အင်ဒိုနီရှား ဘက်တမ်ကျွန်းဖက်ကို
အလုပ်ကိစ္စနဲ့ မကြာခဏဆိုသလိုရောက်ဖြစ်ပေမယ့် ဖာအောက်တောရကျောင်းရှိမှန်းကို မသိတာ။ ရုံးက အကိုတစ်ယောက်က မင်း ဘုန်းကြီးကျောင်းလေးဘာလေး
သွားချင်ရင် အားတဲ့ တစ်ရက်သွားလိုက်ဦး ဆိုတော့မှ ဟင်.. ဒီကျွန်းမှာ ဘုန်းကြီးကျောင်းရှိလားဆိုပြီး
မေးဖြစ်တော့တယ်။ ဒီတစ်ခေါက် အလုပ်က စနေရော၊
တနင်္ဂနွေရော သင်္ဘောပေါ်က ခွာမရတော့ ဘုန်းကြီးကျောင်း ရောက်ဖြစ်ပါ့မလားဆိုပြီး ထင်မိသေးတယ်။ ရေခြားမြေခြားမှာ အနေကြာတဲ့ အခါ ကျွန်တော့်အတွက်
ဒုက္ခရောက်တာက ပတိရူပ ဒေသာဝါသောစ၊ သင်တင့်လျှောက်ပတ်သော နေရာဆိုတာကြီးပင်။ ၀မ်းတစ်ထွာအတွက် ထားရာနေ၊ စေရာသွားနေရသော ၀န်ထမ်းဘ၀ဖြစ်နေလေရာ
ရောက်ရာအရပ်၊ ဆွမ်းကပ်စရာ မရှိသောဘ၀မှာ ကိုယ့်ကိုကိုယ် အတော့်ပင် သနားစရာကောင်းလှသည်။ ဗုဒ္ဓမြတ်စွာကို ရည်စူးပြီး ဆင်းတုတော်များကို ဆွမ်းကပ်သော်လည်း
တရားဒေသနာများကို ဟောကြားပေးမည့် ဆရာတော်များနှင့် ကင်းရာမြေပေါ်မှာ နေရထိုင်ရသည်မှာ
ဒုက္ခတစ်မျိုးဖြစ်သည်။ ဘက်တမ်ကျွန်းပေါ်မှာ အခြေကျနေသည့်
မြန်မာတွေလည်း ထိုနည်းတူ ခံစားချက်မျိုး ရှိလိမ့်မည်ထင်သည်။
စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Showing posts with label စပ်မိစပ်ရာ. Show all posts
Showing posts with label စပ်မိစပ်ရာ. Show all posts
Tuesday, June 4, 2019
Sunday, August 12, 2018
On the Road to Mandalay - Rudyard Kipling
မန္တလေးကို သွားတဲ့လမ်း ဆိုတဲ့ ကဗျာကို နိုဗယ်ဆုရှင်
ကဗျာနှင့် ၀တ္တုတို စာရေးဆရာ Rudyard Kipling ရေးသားထားတဲ့ ကဗျာလေးပါ။ ဒီကဗျာဟာ Kipling ရဲ့ အထင်ရှားဆုံး ကဗျာတွေထဲက တစ်ပုဒ်လည်းဖြစ်ပါတယ်။ ထူးထူးခြားခြား မန္တလေး ဆိုတဲ့နာမည်လေးဖြစ်တဲ့ အတွက်
ကျွန်တော်စိတ်ဝင်းစားသွားလို့ ဖတ်ကြည့်မိတာပါ။
Kipling အသက် ၂၄ နှစ်အရွယ် (၁၈၉၀ မတ် သို့ ဧပြီလ) မှာ ရေးခဲ့တဲ့ ကဗျာလေးပါ။ ပျိုမြစ်တဲ့အရွယ်မှာ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့
မိန်းကလေးတစ်ယောာက် အကြောင်းကို လွမ်းလွမ်းဆွေးဆွေးလေး ရေးဖွဲ့ထားတဲ့ ကဗျာလေးပါ။ သီပေါမင်း ပါတော်မူပြီး ၅ နှစ်အကြာ မှာရေးခဲ့တဲ့
ကဗျာတစ်ပုဒ်လို့ ပြောလို့ရပါတယ်။
ဒီကဗျာကို ဖတ်လိုက်တဲ့အချိန်မှာ ခံစားမှု့
နှစ်ခုကို ကျွန်တော် တစ်ပြိုင်ထဲခံစားလိုက်ရတယ်… တစ်ခုက ကစ်ပလင်ရဲ့ ဆွဲဆောင်အားကောင်းလှတဲ့
ရေးအသားနဲ့ နူးညံတဲ့ ခံစားမှု့။ နောက်တစ်ခုကတော့
ကိုလိုနီပုံစံနဲ့ ရေးထားတဲ့ အရေးအသားကို ကျွန်တော့် စိတ်ထဲမှာ မြန်မာတစ်ယောက်အနေနဲ့
မနှစ်မြို့မှု့ ခံစားရပါတယ်။ မနှစ်မြို့မှု့ခံစားချက်
ဖြစ်နေတဲ့ ကဗျာကို ဘာဖြစ်လို့ ရေးတင်လဲဆိုတော့ ဖတ်တဲ့လူတွေ သိစေချင်လို့ပါ။ ၂၀၁၇ စက်တင်ဘာလောက်တုန်းက အင်္ဂလန် နိုင်ငံတကာ ဆက်ဆံရေး
အတွင်းရေးမှုး ဘောရစ် ဂျွန်ဆင်မြန်မာပြည်လာသွားတုန်းက ရွှေတိဂုံစေတီပေါ်မှာ ဒီကဗျာကို
စရွတ်တော့ သူ့ဘေးက သံမှုး ဂျွန်ဆင်က ၀င်ဟန့်ခဲ့ပါတယ်။ အင်္ဂလန်က ဂျာနယ်တွေမှာ မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ
ရွှေတိဂုံစေတီပေါ်မှာ ဒီလိုကဗျာမျိုးရွတ်တာ မသင့်တော်တဲ့အကြောင်း သတင်းတွေ ဖော်ပြကြပေမယ့်…
မြန်မာပြည်မှာတော့ သိပ်ပြီး သိလိုက်ပုံမရပါဘူး။
ဘာသာရပ်တစ်ခု ဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုဖြစ်ဖြစ်ကို
လေ့လာရင် ကြိုက်လို့ရယ်၊ မကြိုက်လို့ရယ်ဆိုတာထက်.. ကိုယ်နဲ့ပါတ်သတ်ပြီး အကျိုးမယုတ်အောင်၊
အကျိုးရှိအောင် လေ့လာဖို့လိုတယ်ဆိုတဲ့ သဘောလေးကို ပြောချင်တာပါ။ ဒီကဗျာဟာ ၁၈ ရာစုကရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ကဗျာထဲမှာပါတဲ့ တစ်ချို့ အယူအဆလေးတွေက လွဲနေတာကိုတွေ့ရမှာပါ။ ဥပမာ မော်လမြိုင်ဆိုရင် ဘင်္ဂလားပင်လယ်အော်ဖက် (အက်ဒမန်
ပင်လယ်ဖက်)၊ အနောက်အရပ်ကို မျက်နှာမူထားတာ။ တောင်တရုတ်ပင်လယ်နဲ့ စပ်ဆက်မှု့မရှိပါဘူး။ ဒါပေမယ့် ကစ်ပလင်ရဲ့ ကဗျာထဲမှာတော့ တရုတ်ပင်လယ်အော်လို့
ရေးထားတာကို တွေ့ရမှာပါ။
Saturday, August 4, 2018
စင်ကာပူနှင့် မိုးကောင်းကင် အိပ်မက်များ
လူတိုင်းကတော့ ကောင်းတာတွေချည်းဖြစ်ချင်ကြတာပဲလေ။ အိပ်မက် မက်ရင်တောင်မှ သိန်း ၁သောင်းတန် ထီပေါက်တယ်ကစပြီး
မက်တာ။ ဒါပေမယ့် အိပ်မက် ရှိမှ တိုးတက်တာ။ ဦးတည်ချက်၊ မျှော်လင့်ချက်၊ အိပ်မက်တွေနဲ့ လူတွေက
ရှင်သန်နေကြတာ.. တရားသဘောနဲ့ဆိုရင်တော့ လောဘလို့ပြောပေမယ်.. တရားလဲ မပေါက်သေးတော့ ဒါနဲ့ပဲသွားနေတာပဲ။
ငယ်ငယ် ပုဆိုးကွင်းသိုင်းပြီး ရပ်ကွက်ထဲ
လျှောက်ပြေးနေတုန်းက အချိန်တန်ရင် ထမင်းနှစ်နပ်ကို အမေကတော့ကျွေးနေတာပဲ။ အဲ့ဒီတုန်းက
အိပ်မက်ဆိုရင် အရုပ်လိုချင်တာပဲရှိတာ။ အသက်က
တဖြည်းဖြည်းကြီးလာ၊ ရည်းစားသနာလဲ ရလာရော မုန့်ဖိုးကလိုလာ၊ ဖီလိမ်းပြင်ဆင်.. အဲဒီတုန်းက
အိပ်မက်ဆိုရင်တော့ မုန့်ဖိုးများများရပါစေပေါ့။
နောက်တော့ ကျောင်းပြီးခါနီးတော့ အိမ်က မျက်စေ့စပါးမွှေးစူးလောက်ပြီ.. ပိုက်ဆံက
အရင်လိုမုန့်ဖိုးပေးပါဆိုပြီ လက်ဖြန့်တောင်းရမဲ့ အရွယ်မဟုတ်တော့ဘူးဆိုတော့ အိပ်မက်က
လစာ ကောင်းကောင်း ရတဲ့ အလုပ် ရချင်ပါတယ်ဖြစ်လာရော။ ဟော… အလုပ်လဲရ မိန်းမလဲယူပြီးရော တို့နှစ်ယောက်အတွက်
အိမ်လိုပါတယ်ဆိုတဲ့ ကိုအငဲ သီချင်းကို အကြိုက်ကြီးကြိုက်ရော… အဆင်ပြေတဲ့လူတွေများကြတော့လဲ
အိမ်၊ ရင်သွေးရတာလေးတွေရ၊ ပြီးရင် ဟိုနားဒီနားသွားဖို့ ကား လေးတစ်စီး။ အိမ်အကူကလဲ လို… ခရီးဝေးသွားဖို့က ကားတစ်စီး၊ အိမ်က
တီဗီကသေးလို့ ခန်းလုံးပြည့် Curve LED TV ကြီးကိုမှ home theater system တပ်ပြီး ငြိမ့်ငြိမ့်လေး
နေချင်တဲ့လူနဲ့၊ နွေရာသီစံအိမ်၊ မိုးရာသီ စံအိမ်၊ ဆောင်းရာသီ စံအိမ်၊ နိုင်ငံခြားက
ပစ္စည်းတွေ ၀ယ်ပြီးစိတ်တိုင်းကျဆောက်ထားတဲ့အိမ်… စသည် စသည်ဖြင့် အိပ်မက်ကတော့ ဘယ်တော့မှ
ဆုံးခန်းတိုင်မှာ မဟုတ်ဘူးရယ်…
ကျွန်တော့်လည်း ဒီတိုင်းပဲ အိပ်မက်ကတော့
အကြီးကြီးမက်တာပေါ့။ ဖြစ်ချင်တာမှ ဘီလ်ဂိတ်က
စိတ်ကောင်းလေးဝင်ပြီး ကိုယ့်ကိုများ သူ့အမွေတွေ ရော့အင့်ဆိုပြီး ပေးမလားတောင် စိတ်ကူးလို့ရတာပဲလေ။ ဟော မာတာမိခင်ရဲ့ ထောက်ပံမှု့လေးနဲ့၊ ကျောင်းက ဆရာ၊
ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးလေးနဲ့ ထမင်းစားလက်မှတ် ဘွဲ့ကလေးရ၊ လေယာဉ်လက်မှတ်လေး တစ်စောင်နဲ့ ယောင်ချာချာ စင်ကျားပေါရောက်လာ။ တစ်ခါမှ မမြင်ဖူးတဲ့လူတွေဆီမှာ အလုပ်ကလေးရ။ လစာလေးရလိုက် အိမ်ပို့လိုက်၊ အလုပ်ကလေးပြောင်းလိုက်
ဖင်လှည့် ခေါင်းလှည့်နဲ့ ဒီမှာ ၁၀ နှစ်လောက်ကြာလာတော့ ဒီကလူတွေရဲ့ အိပ်မက်ကလေးတွေကိုလဲ
တဖြည်းဖြည်းမြင်လာတောပေါ့လေ။ အိပ်မက် တွေကို
အကောင်အထည်ဖော်ဖို့ စဉ်းစားကြည့်လိုက်တော့ စလုံးက နိုင်ငံသားတွေရော၊ PR တွေရဲ့ အိပ်မက်ကလည်း အတော်မလွယ်ပါလားဆိုတာ
တဖြည်းဖြည်းနားလည်လာတယ်။
Monday, January 22, 2018
စကားလုံးများနောက်သို့ ပြေးလိုက်ခြင်း
အိုပြီလေ… ကိုယ်ဟာကိုယ်သာ ခေတ်မီသလိုလိုဘာလိုလို ထင်နေတာ…
မြန်မာပြည်ပြန်လို့ သူငယ်ချင်းတွေရဲ့ စကားဝိုင်းထဲဝင်လိုက်ရင် ကြက်ဖကြီး လည်လိမ်ထားသလိုပဲ..
ဖေ့စ်ဘုတ်ကြီးပေါ်တက်လိုက်ရင် ခေတ်နောက်ကျလိုက်တာမှ Update တွေ ဘာတစ်ခုမှမသိတော့ချေ။ ဆယ်ကျော်သက်များနှင့် စကားပြောလျှင်ပိုဆိုးသည်။ အတွေးအခေါ် အယူအဆ၊ အထူးသဖြင့် ခေတ်ကို မျက်ခြေပြတ်ပြီး
ကျန်ခဲ့သည်မှာ ၁၀ စုနှစ်ကျော်သွားပြီဖြစ်သည်။
ပြန်စဉ်းစားကြည့်လိုက်တော့ မြန်မာ community
တွေကြားထဲလဲ သိပ်မသွားဖြစ်၊ social တွေနှင့်လည်း တော်တော်လေးကင်းကွာ.. ကျွန်တော် မရင်းနှီးသော
နိုင်ငံတွေမှာ အနေကြာ၊ သူတို့ရဲ့ ခေတ်ကိုလည်း သေချာမသိ၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်ပြောင်းလဲမှု့တွေလည်း
လွတ်… မျောက်ကြီး သစ်ကိုင်းလွတ်ဖြစ်နေသည်။
Rap/ Hip Hop ရွတ်တတ်သော တက်စီဆရာကြီးရဲ့ ဗီဒီယိုလေးကိုမြင်တော့ ဟိုက်ရှားဘား
ဖြစ်ရသည်။ ဘရာစီယာဝတ်ထားကြောင်းကို သေသေချာချာ
ဘရာစီယာမျိုးစုံအကြောင်း Point Out လုပ်ပြီး စိတ်ရှည်လက်ရှည်ရှင်းပြသော မော်ဒယ်လေးရဲ့
အင်တာဗျူးကိုမြင်တော့ အိုက်စ်… ဖြစ်သွားသည်။
ဟိုနေ့က ကျွန်တော့်သူငယ်ချင်းအိမ်မှာ
ဂစ်တာတီးပြီးသီချင်းဆိုတော့ ဝေလ နှင့် အောင်လ သီချင်းလောက်သာ နောက်ပေါက်တွေ လိုက်နိုင်သည်။ ဒီဒက် ရှေးကျသော သီချင်းများကို ဘုရားစူး ဒီကောင်တွေ
လိုက်မဆိုတတ်တော့ချေး။ ခေတ်ပြောင်းသွားချေပြီ။
ကျွန်တော်၏ မသိခြင်းများ တော်တော်များနေပြီဖြစ်သည်။
ဒီတိုင်းတော့နေလို့မဖြစ်၊ ခေတ်မီစေရန် လေ့လာရန် လိုလာပြီဖြစ်သည်။ မဟုတ်လျှင်
လူတောတိုးတော့မည်မဟုတ်ချေ။ FB comment တွေကို ကြည့်လျှင် သယ်ရင်း အဲ့ဒါဘာပြောတာလဲဟု
ဘေးကသူငယ်ချင်းကိုမေးရသည်။ မဖြစ်တော့ချေ။ ခေတ်မီကို မီမှ ရတော့မည်။ ခေတ်နောက်ကို လိုက်မည်။
ခေတ်နောက်ကိုလိုက်ဖို့ရာ Slang ပေါင်းစုံလေ့လာဖို့
လိုလာပြီဖြစ်သည်။ ထို့ကြောင့် Slang ပေါင်းစုံကို
အနောက်တိုင်း အရှေ့တိုင်း ထိမိဆက်စပ်ရာ ပေါင်းစုလေ့လာနေပြီဖြစ်သည်။ လေ့လာမိသမျှကို Share ပေးလိုက်ပါသည်။
မြန်မာ
Slangs
ပထမဆုံး
သတိထားမိသည်မှာ စကားလုံး နှစ်လုံးကို တစ်လုံးထဲပေါင်းပြီး Social Network sites တွေမှာ…
အဲ.. မြန်မာပြည်မှာ က သိပ်ပြီး မ Tweet ပဲ
FB သုံးကြတော့ FB မှာ အများဆုံးတွေ့ရသည်..
“ခေး နှင့် ကွီး”
၁၉၈၀
လောက်တုံးက မောင်ရယ်.. မရယ် ဆိုပြီး ခေတ်ထကြသည်။
၁၉၉၀ လောက်ရောက်တော့ အချစ်၊ ကိုကြီး ခေတ်ဖြစ်သည်။ ၂၀၀၀ ပတ်ဝန်းကျင်မှာတော့ သဲ၊ ကို ဖြစ်လာပြီ။ ဟော ၂၀၁၆ နောက်ပိုင်းမှာတော့ ကိုကြီးသည် ကွီး အဖြစ်သို့
ပြောင်းလဲသွားပြီး၊ ကလေးသည် ခေး ဖြစ်သွားလေပြီ။
Tuesday, November 7, 2017
၇နှစ် - ကွာခြားချက်များ
(ဒီပိုစ့်ကို
ကျွန်တော်တင်တာဟာ တရုတ်နိုင်ငံရဲ့ အကောင်းတွေကိုချည်း ဖော်ပြချင်လို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့
ပါတ်သတ်လို့ ကျွန်တော်တို့ အမြင်မှာတစ်မျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့်
သူ့နိုင်ငံ ဘယ်လိုမျိုး တိုးတက်လာတယ်ဆိုတာကို အမြင်တစ်ခုအနေနဲ့ ရှု့မြင်ပြီး ကျွန်တော်တို့
ဘာတွေ လိုအပ်ချက်ရှိနေတယ်ဆိုတာလေးကို မီးမောင်းထိုးပြချင်တဲ့ ရည်ရွယ်ချက်ပါ။ တစ်ဖက်သတ်ကြီး ကောင်းလှချည်ရဲ့ လို့ ဆိုလိုပြီး
ပိုစ့်တင်လိုက်တဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။)
New
York times မှာ Thomas Friedman ရေးထားတဲ့ ဆောင်းပါးလေးကို သဘောကျလို့ ဘာသာပြန်တင်လိုက်တာပါ။ တရုတ်နှင့် အမေရိကန် ခုနှစ်ပိုင်း ၇နှစ် ဆိုတဲ့
အကြောင်းလေးပါ။
ကျွန်တော် တရုတ်နိုင်ငံရဲ့ ပြဇာတ်ရုံကြီးထဲမှာ
ထိုင်နေတုန်း ထောင်ပေါင်းများစွာသော တရုတ် ကချေသည်တွေ၊ ဗုံတီးတဲ့လူတွေ၊ အဆိုတော်တွေ၊
အံသြစရာကောင်းတဲ့ မျက်လှည့် ပညာရှင်တွေရဲ့ ဖျော်ဖြေမှု့တွေ တွေ့ရပါတယ်။ အဲ့ဒီအချိန် ကျွန်တော့်စိတ်ထဲမှာ လွန်ခဲ့တဲ့ ၇နှစ်ဆိုတဲ့
အချိန်ကာလအတွင်းမှာ တရုတ်နဲ့ အမေရိကန် နိုင်ငံနှစ်ခုကြား ခြားနားတဲ့ အတွေ့အကြုံတွေကို
မတွေးပဲ မနေနိုင်ပါဘူး။
တရုတ်နိုင်ငံဟာ ကုန်စည်ထုတ်လုပ်မှု့ လုပ်ငန်းအမျိုးမျိုးအတွက်
အလုပ်ရှုပ်နေတုန်းမှာ ကျွန်တော်တို့ကတော့ အယ်လ်ကိုင်ဒါ (အကြမ်းဖက်အဖွဲ့) တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ တရုတ်တွေဟာ ဇာတ်ရုံကြီးတွေ၊ မြေအောက်ရထားလမ်းတွေ၊
လေဆိပ်တွေ၊ လမ်းမကြီးတွေ၊ ပန်းခြံတွေပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေတဲ့အချိန်မှာ
ကျွန်တော်တို့တွေကတော့ လုံခြုံရေး အာရုံခံ ကိရိယာတွေ၊ စစ်သုံး ဟမ်းမား ကားတွေ၊ မောင်းသူမဲ့
အဝေးထိန်း လေယာဉ်တွေကို ပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေခဲ့တယ်။
ဒီခြားနားမှု့တွေကို အခုစပြီး မြင်နေရပါပြီ။
ခင်ဗျားတို့ နယူးယောက်ရဲ့ ညစ်ပတ်ဟောင်းနွမ်းနေတဲ့
LaGuardia လေဆိပ်နဲ့ ရှန်ဟိုင်းရဲ့ သစ်လွင်နေတဲ့ နိုင်ငံတစ်ကာ လေဆိပ်ကို နှိုင်းယှဉ်ကြည့်ပါ။ ခင်ဗျားတို့ မက်ဟန်တန်လမ်းမှာ ကားမောင်းပြီး ပတ်ဝန်းကျင်ကို
တစ်ချက်လောက်ဝေ့ကြည့်လိုက်၊ အဆောက်အဦးတွေ
ဘယ်လောက် အိုဟောင်းပြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲ ဆိုတာကို။ ရှန်ဟိုင်းမှာ သံလိုက်ရထား တစ်နာရီ ကီလို ၂၂၀ နဲ့
မောင်းနေတယ် (အခု ကီလို ၃၀၀)၊ မျက်စေ့ တစ်မှိတ်အတွင်းမှာ လေဆိပ်ကနေ ရှန်ဟိုင်းမြို့ထဲကို
ရောက်ပြီ။ ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ…
ဘယ်သူက တတိယကမ္ဘာထဲမှာ နေထိုင်နေလည်း ဆိုတာကို။
Tuesday, March 7, 2017
တိုင်ဝမ်၊ Typhoon Nepartak၊ နာဂစ် နှင့် စပ်မိစပ်ရာ
တင်ခဲ့တာတော့ ကြာပါပြီ.. ၂၀၁၆ ၈ လပိုင်းလောက်ကပါ။ .ပြီးတော့ ပြန်ဖျက်လိုက်တယ်.. ခု ပြန်တင်လိုက်ပါတယ်။
ခုလဆန်းပိုင်း
ကျွန်တော်တို့ ကုမ္ပဏီက ထိုင်ဝမ်ကို ရောက်နေတဲ့ သင်္ဘောတွေထဲက သင်္ဘောတစ်စီး ပြဿနာ နည်းနည်းရှိတော့
အဲ့ဒီ သင်္ဘော အလုပ်လုပ်နေတဲ့ တိုင်ဝမ်မြောက်ပိုင်းက ကီလွန်းဆိုတဲ့ မြို့ကလေးကို ခရီးထွက်ဖြစ်ပါတယ်။ ကီလွန်းမြို့ကလေးရောက်တော့ ဘာကို သွားသတိရမိလဲဆိုရင်
မြိတ်မြို့ကလေးကို သွားသတိရမိတယ်။ တိုင်ဝမ်က
ကျွန်းနိုင်ငံဖြစ်သလို တောင်တန်းလေးတွေနဲ့ လမ်းခပ်ကျဉ်းကျဉ်း အကွေ့ အကောက်ကလေးတွေ၊
အိမ်ခပ်စိတ်စိတ်ကလေးတွေ စီစရီ၊ လမ်းဘေးဆိုင်ကလေးတွေ ဟိုနားဒီနား ဆိုတော့ မြိတ်မြို့ကို
တန်းလွမ်းမိတာပဲ။ ကျွန်တော့်သူငယ်ချင်း မြိတ်သားကတော့
ထိုင်ဝမ်ရောက်ရင် သူ့အိမ်ကို သတိရမိတယ်ပြောတာ ခုမှပဲ မျက်စေ့ထဲ တန်းမြင်မိတယ်။ အဲဒီမြို့ကလေး အကြောင်းကိုတော့ အချိန်ရတော့မှ ထပ်ရေးပါဦးမယ်။
ကျွန်တော်
ကီလွန်းမြို့ကို ရောက်ပြီး နောက်တစ်ရက်ကြာတော့ မုန်တိုင်းသတိပေးလာတော့တာပဲ။ ဆိုတော့.. ရှိသမျှ သင်္ဘောနဲ့ ပတ်သတ်တဲ့ ရှိသမျှ
Class၊ အာမခံ တွေနဲ့ တွေ့ဖို့ကိစ္စကို ဖုတ်ပူမီးတိုက်စီစဉ် ပြီးတာနဲ့ မုန်တိုင်းအတွက်
စိတ်ပူရတော့တာပဲ။ အစောပိုင်းတုန်းကတော့ လေဖိအားနည်းရပ်ဝန်း
ဘာညာ အိပဲ့ အိပဲ့နဲ့ သကောင့်သား မုန်တိုင်းက တဖြည်းဖြည်း အားကောင်းလာတာတင်မကဘူး စူပါတိုင်ဖုန်း
ဖြစ်လာပြီဆိုတဲ့ သတင်းရပါတယ်။ ဂျပန်ဖက်က ထုတ်တဲ့
သတင်းကတော့ မုန်တိုင်းကို သူ့ဘက်ကို မ၀င်နိုင်ကြောင်းပြောပြီး တောင်ဖက်ကို အတင်းတွန်းထုတ်၊ ဟောင်ကောင်ဖက်က လာတဲ့သတင်းထဲမှာ မုန်တိုင်းကို မြောက်ဖက်ကို
အတင်းတွန်းထုတ်၊ ကြားထဲက တိုင်ဝမ်သတင်းကတော့ ကျွန်တော်ရောက်နေတဲ့ ကီလွန်းကို တည့်တည့်ဝင်မတဲ့။ ဆိုတော့ လက်ရှိပြသနာ ခဏထား၊ မုန်တိုင်းသတင်းကို
စနည်းနာ၊ ဘယ်နေရာကို ၀င်နိုင်လဲ သေချာအောင် လိုက်မေး၊ ပြီးရင် သင်္ဘော ဘေးကင်းဖို့ အကောင်းဆုံး
ဘယ်ဆိပ်ကမ်းဖြစ်နိုင်လဲ ဆိုတာကို မြေပုံထဲလိုက်ကြည့်။ နောက်ဆုံးတော့ မုန်တိုင်းက တိုင်ဝမ်တောင်ပိုင်း
ကိုဝင်ဖို့သေချာပြီဆိုတော့မှ ကျွန်တော်တို့ သင်္ဘောတွေကို အေးဂျင့်က ကီလွန်း ဆိပ်ကမ်းအတွင်းပိုင်းထဲကို
ပို့ပေးကြပါတယ်။ အဲဒီမှာလဲ ဦးရာလူစနစ်ပဲ၊ နေရာကောင်းတွေက ဦးရာလူစနစ်ဆိုတော့ ခပ်မြန်မြန်လေး
အထဲရောက်ဖို့လိုပါတယ် မဟုတ်ရင် သင်္ဘောတွေ မုန်တိုင်းအတွက် စိတ်မချရပါဘူး။ ထားပါတော့… မုန်တိုင်းအကြောင်းဆက်ပါဦးမယ်။
Tuesday, May 10, 2016
ကျားတို့သည် အင်္ဂါဂြိုလ်မှလာပြီး မ တို့သည် သောကြာ ဂြိုလ်မှလာကြသည်
Phoenix
တက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခတစ်ယောက်ဟာ သူ့အတန်းသားတွေကို အိမ်စာတစ်ပုဒ်ပေးပါတယ်။ ဒီအထဲမှာ ထူးခြားတဲ့အချက်က ဒီအိမ်စာကို ၂ ယောက်တစ်တွဲလုပ်ရမှာ
ဖြစ်ပြီး စကားရည်လုပွဲပုံစံမျိုး တစ်ဖက်ကို တစ်ပိုဒ် e-mail နဲ့ ပို့ရမှာဖြစ်ပါတယ်။ e-mail
ပို့တဲ့အခါမှာ အဆိုပါနှစ်ယောက် အချင်းချင်း အီးမေးပို့ရမယ့် အပြင် ပါမောက္ခကို
cc ခံပြီး ပေးပို့ရမှာဖြစ်ပါတယ်။
နှစ်ယောက်ထဲက
တစ်ယောက်က မိမိကြိုက်နှစ်သက်ရာ အကြောင်းအရာတစ်ခုကို စာပိုဒ်တစ်ပိုဒ်အနေနဲ့ရေးပြီးတော့
တစ်ခြားတစ်ယောက်ဆီကို အီးမေးလ်နဲ့ပို့ပါ။ ကျန်တဲ့တစ်ယောက်က
အဲ့ဒီစာပိုဒ်ကို ဖတ်ပြီးရင် တစ်ခြားစာပိုဒ်တစ်ပိုဒ်ရေးပြီး အီးမေးလ်နဲ့ ပြန်ပို့ပါ။ ပထမတစ်ယောက်က ဖတ်ပြီး နောက်ထပ်တစ်ပိုဒ်ထပ်ရေး ပြန်ပို့။
ဒီလိုမျိုး အပြန်အလှန်ပို့ရမယ်။ ဒါပေမယ့် ပြန်ပို့တိုင်းမှာ
ရေးခဲ့ပြီးတာတွေကို ပြန်ဖတ်ပြီး ကွင်းဆက်မပြတ်အောင်၊ ဇာတ်လမ်းပြတ်မသွားအောင် ရေးရမယ်။ ဒီလိုပို့နေတဲ့အချိန်အတွင်းမှာ အပြင်မှာ လုံးဝ စကားမပြောရဘူး။ ပြောချင်တာတွေအားလုံးကို အီးမေးလ်ထဲမှာပဲ ရေး။ နှစ်ဖက်စလုံးက ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အချိန်မှာ
ဇာတ်လမ်း အဆုံးသတ်မယ်။
ဒီလိုနဲ့
အတန်းသားတွေထဲက ရေဗက်ကာ ဆိုတဲ့ ကောင်းမလေးနဲ့ ဂရေးဆိုတဲ့ ကောင်လေးနှစ်ယောက် တစ်တွဲကျပါတယ်။
ဇာတ်လမ်းအစကတော့ ဒီလိုပါ
ရေဗက်ကာရဲ့ ပထမ အပိုဒ် : အရင်ဆုံးပေါ့… လော်ရီတစ်ယောက်
ဘယ်လို လက်ဖက်ရည်မျိုးသောက်ရမလဲဆိုတာကို ဝေခွဲလို့ကို မရနိုင်ဖြစ်နေပါတယ်။ သူမရဲ့ ပျင်းရိငြီးငွေ့ဖို့ကောင်းလှတဲ့ ဒီလိုမျိုး
ညနေခင်းမျိုး အိမ်ထဲမှာ chamomile (ဒေစီပန်းလိုမျိုး ပန်းပွင့်အရွက်ကလေးများနှင့် ဖော်စပ်ထားသော
လက်ဖက်ရည်) လက်ဖက်ရည်ကို သူမအကြိုက်တတ်ဆုံးပဲ။ ဒါပေမယ် ခုတော့ ပျော်ရွင်တဲ့အချိန်တွေမှာ
chamomile လက်ဖက်ရည်ကို သောက်လေ့ရှိတဲ့ ကားလ်ဆိုတဲ့ကောင်လေးကို အကြောင်းကို ပြန်ပြောင်းသတိရနေမိပြန်ပြီ။ ဘာတွေဘယ်လိုပဲ တိုက်ဆိုင်တိုက်ဆိုင်လေ… သူမကတော့
ကားလ်အကြောင်းကိုပဲ သတိရနေတာ။ ကားလ်ကတော့ သူမအတွက်
အသက်ရှုမှားလောက်စရာ … အို သူနဲ့တွေ့တိုင်း သူမ ရင်ကျပ်ပန်းနာ ဖြစ်သလိုမျိုး အသက်ရှု့ဖို့
မေ့မေ့သွားတယ်လေ။ ဒီအတွက် ထွေထွေထူးထူး မေးခွန်းထုတ်မနေတော့ပါဘူး.. ဟုတ်တယ်…
chamomile လက်ဖက်ရည်ပဲ။
Sunday, February 14, 2016
ကော်ဖီဆိုင်
ငယ်ငယ်တုန်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်ရင် ကျောင်းစာအကြောင်းပြောဖြစ်တာက
မရှိသလောက်ရယ်၊ ဂိမ်းအကြောင်း၊ ကောင်မလေးတွေအကြောင်း
ဒါမျိုးတွေပဲများတယ်။ တက္ကသိုလ်ပိုင်းရောက်လာတော့
အဲ…. ကောင်မလေးတွေအကြောင်းကတော့ ပါမြဲပါတာပဲ၊ သို့ပေမယ့် ဘောလုံးပွဲအကြောင်းလဲပါရဲ့၊
စာပေအကြောင်းလေးတွေ နဲနဲပါလာပြီ၊ လှည်းတန်းက စာရေးစရာတွေ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်ကဖြင့်
ဘယ်လို၊ လေထန်ကုန်းကဖြင့် ဘယ်လို စသည်အားဖြင့်တွေ ပါလာသလို၊ နိုင်ငံရေးအကြောင့် ပြောတဲ့
ဝိုင်းမျိုးလဲ တွေ့ဖူးရဲ့။ လက်ဖက်ရည်ဆိုင်ပိတ်ချိန်ရောက်လို့
စကားစ မပြတ်တာနဲ့ အလင်းဆိုင်မှာလည်း မိုးလင်းဖူးရဲ့။ ဘာသာရေးနွှယ်တာလေးတွေလည်း တွေ့ဖူးရဲ့။ သို့ပေမယ့် လက်ဖက်ရည်ဆိုင်ရဲ့ အရသာဆိုတာက လက်ဖက်ရည်ကောင်းတာလည်းပါမယ်၊
ထိုင်တဲ့ ပတ်ဝန်းကျင်လည်း အရေးကြီးတယ်။ ဒီပတ်ဝန်းကျင်ဟာ
ကိုယ်နဲ့လည်း သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်မျိုး၊ ကိုယ်နဲက ပြောနေကျဆိုနေကျ လူမျိုးတွေနဲ့
တွေ့ရင် လက်ဖက်ရည်ဆိုင်ထိုင်ရတာ တော်တော်လေး အဆင်ပြေတယ်။ ပတ်ဝန်းကျင်ဆိုလို့ ကျွန်တော့်မိန်းမကို ပိုးတုန်းကတောင်
လက်ဖက်ရည်ဆိုင်ကနေ ပိုးခဲ့တာ။ သူ့အိမ်ရှေ့မှာက ဟိုဘက်အိမ်က ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေ။ အဲ့ဒီကို သွားသွားပြီးတော့ ငုတ်တုတ်ထိုင်ခဲ့တာ မှတ်မိသေးတယ်။ သူ ကျောင်းပိတ်၊ ကျွန်တော် ကျောင်းပိတ်လို့ ပြန်လာတဲ့
ရက်ဆိုရင် အဲ့ဒီ လက်ဖက်ရည်ဆိုင်သွားပြီး သူ့အခန်း တံခါးပေါက်က မြင်ရလောက်တဲ့ နေရာ ခုံကလေးကို
ရွေးပြီးတော့ တစ်ယောက်ထဲ လက်ဖက်ရည်တစ်ခွက်နဲ့ ငုတ်တုတ်ထိုင်ခဲ့တာ။ သို့ပေတည့် ပါလာတဲ့ စာအုပ်က စိတ်ဝင်စားဖို့ ကောင်းရင်
အဲ့ဒီစာအုပ်ဖတ်ရင်းနဲ့ အချိန်က ဘယ်လို ကုန်လို့ ကုန်သွားမှန်းတောင်မသိတော့ တစ်ခါတစ်လေ
သူ့ကို မတွေ့ရတဲ့ ရက်တွေလည်း ရှိရဲ့။ သို့ပေတည့်
ယောက်ခမလောင်းများကတော့ ကျွန်တော့်ဆို အမြင်ကပ်မကပ်တော့မသိ အတော့်ကို မှတ်မိလောက်သော
မျက်နှာရှိတဲ့ အခြေအနေကို ရောက်သွားပါတယ်။
မည်သို့ပင်ဖြစ်စေ ခုတော့ အဲ့ဒီ လက်ဖက်ရည်ဆိုင်က ပိတ်သွားပါပြီ။
Monday, March 23, 2015
လီကွမ်ယူး (သို့) စင်ကာပူ၏ ပဲ့ကိုင်ရှင်
မလေးရှားမှခွဲထွက် တံငါရွာဖြစ်ခဲ့တဲ့
စင်ကာပူကျွန်းလေးကို ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် ပုံသွင်းယူ၊ တည်ဆောက်ပေးခဲ့တဲ့
စင်ကာပူနိုင်ငံရဲ့ ဗိသုကာ လီကွမ်ယူးကတော့ ဒီနေ့ (၂၃ရက် မတ်လ ၂၀၁၅ ခုနှစ် တနင်္လာနေ့ မနက်
၃နာရီ ၁၈ မိနစ်) စင်ကာပူ အထွေထွေဆေးရုံကြီးမှာ
ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်ခဲ့ချိန်မှာတော့
အသက် ၉၁ နှစ်ရှိပြီဖြစ်ပါတယ်။ လီကွမ်ယူးရဲ့
စကားစုလေးတွေကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
၁၉၄၂ ဂျပန်တို့ စင်ကာပူကျွန်းက ဗြိသျှတို့ကို
တိုက်ခိုက်သိမ်းပိုက်ချိန်
“အမှောင်ခေတ်ကြီးကတော့
ကျွန်တော်တို့ဆီကို ဆင်းသက်ကျရောက်လာခဲ့ပါပြီ။
အရမ်းကို ကြမ်းကျုတ်၊ စက်ဆုပ်၊ ရွံရှာဖွယ်ကောင်းလှပါတယ်။ အဲ့ဒီ ၃နှစ်ခွဲဆိုတဲ့ အချိန်ကို ပြန်ကြည့်လိုက်ရင်
ကျွန်တော့်ဘ၀အတွက်တော့ ကြီးမားတဲ့ နိုင်ငံရေး သင်ခန်းစာတစ်ခုကို ရရှိလိုက်တာပါဘဲ။ ကျနော်ဟာ အာဏာ ရဲ့ အဓိပ္ပာယ်၊ အာဏာဆိုတာဘာကြီးလဲ၊
အစိုးရနဲ့ နိုင်ငံရေးသမားတွေ အဲ့ဒီ အာဏာဆိုတဲ့အရာကြီးနောက်ကို ဘယ်လိုလိုက်ကြတယ်ဆိုတာကို
တွေ့ရှိခဲ့လို့ပါပဲ။ နောက်ပြီးတော့ လူတွေဟာ
အဲ့ဒီအာဏာဆိုတဲ့အရာကြီးရဲ့ ထောင်ချောက်ပိတ်မိနေတဲ့အချိန်မှာ သူတို့ အသက်ရှင်ဖို့အတွက်
ဘယ်လိုမျိုးတုံ့ပြန် ကြတယ်ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။ တစ်ချိန်က အရှင်သခင်လို ခစားခဲ့ရတဲ့၊ ဖြိုချလို့မရနိုင်ဘူးလို့
ထင်ခဲ့တဲ့ ဗြိသျှတွေ ဒီကျွန်းမှာ။ ဟော နောက်နေ့ ကျနော်တို့ဟာ မျက်ပေါက်ကျဉ်းကျဉ်းနဲ့
ဂျပန်ငပုတွေရဲ့ အညှင်းဆဲ၊ အနိုင်ကျင့်မှု့တွေကို ခဲ့ကြရပါပကော”
ဒုတိယ ကမ္ဘာစစ်အပြီး ဗြိသျှတို့ စင်ကာပူကို
ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားချိန်
“အိုဟောင်းနေတဲ့
ယန္တယားကြီးကတော့ လွန်သွားပြီ… အရင်ခေတ်ကလိုမျိုး ဗြိသျှတွေကို ဦးနှိမ်၊ နာခံ၊ လေးစားခဲ့
အကျင့်လည်း လွန်ခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့
ဂျပန်တွေဝင်လာတုန်းက ဗြိသျှတွေ ဘယ်လို အထုပ်ပြင်ပြီး ထွက်ပြေးခဲ့တယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်ခဲ့လို့ပါပဲ။
ဗြိသျှတွေဟာ
ဂျပန်တွေ ဗုံးမိုးရွာချတော့ ကျနော်တို့၊ စင်ကာပူကျွန်းမှာနေထိုင်တဲ့
လူတွေ ကြောက်ရွံထိတ်လန့် စိုးရိမ်တာထက်ပိုပြီးတော့ကို ကြောက်ရွံထိတ်လန့် ခဲ့ကြတာလေ”
Thursday, May 8, 2014
Apple ကွန်ပျူတာများနှင့် နှစ်၃၀
၁၉၇၆ ခုနှစ်မှာ
Apple ကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobs နဲ့ Steve Wozniak တို့ရဲ့ ပထမဦးဆုံး ကွန်ပျူတာလေးပါ။ ဒါကို Apple 1 လို့ အမည်တပ်ခဲ့ကြပါတယ်။ ဒီကွန်ပျူတာလေး လုပ်ဖို့အတွက် Steve Jobs က သူ့ရဲ့
VW ကားလေးကို ရောင်းခဲ့ပြီးတော့၊ Steve
Wozniak ကတော့ သူ့ရဲ့ HP-65 calculator လေးကို ရောင်းချခဲ့ပါတယ်။ ဒီကွန်ပျူတာကို Steve Waozniak ကိုယ်တိုင် လက်နဲ့
လုပ်ခဲ့တာဖြစ်ပါတယ်။
Tuesday, February 11, 2014
Monday, February 10, 2014
Thursday, January 23, 2014
Troy (သို့) ပျောက်ဆုံးခဲ့သော မြို့တော် (၁)
စင်ကာပူပြန်ရောက်နေတဲ့ ရက်ပိုင်းတုန်းက ထရွိုင်မြို့အကြောင်း
ရုပ်ရှင်ကြည့်ဖြစ်တယ်… နောက်ပြီး စိတ်ဝင်စားလို့ ဟိုရှာဖတ် ဒီရှာဖတ်နဲ့။ Troy မြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားပုံတွေက ကိုယ့်မျက်စေ့ရှေ့မှာ
မြင်နေရသလိုပဲ။ မြန်မာ Sea Game ဖွင့်ပွဲတုန်းက
“မဟာ….ကြီးမြတ်လေသော သမိုင်းကြောင်းများ.. ဒီမြေကြီးထက်မှာဆိုပြီး” ကျွန်တော်တို့ ပုဂံအကြောင်း သရုပ်ဖော်တော့ ရဲစိတ်
ရဲမာန်တွေ တက်ကြွလာသလိုပဲ… ထရွိုင်မြို့အကြောင်းဖတ်လိုက်ရင် လည်းဒီလိုပဲ စိတ်ဝင်စားစရာတွေနဲ့
တွေးစရာတွေ အများကြီးကျန်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်က ကြေးခေတ်လူသားတွေရဲ့
ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ခဲ့တဲ့ မြို့တော်ကြီး၊
ကမ္ဘာ့အလှဆုံးဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါး အလား ဖမ်းစားနိုင်ခဲ့တဲ့
မင်းသမီး ဟယ်လင်၊ ရာဇမာန်ကို ထိလာခဲ့ရင် ဆတ်ဆတ်ထိမခံခဲ့တဲ့
စပါတာ(ဂရိ) လူမျိုးတွေထဲက ဘုရင်းတပါး ဖြစ်တဲ့ မန်နီလော့စ်၊ အချစ်အတွက် အသက်ပင်ပေးခဲ့ရတဲ့ ထရွိုင်မြို့ရဲ့ အိမ်ရှေ့သခင်
ပဲရစ်၊ သမိုင်းတွင်ခဲ့တဲ့ ထရိုဂျန် စစ်ပွဲကြီးပွား ခဲ့တဲ့ မြို့တော်… အာခီလီစ်၊ ဟက်တာ၊ အိုင်းယက်စ် စတာတွေ အပြင် သူရဲကောင်းတွေ
များစွာရဲ့ သွေး မြေကျခဲ့ရတဲ့ နေရာ၊ ရန်သူတွေကို
ပရိယာယ်ဆင် အောင်ပွဲခံတုန်းက အဓိက အသုံးပြုခဲ့တဲ့ ထရိုဂျန် မြင်းရုပ်ကြီး၊ ဂရိတွေ ဘယ်လိုမှ တိုက်လို့မရပဲ တပ်ဆုတ်ပြီး သင်္ဘောတွေ
ပြန်လည်ထွက်ခွာသွားတော့ ထရွိုင်မြို့သားတွေ အောင်ပွဲခံ သတိလွတ်နေတုန်း မြင်းရုပ်ဗိုက်ထဲက
ဂရိစစ်သည်ထွက်၊ မြို့တံခါးကို ဖွင့်လို့ ၁၀
နှစ်ကြာ တိုက်ယူလို့မရခဲ့တဲ့ ထရွိုင်မြို့ကြီးဟာ ညတွင်းချင်းမှာပဲ မြေပေါ် ပြားပြားဝပ်သွားခဲ့ရတဲ့
အဖြစ်…..စသည်အားဖြင့် ရေးထားတဲ့ ဟိုးမားရဲ့ ILIAD ကဗျာရှည်ကြီးထဲမှာ ဇာတ်ကောင်များစွာ
သက်ဝင်လှုပ်ရှားနေတုန်း။ ဒါပေမယ့် ဒီ ကဗျာရှည်(၀တ္တု)
ကြီးထဲက ထရွိုင်မြို့ကြီးဟာ တစ်ကယ်ရှိခဲ့တာလား?
Monday, January 6, 2014
အလုပ်ထဲမှာ ဒီလိုရှိတယ် (၃)
အဟက်
အဟက်
မနှစ်က ဆောက်ခဲ့တဲ့ သင်္ဘော နှစ်စီးကကျတော့
အတော်လေး အကုန်အကျအများသား။ သင်္ဘောကျင်းကို
စာချုပ်နဲ့အပြီး အပ်လိုက်ပေမယ့် အဲ့ဒီ တရုတ်သင်္ဘောကျင်းက သင်္ဘော မဆောက်တတ်ပေါင်။ ဒီတော့ နောက်ဆုံး လိုချင်တဲ့ အရည်အသွေးမရတာနဲ့၊ ပြန်ပြင်ရတာနဲ့၊ နှေးတာနဲ့ လုံးလည်ချာလပတ်တွေလိုက်ပြီးတော့
ကျွန်တော့်တို့ ကုမ္ပဏီက လူတွေထပ်ခေါ်၊ ကျွန်တော်တို့
Contractor တွေကို သင်္ဘောကျင်းထဲထည့်ပြီး ကိုယ့်သင်္ဘော ကိုယ်ပြန်ဆောက်ရတဲ့ အခြေအနေကို
ရောက်ရော။
အဲ….ပြဿနာက အဲ့ဒီ တစ်ပြုံတစ်မကြီးရဲ့ စားစရိတ်၊
အထွေထွေသုံးစရိတ် ဒါတွေက Delay ဖြစ်ရင်ဖြစ်သလောက် Overhead cost ကတက်လာပါပရော။ ဒါ့အပြင် ကိုယ်ထည့်ချင်တဲ့ ပစ္စည်းတွေ တရုတ်မှာ
Custom clear လုပ်တာတွေ၊ Transport စရိတ်တွေ ဒါတွေအားလုံးပေါင်းလိုက်တော့ ဘေဂျင်းက
ကျွန်တော်တို့ရုံးလည်း ၁နှစ်ခွဲလောက် ရော့ရော့ ကြိုက်သလောက်သာယူပေတော့ ဆိုပြီး ပေးလိုက်၊
ပေးလိုက်နဲ့ ငွေလုံးလုံးမရှိတဲ့ ဘ၀ကိုရောက်သွားရော။
ဒီလိုနဲ့ အေးဂျင့်တစ်ယောက်နဲ့ တွဲလုပ်ဖြစ်လိုက်တယ်။ ဒီအေးဂျင့်က ကော်ဖီမှုန့်ကစလို့၊ Contractor ဖိုးတွေ၊ Custom Clearance တွေ၊
Transport စရိတ်တွေအားလုံး ကြားထဲက အကျိုးဆောင်ပြီး ရှင်းပေးသပေါ့လေ။ ဒါပေမယ့် ရာခိုင်နှုန်းလေးတော့ ကြားထဲက သူကစားတယ်ပေါ့။ အားလုံး အဆင်ပြေပါတယ်။ နောက်ဆုံး သင်္ဘောပြီး ပရောဂျက် စရင်းသိမ်းတော့ ငွေရှင်းတမ်းလုပ်ပါလေရောလား။ ဘယ်၍ဘယ်မျှကျတယ်၊ ဘယ်လိုမျိုးခွဲပေးကြမယ် စတာတွေကို
အီးမေးနဲ့ ပို့ကြသပေါ့။ အဲ့ဒီမှာ အေးဂျင့်ရဲ့ အီးမေးလ်က အဟက်ခံထားရပါသကောလား။ ကျွန်တော်တို့ ဘက်ကပို့လိုက်တဲ့ အီးမေးလ်တွေကို
ဟို ဟက်ကာကောင်က စောင့်ဖတ်ပြီးတော့ နောက်ဆုံး ဘယ်ဘဏ်ကို ငွေလွှဲရမလဲ၊ ဘဏ့်အကောင့်ပေးပါဆိုပြီး တောင်းတဲ့ စာလည်းရောက်ရော
ကြားထဲက ဖျောင်လိုက်တာပဲ။ ပြီးတော့ သူက ကျွန်တော်တို့
ဆီကို မေးလ်ပြန်ပို့သဗျ၊ သူ့ ဟောင်ကောင်က ဘဏ်နဲ့
သူ့အကောင့် ကို။ ကျွန်တော်တို့ကလည်း မသိဘူးလေ
အဲ့ဒီကို လွှဲဆိုတော့ လွှဲလိုက်တာ။ လွှဲပေမယ့်
စလုံးက ကျွန်တော်တို့ ကုမ္ပဏီက ကျွန်တော်တို့ အေးဂျင့်နာမည်တပ်ပြီး အဲ့ဒီအကောင့်ကို
လွှဲပေးလိုက်တာ။ ဒီအတွက် ဟိုအကောင်တွေက ဘဏ်ထဲက
ထုတ်လို့မရဘူးဖြစ်နေရော။ ဒီလိုနဲ့ ဘဏ်က
Transition ကို Cancel လုပ်ပစ်လိုက်တယ်။
Thursday, November 28, 2013
N!xau သို့ The Gods Must Be Crazy
ကျွန်တော်တို့ ငယ်ငယ်တုန်းက Gods must
be crazy ဇာတ်ကားလေးကို ကြည့်ဖူးကြမှာပါ။ ဒီရုပ်ရှင်ကို
၁၉၈၀ ခုနှစ်က Jamie Uys ဆိုတဲ့ ဒါရိုက်တာက ရေးသား ရိုက်ကူးခဲ့တာပါ။ အာဖရိကတိုက်မှာ ပထမဆုံး ရုံတင်ပြသခဲ့ပြီး စံချိန်တင်
လူကြိုက်များခဲ့ပါတယ်။ နောက် နိုင်ငံတကာက ရုပ်ရှင်ရုံတွေမှာ
ပြသဖို့အတွက် မူရင်း အာဖရိက စကားပြောတွေကို အင်္ဂလိပ်လို ပြင်ဆင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ဂျပန်မှာ ဒီရုပ်ရှင်ဟာ စံချိန်တင်
ပြသခဲ့ရပြီး အလွန်ကို အောင်မြင်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မှာပြသခဲ့ပြီးတော့
ဒီရုပ်ရှင်ဟာ ဒေါ်လာ သန်း ၁၀၀ ကျော် အမြတ်အစွန်းရရှိခဲ့ပါတယ်။ ဒီအထဲမှာ ကျွန်တော်စိတ်ဝင်စားမိတာကတော့ ဒီရုပ်ရှင်ထဲက
ကိုကာကိုလာ ပုလင်းလေး တစ်လုံးနဲ့ အလုပ်ရှုပ်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး အာဖရိကတိုက် ကာလာဟာရီ
သဲကန္တာရထဲက Bushmen စီ အကြောင်းလေးပဲဖြစ်ပါတယ်။
ဒီလို သန်ပေါင်းများစွာ စံချိန်တင်ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ရဲ့ အဓိက ဇာတ်ဆောင်တစ်ယောက်ဟာ
ဘယ်လောက်များ အကျိုးခံစားခွင့် ရခဲ့သလဲဆိုတာကိုပေါ့။
ဒီရုပ်ရှင်ထဲက ဇာတ်လိုက် စီ ရဲ့ မူရင်းနာမည်ကတော့ Nǃxau
ǂToma ဖြစ်ပါတယ်။ သူဟာ နမ်မီဘီယား ဒေသမှာ မွေးဖွားခဲ့ပြီးတော့ သူ့အသက်
ဘယ်လောက်ရှိပြီလဲဆိုတာကို သူကိုယ်တိုင် မသိခဲ့ပါဘူး။ သူဟာ အာဖရိက ဘာသာစကား ၃ မျိုးလောက်ကိုတော့ ကောင်းကောင်းကြီး
ပြောတတ်ပါတယ်။ မြို့ကြီးတွေကိုလည်း တစ်ခါမှ
ရောက်ခဲ့ဖူးတာမဟုတ်သလို ဒီရုပ်ရှင် မရိုက်ကူးခင်အထိ သူ့ဘ၀မှာ လူဖြူ ၃ ယောက်လောက်ပဲ
မြင်ခဲ့ဖူးတာပါ။ နောက်ပြီး ပိုက်ဆံ၊ ငွေကြေးဆိုတာကို
တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ငွေကြေးနဲ့ ဘယ်လို
ဖလှယ်ရမှန်းလည်း မသိသလို၊ ဒီငွေကြေးရဲ့ တန်ဖိုးကိုလည်း
မသိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီရုပ်ရှင်ရိုက်ကူးခအတွက်
သူဟာ ဒေါ်လာ ၂၀၀၀ အောက်သာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
Monday, November 18, 2013
အဆုံးစွန်အထိ ခရီးဆက်နေဦးမည့် Voyager ၁ နှင့် ၂
ကျွန်တော်ငယ်ငယ်တုန်းက လမင်းကြီး ရယ်၊ မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကောင်းကင်က ကြယ်လေးတွေကို
လသာတဲ့ ညဖက်ဆိုရင် မော့ကြည့်ပြီး အများကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီ ကြယ်လေးတွေက ဘယ်လောက်ဝေးလဲ? ဘယ်နေမှာ ရှိနေတာလဲ? ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို ရောက်မလာတာလဲ? ကျောင်းရောက်တော့လည်း ဆရာမက ကျွန်တော်တို့ကမ္ဘာကြီးကနေကို
လှည့်ပတ်နေပြီးတော့ သူ့မှာ မိသားစု ဂြိုလ်ပေါင်း ကမ္ဘာအပါအ၀င် ကိုးလုံး ရှိတယ်လို့ဆိုပြန်တယ်။ နောက်ပြီး ကျွန်တော်တို့ နေမိသားစုဟာ နဂါးငွေ့တန်း
ဂလက်ဆီဆိုတဲ့ အရာကြီးထဲက အစိတ်အပိုင်းလေးတစ်ခုတဲ့။ အဲ့ဒီ နဂါးငွေ့တန်းဆိုတဲ့ ဟာကြီးကလည်း စကြ၀ဋ္ဌာ ပင်လယ်ကြီးထဲမှာ
မျောချင်ရာမျောနေသတဲ့။
နောက်ပိုင်း အတန်းထဲမှာ မှန်ပြောင်းတွေ အကြောင်းသင်ရပြန်ရော… ဟိုး အဝေးကြီးက အရာဝတ္တုတွေကို နီးနီးလေးမှာလိုမျိုး
လှမ်းပြီး မြင်ရပါသတဲ့။ အရမ်းအားကောင်းတဲ့
မှန်ပြောင်းကြီးတွေနဲ့ ဆိုရင် ဂြိုလ်တွေကိုပါ လှမ်းပြီး ကြည့်လို့ရပါသတဲ့။ အင်း… ကျွန်တော်တို့ မသိတဲ့ အရာတွေ တော်တော်များနေပါလားနော်….. ကျွန်တော်တို့ အနေနဲ့ ကမ္ဘာမြေကြီးပေါ်ကနေ ထိုင်ပြီးတော့
အများကြီးတွေးနေ၊ ငေးနေမဲ့အစား အဆိုပါ ဂြိုလ်ကြီးတွေ၊ ကြယ်ကြီးတွေ ရှိတဲ့ နေရာကို အနီးကပ်သွားရောက်ကြည့်ရှု့လို့ရရင်တော့
ကျွန်တော်တို့ အနေနဲ့ ပိုပြီးတော့ ဒီအရာတွေရဲ့ အကြောင်းကို သိလာနိုင်တာပေါ့လေ။ ဒီလိုမျိုး လူတွေ စဉ်းစားခဲ့ကြပါတယ်။ စဉ်းစားခဲ့သလို
အကောင်အထည်လည်း ဖော်ခဲ့ကြပါတယ်။ ဒီလိုမျိုး
ဂြိုလ်တွေ၊ ကြယ်တွေကို စူးစမ်းဖို့အတွက် လူသားတွေဟာ လမင်းကြီးဆီကို၊ အင်္ဂါဂြိုလ်ဆီကို၊
ဂျူပီတာ ဂြိုလ်ဆီကို… စသည် စသည်ဖြင့် အာကာသ စူးစမ်းရေး ယာဉ်ကြီးတွေ လွှတ်တင်ခဲ့ကြပါတယ်။
ခု Voyager 1 & 2 ဆိုတဲ့ အကြောင်းလေးကတော့
ကျွန်တော့် ကွန်မန့် ဘောက်စ်ထဲကို အကိုတစ်ယောက်က ရေးပါလားဆိုလို့ တင်လိုက်ဖြစ်တဲ့ ပိုစ့်လေးတစ်ခုပါ။ ဒီပိုစ့်အတွက် ကျွန်တော့် အဓိက ကိုးကားခဲ့တာကတော့
Nasa နဲ့ Wikipedia ၀ဘ်ဆိုဒ် နှစ်ခု ဖြစ်ပါတယ်။ Voyager ၁ နှင့် ၂ ဆိုတဲ့ အာသာကယာဉ် ကတော့ ကျွန်တော်တို့
နေမိသားစုထဲက Satun လို့ခေါ်တဲ့ စနေဂြိုလ်ကြီးနဲ့ Jupiter ဂြိုလ်ကြီးနှစ်ခုကို အနီးကပ်လေ့လာဖို့အတွက်
ကနဦး စီမံကိန်းချခဲ့ပေမယ့် ခုတော့ ဒီ ညီနောင် အာကာသယာဉ် နှစ်စီးဟာ သူတို့ရဲ့ လေ့လာရေး
အစီအစဉ်တွေကို ကျွန်တော်တို့ နေမိသားစုရဲ့ အပြင်ဖက် အဆုံးစွန်အထိရောက်အောင် လက်ဆက်
ခရီးနှင်နေဆဲ ဖြစ်ပါတယ်။
Saturday, October 12, 2013
Note 3 or 5s
လွန်ခဲ့တဲ့ ၇ လလောက်တုန်းက ပိုစ့်တစ်ခု တင်ဖြစ်သည်။ ဘာ ဖုန်းဝယ်ရင်ကောင်းမလဲဟုဖြစ်သည်။ S4 or HTC 1 or iPhone 5 သို့သော် မ၀ယ်ဖြစ်။ ခု ဖုန်းဝယ်ဖို့ ရောဂါ ထနေပြန်ပြီ။ ဘာဝယ်ရမှန်းမသိပေ။ အချိန်ဆိုသည်မှာ ဖြိုက်ကနဲကုန်သွားသည်။ ဖုန်းအသစ်တွေ ထပ်ထွက်နေပြန်ပြီ။ အရင်တုန်းကတော့ ဖုန်းတစ်လုံးဝယ်လိုက်လျှင်
၂ နှစ်လောက် ခေတ်မီမီ သုံးနေလို့ရသည်။ ခုကတော့
၆ လ လောက်ဆိုလျှင် ကိုယ်ကိုင်နေတဲ့ ဖုန်းက မော်ဒယ်အောက်သွားပြီဖြစ်သည်။ ခက်လှချေတကား။
ခု ရောဂါထနေသည်မှာ iPhone 5s နှင့် Note
3 ဘယ်ဟာရွေးရရင် ကောင်းမလဲ ဟူသော အရာပင်ဖြစ်သည်။ အင်တာနက်ထဲမှာ လျှောက်မွှေပြီး
review တွေ ဖတ်ကြည့်သည်။ သူ့ဟာနှင့် သူတော့
အားလုံး ကောင်းနေသည်ချည်းသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ
ဖုန်းတစ်လုံး ၀ယ်လိုက်လျှင် အနည်းဆုံး ၂ နှစ်တော့ မဖြစ်မနေသုံးရမည်ဖြစ်သည်။ ထို့ကြောင့် ၂ နှစ် လက်ထဲရောက်နေမည့် ဖုန်းအတွက်
ကျွန်တော့်ဟာ ကျွန်တော် review လုပ်ကြည့်သည်။
5s နှင့် Note 3 ကို ယှဉ်ကြည့်ခြင်းဖြစ်သည်။
ကြံခိုင်မှု့
Samsung သည် ကော်ခွံထဲက မထွက်သေးချေ။ Leather casing ဟု ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ထားသော
ကော်ခွံသည်သာ ဖြစ်သည်။ Hard ware အားလုံး
ဈေးပေါသော အရာများကို သုံးထားသည်။ အရင်
S4 သုံးသူများကို လိုက်ကြည့်လေသော်… screen ကွဲသူများလေသည်။ ပြုတ်ကျသည်နှင့် Screen ကွဲလေသည်။ screen ဘေးနားမှ ကာထားသော လိုင်းကလေးမှာ ဟောင်းလောင်းပေါက်
ပိုက်ကလေးဖြစ်သည်။ ပြုတ်ကျလျှင် ပိန်သွားလေသတည်း။ ထို ဟောင်းလောင်းပေါက် ပိုက်ကလေးပြီးလျှင် သံမဏိဟု
ထင်ယောင် ထင်မှာ ဖြစ်စရာရှိသော မည်သည့်အရာမှန်းမသိသည့် သတ္တုတစ်ခုဖြင့် ကာထားကာ ၃ လလောက်ကြာရင်
ကွာထွက်ကုန်လေ၏။ ထို့ကြောင့် အတွင်းကလီစာများသည်
iPhone 5s ထက် Spec မြင့်ပြီး သုံးလို့ကောင်းသော်လည်း အကြမ်းပတမ်း သုံးသူများအတွက်
iPhone 5s သည် ပိုမို သင့်လျှော်သည်ဟု ကောက်ချက် ချမိလေသည်။ အဘယ်ကြောင့်ဆိုသော်… မည်သည့်ဖုန်းကို လက်ထဲ ထဲ့ပေး
ထဲ့ပေး ပျက်အောင် ကိုင်သော ကျွန်တော်၏ ရှုမငြီးသည် iPhone 5 လက်ထဲထည့်ပေးလိုက်သော်
အချိန်အတော်အတန် ငြိမ်ပြီး complain မတက်ဘဲ နေသည်မှာ iPhone ၏ durability သည် ပိုမိုကောင်းသည်ဟု
သက်သေ ပြခြင်းပင်ဖြစ်သည်။
Thursday, August 29, 2013
တင်ပို့ခြင်း အနုပညာ
တနေ့က ရုံးမှာ အလုပ်လုပ်နေရင်းနဲ့ ဟော်လန်က
တစ်ယောက်ကလှမ်းပြောတယ်။ မင်းတို့ ဆီမှာ ဗုဒ္ဒဘာသာဝင်
တွေက မွတ်စလင်တွေ အိမ်ကို မီးရှို့နေတယ်ဆိုတဲ့။
အစကတော့ ဒီပိုစ့်ကို မရေးဘူးလို့ထားမလို့။ ဒါပေမယ့် အခုရေးဖြစ်သွားတယ်။ သူ့ကွန်ပျူတာသွားကြည့်လိုက်တော့ ပုဂံ ဘုရားပုံတွေရိုက်ထားတဲ့
ဓာတ်ပုံရယ်။ ပြီးတော့ ဟိုရက်က ဖြစ်သွားတဲ့
အဖြစ်အပျက်ကို ဟော်လန် စကားလုံးတွေနဲ့ ရေးထားတယ်။ ဘာသာပြန်ခိုင်းလိုက်တော့ အတိုချုံးလိုက်ရင်
အဲ့ဒီအဓိပ္ဗါယ် သက်ရောက်နေတာပဲ။ အင်း ဘယ်လို့ရှင်းရပါ့နော်…
နိုင်ငံရေးလည်း ကိုယ်က ဒီလောက်စိတ်ဝင်စားလှတာမဟုတ်။ ဒီ သတင်းကြီးကလည်း ကွက်ပြီးရေးထားတဲ့ သတင်းကြီး။
မင်း ဗိုလ်ချုပ်အောင်ဆန်းကိုသိလားဆိုတော့
မသိဘူးတဲ့။ အောင်ဆန်းစုကြည်ကိုသိလားဆိုတော့
သိတယ်တဲ့။ အင်္ဂလိပ်က ငါတို့နိုင်ငံကို နှစ်
၁၀၀ ကျော် ကိုလိုနီလုပ်ခဲ့တယ်ပေါ့လေ။ အဲ့ဒီကစရတာပေါ့။ အဲ့ဒီတော့ ကိုလိုနီ လက်ထက်မှာ ပို့ကုန်တစ်ချို့ကို
တင်သွင်းခြင်းခဲ့ခဲ့ရတယ်ပေါ့လေ။ အဲ့ဒီအထဲမှာ
အန္ဒိယနိုင်ငံက လူသားအရင်းအမြစ်တွေလည်း ပါတယ်ပေါ့လေ။ ပြီးတော့ လွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူက ယူပေးခဲ့တယ်ပေါ့လေ။ ငါတို့အတွက်တော့ နိုင်ငံ
လွတ်လပ်ရေး ဖခင်၊ နောက် assassinate အလုပ်ခံရတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း
ငါးနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတယ်။
အဲ့ဒီတော့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ နိုင်ငံသား စိမ့်ဝင်မှု့ရှိသလို၊
ယိုစီးမှု့လည်း ရှိနေတယ်။ ဒီအထဲမှာ တရုတ်ဆိုရင်
ကွန်မြူနစ်ပါတီ ဖြန်ကျက်မှု့အားကောင်းတဲ့ အချိန် ရောက်လာတုန်းက ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေ တပ်ဆုတ်တုန်းကလည်း
တို့နိုင်ငံထဲ အများကြီး ရောက်ခဲ့တယ်။ ထိုနည်းတူ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ပြည်နယ်တွေမှာ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ စိမ့်ဝင်မှု့ရှိခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း နောက် ဦးနုဆိုတဲ့ တစ်ယောက်က
ဝန်ကြီးချုပ်ဖြစ်လာတယ်။ မဲ ကိစ္စတွေရှိလာတယ်။ မဲပေးဖို့ လူလိုတယ်။ အဲ့ဒီအချိန်မှာ နိုင်ငံရေး လှည့်ကွက်တွေ ရှိခဲ့တယ်။ နိုင်ငံခြားသားတွေ နိုင်ငံသားပေးပစ်တယ်။ နောက်ပိုင်းလည်း ဒီလိုမျိုး စိမ့်ဝင်မှု့တွေ ရှိခဲ့တယ်။
နောက်တော့ နိုင်ငံရေးမှာ အလှည့်ပြောင်းတွေ
အများကြီးဖြစ်ခဲ့တယ်ပေါ့လေ။ ဆိုရှယ်လစ်နိုင်ငံဆိုပြီး
ထူထောင်ခဲ့တယ်၊ အဲ့ဒီအချိန်မှာ အဖွဲ့တွေ အများကြီး
ကွဲကုန်တယ်။ နောက် စစ်အုပ်ချုပ်ရေးဖြစ်လာခဲ့တယ်။ အဲဒီမှာလည်း အဖွဲ့တွေ အများကြီး ထပ်ပြီးတော့ ကွဲထွက်သွားသေးတယ်။ ကွဲသွားတဲ့ အတိုက်အခံ အများစုဟာ တောထဲကို ရောက်ပြီး
လက်နက်ကိုင်ကြတယ်။ တစ်ချို့ကတော့ အတိုက်အခံအနေနဲ့
အစိုးရရဲ့ အာဏာသက်ရောက်မှု့ အ၀န်းအ၀ိုင်းထဲမှာပဲ ဆက်လက် တည်ရှိခဲ့တယ်။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလဲ ဖြစ်ပေါ်လာခဲ့တယ်။ ဒီအစိုးရ အဆက်ဆက်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအများစုဟာ
နိုင်ငံသားတွေနဲ့ စပ်လျှင်းခဲ့တာတွေ များပြီးတော့ တစ်ခြားနိုင်ငံ၊နိုင်ငံခြားသားတွေနဲ့ဆက်စပ်တဲ့
ဥပဒေတွေမှာ ငါသိသလောက်တော့ လွပ်လပ်ရေးရပြီးခါစနေ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ပြင်ဆင်မှု့
အများကြီး မလုပ်ခဲ့တဲ့အပြင် ဥပဒေကိုပဲ မေးခွန်းထုတ်စရာ အပိုင်းတွေ အများကြီးရှိခဲ့တယ်လို့
ပြည်သူတွေက ယူဆခဲ့ကြတယ်။ ဒါပေမယ့် လွှတ်တော်ဆိုတာ
မရှိခဲ့တဲ့အတွက် ဘယ်သူက မေးခွန်းထုတ်နိုင်လဲဆိုတဲ့ ဟာမျိုးမရှိခဲ့ဘူး။ မေးခွန်း မရှိခဲ့တဲ့ အတွက် အဖြေ မရှိခဲ့ဘူး။ အဲ့ဒီအတွက် အခွင့်အရေးလည်း မရှိဘူးပေါ့။ စစ်အုပ်ချုပ်ရေး ရာစုနှစ် တစ်ဝက်လောက်ပြီးတော့
လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ဒီမိုကရေစီဆိုပြီးဖြစ်လာတယ်။ ငါတို့နိုင်ငံရဲ့ သတင်းတော်တော်များများကို အခု
မင်းတို့ဖတ်ရလာတယ်ပေါ့လေ။
Saturday, August 17, 2013
2+2 = 5
ဒီဗီယိုလေးကို အရင် ကြည့်လိုက်ပါ….
ကျွန်တော့်
အတွက်တော့ အတွေးတွေ အများကြီး ပေးသွားတဲ့ ဗီဒီယိုလေးပါ။ ကျွန်တော် သူငယ်ချင်းတစ်ယောက် ဖဘ ပေါ်မှာ ရှဲထားတာတွေ့လို့
ကြည့်ဖြစ်ရင်းနဲ့ဒီပိုစ့်လေးကို ရေးလိုက်မိတာပါ။ ကျွန်တော်ဆိုလိုချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း
၆၀ ကို ပြန်ကြည့်ပြီးတော့ ဒါ့ကြောင့် ဒါ့ကြောင့်လို့ ဆိုလိုချင်နေတာမဟုတ်ပါဘူး။
လက်ရှိကျွန်တော်တို့ brain wash ဘယ်လောက်အထိ
အလုပ်ခံရပြီးပြီလဲဆိုတာကို ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖို့ ပြောချင်တာပါ။ ကျွန်တော်တို့ဟာ ဒီကျောင်းသားလေးတွေနေရာကို အရင်ဆုံး
ဝင်မကြည့်ပါနဲ့။ အတန်းထဲက ဆရာတစ်ယောက်ရဲ့
နေရာကို ၀င်ကြည့်ပါ။ ကျွန်တော်တို့ ကိုယ်တိုင်
ဆရာဖြစ်ပြီဆိုပါတော့။ ဒီ ဗီဒီယိုထဲကလိုမျိုး
ကျောင်းသာ အပြစ်ပေးလိုက်တဲ့ အခြေအနေအထိ မရောက်ဖူးပဲ ထားပါတော့။
Thursday, August 15, 2013
MYO
အစတုန်းကတော့
Nike ရဲ့ Fuelband ဆိုတဲ့ ဟာကလေးကို ၀ယ်ဖို့
တာစူနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်
ဗိုက်ခေါက်မှာ အတော်ပင်ထွက်လာချေပြီတကား။
ဓာတ်ပုံရိုက်ခါနီး အသက်အောင့်သော်လည်း မရတော့ချေ။ ဗိုက်က ရှေ့တင်မက ဘေးသို့ပါ ထွက်လာချေပြီတည်း။ သို့သော် အားကစားလုပ်ဖို့ကိုမူ မိုးရွာသည်၊
နေပူသည်၊ ဗိုက်ဆာသည်၊ ဗိုက်တင်းသည်၊ စောသေးသည်၊ နောက်ကျပြီ စသည် စသည် ပျင်းရိခြင်းပေါင်း
မြောက်များစွာကို အကြောင်းပြကာ ဘာ အားကစားမှ မလုပ်ဖြစ်တော့ပေ။
ဒီ လက်ပတ်ကလေး ၀ယ်လိုက်လျှင်တော့ ဟိုက တစ်နေ့ကို ကိုယ့်ရဲ့
Fuel ဘယ်လောက် burn ပြီးကြောင်းဘာကြောင်း အချက်လေး ဘာလေးပြလျှင် အားကစားလေး ဘာလေး
ပြန်လုပ်ဖြစ်မည်ထင်သောကြောင့်ဖြစ်သည်။ သို့သော်
နောက်ပိုင်း ဒုံရင်း ဒုံရင်း ပြန်ရောက်မှာ မြင်ယောင်မိသောကြောင့် မ၀ယ်ဖြစ်တော့ချေ။
Subscribe to:
Posts (Atom)











