စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Showing posts with label စကားစုလေးများ. Show all posts
Showing posts with label စကားစုလေးများ. Show all posts

Thursday, June 13, 2013

ထိုင်ကြည့်မနေနဲ့


            ကျွန်တော့် အဒေါ်တစ်ယောက်က ကျွန်တော့်ကို ၉ တန်းလောက်တုန်းက ပြောဖူးတယ်။  ငါ့တူ မင်းအရွယ်ရောက်တော့မယ်တဲ့။  အဲ့ဒီတော့ မင်းကြိုက်တဲ့ လမ်းကို မင်းရွေးချယ်ရတော့မယ်။  ဒါပေမယ့် မင်းလျှောက်မယ့်လမ်းကို မင်းကိုယ်တိုင် သေသေချာချာ သိအောင်လေ့လာ ရွေးချယ်ပြီးတော့ လျှောက်၊ ဒါပေမယ့် ထိုင်ကြည့်မနေနဲတဲ့။
မင်းမိုက်ချင်လား၊  လူမိုက်ခေါင်းဆောင်ကြီး ဖြစ်ချင်လား?  ဒါဆိုလဲ ငါ အားပေးမယ်။ ဒါပေမယ့် မင်းမှာ မိုက်ရဲတဲ့ သတ္တိရှိရမယ်၊ လူမိုက်တွေကို စိန်ခေါ်နိုင်တဲ့ အတွေးအခေါ်၊ ကိုယ်ခံပညာ တွေရှိရမယ်၊ ပါးနပ်မှု့၊ သြဇာအာဏာ ရှိရမယ်။  ထောင်တွေ၊ ဂါတ်တွေမှာ ပျော်ပျော်ကြီး နေနိုင်တဲ့ စိတ်ရှိရမယ်။  ရဲတွေ၊ စစ်တပ်တွေ ကြားထဲမှာ ကျင်လည်ကျက်စားနိုင်တဲ့ အရည်အချင်းရှိရမယ်။  တစ်နေ့ကျရင် လူမိုက်ခေါင်းဆောင်ကြီးဖြစ်ရမယ်။  လူမိုက်ဘ၀နဲ့ ပျော်ပျော်ကြီး သေရဲတဲ့ စိတ်ရှိရမယ်။  ငါကတော့ ဘယ်တော့မှ ဂါတ်တွေမှာ အာမခံ လိုက်ပေးမှာမဟုတ်ဘူး၊  ဒီတော့မှ မင်းဟာ မိုက်သထက် ပိုပြီး မိုက်လာမယ်။  ဒါပေမယ့် လမ်းဘေးမှာ လေလွင့်နေတဲ့ လူတစ်ယောက်၊ သာမာန် လေလွင့်နေတဲ့ လူတစ်ယောက်လို ဖြစ်သွားလို့ မရဘူး။  တစ်နေ့ကျရင် မင်းဟာ လူတိုင်းက သိနေတဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက် ဖြစ်နေရမယ်။  မဟုတ်လဲ ငါပြောင်းလဲပေးလို့ ရတာမှ မဟုတ်တာ။   လူတွေက မင်းအပေါ် ဘယ်လိုမြင်မလဲဆိုတာက မင်းလုပ်တဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်လာမှာပဲ။ 
ဒါမှမဟုတ် မင်းလိမ္မာချင်လား?  မင်းလိုချင်တဲ့ ပညာရေး ထောက်ပံစရိတ်၊ စာအုပ်စာတမ်း၊ ပံပိုးမှု့ပစ္စည်းတွေ ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။  ဒါပေမယ့် မင်းဟာ သူလို ကိုယ်လို ၁၀ တန်းအောင် တစ်ယောက်ဘ၀နဲ့ ဆုံးခန်းသတ်သွားလို့ မရဘူး။  မင်းရဲ့ Professional လမ်းကြောင်းတစ်ခုကို မင်းရွေးချယ်ပြီးတော့ ဆုံးခန်းတိုင်အောင် လျှောက်လှမ်းရမယ်။  ငါဆိုလိုတာက မင်းဟာ ဆရာဝန်ကြီးဖြစ်ရမယ်၊ အင်ဂျင်နီယာကြီးဖြစ်ကိုဖြစ်ရမယ် ဒါကို ဆိုလိုတာမဟုတ်ဘူး။  မင်းလျှောက်လှမ်းတဲ့ ဘယ်လမ်းမှာ ဖြစ်ဖြစ်၊ မင်းဘယ် အလုပ်, လုပ် မင်းဟာ သူများတွေထက်ပိုပြီးတော့ အောင်မြင်အောင် ကြိုးစားရမယ်လို့ ဆိုလိုတာ။  ဒီအချိန်မှာ မင်းခြေထောက်ပေါ် မင်းရပ်တည်ရချင် ရပ်တည်ရမယ်၊  ငါကတော့ ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။  အချိန်တန်ရင် မင်းကျွမ်းကျင်နိုင်နင်းတဲ့ ပညာရပ် အသိုင်းအ၀ိုင်းမှာ မင်းနာမည်ကို လူတိုင်းက သိနေရမယ်။  ငါ့တူ professional တစ်ယောက်အဖြစ် လျှောက်လှမ်းနေတာကို ငါ ဂုဏ်ယူစွာနဲ့ ကျေနပ်နေမယ်။  တစ်ချိန်ကျရင် မင်းရဲ့ သမိုင်းကို မင်းကိုယ်တိုင်ရေးရမှာ။  မင်းပြန်လှည့်ကြည်လိုက်ရင် မင်းလုပ်ခဲ့တာတွေအားလုံးကို မင်းကျေနပ်နေဖို့လိုတယ်။  ဒါတွေ အားလုံးဖြစ်လာဖို့ မင်း ထိုင်ကြည့်နေလို့ မရဘူးဆိုတဲ့ အကြောင်းလေး ကျွန်တော် ပြန်သတိရမိတယ်။

Wednesday, September 12, 2012

လေ့လာမှတ်သား သူတို့စကား

ခံယူချက်ဆိုတာက တစ်ကယ်တော့ ခပ်သေးသေးအရာတစ်ခု... ဒါပေမယ့် အများကြီးပြောင်းလဲနိုင်တယ်..

Thursday, September 6, 2012

ကြိုးနီနီနှင့် ငှက်ကလေးများ


          ဖဘ မှာတွေ့တဲ့ ဒီဓာတ်ပုံလေးကြည့်ပြီးတော့ ရေးချင်စိတ်ပေါက်လာတော့ ရေးချလိုက်မိတယ်။  ကျွန်တော်ထင်တာ ကျွန်တော်ကြိုက်တာ ကျွန်တော်ဟာ ကျွန်တော်ရေးတော့ မှန်ချင်မှလည်း မှန်ပေလိမ့်မပေါ့။  လူတိုင်း ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲကို။  ဒါပေမယ့်လည်း ရေးချင်လာတော့ မတတ်နိုင် ရေးမိသည်။  ပထမ အချက်က ကြိုးနီနီလေးများအကြောင်းကို ရေးချင်မိသည်။  ကျွန်တော့်အလုပ်နဲ့ပါတ်သတ်ပြီး လျှောက်သွားဖြစ်သည်။  ရောက်တဲ့နိုင်ငံတွေမှာ တွေ့တာလေးတွေ မြင်တာလေးတွေ ကြည့်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ ယှဉ်ကြည့်ဖြစ်သည်။  ဘာတွေ တွေ့လည်းဆိုတော့ ကြိုးနီနီလေးတွေ တွေ့သည်။  ဘာကြောင့် ကြိုးနီနေတုန်းလဲ၊  ကြိုးနီတွေ အရမ်းတင်းနေလဲ ဆိုတာကို တွေးဖြစ်သည်။  ကြိုးနီဆိုတာ ဗဟိုမှ ချုပ်ကိုင်မှု့အရမ်းတင်းလွန်းတဲ့ နိုင်ငံတွေဖြစ်သည်။  အရာရာကို ချုပ်ကိုင်သည်။  ဗဟိုကနေပြီးတော့ ၀န်ကြီးဋ္ဌာတွေပေါ် ချုပ်ကိုင်မှု့ အရမ်းတင်းသည်။  ၀န်ကြီးဋ္ဌာနတွေအားလုံးကနေပြီးတော့ ဋ္ဌာနခွဲအသေးလေးတွေအပေါ်မှာ ချုပ်ကိုင်လွန်းအားကြီးသည်။  ဋ္ဌာနခွဲလေးတွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှမရှိတော့။  သူတို့အစိုးရက စိုးရိမ်သည်။  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ပြည်သူတွေကို ၀ါးသွားမှာ၊ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ လုပ်ပိုင်ခွင့်တွေ  လျှော့လာမှာ စိုးရိမ်သည်။  ဒါပေမယ့် ပြည်တွင်းမှာ ဘာတွေထုတ်နေလဲ ဆိုတာကို နံပါတ်တစ် စဉ်းစားစရာဖြစ်သည်။  ကိုယ့်နိုင်ငံက ကားထုတ်လား၊ မော်တော်ဆိုင်ကယ်ထုတ်လား၊ သင်္ဘောတွေ အများကြီးဆောက်နေလား၊ စက်မှု့လုပ်ငန်းနဲ့ပါတ်သတ်တဲ့ အစိတ်အပိုင်းပစ္စည်းတွေထုတ်နေလား၊ ဒါတွေကို ပြည်ပကို တင်ပို့ရောင်းချနေလား?  စိုက်ပျိုးရေး မွေးမြူရေးနဲ့ ပါတ်သတ်တဲ့ ထုတ်ကုန်တွေကို နိုင်ငံတစ်ကာ အဆင့်မှီ အရည်သွေးပြည့် ဒေါင်ဒေါင်မည်နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက ထုတ်လုပ်တင်ပို့နေတာလား၊ ပြည်တွင်းကို ဖြန့်ဖြူးနေတာလား၊  ဒါမှမဟုတ် ပြန်ဖန်တီးယူလို့မရတော့တဲ့ သယံဇာတတွေကို ထုတ်ရောင်းနေတာလား?  စသည် စသည်။
  ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားက ငွေလုံးငွေရင်းဝင်ရောက်ခြယ်လှယ်နိုင်တဲ့ ရေလုပ်ငန်းလို၊ သစ်လုပ်ငန်းလိုမျိုး နေရာတွေမှာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ငဲ့ရမည်။  သို့ပေမယ့် ခရိုနီတွေကိုပဲ ဇောင်းပေးထားတဲ့ ဥပဒေမျိုးကိုတော့ မဆိုလို။  ခရိုနီတွေက ရေနံ၊ သစ် စတဲ့ သဘာဝ သယံဇာတတွေအပေါ်မှာ ထိုင်ပြီးတော့ အဆီရစ်နေတာမျိုးကို ဒီတိုင်းကြည့်မနေသင့်။  သူတို့မှာ စုဆောင်းမိလာတဲ့ ငွေပင်ငွေရင်းတွေကို ကျစ်ယူပြီးတော့ စက်မှု့နဲ့ ကုန်စည်ပို့ဆောင်မှု့အတွက် လိုအပ်တဲ့ infrastructure တွေဆီကို ရွှေ့ပြောင်းပစ်ရမည်၊ ဒီ infrastructure တွေကို Public listed အသွင်ပြောင်းပြီး ခရိုနီတွေလက်ထဲကနေ Share အသွင်နဲ့ ပြည်သူတွေပါ ပူးတွဲပိုင်ဆိုင်လာအောင် ဖြည်းဖြည်းချင်းပြောင်းယူရမည်။  ဒီလိုနှင့် ခရိုနီတွေရဲ့ ပြည်တွင်း လက်ဝါးကြီးအုပ်မှု့ကို အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တွေအတွက် ပါအခွင့်အရေးရလာအောင် တဖြည်းဖြည်းချင်း လွှဲပေးနိုင်မည့် အစိုးရကို လိုအပ်သည်။  ဒီအတွက် ဥပဒေကလည်း မားမားမတ်မတ်၊ တိတိကျကျ ရပ်တည်ရမည်။  ဒီတော့မှ နိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် နေရာထိုင်ခင်းရလာမည်။ နိုင်ငံထုတ်ကုန်များလာပြီးတော့ စီးပွားရေး ဦးမော့လာမည်။ စက်မှု့လုပ်ငန်း၊ နည်းပညာနဲ့ ပါတ်သတ်တဲ့ လုပ်ငန်းတွေမှာတော့ ကိုယ့်မှာ လူ့အရင်းအမြစ်၊ ပညာအရင်းအမြစ်မလုံလောက်လျှင် ရင်းနှီးမြှုပ်နှံသူများကို ခေါ်သွင်းရမည်။  ပြည်သူတွေအတွက် အလုပ်ဖန်တီးပေးဖို့လိုသည်၊ ၀င်ငွေရရှိဖို့လိုသည်။  ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာရင် မဖြစ်မနေ ပြင်ဖို့လိုအပ်တာက သွင်းကုန်၊ ထုတ်ကုန်နှင့် အကောက်ခွန်စနစ်က အဓိကဖြစ်သည်။  ခက်သည်က ကြိုးနီက တင်းလွန်းသည်၊ ဒါပေမယ့် ကြိုးနီနီမှာ ခြတွေက အဖွေးသား။  ဒီလိုဆိုလျှင် တစ်ခြားနိုင်ငံကရော၊ ပြည်တွင်းကပါ ရင်းနှီးမြှုပ်နှံမည်သူတွေ အတွက်အတော့်ကို ကသိ ကအောက်ရောက်မည့် ကိစ္စ။  ထုတ်ကုန်လေးတစ်ခု နိုင်ငံထဲက ထွက်ဖို့အတွက် ခြတွေကို ကျွေးလိုက်မွေးလိုက်၊ လိုတဲ့ ပစ္စည်းလေးမှာဖို့အတွက် ခြတွေကို ကျွေးလိုက်မွေးလိုက်နဲ့ဆိုလျှင် လုပ်ငန်းဘယ်တော့မှ မတွင်၊  ကုန်စည်ရဲ့ အ၀င်၊အထွက် စီးကြောင်းက ဥပဒေအတိုင်းမသွားပဲ ခြတွေရဲ့ လက်ထဲမှာ Bottle Neck ဖြစ်ကုန်တော့မည်။  အင်ဒိုမှာလည်း ဒါမျိုးတွေက ရှိနေတုန်း။  ဒီတော့ လာတော့ လာချင်ပါရဲ့၊ ရင်းနှီးမြှုပ်နှံချင်ပါရဲ့၊   သို့ပေမယ့် ကြိုးနီနီနဲ့ ခြကြောက်တယ်ဆိုတယ် သံသရာ တစ်ပတ်ပြန်လည်လိမ့်မည်။  ခံရမည်မှာ အောက်ခြေ ပြည်သူများသာဖြစ်သည်။ 

Tuesday, September 4, 2012

ဘ၀ကို အရှုံးမပေး၊ လက်နှစ်ဖက်မရှိတဲ့ ပန်းချီပညာရှင်


          လူရယ်လို့ ဖြစ်လာရင်တော့ ဘ၀မှာ ပြည့်စုံမှု့ကို လိုလားတောင့် ကြတာပဲ။  ဒါပေမယ့် တစ်ခါတစ်လေကျတော့ မပြည့်စုံမှု့တွေကို ဘ၀ပေး အခြေအနေလို့ ခံယူပြီး အဲ့ဒီခံယူချက်ထဲက ရုန်းထွက်ဖို့ မကြိုးစားကြဘူး။  ဟွမ်ဂိုဖူ ဆိုတဲ့ ပန်းချီဆရာကတော့ သူ့အသက် ၄နှစ်သားမှာ လျှပ်စစ်ဓာတ်လိုက်ပြီးတော့ သူ့ရဲ့ လက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရတယ်။  ဒါပေမယ့် ဟွမ်ဟာ သူ့ဘ၀ကို အရှုံးမပေးခဲ့ပါဘူး။  လက်နှစ်ဖက်မရှိပေမယ့် သူ့ဘ၀ရဲ့ အိပ်မက်ဖြစ်တဲ့ ပန်းချီဆရာဖြစ်ဖို့ကို ဆက်လက်အသက်သွင်းခဲ့တယ်။  အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ သူဟာ ခြေထောက်နဲ့ ပန်းချီဆွဲနိုင်အောင် ကြိုးစားခဲ့တယ်။
          အသက် ၁၈ နှစ်မှာ ဟွမ့် အဖေရဲ့ ကျန်းမာရေးအခြေအနေဟာ အတော့်ကို ဆိုးဝါးခဲ့တယ်။  ဆယ်ကျော်သက်အရွယ် ဟွမ်ဟာ သူ့အဖေဆေးကုသမှု့အတွက် လိုအပ်တဲ့ ငွေကိုရအောင် သူ့ဘ၀ကို တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတယ်။  သူ့ပညာရေးကို ရပ်တန့်ခဲ့တယ်၊ မြို့တွေ တစ်မြို့ပြီး တစ်မြို့ကို လျှောက်သွားပြီးတော့ လမ်းဘေးမှာ ပန်းချီဆွဲပြီး လမ်းသွား လမ်းလာတွေကို သူ့ပန်းချီကားတွေ ရောင်းချလို့ ငွေရှာခဲ့ရတယ်။  ဒီလို ခရီးသွားလာရင်းနဲ့ သူဟာ ပါးစပ်မှာ စုပ်တံကိုကိုက်လို့ ပန်းချီဆွဲတတ်လာခဲ့တယ်။ 
          ခုတော့ ဟွမ်ဟာ အသက် ၄၁ နှစ်အရွယ်ရောက်နေပါပြီ။  သူဟာ ချုန်ချင်းပြတိုက်ရဲ့ လက်ထောက် ပြတိုက်မှုးတစ်ယောက်  ဖြစ်နေပါပြီ။  သူ့ရဲ့ လက်ရာမြောက်လှတဲ့ ပန်းချီကားတွေကို ပါးစပ်နဲရောက် ခြေထောက်နှင့်ပါ ရေးဆွဲပြီးတော့ နာမည်ကြီး ပန်းချီဆရာ တစ်ယောက်ဖြစ်နေပါပြီ။  သူ့ဟာ ပန်းချီပညာရပ်အနေနဲ့ရော၊ စိတ်ဓာတ်မြှင့်တင်ရေးအတွက်ပါ ဆုတံဆိပ်ပေါင်းမြောက်များစွာ လက်ခံရရှိခဲ့ပါတယ်။  ဒါ့အပြင် သူ့လိုမျိုး မသန်မစွမ်းလူငယ်လေးတွေကို ပန်းချီဆွဲတတ်လာအောင် မြေတောင်မြှောက်ပေးနေပါတယ်။
          “ဘ၀မှာ ခင်ဗျားတို့အတွက် တံခါးပေါက်တစ်ပေါက် ပိတ်နေတဲ့အခါ တစ်ချိန်ထဲမှာပဲ ခင်ဗျားတို့ဟာ တစ်ခြား တံခါးပေါက်တစ်ပေါက်ကို ဖွင့်လှစ်နိုင်ရမယ်။  တစ်ကယ်တော့ ဘ၀မှာ မတွန်းလှန်နိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူးဆိုတာကို မျိုးဆက်သစ်တွေကို ကျွန်တော်က သိစေချင်တာပါ။  အခက်အခဲဆိုတဲ့အရာကို ကျော်လွှားရမယ်၊ ဖြတ်သန်းရမယ်ဆိုတဲ ခံယူချက်ရှိရင် ဘ၀မှာ ဘာအခက်အခဲကိုမှ မှု့စရာမလိုပါဘူး” လို့ ဟွမ်က ဆိုပါတယ်။ 

Monday, September 3, 2012

လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့


          ကျွန်တော်ရဲ့ဘ၀ကို နောက်ပြန်ကြည့်လိုက်ရင် နောင်တကြီးကြီးမားမား ရစရာ အရာတွေတော့ သိပ်မရှိပါဘူး။  “ယောက်ျားတစ်ယောက်ကို ဘယ်လိုတိုင်းတာသလဲဆိုတာဟာ အလုပ်တစ်ခုကို  သူဘယ်လို ကောင်းကောင်း စတင်ခဲ့တယ်ဆိုတာ နဲ့ မဟုတ်ဘူး။  ဒါပေမယ့် သူဘယ်လို အဆုံးသတ်သလဲဆိုတာနဲ့ တိုင်းတာတယ်” ဆိုတဲ့ စကားလေးနဲ့ ကျွန်တော့် ဘ၀ကို တည်ဆောက်ခဲ့တယ်။ 
          ဒါပေမယ့် ကျွန်တော့် ဘ၀မှာ နောင်တရစရာ တစ်ခုတော့ရှိတယ်။  အဲ့ဒါဟာ ကျွန်တော့်ရဲ့ သရုပ်ဆောင်ဘ၀ကို အောင်မြင်စွာ အဆုံးမသတ်နိုင်ခဲ့တာပဲ။  ကျွန်တော် အောင်မြင်ဖို့ အခွင့်အလမ်းကောင်းတွေ ရခဲ့တယ်၊ အောင်မြင်ဖို့ နီးစပ်နေတဲ့ အချိန်မှာ ကျွန်တော် လက်မြှောက်ပြီး သရုပ်ဆောင်ဘ၀ကနေ ထွက်ခဲ့တာ။ 
          ၁၉၉၇ ခုနှစ်တုန်းကပေါ့ ကျွန်တော့် အသက်က ၂၀ ၀န်းကျင်။  အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းစခဲ့တယ်။  ကျွန်တော့်ဘ၀တစ်ခုလုံးကို သရုပ်ဆောင် လောကထဲကို မြှုပ်နှံခဲ့တယ်။  ကျွန်တော့်တိုင်းပြည်က အကောင်းဆုံး ကျောင်းမှာ ကျွန်တော်တက်ခဲ့တယ်။  ကျွန်တော့်မှာ အရမ်းကောင်းတဲ့ အေးဂျင့်ရှိတယ်။  ခင်ဗျားတို့ သိတဲ့ တီဗီ အစီအစဉ်တွေတိုင်းမှာ ကျွန်တော်ဟာ ဧည့်သည်အဖြစ် ပါဝင်ခဲ့တယ်။ 
          ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သရုပ်ဆောင်လောကကို ကျောခိုင်းခဲ့တယ်။  ကျွန်တော် ငြင်းပယ်မှု့တွေကို မခံနိုင်ဘူး။  ကျွန်တော် တစ်စုံတစ်ရာကို စောင့်နေရတာမျိုး ဒါမှမဟုတ် ကျွန်တော့်ဘ၀ကြီးတစ်ခုလုံးကို တစ်ခြားလူတွေရဲ့ လက်ထဲမှာ ထည့်ထားရတာကို မကြိုက်ဘူး။  ဒါနဲ့ပဲ ကျွန်တော်ဟာ လက်မြှောက်အရှုံးပေးခဲ့တယ်၊ ကျောခိုင်းခဲ့တယ်။
          မှတ်မိသေးတယ် အဲ့ဒီနေ့က ကျွန်တော့်အေးဂျင့်ကို အဲ့ဒီအကြောင်းပြောတုန်းကပေါ့။  ကျွန်တော့် အေးဂျင့်ပါးစပ်ကြီးအဟောင်းသားဖြစ်သွားတာ အောက်မေးရိုးကြီး ကြမ်းပြင်နဲ့ ထိသွားတဲ့ အသံတောင် ကျွန်တော် ကြားမိသလားပဲ။  ကျွန်တော် ပေါက်တော့မယ်ဆိုတာကို ကျွန်တော့် အေးဂျင့်ကသိနေတယ်။  နာမည်ကြီး သရုပ်ဆောင်ဖြစ်လာဖို့ အချိန်လေးနည်းနည်းလောက်ပဲစောင့်ရတော့မယ် ဆိုတာကို သူသိနေတယ်။  ဒါပေမယ့် ကျွန်တော်ဟာ ကျွန်တော် စတင်ခဲ့တဲ့ အလုပ်တစ်ခုကို အဆုံးမသတ်ခဲ့ဘူး။
          ဒီအကြောင်းကို ကျွန်တော် ဘယ်သူ့ကိုမှ ပြောပြလေ့မရှိပေမယ့် အခုကျွန်တော် ခင်ဗျားတို့ကို ပြောပြဖြစ်တယ်။  ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ဘ၀မှာ နောက်ကြောင်းပြန်လှည့်ကြည်ရင် နောင်တဆိုတဲ့ အမိုးအောက်မှာ ပိတ်မိမနေစေချင်လို့။  ကျွန်တော် ခင်ဗျားတို့စတဲ့ အလုပ်တစ်ခုကို မပြီးဆုံးခင် လက်မြှောက်အရှုံးပေးလိုက်တာမျိုး မဖြစ်စေချင်ဘူး။  ခင်ဗျားမှာ ခုလုပ်နေတဲ့ အရာထက် ပိုပြီးတော့ကို ကြီးမားတဲ့ အိပ်မက်ရှိရှိ၊ ခင်ဗျားဘာပဲလုပ်လုပ် အလွယ်တကူနဲ့တော့ အရှုံးမပေးလိုက်ပါနဲ့။  အရှုံးပေးလိုက်ခြင်းဟာ တန်ဖိုးမရှိတဲ့ ရလဒ်တစ်ခုကိုပဲ ရလာမှာပါ။  နောက်တစ်ခုက အရှုံးပေးလိုက်ခြင်းကြောင့် တန်ဖိုးရှိတဲ့ အရာတစ်ခုကို လက်လွှတ်လိုက်ရတာပါ။ 
          တစ်ကယ်တော့ လူတိုင်းမှာ ဇွဲဆိုတဲ့ အရာကို လိုအပ်တယ်။  အလုပ်တစ်ခုကို စတင်တာထက် အလုပ်တစ်ခုကို ပြီးဆုံးအောင်လုပ်ဖို့ဇွဲဟာ ပိုခက်ခဲတယ်။

Friday, July 27, 2012

ထီပေါက်ရင်၊ ငွေရရင် ရုတ်တရက်ချမ်းသာသွားခဲ့ရင်


              “ကျန်းကျန်း မာမာ၊ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည်… လူမွဲတွေက သဋ္ဌေးဖြစ်မည်၊ မနှေးဖြစ်တော့မည်” ဆိုတဲ့ တို့နဂါးနီ သီချင်းကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။  အဲ့ဒါနဲ့ တွဲမြင်မိတာက လက်တွန်းလှည်း ထီဆိုင်လေးတွေ။  ထီဆိုင်တွေနဲ့ ဒီသီချင်းတွဲဖွင့်တာကတော့ နားလည်ရ အတော်ခက်သည်။  နဂါးနီသီချင်းရဲ့ ရည်ရွယ်ချက်က လူတွေ ထီးများများလှိမ့်ထိုး ကံကောင်းလို့ ထီများပေါက်ခဲ့ရင် ဆိုတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူးပေါ့လေ။  ထီပေါက်ရင် ငွေရရင် ရုတ်တရက်ချမ်းသာသွားခဲ့ရင်… ဘာလုပ်မှာလဲ? တိုက်ကြီးကြီးမှာ နေမှာလား၊ ကားအကောင်းစားတွေ ၀ယ်မှာလား… ပလက်တီနမ် လက်မလုံးလောက် ဆွဲကြိုးကြီးဆွဲမှာလား?  သို့ပေမယ့် နိုင်ငံသားတိုင်း ချမ်းသာသွားဖို့က လူတိုင်း ထီမပေါက်နိုင်၊  ဒီတော့ ထီပေါက်ရင်၊ ငွေရရင်၊ ရုတ်တရက် ချမ်းသာသွားဖို့ဆိုတာ သန်း ၆၀ ပုံ ၁ ပုံသာ အခွင့်အရေးရှိသည်။
          ခုဒီမိုကရေစီရပြီးတော့လည်း ဆင်းရဲ့မှု့ ပပျောက်ရေး စီမံချက်ဆိုပြီး သမ္မတကြီး မကြာ မကြာထည့်သွင်း ပြောတာလည်း ကြားဖူးပါရဲ့။  သို့ပေမယ့် ဆင်းရဲမှု့ ပပျောက်အောင် ဘယ်လိုလုပ်မတုန်း။  လုပ်သားတိုင်းရဲ့ ၀င်ငွေ တက်လာအောင်လုပ်မယ်။  ဒါလည်း နည်းလမ်းတစ်ခုပဲ။  သို့ပေမယ့် ကျွန်တော် တစ်ခုတော့ စဉ်းစားကြည့်တယ်။  ကျွန်တော်တို့ နိုင်ငံမှာ ဘာတွေ ဆင်းရဲနေလည်းဆိုတာကိုပါ။  ဆင်းရဲခြင်းကို ဘာနဲ့တိုင်းတာသလဲ… ငွေကြေးနဲ့ တိုင်းတာလား။  အင်း ဟုတ်တော့ဟုတ်တယ်။  ငွေကြေးဟာ ဓန အင်အားကိုပြသနဲ့ အထင်ရှားဆုံး ပြယုဒ်တစ်ခု။  ဒါပေမယ့် အဲ့ဒီ ငွေကြေးကို ဘာတွေနဲ့ ဖလှယ်ယူလဲ?  တိုင်းပြည်တစ်ခု ချမ်းသာလာဖို့ဆိုတာက အခြားတိုင်းပြည်က ငွေ၊ ငွေနဲ့ ဖလှယ်လို့ရတဲ့ ကုန်ပစ္စည်းတွေကို ကိုယ့်တိုင်းပြည်ထဲကို များများ စီးဝင်လာအောင် လုပ်တော့မှ တိုင်းပြည်ထဲမှာ ရှိတဲ့ လူတွေလည်း ချမ်းသာလာမယ်။  ဒီတော့ ဒီလို စီးဝင်မှု့လမ်းကြောင်းကို ဘယ်ကနေ ရနိုင်သလဲ? ထုတ်ကုန်နဲ့လား၊ ကုန်သွယ်မှု့နဲ့လား၊ လူ့စွမ်းအား အရင်းအမြစ်နဲ့လား၊ ခရီးသွား လုပ်ငန်းကနေပြီးတော့လား၊ လက်ညှိုးထိုးပြီး ငါ ဒါလိုချင်တယ်ဆိုတဲ့ ပြီး အိတ်ထဲထည့်တဲ့ လက်ညှိုးထိုး ပညာရပ်နဲ့လား။  လက်ညှိုးထိုးရင် ရေဖြစ်လောက်တဲ့ တန်ခိုးနဲ့ ပြည်စုံတဲ့ လူတွေ မြန်မာပြည်မှာတော့ မရှိတာသေချာတယ်။  ဒီတော့ လက်ညှိုးထိုး ပညာရပ်နဲ့တော့ တိုင်းပြည်ကြီးကို ဓနအင်အား တောင့်တင်းလာအောင် လုပ်လို့ မရဘူးဆိုတာ သေချာတယ်။  ဒီတော့ ငွေကြေးရဲ့ ၀င်ငွေစီးဝင်လာမယ့် လမ်းကြောင်းတွေမှာ ကျွန်တော်တို့ ဘာတွေ ဆင်းရဲနေလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုအပ်လာတယ် လို့ ကျွန်တော်က မြင်မိပါတယ်။ 

Saturday, June 30, 2012

Work Smarter, Not Harder


          တစ်ခါတစ်လေကျတော့ တွေးမိတယ်.. ငါ ဘာတွေလုပ်နေတာလဲ ဆိုပြီးတော့ပေါ့။  တစ်နေ့ အလုပ်ဘယ်လောက်ပြီးခဲ့သလဲ?  ရှေ့ဆက်လုပ်ဖို့ ဘယ်လောက်ကျန်သေးလဲ။  ဒီအခါကတော့ Work Smarter, Not Harder ဆိုတဲ့ ဟာလေးကို ပြေးပြေးမြင်မိတယ်။  ရုံးဝန်ထမ်းတစ်ယောက်ဆိုပါတော့ ကွန်ပျူတာဖွင့်လိုက်လို့ Desktop ပေါ်မှာတင်ထားတဲ့ ဖိုင်တွေမှာ ဒီနေ့ အပြီးလုပ်ရမယ့် အလုပ်တွေအတွက် ဘယ်နှစ်ဖိုင်ရှိလဲ? ဒီတစ်ပတ် အပြီးလုပ်ရမယ့် ဖိုင်တွေ ဘယ်နှစ်ဖိုင်ရှိလဲ? ဒါမှမဟုတ် အသုံးမ၀င်တဲ့ ဖိုင်တွေ များနေပြီးတော့ တွေ့ကရာကို ပြီးအောင် လျှောက်လုပ်နေလား? 

လူဝင်ဆန့်နိုင်မှု့
          ခက်တာက ကျွန်တော်တို့ရဲ့ ကြက်တူရွေးပညာရေးစနစ်။  ကျောင်းမှာသင်တော့လည်း သင်ရိုးကုန်ကို အလွတ်ကျက် အလွတ်ဖြေခဲ့တယ်။  တက္ကသိုလ်မှာလည်း သင်ရိုးတွေ တော်တော်များများကို အလွတ်ကျက်ရအောင်ကျက်ပြီးတော့ ဖြေခဲ့တယ်။  ဒါပေမယ့် ဒီလိုဖြတ်သန်းခဲ့တဲ့ သူငယ်တန်းကနေ တက္ကသိုလ်ပြီးတဲ့ ၁၅ နှစ်လောက်ကာလမှာ လူမှု့ရေးအသိုင်းအ၀ိုင်းနဲ့ အတော့်ကို ကင်းကွာနေအောင် တက္ကသိုလ်တွေထဲမှာ တက္ကသိုလ်ကျောင်းသားဘ၀က ပျောက်ဆုံးနေတယ်။  ဆိုလိုတာက ကျွန်တော်တို့ လူငယ်တော်တော်များများဟာ လူမှု့ရေးပိုင်းမှာ တော်တော့်ကို အားနည်းနေတယ်လို့ မြင်မိတယ်။  ကျွန်တော်ပြောချင်တာက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု့မျိုးကို ဆိုလိုတာမဟုတ်ဘူး။  လူကြီးတွေနဲ့ စကားပြောတဲ့အခါမှာ ပိုင်ပိုင်နိုင်နိုင်နဲ့ ချက်ကျ လက်ကျ ပြောနိုင်တဲ့ လူမှု့ရေးစွမ်းရည် ကျွန်တော်တို့မှာ တော်တော့်ကို အားနည်းတယ်။  ကျွန်တော်တို့ မန်နေဂျာတွေနဲ့ စကားပြောတဲ့အခါမှာ Yes, No နှစ်လုံးလောက်သာ ပါးစပ်က ထွက်နိုင်လောက်အောင် အာစေးမိနေသလိုဖြစ်နေတတ်တယ်။  တက္ကသိုလ်ကျောင်းသာဘ၀မှာ စာအုပ်ထဲတွေမှာ မရနိုင်တဲ့ အပေါင်းအသင်း ၀င်ဆန့်တဲ့ အသိုက်အ၀န်းမျိုးကို ကျွန်တော်တို့ မရခဲ့ကြဘူး။  တစ်နည်းအားဖြင့် Social ကျတယ်လို့ တစ်ချို့တွေ ခေါ်တဲ့ဟာပေါ့။  ဆိုရှယ်ကျတယ်ဆိုတာက ဘီယာဆိုင်သွား၊ ဘီယာသောက်၊ မိန်းကလေးတွေနဲ့ အီစီကလီလုပ်၊ ဆေးချ ဒါမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။  အပေါင်းအသင်း ၀င်ဆန့်နိုင်အောင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်သွေး ထက်မြက်လာအောင် ပြောနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။  ဒါမျိုးတွေဟာ ကျောင်းသင်ခန်းစာတွေထဲမှာ ရှာလို့မတွေ့နိုင်တဲ့ အရာတွေပါ။  ဒါပေမယ့် ဒီအရည်အသွေးဟာ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးအတွက် အရမ်းကို အထောက်အကူဖြစ်စေမယ့် ကိုယ်ရည်ကိုယ်သွေးပါပဲ။  ဟားဗတ်၊ ပရင်စတန်၊ အောက်စ်စဖိုဒ့်နဲ့ ပါတ်သတ်တဲ့ ၀တ္တုတွေဖတ်လိုက်တိုင်း သူတို့ တက္ကသိုလ်တွေဟာ တက္ကသိုလ်ကျောင်းသားတွေကို မိတ္တဗလ စွမ်းရည်ထက်မြက်လာအောင်၊ လူဝင်ဆန့်လာအောင် တော်တော့်ကို ပြုစုပျိုးထောင်ပေးကြတာပဲလို့ စိတ်ထဲမှာတွေးမိတယ်။

Monday, March 5, 2012

၂၀၁၂ စင်ကာပူ အလုပ်သမားဆိုင်ရာ ဘက်ဂျက် ဆွေးနွေးမှု့များ

          ဒီဆွေးနွေးခန်းလေးကတော့ Ong Teng Cheong Labour Leadership Institute က ကမကထ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပြီးတော့ စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းနဲ့ မေးမြန်းသူတွေ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပါတယ်။  ဒီဆွေးနွေးပွဲလေးရဲ့ နာမည်ကတော့ Labour Movement Pre-Budget 2012 Dialog Between Prime Minister ဖြစ်ပါတယ်။  ဒီအထဲမှာတော့ စင်ကာပူ ၀န်ကြီးချုပ်က အဓိကအားဖြင့် အချက် ၃ ချက်ကို ပြောသွားပါတယ်။

၁။  ထုတ်လုပ်မှု့စွမ်းအားတွေကို မြှင့်တင်ခြင်းနဲ့ နိုင်ငံခြားမှ အလုပ်သမားများကို မှီခိုနေရခြင်းကို လျှော့ချရန်
          ဒီအထဲက စင်ကာပူဝန်ကြီးချုပ်ပြောသွားတာလေးတွေကို ထုတ်နှုတ်လိုက်ရင် “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်စွမ်းအားတွေကို ကျွန်တော်တို့ကိုယ်တိုင် တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်နေသင့်ပါပြီ။  ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စင်ကာပူရဲ့ စီးပွားရေးဟာ တစ်စိတ်တစ်ပိုင်း တိုးတက်ခဲ့ပါတယ်။  ဒါဟာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားမြှင့်တင်မှု့တင်မကပဲ သိသာတဲ့ အချက်ကတော့ နိုင်ငံခြားသားတွေကို နိုင်ငံတွင်းမှာ ကူညီဖို့ အသုံးပြုခဲ့တဲ့အတွက်ပါ။  ဒီလိုမှ နိုင်ငံခြားသားတွေကို အသုံးမပြုခဲ့ဘူးဆိုရင် ဒီလိုမျိုး အခြေအနေတွေကို ရရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။  ဒီအတွက် စင်ကာပူလူမျိုးတွေရဲ့ လခတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကောင်းမွန်စွာ မပေးနိုင်ခဲ့ပါဘူး။  ပြီးခဲ့တဲ့ ၅ နှစ်ကတော့ လစာတွေ တိုးတက်လာပေမယ့် သိသိသာသာကြီး မဟုတ်ခဲ့ပါဘူး။
          “ ခု ကျွန်တော်တို့မှာ လူဦးရေ ၅ သန်းရှိနေပါပြီ။  နောက်ထပ် ၁၀ နှစ်ဆိုရင် လူဦးရေ ၆သန်းဖြစ်လာမှာဖြစ်ပြီး နောက် အနှစ် ၂၀ ဆိုရင်တော့ လူဦးရေ ၇ သန်းဖြစ်လာမှာပါ။  ဒီတော့ ကျွန်တော်တို့ဟာ နိုင်ငံခြားသားဦးရေကို လျှော့ချလာနိုင်မှာဖြစ်ပေမယ့် ဒီလိုမျိုးလျှော့ချဖို့ကတော့ အတိုင်းအတာ တစ်ရပ်ရှိပါတယ်။  ဒီအတွက် ကျွန်တော်တို့ဟာ နိုင်ငံအတွက် လိုအပ်မယ့် နိုင်ငံခြားသားတွေကို လျှော့ချနိုင်ဖို့ စီမံခန့်ခွဲရမှာဖြစ်သလို ဒါမှလည်း နိုင်ငံခြားသားတွေအပေါ် မှီခိုနေရမှု့ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။  ဒါဟာ ဘာကို ဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ ထုတ်လုပ်မှု့စွမ်းအားတွေ မြင့်မားလာအောင်၊ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ၊ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို မြင့်မားလာအောင် ပိုပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်…..”


Thursday, February 9, 2012

ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ၃


          ပြည်တော်ပြန်ချင်သည်။  သို့ရာတွင် ပြည်တော်ပြန်ပြီး ဘာလုပ်ရမည်နည်း ဆိုသည်ကို မသိသည်က ဆိုးသည်။  ကိုယ့်ပြည်ကိုယ့်ရွာမှာ ကိုယ့်တိုင်းပြည်က အစားအစာတွေစားပြီး နေချင်သည်။  မြန်မာပြည်ရဲ့ လယ်ကွင်းစိမ်းစိမ်းလေးတွေလွမ်းသည်၊ မနက်တိုင်း ကောက်ညှင်းပေါင်းပူပူလေးကို နှမ်းလေးဖြူးစားရတာကို သဘောကျသည်။  လက်ဖက်ရည်ဆိုင်ကိုလွမ်းသည်။  Brain Drain ဆိုပြီး အော်နေကြသည်။  Brain Drain မှာ အကျိုးအမြတ်ရသတဲ့၊ ဆုံးရှုံးမှု့တွေရှိသတဲ့။  စုံသည်။  ဆရာကြီး ဦးအောင်သင်းရဲ့ စကားတစ်ချို့ကို မှတ်မိသည်။  လူငယ်တွေ နိုင်ငံခြားကို သွားပြီးတော့ စီးပွားရှာကြသည်။  ထိုအတွက် အချိန်တွေ ရင်းနှီးကြသည်။  ထိုအချိန်အတွင်း ပိုက်ဆံသာမက အတတ်ပညာကိုပါ ရှာမှီးရန်လိုသည်။  အနှီ အတတ်ပညာကို အခြေပြုပြီး ပိုမိုမြင့်မားသော အဆင့်အတန်းကို ရောက်ရန် ကြိုးပမ်းသင့်သည်။  မဟုတ်ပါက အရွယ်၏ ဆုံးရှုံးမှု့ကို ပြန်ကုစား၍ မရနိုင်။  ကြိုးစားသူများကလည်း ကြိုးစားကြပါသည်။  ရွှေပြည်တော် မျှော်တိုင်းမဝေးတော့ဟု အားတော့ တင်းထားသည်။  ဘယ်တော့လည်းတော့ မသိ။

Sunday, January 22, 2012

တရုတ်နှစ်သစ်ကူးပွဲတော် ဘယ်က စတယ်


          ပြောရရင်တော့ ဒီပိုစ့်ဟာ အားနေလို့ ရေးဖြစ်သွားတာပါ။  စီလုတ်ပြည်ကြီးမှာ ရောက်နေသော အကျွန်ုပ်တစ်ယောက် တရုတ်နှစ်သစ်ကူး ပိတ်ရက်အတွင်း အဆိုပါ စီလုတ်ပြည်တွင် ပိတ်မိ၍ ခြေချုပ်မိလေသည်ဖြစ်ရကား သွားစရာ မယ်မယ်ရရမရှိ၊ သွားချင်သော်လည်း ချမ်းလွန်းသဖြင့် အပြင်မထွက်ချင်သေကြောင့် အဆိုပါ စီလုတ်တို့ ဘယ်သို့ ဘယ်ပုံ ဤကဲ့သို့သော နှစ်ကူးပွဲကြီးကို ကျင်းပရသနည်းဆိုတာကို သိချင်ပါသောကြောင့် ၀ိကီပီဒီးယားကို လှန်လှောရှာကြည့်လေသော အခါသမယတွင် တရုတ်နှစ်သစ်ကူးနှင့်ပတ်သတ်သော ပုံပြင်ကလေးကို ဖတ်မိပါလေ သတည်း။  သို့နှင့်ပင် အဆိုပါ တရုတ်နှစ်သစ်ကူးနှင့် ပတ်သတ်သော ပုံပြင်ကလေးကို ပိုစ့်လုပ်၍ ဆားချက်လိုက်ပါသည် ခင်ဗျား။
          နှစ်သစ်ကူး အကြောင်းပုံပြင်ပြောရင် အနီ ရောင်နဲ့ ဟုန်ကျွန်း လောင်ဇူးလို့ခေါ်တဲ့ ဟုန်ကျွန်း ဆရာဘုန်းကြီးကို ဖယ်ပြီးတော့ ပြောလို့မရပါဘူး။  ဘာဖြစ်လို့လည်းဆိုတော့ ဒါက အဓိက အခန်းက ပါဝင်ပြီးတော့ တရုတ်တွေ ဘာကြောင့် အနီရောင်ကို သုံးတယ်ဆိုတာကို တွေ့ရလို့ပါ။  လွန်လေပြီးသော ရှေးနှစ်ပေါင်းများစွာကပေါ….. စီလုတ်ပြည်ကြီးမှာ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးတဲ့ အချိန်ရောက်လာပြီဆိုရင်ဖြင့် နယန် (Nian, ) ဆိုတဲ့ ဘီလူးလို အကောင်ကြီးလာ ရွာတွေကို လာပြီးတော့ သောင်းကျန်းပါသတဲ့။  အဲ့ဒီ နယန်ဆိုတဲ့ အကောင်ကြီးဟာ တရုတ်နှစ်သစ်ကူးရဲ့ ပထမရက်ဆိုရင် လူတွေရဲ့ သီးနှံတွေ၊ မွေးထားတဲ့ အကောင်တွေကိုသာမက ရွာသားတွေ အထူးသဖြင့် ကလေးတွေကိုပါ စားသောက်ပါလေရောတဲ့။  ဒီတော့ ရွာသားတွေကလည်း ဒီ နယန်ကောင်ကြီးရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ရန် ဟင်းတွေ ချက်ပြုတ်ပြီးသကာလ သူတို့ အိမ်ရှေ့ တံခါးပေါက်မှာ သွားရောက်ချထား ကြပါသတဲ့။  ဒီလို ချထားရင်ဖြင့် ဒီ နယန်ဆိုတဲ့ အကောင်ကြီးဟာ ဟင်းတွေကိုစားပြီး သူတို့ရွာလေးတွေကို မဖျက်စီးတော့ဘူးလို့ ယုံကြည်ကြပါတယ်။ 

Tuesday, November 1, 2011

အာခိမိဒိ သို့ ကျွန်တော် နှစ်သက်တဲ့ ပညာရှင်


          ကျွန်တော်တို့ ကျောင်းတွေမှာ သင်္ချာပညာသင်တဲ့အခါ ဂျီသြောမေတြီ ဘာသာရပ်ကို သင်ကြားရင်း ပိုက်သာဂိုရပ် သီအိုရီဆိုတာကို စတင် ရင်းနှီးခွင့်ရပါတယ်။  ဒါပေမယ့် ပိုင်သာဂိုရပ်ဆိုတာ ဘယ်သူမှန်းမသိတာ ကျွန်တော် ၈ တန်းကျော်လောက်အထိပါ။  ဆရာမကိုမေးတော့ ပိုင်သာဂိုရပ်ဆိုတာ ဂရိက သင်္ချာပညာရှင်တဲ့။  သူက ဘယ်လိုလူမျိုးလဲ ဆက်မေးတော့ စာဆက်သင်စရာရှိတာနဲ့ ဒီမှာတင် အဆုံးသတ်သွားပါတယ်။   ကျောင်းတွေမှာက သင်္ချာဆို သင်္ချာတစ်မျိုးဘဲသင်လေတော့ ဘာကြောင့် ဒီလူကြီး ဒီလိုတွေထွင်ရတယ် ဆိုတာကို အရမ်းစိတ်ဝင်စားခဲ့ရပါတယ်။  နောက်ပိုင်း စိတ်ဝင်စားလို့ ဟိုစာအုပ် ဒီစာအလုပ်တွေကို လျှောက်ဖတ် လေ့လာတော့မှ ရာဇ၀င်တွေကို သိရှိလာခဲ့ရတာပါ။  ပိုက်သာဂိုရပ်စ် ကျောင်းတော်အကြောင်း၊  သင်္ချာပညာနဲ့ ဘ၀ရဲ့ ပန်းတိုင်ကို ဆွတ်လှမ်းမယ်လို့ ယူဆခဲ့ကြတဲ အဲ့ဒီခေတ်က လူတွေအကြောင်း၊ အတွေးအခေါ်ကို မည်မျှတန်ဖိုးထားခဲ့ကြတယ်ဆိုတဲ့အကြောင်းတွေကို သိရှိလာခဲ့ရပါတယ်။  သေးလ်စ်၊ ပိုင်သာဂိုးရပ်စ်၊ ဟီရာ ကလီတပ်စ်၊ ပါမင်နီးဒက်စ်၊ ဒီမိုကရီတပ်စ်၊ ဆိုကရေးတီး၊ ပလေတို၊ အဲရစ်တိုတယ် စတဲ့ အတွေးအခေါ်ပညာရှင်တွေ၊ သဘာဝကိုလေ့လာတဲ့ သင်္ချာ၊ သိပ္ပံ ပညာရှင်တွေရဲ့ ဘ၀ပုံရိပ်တွေနဲ့ ထိတွေ့ခွင့်ရခဲ့ပါတယ်။  ဒီအထဲမှာတော့ ကျွန်တော် အကြိုက်ဆုံး ကျွန်တော့် သူရဲ့ကောင်းကြီး အဖြစ်အမြဲတမ်း အမြင်အာရုံထဲမှာ ပေါ်ပေါ်လာတာကတော့ အာခီမိဒိ ပါ။
          သူ့ရဲ့ ထိုအချိန်က အံမခန်းတည်ထွင်မှု့တွေကို အထင်ကြီးလေးစားတာလည်းပါတယ်၊  နောက်တစ်ခု က သူ့ရဲ့ တည်ထွင်မှု့တွေဟာ လက်တွေ့နဲ့ နီးစပ်တာလည်းပါတယ်၊  အရေးအကြီးဆုံးအချက်က သူ့ရဲ့ အသိပညာနဲ့ သူ့နိုင်ငံကို သူတတ်စွမ်းသမျှ ကာကွယ်ခဲ့တာပါ။  အဲ့ဒီအချက်က ကျွန်တော် သူ့အပေါ်ကို အထင်ကြီးလေးစားရတဲ့ အချက်ကလေးပါ။ 

Saturday, October 22, 2011

လုပ်ငန်းခွင်အတွက် ယုံကြည်မှု့ရှိအောင် တည်ဆောက်ခြင်း



အလုပ်ရွေးချယ်ရာဝယ်
          ကျွန်တော် ဟိုနေ့ကပဲ တရုတ်က ကျောင်းပြီးစ လူငယ်လေးတွေနဲ့ စကားစမြည်ပြောဖြစ်ပါတယ်။  သူတို့နဲ့ ပြောရင်းပြောရင်း အလုပ်အကြောင်းရောက်သွားတယ်။  အဓိက သူတို့ဖြစ်ချင်တာလေးတွေ မေးကြည့်တယ်။  ဘာဖြစ်ချင်လည်းပေါ့၊ အဖြေကတော့ လစာများများရတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တယ်။  ဒါနဲ့ပတ်သတ်ပြီးတော့ ဒီပိုစ်လေးကို ရေးဖြစ်တာပါ။  ခေါင်းစဉ်ကတော့ လုပ်ငန်းခွင်အတွက် ယုံကြည့်မှု့ရှိအောင် တည်ဆောက်ခြင်းလို့ ပေးလိုက်ပေမယ့် အဓိက က အလုပ်နဲ့ ပတ်သတ်တာလေးတွေကို ဆွေးနွေးချင်တာပါ။

Friday, October 14, 2011

အလုပ်ကြိုးစားတယ်ဆိုတာ


          တစ်ခါတုန်းက အလွန်သန်မာတဲ့ သစ်ခုတ်သမားကြီး တစ်ယောက်ရှိပါသတဲ့။  တစ်နေ့တော့ သစ်ခုတ်သမားကြီးဟာ သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်သွားလျှောက်ပြီး အလုပ်ရသွားပါသတဲ့။  သူရဲ့လစာဟာ အလွန်ကောင်းသလို အလုပ်ခွင်အခြေအနေကလည်း အလွန်ကောင်းပါသတဲ့။  ဒါကြောင့်နဲ့ဘဲ သစ်ခုတ်သမားဟာ သူအလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။
          သူရဲ့ သဋ္ဌေးဟာ သစ်ခုတ်သမားကြီးကို ပေါက်ဆိန်တစ်လက်ပေးပြီးတော့ သစ်ခုတ်ရမယ့် နေရာကို လိုက်လံပြသပေးပါသတဲ့။ 
          ဒီလိုနဲ့ ပထမနေ့မှာတော့ သစ်ခုတ်သမားဟာ သစ်ပင် ၁၅ ပင် ခုတ်လှဲနိုင်ပါသတဲ့”
          “ဂုဏ်ယူပါတယ်ကွာ ဒီအတိုင်းတာ ဆက်ပြီး အလုပ်လုပ်” လို့ သဋ္ဌေးကြီးက သစ်ခုတ်သမားကို ပြောပါတယ်။
          သဋ္ဌေး ရဲ့ချီကျူးခံရတာကြောင့် သစ်ခုတ်သမားကြီးလည်း စိတ်အားအလွန်တက်ကြွသွားပြီး နောက်တစ်နေ့မှာ ဒီထက်ပိုပြီး ကြိုးကြိုးစားစားနဲ့ သစ်ပင်တွေကို ခုတ်ပါသတဲ့။  ဒါပေမယ့် ၁၀ ပင်သာပြီးအောင်ခုတ်လှဲနိုင်ပါတယ်။  တတိယမြောက်နေ့မှာလည်း ပိုပြီးကြိုးစားပေမယ့် သစ်ပင် ၇ ပင်သာခုတ်လှဲနိုင်ပါသတဲ့။  ဒီလိုနဲ့ နေ့တွေနေ့တွေကြာလာလိုက်တာ သစ်ပင်ခုတ်နိုင်တဲ့ အရည်အတွက်လည်း နဲသထက်နဲနဲ လာပါတယ်။
          သစ်ခုတ်သမားကြီးဟာ သူ့ရဲ့ ခွန်အားတွေ ယုတ်လျော့ ကျဆင်းလာတယ်လို့ တွေးမိပါသတဲ့။  ဒါနဲ့ဘဲ သူ့ရဲ့ သဋ္ဌေးဆီကိုသွားပြီးတော့ တောင်းပန်ပါတယ် နောက်ပြီးတော့ ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်ဆိုတာကို တွေးလို့မရဘူးလို့ ပြောပါသတဲ့။ 

Friday, September 30, 2011

သို့မေမေ (သို့) အပြစ်မဲ့တဲ့ ရင်သွေးငယ်လေးတွေကို မဖျက်ဆီးကြပါနဲ့


          ကျွန်တော်ဟာ မေမေရဲ့ရင်သွေးလေးပါ။  မေမေကတော့ သိဦးမှာမဟုတ်ပါဘူးလေ၊ ကျွန်တော့်အသက်က ရက်သတ္တပတ်အနည်းငယ်လေးပဲ ရှိသေးတာကိုးမေမေရဲ့။  ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်ဘာလဲဆိုတာကို ရှာဖွေဦးမှာပါ မေမေ၊ သား မေမေ့ကို ကတိပေးပါတယ်။  သားမေ့မေ့ကို တစ်ခုလောက်တော့ပြောပါရစေ။ သားမှာ ချစ်ဖို့ကောင်းတဲ့ မျက်ခုံးမွှေးလေးတွေ ရှိလာမှာ မေမေရဲ့ နောက်ပြီးတော့ ဆံပင်အနက်ရောင်ကလေးနဲ့ပေါ့။ ဒါတွေဟာ အခုတော့ သားမှာ မရှိသေးပါဘူးလေ၊ သားမွေးလာတဲ့အခါကျရင်တော့ မေမေ မြင်ရမှာပေါ့။  သားဟာ မေမေ့ရဲ့ ပထမဦးဆုံး သားဦးရတနာလေးဖြစ်လာမှာလေ မေမေရဲ့။  မေမေက သားကို “မေမေ့ သားလေး” လို့ခေါ်မှာလားဟင်။  ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ကူညီဖေးမရတော့မှာပေါ့နော်။  သားက သားကြီးလာရင် ဆရာဝန်ကြီး ဖြစ်ချင်တာ မေမေရဲ့။

Friday, September 23, 2011

ကစဉ်ကလျား ဧရာဝတီ သီအိုရီ


ကျွန်တော် သမိုင်းအကြောင်းကို နားလည်းမလည်သလို သိလည်း တိတိကျကျ ဘာမှမသိပါဘူး။  ဒါလေးကို ရေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကျတော့ ဒီလောက်လေးတော့ ဖတ်ရမယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ ဖတ်လိုက်ပြီး ကျွန်တော် ပေးချင်တဲ့ အရာလေးတစ်ခုကို ပေးဖို့ဘဲ ရည်ရွယ်တာပါပဲ။  ဒါလေးကတော့ စုစည်းညီညာမှု့ တစ်ခုကို ပြချင်လို့ပါ။  ကျွန်တော်တို့ ဘာကို သင်ခန်းစာယူပြီးတော့၊ ဘယ်လို ဆက်လုပ်ကြမလဲ? ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတာလည်း?  ဘယ်သူကြောင့် ဘယ်ဝါ့ကြောင့်ကို အတိတ်မှာ ထားခဲ့ပြီးတော့ ယခု ပစ္စုပ္ပန်မှာ ဘာတွေ လုပ်ကြမလဲ? ဘယ်လို ရှေ့ဆက်ကြမလဲ ဆိုတာလေးကို ကျွန်တော်ပြောချင်လို့ပါ။  အနစ်နာခံခဲ့သူတွေ၊ ကျဆုံးခဲ့တဲ့လူတွေ၊ အယူအဆ ကွဲပြားချက်တွေ၊ မိမိတို့ ကောင်းမယ်လို့ယုံကြည့်တဲ့ အရာတွေကို တည်ဆောက်ခဲ့တဲ့လူတွေ၊ တည်ဆောက်နေဆဲလူတွေ၊ အားလုံးအတွက် ဒါတွေကိုရည်ရွယ်ပါတယ်။  ကျွန်တော်ယုံကြည်ချက်တစ်ခုကတော့ လှပတဲ့ သက်တံတစ်ခု ကောင်းကင်မှာ ဖြစ်ပေါ်လာဖို့ အရောင် ၇ ရောင်နဲ့ ပေါင်းစပ်ရပါတယ်။  အနီရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင် စတဲ့ အရောင် ခုနှစ်ရောင်ပါ။  ဒီအရောင်တွေ အားလုံးကို ပေါင်းစပ်လိုက်ရင် အဖြူရောင် ဆိုတဲ့ မိခင်အရောင်ကြီးကို ပြန်ရမှာပါ။  ဒါတွေကို မပေါင်းစပ်နိုင်သရွှေ့ကတော့ ကောင်းကင်မှ လှပတဲ့ သက်တံကြီးကို မြင်ခွင့်ရဦးမှာ မဟုတ်ပါဘူး။

Wednesday, September 21, 2011

အကောင်းမြင် စိတ်ကလေး တစ်ခု


            ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။  သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့ရှိပါတယ်။
          သူဟာ သူမတူအောင် ထူးချွန်တဲ့ မန်နေဂျာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။  ဘယ်စားသောက်ဆိုင်မှာလုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက သူ့နားမှာ ၀ိုင်းဝိုင်းလည်နေပြီး သူ့ကို အပြည့်အ၀ ထောက်ခံကြပါတယ်။  ဘာဖြစ်လို့ ဒီလို ထောက်ခံကြလဲဆိုတော့ သူရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ဓာတ်ကလေးကြောင့်ဖြစ်ပါတယ်တဲ့။  သူ့ပင်ကိုယ်စိတ်ထားကိုက လူတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်စွမ်းရှိနေတာပါ။  တစ်နေ့တော့ ကျွန်တော် ဂျယ်ရီ့ကို မေးဖြစ်ပါတယ်။  “ငါ နားမလည်နိုင်ဘူး ဂျယ်ရီ၊ မင်းဟာ အမြဲတမ်းတော့ အကောင်းမြင်နိုင်တဲ့ စိတ်ရှိမယ်မထင်ဘူး။ ဒါပေမယ့် အမြဲတမ်းကို တက်ကြွနေတာဘဲ။  အဲ့ဒီလို တက်ကြွနေအောင် ဘယ်လိုလုပ်လဲ”

Monday, September 19, 2011

စိတ်ရှည်စွာဖြင့် ပညာသင်ပါ


          တစ်ခါတုန်းက မြို့ကြီးတစ်မြို့မှာ ကျောက်မျက်ပညာကို တစ်ဖက်ကမ်းခပ်အောင် တက်မြောက်ကျွမ်းကျင်တဲ့ ဆရာကြီးရှိပါသတဲ့။  တစ်နေ့တော့ ထိုဆရာကြီးဆီကို လူငယ်လေးတစ်ယောက်ကလာပြီးတော့ ပညာသင်ခွင့်တောင်ခံပါသတဲ့။  ဆရာကြီးက သူငယ်ကလေးကို ကြည့်ပြီးတော့ မဖြစ်နိုင်ပါဘူးကွယ် ဒီပညာသင်ဖို့ရာ စိတ်ရှည်ဖို့လိုတယ်ကွဲ့။  သူငယ်လေးကလည်း လေးလေးနက်နက်ကို စိတ်ရှည်စွာနဲ့ ပညာသင်ယူဖို့ ကတိပြုပါသတဲ့။  ကောင်းပြီး ဒါဆိုရင်တော့ မနက်ဖြန်လာခဲ့ပါ။
          နောက်နေ့မနက် လူငယ်လေး ရောက်လာတော့ ဆရာကြီးက လူငယ်လေးလက်ထဲကို ကျောက်စိမ်း အရိုင်းတစ်တုံးထဲ့ပေးပြီးတော့ သူငယ် မင်းဒါလေးကို ကိုင်ထားလို့ပြောပြီး သူလုပ်စရာရှိတဲ့ ကျောက်ဖြတ်ခြင်း၊ ကျောက်အလေးချိန် ချိန်တွယ်ခြင်း၊ ကျောက်များကို စီခြင်း စတာတွေကို လုပ်ကိုင်နေပါသတဲ့။  လူငယ်လေးလဲ ငြိမ်သက်စွာနဲ့ပဲ ထိုင်နေပြီး ကျောက်စိမ်းအရိုင်းတုံးကလေးကို ကိုင်ထားပါသတဲ့။
          နောက်တစ်နေ့ လူငယ်လေးရောက်လာပြန်တော့လဲ ဆရာကြီးက ကျောက်စိမ်းအရိုင်းတုံးကလေးကို လူငယ်လေးလက်ထဲကို ထည့်ပြီး ကိုင်ထားစေပြန်ပါသတဲ့။  ဒီလိုနဲ့ တတိယနေ့၊ စတုတ္ထနေ့၊ ပဉ္စမနေ့၊ တွေမှာလည်း ကျောက်စိမ်းအရိုင်းတုန်းကလေးတွေ ပေးပေးပြီးတော့ ထိုနည်းတူ ကိုင်ထားခိုင်းပါသတဲ့။
          ခြောက်ရက်မြောက်နေ့ကျတော့ ကျောက်စိမ်းအရိုင်းတုံးကိုလေးကို ကိုင်ထားရင်းနဲ့ လူငယ်ကလေးက သည်းမခံနိုင်တော့ဘဲ “ဆရာကြီးရယ်၊  ကျွန်တော့်ကို ဘယ်တော့များ ကျောက်မျက်ပညာသင်ပေးမှာလဲ ဆရာကြီး” လို့မေးပါတဲ့။  ဆရာကြီးက “မင်း မကြာခင်သင်ရမှာပါ” လို့ ပြန်ပြောပြီး သူ့အလုပ်ကိုသာ သူဆက်ပြီးလုပ်နေပါသတဲ့။
          ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် သူငယ်လေးဟာ မနက်တိုင်း ကျောက်စိမ်း အရိုင်းတုံးလေးတွေကိုသာ ကိုင်ရင်းနဲ့ ကုန်လွန်လာခဲ့ပါသတဲ့။  တစ်နေ့တော့ ဆရာကြီးဟာ သူငယ်လေးဆီကိုလာပြီးတော့ သူ့ကို တစ်ခုခုကို ကိုင်ခိုင်းဖို့ လက်ယက်ခေါ်ပါသတဲ့။  သူငယ်လေးဟာ စိတ်မပါတစ်ပါနဲ့ဘဲ ဆရာကြီးဆီကို လာပါသတဲ့။  ဆရာကြီးဟာ ကျောက်အရိုင်းတစ်တုံးကို သူငယ်လေးလက်ထဲကို ထည့်ပေးလိုက်ပါသတဲ့။  အဲ့ဒီမှာ လူငယ်လေးက “ဆရာကြီး ဒါက ကျောက်စိမ်းတုံးနဲ့ မတူဘူး”။
          ဆရာကြီးက ပြန်ဖြေသတဲ့ “အင်း မင်းပညာသင်နေပြီလေ”


Ref: Inspirational Stories

Friday, September 16, 2011

ဆင်ထိန်းကြိုး


          တစ်ခါတုန်းက လူရွယ်လေးတစ်ယောက်ဟာ လမ်းလျှောက်လာရင် ဆင်တင်းကုပ်နားကို ရောက်လာပါသတဲ့။  အဲ့ဒီမှာ ဆင်တွေရဲ့ ခြေထောက်မှာ ကြိုးသေးသေးလေးနဲ့ပဲ ချည်နှောင်ထားတာကို တွေ့ရပါသတဲ့။  သူငယ်လေးလည်း အံသြသွားပါတယ်။  ဒီလိုသေးငယ်တဲ့ ကြိုးကလေးတွေနဲ့ ချည်ထားရုံနဲ့ ဒီဆင်တွေကို ထိန်းနိုင်မှာတဲ့လား၊ အချိန်မရွေး ဒီကြိုးတွေကို ဖြတ်ပြီးတော့ သူတို့ သွားနိုင်တာပဲ။  ဒါပေမယ့် ဆင်တွေကတော့ အဲ့ဒီလို ရုန်းဖို့ မကြိုးစားကြပါဘူး။

Thursday, September 15, 2011

ဖြစ်တည်မှု့ ၃ ခု


          ကျွန်တော်တို့ဟာ လူရယ်လို့ ဖြစ်လာရင် ဖြစ်တည်မှု့ ၃ ခုကို မလွဲမသွေ ကြုံတွေ့ရမှာပါ။  အာဖရိကကလူတွေဖြစ်ဖြစ် တရုတ်ကလူတွေဖြစ်ဖြစ် ကျွန်းပေါ်ကလူတွေဘဲဖြစ်ဖြစ် ဒီ ၃ မျိုးကို ပထမဆုံး တွေ့ကြုံကြရမှာပါ။  ပထမဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပါဘဲ။  ဒါဟာ သင်အသက်ရှင်နေသရွှေ့ သင် နှင့် သင်ဟာ အမြဲတမ်းအတူတစ်ကွ ရှိနေမှာပါ။ သင်နှင့် အတူတကွ အလုပ်လုပ်ရမှာက သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  သင်နှင့် အတူတစ်ကွ အကြိမ်အများဆုံး ထမင်းစားမယ့်လူ၊ သင်နှင့် အတူတကွအကြိမ်အများဆုံး အိပ်စက်မယ့်လူ၊ သင်နှင့်အတူတစ်ကွ ရေချိုးမယ့်လူ တစ်နေ့တာ သင်နှင့် အတူတစ်ကွ ရှိနေမယ့်လူဟာ သင်ကိုယ်တိုင်ဘဲဖြစ်ပါတယ်။  အဲ့ဒီတော့ သင်နဲ့ သင်ကိုယ်တိုင်ဟာ သဟဇာတဖြစ်နေဖို့လိုပါတယ်။ သင့်ကိုယ်သင် ယုံကြည်နေဖို့လိုပါတယ်။  သင်ကိုယ်တိုင်ဟာ သင်ရဲ့ သူငယ်ချင်းကောင်းဖြစ်နေဖို့လိုပါတယ်။  ဒုတိယ ဖြစ်တည်မှု့တစ်ခုကတော့ သင်ကိုယ်တိုင်ဟာ လူတစ်ယောက်ဖြစ်နေခြင်းပါ။  ဒါကြောင့် သင်ဟာ အခြားသော လူတစ်ယောက်နဲ့ ဆက်ဆံရေး ရှိဖို့လိုပါတယ်။  တတိယ ဖြစ်တည်မှု့ကတော့ အစုအဖွဲ့ နှင့် အတူတစ်ကွ အလုပ်လုပ်နိုင်ဖို့၊ လူအများနှင့် အတူ မျှဝေခံစားတတ်ဖို့၊ အသင်းအဖွဲ့တွေနှင့်အတူ အလုပ်လုပ်နိုင်ဖို့၊  အဖွဲ့အစည်းအလိုက် အလုပ်လုပ်နိုင်ဖို့ ဒါတွေ လိုအပ်ပါတယ်။