၁၉၈၂ခုနှစ်၊
နိုဝင်ဘာလ ပေဖူးလွှာမဂ္ဂဇင်း အမှတ် ၁၈ ရဲ့ အင်တာဗျူး မှာ ဆရာ ဦးဝင်းငြိမ်းက ဆရာ မောင်ဝဏ္ဏကို
အင်တာဗျူးထားတဲ့ အခန်းလေးပါ။ ဆရာ မောင်ဝဏ္ဏရဲ့
အနုပညာအပေါ် တန်ဖိုးထား ခုံမင်မြတ်နိုးမှု့ကို ကြိုက်လွန်းလို့ ဘလော့ဂ်ပေါ်ကို တင်ဖြစ်သွားတာပါ။
“ပထမအချက်အနေနဲ့ ဆရာ ဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး
စာပေကို စိတ်ဝင်စားခဲ့တယ်ဆိုတာက စ,လိုက်ရအောင်”
“ကျွန်တော့်အဖေက ပဒေသာမဂ္ဂဇင်းတို့၊ စာသဘင်စာအုပ်တိုက်တို့
လုပ်ထားတော့ အိမ်မှာ ကျွန်တော်တို့ ငယ်ငယ်ကထည်းက စာရေးဆရာ အ၀င်အထွက် အများကြီးရှိတယ်။ ဦးအောင်လင်း၊ ဦးလေးသော်တာဆွေ၊ ဦးတင့်တယ်၊ ဦးလေးဘုန်းမြင့်၊
ဦးလေး ကိုတင်အောင်(ဗန်းမော်)တို့ပေါ့။ ဒီတော့
ကျွန်တော်တို့ စာအုပ်ပုံကြားမှာ ကြီးရသလို ဖြစ်နေတယ်။ အဲဒီတော့ ဒီ ပတ်ဝန်းကျင်နဲ့ ဆက်စပ်မှု့ ရှိနေတာပေါ့လေ။ နောက် စာသဘင်က ထုတ်တဲ့ ဦးလေးကိုတင်အောင် ၀တ္တုတွေ၊
ဦးဘုန်းမြင့် ၀တ္တုတွေ ဖတ်တယ်။ နောက်တော့ တဖြည်းဖြည်း
တခြားဝတ္တုတွေပါ ဖတ်လာတယ်။
အဲဒီတုန်းက ၁၉၅၀ ပြည့်နှစ်တွေမှာ တစ္ဆေ၀တ္တုတွေ
ခေတ်စားနေတယ်။ ဒါပေမဲ့ ကျွန်တော်က အဲဒီဝတ္တုတွေကို
စိတ်မ၀င်စားဘူး။ အဲဒီလို တစ္ဆေ၀တ္တုတွေ သိပ်ခေတ်စားနေပေမယ့်
ကျွန်တော် မဖတ်ဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်တို့က နားရည်ဝနေပြီ ဆိုရမလားဘဲ။ စာပေလောကထဲမှာရှိတဲ့
အဲဒီအချိန်က အများစုဖြစ်တဲ့ ဦးတင့်တယ်တို့၊ ဦးသော်တာဆွေတို့၊ ကျွန်တော့်အဖေတို့၊
ဗန်းမော်တင်အောင်တို့၊ သူတို့ချင်း ပြေနေတဲ့ စကားတွေ ကျွန်တော်တို့ ငယ်ငယ်ကထည်းက ကြားနေရတယ်။ အဲဒီတော့ ကျွန်တော့်မှာ စာပေ စိတ်ဝင်စားစေတဲ့ ပတ်ဝန်းကျင်
ရှိနေတယ်။ ဒါ ကျွန်တော် စာပေကို စိတ်ဝင်စားစေတဲ့
အကြောင်းပါပဲ။
နောက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ၀တ္တုတွေ
ဖတ်ပြီး ကိုယ်တိုင် ရေးချင်စိတ် ရှိလာတယ်။
ဒါက ရှင်းရှင်းကလေးပါ။ ၀တ္တုဖတ်တဲ့ သူတိုင်းဟာ
အခွင့်အရေးရရင် ရေးဖြစ်သွားကြတာပါပဲ။ ကျွန်တော့်မှာကတော့
အဖေ စာအုပ်တိုက် လုပ်နေတုန်းက စာရေးဖို့ အခွင့်အလမ်းမရခဲ့ပါဘူး။ ကျွန်တော်က ငယ်သေးတာကိုး။ ရုပ်ရှင်နဲ့ ပတ်သက်လို့လည်း အဲဒီလိုပဲ။ အဖေ့လုပ်ငန်းတွေ ကြည့်ပြီး နားရည်၊ မျက်စိရည်ဝသွားတာပဲ
ရှိတယ်။ လုပ်ဖို့ အခွင့်အလမ်းမရခဲ့ဘူး။
ကျွန်တော် စာစရေးဖြစ်တာကတော့ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က
‘အတွေးအခေါ် မဂ္ဂဇင်း’ မှာပါ။ ကျွန်တော် တက်နေတဲ့
ဒဿနိကဗေဋ္ဌာနက ထုတ်တာပါ။ ၁၉၆၈-၆၉ လောက်ကထုတ်တယ်။ အဲဒီမှာ ကျွန်တော် ကဗျာတစ်ပုဒ် စရေးဖြစ်သွားတယ်။ နာမည်က ‘ကားလမ်းဘေးက ဆိုင်းဘုတ်ကလေး’ပါ။ ဒါ ကျွန်တော် ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရတဲ့
စာပါပဲ။
အဲဒီနောက်တော့် ကျွန်တော် ‘ရှု့ဒေါင့်’၊
‘တို့’၊ ‘ပြည်သူ့ကြယ်’၊ ‘မိုးဝေ’၊ ‘ရှု့မ၀’ စတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ရေးတယ်။ ရှုမ၀မှာ အရေးများပါတယ်။ ၀တ္တုအနေနဲ့ ပထမဆုံး ဖော်ပြခံရတဲ့ ၀တ္တုကတော့ ရှုမ၀မှာပါတဲ့
“လေထဲက အိမ်မက်ကလေး” ၁၉၇၄-၇၅ လောက်ကဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ကျွန်တော် ရုပ်ရှင်ရိုက်ရင်းတန်းလန်းက
ရေးတာပါပဲ။ ရုပ်ရှင်ရိုက်ရင်း ရေးချင်စိတ်ပေါက်လာလို့
ရေးလိုက်တာပဲ။
ကျွန်တော့်ဘ၀မှာ စာရေးဆရာ ဖြစ်လာရကောင်းစေ၊
စာရေးတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ရကောင်းစေရယ်လို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီလိုပဲ ရေးချင်စိတ် ပေါက်လာရင် ချရေးလိုက်ပြီး
မဂ္ဂဇင်းတိုက် ပို့လိုက်တာပါပဲ”
“ဒီလိုဆို ဆရာ စာရေးတာနဲ့ ရုပ်ရှင်ရိုက်တာဆိုရင်
ရုပ်ရှင်ရိုက်တာက အရင်ပေါ့”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဇာတ်ညွှန်း ရေးတာတော့
ရှိခဲ့တယ်ဗျ၊ ‘သိုင်းသမား’ ဇာတ်ညွှန်း ရေးခဲ့သေးတယ်။ အဲ့ဒါပြီးမှ ကားရိုက်တာပါ”
“ဆရာက ၀တ္တုတိုတွေလည်း ရေးတယ်၊ ၀တ္တုရှည်….
လုံးချင်းတွေလည်း ရေးတယ်ဆိုတော့ စာရေးဖို့ စိတ်အားထက်သန်နေကြတဲ့ ပရိတ်သတ်တွေအတွက် ၀တ္တုတိုနဲ့
ဝတ္တုရှည်ရဲ့ ခြားနားချက် ဘယ်လိုရှိတယ်၊ ဇာတ်အိမ် ဘယ်လိုတည်ဆောက်ယူတယ်၊ ဇာတ်ကောင် စရိုက်တွေကို
ဘယ်လို ပုံဖော်တယ်ဆိုတာလေးတွေ ရှင်းပြပေးစေချင်ပါတယ်”
“၀တ္တုတိုကို ကျွန်တော်ရေးတာ ၀တ္တုတိုတစ်ပုဒ်
ဖြစ်စေတော့ရယ်လို့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ပါဘူး။ ကျွန်တော် စိတ်လွတ်ကိုယ်လွတ် လမ်းသွားရင်း တွေ့တာလေး၊
သူ့အဖြစ်အပျက်ကလေးတွေကို စိတ်ဝင်စားသွားတဲ့ အခါမှာ အဲ့ဒီအချက်ပေါ် မူတည်ပြီး တွေးစရာကလေးတွေ
တွေးလိုက်မိတယ်။ အဲဒီအတွေးလေးတွေကို ကျွန်တော်က
ဇာတ်အိမ် ဇာတ်ကွက် အ၀င် မစဉ်းစားဘူး။ အဲဒီ အဖြစ်အပျက်ကို ကျွန်တော် တွေ့ရ ကြုံရ မြင်ရ
ကြားရတဲ့အတိုင်း ရေးပစ်လိုက်တာပဲ။ ဒါ စာရေတဲ့
အတတ်ပညာအရ ခေါ်မှာပေါ့လေ။ ဒါလည်း ကျွန်တော်
တမင်တကာ လေ့လာထားတာတော့ မဟုတ်ပါဘူး။ ဒီလိုပဲ
ရေးရင်းနဲ့ တတ်လာရတဲ့ အတတ်ပညာတစ်ရပ်ပါ။
ရေးရင်းနဲ့ ဘာတွေကလာသလဲဆိုတော့…. ၀တ္တုတိုမှာ
စိတ်လွတ်ကိုယ်လွတ် ရေးရင်းနဲ့ ကျွန်တော် တွေးတဲ့ အတွေးတစ်ခု တင်ပြလိုက်တာပဲ။ အများအားဖြင့်တော့ အဲဒီမှာ ဆုံးဖြတ်ချက် မပါဘူး။ ကျွန်တော်တွေးထားတဲ့ အတွေးက ကောင်းပါတယ်။ ဒီလိုမျိုး တွေးကြပါလို့ ကျွန်တော်ဘယ်တော့မှ မပြောဘူး။ ပြောဖို့လည်း မလိုဘူးထင်တယ်။ ၀တ္တုတိုကို ကျွန်တော် ဒီလိုပဲ ရေးတယ်။
မဂ္ဂဇင်း ၀တ္တုရှည်ကျတော့လည်း ဒီလိုပဲ…. တွေ့ရ
မြင်ရ ကြုံရ ကြားရတာတွေကို၊ ဖတ်လို့ကောင်းမယ် ထင်တာတွေကို ရေးလိုက်တာပဲ။ ဒီထဲမှာ ကျွန်တော့်အတွေးကို ထည့်ပြီး ရေးလိုက်တယ်။ ဒါကြောင့် မဂ္ဂဇင်းဝတ္တုရှည်နဲ့ ၀တ္တုတို သိပ်ပြီး
မခြားနားပါဘူး။
လုံးချင်းဝတ္တုကတော့ ဇာတ်လမ်း ဇာတ်ကွက်ကို
ပထမ စဉ်းစားတယ်။ ဒီဇာတ်လမ်း ဇာတ်ကွက်ကို ရေးရင်းနဲ့
ကျွန်တော့် အတွေ့အကြုံအရဆိုရင် ဇာတ်လမ်းက ပြောင်းပြောင်းသွားတယ်။ ပထမ ပုံစံချထားတဲ့ ဇာတ်လမ်းအတိုင်း မဖြစ်တော့တာ
များတယ်။ ကျွန်တော် ရေးရင်နဲ့ကို တဖြည်းဖြည်း
ပြောင်းသွားတယ်။ ၀တ္တုထဲက ဇာတ်ကောင် ဆိုတာ တကယ်တော့
အသက်ရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ အသိရ ခက်ခဲတဲ့၊
အင်မတန်နက်နဲတဲ့ ပါးပါးလွှာလွှာ ၀ိညာဉ်တစ်ခုတော့ ၀င်လာတာပဲ။
ကျွန်တော့်စိတ်ထဲမှာ (တခြားလူတွေတော့ မပြောတတ်ဘူး)
ကျွန်တော် ဖန်တီးလိုက်တဲ့ ဇာတ်ကောင်တွေက တကယ့်လူတစ်ယောက်၊ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်၊
ကျွန်တော့်ရဲ့ ညီတစ်ယောက်၊ ညီမတစ်ယောက်၊ ကျွန်တော့်ရဲ့ ဦးလေးတစ်ယောက်၊ ကျွန်တော့်ရဲ့
သားသမီးတစ်ယောက်လို ကျွန်တော်နဲ့ တစ်ရင်းတနှီးဖြစ်လာတယ်။ အဲဒီလို ဖြစ်လာအောင်လည်း ကျွန်တော်က ဇာတ်ကောင်ကို
ဖန်တီးတဲ့ နေရာမှာ အပြင်က လူတွေ စရိုက်ကို ပေါင်းထားတဲ့ ပုံစံ ဖန်တီးထားတယ်။ အပြင်က လူတစ်ယောက်ယောက်နဲ့တော့ မတူဘူးပေါ့။ ဥပမာ ကိုဝင်းငြိမ်းကို တွေ့ပြီးတဲ့နောက် ကိုဝင်းငြိမ်း
စရိုက်မျိုး ဖန်တီးတော့မယ်ဆိုရင် ကိုဝင်းငြိမ်းလို စရိုက်မျိုးရှိတဲ့ လူ သုံး လေး ငါးယောက်ကို
ပေါင်းစပ် ဖန်းတီးလိုက်တာပဲ။ အဲဒီတော့ ကျွန်တော့်
ဇာတ်ကောင်က ကိုဝင်းငြိမ်းနဲ့လည်း မတူဘူး။ ကိုဝင်းငြိမ်းနဲ့
ခပ်ဆင်ဆင်တူတဲ့ အခြားလူတွေနဲ့လည်း မတူပါဘူး။
သူက တခြားတစ်ယောက် ဖြစ်လာတယ်။ ဒါပေမယ့်
ဒီဇာတ်ကောင်က အပြင်မှာ တကယ်ရှိလားဆိုရင် မရှိပါဘူး။
ကျွန်တော့်ဇာတ်ကောင်တွေထဲမှာ ပိုက်ဆံတွေ
သိပ်ချမ်းသာသွားပြီးတော့ ပထမ ဇာတ်လမ်းဆင်ထားတုန်းကတော့ ဒီလူက အငယ်တွေ ဘာတွေယူ။ အကြီးနဲ့ အငယ်နဲ့ ရန်ဖြစ် ဘာညာ ဇာတ်လမ်းဆင်ထားတာပေါ့လေ။ ဒါပေမဲ့ တစ်ကယ်ဖြစ်လာတဲ့အခါ ကျတော့ အဲဒီဇာတ်ကောင်က
ပိုက်ဆံ ချမ်းသာတဲ့ အလုပ်ကို တကယ် လုပ်ချင်မှ လုပ်တာ။ ကျွန်တော် ပထမ စဉ်းစားထားတုန်းက သူ့ကို ချမ်းသာစေမယ်လို့
စဉ်းစားထားပေမယ့် တကယ်ရေးတဲ့ အခါမှာ သူက ချမ်းသာချင်မှ ချမ်းသာမယ့်သူ ဖြစ်လာတယ်။
စီးပွားရေးသမားတစ်ယောက် အကြောင်း ရေးတော့မယ်ဆိုရင်
ပိုက်ဆံကိုပဲ အာသာ ငမ်းငမ်းရှာနေတဲ့ စီးပွားရေးသမားပုံစံ ကျွန်တော် လိုက်ကြည့်တယ်။ သူတို့ နေပုံထိုင်ပုံ စရိုက်တွေကို ဖမ်းပြီး ရေးတယ်။ ဒီလို ဇာတ်ကောင်မျိုးကျတော့ အကျင့်စာရိတ္တကအစ ကျွန်တော်
ထိန်းလို့မရအောင် ဖောက်ပြန်ချင် ဖောက်ပြန်တယ်။
ကျွန်တော်က မင်း ဒီဟာတော့ မလုပ်သင့်ဘူးလို့ ပြောနေတုန်းမှာပဲ သူက လုပ်ချင် လုပ်ပစ်လိုက်တယ်။ လုပ်ပစ်လိုက်တယ်ဆိုတာက ကျွန်တော့်လက်က ရေးမိပြီးသား
ဖြစ်သွားတာကို ပြောတာပါ။ ဒီနေရာမှာ ကျွန်တော်တို့
စာရေးသူအနေနဲ့ စောင့်ထိန်းသင့်တဲ့ သီလဆိုတာ ရှိတယ်။ ကိုယ့်ဇာတ်ကောင်က လူမှုရေးအားဖြင့်ရော၊ အကျင့်စာရိတ္တအားဖြင့်ရော
ဖောက်ပြန်သွားပြီဆိုတော့ ဒါကို ကျွန်တော့်တို့က ၀တ္တုထဲမှာ ဖော်ပြဖို့ သင့်၊ မသင့် စဉ်းစားရတယ်။ တစ်ခါတလေလည်း မရဘူးကွာ ဆိုပြီး အတင်းကို ကိုယ့်ဇာတ်ကောင်ကို
ပြန်ထိန်းရတာ ရှိတယ်။
ဒါတွေကတော့ ကျွန်တော် ဖန်ဆင်းတဲ့ ဇာတ်ကောင်စရိုက်၊
ဇာတ်အိမ်တည်ထောင်ပုံ၊ လုံးချင်းဝတ္တုနဲ့ ၀တ္တုရှည်၊ ၀တ္တုတိုတို့ရဲ့ ခြားနားချက်တွေပါပဲ။
လုံးချင်းဝတ္တုကတော့ ကျွန်တော့်မှာ နည်းနည်းအခက်အခဲရှိတယ်။ ဘာလဲဆိုတော့ လုံးချင်းဝတ္တုမှာ စာဖတ်ပရိတ်သတ် ဖတ်ရင်းနဲ့
ရှေ့ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားအောင် ဆွဲဆောင်ရတဲ့ အချက်ပါပဲ။ အဲ့ဒါမျိုးက စာရေးတဲ့အတတ်ပညာနဲ့ နည်းနည်းကဲပြီးတော့
ရေးရတယ်။ ဒါကြောင့် လုံးချင်းဝတ္တု ရေးရတာဟာ
ဝတ္တုတို ရေးရတာလောက် မလွတ်လပ်ပါဘူး။ ပြီးတော့…
ဝတ္တုတိုတစ်ပုဒ်ဆိုတာက ရေးရင် ကျွန်တော့်တာဝန်က ဘယ်နေရာမှာ ဆုံးသွားသလဲဆိုတော့ ရေးပြီးသာကို
ပြန်ဖတ်၊ ကျေနပ်ပြီဆိုတာနဲ့ တပြိုင်နက် လက်မှတ်ထိုးလိုက်ပြီးရင် ကျွန်တော့်တာဝန်ပြီးသွားပြီ။ အဲဒါကို မဂ္ဂဇင်းအယ်ဒီတာစားပွဲ သွားပို့၊ အယ်ဒီတာက
မကြိုက်ဘူးကွာ၊ ပယ်တယ်ဆိုရင်လည်း ပယ်ပေါ့။
ဒီတိုက်က မကြိုက်လို့ ပယ်ရင် နောက်တစ်တိုက် သွားပို့မှာပဲ။ နောက်တစ်တိုက်က မကြိုက်ရင်လည်း နောက်တစ်တိုက်ပေါ့။ ဒီလို မဂ္ဂဇင်းတိုက်တွေ လျှောက်ပို့လို့ အားလုံးက
မကြိုက်ဘူးဆိုလည်း ပြီးတာပဲ။ ကျွန်တော့် တာဝန်က
ရေးဖို့ပဲ ရှိတယ်။ ၀တ္တုတိုတစ်ပုဒ် ရေးပြီးလို့
လက်မှတ်ထိုးပြီးရင် စိတ်ထဲမှာ ပျော်တယ်ဗျ။
မဂ္ဂဇင်းထဲမှာ ပါတာတို့၊ မပါတို့ သိပ်ပြီး စိတ်မ၀င်စားတော့ဘူး။
လုံးချင်းကျတော့ ဒီလို မဟုတ်တော့ဘူး။ နည်းနည်းတွက်လာရတယ်။ ပရိတ်သတ် လက်ခံနိုင်ဖို့ တွက်ရတယ်။ နောက်တစ်ခါ အဲဒီမှာ အယ်ဒီတာတစ်ယောက်အနေနဲ့ ဖော်ပြသင့်တာ၊
မဖော်ပြသင့်တာတွေကို (တည်းဖြတ်) ပေးမယ့်သူ မရှိတော့ဘူး။ ကိုယ့်ဘာသာတည်းဖြတ်ရတယ်။ အဲဒါ ပင်ပန်းတယ်။ ခုနက ပြောတဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သတ်တဲ့ ကိစ္စတို့၊
အယူအဆကလေးတွေနဲ့ ပတ်သတ်တဲ့ ကိစ္စတို့၊ ကိုယ့်ဘာသာပဲ တည်းဖြတ်ရတယ်။ နောက်ပြီးတော့ လုံးချင်းဝတ္တုပဲဆိုပြီး လျှောက်ရေးချင်တိုင်း
ရေးနေလို့ မရဘူး။ ပရိသတ်က လက်ခံပါ့မလား။ လက်မခံဘူးလား။
ဝတ္တုထဲမှာ ပါတဲ့ ဇာတ်ကောင်စရိုက်တွေက ပျက်နေရင် အတုယူမှားစရာတွေ ဖြစ်နေမလား
စသည်ဖြင့် စဉ်းစားစရာတွေ အများကြီး ၀င်လာတယ်။
ဒါကြောင့် လုံးချင်းရေးရတာ ပင်ပန်းတယ်။
ဒါပေမယ့်လို့ ခက်တာကျတော့ ကျွန်တော့် အတွေ့အကြုံအရဆိုရင် ၀တ္တုတိုက ပိုခက်တယ်။ ၀တ္တုတိုကျတော့ စကားလုံး ရွေးတာကအစ စကားလုံး ကျစ်ကျစ်လျစ်လျစ်
သိပ်သိပ်သည်းသည်း ဖြစ်ဖို့လိုတယ်။ ကိုယ်ပြောချင်တာကို
စာမျက်နှာ လေး ငါး ခြောက် မျက်နှာအတွင်းမှာ ပြည့်ပြည့်စုံစုံ ထိရောက်အောင် ဖော်ပြနိုင်ဖို့လိုတယ်။ ဒီနေရာမှာ ဇာတ်ကွက်တစ်ကွက်တည်း ဖြစ်ချင်ဖြစ်မယ်။
လေး ငါး ခြောက်နှစ် နှစ်ပရိစ္ဆေဒ ကြာတဲ့ဇာတ် ဖြစ်ချင်ဖြစ်မယ်။
ဝတ္တုတိုမှာ ကျွန်တော်ပြောချင်တဲ့ စကား၊ ကျွန်တော်
တွေးထားတဲ့ အတွေးအခေါ်ကို စာလုံး သိပ်သိပ်သည်းသည်း၊ ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးနိုင်ဖို့ပဲ
အရေးကြီးတယ်။ ကျွန်တော်က ဒါကတော့ မကောင်းဘူး။
ဟိုဟာကတော့ ကောင်းတယ်ဗျလို့ ပြောနေဖို့ မလိုဘူး။
တင်ပြနေဖို့ မလိုဘူး။ ဒီဟာ ကောင်းတယ်ဆိုပြီးတော့
စာဖတ်ပရိတ်သတ်ကို ဇွတ်အတင်း တင်ပြနေလို့ မဖြစ်ဘူး။ စာဖတ်ပရိတ်သတ်ဆိုတာ ကျွန်တော်တို့ထက် ပိုပြီးစာဖတ်တယ်။ ကျွန်တော်တို့မှာ စာရေးဖို့အတွက် စာဖတ်ရတာ ရှိတယ်။ စာရေးဖို့အတွက် လူတွေနဲ့ လိုက်တွေ့ရတာရှိတယ်။ စာရေးဖို့အတွက် လျှောက်သွားနေရတာရှိတယ်။ အဲဒီတော့ စာဖတ်ချိန်ဆိုတာ သိပ်မရှိဘူး။ အချိန်မရှိတော့ စာဖတ်အားချင်းယှဉ်ရင် စာဖတ်ပရိတ်သတ်က
ကျွန်တော်တို့ထက် အများကြီး များပါတယ်။ အသိဥာဏ်အားဖြင့်လည်း
ကျွန်တော်တို့ထက် ပိုပြီး ရှိနိုင်တယ်။ ဒါကြောင့်
ဝတ္တုတိုတွေမှာ ကျွန်တော်တို့က အတွေးအခေါ်တစ်ခုကို တင်ပြပြီး မှန်တယ်၊ မှားတယ် ဆိုတာ
ဆုံးဖြတ်မပေးတော့ဘူး။ ၀တ္တုတိုနဲ့ ၀တ္တုရှည်
ခြားနားချက်ကတော့ ဒါပါပဲ”
“ဆရာ့ဝတ္တုတိုကလေးတွေမှာ ခု ပြောခဲ့သလို ဆုံးဖြတ်ချက်
မပါဘဲ သဘောထား တင်ပြရုံသက်သက် ရေးခဲ့တာတွေ ဖတ်ရပါတယ်။ ၀တ္တုတိုတစ်ပုဒ်နဲ့ ပတ်သက်လို့တော့ ဆရာ့သဘောထားကို
ကျွန်တော် မေးချင်ပါသေးတယ်။ ရှုမ၀မဂ္ဂဇင်းမှာ
ဆရာရေးခဲ့တဲ့ “တံခါးကလေး” ဆိုတဲ့ ၀တ္တုတိုမှာ ဒီနေ့ ခေတ်ပညာတတ် အိမ်ထောင်စုတွေမှာ ကျင့်သုံးနေ
ကြတဲ့ Family Planning (မိသားစု စီမံချက်)နဲ့ ပတ်သတ်ပြီး တင်ပြထားတာ တွေ့ရတယ်။ ဒီ မိသားစုမှာ ကလေးဘယ်နှစ်ယောက်ပဲ ယူမယ်၊ တစ်ယောက်နဲ့
တစ်ယောက် ဘယ်လောက်ခြားမယ် စသဖြင့် ကိုယ့်စီမံချက်နဲ့ကိုယ် ပိုင်းခြားကန်းသတ်ကြတယ်။ အဲဒါကို အိမ်ထောင်သည်တစ်ယောက်ဖြစ်တဲ့ ဆရာ့အနေနဲ့
ဘယ်လို သဘောရပါသလဲ”
“ဒါက ကျွန်တော်တို့ လူနေမှုစနစ်နဲ့ တော်တော်ပြောရခက်ပါတယ်။ အဲဒီ မိသားစု စီမံချက်ကို ကျင့်သုံးတဲ့သူတွေ အများစုက
လူချမ်းသာတွေ၊ ပညာတတ်တွေ၊ တက္ကသိုလ်ဘွဲရ ဇနီးမောင်နှံတွေ များပါတယ်။ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုမယ်၊ ဘယ်လောက်ထိ ပြုစုမယ်၊
ကလေး ဘယ်နှယောက်ပဲ ပြုစုနိုင်ဖို့ အရည်အချင်းရှိတယ်။ ဘယ်လောက်ပဲ ရှာနိုင် ဖွေနိုင်မယ်။ ဒါကြောင့်မို့
ကလေး သုံးယောက်ပဲ ယူကြစို့ဆိုပြီး ကလေး သုံးယောက်ပဲ ယူတယ်။ အဲဒီကလေး သုံးယောက်ကိုပဲ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင်
ပြုစုကြတယ်။ ဒါက ခုနက မိသားစု စီမံချက်ထားတဲ့
သူတွေဘက်က တွေးတာ…။
တကယ်လို့ အဲဒီကိစ္စ မစဉ်းစားဘဲနဲ့၊ တချို့
အိမ်ထောင်တွေဆိုရင် ဒီလိုပဲ မွေးလာတာပဲ။ ဒီလိုပဲ
ကြီးလာတာပဲ။ သူတို့မိဘများအနေနဲ့က ချမ်းသာသလားဆိုတော့
မချမ်းသာပါဘူး။ ရှိတဲ့အခါ ရှိတယ်။ မရှိတဲ့အခါ မရှိဘူး။ ဒီလိုပဲ မိဘတွေရဲ့ ၀တ္တရားကို ကျေပွန်စွာနဲ့ ကျွန်တော်တို့ကို
မွေးလာခဲ့ကြတာပါ။ ဒါ ကျွန်တော့် အယူအဆပါ”
“ဆရာက ၀တ္တုလည်း ရေးတယ်၊ ရုပ်ရှင်လည်း ရိုက်တယ်။ အနုပညာလောက နှစ်ခုမှာ ကျင်လည်နေတယ်။ ကျွန်တော် သိချင်တာက ၀တ္တုရေးနေတဲ့ အချိန်မှာ ရုပ်ရှင်ရိုက်ချင်စိတ်
ပေါ်လာတာ ရှိသလား။ ရုပ်ရှင်ရိုက်ရင်ကော ၀တ္တုရေးချင်စိတ်
ပေါ်လာဖူးသလား။ ရေးကော ရေးခဲ့ဖူးသလား ဆိုတာပါပဲ…”
“ရုပ်ရှင်ရိုက်တာနဲ့ ၀တ္တုရေးတာနဲ့က ဆက်စပ်နေပါတယ်။ ရုပ်ရှင်ရိုက်တဲ့အခါ ဇာတ်ညွှန်းရေးရပါတယ်။ ဇာတ်ညွှန်းရေးတာလည်း စာရေးတာပဲပေါ့။ ရုပ်ရှင်မှာက ရုပ်ရှင် အတတ်ပညာရှိတယ်။ စာရေးတဲ့ နေရာမှာ စာရေးတဲ့ အတတ်ပညာရှိတယ်။ တစ်ခုနဲ့ တစ်ခု မတူဘူးဆိုပေမယ့် အခြေခံအားဖြင့်တော့
အနုပညာပစ္စည်းတစ်ခုကို ထုတ်တဲ့ အခြေခံပါပဲ။
ရုပ်ရှင်ရိုက်ရင်းနဲ့ ရိုက်ကွင်းမှာ အဖြစ်အပျက်တစ်ခု တွေ့လိုက်ရရင် ဒီအဖြစ်အပျက်ကို
စာရေးလိုက်ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်မျိုးပေါ်ပါတယ်။ ၀တ္တုရေးရင်းနဲ့လည်း ဒီဇာတ်ကွက်ကလေးတော့ ရုပ်ရှင်ရိုက်လိုက်ရရင်
ကောင်းမှာပဲလို့ စိတ်ကူးပေါ်ပါတယ်”
“ဆရာ ဖန်တီးခဲ့တဲ့ ၀တ္တုတိုတွေမှာ မောင်စိန်သောင်းနဲ့
မနှင်းရည် ဆိုတဲ့ ဇာတ်ကောင်နှစ်ယောက် ပင်တိုင်ထား ရေးတာ တွေ့ရတယ်။ ပြီးတော့ သူတို့ ဇာတ်လမ်းတချို့က တစ်ပုဒ်နဲ့ တစ်ပုဒ်
ဆက်နေတာလည်း ရှိတယ်။ ဥပမာ - ခုနက ကျွန်တော်ပြောတဲ့
‘တံခါး ကလေး’ နဲ့ ‘နှလုံးရောဂါ’ ဆိုရင် နှစ်ပုဒ် ဆက်စပ်နေတယ်။ အဲဒီတော့ ဒီဇာတ်ကောင်တွေပါတဲ့ ဇာတ်လမ်းတွေဟာ ဆရာ့
ကိုယ်တွေ့တွေကို ရေးထားတာလား”
“ကိုယ်တွေ့ဇာတ်လမ်းများပါတယ်။ ကိုယ်တွေ့ အချက်အလက်တွေနဲ့၊ စိတ်ကူးနဲ့ ပေါင်းစပ်ထားတာပေါ့။ ကိုယ်တွေ့ ဆိုပေမယ့် အခြားတစ်ယောက်ယောက်ရဲ့ အဖြစ်အပျက်ကို
မောင်စိန်သောင်း ဆိုပြီး ရေးတာလည်း ရှိတယ်။
ဒါကြောင့် တချို့ဟာတွေက ကျွန်တော့် အဖြစ်အပျက်မဟုတ်ပါဘူး။ တခြား တစ်ယောက်ယောက်က သူတို့ အဖြစ်အပျက်လေးတွေ ပြောပြတာကို
ရေးထားတာပါ။ သူတို့ ပြောပြတဲ့ဟာလေးတွေကို ကျွန်တော်က
ကိုယ်စား ၀င်ခံစားကြည့်ပြီး မောင်စိန်သောင်း ဇာတ်ကောင်နဲ့ ရေးထားတာပါ…”
“ဆရာ ရုပ်ရှင်ရိုက်တဲ့ နေရာမှာ ကိုယ့်ဝတ္တုကို
ပြန်ရိုက်တာ ရှိသလို သူများ ၀တ္တုတွေ ရိုက်ရတာလည်း ရှိတယ်။ ၀တ္တုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ကူးပြောင်းတဲ့ နေရာမှာ
တချို့ ၀တ္တုတွေ ပျက်စီးသွားကြတာ တွေ့ရပါတယ်။
ဘယ်လို အခက်အခဲတွေကြောင့်ပါလဲ”
“တချို့ဝတ္တုတွေက တမင် ရုပ်ရှင်ရိုက်ကောင်းအောင်
တမင်တကာ ဖန်တီးပြီး ရေးထားတာတွေ ရှိပါတယ်။
ဒါမျိုးတွေကတော့ ၀တ္တုဖတ်ရင်းနဲ့ကို သိသာပါတယ်။ တချို့ဝတ္တုကျတော့ ဒီဝတ္တုကို ရုပ်ရှင်ရိုက်ရကောင်းစေလို့
ရေးတာ မဟုတ်ပါဘူး။ ရုပ်ရှင်ရိုက်ဖို့လဲ ရည်ရွယ်ပြီး
မရေးပါဘူး။ ကျွန်တော် ၀တ္တုကို ၀တ္တုပုံစံပဲ
ရေးတယ်။ ပြီးတော့မှ ဒီဝတ္တုဟာ ရုပ်ရှင်ရိုက်ဖို့ကောင်းတယ်လို့
ကျွန်တော့်ဘာသာ ထင်မြင်လာရင် ရိုက်လိုက်တာပဲ။
ဒီကြားထဲမှာ ‘ပန်းတွေနဲ့ဝေ’ တော့ ခြွင်းချက်ထားရမယ် ထင်တယ်။ ပန်းတွေနဲ့ဝေက ရုပ်ရှင်ဇာတ်လမ်း အရင်ရေးခဲ့ပြီးမှ
ဒီဇာတ်ကို ၀တ္တုပြန်လုပ်ခဲ့တာပါ။ အဲဒီအချိန်မှာလည်း
ကျွန်တော်က လုံးချင်း ၀တ္တု စဉ်ဆက်မပြတ်ရေးတော့မယ်လို့ စိတ်ကူးမရှိခဲ့ပါဘူး။ စောစောက ကိုဝင်းငြိမ်းမေးခဲ့သလိုပဲ၊ ရုပ်ရှင်ရိုက်ရင်း
စာရေးချင်စိတ်ပေါက်လာလို့ ရေးခဲ့တာပါ။
ကျွန်တော့် ၀တ္တုတွေထဲက ဒါလေးတော့ ရုပ်ရှင်ရိုက်ရင်
ကောင်းမယ်လို့ ထင်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့်
ရုပ်ရှင်ရိုက်ဖို့ ရည်ရွယ်ရေးခဲ့တာတွေ မဟုတ်တော့ ရိုက်ဖို့ ခက်ပါတယ်။ ဒါက ကျွန်တော့် ၀တ္တုတွေနဲ့ ပတ်သတ်တာတွေပေါ့။
ဒီလိုပဲ တခြားဆရာတွေရဲ့ ၀တ္တုတွေထဲက ရုပ်ရှင်ရိုက်ရတော့မယ်ဆိုရင်
ဝတ္တုထဲက အဲဒီ ဆရာပြောချင်တဲ့ အဓိကအချက်ကို အရင်ရှာတယ်။ ၀တ္တုထဲမှာ သူပြောချင်တာလေးတွေ ပါမယ်။ ဒီဆရာတစ်ယောက်ရဲ့ အတွေးအခေါ်ကို သိနိုင်ဖို့ရာ ရုပ်ရှင်ရိုက်မယ့်
ဝတ္တုတစ်ပုဒ်ထည်းကို ဖတ်တာထက် သူရေးခဲ့တဲ့ တခြားဝတ္တု လေး ငါးပုဒ်လောက် ဖတ်ဖို့ လိုပါတယ်။ ဖတ်လိုက်တဲ့အခါမှာ သူ့ အယူအဆ၊ အတွေးအခေါ်ကို ရိပ်မိလာပါလိမ့်မယ်။ အဲဒီအခါကျတော့ ဒီစာရေးဆရာ ပြောချင်တဲ့ သဘောရောက်အောင်
ရုပ်ရှင် အတတ်ပညာနဲက လုပ်ယူရပါတယ်။ သူ့မူရင်း
အပျက်စီရအောင် ရုပ်ရှင်အတတ်ပညာနဲ့ ပြောင်းယူရပါတယ်။
ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကို ရုပ်ရှင်အဖြစ်
ရိုက်ရတာနဲ့ ၀တ္တုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်ရတာ မတူပါဘူး။ ၀တ္တုက အတွင်းစိတ်ကို ဖော်ရေးတယ်၊ ရေးကောင်း ရေးနိုင်တယ်။ တချို့ကျတော့လည်း သာမန်ကာလျှံကာလောက်ပဲ ရေးပြီး
စာဖတ်သူက တွေးယူရလောက်အောင် ချန်ထားခဲ့တယ်။
ဒါမှ မဟုတ်ရင်လည်း ပေါ်ပေါ်တင်တင် ရေးပြထားတာ ရှိတယ်။ အရှင်းဆုံး ဥပမာကတော့ဗျာ ဥပမာ.. ‘သူ့ရင်ထဲ၌ ငိုနေသည်’
ဒါမှမဟုတ် ‘သူ့ရင်ထဲ၌ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေသည်’ စသဖြင့်ပေါ့ဗျာ… စာနဲ့ ရေးလိုက်မယ်။ အဲဒါကို ရုပ်ရှင်ရိုက်ရင် ပြရတာ ခက်ပါတယ်။ ရင်ထဲမှာ ငိုနေတာကို မျက်နှာနဲ့ ပြမလား။ ဒါမှမဟုတ် တခြား အတတ်ပညာနည်း တစ်ခုခုနဲ့ ပြမလား။ အဲဒီလို ပေါ်လာအောင် ရုပ်ရှင်ပညာရှင်က အတတ်ပညာဘက်မှာ
ကျွမ်းဖို့ လိုပါတယ်။
ဝတ္တုတစ်ပုဒ်ကို ဖတ်ပြီး ဒီဝတ္တုက ရုပ်ရှင်ရိုက်လို့
ကောင်းမှာပဲ။ ဇာတ်လမ်းလေးက ဖတ်လိုက်ရတာ သိပ်လွမ်းစရာကောင်းတာပဲ။ သိပ်ပျော်စရာကောင်းတာပဲ ဆိုပြီးတော့ အဲဒီအတိုင်း
သွားရိုက်လိုက်ရင် ၀တ္တုက ရုပ်ရှင်ကူးရာမှာ ညက်ညက်ညောညော မဟုတ်ဘဲနဲ့ အတတ်ပညာပိုင်း ဆိုင်ရာမှာ
မကျွမ်းကျင်ဘဲ ကူးပြောင်းလိုက်ရင် ဒီလိုပဲ အတုံးလိုက် အတစ်လိုက် ၀တ္တုထဲမှာ ပြောတဲ့
စကားတွေအတိုင်း ပြောပြီးပြလိုက်ရင် နဂိုဝတ္တု ခံစားရသလို ပရိသတ်က ခံစားရမှာ မဟုတ်တော့ဘူး။ ရုပ်ရှင်က စာရေးတာမဟုတ်ဘူး။ အတတ်ပညာကို သုံးကို သုံးရမယ်၊ ရုပ်ရှင်အတတ်ပညာကို
သုံးကို သုံးရမယ်၊ ရုပ်ရှင်အတတ်ပညာ သုံးနိုင်ဖို့ရာ ကျွမ်းကျင်ရမယ်။ ဒါမှ စာရေးဆရာ ဆိုလိုတာတွေကို ရုပ်ရှင်အဖြစ် ကူးပြောင်းနိုင်မှာ
ဖြစ်တယ်။
“ဆရာက ရုပ်ရှင်ရိုက်ဖို့ မရည်ရွှယ်ဘဲ ရေးတယ်
ဆိုပေမယ့် ဆရာ့ဝတ္တုတွေဖတ်တဲ့ စာဖတ်ပရိတ်သတ် တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်တို့က
ဆရာ့စာတွေကု ဖတ်ရင်း ဘယ်နေရာမှာတော့ ဘယ်ဇာတ်ကောင်နဲ့ လိုက်တယ်လို့ တွက်မိကြတဲ့ ၀တ္တုတွေ
ရှိပါတယ်။ ဥပမာဆိုရင် ဆရာ ရေးခဲ့တဲ့ ‘အရွယ်လွန်’
ဆိုရင် ပရိသတ်က ရုပ်ရှင်ကားတစ်ကားလို ခံစားရတယ်။
အရွယ်လွန်နဲ့ စကားစပ်မိလို့ တစ်ဆက်ထည်း မေးချင်တာက ဆရာ့ဇတ်ကောင်တွေ အထူးသဖြင့်
အမျိုးသမီးဇာတ်ကောင်တွေက အရွယ်လွန်ကစပြီး အသက်ကြီးကြီးဇာတ်ကောင်တွေ ဖြစ်လာတာ တွေ့ရတယ်၊
ဘာဖြစ်လို့ပါလဲ”
“ကိုဝင်းငြိမ်း ဒီမေးခွန်းကို ကျွန်တော့်မိန်းမရှေ့မှာ
မမေးတာ တော်တော်ကံကောင်းတယ်။ နို့မို့ရင် ဘယ်သူတုံး၊
ဘယ်ဝါတုံးနဲ့ ရှုပ်ကုန်နိုင်တယ်။ ဒါက အရှင်းလေးပါဗျာ။ ယောက်ျားလေး ကိုးဆယ်ရာခိုင်နှုန်းလောက်ဟာ လူပျိုပေါက်အရွယ်မှာ
သူတို့ထက် အသက်ကြီးတဲ့ အမျိုးသမီးကြီးများ၊ လှတဲ့ အမျိုးသမီးကြီးများကို ကြိုက်ကြတယ်။ စိတ်ဝင်စားကြတယ်။ အဲဒီအမျိုးသမီးကြီးများကတော့ ဒီကောင်လေးတွေကို ဟဲ့ကောင်းလေး
ဘာညာနဲ့ ပြီးသွားကြတယ်။ ချာတိတ်တွေက စိတ်လှုပ်ရှားသွားကြတယ်။ ဒါလောက်နဲ့ ပြီးသွားတာပဲ။
ကျွန်တော်တို့ကျတော့ စာတွေရေးရတယ်။ ရုပ်ရှင်ရိုက်ရတယ် ဆိုတော့ ငယ်ငယ်က စွဲလမ်းခဲ့တဲ့
ကိစ္စ အရောင်ပြန်ဟပ်တာ ဖြစ်ပါလိမ့်မယ်။ ဒါကတော့
လူတိုင်းမှာ ရှိပါတယ်။ ယောက်ျားလေးတိုင်းမှာ
ရှိတယ်။ မိန်းကလေးတွေမှာလည်း ရှိချင်ရှိမှာပဲ။ ဒါကတော့ မိန်ကလေးတွေဘက်ကမို့ ကျွန်တော် မသိဘူးလေ။ ယောက်ျားလေးတွေဘက်ကတော့ သေချာတယ်။ ဥပမာ - ကျွန်တော်တို့ ငယ်ငယ်က အယ်လိဇဘက်တေလာဆိုတဲ့
ဘိုင်စကုပ် မင်းသမီး လျှမ်းလျှမ်းတောက် ကျော်ကြားနေတော့ လူပျိုပေါက်အရွယ်မှာ လှိမ့်ကြိုက်တာပဲ။
အဲဒီလို ရောင်ပြန်ဟပ်တာလေးတွေကို အရွယ်လွန်မှာ
ရေးတဲ့အချိန်မှာ အဲဒီလို အမျိုးသမီးကြီးတစ်ယောက်ကို တွေ့ဖူးတယ်ဗျ။ ကျွန်တော်နဲ့က မတိမ်းမယိမ်းပါပဲ။ သိပ်အသက်ကြီးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအမျိုးသမီးကြီးကို ကြည့်တော့ ကျွန်တော်
၁၅နှစ်၊ ၁၆နှစ်သား အရွယ် ဆိုပါစို့ဗျာ။ လူပျိုပေါက်အရွယ်ပေါ့။ အဲဒီအရွယ်တုန်းက သဘောကျဖူးတာ ရှိတယ်။ ရိုးရိုးပေါ့ဗျာ။ ရှင်းရှင်းပြောရရင် ကြိုက်တာပေါ့ဗျာ။ သူ့ကို တွေ့တော့ ငယ်ငယ်တုန်းက အမျိုးသမီးကြီးများ
ဒီလို ဘ၀မျိုး ပြောင်းလာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ‘အရွယ်လွန်’ ကို ရေးခဲ့တာပါ။
ခင်ဗျားမေးလို့တော့ ဖြေလိုက်ပြီ။ အဲဒါကို ကျွန်တော့်လေဒီ ပြန်ဖတ်မိရင် စိတ်မဆိုးအောင်
ထိန်းထိန်းသိမ်းသိမ်းကလေး ရေးပါဗျာ”
“ဆရာ ဟိုတစ်လောဆီက ရေးတဲ့ ‘မလှတာ အပြစ်လားကွယ်’
လုံးချင်း ၀တ္တု အပါးကလေး ထွက်လာတာ တွေ့ရတယ်။
၁၂ ဖောင်လောက်ပဲ ရှိမယ် ထင်တယ်။ အဲဒီ
စာအုပ်က ဖောင်အရေအတွက်လည်း နည်းပြီး ရောင်းဈေးလည်း နည်းတဲ့အတွက် အရင်တုန်းကလို စာအုပ်ရောင်းဈေး
နည်းနည်းနဲ့ စာဖတ်သူတွေ အလွယ်တကူ ၀ယ်ဖတ်နိုင်အောင် တမင်တကာ ဖန်တီးထားတာလားလို့ တွေးမိတယ်”
“ရိုးရိုးပြောရရင်တော့ ပထမအစီအစဉ်က တခြား
စာရေးဆရာတစ်ယောက်နဲ့ တွဲထုတ်ဖို့ စာမူတောင်းထားလို့ ရေးပေးလိုက်တာပါ။ နောက်တော့ ထုတ်ဝေသူက စမ်းထုတ်ချင်ပါတယ်တဲ့။ တကယ်လို့များ ခုနက ကိုဝင်းငြိမ်း ပြောသလို စာအုပ်ပါးပါးနဲ့
ဈေးပေါပေါ ရောင်းနိုင်လို့ရှိရင် စာရေးသူအတွက်ရော ထုတ်ဝေသူအတွက်ပါ နစ်နာမှုလည်း မရှိဘူး။ စာဖတ်ပရိသတ်လည်း လက်ခံမယ်ဆိုရင် ဒါမျိုး ဆက်ထုတ်မယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ထုတ်လိုက်တာပါ”
“ဆရာ့ကို ဆရာ့အဖေ ဦးသာဓုက စာပေ၊ ရုပ်ရှင်နဲ့
ပတ်သက်ပြီး ကိုယ်တိုင် ကိုယ်ကြပ် သင်ကြားပို့ချပေးခဲ့ဖူးများ ရှိဖူးလား”
“မရှိဘူးဗျ၊ ကျွန်တော့် အဖေကိုယ်၌က လွတ်လွတ်လပ်လပ်
သူ့စိတ်ကူး ရှိတာ ရေးတဲ့လူဆိုတော့ ကျွန်တော်တို့ကို လွပ်လပ်ခွင့် ပေးတယ်။ စာပေရေးရာနဲ့ ပတ်သက်လို့ရော အခြားအယူအဆတွေနဲ့ ပတ်သက်လို့ပါ
သူ့အယူအဆကို လိုက်နာရမယ်လို့ မရှိဘူး။ ပညာရပ်တွေကိုလည်း
သူက သင်ပေးခဲ့တာ မဟုတ်ဘူး။ ရုပ်ရှင်ရိုက်တာ
ဆိုပါစို့။ ရုပ်ရှင် ရိုက်တာကို ကြည့်တော့ ကြည့်ခိုင်းတယ်။ ၀ါသနာပါသလား မေးတယ်။ ပါရင် အဲဒီက ရုပ်ရှင်ဆရာတွေနဲ့ တတ်အောင်သင်၊ တတ်တော့
လုပ်ချင်ရင် လုပ်လို့ပြောပါတယ်။ လောင်းရိပ်
မမိစေချင်တဲ့ သဘောလို့ ထင်တာပဲ”
“ဆရာ ၀တ္တုရေးတဲ့နေရာမှာ ဖြစ်ဖြစ်၊ ရုပ်ရှင်ရိုက်ရာမှပဲ
ဖြစ်ဖြစ် ဘယ်လို ၀တ္တုတွေ ရေးချင်၊ ရိုက်ချင်သလဲ”
“အဲဒါကတော့ ကျွန်တော့် အသက်အရွယ် အတွေ့အကြုံအရ
ပြောင်းပြောင်းသွားမှာပဲ ထင်တယ်။ အခုအချိန်မှာ
ကျွန်တော့် စာဖတ်ပရိတ်သတ်က ကျွန်တော့်စာအုပ်မှာ ပါတဲ့ အယူအဆ၊ အကျင့်စာရိတ္တပိုင်းကို သဘောပေါက်မယ်။
ဒါတွေက ကျွန်တော့်ဝတ္တုထဲမှာ အရိပ်အငွေ့ ပါပါတယ်။ ဒီလိုပဲ နောက်တစ်နှစ်လောက်နေရင် ဒါမှမဟုတ် နောက်တစ်လလောက်ကြာရင်
ကျွန်တော့် အတွေ့အကြုံအရ ပြောင်းသွားမှာပဲ။
ရုပ်ရှင်ဘက်မှာလည်း ဒီလိုပါပဲ။ ဒါကြောင့်
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တရားသေကြီး ဘ၀သရုပ်ဖော် ရေးချင်ပါတယ်တို့၊ အချစ်ဝတ္တု ရေးမယ်လို့
မသတ်မှတ်ချင်ပါဘူး
အချစ်အကြောင်းချည်းပဲ ရေးမယ်လို့လည်း မရှိပါဘူး။ ရုပ်ရှင်မှာလည်း ဒီသဘောပါပဲ။ ဘ၀အတွေ့အကြုံပေါ် မူတည်ပြောင်းလဲ
သွားပါလိမ့်မယ်။ ဘ၀သရုပ်ဖော် ဆိုတာကလည်း အချစ်ပဲ
ရေးရေး၊ စုံထောက်ပဲ ရေးရေး၊ ဘာရေးရေး၊ လူ့ဘ၀ရဲ့ သရုပ်ကို ပေါ်အောင် ရေးနိုင်ရင် ဘ၀၀ရုပ်ပဲပေါ့”
“ဆရာက ရုပ်ရှင်နဲ့ စာပေ၊ အနုပညာလောက နှစ်ခုမှာ
ကျင်လည်နေတယ်ဆိုတော့ အနုပညာပစ္စည်းတစ်ခုကို ဖန်တီးထုတ်လုပ်တဲ့နေရာမှာ ဘယ်အချက်ဟာ အရေးကြီးပါသလဲ”
“အဓိကကတော့ ရိုးသားမှု့ပါပဲ။ ကျွန်တော့်စိတ်ထဲမှာ ကောင်းတယ်၊ မှန်တယ်ထင်တဲ့ ကိစ္စတွေကို
ကျွန်တော်က စပြီးယုံကြည်ရလိမ့်မယ်။ ကျွန်တော်
တခုခု လုပ်တော့မယ်ဆိုရင် လုပ်မယ့် အလုပ်အပေါ်မှာ ယုံကြည်ရမယ်။ မှန်တယ်လို့ ယူဆထားတဲ့ အယူအဆပေါ်မှာလည်း တကယ်လို့
ကျွန်တော်ကိုယ်တိုင်က မယုံကြည်ဘဲနဲ့ ငွေရရုံသက်သက်တော့ မလုပ်သင့်ဘူး။ အဲ့ဒီတော့ ကျွန်တော်တို့က ကိုယ့်ပရိတ်သတ်အပေါ်မှာ
ရိုးသားရမယ်။ ပရိတ်သတ်ကို မလိမ်နဲ့၊ မညာနဲ့။ ကိုယ်မြင်တဲ့ အမြင်အတွေးကို ရုပ်ရှင်အတတ်ပညာနဲ့
တင်ပြတယ်။ ကျွန်တော့်အတွေးက မှန်တယ်၊ မှားတယ်
ဆိုတာကတော့ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော့် တာဝန်က တွေ့တာ၊ မြင်တာ၊ ကြားတာ၊ သိတာကို
ရိုးရိုးသားသား အတတ်ပညာနဲ့ ပရိတ်သတ်ကို တင်ပြဖို့ပဲ တာဝန်ရှိပါတယ်။ ကျွန်တော်က မရိုးသားတဲ့စိတ်နဲ့ ထုတ်လုပ်လိုက်တဲ့
အနုပညာပစ္စည်းဟာ မရိုးသားတဲ့ ပစ္စည်းဖြစ်သွားမှာပဲ။
ကျွန်တော့် အတွေ့အကြုံအရ ရင်ထဲမှာ ခံစားရတဲ့
ဝေဒနာတွေကြောင့် အတွေးတစ်ခုဝင်လာရင် အဲဒီဝေဒနာနဲ့ ပတ်သက်တဲ့အကြောင့် ရိုးရိုးသားသား
တင်ပြလိုက်ရင် ကျွန်တော့် တာဝန်ကျေပါတယ်”
“စေတနာနဲ့ ပတ်သက်လို့ကော”
“အဲဒါနဲ့ ပတ်သက်လို့ကတော့ မိုးဝေမှာ ကျွန်တော်
ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ ‘ဝေဒနာ’ ဆိုတဲ့ ဆောင်းပါးပါ။ အဲဒါလေးကို ပြန်ကိုးကားရရင် ‘အနုပညာ တစ်စုံတစ်ရာကို
ဖန်းဆင်းထုတ်လုပ်ရာ၌ အရေးကြီးသော အချက်သည် အသက်သွင်းမှု ဖြစ်ပါသည်။ အသက်သွင်းမှုသည် အတတ်ပညာ
မဟုတ်ပါ။ အသက်သွင်းရာ၌ အတတ်ပညာသည် အထောက်အကူ ပြုပေးရုံမျှသာ ဖြစ်ပါသည်။ အသက်သွင်းခြင်း၏
မူလအကြောင်းတရားမှာ ရင်တွင်းက ဖြစ်ပေါ်လာသော စေ့ဆော်တိုက်တွန်းမှု စေတနာ ဖြစ်ပါသည်။ အနုပညာရှင်သည် သူ့၌ရှိသော ဝေဒနာကို သူ တတ်ကျွမ်းသော
အတတ်ပညာဖြင့် ဖော်ပြ လှစ်ပြလိုက်ပါသည်။ အနုပညာ
ခံစားသူသည် အနုပညာရှင်၏ ဝေဒနာကို ဝေမျှခံစားနိုင်ပါလိမ့်မည်။ ထိုသို့ ခံစားနိုင်စေရန်အတွက် အတတ်ပညာသည် တံတားကူးပေးပါသည်။ ဝေဒနာနှင့် စေတနာမပါပဲ ဖန်းဆင်းလိုက်သော အနုပညာပစ္စည်းသည်
အသက်မဲ့ပါသည်။ ခံစားသူကို ကူးစက်ခြင်း မပေးနိုင်ပါ။ အတတ်ပညာသက်သက်ဖြင့် ဖန်းဆင်းသော အနုပညာသည် ပေါ့နေသည်ဟု
ထင်ပါသည်။’
ကျွန်တော် အဲဒီဆောင်းပါး ရေးတဲ့ အချိန်က
၁၉၇၄ ခုနှစ် မတ်လ။ အဲဒီအချိန်ကစပြီး ခုထိ ကျွန်တော်လုပ်လာတဲ့
အလုပ်အားလုံးဟာ ဒီနည်းနဲ့ပဲ ဖန်တီးခဲ့တာပါ။
ရင်ထဲက ဝေဒနာ ခံစားချက်ကို မိတ်ဆွေတစ်ယောက်၊ သူငယ်ချင်း တစ်ယောက်ကို ပြောပြချင်တယ်၊
ပြောပြတဲ့အခါမှာ နားဝင်ချိုအောင်၊ နားခံသာအောင် ပြောပြတတ်ခြင်းဟာ အနုပညာမှာ ရှိတဲ့
အတတ်ပညာပါပဲ။ ဒီနေရာမှာ စောစောက ပြောတဲ့ ရိုးသားမှု
လိုအပ်တယ်။ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ်က ညံ့ချင်ညံ့မယ်။ ဒါပေမဲ့ ရိုးရိုးသားသား ညံ့တာပဲ ဖြစ်ရမယ်။ ဒါ ကျွန်တော့် ယုံကြည်ချက်ပါပဲ”
“ဟိုတစ်လောက ရုပ်ရှင်ကောင်စီမှာ မြန်မာ့ရုပ်ရှင်
အရည်အသွေး ကျဆင်းမှု့နဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲတွေ လုပ်တာ ကြားလိုက်ရပါတယ်။ ဆရာ့အနေနဲ့ကော မြန်မာရုပ်ရှင်တွေ အရည်အသွေးကျဆင်းမှု့နဲ့
ပတ်သက်ပြီး အဆင့်အတန်း မြင့်လာအောင် ဘာတွေ လုပ်သင့်တယ်လို့ ထင်ပါသလဲ”
“အဲဒါက တော်တော်ခက်တယ်ဗျ။ တချို့က စက်ကြောင့်လို့ပြောတယ်။ စက်ဟာ လူကလုပ်မှ ဖြစ်တာပါ။ စက်ကြောင့်လို့ ပုံချလို့
မဖြစ်ပါဘူး။ ကျွန်တော်တို့ဆီမှာ မှန်ဘီလူး
အကောင်းစားတွေ မရှိဘူး။ ကရိန်းတွေ မရှိဘူး။ ဟယ်လီကော်ပတာနဲ့ မရိုက်နိုင်ပါဘူး။ ဒါကြောင့် ညံ့ပါတယ်ဆိုရင် အဲသလို ပြောတဲ့လူက ညံ့တာပဲ။ ဒါ ကျွန်တော့် အယူအဆပါ။ လေယာဉ်ပျံပေါ်က တက်ရိုက်မှ ရုပ်ရှင်ဖြစ်မယ်ဆိုတာ
အဓိပ္ပာယ်မရှိပါဘူး။ မှန်ဘီလူး နောက်ဆုံးပေါ်တွေ
သုံးနိုင်မှ ရုပ်ရှင်ဖြစ်တာ မဟုတ်ပါဘူး။ ရုပ်ရှင်အရည်အသွေးကောင်းဖို့
ဆိုတာ ရုပ်ရှင်ပညာရှင်တွေပေါ်မှာ မူတည်ပါတယ်။
စက်တွေက ဒုတိယအဆင့်ကျမှ အရေးကြီးတာပါ။
စက်တွေ သိပ်စုတ်ပြတ်နေလို့လည်း ဘယ်ဖြစ်ပါ့မလဲ။ နောက်တစ်ခုက ကျွန်တော်တို့ ရုပ်ရှင်မှာက စီးပွားရေးအရ
ရင်းနှီးမြှုပ်နှံမှု များတယ်။ အရှုံးမခံနိုင်ဘူး။ မမြတ်ချင်ရင်နေ။ အရှုံးတော့ မခံနိုင်ကြဘူး။ အရှုံးခံမယ်ဆိုတဲ့ စိတ်ကုးနဲ့ ရိုက်ကူးထုတ်လုပ်သူက
မရှိသလောက်ပါပဲ။ ဖလင်ဈေး၊ မင်းသား မင်းသမီး ဈေးကြီးတော့ သုံး လေးသိန်းလောက် ရင်းရတယ်။ စီးပွားရေး သဘောတော့ အနည်းနဲ့ အများ ပါတာပဲ။
ရုပ်ရှင် အရည်အသွေး မြှင့်တင်ပေးချင်လွန်းလို့
ဆိုပြီး ဇွတ်လုပ်လို့လည်း မရဘူး။ ဖျက်ဆီးပစ်မယ်ဆိုလို့လည်း
မရပါဘူး။ တစ်ချက်ကတော့ ငွေနောက်ကို မလိုက်ကြဖို့ပါပဲ။ နိုင်ငံခြားကား တစ်ကားပြရင် နောက်က လိုက်အတုခိုးကြတယ်။ သူက လက်တစ်ဖက် ပြတ်ရင် တို့က နှစ်ဖက်ပြတ်မယ်။ သူက တစ်တောင် ခုတ်ရင် တို့က နှစ်တောင်ခုတ်မယ်ဆိုပြီး
လိုက်လုပ်ကြတယ်။ ဒါဟာ အရည်အသွေးကျဖို့ လမ်းအစပါပဲ။ ဒီလို သူများယောင်လို့ လိုက်ယောင်ရတာ မကောင်းပါဘူး။
ကျွန်တော်တို့မှာ ကိုယ်ပိုင်ယယဉ်ကျေးမှု့
အမွေအနှစ်တွေ ရှိပါတယ်။ ယဉ်ကျေးမှု့မရှိတဲ့
လူမျိုးမှ မဟုတ်ဘဲ။ ကိုယ်ပိုင်ဇာတ်တွေ ရှိတယ်။ နည်းတွေ ရှိတယ်။ ကမ္ဘာ့အဆင့်အတန်း မီချင်တယ် ဘာညာ
ပြောနေကြတယ်။ ကမ္ဘာဆိုတာ မြန်မာပြည်ရဲ့ အပြင်ဘက်မှာ
ရှိတာမဟုတ်ပါဘူး။ မြန်မာပြည်ဟာ ကမ္ဘာထဲမှာပါ။ မြန်မာပြည်ရဲ့ မြန်မာစစ်တဲ့ အဆင့်အတန်းဟာ ကမ္ဘာ့အဆင့်အတန်းပါပဲ။ ကျွန်တော်တို့ ယဉ်ကျေးမှုစစ်စစ်ကို ခေတ်မီနည်းပညာနဲ့သာ
ရိုက်။ ဒါကမ္ဘာကို မီတာပဲ။ မြန်မာလူမျိုး အကျင့်စရိုက်ကို အထင်သေးပြီး အနောက်နိုင်ငံမှ
အထင်ကြီးမယ်။ ဂျပန်မှ အထင်ကြီးမယ်ဆိုရင် မဟုတ်သေးဘူး။
ဂျပန်က ကမ္ဘာကိုမီတယ်ဆိုတာ ဂျပန်နည်းနဲ့ မီတာပါ။ အမေရိကန်နည်းနဲ့ မီတာ မဟုတ်ပါဘူး။ အိန္ဒိယက ကမ္ဘာကိုမီတာလည်း တို့ကတော့ အိန္ဒိယပဲဟေ့
ဆိုပြီး သူ့ယဉ်ကျေးမှုကို ပြနိုင်လို့ မီတာပါ။
ကျွန်တော်တို့က အဆင့်မြင့်ချင်ရင် သူတို့လို ကိုယ့်နည်းနဲ့ပဲ ပြပါ။ ဟောင်ကောင်းကားပုံစံ လိုက်ရိုက်ကြရင် ဟောင်ကောင်ရဲ့
နောက်လိုက်ပဲ ဖြစ်မှာပဲ။
သူတို့က ဓားခုတ်လို့ ကျွန်တော်တို့က လိုက်ခုတ်စရာ
မလိုပါဘူး။ ကျွန်တော်တို့မှာ ၀ါးရင်းတုတ် ရှိသားပဲ။ ၀ါးရင်းတုတ်နဲ့ ရိုက်တာကို ကြည့်လို့ကောင်းအောင်
ရိုက်ရင် ကြည့်မှာပါပဲ။ ကျွန်တော်တို့ လူမျိုးက
ဝါးရင်းတုတ်နဲ့ နိုင်ငံတော် ထူထောင်ခဲ့ဖူးတာပဲ။
ဒါကြောင့် ကျွန်တော်တို့ အဆင့်မြင့်လာဖို့ဆိုတာ
ကျွန်တော်တို့ဘာသာ ထွင်ရမှာပဲ။ မထွင်ဘဲ သူများနောက်
လိုက်နေတဲ့ ကာလပတ်လုံးတော့ သူများနောက်လိုက်တွေ ဖြစ်နေမှာပဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ပိုင်ဟန်ကလေး ပေါ်စေချင်တာပါပဲ”
“ဆရာ နောက်ထပ်ထုတ်ဖို့ ဘာစာမူ တင်ထားသေးသလဲ”
“တစ်နေ့သ၌”
“လုံးချင်း ၀တ္တုလား”
“ဟုတ်ပါတယ်”
“ရုပ်ရှင်ရိုက်လက်စကော”
“ဖြူသောညို”
“ဘယ်သူတွေ ပါလဲ”
“ကောလိပ်ဂျင်နေ၀င်း၊ ချိုပြုံး၊ ရူပ”
“ဆရာဘာများ ပြောချင်သေးလဲ”
“၀တ္တုတိုဆိုတာ စောစောက ပြောခဲ့သလိုပါပဲ။
ရတောင့်ရခဲ အနုပညာပစ္စည်းပါ။ အခု မဂ္ဂဇင်းတွေရော၊
ပေဖူးလွှာကိုရောပေါ့ဗျာ ကိုဝင်းငြိမ်းက တစ်ဆင့် ပြောချင်တာ ရှိပါတယ်။ ပေဖူးလွှာအနေနဲ့ အပြင်အဆင် အလှအပရှိအောင် လုပ်တယ်။ ဒါ ကျွန်တော်နဲ့ မဆိုင်ဘူး။ စာဖတ်ပရိတ်သတ် တစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်က
အလှအပထက် ၀တ္တု၊ ဆောင်းပါး ကို အလေးထားဖတ်တယ်။
အဲဒိလို ဖတ်တဲ့အခါမှာ အရုပ်ကလေးတွေ သိပ်လှအောင် အော့ဖ်ဆက်နဲ့ ရိုက်ကြတယ်။ စရိတ်တွေ အများကြီး အကုန်အကျခံကြတယ်။ ကျွန်တော် ထင်တယ်။ အဲဒီ အရုပ်ရိုက်တဲ့ စရိတ်က ၀တ္တုစာမူခထက် ပိုပါလိမ့်မယ်။
စာဖတ်ပရိတ်သတ်အနေနဲ့ အရုပ်လှလှထက် စာကို
အလေးပေးပါတယ်။ မဂ္ဂဇင်း စောင်ရေ တက်လာတာနဲ့အမျှ
စာမူခတွေလည်း ပိုပေးသင့်ပါတယ်။ ကျွန်တော်တို့
ရတာက အရုပ်တွေ ပုံနှိပ်တဲ့ စရိတ်ထက် နည်းနေတယ်။
ရောင်စုံပုံနှိပ်စရိတ်လျှော့ပြီး စာမူခ၊ ပန်းချီခ ပိုပေးရင် ပိုကောင်းမယ်လို့
ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဆီက ပန်းချီဆရာတွေ
မညံပါဘူး။ အရောင်နည်းနည်းနဲ့ လှအောင် ရေးတတ်ပါတယ်။ ဒီလိုလုပ်ပေးရင် ၀တ္တုတို သမားတွေ ပိုအားရှိလာပါလိမ့်မယ်။
မဂ္ဂဇင်းတွေက စာဖတ်ပရိတ်သတ်ကို ခြယ်လှယ်နိုင်ပါတယ်။ စာကောင်း ဖတ်လာအောင် စီစဉ်လုပ်နိုင်ပါတယ်။ အလှအပလေးတွေ၊ စာကောင်းတွေနဲ့ မျှပေးစေချင်တယ်။ ဒေါင်ဒေါင်မြည် ကောင်းတဲ့စာတွေ ပါစေချင်တယ်။ ဖတ်ချင်တယ်။
ဒါ ကျွန်တော့် အယူအဆပါ”
“ဆရာ့အယူအဆကို တင်ပြေးပါ့မယ်၊ ဆရာ့လိပ်စာကကော…”
“အမှတ်(၃)၊ လေးထောင့်ကန်လမ်း၊ (ဇ)တောင်ရပ်ကွက်၊
သင်္ဃန်းကျွန်းပါ”
“ကျေးဇူးတင်ပါတယ် ဆရာ”
နှစ်ပေါင်း ၃၀ ကျော်က အင်တာဗျူးပေဘဲ။
ReplyDeleteမောင်ဝဏ္ဏတို့ကတော့ မျိုးရိုးဗီဇပါလာလို့ထင်ပါရဲ့။ စာရေးအတတ်ပညာ ရုပ်ရှင်အတတ်ပညာကို သက်တောင့်သက်သာ ပုံစံလေးနဲ့ တတ်မြောက်ပုံရတယ်။
နောက်ဆိုရင်တော့ မောင်အွတ်ထောင်နဲ့ တွေ့ဆုံခြင်းဆိုပြီး လုပ်ဦးမှဘဲ။း)
ဟိုတုန်းက အင်တာဗျူးလို့ မပြောရဘူး။ ဖတ်ရတာ အရသာရှိလိုက်တာ..။
ReplyDelete