စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, March 30, 2012

Cheetah (သို့) ကမ္ဘာ့အမြန်ဆုံး တရိစ္ဆာန်


          ချီတာ တွေဟာ တစ်နာရီကို မိုင် ၇၀ ကနေ ၇၅ မိုင် (112 km/h and 120 km/hr) ပြေးနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး တရိစ္ဆာန်ပါ။  ကျွန်တော်တို့တွေဟာ Cheetah ကို Leopard, Jaguar တို့နဲ့ မှားတတ်ကြပါတယ်။  ချီတာတွေဟာ ဒီ Leopard၊ Jaguar တွေထက် အရွယ်အစားပိုမိုသေးငယ်ပြီးတော့ သူတို့လို သန်မာတဲ့ မေးရိုးတွေ၊ သန်မာတဲ့ လက်ဖျံတွေ၊ လက်သည်းတွေ မရှိပါဘူး။ 
          ချီတာတွေဟာ သားကောင်တွေကို လိုက်တဲ့အခါမှာ နေ့ဘက်မှာပဲ သားကောင်လိုက်လေ့ရှိပါတယ်။  မနက်ပိုင်းစောစောမဟုတ်ရင် ညနေစောင်းမှာ လိုက်ကြတာပါ။  ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အကြားအာရုံ၊ အနံခံအာရုံတွေထက် အမြင်ကို အဓိကထားပြီး အမဲလိုက်ကြရလို့ပါ။  သူတို့ဟာ ကမ္ဘာအမြန်ဆုံးနှုန်းနဲ့ ပြေးနိုင်ကြပေမယ့်၊ အကြာကြီးတော့ ပြေးနိုင်တာမဟုတ်ပါဘူး။  ဒီတော့ အချိန်တိုအတွင်းမှာ သားကောင်ကို ရအောင် အမိဖမ်းကြရပါတယ်။  သူတို့ ပြေးတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ တက်လာတဲ့အတွက် သူတို့ဟာ အမဲလိုက်ပြီးတဲ့ အချိန်မှာ ခန္ဓာကိုယ် အပူချိန်ပြန်ကျအောင် အနားယူကြရပါတယ်။  တစ်ကယ့်ကို ပင်ပင်ပန်းပန်း အမဲလိုက်ရတဲ့ အခါမှာတော့ တစ်ခါတစ်လေ နာရီဝက်ကျော်လောက်အထိကို အနားယူနေရပါတယ်။  ဒီအချိန်မှာ ချီတာတွေအတွက် ရန်သူကို တန်ပြန်ခုခံနိုင်စွမ်းမရှိတော့ပါဘူး။

Thursday, March 29, 2012

အနာဂတ်အတွက် ပို့ဆောင်ရေး နည်းသစ် (သို့) Evacuated Tube


လေလက်ရှိအချိန်မှာ လူတွေဟာ ကားတွေ၊ ရထားတွေ၊ သင်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့၊ ကုန်စည်တွေ သယ်ယူ၊ ပို့ဆောင်ဖို့ အသုံးချနေကြပါတယ်။ အခု Daryl Osler ဆိုသူကတော့ သယ်ယူပို့ဆောင်ရေးအတွက် နည်းပညာတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။  ဒါကတော့ လေဟာနယ် ပြွန်စနစ် (Evacuated Tube Travel [ETT] )  ပဲဖြစ်ပါတယ်။ 
          Daryl Osler အဆိုပြုထားတာကတော့ ကားအရွယ်အစားလောက်ရှိတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ် (Capsules) တွေကို ကြီးမားတဲ့ လေဟာနယ် ပြွန်ကနေတစ်ဆင့် သံလိုက်စွမ်းအားကို အသုံးချပြီး ပို့ဆောင်ဖို့ပဲ ဖြစ်ပါတယ်။  ခရီးသည်တွေအတွက် ဒီယာဉ်ထဲမှာ ပြင်ပ လေဖိအားနဲ့ တူညီတဲ့လေဖိအား အခြေအနေရရှိအောင်  လေဖိအား ထည့်သွင်းထားမှာဖြစ်ပေမယ်၊ ဒီပြွန်ကြီးကတော့ လေလုံးဝမရှိပဲ သံလိုက်ပြေးလမ်းပေါ်ကနေ ခရီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။  ဒီလိုယာဉ်နဲ့သွားမယ်ဆိုရင် မိုင် ၈၀၀၀ ကွာဝေးတဲ့ ၀ါရှင်တန် ဒီ စီမြို့ကနေ  ဘေဂျင်းကို ၂ နာရီသာ အချိန်ယူရတော့မယ်လို့ဆိုပါတယ်။  လောလောဆယ် အမြန်ဆုံး သွားလာရတဲ့ အချိန်ကတော့ ၁၈ နာရီပါ။  Daryl အဆိုအရ ဒီခရီးအတွက် ကျသင့်ငွေဟာ ဒေါ်လာ ၁၀၀ ၀န်းကျင်သာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

Wednesday, March 28, 2012

Littoral Combat Ships (သို့) အနာဂတ်ရဲ့ စွမ်းရည်မြင့် စစ်သင်္ဘောများ


          LCS – The USA’s Littoral Combat Ships တွေဟာတော့ အမေရိကန်ရဲ့ အနာဂတ် ကမ်းရိုးတမ်းနဲ့ မြစ်တွင်း ဗျူဟာမြောက် စစ်ဆင်ရေးတွေမှာ အစွမ်းထက်မြက်စွာ အသုံးချနိုင်ဖို့ ရည်ရွယ်ထားတဲ့ စစ်သင်္ဘောတွေဖြစ်ပါတယ်။  အမေရိကန်ဟာ သူတို့ရဲ့ FFG-7 Oliver Hazard Perry Class frigates စစ်သင်္ဘော အစီး ၃၀၊ MCM Avenger Class မိုင်းရှင်း သင်္ဘော ၁၄ စီး၊ MHC-51 Osprey Class coastal mine hunters မိုင်းရှင်းသင်္ဘော ၁၂ စီး စတဲ့နေရာတွေမှာ LCS သင်္ဘော တွေနဲ့အစားထိုးဖို့ ရည်ရွယ်ထားတဲ့ သင်္ဘောတွေဖြစ်ပါတယ်။

Sunday, March 25, 2012

သွားကြဦးမလား ရေအောက်ပြတိုက် (Cancun Underwater Museum)


          Cancun Underwater Museum ကတော့ Jason deCaires ဆိုသူ အနုပညာရှင်ဖန်တီးထားတာဖြစ်ပြီးတော့ မက္ကစီကိုနိုင်ငံ Isla de Mujeres ကမ်းရိုးတမ်း ရေအောက်မှာ ခင်းကျင်းပြသထားတဲ့ ပြတိုက်ဖြစ်ပါတယ်။  ဒီပြတိုက်ကို ၂၀၀၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီးတော့ Cancun ရေအောက် National Marine Parkမှာ ရာပေါင်းများစွာသော ရုပ်ထုတွေ ကို ခင်းကျင်းပြသထားပါတယ်။  ကဲ ရေအောက်ပြတိုက်က ရုပ်ထုလေးတွေကို ကြည့်လိုက်ကြရအောင်…..

Saturday, March 24, 2012

သောက်ကြဦးမလား ပန်ဒါ လက်ဖက်ခြောက်


          တရုတ်နိုင်ငံ စီချွမ်ဒေသဟာ ပန်ဒါလေးတွေ မွေးမြူစောင့်ရှောက်ထားတဲ့ ဒေသဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ပန်ဒါ ၀က်ဝံ အများဆုံးဒေသဖြစ်ပါတယ်။  ဒါကို ကျွန်တော် ပန်ဒါလေးများ စောင့်ရှောက်ရေး ဂေဟာ ဆိုပြီးတော့ ပိုစ့်တစ်ခု တင်ဖူးပါတယ်။  ခု ပိုစ့်ကတော့ ပန်ဒါ လက်ဖက်ခြောက်အကြောင်းပါ။  အဆိုပါ ပန်ဒါစောင့်ရှောက်ရေးဂေဟာနားက လက်ဖက်ခင်းပိုင်ရှင် လိရှိမင် ဆိုသူကတော့ ပန်ဒါ လက်ဖက်ခြောက်ဆိုပြီး ထုတ်လုပ်လိုက်ပါပြီ။  အဆိုပါ ပန်ဒါစောင့်ရှောက်ရေးဂေဟာက ပန်ဒါဝက်ဝံတွေရဲ့ မစင်တွေကို မြေသြဇာအဖြစ် အသုံးပြုပြီး ထုတ်လုပ်လိုက်တဲ့ လက်ဖက်ခြောက်ပါ။  ဈေးကတော့ သက်သာလိမ့်မယ်မထင်ပါနဲ့ ၅၀ ဂရမ် တစ်ထုတ်ကို တရုတ်ငွေ ယွမ် ၂သောင်း ၂ ထောင်၊ အမေရိကန်ဒေါ်လာ ၃၅၀၀ (မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၃၀) ၀န်းကျင် ပေးရတဲ့ လက်ဖက်ခြောက်ပါ။  ဒါဟာ ကမ္ဘာဈေးအကြီးဆုံး လက်ဖက်ခြောက်ဖြစ်လာပါပြီ။

ရုရှားနိုင်ငံမှာ တွေ့တဲ့ UFO


          ရုရှားနိုင်ငံ၊ ဆားဘီးယား ကျေးရွာလေးပေါ်ကို မော်တော်ကား အရွယ်အစားလောက်ရှိတဲ့ အမျိုးအမည်မသိ အရာတ္တုတစ်မျိုး ကောင်းကင်ကနေ ကျခဲ့ပါတယ်။  ရုရှားမီဒီယာတွေကတော့ ဒီရုရှားနိုင်ငံ မော်စကိုမြို့ကနေ မိုင် ၂၀၀၀ ဝေးတဲ့ အိုထရက်နန်စကီး ဒေသမှာ ကျလာတဲ့ ကီလိုဂရမ် ၂၀၀ လောက်လေးတဲ့ အရာဝတ္တုဟာ UFO ဖြစ်တယ်လို့ ဆိုပါတယ်။
          ဒီ အရာဝတ္တုကို ကျွမ်းကျင်သူတွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒါအပိုင်းအစဟာ ဒုံးကျဉ် ဒါမှမဟုတ် ဒုံပျံ တွေက အပိုင်းအစမဟုတ်ပါဘူးလို့ ဆိုပါတယ်။  ရုရှားနိုင်ငံ အမျိုးသား အာကာသ အေဂျင်စီက ပြောရေးဆိုခွင့်ရသူကတော့ ဒီအရာဝတ္တုဟာ အာကာသ နည်းပညာတွေနဲ့ ဆက်စပ်မှု့မရှိဘူးလို့ဆိုပါတယ်။  ဒါပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ကျွမ်းကျင်ပညာရှင်တွေ စမ်းသပ်ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်လို့ရမယ်လို့ ဆိုသွားပါတယ်။

Friday, March 23, 2012

“လ” ဘယ်က စဖြစ်ပေါ်လာတယ်?


          လသာတဲ့ ညတွေဆို ကျွန်တော်တို့ ငယ်ငယ်တုန်းက ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးကို ငေးမောကြည့်ရှု့ဖူးကြပါတယ်။  ဖိုးလမင်းကြီးရဲ့ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်တဲ့ အဖိုးအို” ပုံပြင်လေးကိုလည်း နားထောင်ဖူးကြမှာပါ။   လမင်းကြီးကိုကြည့်ပြီးတော့ ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်း တောင်းဖူးကြမှာပါ။  ဆိုလိုတာက လ ဆိုတာက ကမ္ဘာကြီးနဲ့ ခွဲမရတဲ့ ကမ္ဘာရဲ့ အရံဂြိုလ်တစ်လုံးပါ။  ဒီလို လမင်းကြီး ဘယ်လို ဖြစ်ပေါ်လာပါသလဲ?  ဒါဟာ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာကထည်းက ရှေးလူတွေ သိချင်ခဲ့တဲ့ အဖြေတစ်ခုပါ။  လနဲ့ ပါတ်သတ်ပြီးတော့ ရှေးခေတ်လူတွေဟာ ပြက္ခဒိန်တွေ၊ ဘာသာစကားတွေ၊ အနုပညာတွေ၊ ဒဏ္ဍာရီပုံပြင်တွေ အများအပြား ဖန်တီးခဲ့ ရှိခဲ့ကြပါတယ်။  ဒီတော့ လ နဲ့ပါတ်သတ်ပြီး စိတ်ဝင်စားစရာတွေ အများကြီးတည်ရှိခဲ့ပါတယ်။  ဒီအထဲမှာတော့ လ ဘယ်ကနေ စပြီးဖြစ်ပေါ်လာတယ်ဆိုတာက ပိုပြီးစိတ်ဝင်စားစရာကောင်းလှပါတယ်။

ကမ္ဘာမြေမြင်မှ မြင်ရသော လမျက်နှာပြင် (near side)

ကမ္ဘာမြေမြင်၏ ဆန့်ကျင်ဘက်ခြမ်းမှ မြင်ရသော လမျက်နှာပြင် (far side) 

Friday, March 16, 2012

လုပ်ကြဦးမလား သုဘရာဇာ


          သုဘရာဇာ ဆိုလို့ အထင်မသေးလိုက်ပါနဲ့။  တရုတ်နိုင်ငံက ဒီအလုပ်ကြော်ငြာမှာတော့ ဒီလို သုဘရာဇာ ရာထူးမျိုးရဖို့ သိပ်မလွယ်လှပါဘူး။  အမှန်ကတော့ အသုဘတွေမှာ သေဆုံးသူတွေရဲ့ မိသားစုအတွက် အလုပ်လုပ်ပေးရမှာပါတဲ့။  အလုပ်ခေါ်ပုံလေးကိုကြည့် - လျှောက်ထားလိုသူဟာ အမျိုးသမီးဖြစ်ရမယ်၊ အရပ်ရှည်ရမယ်၊ အသက် ၂၅ နှစ်အောက်။  ဒါတင်လားဆိုတော့ မဟုတ်ဘူး၊  နောက်ပြီးတော့ ဘွဲ့ရပညာတတ်ဖြစ်ရမယ်၊ တရုတ်လို (Mandrain) လို မွှတ်နေအောင်ပြောတတ်ရပါမယ်တဲ့။  ဒါဆိုရင်တော့ သင်္ချိုင်းမှာ အလုပ်ရပါပြီ။  ဒီအတွက် တစ်နှစ်ကို လစာ ယွမ် ၁ သိန်း (အမေရိကန်ဒေါ်လာ ၁၅၈၈၆ ဒေါ်လာ) ရမှာပါ။  မြန်မာငွေနဲ့ဆိုရင်တော့ တစ်လကို ၁၀ သိန်းကျော် ၀င်ငွေရှိမှာပါ။  ဒီအပြင် အခန်းကောင်းကောင်းလည်း ပေးဦးပါမတဲ့။  အိမ်မှာလည်း စာတွေဘာတွေ ကျက်နိုင်သလို နိုင်ငံခြားကိုလည်း စာသင်ချင်ရင် အခွင့်အလမ်းရှိပါသေးသတဲ့။ 
          အဲ့ဒီကြော်ငြာမှာတော့ အလုပ်ဝင်ခွင့်ရတဲ့ သူတွေဟာ အင်တာဗျူးမဖြေခင် ၁၀ ရက်ကြာ သင်တန်းတက်ရမယ်လို့ ဆိုထားပါတယ်။  ကဲ ဘယ်သူများ စိတ်ဝင်စားပါသလဲ ?

Source : (Link)

Friday, March 9, 2012

တိုပါးရိုး.....


              တိုပါးရိုး မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပြီးခဲ့တဲ့ တစ်ပတ်က ရောက်ဖြစ်သည်။  စင်ကာပူရောက်တုန်းလေး ဘုရား၊ တရား၊ သံဃာ သုံးပါးစလုံး စုံအောင် ဖူးရသည်။  တရုတ်မှာဆိုလျှင် ဝေးသည်၊ သရဏဂုံ ၃ပါးစလုံးကို စိတ်မှာ အာရုံပြုပြီး မှန်းသာ မှန်းလို့ရသည် အပြင်မှာ တွေ့ရဖို့ မလွယ်လှ။  ထို့ကြောင့် ရောက်တုန်းလေးသွားဖြစ်သည်။  သူငယ်ချင်းက စုပြီးတော့ အအေးလှုသောကြောင့် အအေးလိုက်ဝေပေးလိုက်သည်။  ကြံလှုသော ဓမ္မပဒ လေးကို ပြန်သတိရမိသည်။  ကြံတွေကို သပိတ်လျှံအောင်လှုသောကြောင့် အကျိုးပေးကောင်းသလို သပိတ်ပြည့်ရုံလှုသောကြောင့် နောင်ဘ၀တွင် တူသောအကျိုးပေးသည်ဟူ၏။  ထို့ကြောင့် ဘုန်းကြီးကျောင်းပေါ်မှ ဆင်းလာသောသူများကို ဘာသောညာသော မောင်ပိန်သော၊ နောဇာနာမိ တို့မသိ.. လက်ထဲသို့ မုန့်တွေ၊ အချိုရည်တွေ အပြည့်ကြီး လျှောက်ဝေသည်။  ယူချင်ချင်၊ မယူချင်ချင် ဖိနပ်စီးခွင့်တောင်မပေး လျှောက်ပေးပစ်သည်။  လက်နှစ်ဘက်စလုံး မကာတော့လျှင် အိတ်တွေထဲ လျှောက်ထည့်ပြီး ပေးသည်။  တော်ပါပြီပြောလို့လဲမရ... အတင်းလိုက်ပေးသည်။  

Thursday, March 8, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )


          ငါးထောင်တန်ဖုန်း အကြောင်း တဂ်ထားမှန်းသိပေမယ့် စင်ကျားပေါရောက်မှ အလုပ်တွေထပိနေလို့ ပြန်မဖြေနိုင်ဖြစ်နေတာပါ။  အမှန်ဆို တရုတ်ကနေပြန် စင်ကျားပေါရုံးကို ရောက်ကြောင်းသတင်းပို့၊ သုံးထားတဲ့ ပိုက်ဆံတွေ ပြန်တောင်း၊ ရုံးကနေလစ်ပြီး အိမ်မှာ ကွေးနေရမှာဖြစ်ပေမယ့် အငြိမ်မနေ ရှိသမျှ ရုံးကလူတွေကို လိုက်နှုတ်ဆက်ရင်းကနေ new building မန်နေဂျာက သင်္ဘောအသစ်အတွက် ပုံတွေကို စစ်စေ ဆိုပြီး အမိန့်ချလိုက်သောအခါ ပုံစစ်ရုံမက၊ ပုံဆွဲဘ၀ပါ ရောက်သွားပြီး  ဘာမဆိုင်ညာမဆိုင် ကိုယ့်သင်္ဘောမဟုတ်တဲ့ ပုံတွေကို လျှောက်ကြည့်နေရင်း ကောင်းကောင်းမနားရပဲ တွတ်ပီ ကံမကောင်းဖြစ်သွားပါတယ်။  နောက် ရောက်တုန်းလေး ဟိုသွား ဒီသွား အတိုးချစား၊ ဂိမ်းဆော့ နေတာနဲ့ ဒီပိုစ့်အတွက် အကြွေးကျန်နေလို့ ခုပဲ ဒီ ငါးထောင်တန် အကြောင်းလေးရေးဖြစ်ပါတော့တယ် ခင်ဗျာ။ ဒီနေ့တော့ ရုံးမသွားရတာကြောင့် မဒမ်ကိုးနဲ့ ကိုမိုးဇက်တို့က တဂ်ထားတဲ့ ပိုစ့်လေးကို ရေးလိုက်ပါတယ် ခင်ဗျာ။  ဒီ ၅၀၀၀ တန်ဖုန်းရဲ့ မူရင်း source ကတော့ ကိုသက်တန့်ချို ဖြစ်ပါတယ်။  ကျွန်တော့်ကို တဂ်တဲ့ မဒမ်နဲ့ ကိုမိုးဇက်တို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
           ငါးထောင်တန်ဖုန်းကို တော်တော်များများလည်း ထင်မြင်ချက်ကလေးတွေ ပေးထားပြီးပါပြီ။  ကျွန်တော့်ထင်မြင်ချက်ကလေးတွေကတော့..

၁။  ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
     ဖြေ။  ။  နှစ်သိန်းတန် က စင်းမ် ကဒ်လား ဖုန်းလား မကွဲတော့ စင်းမ်ကဒ်အနေနဲ့ဆို များပြီးတော့၊ ဖုန်းပါတွဲပါမယ်ဆိုရင်တော့ မဆိုးလှဘူးလို့ မြင်မိပါတယ်။  ဟိုရက်က သူငယ်ချင်းတစ်ယောက်ပြတဲ့ မြန်မာ့ဆက်သွယ်ရေးကို သွင်းဖို့ဆိုပြီး ဖုန်းအဖြူလေးက Smart Phone ပါ။  ဘာတံဆိပ်မှန်းတော့မသိပေမယ့် အတော်လေးတော့ လှတပတရှိပါတယ်။  ဒါမျိုးဖုန်းကို စင်းမ်ကဒ်နဲ့ တွဲပေးမယ်ဆိုရင်တော့ ဈေးမများလှဘူးလို့ ဆိုရမှာပါ။

၂။  ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?
       ဖြေ။  ။  အင်း.. ဒါလည်း တစ်မျိုးတော့ တစ်မျိုးပဲ.. ဦးဆောင်သူက ဘယ်သူနဲ့ ဦးတည်ပြီးတော့ ဆွေးနွေးမယ်ဆိုတာလေးပေါ်မူတည်ပြီးတော့ အကျိုးသက်ရောက်မှု့ ဘယ်အတိုင်းအတာအထိ ရှိမယ်ဆိုတာကို မမှန်းတတ်ပါဘူး။  ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တာကိုတော့ အားပေးပါတယ်။

၃။  ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ်လို မြင်မိပါသလဲ?
            ဖြေ။   ။  တီရှပ်၊ စတေကာကပ်တာတွေထက်စာရင် ဒါဟာ ပိုပြီးတော့ ဆီလျှော်တဲ့ တောင်းဆိုမှု့တစ်ခုလို့ မြင်မိပါတယ်။  အားပေးပါတယ်ခင်ဗျာ။

၎။  ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?
           ဖြေ။   ။  ဘယ်ဒေသတွေမှာ အသုံးပြုလို့ရမယ်၊  ဒီအတွက် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်၊ ထပ်မံ ထည့်သွင်းရမယ့် ဆက်သွယ်ရေးတိုင် အရေအတွက်၊  ဒါတွေ အားလုံး ကျကျနန ထုတ်ဝေသူတွေက ချပြပြီးတော့ တကယ်တမ်း လူပေါင်းများစွာ အသုံးပြုလာတဲ့အခါမှာ ဖုန်းလိုင်းတွေ ကောင်းမွန်နေမယ့် စနစ်ဆိုရင်တော့ ၀မ်းသာအားရ အားပေးပါတယ်ခင်ဗျာ။  မဟုတ်ပဲ ဟဲလို... ဟဲလို.. ဒုန်ရင်းဖြစ်နေရင်တော့ ဒါဟာ ညာစားတာနဲ့ တူတူပဲမို့လို့ အားမပေးပါဘူး။  မဟုတ်ရင် ပြည်သူတွေ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဆိုသလို ဖြစ်နေပါမယ်။  နောက်တစ်ခုက စင်းမ်ကဒ်ကို ငါးထောင်နဲ့ ရောင်းပြီးတော့ Pre-paid ကဒ်တွေကျတော့မှ ဈေးနှုန်းက အဆမတန်မများဖို့၊  Miss call တွေကို ပိုက်ဆံမဖြတ်ဖို့.. စသည် စသည်တို့ကို လည်း မထုတ်ဝေခင်ထဲက ကြိုတင်ပြီး ထုတ်ဝေသူများဘက်က ပြည့်စုံအောင် သတင်းအချက်အလက် ထုတ်ပြန်ပေးရင်တော့ တိုင်းထက်အလွန်ပါပဲ ခင်ဗျာ။  ဒီမေးခွန်းအတွက်ကတော့ ကြိုဆိုပါတယ်။  တိုင်းထက်အလွန်ပါ။

၅။  ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက် ချရေးပေးပါ။
               ဖြေ။   ။ မြန်မာပြည် ဆက်သွယ်ရေး ကွန်ယက် ဖွံဖြိုးလာမယ်၊ တိုးတက်လာမယ်ဆိုရင်၊ အဓိကအားဖြင့် အခြေခံလူတန်းစားတွေရဲ့ ဆက်သွယ်ရေးကွန်ယက် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဒါဟာ ၀မ်းမြောက်စရာ တစ်ခုပဲ ဖြစ်ပါတယ်။  လူတိုင်း ဖုန်းကိုင်နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။  ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ လုပ်ငန်းပါ။ ဒီကနေ နိုင်ငံတော်က ရလာမယ့် ငွေကြေးဟာ လက်တစ်ဆုပ်စာ လူတန်းစာတွေ လက်ဝါးကြီးအုပ်ပြီး အိပ်ထဲထည့်နေတာထက် အများကြီးပိုပါတယ်။ ဒီအတွက် ကိုယ်ကျိုးမကြည့်ပဲ တိုင်းပြည်အတွက် နည်းနည်းလောက် စေတနာလေးထားနိုင်မယ်ဆိုရင် အရမ်းကို ၀မ်းမြောက်မိမှာပါ ခင်ဗျာ။


             

Monday, March 5, 2012

၂၀၁၂ စင်ကာပူ အလုပ်သမားဆိုင်ရာ ဘက်ဂျက် ဆွေးနွေးမှု့များ

          ဒီဆွေးနွေးခန်းလေးကတော့ Ong Teng Cheong Labour Leadership Institute က ကမကထ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပြီးတော့ စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းနဲ့ မေးမြန်းသူတွေ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပါတယ်။  ဒီဆွေးနွေးပွဲလေးရဲ့ နာမည်ကတော့ Labour Movement Pre-Budget 2012 Dialog Between Prime Minister ဖြစ်ပါတယ်။  ဒီအထဲမှာတော့ စင်ကာပူ ၀န်ကြီးချုပ်က အဓိကအားဖြင့် အချက် ၃ ချက်ကို ပြောသွားပါတယ်။

၁။  ထုတ်လုပ်မှု့စွမ်းအားတွေကို မြှင့်တင်ခြင်းနဲ့ နိုင်ငံခြားမှ အလုပ်သမားများကို မှီခိုနေရခြင်းကို လျှော့ချရန်
          ဒီအထဲက စင်ကာပူဝန်ကြီးချုပ်ပြောသွားတာလေးတွေကို ထုတ်နှုတ်လိုက်ရင် “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်စွမ်းအားတွေကို ကျွန်တော်တို့ကိုယ်တိုင် တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်နေသင့်ပါပြီ။  ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စင်ကာပူရဲ့ စီးပွားရေးဟာ တစ်စိတ်တစ်ပိုင်း တိုးတက်ခဲ့ပါတယ်။  ဒါဟာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားမြှင့်တင်မှု့တင်မကပဲ သိသာတဲ့ အချက်ကတော့ နိုင်ငံခြားသားတွေကို နိုင်ငံတွင်းမှာ ကူညီဖို့ အသုံးပြုခဲ့တဲ့အတွက်ပါ။  ဒီလိုမှ နိုင်ငံခြားသားတွေကို အသုံးမပြုခဲ့ဘူးဆိုရင် ဒီလိုမျိုး အခြေအနေတွေကို ရရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။  ဒီအတွက် စင်ကာပူလူမျိုးတွေရဲ့ လခတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကောင်းမွန်စွာ မပေးနိုင်ခဲ့ပါဘူး။  ပြီးခဲ့တဲ့ ၅ နှစ်ကတော့ လစာတွေ တိုးတက်လာပေမယ့် သိသိသာသာကြီး မဟုတ်ခဲ့ပါဘူး။
          “ ခု ကျွန်တော်တို့မှာ လူဦးရေ ၅ သန်းရှိနေပါပြီ။  နောက်ထပ် ၁၀ နှစ်ဆိုရင် လူဦးရေ ၆သန်းဖြစ်လာမှာဖြစ်ပြီး နောက် အနှစ် ၂၀ ဆိုရင်တော့ လူဦးရေ ၇ သန်းဖြစ်လာမှာပါ။  ဒီတော့ ကျွန်တော်တို့ဟာ နိုင်ငံခြားသားဦးရေကို လျှော့ချလာနိုင်မှာဖြစ်ပေမယ့် ဒီလိုမျိုးလျှော့ချဖို့ကတော့ အတိုင်းအတာ တစ်ရပ်ရှိပါတယ်။  ဒီအတွက် ကျွန်တော်တို့ဟာ နိုင်ငံအတွက် လိုအပ်မယ့် နိုင်ငံခြားသားတွေကို လျှော့ချနိုင်ဖို့ စီမံခန့်ခွဲရမှာဖြစ်သလို ဒါမှလည်း နိုင်ငံခြားသားတွေအပေါ် မှီခိုနေရမှု့ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။  ဒါဟာ ဘာကို ဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ ထုတ်လုပ်မှု့စွမ်းအားတွေ မြင့်မားလာအောင်၊ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ၊ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို မြင့်မားလာအောင် ပိုပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်…..”


Thursday, March 1, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၆

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၂
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၃
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၎
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၅

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏



ကိုယ့်တန်ဖိုး ကိုယ်သိ.......