကွန်ပျူတာနဲ့ နမ်းလို့ရအောင်လည်း ဖန်တီးပေးထားပါသေးတယ်လို့ အနမ်းခြွေတဲ့ စက်ထုတ်လုပ်တဲ့ ထုတ်လုပ်တဲ့ Lovotics ကုမ္ပဏီက ဆိုထားပါသေးသဗျား။  ကဲ စက်ကလေး ဘယ်လို အလုပ်လုပ်သလဲဆိုတာကို YouTube ကနေကြည့်နိုင်ပါသဗျား။
Monday, September 10, 2012
ကြက်ဥနီနီ၊ ချောကလက် နှင့် ဂျင်း
          ဒီနေ့ ဗူးလေးတစ်ဗူး လက်ဆောင်ရတယ်။  ဘာလဲလို့မေးလိုက်တော့ သားလေးမွေးလို့တဲ့။  သားဦးမွေးလို့ မင်္ဂလာသတင်းပါးရင်း လက်ဆောင်လာပေးတာပါတဲ့။  ဖွင့်ကြည့်လိုက်တော့ ကြက်ဥနှစ်လုံး ထွက်လာတယ်။  ချောကလက် နှစ်ခုထွက်လာတယ်။  ဘေးနားက တရုတ်ကို ရှင်းပြခိုင်းတော့မှ သူတို့ ဓလေ့မှာ ရင်သွေးရတနာ မွေးဖွားသန့်စင်ရင် သူငယ်ချင်း မိတ်ဆွေတွေကို ကြက်ဥဝေပါသတဲ့။  ချောကလက်ကရောဆိုတော့ ချောကလက်က ယောက်ျားလေးမွေးရင် ထည့်ပေးပြီးတော့ မိန်းကလေးဆိုရင်တော့ ချောကလက် မထည့်ပါဘူးတဲ့။  ဒီလိုနဲ့ အင်တာနက်မှာရှာကြည့်လိုက်တော့ ကြက်ဥနီနီနဲ့ ဂျင်းအကြောင်းသွားတွေ့တယ်။  ကလေး တစ်လပြည့်တာနဲ့ ကြက်ဥနီနဲ့ ဂျင်းပွဲတော်လုပ်ပါသေးသတဲ့။  ကြက်ဥနီနီမှာ အနီရောင်ကတော့ ပျော်ရွှင်မှု့ကို ကိုယ်စားပြုပြီးတော့ ကြက်ဥကတော့ အဟာရဖြစ်စေဖို့၊ ကျန်းမာသန်စွမ်းဖို့ စသည် စသည် သဘောအားဖြင့် ကျွေးပါသတဲ့။  အင်း ကလေးမကျွေးပဲ ဘယ့်နှယ် လာတဲ့လူတွေ ကျွေးနေသလဲတော့ မသိ။  မည်သို့ပင်ဆိုစေ ကြက်ဥနှစ်လုံးကတော့ သောင်တင်နေသည်။  အရင်တုန်းကတော့ ကြက်ဥကို ဆိုးဆေးအနီသုတ်ပြီး ပြုတ်သည်ဟုဆိုသည်။  ခုတော့ ကြက်ဥက ဘာရောင်မှန်းမသိ။  မင်္ဂလာသတင်းအတွက်စားရင်း ဘယ်နှစ်ဘယ်ကာလကထဲက ပါကင်ထုတ်ထားမှန်းမသိတဲ့ ကြက်ဥကို စားမိပြီး အမင်္ဂလာဖြစ်သွားမှာစိုးလို့ ရဲရဲ မစားရဲ။  စားရင်ကောင်းမလား၊ လွှတ်ပစ်ရင်ကောင်းမလား စဉ်းစားနေတုန်း…..  
Sunday, September 9, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၃
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏    
Just do it ဆိုတော့ Just do it လိုက်တာပေါ့
Saturday, September 8, 2012
ယုံချင်ယုံ မယုံချင်နေ ရှန်ဟိုင်း ဖုန်းရွှေပုံပြင်များ ၁
          ရှန်ဟိုင်းဆိုတာကလည်း လူတွေ အုန်းအုန်းထ၊ ကားတွေ အုန်းအုန်းထပြီးတော့ မိုးပျံလမ်းမတွေ ရှုပ်ယှက်ခက်နေတဲ့ မြို့။  ဟိုးတစ်ရက်တုန်းက ရှန်ဟိုင်းရဲ့ The Bun ကအပြန်မှာ ချန်ဒူးလမ်းနဲ့ ရန်အမ်းလမ်းအဆုံနားက မိုးပျံလမ်းရဲ့ ထောက်တိုင်ကြီးတစ်လုံးက အခြားတိုင်တွေနဲ့ မတူပဲနဲ့ ထူးထူးခြားခြား နဂါးရုပ်တွေဘာတွေနဲ့ ကျကျနန လုပ်ထားတာကို သွားတွေ့မိတော့ ဒရိုင်ဘာကို မေးမိတယ်။  ဒါပေမယ့် ဒီတိုင်က အလှအတွက် လူမြင်အောင် လုပ်ထားတာလဲမဟုတ်၊ တစ်ခြားတိုင်တွေလိုပဲ။  နဂါးရုပ်တွေရှိနေတာတစ်ခုပဲ ထူးခြားတာ။  ဒီလိုနဲ့ ဒရိုင်ဘာပြောတဲ့ ပုံပြင်လေးရယ်၊ အင်တာနက်မှာ လျှောက်ရှာကြည့်မိတာလေးရယ်ကို ပြန်ရေးဖြစ်လိုက်တယ်။
Thursday, September 6, 2012
ချစ်သဲ surprise ဖြစ်အောင်အလုပ်ကောင်းတာ ကံကောင်းလို့ မသေတဲ့ ငနဲ
          ချစ်သူကို surprise ဖြစ်အောင်လုပ်ချင်တဲ့ လူတွေအများကြီးပေါ့။  ကိုယ့်ချစ်က ကိုယ်ပေးတဲ့ လက်ဆောင်ဗူးလေးကို ဖွင့်လိုက်ရင် အရမ်းကို ကြည်နူးပြီးတော့ ပျော်ရွှင်သွားတဲ့ပုံလေးကို ချစ်သူတိုင်း မြင်ချင်ကြတာပေါ့။  တရုတ်နိုင်ငံက ငနဲတစ်ယောက်ကတော့ သူ့ချစ်သူ အံအားသင့်စေဖို့ဆိုပြီးတော့ သူကိုယ်တိုင် သူ့ချစ်သူကို ပေးဖို့ဝယ်ထားတဲ့ အရုပ်ကလေးနဲ့ အတူစက္ကူပုံးထဲကို ၀င်ပြီးတော့ ချစ်သူဆီကို လက်ဆောင်ပုံး ပို့လိုက်ပါသတဲ့။  ပုံးကလည်း သူ့ရဲ့ ချစ်သူ ကောင်မလေးရဲ့ ရုံးဆီကိုရောက်ပါတယ်။  ပုံးကိုဖွင့်လိုက်တော့ ကိုယ်တော်ချောက အောက်ဆီဂျင်ပြတ်ပြီးတော့ သတိမေ့နေပါလေရောတဲ့။ 
          ကိုယ်တော်ချောက ပြည်တွင်းချောပို့လုပ်ငန်းတစ်ခုကို သူ့ချစ်သူဆီကို ပုံးတစ်ခုပို့ချင်တယ်ဆိုပြီးတော့ ပုံးလာယူမယ့်လူ မလာခင်မှာ ပုံးထဲကိုဝင်၊ သူ့အိမ်က သူငယ်ချင်းက ပုံးကို တိပ်တွေဘာတွေနဲ့ အကျအနပိတ်၊ ဟိုရောက်ရင် ပုံးထဲကထွက်၊ ချစ်သူကို အရုပ်ကလေး ပေးမယ်ဆိုပြီးတော့ စီစဉ်တာပါ။  ဒါပေမယ့် ဒီလောက်ကျဉ်းတဲ့ လေလုံပုံးထဲမှာ ကိုယ်တော်ချော သတိမေ့ပြီးတော့ လောကကြီးနဲ့ အဆက်ပြတ်သွားပါတယ်။  ကံကောင်းတာတစ်ခုကတော့ သူ့ကောင်မလေးပုံးဖွင့်ပြီးတော့ မကြာခင်မှာပဲ ငနဲက သတိပြန်လည်သွားပါတယ်တဲ့။  အင်း… ချစ်တာလည်းချစ်ပေါ့လေ…. အရူးအမူးချစ်တယ်ဆိုဆို၊ ဒီလိုနေရာတွေမှာတော့ နှလုံးသားရေးကို ဦးနှောက်လေးနဲ့ နဲနဲလေး စဉ်းစားဖို့လိုမယ်လို့ထင်ပါတယ်။ 
99Counters new embed code
ဒီနေ့ ကြည့်လိုက်တော့ ဘလော့ဂ်မှာ ကျွန်တော်ထည့်ထားတဲ့ 99counters ဆိုတဲ့ traffic counter မှာ upgraded လုပ်ထားပါကြောင်း၊  embed code အသစ်ကို သူ့ဆိုဒ်မှာ သွားယူပါဆိုတဲ့ ဟာပေါ်လာရော။
ကြိုးနီနီနှင့် ငှက်ကလေးများ
          ဖဘ မှာတွေ့တဲ့ ဒီဓာတ်ပုံလေးကြည့်ပြီးတော့ ရေးချင်စိတ်ပေါက်လာတော့ ရေးချလိုက်မိတယ်။  ကျွန်တော်ထင်တာ ကျွန်တော်ကြိုက်တာ ကျွန်တော်ဟာ ကျွန်တော်ရေးတော့ မှန်ချင်မှလည်း မှန်ပေလိမ့်မပေါ့။  လူတိုင်း ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲကို။  ဒါပေမယ့်လည်း ရေးချင်လာတော့ မတတ်နိုင် ရေးမိသည်။  ပထမ အချက်က ကြိုးနီနီလေးများအကြောင်းကို ရေးချင်မိသည်။  ကျွန်တော့်အလုပ်နဲ့ပါတ်သတ်ပြီး လျှောက်သွားဖြစ်သည်။  ရောက်တဲ့နိုင်ငံတွေမှာ တွေ့တာလေးတွေ မြင်တာလေးတွေ ကြည့်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ ယှဉ်ကြည့်ဖြစ်သည်။  ဘာတွေ တွေ့လည်းဆိုတော့ ကြိုးနီနီလေးတွေ တွေ့သည်။  ဘာကြောင့် ကြိုးနီနေတုန်းလဲ၊  ကြိုးနီတွေ အရမ်းတင်းနေလဲ ဆိုတာကို တွေးဖြစ်သည်။  ကြိုးနီဆိုတာ ဗဟိုမှ ချုပ်ကိုင်မှု့အရမ်းတင်းလွန်းတဲ့ နိုင်ငံတွေဖြစ်သည်။  အရာရာကို ချုပ်ကိုင်သည်။  ဗဟိုကနေပြီးတော့ ၀န်ကြီးဋ္ဌာတွေပေါ် ချုပ်ကိုင်မှု့ အရမ်းတင်းသည်။  ၀န်ကြီးဋ္ဌာနတွေအားလုံးကနေပြီးတော့ ဋ္ဌာနခွဲအသေးလေးတွေအပေါ်မှာ ချုပ်ကိုင်လွန်းအားကြီးသည်။  ဋ္ဌာနခွဲလေးတွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှမရှိတော့။  သူတို့အစိုးရက စိုးရိမ်သည်။  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ပြည်သူတွေကို ၀ါးသွားမှာ၊ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ လုပ်ပိုင်ခွင့်တွေ  လျှော့လာမှာ စိုးရိမ်သည်။  ဒါပေမယ့် ပြည်တွင်းမှာ ဘာတွေထုတ်နေလဲ ဆိုတာကို နံပါတ်တစ် စဉ်းစားစရာဖြစ်သည်။  ကိုယ့်နိုင်ငံက ကားထုတ်လား၊ မော်တော်ဆိုင်ကယ်ထုတ်လား၊ သင်္ဘောတွေ အများကြီးဆောက်နေလား၊ စက်မှု့လုပ်ငန်းနဲ့ပါတ်သတ်တဲ့ အစိတ်အပိုင်းပစ္စည်းတွေထုတ်နေလား၊ ဒါတွေကို ပြည်ပကို တင်ပို့ရောင်းချနေလား?  စိုက်ပျိုးရေး မွေးမြူရေးနဲ့ ပါတ်သတ်တဲ့ ထုတ်ကုန်တွေကို နိုင်ငံတစ်ကာ အဆင့်မှီ အရည်သွေးပြည့် ဒေါင်ဒေါင်မည်နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက ထုတ်လုပ်တင်ပို့နေတာလား၊ ပြည်တွင်းကို ဖြန့်ဖြူးနေတာလား၊  ဒါမှမဟုတ် ပြန်ဖန်တီးယူလို့မရတော့တဲ့ သယံဇာတတွေကို ထုတ်ရောင်းနေတာလား?  စသည် စသည်။
  ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားက ငွေလုံးငွေရင်းဝင်ရောက်ခြယ်လှယ်နိုင်တဲ့ ရေလုပ်ငန်းလို၊ သစ်လုပ်ငန်းလိုမျိုး နေရာတွေမှာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ငဲ့ရမည်။  သို့ပေမယ့် ခရိုနီတွေကိုပဲ ဇောင်းပေးထားတဲ့ ဥပဒေမျိုးကိုတော့ မဆိုလို။  ခရိုနီတွေက ရေနံ၊ သစ် စတဲ့ သဘာဝ သယံဇာတတွေအပေါ်မှာ ထိုင်ပြီးတော့ အဆီရစ်နေတာမျိုးကို ဒီတိုင်းကြည့်မနေသင့်။  သူတို့မှာ စုဆောင်းမိလာတဲ့ ငွေပင်ငွေရင်းတွေကို ကျစ်ယူပြီးတော့ စက်မှု့နဲ့ ကုန်စည်ပို့ဆောင်မှု့အတွက် လိုအပ်တဲ့ infrastructure တွေဆီကို ရွှေ့ပြောင်းပစ်ရမည်၊ ဒီ infrastructure တွေကို Public listed အသွင်ပြောင်းပြီး ခရိုနီတွေလက်ထဲကနေ Share အသွင်နဲ့ ပြည်သူတွေပါ ပူးတွဲပိုင်ဆိုင်လာအောင် ဖြည်းဖြည်းချင်းပြောင်းယူရမည်။  ဒီလိုနှင့် ခရိုနီတွေရဲ့ ပြည်တွင်း လက်ဝါးကြီးအုပ်မှု့ကို အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တွေအတွက် ပါအခွင့်အရေးရလာအောင် တဖြည်းဖြည်းချင်း လွှဲပေးနိုင်မည့် အစိုးရကို လိုအပ်သည်။  ဒီအတွက် ဥပဒေကလည်း မားမားမတ်မတ်၊ တိတိကျကျ ရပ်တည်ရမည်။  ဒီတော့မှ နိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် နေရာထိုင်ခင်းရလာမည်။ နိုင်ငံထုတ်ကုန်များလာပြီးတော့ စီးပွားရေး ဦးမော့လာမည်။ စက်မှု့လုပ်ငန်း၊ နည်းပညာနဲ့ ပါတ်သတ်တဲ့ လုပ်ငန်းတွေမှာတော့ ကိုယ့်မှာ လူ့အရင်းအမြစ်၊ ပညာအရင်းအမြစ်မလုံလောက်လျှင် ရင်းနှီးမြှုပ်နှံသူများကို ခေါ်သွင်းရမည်။  ပြည်သူတွေအတွက် အလုပ်ဖန်တီးပေးဖို့လိုသည်၊ ၀င်ငွေရရှိဖို့လိုသည်။  ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာရင် မဖြစ်မနေ ပြင်ဖို့လိုအပ်တာက သွင်းကုန်၊ ထုတ်ကုန်နှင့် အကောက်ခွန်စနစ်က အဓိကဖြစ်သည်။  ခက်သည်က ကြိုးနီက တင်းလွန်းသည်၊ ဒါပေမယ့် ကြိုးနီနီမှာ ခြတွေက အဖွေးသား။  ဒီလိုဆိုလျှင် တစ်ခြားနိုင်ငံကရော၊ ပြည်တွင်းကပါ ရင်းနှီးမြှုပ်နှံမည်သူတွေ အတွက်အတော့်ကို ကသိ ကအောက်ရောက်မည့် ကိစ္စ။  ထုတ်ကုန်လေးတစ်ခု နိုင်ငံထဲက ထွက်ဖို့အတွက် ခြတွေကို ကျွေးလိုက်မွေးလိုက်၊ လိုတဲ့ ပစ္စည်းလေးမှာဖို့အတွက် ခြတွေကို ကျွေးလိုက်မွေးလိုက်နဲ့ဆိုလျှင် လုပ်ငန်းဘယ်တော့မှ မတွင်၊  ကုန်စည်ရဲ့ အ၀င်၊အထွက် စီးကြောင်းက ဥပဒေအတိုင်းမသွားပဲ ခြတွေရဲ့ လက်ထဲမှာ Bottle Neck ဖြစ်ကုန်တော့မည်။  အင်ဒိုမှာလည်း ဒါမျိုးတွေက ရှိနေတုန်း။  ဒီတော့ လာတော့ လာချင်ပါရဲ့၊ ရင်းနှီးမြှုပ်နှံချင်ပါရဲ့၊   သို့ပေမယ့် ကြိုးနီနီနဲ့ ခြကြောက်တယ်ဆိုတယ် သံသရာ တစ်ပတ်ပြန်လည်လိမ့်မည်။  ခံရမည်မှာ အောက်ခြေ ပြည်သူများသာဖြစ်သည်။ 
Wednesday, September 5, 2012
ငါးတစ်ကောင်ကို ယွမ် ၃သန်းနဲ့ ပွပေါက်တိုးသွားတဲ့ တံငါသည်
          ငါးတစ်ကောင်ကို ဘယ်လောက်ဈေးရမယ်ထင်ပါသလဲ?  တရုတ်နိုင်ငံက တံငါသည်တစ်ယောက်ကတော့ Chinese Bahaba လို့ခေါ်တဲ့ ဧရာမ အ၀ါရောင်း ငါးပုတ်သင်ကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။  ဒီ ငါးပုတ်သင်ကြီးကို လေလံတင်ပြီးရောင်းလိုက်တာ ယွမ် ၃ သန်းကျော်တောင် ရလိုက်ပါသတဲ့။  မြန်မာငွေနဲ့ တွက်လိုရင် သိန်း ၄ထောင်ကျော်လောက်ရှိမှာပါ။  ဒီတရုတ် ငါးပုတ်သင် ငါးကြီးတွေဟာ ၆ ပေ ၇ လက်မအထိ ကြီးနိုင်ပြီးတော့ ပေါင် ၂၂၀လောက်အထိ အလေးချိန်စီးပါတယ်။  ဈေးကြီးရတဲ့ အကြောင်းကတော့ ဒီငါးတွေရဲ့ swim bladder လို့ခေါ်တဲ့ ငါးဆီဖောင်းဟာ နှလုံးနဲ့ အဆုတ်ရောဂါတွေအတွက် ဆေးဖော်ရာမှာ အလွန့်ကို အစွမ်းထက်တယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။  ဒါပေမယ့် ခုအချိန်မှာတော့ ဒီငါးတွေဟာ ယန်ဇီမြစ်ကနေပြီးတော့ ပုလဲမြစ်တစ်လျှောက် သဘာဝ ညစ်ညမ်းမှု့တွေကြောင့် မျိုးတုန်းလုဖြစ်နေပါပြီ။  ပြီးခဲ့တဲ့ ၂၀၁၀ မှာတုန်းကလည်း ဒီလိုငါးကြီးဖမ်းမိခဲ့ဖူးပြီးတော့ အဲ့ဒီတုန်းက ယွမ် ၃.၄၅ သန်းနဲ့ အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။  တရုတ်ပြည်ရောက်နေတုန်း သင်္ဘောမဆောက်ပဲနဲ့ ငါးလိုက်ဖမ်းရင်ကောင်းမလား စဉ်းစားရမလိုလိုတောင်ဖြစ်နေပြီ။
Source : (Link)
Photo : Alamy
Tuesday, September 4, 2012
ဘ၀ကို အရှုံးမပေး၊ လက်နှစ်ဖက်မရှိတဲ့ ပန်းချီပညာရှင်
          လူရယ်လို့ ဖြစ်လာရင်တော့ ဘ၀မှာ ပြည့်စုံမှု့ကို လိုလားတောင့် ကြတာပဲ။  ဒါပေမယ့် တစ်ခါတစ်လေကျတော့ မပြည့်စုံမှု့တွေကို ဘ၀ပေး အခြေအနေလို့ ခံယူပြီး အဲ့ဒီခံယူချက်ထဲက ရုန်းထွက်ဖို့ မကြိုးစားကြဘူး။  ဟွမ်ဂိုဖူ ဆိုတဲ့ ပန်းချီဆရာကတော့ သူ့အသက် ၄နှစ်သားမှာ လျှပ်စစ်ဓာတ်လိုက်ပြီးတော့ သူ့ရဲ့ လက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရတယ်။  ဒါပေမယ့် ဟွမ်ဟာ သူ့ဘ၀ကို အရှုံးမပေးခဲ့ပါဘူး။  လက်နှစ်ဖက်မရှိပေမယ့် သူ့ဘ၀ရဲ့ အိပ်မက်ဖြစ်တဲ့ ပန်းချီဆရာဖြစ်ဖို့ကို ဆက်လက်အသက်သွင်းခဲ့တယ်။  အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ သူဟာ ခြေထောက်နဲ့ ပန်းချီဆွဲနိုင်အောင် ကြိုးစားခဲ့တယ်။
          အသက် ၁၈ နှစ်မှာ ဟွမ့် အဖေရဲ့ ကျန်းမာရေးအခြေအနေဟာ အတော့်ကို ဆိုးဝါးခဲ့တယ်။  ဆယ်ကျော်သက်အရွယ် ဟွမ်ဟာ သူ့အဖေဆေးကုသမှု့အတွက် လိုအပ်တဲ့ ငွေကိုရအောင် သူ့ဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတယ်။  သူ့ပညာရေးကို ရပ်တန့်ခဲ့တယ်၊ မြို့တွေ တစ်မြို့ပြီး တစ်မြို့ကို လျှောက်သွားပြီးတော့ လမ်းဘေးမှာ ပန်းချီဆွဲပြီး လမ်းသွား လမ်းလာတွေကို သူ့ပန်းချီကားတွေ ရောင်းချလို့ ငွေရှာခဲ့ရတယ်။  ဒီလို ခရီးသွားလာရင်းနဲ့ သူဟာ ပါးစပ်မှာ စုပ်တံကိုကိုက်လို့ ပန်းချီဆွဲတတ်လာခဲ့တယ်။ 
          ခုတော့ ဟွမ်ဟာ အသက် ၄၁ နှစ်အရွယ်ရောက်နေပါပြီ။  သူဟာ ချုန်ချင်းပြတိုက်ရဲ့ လက်ထောက် ပြတိုက်မှုးတစ်ယောက်  ဖြစ်နေပါပြီ။  သူ့ရဲ့ လက်ရာမြောက်လှတဲ့ ပန်းချီကားတွေကို ပါးစပ်နဲရောက် ခြေထောက်နှင့်ပါ ရေးဆွဲပြီးတော့ နာမည်ကြီး ပန်းချီဆရာ တစ်ယောက်ဖြစ်နေပါပြီ။  သူ့ဟာ ပန်းချီပညာရပ်အနေနဲ့ရော၊ စိတ်ဓာတ်မြှင့်တင်ရေးအတွက်ပါ ဆုတံဆိပ်ပေါင်းမြောက်များစွာ လက်ခံရရှိခဲ့ပါတယ်။  ဒါ့အပြင် သူ့လိုမျိုး မသန်မစွမ်းလူငယ်လေးတွေကို ပန်းချီဆွဲတတ်လာအောင် မြေတောင်မြှောက်ပေးနေပါတယ်။
          “ဘ၀မှာ ခင်ဗျားတို့အတွက် တံခါးပေါက်တစ်ပေါက် ပိတ်နေတဲ့အခါ တစ်ချိန်ထဲမှာပဲ ခင်ဗျားတို့ဟာ တစ်ခြား တံခါးပေါက်တစ်ပေါက်ကို ဖွင့်လှစ်နိုင်ရမယ်။  တစ်ကယ်တော့ ဘ၀မှာ မတွန်းလှန်နိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူးဆိုတာကို မျိုးဆက်သစ်တွေကို ကျွန်တော်က သိစေချင်တာပါ။  အခက်အခဲဆိုတဲ့အရာကို ကျော်လွှားရမယ်၊ ဖြတ်သန်းရမယ်ဆိုတဲ ခံယူချက်ရှိရင် ဘ၀မှာ ဘာအခက်အခဲကိုမှ မှု့စရာမလိုပါဘူး” လို့ ဟွမ်က ဆိုပါတယ်။ 
Monday, September 3, 2012
လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့
          ကျွန်တော်ရဲ့ဘ၀ကို နောက်ပြန်ကြည့်လိုက်ရင် နောင်တကြီးကြီးမားမား ရစရာ အရာတွေတော့ သိပ်မရှိပါဘူး။  “ယောက်ျားတစ်ယောက်ကို ဘယ်လိုတိုင်းတာသလဲဆိုတာဟာ အလုပ်တစ်ခုကို  သူဘယ်လို ကောင်းကောင်း စတင်ခဲ့တယ်ဆိုတာ နဲ့ မဟုတ်ဘူး။  ဒါပေမယ့် သူဘယ်လို အဆုံးသတ်သလဲဆိုတာနဲ့ တိုင်းတာတယ်” ဆိုတဲ့ စကားလေးနဲ့ ကျွန်တော့် ဘ၀ကို တည်ဆောက်ခဲ့တယ်။ 
          ဒါပေမယ့် ကျွန်တော့် ဘ၀မှာ နောင်တရစရာ တစ်ခုတော့ရှိတယ်။  အဲ့ဒါဟာ ကျွန်တော့်ရဲ့ သရုပ်ဆောင်ဘ၀ကို အောင်မြင်စွာ အဆုံးမသတ်နိုင်ခဲ့တာပဲ။  ကျွန်တော် အောင်မြင်ဖို့ အခွင့်အလမ်းကောင်းတွေ ရခဲ့တယ်၊ အောင်မြင်ဖို့ နီးစပ်နေတဲ့ အချိန်မှာ ကျွန်တော် လက်မြှောက်ပြီး သရုပ်ဆောင်ဘ၀ကနေ ထွက်ခဲ့တာ။ 
          ၁၉၉၇ ခုနှစ်တုန်းကပေါ့ ကျွန်တော့် အသက်က ၂၀ ၀န်းကျင်။  အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းစခဲ့တယ်။  ကျွန်တော့်ဘ၀တစ်ခုလုံးကို သရုပ်ဆောင် လောကထဲကို မြှုပ်နှံခဲ့တယ်။  ကျွန်တော့်တိုင်းပြည်က အကောင်းဆုံး ကျောင်းမှာ ကျွန်တော်တက်ခဲ့တယ်။  ကျွန်တော့်မှာ အရမ်းကောင်းတဲ့ အေးဂျင့်ရှိတယ်။  ခင်ဗျားတို့ သိတဲ့ တီဗီ အစီအစဉ်တွေတိုင်းမှာ ကျွန်တော်ဟာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တယ်။ 
          ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သရုပ်ဆောင်လောကကို ကျောခိုင်းခဲ့တယ်။  ကျွန်တော် ငြင်းပယ်မှု့တွေကို မခံနိုင်ဘူး။  ကျွန်တော် တစ်စုံတစ်ရာကို စောင့်နေရတာမျိုး ဒါမှမဟုတ် ကျွန်တော့်ဘ၀ကြီးတစ်ခုလုံးကို တစ်ခြားလူတွေရဲ့ လက်ထဲမှာ ထည့်ထားရတာကို မကြိုက်ဘူး။  ဒါနဲ့ပဲ ကျွန်တော်ဟာ လက်မြှောက်အရှုံးပေးခဲ့တယ်၊ ကျောခိုင်းခဲ့တယ်။
          မှတ်မိသေးတယ် အဲ့ဒီနေ့က ကျွန်တော့်အေးဂျင့်ကို အဲ့ဒီအကြောင်းပြောတုန်းကပေါ့။  ကျွန်တော့် အေးဂျင့်ပါးစပ်ကြီးအဟောင်းသားဖြစ်သွားတာ အောက်မေးရိုးကြီး ကြမ်းပြင်နဲ့ ထိသွားတဲ့ အသံတောင် ကျွန်တော် ကြားမိသလားပဲ။  ကျွန်တော် ပေါက်တော့မယ်ဆိုတာကို ကျွန်တော့် အေးဂျင့်ကသိနေတယ်။  နာမည်ကြီး သရုပ်ဆောင်ဖြစ်လာဖို့ အချိန်လေးနည်းနည်းလောက်ပဲစောင့်ရတော့မယ် ဆိုတာကို သူသိနေတယ်။  ဒါပေမယ့် ကျွန်တော်ဟာ ကျွန်တော် စတင်ခဲ့တဲ့ အလုပ်တစ်ခုကို အဆုံးမသတ်ခဲ့ဘူး။
          ဒီအကြောင်းကို ကျွန်တော် ဘယ်သူ့ကိုမှ ပြောပြလေ့မရှိပေမယ့် အခုကျွန်တော် ခင်ဗျားတို့ကို ပြောပြဖြစ်တယ်။  ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ဘ၀မှာ နောက်ကြောင်းပြန်လှည့်ကြည်ရင် နောင်တဆိုတဲ့ အမိုးအောက်မှာ ပိတ်မိမနေစေချင်လို့။  ကျွန်တော် ခင်ဗျားတို့စတဲ့ အလုပ်တစ်ခုကို မပြီးဆုံးခင် လက်မြှောက်အရှုံးပေးလိုက်တာမျိုး မဖြစ်စေချင်ဘူး။  ခင်ဗျားမှာ ခုလုပ်နေတဲ့ အရာထက် ပိုပြီးတော့ကို ကြီးမားတဲ့ အိပ်မက်ရှိရှိ၊ ခင်ဗျားဘာပဲလုပ်လုပ် အလွယ်တကူနဲ့တော့ အရှုံးမပေးလိုက်ပါနဲ့။  အရှုံးပေးလိုက်ခြင်းဟာ တန်ဖိုးမရှိတဲ့ ရလဒ်တစ်ခုကိုပဲ ရလာမှာပါ။  နောက်တစ်ခုက အရှုံးပေးလိုက်ခြင်းကြောင့် တန်ဖိုးရှိတဲ့ အရာတစ်ခုကို လက်လွှတ်လိုက်ရတာပါ။ 
          တစ်ကယ်တော့ လူတိုင်းမှာ ဇွဲဆိုတဲ့ အရာကို လိုအပ်တယ်။  အလုပ်တစ်ခုကို စတင်တာထက် အလုပ်တစ်ခုကို ပြီးဆုံးအောင်လုပ်ဖို့ဇွဲဟာ ပိုခက်ခဲတယ်။
ပင်စင်ယူပါဦး
ခုရက်ပိုင်း နားထောင်ဖြစ်နေတဲ့ သီချင်းလေးပါ...... Lလွန်းဝါနဲ့ Lဆိုင်းဇီ  New version နဲ့ ပြန်ဆိုထားတဲ့ သီချင်းဟောင်းလေးပါ။
Sunday, September 2, 2012
Lamborghini ပြိုင်ကားကို ကိုယ်တိုင်လုပ်တဲ့ ကိုတရုတ်
          ဒေါ်လာ ၁သန်းခွဲလောက် ဈေးရှိတဲ့ လဘော်ဂီနီပြိုင်ကားမျိုး သင်စီးချင်သလား?  ဒေါ်လာတစ်သန်းခွဲမတတ်နိုင်ရင် ဘာလုပ်မလဲ? တရုတ်နိုင်ငံက အသက် ၂၈နှစ်ရှိတဲ့ ၀မ်ချန်ဆိုတဲ့ လူငယ်ကတော့ သူစီးချင်လှတဲ့ Lamborghini’s 2007 Reventon ကို ကိုယ်တိုင်လုပ်လိုက်ပါသတဲ့။   အဲ့ဒီ Lamborghini's 2007 Reventon ပြိုင်ကားဟာ ကမ္ဘာပေါ်မှာ ၂၁ စီးသာ ထုတ်လုပ်ထားတဲ့ ပြိုင်ကားဖြစ်ပါတယ်။  လောလောဆယ်မှာတော့ သူ့ရဲ့ ကိုယ်တိုင်လုပ် ပြိုင်ကားဟာ မီးခွက်တွေ မှန်တွေ မပြီးစီးသေးပေမယ့် မောင်းလို့တော့ ရနေပါပြီတဲ့။  တစ်နာရီကို ကီလိုမီတာ ၂၅၀ နှုန်းအထိပါ မောင်းလို့ ရပါသတဲ့။  “ကျွန်တော်ဟာ ငယ်ငယ်လေးကထဲက ပြိုင်ကားတွေ လိုချင်ခဲ့တာပါ” လို့ ၀မ်က ပြောသွားပါသေးတယ်။  “ခု အရွယ်ရောက်လာတော့ ကျွန်တော်လိုချင်တဲ့ ပြိုင်ကားကို ကိုယ်တိုင်ဆောက်ဖို့ စိတ်ကူးရပါတယ်။  ဒီလိုနဲ့ အချိန်ရော၊ အခွင့်အရေးပါရလာတဲ့ တစ်နေ့မှာ ကျွန်တော့် အိပ်မက်ထဲက ပြိုင်ကားကို ကိုယ်တိုင် ဆောက်လိုက်တာပါ” လို့ ပြောသွားပါသေးတယ်။  ကဲ… ဘာမှလာမပြောနဲ့ ပါးစပ်ကြီး ဟပြီး ထိုင်တောင် ငိုသွားမယ်…. 
Saturday, September 1, 2012
စင်ကာပူရဲ့ Lemon Law (သို့) သံပရာသီး ဥပဒေ
          စက်တင်ဘာလ စပြီ။  ယခုစက်တင်ဘာလ ၁ရက်နေ့မှာတော့  စင်ကာပူမှာတော့ Lemon Law လို့ခေါ်တဲ့ သံပရာသီး ဥပဒေ စတင်မှာဖြစ်ပါတယ်။  စင်ကာပူလွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် Lemon Law ဟာလည်း စင်ကာပူမှ အသက်ဝင်လာမှာပါ။  ဒီတော့ Lemon Law ဆိုတာဘာလဲပေါ့…. ကျွန်တော် သဘောပေါက်တာကတော့ သံပရာသီးဆိုတဲ့ Lemon ဟာ ချဉ်ပါတယ်။  ဒီတော့ Lemon Law ဆိုတာ အချဉ်ဥပဒေ လို့ ဘာသာပြန်ရမလိုပါပဲ။  ၀ယ်သူနဲ့ ရောင်းသူကြားမှာ အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို “သံပရာသီး - အချဉ်” လို့ ဒီဥပဒေထဲမှာခေါ်ပါတယ်။  မနေ့က ကုမ္ပဏီက အိုင်တီဋ္ဌာနက တစ်ယောက်က ဒါလေးကို ပို့လိုက်လို့ ဖတ်ကြည့်ပြီးတော့ ပိုစ့်တင်မယ်လို့ စိတ်ကူးပြီးတော့ တင်ဖြစ်လိုက်တာပါ။
          ဒီတော့ ဒီလိုမျိုး အချဉ်  ပစ္စည်းတွေကို ၀ယ်မိတဲ့ စားသုံးသူတွေအတွက် ရောင်းချသူတွေရဲ့ အချဉ်ဖမ်းတဲ့ ဒဏ်ကနေ ကာကွယ်ပေးမယ့် ဥပဒေ ဖြစ်ပါတယ်။  ဒီတော့ ၀ယ်သူက ၀ယ်လိုက်တဲ့ ပစ္စည်းကိုယ့်လက်ထဲရောက်ခါစရှိသေးတယ် ပျက်သွားပြီ။  ဒီအခါမျိုးမှာ ဒီဥပဒေက ၆လအတွင်း ရောင်းချသူဟာ ၀ယ်ယူသူအတွက် အဆိုပါပစ္စည်းကို ပြင်ပေးရမယ်၊ ပြင်ပေးတဲ့ အချိန်ဟာ လက်ခံနိုင်တဲ့ အချိန်အတွင်းမှာ ဖြစ်ရမယ်၊ မပြင်နိုင်ဘူးဆိုရင် ပျက်သွားတဲ့ ပစ္စည်းကို အစားထိုးပေးရင်ပေး၊ မဟုတ်ရင် အစိတ်အပိုင်းဖြစ်စေ၊ အပြည့်ဖြစ်စေ ငွေပြန်အမ်းရမယ် ဆိုတဲ့ အချဉ်ဖမ်းမှု့ကနေ ကာကွယ်ပေးမယ့် ဥပဒေပါ။  ဒါပေမယ့် ၀ယ်ယူသူကလည်း တမင်တကာ ပျက်သွားအောင်လုပ်တာ၊ ကိုယ့်သဘောနဲ့ကို ၀ယ်ယူတဲ့ ပစ္စည်းကို ပြုပြင်တာ၊ ထပ်မံ ထပ်ဖြည့်တာ၊ ၀ယ်ပြီးသားကို မလိုချင်တော့လို့ မူလကျီ၊ မာလကျီလုပ်ပြီးတော့ ရောင်းသူဆီပြန်သွားတာ စတာတွေ လုပ်ခဲ့ရင်လည်း ဒီဥပဒေက ရောင်းသူတွေဖက်ကနေ ကာကွယ်ပေးမှာဖြစ်ပါတယ်။  ဒီအကြောင်းကို အသေးစိတ် ဖတ်ချင်ရင်တော့ ဟော့ဒီမှာဒေါင်းပြီး ဖတ်နိုင်ပါတယ်။  အကျုံးဝင်မယ့်ပစ္စည်းတွေကတော့ iPad, iPhone လိုမျိုး လျှပ်စစ်ပစ္စည်းတွေကစလို့ မော်တော်ဆိုင်ကယ်ကနေ ကားအထိ ပစ္စည်းတွေ တော်တော်များများပါပါတယ်။  အင်း ကောင်းပါတယ်။  အချဉ်တွေကို အချဉ်ဖမ်းမှု့ကနေ ကာကွယ်ဖို့ အချဉ် ဥပဒေကြီးကို ပြဋ္ဌာန်းလိုက်လေသတည်းပေါ့။  အဲ့.. တစ်ခုတော့ ရှိတာပေါ့လေ… စင်ကာပူမှာ ဘာပစ္စည်းဝယ်ဝယ် T&C (Terms and Condition) ဆိုပြီး ၀ယ်သူတွေ သဘောကျစေလောက်တဲ့ စကားလုံးလေးတွေအပေါ်နားမှာ * ကြယ်ပွင့်လေးတွေ ကြယ်ပွင့်လေးတွေ ပါတယ်။  အဲ့ဒီ ကြယ်ပွင့်လေးတွေ အကြောင်းကို ရောင်း/၀ယ် စာချုပ်ရဲ့ အောက်နားမှာ စားလုံး ပိစိလေးတွေနဲ့ ရေးထားတယ်။  အခု ဒီ အချဉ် ဥပဒေ ထွက်လာတော့ စာချုပ်တစ်ခုလုံး ကြယ်ပွင့်လေးတွေနဲ့ ပြည့်တော့မယ် ထင်ပ။  မနေ့က ကိုမောင်သန့်ရဲ့ ဘလောဂ်မှာ Comex 2012 အိုင်တီ ရှိုးပွဲအကြောင်း တင်ထားပါတယ်။  ဒီတော့ အဲ့ဒီမှာ ပစ္စည်းတွေဝယ်ရင်လည်း Jail Break တို့ root တို့မလုပ်ခင် ပျက်သွားရင် သွားပြီးတော့ claim လို့ရအောင် ဒီ ဥပဒေလေးကို ဖတ်သွားရင်တော့ အကောင်းဆုံးပေါ့လေ။