စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Tuesday, January 31, 2012
ကမ္ဘာအရပ်ရပ်မှ Hacker များ - ၁
          Hacker ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတော့ပါဘူး။  Hacker လို့ပြောလိုက်ရင် ပြေးမြင်တာကတော့ လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားတဲ့ ကွန်ပျူတာ ကွန်ယက်တွေထဲကို ဖောက်ထွင်း ၀င်ရောက်၊ မွှေနှောက်နိုင်စွမ်းရှိသူတွေလို့ ကျွန်တော်တို့သိထားကြပါတယ်။  ဒီနေ့ အဲ့ဒီ Hacker ဆိုတဲ့ ဝေါဟရလေး အကြောင်း စိတ်ဝင်စားတာနဲ့ မွှေနှောက်ရှာရင်း Hacker အမျိုးအစားတွေနဲ့အတူ နာမည်ကြီး Hacker အကြောင်းကိုပါ ဖတ်မိပါတယ်။  ကျွန်တော့် အနေနဲ့ Hack လည်း မဟက်တတ်၊ Hacker လည်းမဟုတ်၊ ကွန်ပျူတာနဲ့ပတ်သတ်လို့ သြော်.. ဒါကြီးကို ကွန်ပျူတာလို့ခေါ်တာပါလားလေ ဆိုပြီးတော့လောက်သာ သိလေတော့ ကျွန်တော့်လိုပဲ Hacker တွေအကြောင်း စိတ်ဝင်စားသူတွေအတွက် ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်။
          Hacker တွေကို အမျိုးအစားအားဖြင့် ၈ မျိုးခွဲထားတယ်လို့ ၀ိကီပီဒီယားမှာ ဆိုပါတယ်။  ဒါတွေကတော့ White hat, Black hat, Gray hat, Elite hacker, Script kiddie, Neophyte, Blue hat နဲ့ Hacktivist ဆိုပြီးတော့ ဖြစ်ပါတယ်။
Monday, January 30, 2012
ဆားပုလင်း အောင်ထွဋ်နှင့် နတ်ကတော်ပါပု (တဂ်ပိုစ့်) - အပိုင်း ၂
     ထိုအချိန်တွင် ကိုမောင်သန့်တစ်ယောက်မှာ မနက်စာ လက်ဖက်ရည်သောက်ပြီး မောင်ဘကြိုင်ခြံရှေ့ ဖြတ်လျှောက်သွားချိန်နှင့် တိုက်ဆိုင်နေရကား “ဟ ဟုတ်ပြီ စင်ကာပူ ပရိုမိုးရှင်းတွေ ခဏထား ဒီသတင်းထူးတယ်” ဆိုပြီး ပိုစ့်အသစ်တင်ရန် ခပ်သုတ်သုတ်နှင့် သူ့အိမ်သို့ ခပ်သုတ်သုတ်ပြန်သွားသည်ကိုကား ကျွန်ုပ်တို့ ၄ ယောက်စလုံး မသိလိုက်ပါချေ။    
ကျွန်ုတို့လူစုမှာကား နတ်ရုပ်ကြီးကို မသွားသော ဂျက်စ် နှင့် လွင်ပြင်တို့နောက်သို့ လိုက်ရန် ပြင်ရလေတော့သတည်း။  သို့သော် ထိုစုံတွဲမှာ မည်သို့မည်ပုံ ခြေရာဖျောက်သွားသည်မသိ၊ စံပယ်တစ်ပွင့်မှ လွဲ၍ မည်သည့်သဲလွန်စမျှ ရှာမတွေ့တော့ချေ။  ထိုသို့နှင့်ပင် ကျွန်တော်တို့ ရပ်ကွက်ထဲရှိ အလွန် နာမည်ကြီးလှသော ဗေဒင်ဆရာမကြီး မြသွေးနီထံသို့ သွားကာ ဂျက်စ်နှင့် လွင်ပြင်တို့ မည်သည့်အရပ်သို့ ထွက်ခွာသွားသည်ကို မေးမြန်းရလေတော့သည်။
          ဗေဒင်ဆရာမကြီး၏ တွက်ချက်ပေးမှု့အရ အဆိုပါ စုံတွဲမှာ ဟန်းဂုရွာသို့ တိမ်းရှောင်သွားသည်ဟု ခန့်မှန်းဟောပြောပေးလေသည်။  ဟန်းဂုရွာမှာ ကျွန်ုပ်တို့နေထိုင်ရာ အရပ်နှင့် လွန်စာမှ ဝေးရတကား မည်သို့မည်ပုံ သွားရမည်ကို လွန်စွာမှ စဉ်းစားရခက်လေတော့သည်။  သို့ဖြင့် ညနေလည်းစောင်းလေပြီဖြစ်ရကား ထူးထူးဆန်းဆန်း အစားအစာများရောင်းချသော မချော ဆိုင်သို့ သွားကာ စားသောက်ကြလေတော့သည်။
တရုတ်နိုင်ငံ ဆောက်ပေးတဲ့ အီသီယိုပီးယားက Convention Center
          ဒီနေ့ သူငယ်ချင်းတစ်ယောက်က ပြလို့ အီသိယိုးပီယားနိုင်ငံ Addis Ababa မြို့မှာ တရုတ်နိုင်ငံက ဆောက်ပေးပြီး ပြီးစီးခဲ့တဲ့ Convention Center ကြီးကို တွေ့လိုက်ရပါတယ်။  အာဖရိက နိုင်ငံများ အစည်းအဝေးပြုလုပ်ရာ (African Union- AU) မှာ တည်ရှိတဲ့ ဒီ conference center ကြီးဟာ ၁၁.၃ ဟက်တာ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တည်ဆောက် ထားတာဖြစ်ပါတယ်။  ဒါ အဆောက်အဦးကြီးကို တရုတ်နိုင်ငံက လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၃၀ကျော်ကုန်ကျတယ်လို့ ဆိုပါတယ်။  တရုတ်နိုင်ငံဟာ သုံးနှစ်အတွင်းမှာ အာဖရိကနိုင်ငံတွေကို unsecured loan လို့ခေါ်တဲ့ အလွတ်တိုး (အပေါင်ခံ ပစ္စည်းမပါဝင်သော) ချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ထုတ်ချေးမှာဖြစ်ပါတယ်။ 
Sunday, January 29, 2012
မျက်ကပ်မှန် ပထမဆုံး တပ်ဖူးသွားတဲ့ ဆင်ကလေး
          ဒီဆင်မကလေးကတော့ ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့က Artis ဆိုတဲ့ တိရိစ္ဆာန်ရုံက မြန်မာဆင်မကလေးဖြစ်ပါတယ်။  ခုအချိန်မှာတော့ ဒီဆင်မလေးဟာ အသက် ၄၄ နှစ်ရှိနေပြီ ဖြစ်ပြီးတော့ တရိစ္ဆာန်ရုံကိုလာတဲ့ ကလေးတွေရဲ့ အချစ်တော် ဆင်မလေးလည်း ဖြစ်ပါတယ်။  ဆင်မလေးရဲ့ နာမည်ကတော့ ၀င်းသီတာပါ။ 
          ဆင်မလေးဟာ အခြားသော တရိစ္ဆာန်ရုံထဲမှာရှိတဲ့ ဆင်တွေနဲ့ ကစားနေတုန်း သူ့ရဲ့ ဘယ်ဘက် မျက်ကြည်လွှာဟာ ဒဏ်ရာရသွားခဲ့ပါတယ်။  ဒါကြောင့်ပဲ တရိစ္ဆာန်ရုံက ဆရာဝန်တွေဟာ ဆင်မလေးရဲ့ မျက်လုံးကို မျက်ကပ်မှန် တပ်ဆင်ခြင်းအားဖြင့် ဆင်ကလေးရဲ့ မျက်ကြည်လွှာ ထိခိုက်မှု့ဒဏ်ကို ကာကွယ်ပေးခဲ့တာပါ။
          ဒီလို တပ်ဆင်တဲ့နေရာမှာတော့ အခက်အခဲအနည်းငယ်ရှိပါတယ်။  ဒါကတော့ ဆင်တွေဟာ အသက်ရှုထိခိုက်မှု့မရှိပဲ ကြာရှည်စွာ လဲလျှောင်းလို့မရပါဘူးတဲ့။  ဒါကြောင့် ဆင်မလေးကို ထုံဆေးပေးထားသည့်တိုင်အောင် မတ်တပ်ရပ်လျှက်အနေအထားမှာ ဆရာဝန်တွေက လှေကားနဲ့ တပ်ပြီး မျက်ကပ်မှန် တပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ 
Saturday, January 28, 2012
ဆားပုလင်း အောင်ထွဋ်နှင့် နတ်ကတော်ပါပု (တဂ်ပိုစ့်) - အပိုင်း ၁
          ဤ၀တ္တုကြီးမှာ လွန်စွာမှ လျှို့ဝှက်ဆန်းကြယ်၏။ ထို့အတူ လွန်စွာမှ အံသြဖွယ်ကောင်း၏။  ထို့အတူ ပါဝင်ပတ်သတ်သူများလည်း လွန်စွာများပြား၏။  ထိုအတူ အဖြစ်အပျက်တို့မှလည်း လျှင်မြန်စွာ ပြောင်းလည်းသွားရကား စာဖတ်သူတို့ မယုံကြည်နိုင်အောင် အံသြမှင်သက်ဖွယ်ရာများနှင့် ပြည်နှက်နေသည်။  ထိုသို့ လျှို့ဝှက်လှသော အဖြစ်အပျက်ကြီးကို တစ်သက်လုံး ထိန်းသိမ်းမည်ဟု ကျွန်ုပ် သံဓိဋ္ဌာန်ချထားသော်လည်း နှောင်းလူတို့ ဤအဖြစ်အပျက်ကို မသိတော့မည်ကို စိုးသဖြင့် ဤအဖြစ်အပျက်ကြီးကို ၀တ္တုတစ်ပုဒ်အဖြစ် အသက်သွင်းလိုက်ပေတော့သည်။ 
******************************************
Friday, January 27, 2012
ကျွန်တော်နှင့် တရုတ်မင်္ဂလာဆောင်သို့ တစ်ခေါက်
          ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့ တုန်းကတော့ အရင်သင်္ဘောဆောက်တုန်းက တူတူအလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တော့် သူငယ်ချင်း မင်္ဂလာဆောင်ရှိတာနဲ့ ကျွန်တော်လည်း နန်တုန် မြို့ကို တစ်ခေါက်ရောက်ဖြစ်ပြန်ပါတယ်။  တရုတ်တွေရဲ့ မင်္ဂလာဆောင် ဘယ်လိုမျိုးဆိုတာ မတွေ့ဖူးတာလည်း တစ်ကြောင်း၊ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ဖြစ်တာလည်း တစ်ကြောင်း၊ မရောက်ရောက်အောင် လာခဲ့ပါမည်ဟု ကတိပေးထားမိသည်မှာလည်း တစ်ကြောင်း ဖြစ်သောကြောင့် ရောက်အောင် သွားဖြစ်ခြင်းဖြစ်သည်။
Tuesday, January 24, 2012
Mystery Spot သို့မဟုတ် မြေထုဆွဲအားတွေ မူမမှန်တဲ့ နေရာလေး
          Mystery Spot ဆိုတာကတော့ ထူးထူးခြားခြားကို ကမ္ဘာ့မြေထုဆွဲအားတွေ မူမှန်တဲ့ နေရာလေးပါ။  ဒီနေရာဟာ ကာလီဖိုးနီးယား ပြည်နယ် ဆန်တာ ခရုဇ် (Santa Cruz) ရဲ့အပြင်ဘက်နားလေးက redwood forest ထဲမှာ ရှိပါတယ်။  ပေ ၁၅၀ ၀န်းကျင်လောက်နေရာလေးမှာတော့ မူမမှန်တဲ့ ကမ္ဘာမြေကြီးရဲ့ဆွဲအားတွေ သက်ရောက်နေတဲ့ Mystery Spot ဆိုတဲ့ နေရာလေးကို သင်ကိုယ်တိုင် သွားဖြစ်ခဲ့ရင်ဖြင့် သင်တစ်သက်လုံး သင်ယူလာတဲ့ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အား သက်ရောက်မှု့တွေ၊ ရူပဗေဒ ဆိုင်ရာ နိယာမတွေ အားလုံးဟာ မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ 
          ဒီနေရာကို စတင်တွေ့ရှိတာက ၁၉၃၉ ခုနှစ်က စစ်ဆေးရေးအရာရှိတွေက တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ၁၉၄၀မှာတော့ အများပြည်သူတွေကို ၀င်ရောက်ခွင့်ပေးခဲ့ပါတယ်။  ခုတော့ ဒီနေရာလေးကို နှစ်စဉ်နှစ်တိုင်း လူ သန်းပေါင်းများစွာ လာရောက်လည်ပတ်နေကြပါပြီ။ 
          လူတချို့ကတော့ ဒီနေရာလေးဟာ ဂြိုလ်သားတွေက သူတို့ဂြိုလ်ကနေ ကတော့ပုံ သတ္တုတွေယူလာပြီးတော့ ဒီနေရာမှာမြှုပ်နှံကြသတဲ့။  ဒီတော့မှ သူတို့ ပန်းကန်ပြားပြန်တွေဟာ ကမ္ဘာမြေဆီကို အဆက်အသွယ် လုပ်လို့ရမယ်လို့ဆိုသလို၊ တစ်ချို့ကြတော့လည်း ဒီမြေကြီးထဲမှာ အာကာသ ယာဉ်ပျံကြီး နစ်မြုပ်နေတယ်လို့ ဆိုပြန်ပါတယ်။  တစ်ချို့ သီအိုရီတွေကတော့ ကမ္ဘာမြေကြီးထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ များပြီး စုနေတဲ့ နေရာလို့ ဆိုကြသလို၊  အလွန်ကြီးမားတဲ့ အရာကြီးတစ်ခုက လှည့်ပတ်နေတယ်လို့လည်း ယူဆကြပါတယ်။  မည်သို့ပင်ဆိုစေ ယနေ့အချိန်အထိ ဒီ နေရာလေးရဲ့ ထူးခြားဆန်းကျယ်မှု့ကို ဘယ်သူမှ သေသေချာချာ ရှင်းမပြနိုင်သေးပါဘူး။  ဒီနေရာရောက်သွားရင် သင့်ကို တစ်ခုခုက ဆွဲထားသလိုမျိုး သင့်ခန္ဓာကိုယ်ဟာ တိမ်းစောင်းနေမှာ ဖြစ်ပါတယ်။  စိတ်ဝင်စားသူများ သွားရောက် လည်ပတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ Mystery Spot ရဲ့ website လိပ်စာပေးထားပါတယ်။  စနေ၊ တနင်္ဂနွေများဆိုရင်တော့ လက်မှတ်ရဖို့တောင် ခက်တယ်လို့ ဆိုပါတယ်။
Monday, January 23, 2012
ဂလက်စကိုမှာ တွေ့တယ်ဆိုတဲ့ ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်
          စကော့တလန်နိုင်ငံ ကလက်စကိုမြို့က ဘုရားကျောင်းတစ်ခုမှာတော့ ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်ကို တွေ့ရပါတယ်လို့ ဆိုနေကြပါတယ်။  ဒီ ဗီဒီယိုကိုတော့ အဲ့ဒီဘုရားကျောင်းကို သွားလည်ပတ်တဲ့ တရုတ်ခရီးသွား အုပ်စုတစ်ခုက ရိုက်ယူခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုထဲမှာတော့ ဘုရားကျောင်းရဲ့ ဆေးခြယ်ထားတဲ့ မှန်သားပြင်ပေါ်မှာ ဒိုင်ယာနာ ပုံနဲ့ ဆင်တူတဲ့ ရုပ်သဏ္ဍာန်ကို မြင်တွေ့ရတယ်လို့ဆိုပါတယ်။  ဂမ္ဘီရ လျှို့ဝှက်ဆန်းကျယ် ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ မိုင်ကယ်ကိုဟင် ဆိုသူကတော့ အခု ဒီ ဗီဒီယိုကို စစ်ဆေးပြီး သကာလမှာတော့ ဒါဟာ ထူးခြားဆန်းကျယ်တဲ့ မူမှန်ထက်ကို ကျော်လွန်နေတဲ့ ဖြစ်ရပ်လို့ ကောက်ချက်ချပါသတဲ့။ 
          “ခုထိတော့ ဒီဗီဒီယိုကို ကျွန်တော်ရော အခြားသော သုတေသန ပညာရှင်များပါ အဖြေရှာနေကြပါတယ်။ ဒါဟာ အလင်းပြန်မှု့ ဖြစ်ကောင်းလည်း ဖြစ်နိုင်သလို ဒါဟာ ၀ိညာဉ်လည်း ဖြစ်နိုင်ပါတယ် - ဒိုင်ယာနာ မင်းသမီးရဲ့ ၀ိညာဉ်ဖြစ်နိုင် သလိုပေါ့” လို့ ကိုဟင်က ပြောသွားပါတယ်။  ဒီ ဗီဒီယိုလေးကိုတော့ Paranormal mysteries လို့ခေါ်တဲ့ သိပ္ပံလွန် ဖြစ်ရပ်ဆန်းတွေရဲ့ အခန်းဆက်ထဲမှာ ထည့်သွင်းပြသဦးမယ်လို့ဆိုပါတယ်။  ဟုတ်သည် မဟုတ်သည်ထား အသုံးချတတ်သူများကျတော့ ကြွက်သေတစ်ခု အရင်းပြုပြီး ရုပ်ရှင်တွေဘာတွေ ထုတ်၊ ကြည့်တဲ့ လူတွေကကြည့်၊ ချမ်းသာတဲ့ လူက ချမ်းသာ သူ့ဟာနဲ့ သူတော့ ဟုတ်နေကြတာပါပဲ။ အောက်မှာတော့ YouTube က ဗီဒီယိုလေး ကို ကြည့်နိုင်ပါတယ်။
Sunday, January 22, 2012
တရုတ်နှစ်သစ်ကူးပွဲတော် ဘယ်က စတယ်
          ပြောရရင်တော့ ဒီပိုစ့်ဟာ အားနေလို့ ရေးဖြစ်သွားတာပါ။  စီလုတ်ပြည်ကြီးမှာ ရောက်နေသော အကျွန်ုပ်တစ်ယောက် တရုတ်နှစ်သစ်ကူး ပိတ်ရက်အတွင်း အဆိုပါ စီလုတ်ပြည်တွင် ပိတ်မိ၍ ခြေချုပ်မိလေသည်ဖြစ်ရကား သွားစရာ မယ်မယ်ရရမရှိ၊ သွားချင်သော်လည်း ချမ်းလွန်းသဖြင့် အပြင်မထွက်ချင်သေကြောင့် အဆိုပါ စီလုတ်တို့ ဘယ်သို့ ဘယ်ပုံ ဤကဲ့သို့သော နှစ်ကူးပွဲကြီးကို ကျင်းပရသနည်းဆိုတာကို သိချင်ပါသောကြောင့် ၀ိကီပီဒီးယားကို လှန်လှောရှာကြည့်လေသော အခါသမယတွင် တရုတ်နှစ်သစ်ကူးနှင့်ပတ်သတ်သော ပုံပြင်ကလေးကို ဖတ်မိပါလေ သတည်း။  သို့နှင့်ပင် အဆိုပါ တရုတ်နှစ်သစ်ကူးနှင့် ပတ်သတ်သော ပုံပြင်ကလေးကို ပိုစ့်လုပ်၍ ဆားချက်လိုက်ပါသည် ခင်ဗျား။
          နှစ်သစ်ကူး အကြောင်းပုံပြင်ပြောရင် အနီ ရောင်နဲ့ ဟုန်ကျွန်း လောင်ဇူးလို့ခေါ်တဲ့ ဟုန်ကျွန်း ဆရာဘုန်းကြီးကို ဖယ်ပြီးတော့ ပြောလို့မရပါဘူး။  ဘာဖြစ်လို့လည်းဆိုတော့ ဒါက အဓိက အခန်းက ပါဝင်ပြီးတော့ တရုတ်တွေ ဘာကြောင့် အနီရောင်ကို သုံးတယ်ဆိုတာကို တွေ့ရလို့ပါ။  လွန်လေပြီးသော ရှေးနှစ်ပေါင်းများစွာကပေါ….. စီလုတ်ပြည်ကြီးမှာ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးတဲ့ အချိန်ရောက်လာပြီဆိုရင်ဖြင့် နယန် (Nian, ) ဆိုတဲ့ ဘီလူးလို အကောင်ကြီးလာ ရွာတွေကို လာပြီးတော့ သောင်းကျန်းပါသတဲ့။  အဲ့ဒီ နယန်ဆိုတဲ့ အကောင်ကြီးဟာ တရုတ်နှစ်သစ်ကူးရဲ့ ပထမရက်ဆိုရင် လူတွေရဲ့ သီးနှံတွေ၊ မွေးထားတဲ့ အကောင်တွေကိုသာမက ရွာသားတွေ အထူးသဖြင့် ကလေးတွေကိုပါ စားသောက်ပါလေရောတဲ့။  ဒီတော့ ရွာသားတွေကလည်း ဒီ နယန်ကောင်ကြီးရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ရန် ဟင်းတွေ ချက်ပြုတ်ပြီးသကာလ သူတို့ အိမ်ရှေ့ တံခါးပေါက်မှာ သွားရောက်ချထား ကြပါသတဲ့။  ဒီလို ချထားရင်ဖြင့် ဒီ နယန်ဆိုတဲ့ အကောင်ကြီးဟာ ဟင်းတွေကိုစားပြီး သူတို့ရွာလေးတွေကို မဖျက်စီးတော့ဘူးလို့ ယုံကြည်ကြပါတယ်။ 
အဆော့ကောင်းလို့ ဦးနှောက်ထဲက အိမ်ရိုက်သံ ခွဲထုတ်လိုက်ရတဲ့ ငနဲ
          လူမှန်ရင်တော့ တစ်ခါတစ်လေ ပေါက်ကရလုပ်ချင်ကြတာပေါ့လေ။  သို့ပေမယ့် ချီကာဂိုက ဒန်တေ အော်တူလို လိုတော့ ခေါင်းထဲကို အိမ်ရိုက်သံချောင်း ရိုက်တဲ့စက်နဲ့ အိမ်ရိုက်သံ ပစ်မသွင်းနဲ့ပေါ့။  ပြီခဲ့တဲ့ သောကြာနေ့မှာတော့ ဒီ ချီကာဂိုမြို့သားကို ဆရာဝန်တွေက ခွဲစိတ်ပြီးတော့ ၃.၇၅ လက်မရှိတဲ့ အိမ်ရိုက်သံချောင်းကို ခွဲထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။  သို့ပေမယ့်လည်း ဒန်တေ ကိုတိုင်ကတော့ ဒီသံချောင်းဟာ သူ့ဦးနှောက်ရဲ့ အလယ်နေရာလောက်ကို အမှန်တကယ်ဝင်သွားခဲ့တယ်ဆိုတာကို ကိုယ်တိုင် မသိခဲ့ပါဘူးတဲ့။  ဆရာဝန်တွေက သူ့ရဲ့ ဦးခေါင်းကိုရိုက်ထားတဲ့ ဓာတ်မှန် ယူလာပြတဲ့အချိန်အထိ သူ့ကို နောက်နေတယ်လို့ပဲ ထင်ပါသတဲ့။ 
          ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဒန်တေ ဟာ စင်လေးတစ်ရင်ကို ဆောက်နေတုန်း သံရိုက်တဲ့ သေနတ်နဲ့ သူ့ဦးခေါင်းကို သူ့ဟာ သူ ပစ်လိုက်ပါတယ်တဲ့။  သူနဲ့ အလုပ်အတူလုပ်နေတဲ့ ဂေးလ် ဂလန်ဇာ ဆိုသူက သူရဲ့ ဒဏ်ရာကို ဆေးကြောပေးပါသတဲ့။  သို့ပေမယ့်လည်း ဒန်တေ ကိုယ်တိုင်ကတော့ သံချောင်းဟာ သူ့ခေါင်းထဲကို ၀င်သွားတယ်ဆိုတာမသိပဲ သူ့ခေါင်းကို တစ်စုံတစ်ယောက်က ထိုးလိုက်သလိုသာ ခံစားရပြီး သံချောင်းဟာ သူ့နားဘေးက ၀င်သွားတယ်လို့သာ ထင်ပါသတဲ့။
Saturday, January 21, 2012
မြှားထုတ်ချင်းဖောက်ဝင်တာတောင် မသေတဲ့ ကြောင်းကလေး ကိုသက်ပြင်း
          တခါတလေကျတော့လည်း လောကကြီးမှ ထူးဆန်းတာလေးတွေက ဖြစ်တတ်ကြတာပဲ။  ခုလည်း “Cupid” လို့ခေါ်တဲ့ ကြောင်ကလေးဟာ သူ့ရဲ့ ပခုံးစွန်း တစ်ဘက်ကနေ အခြား တစ်ဘက်ကို မြှားတစ်စင်းက ထုတ်ချင်းဖောက်ဝင်သွားတာတောင် သေကံမရောက် သက်မပျောက်ပဲ အောင်မြင်စွာ ကုသနိုင်ခဲ့ပါသတဲ့။  အသက် ၂ နှစ်အရွယ်ရှိတဲ့ ကြောင်ကလေး ကျူးပစ်ဟာ ဟူစတင်မြို့က ကြောင်ကလေးဖြစ်ပြီးတော့ ဒီလို ထုတ်ချင်းပေါက် ဒဏ်ရာရပြီး ၃ ရက်အကြာမှာ အဲ့ဒီမြို့က ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကယ်တင်မှု့ကြောင့် ဘရစ်တီမိုး တိရိစ္ဆာန် ဆေးရုံကို ပို့ပေးခြင်းခံရပါသတဲ့။
          ကြောင်ကလေးဟာ ဘယ်သို့ ဘယ်ပုံမြှားချက်မိလာလည်း မသိပေမယ့် ဆေးရုံက ဆရာဝန်ရဲ့ ကုသမှု့ကြောင့် အခုဆိုရင် အိုကေသွားပြီလို့ဆိုပါတယ်။  ဆေးရုံက ဆရာဝန် ဒေါက်တာ တေလာရဲ့ အဆိုအရတော့ ကျူးပစ်ရဲ့ အရေးကြီးတဲ့ အတွင်းကလီစာတွေကိုတော့ ထိခိုက်မှု့မရှိလို့ ဒီကြောင်ကလေးဟာ ပြန်ကောင်းလာမယ်လို့ မျှောလင့်တယ်လို့ဆိုသွားပါတယ်။  သြော်… ဘယ်လို လူတွေကများ ဒီလိုကြောင်ကလေးကို မြှားနဲ့ လက်တည့်စမ်း ပစ်လိုက်တယ် မသိပါဘူး။
Friday, January 20, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၎
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏။
သြော်.. မိန်းမ မိန်းမ
ကျွန်တော်နှင့် မြန်မာနိုင်ငံ၊ ဒီမိုကရေစီနှင့် တိုးတက်မှု့လှိုင်း
          ဒီအကြောင်းကို ရေးချင်နေတာတော့ ကြာပါပြီ။  သို့ပေမယ့်လည်း ရေးသင့် မရေးသင့်ကို ချိန်နေတာရယ်ကြောင့် မရေးဖြစ်ပဲ အောင့်ထားမိတာ။  အဓိက ဆိုလိုချင်တာက ၀ိရောဓိတွေ အကြောင်းရေးချင်တာပါ။  မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ကမ္ဘာ့နည်းပညာ၊ စီးပွားရေး၊ သတင်းအချက်အလက် စတဲ့ လှိုင်းလုံးကြီးတွေ အရှိန်အဟုန်နဲ့ စီးဆင်းမှု့ တွေကနေ ကင်းကွာခဲ့ပြီး အခု ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ရှိလာစပြုလာပြီ ဖြစ်တဲ့အတွက် ဒီ မြန်ဆန်မှု့တွေရဲ့ သက်ရောက်မှု့တွေကို မလွဲမသွေ ခံစားရဖို့ရှိနေပါတယ်။  လောလောဆယ်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် ခေါင်းဆောင်လုပ်မယ့်သူတွေ အလုပ်တွေရှုပ်နေကြတာကို ကျွန်တော်တို့ သတင်းတွေ ဂျာနယ်တွေမှာ ဖတ်နေ၊ ကြားနေရမှာပါ။ 
          မည်သူမဆို ခေါင်းဆောင်ဖြစ်လာပါစေ၊ မည်သည့်ခေါင်းစဉ်တက်လာပါစေ နိုင်ငံပေါင်း ၅ နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အန္ဒိယပင်လယ်ကို ထွက်ပေါက်ရှိနေတဲ့၊ အာရှတိုက်ရဲ့ နဂါးကြီးကို ခေါင်းထိုးထားတဲ့၊ အာရှရဲ့ အိုင်တီ နိုင်ငံကြီးကို ဘေးချင်းအပ်နေတဲ့ အရှေ့တောင် အာရှက လူဦးရေ သန်းခြောက်ဆယ်ကျော်ရှိသော ကျွန်တော်တို့နိုင်ငံကို နိုင်ငံပေါင်းများစွာက အကဲစမ်းဖို့၊ အမြတ်ရဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ များစွာက ရင်းနှီးမြှုပ်နှံရန်အလို့ငှာ စောင့်ကြည့်နေကြပါတယ်။  ပိုမိုပွင့်လင်းမြင်သာမှု့ရှိလာလေလေ၊ ယုံကြည်စိတ်ချရတဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီလို့ သူတို့ ယူဆတဲ့ တစ်နေ့မှာ သူတို့တစ်တွေ ၀င်ရောက်လာကြပြီဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေဟာ ဒီတိုးတက်လာမှု့ရဲ့ လှိုင်းဒဏ်တွေကို မလွဲမသွေခံယူရမှာဖြစ်ပါတယ်။
Thursday, January 19, 2012
နောက်ဆုံး ထွက်သက်မှာ မှတ်ချက်လေးပေးခဲ့နိုင်တဲ့ Facebook ပေါ်က if I die App.
          ဟိုတစ်လောက တိုက်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ ကိစ္စလေးတွေဖြစ်သွား တာတွေ့မှာပါ။  သွားလေသူက သွားလေတော့မှ သူ့ရဲ့ Facebook ပေါ်တက်ကြည့်ပြီး စိတ်မကောင်းတဲ့အကြောင်း၊ ဘာကြောင်းညာကြောင်း ကွန်မန့်တက်ရေးကြပေမယ့် သွားလေသူကတော့ ဘယ်လိုမှ ကွန်မန့်ရေးမပေးနိုင်တော့ပါဘူး။  တစ်ကယ်တော့ သင့်ရဲ့ နောက်ဆုံးသွားလမ်းခရီးရောက်တော့မှ Facebook ပေါ်တက်ပြီး ဘိုင့် ဘိုင့် ဆို လက်ပြနှုတ်ဆက် Status Update လေးချန်ခဲ့ရမယ်ဆိုရင်တော့ သိပ်မနိပ်လှပါဘူး။  အဲ့ဒီအတွက် ရွေးချယ်စရာတစ်ခု ရှိပါပြီ။  ဒါကတော့ If I die ပါ။  အခုတော့ Facebook ပေါ်မှာ If I Die ဆိုတဲ့ App အသစ်ထွက်ပေါ်လာပါပြီ။
          If I die ရဲ့ အလုပ်လုပ်ပုံလေးကတော့ ဒီလိုပါ - ဒီ App လေးကို Install လုပ်၊ ပြီးရင် ဖေ့စ်ဘွတ်ပေါ်က သင့်ရဲ့ အယုံကြည်ရဆုံး လူ ၃ ယောက်ကို ရွေးချယ်ပါ။  ဒီသုံးယောက်ကတော့ တစ်ကယ်လို့ သင်အမှန်အကန် သေသွားခဲ့ရင် သင်သေကြောင်း ထောက်ခံပေးရမယ့် ၃ ယောက်ပါ။  အဲ့ဒီ ၃ ယောက်ကို ရွေးချယ်ပြီးရင်တော့ သင်မှာခဲ့ချင်တာတွေ၊ ပြောခဲ့ချင်တာတွေ ကို ဗီဒီယိုနဲ့ ရိုက်ထားချင်ထား၊ ဒါမှ မဟုတ်လည်း ရေးချင်တာတွေကို တစ်ဝကြီးရေးထားပြီးရင် ဒီ App လေးက သိမ်းထားပေးမှာပါ။
Wednesday, January 18, 2012
ကျွန်တော်နှင့် ကျောင်းသားဘ၀ အမှတ်တရများ ၂
          မှတ်မိသေးတယ် ၁၀ တန်းတက်နေတုန်းက။  စာလည်း ကောင်းကောင်းဖတ်တယ်ကို သိပ်မရှိလှပါဘူး။  ၉ တန်းအောင်သွားကထည်းက မာတာမိခင်က အသေဗျင်းတော့တာပါပဲ၊ ဗျင်းမယ်ဆိုလည်း ဗျင်းလောက်ပါတယ် ၉ တန်းအောင်ပြီး ၁၀ တန်းတက်တော့ ရတဲ့အခန်းက G ခန်း။  ဂလိုနဲ့ ကျွန်တော့်ကို ၉တန်းဖြေပြီး နွေရာသီကျောင်းပိတ်ကထည်းက ကျူရှင်စထားပါတော့တယ်။  ကျွန်တော်တို့တုန်းက ၅ဘာသာ သင်ရိုး၊  မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ သိပ္ပံ နဲ့ လူမှု့ရေးဆိုပြီး ၅ ဘာသာ။ ကျွန်တော်တို့နှစ်ပြီးတော့ ၆ဘာသာ စနစ်ပြန်ပြောင်းသွားပြန်ရော။ 
မှတ်မိသေးတယ် သင်္ချာဆရာကြီးက ကျွန်တော်တို့အိမ်ဘေးက၊ အသင်အပြကတော့ အလွန်ကောင်း။  နောက်ဖေးမှာ ခွေးတစ်အုပ်နဲ့ ကျွန်တော်တို့ ဆော့နေတာမြင်လို့ကတော့ သူသင်နေတဲ့ အတန်းထဲခေါ်ပြီး ထိုင်ခိုင်း၊ တွက်ခိုင်းတော့တာပဲ။  ဒီလိုနဲ့ တွက်လာလိုက်တာ ကျောင်းလဲဖွင့်ရော နောက်ဆုံး ၃ခန်းလားပဲ ကျန်တော့တယ် တြီဂိုရယ်၊ Circle ရယ်၊ နောက်တစ်ခုက Vector ရယ်နဲ့ တူတယ်။  ကျန်တဲ့ အခန်းတွေက တွက်လို့ကုန်ပြီ။  သင်္ချာချိန်တော့ ပျော်တယ်၊ မဆော့သာ မဆော့ရတာ ဆရာနဲ့ဆိုရင် မပျင်းရဘူး အမျိုးမျိုး စဉ်းစားခိုင်း ဟိုဟာတွက်ခိုင်း ဒီဟာတွက်ခိုင်းနဲ့။
Tuesday, January 17, 2012
ကျွန်တော်နှင့် စွန်လွှတ်ခြင်း
          စွန်လွှတ်တယ်ဆိုတာက တစ်ကယ့် စွန်လွှတ်တဲ့ အကြောင်းပါ။  ငယ်ငယ်တုန်း အထက်တန်းကျောင်းသားဘ၀လေး တုန်းက အသည်းအမဲ စွန်လွှတ်တာပါ။  ကျောင်းတွေသာပြီးသွားတာ စာလည်း တစ်ခါမှ သေသေချာချာ ကျက်မှတ်တယ်ကို မရှိတာ။  ကျောင်းသွားတယ်၊ ပြန်လာရင် ဘောလုံးကန်၊ မကန်ရင် စွန်လွှတ်၊ မလွှတ်ရင် ဂိမ်းဆော့၊ မဆော့ရင် ရပ်ကွက်ထဲက ကလေးတွေနဲ့ နည်းမျိုးစုံဆော့ကြတာပါ။
          စွန်လွှတ်တာကိုတော့ တော်တော်လေးကြိုက်ခဲ့ပါတယ်။  စွန်လွှတ်တယ်ဆိုတာက အစပိုင်းတော့ အမွှေးဖွားဖွား လေးတွေနဲ့ အလှစွန်လေးတွေကို လွှတ်ပြီး ကြိုးလေးနဲ့ဆွဲပြေးတာမျိုးပေါ့။  ၅ တန်း၊ ၆ တန်း၊ ရ တန်းလောက်အထိကတော့ အဲ့ဒီ ပန်းဖွားစွန်လေးကိုကိုင်ပြီး ရပ်ကွက်ထဲ လျှောက်ပြေးနေတာ။  နောက် ၈ တန်းလောက်ရောက်လာတော့ တိုက်စွန်လွှတ်စပြုလာပြီ။  တိုက်စွန်လွှတ်ရင် ရစ်ဘီးက မဖြစ်မနေလိုတာကိုး။  မှတ်မိတယ် အဲ့ဒီတုန်းက ရန်ကုန်က ဦးလေးတစ်ယောက်လာလည်တော့ ရစ်ဘီး ခပ်လတ်လတ် တစ်လုံးဝယ်ပေးသွားတာ။ အဲ့ဒီရစ်ဘီးနဲ့ စွန်ကို အသည်းအမဲကို လွှတ်တော့တာ။  တိုက်စွန်တာက ကောင်းကင်မှာ စွန်အချင်းချင်း ပြတ်အောင် တိုက်ရတာကိုး အဲ့ဒီမှာ လေတိုက်တဲ့ ဘက်ရွေးတာ၊ စွန်ရဲ့ ခေါင်းတည်သွားတဲ့ အချိန်အဆကို မှန်းပြီး တစ်ခြားစွန်တွေ ပြတ်အောင် ဖြတ်ရတဲ့ ကစားနည်းကိုး။  အဲ့ဒီတော့ တစ်ခြား စွန်တွေပြတ်အောင်က ကိုယ့်ရဲ့ စွန်ကြိုးမှာ မှန်စာကောင်းကောင်းလိုပါတယ်။ 
Monday, January 16, 2012
ဒီဇိုင်းချို့ယွင်းမှု့ကြောင့် လေယာဉ်တင်သင်္ဘောပေါ် မဆင်းနိုင်တဲ့ F35 Lightning II
          F35 Lightning II ဟာ ကမ္ဘာပေါ်မှာတော့ ဈေးအကြီးဆုံး လေယာဉ်ပျံတွေထဲမှာ အပါအ၀င်ပါ။  ဒါကို အရင်ရေးခဲ့တဲ့ ပိုစ့် ဈေးအကြီးဆုံး တိုက်လေယာဉ်များမှာ ကြည့်နိုင်ပါတယ်။  ဒီလေယာဉ်ဟာ မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေအတွက် ဒီဇိုင်းထုတ်လုပ်တာဖြစ်ပြီးတော့ လေယာဉ် အတက်အဆင်းအတွက် ဒီဇိုင်း ၃မျိုး ထုတ်လုပ်ထားပါတယ်။  ပထမ အမျိုးအစားကတော့ သမရိုးကျ လေယာဉ် အတက်အဆင်းပြုလုပ်နိုင်ပါတယ်။  ဒုတိယ အမျိုးအစားကတော့ လေယာဉ်ပြေးလမ်းတိုမှာလည်း လေယာဉ်ပျံသန်းထွက်ခွာနိုင်ပြီး ဒေါင်လိုက်ပုံစံနဲ့ လေယာဉ်ပျံ ဆင်းသက်နိုင်တာပါ။  တတိယတစ်မျိုးကတော့ လေယာဉ်တင်သင်္ဘောတွေမှာ တင်ဆောင်နိုင်စေရန် ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ခဲ့တာပါ။ ဒီလေယာဉ်တစ်စီးရဲ့ ကုန်ကျစရိတ်ဟာ ပျမ်းမျှ ဒေါ်လာ ၁၂၂ သန်းရှိပါတယ်။          ခုတော့ ပင်တဂွန်ကနေ ပေါက်ကြားလာတဲ့ သတင်းတစ်ရပ်အရတော့ ဒီလေယာဉ်ဟာ ဆင်းသက်ပုံ ရှစ်မျိုးကို စမ်းသပ်ကြည့်ရာမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။  အဓိက အကြောင်းအရင်းကတော့ လေယာဉ်တင်သင်္ဘောပေါ်ဆင်းသက်ရာမှာ လေယာဉ်ရဲ့ အရှိန်ကို အလျှင်အမြန်လျှော့ချစေဖို့နဲ့၊ လေယာဉ်ပျံ ဆင်းသက်နေတုန်းမှာ အရှိန်လွန်ပြီး ပြေးလမ်းကြောင်းမှကျော်ကာ ပင်လယ်ထဲ ထိုးကျမသွားအောင် ထိန်းတဲ့ ချိတ် “arrestor hook” က ပြသနာဖြစ်နေတယ်လို့ဆိုပါတယ်။  အဲ့ဒီလေယာဉ်ရဲ့ ချိတ်ကို သင်္ဘောရဲ့ ကြိုးနဲ့ ဆင်းသက်ချိန်မှာ အံဝင်ခွင်ကျ ချိတ်မိမှ လေယာဉ်ဟာ လေယာဉ်တင်သင်္ဘောပေါ်ကို ဆင်းသက်နိုင်မှာပါ။ ခုတော့ဒီ ချိတ်ဟာ လေယာဉ်ပျံရဲ့ ဘီးနဲ့ အလွန်ကို နီးကပ်နေတယ်လို့ ဆိုပါတယ်။ 
Friday, January 13, 2012
ကမ္ဘာအ၀ှမ်းက အထူးစစ်သည်များ
          ဒီတစ်ခါတော့ ကမ္ဘာအရပ်ရပ်မှ စစ်သမီးများ သို့ အမျိုးသမီးစစ်သည်များ မဟုတ်ပါဘူး၊  ကမ္ဘာအ၀ှမ်းမှာရှိတဲ့ စွမ်းရည်ထက်မြက်တဲ့ အထူးစစ်သည်တွေ အကြောင်းပါ။
Spetsnaz
          ဒါကတော့ ရုရှားနိုင်ငံက အထူးစစ်သည် (Russia’s Special Purpose Regiments)တွေပါ။  ဒီစစ်သည်တွေရဲ့ အရည်အသွေးဟာ အမေရိကန်ရဲ့ နာမည်ကျော် ဦးထုပ်စိမ်း အထူးစစ်သည်များ (Green Berets) ရဲ့ စွမ်းရည်လိုမျိုးရှိတယ်လို့ဆိုပါတယ်။  Spetsnaz တွေအတွက်တော့ အကောင်းဆုံး၊ နာကျင်မှု့ဒဏ်ကို ခံနိုင်ရည်ရှိဖို့၊ စစ်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ဖို့ လေ့ကျင့်ဖို့ဖြစ်ပါတယ်။
          ဒီစစ်သည်တွေဟာ တစ်ဦးနဲ့တစ်ဦး ဒဏ်ရာရစေတဲ့အထိ တိုက်ခိုက်လေ့ကျင့်ကြပါတယ်။  တစ်ခါတစ်လေ သူတို့ရဲ့ နံရိုးတွေ၊ လက်တွေ၊ ကျောရိုးတွေ၊ ခြေထောက်တွေ ပါလေ့ကျင့်ရင်းနဲ့ ကျိုးကြတယ်လို့ ဆိုပါတယ်။  ဒီလိုလေ့ကျင့်မှု့ပြီးဆုံးရင်တော့ အရည်အသွေးပြည့်ဝတဲ့ Spetsnaz အထူးစစ်သားတွေဖြစ်ပါပြီတဲ့။  ဒီအထူးစစ်သည်တွေကိုတော့ မဟာဗျူဟာချမှတ်ဖို့အတွက် ရန်သူ့နယ်မြေအတွင်းဝင်ရောက်ကာ ကင်းထောက်တာတွေ၊ အနီးကပ် တိုက်ပွဲတွေ အသုံးပြုသလို၊ နိုင်ငံရဲ့ အရေးကြီး ရာထူးမြင့်မားတဲ့ နိုင်ငံရေး ပုဂ္ဂိုလ်တွေအတွက်လည်း အနီးကပ် အထူး ကိုယ်ရံတော်အဖြစ် အသုံးပြုပါသတဲ့။
Thursday, January 12, 2012
လိုက်ကြဦးမလား အင်္ဂါဂြိုလ်ပေါ်ကို
             အရင်တုန်းကတော့ သိပ္ပံဝတ္တုတွေ၊ သိပ္ပံဇာတ်လမ်းတွေမှာတော့ အင်္ဂါဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့ စစ်ခင်းတာတွေ၊ ဂြိုလ်သားတွေက ကမ္ဘာကြီးပေါ်ကို လာကြတာတွေကို ဖတ်ဖူးကြမှာပါ။  ခုတော့ လူသားတွေလည်း အင်္ဂါဂြိုလ်ပေါ်ကို သွားဖို့ ပြင်ဆင်နေကြပါပြီ။  ယုံချင်ယုံ မယုံချင်နေမဟုတ်တော့ပါဘူး။  အမှန်တကယ်ကို ပြင်ဆင်နေတာပါ။  အင်္ဂါဂြိုလ်ကို ခရီးကိုသွားဖို့ မိုင်ပေါင်း ၃၅၂ သန်း အကွာအဝေးကို သွားရမှာဖြစ်ပါတယ်။  အင်္ဂါဂြိုလ်ပေါ်ကို ရောက်ဖို ၇ လကြာလောက် ခရီးသွားရပါမတဲ့။  သွားနေတဲ့ ခရီးလမ်းမှာ အာကသထဲက ရောင်ခြည်တွေ၊ ရေခဲမှတ်အောက်ရောက်နေတဲ့ အပူချိန်၊ မြေထုဆွဲအားမရှိတဲ့ အခြေအနေတွေနဲ့လည်း ကြုံရဦးမှာပါ။  ဂြိုလ်ပေါ်ကို ရောက်သွားရင်လည်း မခန့်မှန်းနိုင်တဲ့ အခက်အခဲတွေ ရှိမှာပါ။  တကယ်လို့ သင်အင်္ဂါဂြိုလ်ပေါ်ကို ရောက်ခဲ့ရင်တော့ အပြာရောင် အစက်အပျောက်ကလေးအဖြစ်မြင်နေရမယ့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုကြည့်ပြီး အလွမ်းဖြေနိုင်မှာပါ။  ဒီတော့ အင်္ဂါဂြိုလ်ခရီးစဉ်ကို လိုက်ပါချင်ပါလား?
Wednesday, January 11, 2012
သီးနှံအထွက်တိုးဖို့ မိန်းမငယ်လေးကို ယဇ်ပူဇော်သတဲ့
          အန္ဒိယနိုင်ငံက ၇ နှစ်အရွယ် လာလီတာ တတီလို့အမည်ရတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကထည်းကပျောက်ဆုံးသွားခဲ့တာပါ။  ခုရက်ပိုင်းမှာတော့ သူမရဲ့ ရုပ်အလောင်းကို တွေ့ရှိရာကနေ ဒီအမှု့ကို ခြေရာခံမိတာပါလို့ ဘီဂျာပေါ်ဒေသ ချာဟက်တီဂရှက် က ရဲတပ်ဖွဲ့ကပြောသွားပါတယ်။  ရဲတပ်ဖွဲ့ဟာ အဲ့ဒီဒေသက ဆင်းရဲနုံချာလှတဲ့ လယ်သမား ၂ယောက်ကို ဒီကလေးမလေးကို သတ်တဲ့ အမှု့နဲ့ ဖမ်းဆီးခဲ့ပါတယ်။  ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ ဒီလယ်သမား ၂ယောက်ဟာ အဆိုပါ ကလေးမကလေးကို သူတို့ရဲ့ လယ်မြေတွေမှာ သီးနှံအထွက်တိုးစေဖို့ ယဇ်ပူဇော်တယ်လို့ ဆိုပါတယ်။
          အဆိုပါ တတီဆိုတဲ့ မိန်းကလေးဟာ သူတို့အိမ်နားက အိမ်မှာ ရုပ်မြင်သံကြားသွားကြည့်ပြီးအပြန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။  ရဲအရာရှိအဆိုအရ အဆိုပါ လယ်သမားနှစ်ယောက်ဟာ အဆိုပါ ကလေးမကလေးကို သတ်ပြီးတော့ သူမရဲ့ အသည်းကို ထုတ်ယူပြီး ယဇ်ပူဇော်တယ်လို့ ဆိုပါတယ်။  ခုတော့ ဒီလယ်သမားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တင်မကပဲ သက်သေပါ လုံလောက်တဲ့အတွက် ဒီနှစ်ယောက်ကို လူသတ်မှု့နဲ့ စွဲချက်တင်ပြီးတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဒါမှမဟုတ်ရင် သေဒဏ်ချမှတ်မှာ ဖြစ်ပါတယ်။
          ဒီလယ်သမားနှစ်ယောက်ဟာ တရီဘောလ် “tribals” လို့ခေါ်တဲ့ ဒေသကဖြစ်ပြီးတော့ အဲ့ဒီဒေသတွေဟာ အလွန်ကို တိုးတက်မှု့နှုန်းနှေးကွေးပြီး ပညာမတတ်တဲ့ လူတွေ များတယ်လို့ ဆိုပါတယ်။  အန္ဒိယမှာတော့ လူသားတွေကို ယဇ်ပူဇော်တဲ့ အပြုအမူဟာ အလွန်ကိုတွေ့ရခဲပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ အနည်းငယ် ဖြစ်ပွားလာပါတယ်တဲ့။  သြော်.. မသိမှု့များ တယ်ကြောက်ဖို့ ကောင်းတာကိုး။
Source : (Link)
Tuesday, January 10, 2012
Shanghai Science and Technology Museum သို့ တစ်ခေါက်
         ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ အလုပ်လေးပိတ်တာနဲ့ ရှု့မငြီးကို ခေါ်ပြီးတော့ ရှန်ဟိုင်းမြို့ထဲ လျှောက်ကြည့်ဖြစ်တယ်။  ZPMC ဟိုတယ်ကနေ ရှန်ဟိုင်းကို သွားဖို့က ချန်ရှင်းကျွန်းကနေ ရှန်ဟိုင်း ပူတုန်းဘက်ကို ရေအောက်ဥမင်ကနေ ကားစီးသွားရတာ။  ဒီဥမင်ကတော့ အတော်ရှည်တယ်၊  အချင်းအားဖြင့်ဆိုရင် ကမ္ဘာပေါ်မှာ အကြီးဆုံးဆိုလားပဲ။  မီတာ ၇၄၇၂ မီတာလောက်ရှည်တယ်လို့ ပြောပါတယ်။  ကားစီးရတယ်သာဆိုတယ် ကားဂိတ်က ဘယ်နားမှန်းကမသိ။  အဲ့ဒါနဲ့ အတူတူတွဲလုပ်တဲ့ တရုတ်ကိုမေးရတော့တယ်။  ZPMC ကနေ ကားဂိတ်ကို အငှားကားစီးရင် ၁၅ ယွမ်၊  အဲ့ဒီကနေပြီးတော့ နံပါတ် ၄ လိုင်းကားစီးရင် Shanghai Science and Technology Museum Metro Station ကိုရောက်တယ်ဆိုတာနဲ့ ရမ်းသမ်းမှန်းသမ်းနဲ့ သွားလိုက်တာ မှန်သွားတယ်။  လိုင်းကားခက ၉ ယွမ်ပေးရတယ်။  ဟိုရောက်တော့ တောင်ကြည့်မြောက်ကြည့်နဲ့ Museum ဆိုတဲ့ဟာကြီး သွားကြည့်ကြမယ်ဆိုပြီး သွားကြည့်ကြတာ။  ဟိုရောက်တော့ တစ်ယောက်ကို ယွမ် ၆၀ ၀င်ရေးပေးလိုက်ရတယ်။  ဟိုဟိုဒီဒီသွားကြည့်ဖို့ဆိုပြီးတော့ လက်ကမ်းစာစောင်လေး ကြည့်လိုက်တော့ အားလုံးက စီလုတ်လိုရေးထားတာနဲ့ ပွဲကသိမ်းသွားပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ကြီးအတွက် တိရိစ္ဆာန်တွေတောင် ငိုသတဲ့
          မြောက်ကိုရီးယား သတင်းဋ္ဌာနကကြေငြာချက်မှာတော့ သွားလေသူကြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးကို ပူဆွေးသောကရောက်လွန်းလို့ လူတွေတင်မက ရာသီဥတုတွေ ပိုမိုအေးသွားပါသတဲ့။  ဒါတင်လားဆိုတော့ မဟုတ်ပါဘူး ခုလည်း သွားလေသူခေါင်းဆောင်ကြီးအတွက် ပူဆွေးသောကရောက်လွန်းလို့ တောကျီးကန်းငှက်တွေ၊ ၀က်ဝံတွေပါ ငိုယိုမြည်တမ်းကြပါတယ်လို့ သတင်းထုတ်ပြန်သွားပါတယ်။
          ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ်ဟာ သက်တော် ၆၉ နှစ်အရွယ်မှာ နတ်ရွာစံတော်မူပြီး အထီးကျန်တိုင်းပြည် မြောက်ကိုရီးယားကို ၁၇တိုင်တိုင် စိုးစံသွားခဲ့တာပါ။  သူဟာ ရာသီဥတုကို ထိန်းချုပ်နိုင်သူလို့ သူ့ကိုယ်သူ ယုံကြည်ခဲ့ပြီး အံဖွယ် ဂေါက်စွမ်းရည် ၃၈ကျင်း ကို တစ်ကိုယ်ထည်း တင်ခဲ့သူပါတဲ့။ 
          မြောက်ကိုရီးယား သတင်းဋ္ဌာနက ကြေငြာသွားတာကတော့ “၂၀၁၁ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅နာရီခွဲလောက်မှာ ဘယ်နေရာမှလာမှန်းမသိတဲ့ တောကျီးငှက် ရာပေါင်းများစွာဟာ မြန်ယောင်ထဲ ဒေသရဲ့ ချန်ဒုတ် ကျောင်းဝန်းထဲရှိ သမ္မတကြီး ကင်အီလ်ဆွန်းရဲ့ ရုပ်ထုနားမှာ လာရောက်ဝဲပျံကြပြီး ခေါင်းဆောင်ကြီးတော့ သွားလေပြီလို့” မြည်တမ်းနေကြသယောင်ရှိတယ်လို့ သတင်းထုတ်ပြန်သွားပါသတဲ့။
          ကင်ဂျုံအီးလ် သေဆုံးပြီလို့ သတင်းထုတ်ပြန်တာဟာ ဒီဇင်ဘာ ၁၉ရက်နေ့မှာဖြစ်ပြီး တစ်ကယ်သေဆုံးတာကတော့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာဖြစ်ပါတယ်။  ခေါင်းဆောင်ကြီးဟာ ရထားပေါ်မှာ သေဆုံးတာဖြစ်ပြီး သူ့ရဲ့နိုင်ငံအတွက် လိုအပ်သည်များ မှာကြားရန် သွားရောက်စဉ်မှာ သေဆုံးတယ်လို့ဆိုပါတယ်။ 
Monday, January 9, 2012
သိပ္ပံပညာရှင်တို့ တီထွင်လိုက်သော ပုရွက်ဆိတ် ဘီလူးကြီးများ
          ကနေဒါက သိပ္ပံပညာရှင်တွေကတော့ ပုံမှန်ပုရွက်ဆိတ်တွေရဲ့ ဘိုးဘေးဘီဘင်ကထည်းကရှိခဲ့တဲ့ ဗီဇကို လှုံ့ဆော်စေခြင်းအားဖြင့် အရွယ်အစားကြီးမားလှတဲ့ ပုရွက်ဆိတ်တွေ ကို ဖန်တီးခဲ့ကြပါတယ်။ ဒီလိုဖန်တီလိုက်ခြင်းအားဖြင့် ပုရွက်ဆိတ်တွေဟာ စွမ်းအားကောင်းတဲ့ စူပါပုရွက်ဆိတ် စစ်သားတွေ ဖြစ်လာပါတယ်တဲ့။  သိပ္ပံမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာကတော့ ပုံမှန် အလုပ်သမား ပုရွက်ဆိတ်တွေနဲ့ စစ်သည် ပုရွက်ဆိတ်တွေကို ဟော်မုန်း ထိုးပေးခြင်းအားဖြင့် အဆိုပါပုရွက်ဆိတ်တွေဟာ စူပါ ပုရွက်ဆိတ်စစ်သည်တွေ ဖြစ်လာပါသတဲ့။ အပေါ်ပုံမှာ မြင်ရသလို ပုံမှန် ပုရွက်ဆိတ်စစ်သည်နှင့် စူပါ ပုရွက်ဆိတ်စစ်သည်ပါတဲ့။
          ဒီလို စူပါ စစ်သည် ပုရွက်ဆိတ်တွေဟာ သဘာဝအတိုင်းလည်း ကြီးထွားရှင်သန်နိုင်ပြီး ၄ မီလီမီတာ အထိ ကြီးနိုင်ပါသတဲ့။  အဲ့ဒီလို ပုရွက်ဆိတ်မျိုးကို အမေရိကန်နဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ သဲကန္တရတွေမှာ တွေ့နိုင်ပါတယ်။  ဒီစစ်သားတွေရဲ့တာဝန်ကတော့ သူတို့အသိုက်အမြုံရဲ့ အ၀င်အ၀တွေကို သူတို့ရဲ့ ကြီးမားလှတဲ့ ဦခေါင်း၊ မေးရိုးကြီးတွေနဲ့ ပိတ်ဆို့ကာ အခြားသော လာရောက်တိုက်ခိုက်တဲ့ ပုရွက်ဆိတ်တွေရန်မှ တွန်းလှန် ကာကွယ်ဖို့ ဖြစ်ပါသတဲ့။
Saturday, January 7, 2012
ရွှေပြည်ကြီးအပြန်ခရီးစဉ် အပိုင်းအစများ
          ပြန်လာတော့ အမှတ်တရ ၀ယ်လာတာက သော့ချိတ်နှစ်ခု။  ဗိုလ်ချုပ်ပုံနှင့် အမေစုပုံ သော့ချိတ်ဖြစ်သည်။  ဒါမျိုးတွေ ခုမှမြင်ရတော့သည်။  အမေစုရဲ့ ပိုစတာကြီးတွေ့တော့ ကားပေါ်ကနေ မှီအောင် မနည်းရိုက်ယူရသည်။  ရွှေပြည်ကြီးက ပြန်ရောက်တာကတော့ ကြာကြာလှပြီပေါ့။  သို့ပေမယ့်လည်း ပြန်ကထဲက အချိန်ကမရ၊ ဟိုပြေးဒီလွှားနဲ့ သွားချင်လှတဲ့ ချောင်းသာမှာ အုန်းသီးထဲ ၀ီလေးထည့်ပြီးတောင် မစုပ်ခဲ့ရပါဘူး။  ခုလည်း စင်ကျားပေါမှာ ခဏလေး အ၀င်ပြပြီး စီလုတ်ပြည်ကို ပြန်ခြေချရပြန်ပြီ။
တနေ့တာ
မပစ်ပစ်က ၂၀၁၂ အတွက် တစ်နေ့တာဆိုပြီး တက်ဂ် ချလိုက်တော့ ကျွန်တော့် တစ်နေ့တာလေးကို
 သူ့ပုံစံလေးအတိုင်း ပြန်ရေးလိုက်ပါတယ်။  ၂၀၁၂ ကတော့ ကျွန်တော့်အတွက် လောလောဆယ် 
ပျင်းစရာ အတော်ကောင်းသော နှစ် အစပိုင်းဖြစ်နေပါတယ်။  ဒီကြားထဲ ခုဒီနှစ်မှာ သင်္ဘောအသစ် 
၂စီးဆောက်နေတဲ့ သင်္ဘောကျင်းကလည်း Heavy Industry ဆိုတဲ့ဟာကြီးဖြစ်နေတော့ တစ်နေရာနဲ့ 
တစ်နေရာကို အနည်းဆုံး ၁၅ မိနစ်လောက် လျှောက်သွားနေရပါတယ်။  အလုပ်ကတော့
 ပြောပလောက်အောင် မများပေမယ့် ခြေတိုတာရယ်၊ ဟိုတယ်ထဲမှာ ပိတ်မိနေတာရယ်ကြောင့် 
ပရုတ်လုံးလို လုံးပါးပါးနိုင်တဲ့ နှစ်ဖြစ်နေပါတယ်။
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
    Alarm မည်နေတဲ့ ဖုန်းကို ဂြိုလ်ကြည့်ကြည့်ပြီး ပိတ်ပါတယ်။  မိန်းမကို နှိုးပါတယ်။
မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ
     လက်ဖက်ရည် ပုံမှန် လေးတစ်ခွက်ရယ်၊ ပဲနံလေးတစ်ပွဲလောက်စားပြီး သူငယ်ချင်းတွေနဲ့
 လေပန်းရတာကို ကြိုက်ပ။
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
    ခုတော့ မနက်တိုင်း  ၆နာရီခွဲမှာ ဟိုတယ်က စားသောက်ဆိုင်ဖွင့်တော့ အဲဒီအချိန်သွား ၁၅ 
မိနစ်လောက်စောင့်ရတဲ့ ဂျုံနဲ့ပြောင်းဖူးဆံ ကျိုထားတဲ့ခွက်တစ်ခွက်ရယ် ကော်ဖီတစ်ခွက်ရယ်ကို ၂ 
မိနစ်အတွင်းအအေးခံ ၃မိနစ်အတွင်းပြီးအောင်သောက် ၆နာရီ ၅၀ လာကြိုတဲ့ ကားဆီကို 
ဒရောသောပါးပြေးပြီး အလုပ်တက်နေရပါ၏။
နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
       အိမ်မှာ ငပိဖျော်ကောင်းကောင်းလေးနဲ့ တို့စရာ အစုံလေးနဲ့ အရည်သောက်လေးနဲ့ စားချင်သပေါ့။
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ
   မသောက်ပါ
ညနေစာကိုဘယ်မှာစားတတ်ပါလဲ
    ညစာကတော့ အမြဲတမ်း ဟိုတယ်က စားသောက်ဆိုင်မှာ ပါရမီထူးချွန်သော ဘာချက်ချက်ဘယ်လိုမှ 
စားမကောင်းသော စားဖိုမှုး၏ လက်ရာကို သည်းခံကာ မြိုချ စားသောက်နေရပါကြောင်း။
ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ
    ဟင်း…… ဘာအရသာကြီးမှန်းမသိဘူးကို တလုပ်စားပြီးတိုင်း တစ်ခါစဉ်းစားမိပါတယ်။
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
   အေးဒယ်… အေးလိုက်ဒါ…. ဂတ်… ဂတ်… ဂတ်……  သြော်.. ဘ၀ ဘ၀ ဘ၀….
Tuesday, January 3, 2012
အသက် ၉၉ နှစ်ရောက်မှ ကွာရှင်းတဲ့ အဖိုး
          အန်တိုနီယို စီ လို့ ခေါ်တဲ့ အီတလီနိုင်ငံက အသက် ၉၉ နှစ်ရှိပြီဖြစ်တဲ့ အဖိုးအိုကတော့ ပြီးခဲ့တဲ့ ခရစ်စမတ်မတိုင်ခင်က သူ့မိန်းမဖြစ်သူ အသက် ၇၇ နှစ်ရှိတဲ့ ရိုဆာ စီ ဆိုသူကို တရားရုံးဦးတိုက်ပြီး ကွာရှင်းခဲ့ပါသတဲ့။  ကွာရှင်းရတဲ့ အကြောင်းကတော့ သူ့မိန်းမဖြစ်သူဟာ ၁၉၄၀ ၀န်းကျင်တုန်းက သူမရဲ့ချစ်သူနဲ့ ဖောက်ပြန်ခဲ့လို့ပါတဲ့။  ဒီအကြောင်းကို ရေးထားတဲ့ စာကလေးကို အဖိုးကြီးကတွေ့သွားပြီး တရားရုံးကို ပို့တာဖြစ်ပါတယ်။ 
          ခုတော့ ဒီလင်မယားဟာ နှစ်ပေါင်း ၈၀လောက် တွဲလက်မြဲခဲ့တဲ့ နေ့ရက်လေးတွေကို ဖြုတ်ဖို့ ပြင်ဆင်နေပါတယ်။  သူတို့မှာ သားသမီး ၅ ယောက်ရှိပြီး မြေးပေါင်း ဒါဇင်ကျော်ရှိကာ မြစ်တစ်ယောက်ပါ ရနေပြီဖြစ်ပါတယ်။  ဒီလို ဖောက်ပြန်တဲ့ စာတစ်စောင်ကို တွေ့ပြီးကထည်းက အိမ်ထောင်ရေးဟာ မသာမယာ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကထည်းက အဖိုးအိုဟာ ရောမမြို့မှာ ရှိတဲ့ သူတို့ အိမ်ကလေးကနေပြီးတော့ သူ့သားသမီးတွေဆီကို ပြောင်းနေခဲ့တာပါ။
          အဖိုးအိုဟာ ဇနီးဖြစ်သူကို ၁၉၃၀ ၀န်းကျင်တုန်းက အီတလီနိုင်ငံ နေပယ်မြို့ကလေးမှာ စတင်တွေ့ရှိခဲ့ပြီး အဲ့ဒီကနေစပြီးတော့ လက်တွဲခဲ့ကြတာပါတဲ့။  ဒါဟာ သမိုင်းမှတော့ အသက်အကြီးဆုံး ကွာရှင်းမှု့ပဲဖြစ်ပါတယ်။  ဒီမတိုင်ခင်ကတော့ အသက်အကြီးဆုံးကွာရှင်းတဲ့အမှု့ဟာ အင်္ဂလန်နိုင်ငံက ဘာတီ နဲ့ ဂျက်စီ ၀ုဒ် တို့အတွဲဖြစ်ပြီး သူတို့ဟာ နှစ်ယောက်စလုံး အသက် ၉၈ နှစ်အရောက်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။
          သြော်.. အိမ်ထောင်ရေးဖောက်ပြန်တော့လည်း ဒီလို အဖြစ်အပျက်တွေဟာ အရိပ်မည်းကြီးလိုပဲ ဘ၀တစ်လျှောက်လုံး လိုက်နေတာပါပဲ။
Source : (Link)