စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 28, 2013

N!xau သို့ The Gods Must Be Crazy

          ကျွန်တော်တို့ ငယ်ငယ်တုန်းက Gods must be crazy ဇာတ်ကားလေးကို ကြည့်ဖူးကြမှာပါ။  ဒီရုပ်ရှင်ကို ၁၉၈၀ ခုနှစ်က Jamie Uys ဆိုတဲ့ ဒါရိုက်တာက ရေးသား  ရိုက်ကူးခဲ့တာပါ။  အာဖရိကတိုက်မှာ ပထမဆုံး ရုံတင်ပြသခဲ့ပြီး စံချိန်တင် လူကြိုက်များခဲ့ပါတယ်။  နောက် နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ ပြသဖို့အတွက် မူရင်း အာဖရိက စကားပြောတွေကို အင်္ဂလိပ်လို ပြင်ဆင်ခဲ့ပါတယ်။  အမေရိကန်နိုင်ငံနဲ့ ဂျပန်မှာ ဒီရုပ်ရှင်ဟာ စံချိန်တင် ပြသခဲ့ရပြီး အလွန်ကို အောင်မြင်ခဲ့ပါတယ်။  ကမ္ဘာအရပ်ရပ်မှာပြသခဲ့ပြီးတော့ ဒီရုပ်ရှင်ဟာ ဒေါ်လာ သန်း ၁၀၀ ကျော် အမြတ်အစွန်းရရှိခဲ့ပါတယ်။  ဒီအထဲမှာ ကျွန်တော်စိတ်ဝင်စားမိတာကတော့ ဒီရုပ်ရှင်ထဲက ကိုကာကိုလာ ပုလင်းလေး တစ်လုံးနဲ့ အလုပ်ရှုပ်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး အာဖရိကတိုက် ကာလာဟာရီ သဲကန္တာရထဲက Bushmen စီ အကြောင်းလေးပဲဖြစ်ပါတယ်။  ဒီလို သန်ပေါင်းများစွာ စံချိန်တင်ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်ဟာ ဘယ်လောက်များ အကျိုးခံစားခွင့် ရခဲ့သလဲဆိုတာကိုပေါ့။
          ဒီရုပ်ရှင်ထဲက ဇာတ်လိုက် စီ ရဲ့ မူရင်းနာမည်ကတော့  Nǃxau ǂToma ဖြစ်ပါတယ်။  သူဟာ နမ်မီဘီယား ဒေသမှာ မွေးဖွားခဲ့ပြီးတော့ သူ့အသက် ဘယ်လောက်ရှိပြီလဲဆိုတာကို သူကိုယ်တိုင် မသိခဲ့ပါဘူး။  သူဟာ အာဖရိက ဘာသာစကား ၃ မျိုးလောက်ကိုတော့ ကောင်းကောင်းကြီး ပြောတတ်ပါတယ်။  မြို့ကြီးတွေကိုလည်း တစ်ခါမှ ရောက်ခဲ့ဖူးတာမဟုတ်သလို ဒီရုပ်ရှင် မရိုက်ကူးခင်အထိ သူ့ဘ၀မှာ လူဖြူ ၃ ယောက်လောက်ပဲ မြင်ခဲ့ဖူးတာပါ။  နောက်ပြီး ပိုက်ဆံ၊ ငွေကြေးဆိုတာကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။  ငွေကြေးနဲ့ ဘယ်လို ဖလှယ်ရမှန်းလည်း မသိသလို၊  ဒီငွေကြေးရဲ့ တန်ဖိုးကိုလည်း မသိခဲ့ဘူးလို့ ဆိုပါတယ်။  ဒီရုပ်ရှင်ရိုက်ကူးခအတွက် သူဟာ ဒေါ်လာ ၂၀၀၀ အောက်သာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Monday, November 18, 2013

အဆုံးစွန်အထိ ခရီးဆက်နေဦးမည့် Voyager ၁ နှင့် ၂

          ကျွန်တော်ငယ်ငယ်တုန်းက လမင်းကြီး ရယ်၊  မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကောင်းကင်က ကြယ်လေးတွေကို လသာတဲ့ ညဖက်ဆိုရင် မော့ကြည့်ပြီး အများကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီ ကြယ်လေးတွေက ဘယ်လောက်ဝေးလဲ?  ဘယ်နေမှာ ရှိနေတာလဲ?  ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို ရောက်မလာတာလဲ?  ကျောင်းရောက်တော့လည်း ဆရာမက ကျွန်တော်တို့ကမ္ဘာကြီးကနေကို လှည့်ပတ်နေပြီးတော့ သူ့မှာ မိသားစု ဂြိုလ်ပေါင်း ကမ္ဘာအပါအ၀င် ကိုးလုံး ရှိတယ်လို့ဆိုပြန်တယ်။  နောက်ပြီး ကျွန်တော်တို့ နေမိသားစုဟာ နဂါးငွေ့တန်း ဂလက်ဆီဆိုတဲ့ အရာကြီးထဲက အစိတ်အပိုင်းလေးတစ်ခုတဲ့။  အဲ့ဒီ နဂါးငွေ့တန်းဆိုတဲ့ ဟာကြီးကလည်း စကြ၀ဋ္ဌာ ပင်လယ်ကြီးထဲမှာ မျောချင်ရာမျောနေသတဲ့။
          နောက်ပိုင်း အတန်းထဲမှာ မှန်ပြောင်းတွေ အကြောင်းသင်ရပြန်ရော…  ဟိုး အဝေးကြီးက အရာဝတ္တုတွေကို နီးနီးလေးမှာလိုမျိုး လှမ်းပြီး မြင်ရပါသတဲ့။  အရမ်းအားကောင်းတဲ့ မှန်ပြောင်းကြီးတွေနဲ့ ဆိုရင် ဂြိုလ်တွေကိုပါ လှမ်းပြီး ကြည့်လို့ရပါသတဲ့။  အင်း… ကျွန်တော်တို့ မသိတဲ့ အရာတွေ တော်တော်များနေပါလားနော်…..  ကျွန်တော်တို့ အနေနဲ့ ကမ္ဘာမြေကြီးပေါ်ကနေ ထိုင်ပြီးတော့ အများကြီးတွေးနေ၊  ငေးနေမဲ့အစား အဆိုပါ ဂြိုလ်ကြီးတွေ၊  ကြယ်ကြီးတွေ ရှိတဲ့ နေရာကို အနီးကပ်သွားရောက်ကြည့်ရှု့လို့ရရင်တော့ ကျွန်တော်တို့ အနေနဲ့ ပိုပြီးတော့ ဒီအရာတွေရဲ့ အကြောင်းကို သိလာနိုင်တာပေါ့လေ။  ဒီလိုမျိုး လူတွေ စဉ်းစားခဲ့ကြပါတယ်။ စဉ်းစားခဲ့သလို အကောင်အထည်လည်း ဖော်ခဲ့ကြပါတယ်။  ဒီလိုမျိုး ဂြိုလ်တွေ၊ ကြယ်တွေကို စူးစမ်းဖို့အတွက် လူသားတွေဟာ လမင်းကြီးဆီကို၊ အင်္ဂါဂြိုလ်ဆီကို၊ ဂျူပီတာ ဂြိုလ်ဆီကို… စသည် စသည်ဖြင့် အာကာသ စူးစမ်းရေး ယာဉ်ကြီးတွေ လွှတ်တင်ခဲ့ကြပါတယ်။
          ခု Voyager 1 & 2 ဆိုတဲ့ အကြောင်းလေးကတော့ ကျွန်တော့် ကွန်မန့် ဘောက်စ်ထဲကို အကိုတစ်ယောက်က ရေးပါလားဆိုလို့ တင်လိုက်ဖြစ်တဲ့ ပိုစ့်လေးတစ်ခုပါ။  ဒီပိုစ့်အတွက် ကျွန်တော့် အဓိက ကိုးကားခဲ့တာကတော့ Nasa နဲ့ Wikipedia  ၀ဘ်ဆိုဒ် နှစ်ခု ဖြစ်ပါတယ်။  Voyager ၁ နှင့် ၂ ဆိုတဲ့ အာသာကယာဉ် ကတော့ ကျွန်တော်တို့ နေမိသားစုထဲက Satun လို့ခေါ်တဲ့ စနေဂြိုလ်ကြီးနဲ့ Jupiter ဂြိုလ်ကြီးနှစ်ခုကို အနီးကပ်လေ့လာဖို့အတွက် ကနဦး စီမံကိန်းချခဲ့ပေမယ့် ခုတော့ ဒီ ညီနောင် အာကာသယာဉ် နှစ်စီးဟာ သူတို့ရဲ့ လေ့လာရေး အစီအစဉ်တွေကို ကျွန်တော်တို့ နေမိသားစုရဲ့ အပြင်ဖက် အဆုံးစွန်အထိရောက်အောင် လက်ဆက် ခရီးနှင်နေဆဲ ဖြစ်ပါတယ်။ 

Sunday, October 13, 2013

ငါ လွှတ်ချကြည့်လိုက်တယ်..

သက္ကရာဇ်တွေ… အထွေးလိုက် အထွေးလိုက်…
မြင်ရက်စရာမရှိတဲ့……… အိုမင်းခြင်းတွေ…
သင်္ဘောတွေ အပုံလိုက် အပုံလိုက်….
လေထဲမှာမျောလွင့်သွားတဲ့ အိတ်စပီးရန့်ဆိုသော အရာများ…
ငါလွှတ်ချကြည့်လိုက်တယ်…

မသတီစရာကောင်းတဲ့ လုပ်ပြုံးပြုံးထားတဲ့.. အပြုံးများ..
မချိသွားဖြဲ..ရွေးချယ်စရာမရှိခဲ့တဲ့ ရွေးချယ်ခွင့်များ….
မှားမှန်းသိရက်နဲ့… compromise လုပ်ခဲ့ရတဲ့ အကြောင်းအရာများ…
ဘာတဲ့ Naval Architect ဆိုတာ Science or Art တဲ့…
တကယ်တော့ Naval Architect ဆိုတာ၊ “Art of compromise…”
အို….. ငါလွှတ်ချကြည့်လိုက်တယ်….

အကောင်းဆုံးဆိုတာ စာရွက်ထဲမှာပဲရှိတယ်လေ…
လုပ်ပိုင်ခွင့်၊ အတိုင်းအတာ၊  ငွေကြေး၊ အချိန် ဒါတွေအားလုံးကြားထဲမှာ…
ငါတို့တွေဟာ စစ်မြေပြင် ရှေ့တန်း က ပွန်းရုပ်ကလေးတွေပဲ…
သိရက်နဲ့ ထမင်းတစ်လုပ်က ကျန်တာတွေထက် ပိုအရေးကြီးလား…
Commitment ဆိုတာ ဘာလဲ?  Ethic ဆိုတာဘာလဲ?  ခဏလေးတော့ ငါ… အားလုံးကို…
လွှတ်ချကြည့်လိုက်တယ်…..

Saturday, October 12, 2013

Note 3 or 5s

         လွန်ခဲ့တဲ့ ၇ လလောက်တုန်းက ပိုစ့်တစ်ခု တင်ဖြစ်သည်။  ဘာ ဖုန်းဝယ်ရင်ကောင်းမလဲဟုဖြစ်သည်။  S4 or HTC 1 or iPhone 5 သို့သော် မ၀ယ်ဖြစ်။  ခု ဖုန်းဝယ်ဖို့ ရောဂါ ထနေပြန်ပြီ။  ဘာဝယ်ရမှန်းမသိပေ။  အချိန်ဆိုသည်မှာ ဖြိုက်ကနဲကုန်သွားသည်။  ဖုန်းအသစ်တွေ ထပ်ထွက်နေပြန်ပြီ။     အရင်တုန်းကတော့ ဖုန်းတစ်လုံးဝယ်လိုက်လျှင် ၂ နှစ်လောက် ခေတ်မီမီ သုံးနေလို့ရသည်။  ခုကတော့ ၆ လ လောက်ဆိုလျှင် ကိုယ်ကိုင်နေတဲ့ ဖုန်းက မော်ဒယ်အောက်သွားပြီဖြစ်သည်။  ခက်လှချေတကား။
         ခု ရောဂါထနေသည်မှာ iPhone 5s နှင့် Note 3 ဘယ်ဟာရွေးရရင် ကောင်းမလဲ ဟူသော အရာပင်ဖြစ်သည်။ အင်တာနက်ထဲမှာ လျှောက်မွှေပြီး review တွေ ဖတ်ကြည့်သည်။  သူ့ဟာနှင့် သူတော့ အားလုံး ကောင်းနေသည်ချည်းသာဖြစ်သည်။  မည်သို့ပင်ဆိုစေကာမူ ဖုန်းတစ်လုံး ၀ယ်လိုက်လျှင် အနည်းဆုံး ၂ နှစ်တော့ မဖြစ်မနေသုံးရမည်ဖြစ်သည်။  ထို့ကြောင့် ၂ နှစ် လက်ထဲရောက်နေမည့် ဖုန်းအတွက် ကျွန်တော့်ဟာ ကျွန်တော် review လုပ်ကြည့်သည်။  5s နှင့် Note 3 ကို ယှဉ်ကြည့်ခြင်းဖြစ်သည်။

ကြံခိုင်မှု့
Samsung သည် ကော်ခွံထဲက မထွက်သေးချေ။  Leather casing ဟု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားသော ကော်ခွံသည်သာ ဖြစ်သည်။  Hard ware အားလုံး ဈေးပေါသော အရာများကို သုံးထားသည်။  အရင် S4 သုံးသူများကို လိုက်ကြည့်လေသော်… screen ကွဲသူများလေသည်။  ပြုတ်ကျသည်နှင့် Screen ကွဲလေသည်။  screen ဘေးနားမှ ကာထားသော လိုင်းကလေးမှာ ဟောင်းလောင်းပေါက် ပိုက်ကလေးဖြစ်သည်။  ပြုတ်ကျလျှင် ပိန်သွားလေသတည်း။  ထို ဟောင်းလောင်းပေါက် ပိုက်ကလေးပြီးလျှင် သံမဏိဟု ထင်ယောင် ထင်မှာ ဖြစ်စရာရှိသော မည်သည့်အရာမှန်းမသိသည့် သတ္တုတစ်ခုဖြင့် ကာထားကာ ၃ လလောက်ကြာရင် ကွာထွက်ကုန်လေ၏။  ထို့ကြောင့် အတွင်းကလီစာများသည် iPhone 5s ထက် Spec မြင့်ပြီး သုံးလို့ကောင်းသော်လည်း အကြမ်းပတမ်း သုံးသူများအတွက် iPhone 5s သည် ပိုမို သင့်လျှော်သည်ဟု ကောက်ချက် ချမိလေသည်။  အဘယ်ကြောင့်ဆိုသော်… မည်သည့်ဖုန်းကို လက်ထဲ ထဲ့ပေး ထဲ့ပေး ပျက်အောင် ကိုင်သော ကျွန်တော်၏ ရှုမငြီးသည် iPhone 5 လက်ထဲထည့်ပေးလိုက်သော် အချိန်အတော်အတန် ငြိမ်ပြီး complain မတက်ဘဲ နေသည်မှာ iPhone ၏ durability သည် ပိုမိုကောင်းသည်ဟု သက်သေ ပြခြင်းပင်ဖြစ်သည်။

Thursday, August 29, 2013

တင်ပို့ခြင်း အနုပညာ

         တနေ့က ရုံးမှာ အလုပ်လုပ်နေရင်းနဲ့ ဟော်လန်က တစ်ယောက်ကလှမ်းပြောတယ်။  မင်းတို့ ဆီမှာ ဗုဒ္ဒဘာသာဝင် တွေက မွတ်စလင်တွေ အိမ်ကို မီးရှို့နေတယ်ဆိုတဲ့။  အစကတော့ ဒီပိုစ့်ကို မရေးဘူးလို့ထားမလို့။  ဒါပေမယ့် အခုရေးဖြစ်သွားတယ်။  သူ့ကွန်ပျူတာသွားကြည့်လိုက်တော့ ပုဂံ ဘုရားပုံတွေရိုက်ထားတဲ့ ဓာတ်ပုံရယ်။  ပြီးတော့ ဟိုရက်က ဖြစ်သွားတဲ့ အဖြစ်အပျက်ကို ဟော်လန် စကားလုံးတွေနဲ့ ရေးထားတယ်။  ဘာသာပြန်ခိုင်းလိုက်တော့ အတိုချုံးလိုက်ရင် အဲ့ဒီအဓိပ္ဗါယ် သက်ရောက်နေတာပဲ။  အင်း ဘယ်လို့ရှင်းရပါ့နော်… နိုင်ငံရေးလည်း ကိုယ်က ဒီလောက်စိတ်ဝင်စားလှတာမဟုတ်။  ဒီ သတင်းကြီးကလည်း ကွက်ပြီးရေးထားတဲ့ သတင်းကြီး။
         မင်း ဗိုလ်ချုပ်အောင်ဆန်းကိုသိလားဆိုတော့ မသိဘူးတဲ့။  အောင်ဆန်းစုကြည်ကိုသိလားဆိုတော့ သိတယ်တဲ့။  အင်္ဂလိပ်က ငါတို့နိုင်ငံကို နှစ် ၁၀၀ ကျော် ကိုလိုနီလုပ်ခဲ့တယ်ပေါ့လေ။ အဲ့ဒီကစရတာပေါ့။  အဲ့ဒီတော့ ကိုလိုနီ လက်ထက်မှာ ပို့ကုန်တစ်ချို့ကို တင်သွင်းခြင်းခဲ့ခဲ့ရတယ်ပေါ့လေ။  အဲ့ဒီအထဲမှာ အန္ဒိယနိုင်ငံက လူသားအရင်းအမြစ်တွေလည်း ပါတယ်ပေါ့လေ။  ပြီးတော့ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူက ယူပေးခဲ့တယ်ပေါ့လေ။ ငါတို့အတွက်တော့ နိုင်ငံ လွတ်လပ်ရေး ဖခင်၊ နောက် assassinate အလုပ်ခံရတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ငါးနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတယ်။  အဲ့ဒီတော့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ နိုင်ငံသား စိမ့်ဝင်မှု့ရှိသလို၊ ယိုစီးမှု့လည်း ရှိနေတယ်။  ဒီအထဲမှာ တရုတ်ဆိုရင် ကွန်မြူနစ်ပါတီ ဖြန်ကျက်မှု့အားကောင်းတဲ့ အချိန် ရောက်လာတုန်းက ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ တပ်ဆုတ်တုန်းကလည်း တို့နိုင်ငံထဲ အများကြီး ရောက်ခဲ့တယ်။  ထိုနည်းတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ပြည်နယ်တွေမှာ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ စိမ့်ဝင်မှု့ရှိခဲ့တယ်။  ဗိုလ်ချုပ်အောင်ဆန်း နောက် ဦးနုဆိုတဲ့ တစ်ယောက်က ၀န်ကြီးချုပ်ဖြစ်လာတယ်။  မဲ ကိစ္စတွေရှိလာတယ်။  မဲပေးဖို့ လူလိုတယ်။  အဲ့ဒီအချိန်မှာ နိုင်ငံရေး လှည့်ကွက်တွေ ရှိခဲ့တယ်။  နိုင်ငံခြားသားတွေ နိုင်ငံသားပေးပစ်တယ်။  နောက်ပိုင်းလည်း ဒီလိုမျိုး စိမ့်ဝင်မှု့တွေ ရှိခဲ့တယ်။ 
         နောက်တော့ နိုင်ငံရေးမှာ အလှည့်ပြောင်းတွေ အများကြီးဖြစ်ခဲ့တယ်ပေါ့လေ။  ဆိုရှယ်လစ်နိုင်ငံဆိုပြီး ထူထောင်ခဲ့တယ်၊  အဲ့ဒီအချိန်မှာ အဖွဲ့တွေ အများကြီး ကွဲကုန်တယ်။  နောက် စစ်အုပ်ချုပ်ရေးဖြစ်လာခဲ့တယ်။  အဲဒီမှာလည်း အဖွဲ့တွေ အများကြီး ထပ်ပြီးတော့ ကွဲထွက်သွားသေးတယ်။  ကွဲသွားတဲ့ အတိုက်အခံ အများစုဟာ တောထဲကို ရောက်ပြီး လက်နက်ကိုင်ကြတယ်။   တစ်ချို့ကတော့ အတိုက်အခံအနေနဲ့ အစိုးရရဲ့ အာဏာသက်ရောက်မှု့ အ၀န်းအ၀ိုင်းထဲမှာပဲ ဆက်လက် တည်ရှိခဲ့တယ်။  ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလဲ ဖြစ်ပေါ်လာခဲ့တယ်။  ဒီအစိုးရ အဆက်ဆက်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအများစုဟာ နိုင်ငံသားတွေနဲ့ စပ်လျှင်းခဲ့တာတွေ များပြီးတော့ တစ်ခြားနိုင်ငံ၊နိုင်ငံခြားသားတွေနဲ့ဆက်စပ်တဲ့ ဥပဒေတွေမှာ ငါသိသလောက်တော့ လွပ်လပ်ရေးရပြီးခါစနေ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပြင်ဆင်မှု့ အများကြီး မလုပ်ခဲ့တဲ့အပြင် ဥပဒေကိုပဲ မေးခွန်းထုတ်စရာ အပိုင်းတွေ အများကြီးရှိခဲ့တယ်လို့ ပြည်သူတွေက ယူဆခဲ့ကြတယ်။  ဒါပေမယ့် လွှတ်တော်ဆိုတာ မရှိခဲ့တဲ့အတွက် ဘယ်သူက မေးခွန်းထုတ်နိုင်လဲဆိုတဲ့ ဟာမျိုးမရှိခဲ့ဘူး။  မေးခွန်း မရှိခဲ့တဲ့ အတွက် အဖြေ မရှိခဲ့ဘူး။   အဲ့ဒီအတွက် အခွင့်အရေးလည်း မရှိဘူးပေါ့။  စစ်အုပ်ချုပ်ရေး ရာစုနှစ် တစ်ဝက်လောက်ပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ဒီမိုကရေစီဆိုပြီးဖြစ်လာတယ်။  ငါတို့နိုင်ငံရဲ့ သတင်းတော်တော်များများကို အခု မင်းတို့ဖတ်ရလာတယ်ပေါ့လေ။

Sunday, August 25, 2013

ကျွန်တော်နှင့် မ-၁၆

            မိဘတိုင်းကတော့ ရင်သွေးလေးတွေ ရလာရင် အကောင်းဆုံး ဖြစ်ချင်ကြတာ။  ကျောင်းထားချိန်ဆိုရင် ဘယ်လိုကျောင်းကမှ နာမည်ကြီးတာ၊ အသင်အပြကောင်းတာ၊  ဂုဏ်ရှိတာ စသည်အားဖြင့်ပေါ့။  ကျွန်တော် မူလတန်းတန်း တက်ခဲ့တဲ့ ကျောင်းကလေးက ပုသိမ်မှာ။  ပုသိမ်မှာမွေးပြီး၊ ပုသိမ်မှာ ကြီးတဲ့ ကျွန်တော် ပုသိမ်မှာ မူလတန်းတက်ခဲ့တာ ဘာဆန်းမှာတုန်း။  အဲ… ဆန်းတာက ကျွန်တော်တက်ခဲ့တဲ့ ကျောင်းကလေး။  အ.မ.က ၁၆ တဲ့။ 
            အိမ်နားက မိဘတွေကတော့ သူတို့ လက်လမ်းမီသမျှ တတ်နိုင်တဲ့ ကျောင်းလေးတွေမှာ သား၊ သမီးတွေကို ထားကြတယ်။  ကျွန်တော် အမေကတော့ ဘယ်လိုသဘောထားတယ်မသိဘူး။  ကျွန်တော့်ကို အဲ့ဒီ အ.မ.က ၁၆ ဆိုတဲ့ ကျောင်းကလေးမှာ သွားထားတာပဲ။  အိမ်နဲ့ တစ်လမ်းထဲ.. ကျွန်တော်နေတဲ့ လမ်းနာမည်က အောင်သုခလမ်းတဲ့။  အောင်သုခလမ်းဆိုပြောရဦးမယ်။  အောင်သုခလမ်းကို နှစ်ပိုင်းခွဲလို့ရတယ်။  အလယ်မှာက ချောင်းကလေးရှိတယ် အဲ့ဒီချောင်းကလေးပေါ်မှာ တံတားလေးထိုးထားတယ်။  တံတား ဟိုဘက်ခြမ်းကတော့ ကျွန်တော်တို့အိမ်၊  တံတား ဒီဘက်ခြမ်းကတော့ အမက ၁၆ ရှိတဲ့ အခြမ်းပေါ့လေ။  ကျွန်တော်တို့ဘက်ကလမ်းကိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အောင်ဒုက္ခလမ်းလို့ခေါ်တယ်။  ဟိုဖက်ကိုတော့ အောင်သုခလမ်းလို့ခေါ်တယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းက စည်ပင်ကလမ်းချဲ့မယ်ဆိုပြီး ခြံစည်းရိုးနောက်ကို ၅ ပေဆုတ်ဆိုပြီး ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ အမိန့်နဲ့ ဆုတ်ပေးလိုက်ရတာ အိမ်ရှေ့က မရမ်းပင်ကြီး ၃ ပင် ပါသွားရောလား။  အဲ့ဒါက လမ်း တစ်ဖက်ထဲဗျ။  ကျွန်တော်တို့ အောင်သုခလမ်းရဲ့ တံတားကနေ ကျွန်တော်တို့ဖက် တစ်ခြမ်းထဲ။  ဟိုဖက်ခြမ်းကျတော့ မဆုတ်ရဘူး။  ဟိုဖက်ခြမ်းကျတော့ ထိလို့မရလို့ စည်ပင်က နှာစေးသွားလား မသိပါဘူး။  အဲ့ဒီကနေ အောင်သုခနဲ့ အောင်ဒုက္ခဆိုပြီး ဖြစ်သွားတာပဲ။ 
            ခြံပဲ့ပါသွားတာနဲ့ ပြီးတာမဟုတ်ဘူး။  အရင်တုန်းက အခိုင်အခန့်ဆောက်ထားတဲ့ ခြံစည်းရိုး အုတ်တံတိုင်းကို ဖြိုရတယ်။  ပြီးတော့ ကိုယ့်အုတ်တံတိုင်း ကိုယ်ပြန်ခတ်လို့က မရသေးဘူး။  စည်ပင်ရဲ့ စံချိန်စံညွှန်းမီ ဆောက်ရမယ်ဆိုပြီး လိုက်ဆောက်လိုက်တာ မိုးတွင်းကျတော့ အုတ်တံတိုင်း တစ်ခြမ်း ပြိုပါလေရောလား။  အဲ့ဒါ ပြန်ပြင်ရသေးတယ်။  ခုအိမ်ပြန်ရင်တော့ ခြံထဲမှာအရင်အုတ်တံတိုင်းဖြိုတုန်းက ကျန်ခဲ့တဲ့ အုတ်တွေက နှစ်တွေသာကြာတယ် ဒီအတိုင်းပဲ ခိုင်တုန်း။ အုတ်တံတိုင်းနဲ့တင်ပြီးတာမဟုတ်ဘူး၊  မြောင်းတူး၊ မြောင်းလုပ်ဆိုပြီး ပိုက်ဆံပါ အဆစ်ပါ ထည့်လိုက်ရသေးတယ်။  ပြီးတော့ ချဲ့မယ်ဆိုတဲ့ လမ်းကလည်း တစ်နှစ်တစ်ခါ မိုးတွင်းပြီးရင် အိမ်ရှေ့ကလမ်းမှာ ပေါက်နေတဲ့ မြက်တွေသာ လိုက်ရှင်းရတယ်  ကတ္တရာက ချဲ့လိုက်တဲ့ နေရာကို ဘယ်တော့မှ ရောက်မလာဘူး။  ကတ္တရာရောက်ဖို့နေနေသာသာ၊  အရင်တုန်းက ရှိခဲ့တဲ့ ဓာတ်တိုင်တွေကလည်း အရင်နေရာမှာ ခုထိရှိတုန်းပဲ။  ဆိုတော့ ဘယ်လို စီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့လည်းတော့ အကျွန်လည်း မလျှောက်တတ်။  ပါသွားတဲ့ မရမ်းပင်သုံးပင်မှာ တစ်ပင်က အချိုသီး၊  နှစ်ပင်က ချိုချဉ်၊  ခုထိ မရမ်းပင်ပေါ်တက်ပြီး မရမ်းသီးမခူးရတော့လို့ အစာတော့သိပ်ကြေတာတော့ မဟုတ်ဘူး။

Saturday, August 17, 2013

2+2 = 5


         ဒီဗီယိုလေးကို အရင် ကြည့်လိုက်ပါ….




ကျွန်တော့် အတွက်တော့ အတွေးတွေ အများကြီး ပေးသွားတဲ့ ဗီဒီယိုလေးပါ။  ကျွန်တော် သူငယ်ချင်းတစ်ယောက် ဖဘ ပေါ်မှာ ရှဲထားတာတွေ့လို့ ကြည့်ဖြစ်ရင်းနဲ့ဒီပိုစ့်လေးကို ရေးလိုက်မိတာပါ။  ကျွန်တော်ဆိုလိုချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကို ပြန်ကြည့်ပြီးတော့ ဒါ့ကြောင့် ဒါ့ကြောင့်လို့ ဆိုလိုချင်နေတာမဟုတ်ပါဘူး။ 

         လက်ရှိကျွန်တော်တို့ brain wash ဘယ်လောက်အထိ အလုပ်ခံရပြီးပြီလဲဆိုတာကို ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖို့ ပြောချင်တာပါ။  ကျွန်တော်တို့ဟာ ဒီကျောင်းသားလေးတွေနေရာကို အရင်ဆုံး ၀င်မကြည့်ပါနဲ့။   အတန်းထဲက ဆရာတစ်ယောက်ရဲ့ နေရာကို ၀င်ကြည့်ပါ။  ကျွန်တော်တို့ ကိုယ်တိုင် ဆရာဖြစ်ပြီဆိုပါတော့။  ဒီ ဗီဒီယိုထဲကလိုမျိုး ကျောင်းသာ အပြစ်ပေးလိုက်တဲ့ အခြေအနေအထိ မရောက်ဖူးပဲ ထားပါတော့။

Thursday, August 15, 2013

MYO

         အစတုန်းကတော့ Nike ရဲ့  Fuelband ဆိုတဲ့ ဟာကလေးကို ၀ယ်ဖို့ တာစူနေခြင်းဖြစ်သည်။  အဘယ့်ကြောင့်ဆိုသော် ဗိုက်ခေါက်မှာ အတော်ပင်ထွက်လာချေပြီတကား။  ဓာတ်ပုံရိုက်ခါနီး အသက်အောင့်သော်လည်း မရတော့ချေ။  ဗိုက်က ရှေ့တင်မက ဘေးသို့ပါ ထွက်လာချေပြီတည်း။  သို့သော် အားကစားလုပ်ဖို့ကိုမူ မိုးရွာသည်၊ နေပူသည်၊ ဗိုက်ဆာသည်၊  ဗိုက်တင်းသည်၊  စောသေးသည်၊ နောက်ကျပြီ စသည် စသည် ပျင်းရိခြင်းပေါင်း မြောက်များစွာကို အကြောင်းပြကာ ဘာ အားကစားမှ မလုပ်ဖြစ်တော့ပေ။
         ဒီ လက်ပတ်ကလေး ၀ယ်လိုက်လျှင်တော့ ဟိုက တစ်နေ့ကို ကိုယ့်ရဲ့ Fuel ဘယ်လောက် burn ပြီးကြောင်းဘာကြောင်း အချက်လေး ဘာလေးပြလျှင် အားကစားလေး ဘာလေး ပြန်လုပ်ဖြစ်မည်ထင်သောကြောင့်ဖြစ်သည်။  သို့သော် နောက်ပိုင်း ဒုံရင်း ဒုံရင်း ပြန်ရောက်မှာ မြင်ယောင်မိသောကြောင့် မ၀ယ်ဖြစ်တော့ချေ။

လာရောက်လည်ပတ်သူ အများဆုံး မြန်မာဘလော့ဂ် ၅၀ (သြဂုတ် ၂၀၁၃)


ခုတစ်ခေါက်လည်း စင်ကာပူမှာ အချိန်ကလေးရတာနဲ့  လာရောက်လည်ပတ်သူအများဆုံး မြန်မာဘလော့ဂ် ၅၀ ကို ထပ်ပြီးတော့ Update လုပ်ဖို့ စိတ်ကူးရပါတယ်။  မူလ ဒီစာရင်းကို ဖူးနုသစ်က ပြုလုပ်ခဲ့ပါတယ်။  ဒီလိုနဲ့ ခုလ Update လုပ်ဖို့အတွက် ဘလော့ဂ် List တွေကို ထပ်ပြီးတော့ ရှာ၊  ဘလော့ဂ်တစ်ခုချင်းစီမှာ ချိတ်ထားတဲ့ Linkတွေဆီသွားကြည့်၊  ပြီးတော့ အရင်တစ်ခေါက် ရှိထားတဲ့ List နဲ့ ပြန်တိုက်၊  တစ်ရက်နဲ့ ပြီးမယ်ထင်ပေမယ့် မပြီးဘူး ဖြစ်သွားတယ်။  မြန်မာ ဘလော့ဂ်တွေ တော်တော်လေးများလာပါတယ်။  ကျွန်တော် ကောက်နိုင်သလောက် ဘလော့ဂ်ပေါင်း ၇၀၀ ကျော်ထဲကနေပြီးတော့ ၂၀၁၃ သြဂုတ်လအတွက်ဆိုပြီး Update လုပ်လိုက်ပါတယ် ခင်ဗျာ။  သို့ပေမယ့် ဒီ List ထဲမှာ မပါခဲ့သူများရှိခဲ့ရင် အနူးအညွှတ်တောင်းပန်ပါတယ်။  အချိန်ထပ်ပေးပြီး ပိုမို စုံလင်အောင် ရှာချင်ပေမယ့် နည်းပါးသော အချိန်သည် လည်းကောင်း၊  ညောင်းလာသော ခါး နှင့် မျက်စိကို လည်းကောင်း အားနာရပါသောကြောင့် ဒီမျှနဲ့ စာရင်းချုပ်လိုက်ပါရစေ။
 ဖူးနုသစ်မှာ ၂၀၁၂ ဇန်န၀ါရီလအတွက် တစ်ခေါက် စာရင်းပြုစုခဲ့ပြီးတော့ ကျွန်တော် ၂၀၁၂ မေလ အတွက် တစ်ခါ Update လုပ်ခဲ့ဖူးပါတယ်။
         လာရောက်လည်ပတ်သူအများဆုံး ဆိုတာကတော့ Alexa ရဲ့ traffic ranking အတိုင်း စီထားတာဖြစ်ပါတယ်။  ဒီ ranking က လွန်ခဲ့တဲ့ ၃ လ အတွင်းမှာ သက်ဆိုင်ရာ Blog တွေကိုလာတဲ့ traffic source တွေကို မူတည်ပြီးတော့ တွက်ထားတာဖြစ်တဲ့အတွက် အမြဲတမ်း အပြောင်းအလဲ ရှိနိုင်ပါတယ်။  အသေးစိတ်ကို ဖတ်ချင်ရင် ဟောဒီမှာ ရှင်းထားတဲ့ အတွက် သွားရောက်ဖတ်နိုင်ပါတယ်။

         ဒီတစ်ခေါက် အတွက်ကတော့ ကျွန်တော် နှစ်ပိုင်း ခွဲလိုက်ပါတယ်။  တစ်ခုက သုတ၊ ရသ ရေးနေတဲ့ ဘလော့ဂ်တွေနဲ့ နောက်တစ်ခုကတော့ သတင်းတွေကို တင်ပြပေးနေတဲ့ ဘလော့ဂ်တွေ ဆိုပြီးတော့ပါ။  ဘာဖြစ်လို့လဲဆိုတော့ feed များတဲ့ သတင်း ဘလော့ဂ်တွေမျိုးဆိုရင် Traffic Rank လည်းပိုများတဲ့အတွက် တခြားသော ဘလော့ဂ်တွေကိုလည်း ဒီလိုမျိုး List ထဲကို ၀င်စေချင်တဲ့အတွက် ကျွန်တော် List ကို နှစ်ပိုင်း ခွဲလိုက်ပါတယ် ခင်ဗျာ။     အရင်အတိုင်းပဲ အသက် ၁၆ နှစ်အောက်ကြည့်ရန် မသင့်လျှော်သော အပြာရောင်လွှမ်းသည့် ဆိုဒ်များနှင့် အစွန်းရောက် ဆိုဒ်တစ်ချို့ကို ဒီ List ထဲမှာ ချန်ထားခဲ့ပါကြောင်း။


သုတ၊ ရသ၊ ဆိုဒ်များ

Mandalar Net
522132
သက်တန့်ချို
667234
Evy's Kitchen
707705
ကန်ဒီခိုင်
861260
ကိုပီတာ၏ အတွေးပုံရိပ်များ
873613
နည်းပညာ ဥယျာဉ်
920378
ကိုအောင် (ပျူနိုင်ငံ)
974968
မိုးမခ
1024593
မောင်သန့်
1097725
၁၀
ဟိန်းတင့်ဇော်
1099297
၁၁
စကားဝါမြေ
1174237
၁၂
Saturngod
1233614
၁၃
လွန်းထားထား (ဆေးတက္ကသိုလ်)
1492321
၁၄
ဆိုင်မွန် အွန်လိုင်းစာကြည့်တိုက်
1505000
၁၅
မှုးသော် (Knowledge and Sharing)
1544971
၁၆
မြသွေးနီ
1567456
၁၇
ချမ်းချမ်းလွန်
1696252
၁၈
လွင့်မောင်မောင်
1856384
၁၉
World of Wisdom
1963864
၂၀
ချော (အစိမ်းရောင်လွင်ပြင်)
2019311
၂၁
မေတ္တာပန်းတို့ လန်းရာမြေ
2056025
၂၂
ဝတ်ရည် Food House
2094036
၂၃
မင်းဒင်
2347395
၂၄
မီးပြတိုက်
2349747
၂၅
ထိန်လင်း
2471722
၂၆
ထူးတေဇာ
2473490
၂၇
မယ်ကိုး
2540378
၂၈
မြန်မာ့သွေး
2699463
၂၉
မီးမီးငယ်
2720120
၃၀
Myanmar Tutorials
2721838
၃၁
Information and Technology Network
2751975
၃၂
ရသာချို
2800381
၃၃
မိုးငွေ့နှင့်အတူ
2848793
၃၄
ဆုမြတ်မိုး
2860795
၃၅
အန်တီဆွိ
2899395
၃၆
စန္ဒကူး
2911915
၃၇
လွမ်းမပြေ (သုတရပ်ဝန်း)
2934027
၃၈
KP3 နည်းပညာ
2953938
၃၉
မြန်မာ့သွေး
2967796
၄၀
လေနုအေး
2977943
၄၁
ရဲလွင်ဦး
3024942
၄၂
အိမ်ချမ်းမြေ့(သံစဉ်မဲ့ လင်္ကာများ)
3094378
၄၃
ကျူတီ Kitchen
3121935
၄၄
သက်ဝေ
3153999
၄၅
မင်းသန့်ဇော်
3186715
၄၆
ခင်ဦးမေ
3348655
၄၇
နေမင်းခေတ်
3444474
၄၈
လမင်းတာရာ
3598793
၄၉
အပြုံးပန်းတစ်ပွင့်၏ ဘ၀ရသများ
3764406
၅၀
My Little World
3822046