ကော်ဖီတစ်ခွက်ဖျော်သည်။ မြည်းကြည့်လိုက်သည်။ သိပ်မကောင်းလှပါ။ သိပ်မကောင်းလှဆိုသည်မှာ စိတ်က ထင်နေတာဖြစ်မည်။ သရီး အင် ၀မ်းအထုတ်ကို ဖန်ခွက်ထဲထည့်ကာ ရေနွေးလောင်းထည့်သည်ကို
ကော်ဖီဖျော်သည်ဟု ကျွန်တော်က ခေါ်လိုက်သောကြောင့်ဖြစ်မည်။ မည်သို့ပင် နာမည်တပ်စေကာမူ သောက်နေကျခွက်ကို ရေကလည်း
ဒီအနေပဲ ထည့်လိုက်တာ… ဒီအရသာ သာ ထွက်ရမည်။
စိတ်ကြောင့် သာ သိပ်မကောင်းလှဟု ကျွန်တော်ထင်တာဖြစ်မည်။ ကော်ဖီကို တော့ အားနာသည်။ သူ့ရှေ့မှာ သူ့မကောင်းကြောင်းပြောရသဖြင့် အနည်းငယ်
ရှက်သလိုလို၊ ဖြစ်သွားသည်။ ဘေးဘီကို ကြည့်လိုက်တော့ ကျွန်တော်တစ်ယောက်ထဲ။
အားနာသော်လည်း မတတ်နိုင် ကော်ဖီခွက်ကို ဘေစင်ထဲသို့
သွန်လိုက်သည်။ စင်ပေါ်တွင် ၀ိုင် လက်ကျန်တစ်လုံးရှိသည်။ ထို့ကြောင့် ၀ိုင် တစ်ခွက် ငှဲ့လိုက်ပြီး အာလူးကြော်
အထုပ်သေးတစ်ထုပ်ဖောက်ကာ ၀ရန်တာထွက်လိုက်သည်။
အေးနေသည်၊ လေကလည်း စိမ့်လှသည်။ ထို့ကြောင့် အနွေးထည်ဝတ်လိုက်သည်။ ဆေးလိပ်တစ်လိပ်ကို ဖွာကြည့်သည်။ ဖွာလို့ကောင်းသည်။ လမ်းမီးတို့ လင်းနေပြီ။ နေရောင်ခြည်သုံး လမ်းမီးတို့ဖြစ်သည်။ အိမ်ရှေ့မှ မြင်နေရသည့် ဟောင်းဟို မြစ်ကလေးမှာ မီးတို့ဖြင့်အလှဆင်ထားသည်။ မြစ်ထဲမှ လှေကလေးတွေ ဥဒဟို သွားနေကြသည်။ ဒီလောက် အေးနေတဲ့ အထဲမှာ လှေစီးနိုင်ကြသေးသည်။ ကားများက ဥဒဟို။ မီးပွိုင့်က နီ သွားလိုက်၊ စိမ်းသွားလိုက်၊ ၀ါသွားလိုက်။ ကားတွေကလည်း ရပ်သွားလိုက် ရွှေ့သွားလိုက်။ ၀ိုင်ကို တစ်တို့တို့လိုက်သည်၊ အာလူးကြော်ကို မြှုံ့လိုက်သည်။ ခပ်လှမ်းလှမ်းမှာ ကေတီဗီရှိသည်။