စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Showing posts with label ၀တ္တုတို. Show all posts
Showing posts with label ၀တ္တုတို. Show all posts

Wednesday, July 23, 2014

ခမ်းနားသော ဖွင့်ပွဲ


         [ဒီဝတ္တုတိုလေးကို ဆရာ မြင့်သန်းဘာသာပြန်ထားပြီးတော့ မူရင်းကတော့ တရုတ်စာရေးဆရာ လောဝ်ရှု ရေးသားထားတာဖြစ်ပါတယ်။  သူ့ခေတ်၊သူ့အခါက လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတာကို သရော်ပြီးရေးထားတဲ့ ၀တ္တုတိုလေးဖြစ်ပါတယ်။]

ဝါန်း­­­­ရယ်၊ ချူရယ်၊ ကျွန်တော်ရယ် စပ်ပြီး ဆေးရုံတစ်ခု ဖွင့်ကြတယ်။  ၀ါန်းရဲ့ မိန်းမက သူနာပြုဆရာမချုပ်ဖြစ်လာမယ်။  အလျင်ကတော့ ရိုးရိုးသူနာပြုဆရာမပဲ။  ယောက်ျားရတော့ ဆရာဝန်ကတော်ရယ်လို့ အဆင့်တက်သွားရာက အခု သူနာပြုဆရာမချုပ်ဖြစ်လာမှာ။  ချူရဲ့ ယောက္ခမအထီးကြီးကတော့ လုပ်ငန်းပိုင်းဆိုင်ရာ မန်နေဂျာနဲ့ စာရင်းကိုင်အဖြစ် တာဝန်ယူမယ်။  ဒီိကိစ္စ အားလုံးအတွက် ၀ါန်းနဲ့ ကျွန်တော် ညှိပြီးပြီ။  တကယ်လို့များ ချူရဲ့ ယောက္ခမကြီး စာရင်းလိမ်တာတို့၊  အလွဲသုံးစားလုပ်တာတို့များ လုပ်လာခဲ့ရင် ၀ါန်းနဲ့ ကျွန်တော်က အဘိုးကြီးရဲ့ သမက်ကို ပညာပေးရုံပဲ။  အပြတ်ကိုင်ရုံပဲ။  ဒီတော့ ချူက သူ့ယောက္ခမကြီး အတွက် အာမခံတင်ထားရတာမျိုး။  ၀ါန်းနဲ့ ကျွန်တော်က ဒီကိစ္စမှာ အမာခံတွေ။  ဆေးရုံဖွင့်ကြမယ်ဆိုတဲ့ အကြံကိုက ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြံ။  ကျွန်တော်တို့ခေါ်လို့ ချူက နောက်မှ ပါလာတာ။  သူ့ကိုတော့ မျက်စိဒေါက်ထောက် ကြည့်ရမှာပဲ။

         ဘယ်လိုစီးပွားရေးလုပ်ငန်းကိုပဲ လုပ်လုပ်။  လုပ်ကိုင်ကြတဲ့ လူအရေအတွက်က ဘယ်လောက်ပဲ နည်းနည်း၊ သူ့လူ ကိုယ့်လူ ရယ်လို့ အုပ်စုခွဲတာကလေးကတော့ ရှိမှာပဲ။  အဲဒီလိုမှမဟုတ်ရင် လုပ်ငန်းတစ်ခုလုံးအပေါ် သိပ်ပြီး ဂရုမစိုက်သလိုမျိုး ဖြစ်နေမှာပဲ။  မဟုတ်ပေဘူးလား။  ဒီတော့ ကျွန်တော်တို့ ဘယ်လို အုပ်စုခွဲမယ် ဆိုတာကို တင်ကူးပြီး စီမံထားလိုက်ကြတယ်။  ၀ါန်းနဲ့ကျွန်တော့် အုပ်စုထဲမှာ ချူ မိန်းမကို ထည့်ရမယ်။  ဒါမှ တစ်ခုခုအပေါ် မဲခွဲကြရင် ကျွန်တော်တို့က သုံးမဲ၊ သူက တစ်မဲတည်း။  သူ့ယောက္ခမကြီးက ၀ါးန်ဘက်က ပါကောင်း ပါမယ်။  အဘိုးကြီးက အိုလှပြီ။  ၀ါန်း မိန်းမက ကျွန်တော်တို့အုပ်စုထဲ ပါနေမှတော့ အဘိုးကြီး ကိစ္စကို သူ့စရိတ်နဲ့သူ ရှင်းပါလိမ့်မယ်။

         ချူနဲ့ ပတ်သက်လို့ ချီမွမ်းစရာ ရှိတာကလေးကိုတော့လည်း ချီးမွမ်းရဦးမယ်။  သူ့ဟာနဲ့သူ တော်တဲ့အပို်င်း ရှိတယ်။  လိပ်ခေါင်းဖြတ်ရာမှာ တော်တယ်။  ဓားကိုင်ကောင်းတဲ့ လူတစ်ယောက် သူ့အလုပ်မှာ သူတော်တယ်ဆိုတာကဖြင့် ၀မ်းမြောက်စရာပဲ။  ဒါကြောင့်မို့ပဲ သူ့ကို ကျွန်တော်တို့ လုပ်ငန်းထဲကို ဖိတ်ခေါ်ခဲ့တာ။  တကယ်လို့များ သင်းက လူလည် ကျလာခဲ့ရင်တော့ သူ့ရဲ့ ခွဲစိတ်ကုသရာမှာ ကျွမ်းကျင်တာတွေ အသာမေ့ထား၊ ကောင်းကောင်းချည်း ဆုံးမပေးရလိမ့်မယ်။

Tuesday, February 12, 2013

ဖန်ခွက်


          တခါတလေကျတော့ ဖန်ခွက်နဲ့ စကားပြောရတာ တော်တော်လေး အဆင်ပြေတယ်။  တခါတလေတော့ ဖန်ခွက်နဲ့ စကားပြောရတာ ပျင်းစရာကောင်းတယ်။  ဒါပေမဲ့ အလုပ်ဖြစ်တယ်။  ကိုယ်ပြောချင်တာပြော… သူကနားထောင်တယ်။  ဒီအတွက် တစ်ခါမှ ပျင်းရိတယ်မှရှိဘူး။  အမြဲတမ်း လတ်ဆတ်နေတယ်၊  မကြိုက်ရင် ဖန်ခွက်အသစ်တစ်ခွက် လဲလိုက်ဖို့ပဲ။  ပြောချင်တဲ့ အကြောင်းအရာ တစ်ခုပြီးသွားတိုင်းမှာ ဖန်ခွက် အသစ်တစ်ခွက် လဲလိုက်ဖို့ပဲ။  ဒီအတွက် ဘာမှ ထူးထူးထွေထွေ လုပ်နေစရာမလိုဘူး။ 
ဒါဟာ လူတစ်ယောက်ကို စကားပြောနေရတာနဲ့ မတူတဲ့ အချက်ပဲ။  လူတွေကျတော့ ဒီလိုမဟုတ်ဘူး။  ဖန်ခွက် တစ်ခွက်လိုမျိုး အလှဲအလှယ်လုပ်လို့မရဘူး။  နောက်ပြီးတော့ သူတို့ပြောချင်တဲ့ အကြောင်းအရာတွေကို လိုက်လိုက်လျောလျော နားထောင်ပေးရတာမျိုးလဲ ရှိသေးတယ်။  နွားပျောက်သွားတဲ့ အကြောင်းလဲ ပြောချင်ပြောမယ်၊  ဇာတ်ပျက်သွားတဲ့ အကြောင်းလဲ ပါချင်ပါမယ်၊  သမိုင်းထဲက နေ့စွဲတွေကို ရွတ်ချင်ရွတ်နေဦးမယ်၊  တခါတလေ အလိုက်သင့် နားထောင်ပေးရတာ တော်တော့်ကို ကသိကအောက် ရောက်တဲ့ ကိစ္စတစ်ခု။  ဒီလိုနေရာတွေကျတော့ ဖန်ခွက်တွေနဲ့ ဆက်ဆံရတာ အများကြီး နေသာထိုင်သာ ရှိတယ်။
ဖန်ခွက်မှာလဲ သူ့ရာဇ၀င်နဲ့ သူတော့ ရှိတာပဲ… ဒါပေမယ့် သိပ်ပြီးတော့  ခမ်းနားကြီးကျယ်တဲ့ ဇာတ်ကြောင်းလှန်ဖို့ရာ သိပ်မရှိဘူး။  ဖန်ခွက်တစ်လုံးဟာ လူတစ်ယောက်နဲ့ နှုတ်ခမ်းချင်းတေ့ပြီးတော့ အလုပ်သဘော ဆက်ဆံဖူးတာရှိဖူးမယ်။  ပြီးရင် နောက်တစ်ယောက်၊ နောက်တစ်ယောက် ဒီလိုနဲ့ သူ ကွဲရှသွားတဲ့တစ်နေ့ဟာ သူ့ဘ၀ ဆုံးခန်းသတ်သွားတဲ့နေ့ပဲ။  သူ့နေရာမှာ တစ်ခြား ဖန်ခွက်တစ်လုံးက ဆက်လက် အလုပ်လုပ်ပေးနေဦးမှာပဲ။ 
အရှေ့တိုင်းဖန်ခွက်နဲ့ အနောက်တိုင်း ဖန်ခွက် ဘာကွာခြားလဲတော့ မသိဘူး။  ဖန်ခွက်ဟာ ဖန်ခွက်ပဲပေါ့။  ဒါပေမဲ့ အရှေ့တိုင်းက မိန်းကလေးတွေနဲ့ အနောက်တိုင်းက မိန်းကလေးတွေကတော့ ကွာချင်ကွာမှပေါ့။  ဂျပန်မှာဖြစ်ဖြစ်၊ တရုတ်မှာဖြစ်ဖြစ် ဘား မှာ သွားထိုင်ရင် သူတို့က ခင်ဗျားဘေးမှာ လာထိုင်ပေးမယ်။  ခင်ဗျား ပြောသမျှ သူတို့နားထောင်မယ်။  ဒီအတွက်တော့ ခင်ဗျားက သူတို့သောက်သမျှ ရှင်းပေးရဦးမယ်။  That’s the deal.  ဖန်ခွက်တွေကျတော့ သူတို့အတွက် တိကျတဲ့ ဈေးနှုန်းရှိပြီးသား။  ကိုယ်ကြိုက်တာမှာပြီး ငွေပေးခြေလိုက်ရုံပဲ။  သိပ်ပြီး ထူးထူးထွေထွေ ရှိလှတယ် မဟုတ်ဘူး။

Thursday, August 16, 2012

ငါနှင့် ငါ့အကြောင်း


ငါဟာ ငါဖြစ်တယ်။  ငါ့ဖြစ်တည်မှု့ဟာ ငါဖြစ်တယ်။ ငါ့အတွက် ငါလို့ သတ်မှတ်ဖို့တော့ ခက်တယ်။  ငါ့ဟာ ဖြူစင်တဲ့ သိုးငယ်တော့ မဟုတ်ဘူး။ ငါဟာ မြေခွေးတစ်ကောင်။ ငါ့မှာ သွေးစုတ်ဖုတ်ကောင်လိုမျိုး အစွယ်ရှိတယ်.. ဒါပေမယ့် ငါ့အစွယ်တွေဟာ မင်းတို့ရဲ့ ထူလှတဲ့ အရေပြားကို တိုးလို့ မပေါက်နိုင်ဘူး။ ငါ့တို့ရဲ့ လူနေမှု့စရိတ်၊ လစာ၊ မိသားစု ဒါတွေကြားမှာ ငါဟာ ငါ့ဂုဏ်သိက္ခာကို ၂ သောင်းလောက်နဲ့လည်း ရောင်းချင်ရောင်းရရဲ့၊ ငါ့ မာနကိုလည်း သိန်း ဂဏန်းလောက်နဲ့ ရောင်းရင် ရောင်းရရဲ့။ အပ်ကြောင်းထပ်နေတဲ့ မဖြစ်သင့်တဲ့ အမှားတွေအောက်မှာ ငါ့ခေါင်းတွေကိုလည်း ခဏ ခဏ ငြိမ့်ရရဲ့။ ကြာလာတော့ ဒီအမှားတွေဟာ နေ့စဉ်စားသုံးတဲ့ လူမှု့ရေးထုတ်ကုန်တွေလို လှိုင်လှိုင်ထလို့။  လူတွေက အမှားတွေကြားမှာ ကခုန်မြူးတူးလို့၊ ဇာတ်တူသားတွေရဲ့ အသွေး၊ အသားတွေကို မြိန်ရည် ယှက်ရည်စားသုံးလို့။  ပတ်ဝန်းကျင်မှာလည်း အရေထူထူ၊ အစွယ်ဖွေးဖွေးတွေက ငါ့ကို ချောင်းမြောင်းကြည့်နေတယ်။  ဒီလိုနဲ့ ငါ့သွေးသား၊ ငါ့လူမျိုးတွေကို ငါကိုယ်တိုင် သစ္စာဖောက်တာ ခဏ ခဏပေါ့။  ဒီလိုနဲ့ ငါဟာ ငါ့မျိုးဆက်သစ်တွေကို မြေခွေးတွေလို ချောင်းမြောင်းတတ်အောင်၊ သွေးစုပ်ဖုတ်ကောင်လို အစွယ်တွေ ထွက်လာအောင် သင်ကြားပေးရမယ်။  ဒါမှ သူတို့ဟာ ဒီလိုပတ်ဝန်းကျင်မှာ ရှင်သန်နိုင်စွမ်းရှိကြမယ်။  ဒီလိုနဲ့ တစ်နေ့မှာ သူတို့ ငါ့ကို ကိုက်ဖြတ်စားသောက်ကြမယ်။  ဒါပေမယ့် ဒါဟာ သဘာဝပါပဲလို့ သူတို့ လွယ်လွယ်ကူကူ လက်ခံကြလာလိမ့်မယ်။  ခြတွေပြည့်နေတဲ့ ခြအိမ်ကြီးကို ငါတို့ ဖန်တီးကြမယ်။ ဒါဟာ မှားယွင်းမှု့လို့ သူတို့ ဘယ်တော့မှ သိတော့မှာ မဟုတ်တော့ဘူး။ 
ပြောင်းလဲမှု့တွေအောက်မှာ မပြောင်းလဲတာက ငါ့ ကိုယ်ကျင့်တရားလား၊ ငါ့ ပတ်ဝန်းကျင်လား နုနယ်သေးလွန်းပါတယ်ဆိုတာ အကြောင်းပြချက်တစ်ခုပဲလေ၊ ကလေးငယ်တွေ နုနယ်တယ်ဆိုတာ နှလုံးသားပါ ဖြူစင်တယ်၊ ဒါပေမယ့် ငါတို့ရဲ့ မဲညစ်တဲ့ နှလုံးသားတွေနဲ့ “နုနယ်မှု့”ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး နုနယ်ခြင်းကို အရောင်တွေ အထပ်ထပ်ဆိုးလို့။  တိုးတက်မှု့ကို စကားပြောရုံ၊ လက်ညှိုးလျှောက်ထိုးရုံနဲ့တော့ မရတာ ငါ့တို့ သိဖို့ကောင်းတယ်။  တိုးတက်ဖို့အတွက် ပေးဆပ်မှု့တွေဟာ သူ့တာဝန်လား၊ ဘယ်သူ့တာဝန်လည်း?  ငါ့တာဝန် မဟုတ်ရင် ပြီးတာပါပဲလေ။  ငါဟာ တိုးတက်မှု့ရဲ့ သစ်သီးတွေကိုသာ စားသုံးဖို့ မွေးဖွားလာတာ။  မနေနိုင်သူတွေသာ ပေးဆပ်ကြမပေါ့။  တန်ရာတန်ကြေးရဲ့ ၀န်ဆောင်မှု့ကို ငါတို့ သဘောမပေါက်ဘူး။  ငါ့မျက်နှာက အပြုံးတွေဟာ ငါ့အလုပ်ကို ရောက်ရင် ပျောက်သွားတာကြာပေါ့။  ဒါပေမယ့် ငါတို့မေ့နေတာဟာ ငါတို့ရပ်တည်မှု့အတွက် အလုပ်လိုအပ်တယ်ဆိုတာကို။  နောက်တစ်ခုက အလုပ်ဆိုတာဟာ ၀န်ဆောင်မှု့ တစ်မျိုးဖြစ်တယ်ဆိုတာကို ငါတို့မေ့နေတယ်။  ငါတို့ သာယာလှတဲ့ ပတ်ဝန်းကျင်ကို လိုချင်တယ်။  ငါတို့ တိုးတက်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်တယ်။  သာယာဖို့ဆိုတဲ့ ၀ိသေသ နောက်မှာ အပြုံးတစ်ပွင့်လိုအပ်တယ်။  ငါကိုယ်တိုင်က ပြုံးဖို့ မေ့လျှော့နေတော့ ငါ့ပတ်ဝန်းကျင်မှာလည်း အပြုံးပွင့်တွေ ဆိတ်သုန်းနေကြတာ ဘာဆန်းတုန်း။  ငါ့အလုပ်ထဲကို ရောက်လာတဲ့ ဖောက်သည်တွေဟာ ငါ့ကို ပင်ပန်းအောင် နှိပ်စက်တဲ့ လူသားတွေ၊  ဒီလို လူသားတွေကို ငါဘာဖြစ်လို့ ကောင်းရမှာလဲ၊ မဟုတ်ဘူးလား၊ ဒါဟာ အမှန်တရားလို့ ငါယူဆတယ်။  ငါ့နှလုံးသားကို ငါ့ကိုယ်တိုင် မှန်ထဲပြန်ကြည့်ဖို့မေ့နေတာ ပင့်ကူမျှင်တွေတောင် တက်ပေါ့။  ငါ့အတွက်… ငါ့ဟာ… ငါကောင်းဖို့… နဲ့ ငါ ငါ ငါ… ငါသည် အစွယ်ဖွေးဖွေးတို့ကြားမှာ မိုးခါးရေတွေ တစ်ရှိုက်မက်မက်သောက်လို့။   ဒီလိုနဲ့ ဒီလို အတွေးမျိုးတွေးတဲ့ ငါဟာ အမှားကြီးကို မှားနေသပေါ့။  တိမ်ညိုညိုတွေအောက်မှာ မိုးရေ ခါးခါးတွေက ရွာလို့ ကောင်းတုန်း……….

Monday, January 30, 2012

ဆားပုလင်း အောင်ထွဋ်နှင့် နတ်ကတော်ပါပု (တဂ်ပိုစ့်) - အပိုင်း ၂


       
     ထိုအချိန်တွင် ကိုမောင်သန့်တစ်ယောက်မှာ မနက်စာ လက်ဖက်ရည်သောက်ပြီး မောင်ဘကြိုင်ခြံရှေ့ ဖြတ်လျှောက်သွားချိန်နှင့် တိုက်ဆိုင်နေရကား “ဟ ဟုတ်ပြီ စင်ကာပူ ပရိုမိုးရှင်းတွေ ခဏထား ဒီသတင်းထူးတယ်” ဆိုပြီး ပိုစ့်အသစ်တင်ရန် ခပ်သုတ်သုတ်နှင့် သူ့အိမ်သို့ ခပ်သုတ်သုတ်ပြန်သွားသည်ကိုကား ကျွန်ုပ်တို့ ၄ ယောက်စလုံး မသိလိုက်ပါချေ။    
     
ကျွန်ုတို့လူစုမှာကား နတ်ရုပ်ကြီးကို မသွားသော ဂျက်စ် နှင့် လွင်ပြင်တို့နောက်သို့ လိုက်ရန် ပြင်ရလေတော့သတည်း။  သို့သော် ထိုစုံတွဲမှာ မည်သို့မည်ပုံ ခြေရာဖျောက်သွားသည်မသိ၊ စံပယ်တစ်ပွင့်မှ လွဲ၍ မည်သည့်သဲလွန်စမျှ ရှာမတွေ့တော့ချေ။  ထိုသို့နှင့်ပင် ကျွန်တော်တို့ ရပ်ကွက်ထဲရှိ အလွန် နာမည်ကြီးလှသော ဗေဒင်ဆရာမကြီး မြသွေးနီထံသို့ သွားကာ ဂျက်စ်နှင့် လွင်ပြင်တို့ မည်သည့်အရပ်သို့ ထွက်ခွာသွားသည်ကို မေးမြန်းရလေတော့သည်။

          ဗေဒင်ဆရာမကြီး၏ တွက်ချက်ပေးမှု့အရ အဆိုပါ စုံတွဲမှာ ဟန်းဂုရွာသို့ တိမ်းရှောင်သွားသည်ဟု ခန့်မှန်းဟောပြောပေးလေသည်။  ဟန်းဂုရွာမှာ ကျွန်ုပ်တို့နေထိုင်ရာ အရပ်နှင့် လွန်စာမှ ဝေးရတကား မည်သို့မည်ပုံ သွားရမည်ကို လွန်စွာမှ စဉ်းစားရခက်လေတော့သည်။  သို့ဖြင့် ညနေလည်းစောင်းလေပြီဖြစ်ရကား ထူးထူးဆန်းဆန်း အစားအစာများရောင်းချသော မချော ဆိုင်သို့ သွားကာ စားသောက်ကြလေတော့သည်။

Saturday, January 28, 2012

ဆားပုလင်း အောင်ထွဋ်နှင့် နတ်ကတော်ပါပု (တဂ်ပိုစ့်) - အပိုင်း ၁


          ဤ၀တ္တုကြီးမှာ လွန်စွာမှ လျှို့ဝှက်ဆန်းကြယ်၏။ ထို့အတူ လွန်စွာမှ အံသြဖွယ်ကောင်း၏။  ထို့အတူ ပါဝင်ပတ်သတ်သူများလည်း လွန်စွာများပြား၏။  ထိုအတူ အဖြစ်အပျက်တို့မှလည်း လျှင်မြန်စွာ ပြောင်းလည်းသွားရကား စာဖတ်သူတို့ မယုံကြည်နိုင်အောင် အံသြမှင်သက်ဖွယ်ရာများနှင့် ပြည်နှက်နေသည်။  ထိုသို့ လျှို့ဝှက်လှသော အဖြစ်အပျက်ကြီးကို တစ်သက်လုံး ထိန်းသိမ်းမည်ဟု ကျွန်ုပ် သံဓိဋ္ဌာန်ချထားသော်လည်း နှောင်းလူတို့ ဤအဖြစ်အပျက်ကို မသိတော့မည်ကို စိုးသဖြင့် ဤအဖြစ်အပျက်ကြီးကို ၀တ္တုတစ်ပုဒ်အဖြစ် အသက်သွင်းလိုက်ပေတော့သည်။ 
******************************************

Saturday, October 8, 2011

အလင်းဆိုင် - အတိုဆုံး ၀တ္တုများ


အလင်းဆိုင် ၁ - အတိုဆုံး ၀တ္တုများ
          မှန်ချင်လည်းမှန်မည်၊ မှားချင်လည်းမှားမည် သို့သော် ထိချက်က အတော်ပြင်းသည်။ ဤမျှနူးညံလှသော လက်ကလေးက ထိုမျှလောက် နာကျင်အောင်ပြုနိုင်မည်ဟု သူမထင်။  မျက်နှာတစ်ခြမ်းနာတာထက် အသည်းတစ်ခုလုံး ကျင်သွားသည်။  ချစ်လွန်းလို့ လက်ကလေး ကိုင်မိတာကို မင်းလုပ်ရက်တယ် မိနွယ်။  ဆယ်ကျော်သက်အသည်း ဗြန်းဗြန်းကွဲတယ်။ ကွဲတဲ့အသဲကို ဟော့ဒီ တစ်ခွက်နဲ့ဆေးမယ် မိနွယ်…. မင်း သိပ်ရက်စက်တယ်။

အလင်း ဆိုင် ၂ - အတိုဆုံးဝတ္တုများ
          ဆိုက်ကားကို ဆိုင်ရှေ့သို့ထိုးရက်လိုက်သည်။  ဒီနေ့ ဖောက်သည်ပါးလှသည်။  အုန်နာကြေးသွင်းပြီး လက်ထဲမှာ ၁၅၀၀ သာသာ ကျန်သည်။ အငယ်ကောင် ကနေမကောင်း။  လမ်းထိပ်ကွမ်းယာဆိုင်က ဆေးတစ်ဖုံဝယ်လာသည်။  ဒါလေးဆိုရင်တော့ သက်သာတန်ကောင်းပါရဲ့။  ဟိုရက်က၀ယ်ထားသော စိမ်းစားငပိနှင့် အိမ်ဘေးက အတို့အမြှုပ်လေးတွေနဲ့ဆိုရင်တော့ ဒီကနေ့ စားလောက်သေးပါရဲ့။  မိုးမိထားသောကြောင့် တစ်ကိုယ်လုံး တဆစ်ဆစ်ကိုက်နေသည်။  မြမေကတော့ အိမ်နားက ကုန်စုံဆိုင်မှာ ဆန် ၂ ဘူးလောက် အကြွေးယူပြီး ထမင်းအိုးတည်နေတော့မည်။  ပြန်တော့မှ ၀င်ပေးတော့မည်။  မနက်ဖြန်ဆိုက်ကားဆက်နင်းဖို့ ဒီကနေ့ သူ ဒါလေးကို မှီဝဲမှဖြစ်မည်။  အနာဂတ်ကိုတွေးရင်း သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။

Wednesday, September 28, 2011

သက်တန့်ရဲ့ လေပြေ - အပိုင်း ၁


          “အို….. လှလိုက်တာ” လေပြေ တိုးတိုးလေး တစ်ယောက်ထဲ ပြောနေမိတယ်။  ဒီလို ကောင်းကင်ယံမှာ သက်တန့်တစ်ခုပေါ်လာတိုင်း လေပြေ ဒီလို ပြောနေကျ။  သူ့ကိုလည်း လွမ်းမိသည်။  သူကတော့ သူမကို လွမ်းမည် မလွမ်းမည် လေပြေမသိ။ အိမ်ရှေ့က မြက်ခင်းစိမ်းစိမ်းလေးတွေပေါ်မှာ မိုးစက်ကလေးတွေက တွဲလွဲခိုနေကြသည်။  နေရောင်ခြည်နုနုမှာ ဒီလိုမြင်ခွင်းမျိုးကို လေပြည်သဘောကျသည်။  သက်တန့်ကတော့ သဘောကျမည်မကျမည် သူမ မသိ။ 
          “ဆရာမလေး လူနာလာတယ်” အိမ်က ဒေါ်အေး လာခေါ်တော့မှ တွေးလက်စ အတွေးကို ဖြတ်ပြီး လူနာသွားကြည့်ပေးလိုက်သည်။  လေပြေခုနေတဲ့ ရွာကလေးက ခေါင်လှသည်တော့ မဆိုသာ။  တိုက်နယ်ဆေးရုံဆိုတာက ၃ နာရီလောက် ကားနှင့်သွားရသည်။  ဒါတောင် လမ်းကကောင်းဦးမှ။  မိုးတွင်း လမ်းကြမ်းလျှင် သွားရလာရခက်သည်။  တစ်ရွာလုံးမှာ လေပြေ ဆေးခန်းကလေးတစ်ခုသာရှိသည်။  အအေးမိလျှင်လည်း လေပြေ၊ မြွေကိုက်လည်း လေပြေ၊ ကလေးမွေးလျှင်လည်း လေပြေ အားလုံးလေပြေကိုသာ အားကိုးကြသည်။  လေပြေကိုယ်တိုင်ကလည်း ဆရာဝန်ပေါက်စ။ မည်သို့ပြင်ဖြစ်စေ ဆေးခန်းလာသူအားလုံးကို တတ်နိုင်သလောက် ကုပေးသည်။  ကေ့စ်ကြီးရင်တော့ တိုက်နယ်ဆေးရုံလေးသို့သာ သွားရန် ဖျောင်းဖျရသည်။  ရိုးသားသော တောသူတောင်သားတို့ သဘာဝ ဆေးရုံတက်ရမှာကို ကြောက်တတ်ကြသည်။  သို့သော် လေပြေ ကျေနပ်သည်။  သူတို့ ဘ၀လေးတွေကို တတ်နိုင်သလောက် ကူညီပေးရသည်ကို လေပြေသဘောကျသည်။ 

Sunday, August 28, 2011

လေလွင့်ငှက်

[အပိုင်း ၁၊ ၂၊ ၃ ကို ပေါင်းပြီး ပိုစ့်တစ်ခုထဲမှာ တင်လိုက်ပါတယ်]




“တီ တီ တီ တီ…”
ဆတ်ကနဲ သူလန့်နိုးသွားသည်။ ကျင့်သားရနေသော လက်က အလိုလိုပင် နှိုးစက်ကို လှမ်းပိတ်လိုက်မိသည်။ နာရီလက်တံက ၅ နာရီခွဲ ကို ပြနေသည်။ တင်းကျပ်နေသည်။ စိတ်ထဲမှာ တော်တော်တင်းကျပ်နေသည်။ ပင့်သက်မျှင်းမျှင်း ချလိုက်မိသည်။ နွမ်းလျှနေသော ကိုယ်ကို အားယူ၍ အိပ်ယာမှထလိုက်သည်။ ခြေဖ၀ါးနှစ်ခုအပေါ် တစ်ကိုယ်လုံး၏ အလေးချိန် ကျရောက်သောအချိန်တွင် ပင့်သက်တစ်ခုပါ လိုက်ပါလာသည်။ ထိုအရာကို သတိပြုမိသောအခါ စိတ်ပျက်သည့်အနေဖြင့် နောက်ထပ်ပင့်သက်တစ်ခု ချလိုက်မိပြန်သည်။ နိုးနိုးချင်း သက်ပြင်း ၃ခါချမိသော သူ့အဖြစ်ကို သတိရသွားသည့်အနေဖြင့် နှုတ်ခမ်းတွင် လှိုင်းတွန့်တစ်ခု ဖြတ်သွားသည်။ ဒါဟာ အသက်မပါသော အပြုံးမှန်း သူသိသည်။

Friday, August 26, 2011

ဆိုးပေ - ၀န်ကြီးချုပ်


“ဘာလဲကွ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ လူတွေပြောပြောနေတာ” ဟု မောင်မောင်က သာဒွန်းဦးဖက်သို့ လှည်၍မေးလိုက်လေ၏။
ရဲဘော်အားလုံးတွင် သာဒွန်းဦးတစ်ယောက်သာလျှင် အသိအကြားများသူဖြစ်၍ သူ့အားမေးလိုက်ခြင်းဖြစ်ပေ၏။ သို့သော် သာဒွန်းဦးကား ထိုကိစ္စကို စိတ်ဝင်စားခြင်းမရှိ။ ထိုကိစ္စမှာ ရွာထဲ၌ သာမှု့ နာမှု့များတွင် ဘုရားစကား၊ တရားတစကား မပြောတတ်သူတို့ ပါးစပ်အငြိမ်မနေနိုင်၍ ပြောနေကြသည့် အကြောင်းအရာတစ်ရပ်ဟူ၍ ယူဆခဲ့၏။ သို့ဖြစ်လင်ကစား ထိုအကြောင်းကိုသာလျှင် လူတကာ အပြောများနေကြသည်ကို တွေ့ရသဖြင့် အဓိပ္ပာယ်ကို သိအောင် စုံစမ်းထားမိလေသည်။
သာဒွန်းဦးက “ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ လူရွေးတာကို ခေါ်တာ” ဟု ရှင်းလင်းပြလေ၏ ။
ဆိုးပေသည် သူတို့၏စကားကို နားထောင်နေရာက “တိုင်းပြည်ကို သမ္မတအုပ်ချုပ်ရတာပဲ မဟုတ်လားလို့၊ သူ့ကို ဘယ်သူက လာရွေးပေးရလို့လဲ” ဟု ၀င်၍ပြောလေ၏ ။
“သမ္မတအုပ်ချုပ်ရတာလည်း ဟုတ်တာပဲ၊ မအုပ်ချုပ်ရတာလည်း ဟုတ်တာပဲ”
“မင့်စကား ဘာလဲကွ။ အုပ်ချုပ်ရတယ်ဆိုတဲ့နောက် မအုပ်ချုပ်ရဘူးဆိုလို့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားကြည့်စမ်းပါဦး” ဟု ဆိုးပေက မကျေနပ်သည့် အမူအရာဖြင့် ပြောလေ၏။

“တိုင်းပြည်ကို ရှင်ဘုရင်အုပ်ချုပ်တဲ့နိုင်ငံလည်းရှိတယ်။ သမ္မတအုပ်ချုပ်တဲ့နိုင်ငံလည်းရှိတယ်။ ဒါပေမယ့် အဲ့ဒီ ရှင်ဘုရင်တို့ သမ္မတတို့အောက်မှာ လူတစ်ယောက်ရှိသေးတယ်။ သူ့ကို ရှင်ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံမှာ နန်းရင်းဝန်၊ သမ္မတတအုပ်ချုပ်တဲ့နိုင်ငံမှာ ၀န်ကြီးချုပ်လို့ခေါ်တယ်။ သူက အုပ်ချုပ်တဲ့နေရာ အကူအညီပေးရမယ်။”
“အာနာရှင်ဆိုတဲ့ ဟာမျိုးလား” ဟု မောင်မောင်က မေး၏။