စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Wednesday, November 30, 2011
လျှပ်စစ် ချွေတာဖို့ အတွင်းခံ ထူထူ ၀တ်ကြစို့
          တောင်ကိုးရီးယား သမ္မတကြီး လီမြောင်ဘက်ကတော့ တင်္နလာနေ့က တောင်ကိုရီယား နိုင်ငံသားများကို စွမ်းအင်ချွေတာတဲ့အနေနဲ့ရော လျှပ်စစ် မလုံလောက်ခြင်းမှ ကာကွယ်ရန်အတွက်သော်လည်းကောင်း အတွင်းခံထူထူ ၀တ်ကြဖို့ ပြောလိုက်ပါသတဲ့။
          “ဒီလို အတွင်းခံထူထူကြီး ၀တ်ရတာ ပထမတော့ ကသိကအောက်ရောက်လှပါတယ်။  ဒါပေမယ့် အခုတော့ ကျွန်တော် ဒီလို အတွင်းခံ ထူထူကြီး ၀တ်ရတာကို အသားကျနေပါပြီ။  အခု ဒီလို အထူကြီး ၀တ်ထားတော့ နွေးနေတာပေါ့” လို့ သမ္မတကြီးက မြွက်ဟ သွားပါတယ်။  သမ္မတကြီး လီက အခုဆိုရင် တောင်ကိုးရီယားဟာ လျှပ်စစ် လိုအပ်မှု့မြင့်တက်လာတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရသလို ဒီနှစ်ဆောင်းရာသီအတွက်လည်း လျှပ်စစ်စွမ်းအင် အတွက် ပြသနာဖြစ်လာနိုင်ပါတယ်။
          ဒါကြောင့် သမ္မတကြီးက တောင်ကိုးရီးယားအိမ်များ၊ ရုံးများမှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေ ပိတ်ဖို့၊ စွမ်းဆောင်မှု့မြင့်ပြီး လျှပ်စစ်သုံးစွဲမှု့သက်သာစေတဲ့ ပစ္စည်းတွေ အသုံးပြုဖို့ နှိုးဆော်လိုက်ပါတယ်။  ပြီးခဲ့တဲ့ စက်တင်လာလတုန်းကလည်း ရုတ်တရက် ရာသီမဟုတ်ပဲ အပူချိန်တွေမြင့်တက်ခဲ့လို့ လျှပ်စစ် လိုအပ်မှု့ မြင့်တက်ခဲ့ကာ အိမ်ခြေ ၂ သန်းလောက် မီးပျက်တောက်ခဲ့ရပါတယ်။
Tuesday, November 29, 2011
အမှတ်တရ Keppel’ Nantong
        ဒီနေ့တော့ ကျွန်တော်တို့ ဆောက်နေတဲ့ သင်္ဘော ၉ စီးရဲ့ နောက်ဆုံးအစီးမြောက် သင်္ဘောကို Keppel’ Nantong က အောင်မြင်စွာ ဆောက်လုပ်ပြီိးစီးခဲ့ပါပြီ။  ဒါကြောင့် လက်စသပ်စရာလေးတွေ သပ်ပြီးရင် ကျွန်တော်လည်း နန်တုန်း မြို့ကနေ ထွက်ခွာပြီး သင်္ဘောအသစ်ဆောက်မယ့် တစ်ခြားနေရာကို သွားရတော့မှာပါ။
          ဒီကနေ့တော့ နောက်ဆုံးသင်္ဘော လက်လွှဲတဲ့ ပွဲလေးဖြစ်လေတော့ ကျွန်တော်တို့ သင်္ဘော ကုမ္ပဏီက လူကြီးမင်းများလည်း လက်မှတ်ထိုးဖို့ လာကြပါတယ်။  ကျင်းမှာလည်း သင်္ဘော ပြီးစီးပွဲလေး အကျဉ်းချုပ်လုပ်ပေးတာနဲ့ အမှတ်တရဓာတ်ပုံရိုက်ထားတာတွေ သိမ်းထားတဲ့အနေနဲ့ ပိုစ် တင်လိုက်ပါတယ်။
Monday, November 28, 2011
ဘရာဇီးက ကမ္ဘာ့အကြီးဆုံး ရေပေါ် ခရစ်စမတ်သစ်ပင်
          ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေးဒိုးမှာတော့ ကမ္ဘာ့ ပထမဆုံး ရေပေါ် ခရစ်စမတ်သစ်ပင်ကြီးကို ခရစ်စမတ်ရာသီအကြို ဖွင့်လှစ်လိုက်ပါပြီတဲ့။  ဒီသစ်ပင်ကြီးဟာ အမြင် ၈၅ မီတာမြင့်ပါတယ်။  ရီရိုဒီဂျနေဒိုး Rio’s Rodrigo de Freitas Lagoon မှာရှိတဲ့ ဒီသစ်ပင်ကြီးရဲ့ ရေမီးစုံ အလှပြဖွင့်ပွဲကို ကြည့်ရှု့ဖို့ လူပေါင်း ထောင်ချီပြီး လာခဲ့ကြပါတယ်။  ဒီသစ်ပင်ကြီးဟာ စုစုပေါင်း ၅၄၂ တန်လေးပြီးတော့ မီလုံးပေါင်း ၃.၃ သန်းကျော် တပ်ဆင်ထားပါသတဲ့။  ဒီနေရာဟာ အခုတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ အထိက နေရာတစ်ခု ဖြစ်လာနေပါပြီ။  ၁ သန်းမကသော လူတွေဟာ ဒီသစ်ပင်ကြီးရဲ့ မီးအလှတွေကို ကြည့်ရှု့ဖို့ ဘုရင်သုံးပါးနေ့ ဇန်န၀ါရီ ၆ ရက်မတိုင်ခင် မီးတွေ မဖြုတ်ခင်မှာ လာကြဦးမယ်လို့ ဆိုပါတယ်။  ဂင်းနစ် မှတ်တမ်းမှာတော့ ဒါဟာ ကမ္ဘာ့အကြီးဆုံး ခရစ်စမတ် သစ်ပင်အဖြစ် မှတ်တမ်းဝင်သွားပြီးဖြစ်ပါတယ်။  အောက်က YouTube ဗီဒီယိုမှာတော့ ဒီသစ်ပင်ကြီးရဲ့ အလှအပတွေကို ခံစားနိုင်ကြပါပြီ။
သံနှင့် အပ်ပေါင်း ၄၇ ချောင်းကို ခြေထောက်ထဲမှ ခွဲထုတ်ရသည့် မိန်းကလေး
          အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီတောင်ပိုင်း၊ ပရီပါရီ မြို့က ၃ နှစ်အရွယ် မိန်းကလေး ဆာဖီရာ မှာတော့ ထူးထူးဆန်းဆန်း ဂမ္ဘီရဆန်ဆန်အဖြစ်အပျက်ကလေး ဖြစ်သွားပါတယ်။  ဒါကတော့ သူမခြေထောက်ထဲကို သံနှင့် အပ်ကဲ့သို့သော သတ္တုချောင်းများ စိုက်ဝင်နေခြင်းပါ။  ဒီမတိုင်ခင် လအနည်းငယ်ကထည်းက ဒီမိန်းကလေးဟာ သူမခြေထောက်တွေ နာကျင်နေတယ်လို့ သူမမိခင်ကို ပြောပါတယ်တဲ့။  နောက်ဆုံးတော့ သူမမိခင်လည်း မိန်းကလေးကို ဆေးရုံကို ခေါ်သွားပြီး ပြပါတယ်။  ဆရာဝန်တွေ ဓာတ်မှန်ရိုက်ကြည့်လိုက်တဲ့ အခါမှာတော့ သံတွေ၊ အပ်တွေလို အရာဝတ္တုတွေဟာ ကလေးမရဲ့ ခြေထောက်ထဲမှာ နစ်မြုတ်နေတာကို တွေ့ရှိရပါသတဲ့။
ဒီ သံချောင်းတွေ၊ အပ်တွေ ဖယ်ထုတ်ဖို့ ခွဲစိတ်တာ ၂ နာရီလောက်ကြာပါတယ်။
မိန်းကလေးရဲ့ ခြေထောက်ထဲကို သံချောင်းပေါင်း ၂၇ ချောင်းစိုက်ဝင်နေတာဖြစ်ပြီး ၂၆ ချောင်းကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။  ဒါပေမယ့် ကျန်တဲ့ သူ့မရဲ့ ခြေထောက်နောက်ဖက်ကို စိုက်ဝင်နေတဲ့ တစ်ချောင်းကတော့ ဖယ်ထုတ်ဖို့  မလွယ်လှပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ အာရုံကြောတွေ ဆုံနေတဲ့ အဓိကနေရာဖြစ်နေတာကြောင့် ဒါကို ဖယ်ထုတ်ဖို့ အထူးဂရုစိုက်ရမယ်လို့ ဆိုပါတယ်။
Sunday, November 27, 2011
ကလီဗန်က အချစ်ဥမင်
          ယူကရိန်းနိုင်ငံ ကလီဗန် (Kleven) က ဒီမီးရထား ဥမင်ကလေးကတော့ အချစ်ဥမင်လို့ အမည်တွင်ပါတယ်။  ထူးထူးဆန်းဆန်း ဘာမှ ရှိတာမဟုတ်ပါဘူး။  ဥမင်လေးတစ်ခုလုံး အစိမ်းရောင် အပင်တွေနဲ့ ဖုံးလွှမ်းနေလို့ အရမ်းကို အေးမြတဲ့ ခံစားမှု့မျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။  အောက်မှာတော့ အချစ်ဥမင်ရဲ့ ပုံလေးတွေ တင်ပေးထားပါတယ်။  ကြည့်ရှု့တော်မူကြပါကုန်။
ဗေဒင် နက္ခတ်နဲ့မှ အလုပ်ခန့်မယ့် တရုတ်က ကုမ္ပဏီတွေ
          အဲ့ဒီ သတင်းစာထဲမှာ ဆက်ဖော်ပြထားတာကတော့ အဆိုပါ အလုပ်ကုမ္ပဏီရဲ့ အလုပ်ခေါ်ယူသူ အမျိုးသမီးက သူမတို့ဟာ ဒီ ရာသီခွင်တွေနဲ့ ပတ်သတ်ပြီးတော့ အလုပ်သမားခန့်ရာမှာတော့ ဗြိစ္ဆရာသီဖွားတွေဟာ တစ်မှိုင်မှိုင်တစ်တွေတွေရှိတတ်ပြီး ကန်ရာသီဖွားတွေကတော့ ဆက်ဆက်ထိမခံ အလုပ်တစ်ခုကို စွဲမြဲစွာ မလုပ်ဘူးလို့ ဆိုပါသတဲ့။
          “ကျွန်မ ဒီရာသီခွင် ၂ ခုမှာ ဖွားတဲ့လူတွေကို အလုပ်ခန့်ဖူးပါတယ်။  သူတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ငြင်းခုံ စကားများချင်ရင်များမယ်၊ မဟုတ်ရင် အလုပ်ခဏပဲလုပ်ပြီး ထွက်တာပဲလို့” ပြောသွားပါသတဲ့။  ဒါပေမယ့် ဘာကြောင့် တစ်ခြားသော ရာသီခွင် ၃ ခုဟာ သူမစိတ်ကြိုက်ဖြစ်ရတယ် ဆိုတာကိုတော့ ထည့်သွင်း ရေးမထားပါဘူး။  ဒါပေမယ့် အဲ့ဒီမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးတစ်ခုကိုတော့ ထည့်သွင်း ဖော်ပြသွားပါတယ်။
Saturday, November 26, 2011
ဂျပန်က ကန်ဆိုင်း နိုင်ငံတစ်ကာလေဆိပ်
          ဂျပန်ဆိုတာ ကျွန်းနိုင်ငံလေးပါ။  ကျွန်းနိုင်ငံဆိုတော့ မြေရှားပါတယ်။  ဒီတော့ သူတို့ဟာ နိုင်ငံတစ်ကာ အဆင့်မှီလေဆိပ်တစ်ခုကို   ပင်လယ်ပြင်ပေါ်မှာ တည်ဆောက်ခဲ့ပါတယ်။  ဒီလေဆိပ်ဟာ ကန်ဆိုင်းလေဆိပ်ဖြစ်ပြီးတော့ ဂျပန်နိုင်ငံအတွက် ဒုတိယမြောက် အရေးအပါဆုံး နိုင်ငံတစ်ကာ လေဆိပ်ဖြစ်ပါတယ်။  ဒီလေဆိပ်ကြီးကို ၁၉၉၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာပါ။  အိုဆာကာလေဆိပ်က လူနေထူထပ်လှတဲ့နေရာမှာလည်းရှိ၊ အလုပ်လည်း အလွန်ရှုပ်နေလေတော့ တိုးချဲ့ဖို့ဆိုတာက မလွယ်တော့ပါဘူး။  အိုဆာကာလေဆိပ်ကတော့ အီတာမီ နဲ့ တိုယိုနာကာ ကြားထဲမှာ ရှိတာပါ။ 
          ဒီ ကန်ဆိုင်းလေဆိပ်ကို ၁၉၈၇ ခုနှစ်ကထည်းက စတင် အုတ်မြတ်ချခဲတာဖြစ်ပြီး ကျောက်တုံးတွေနဲ့ ကွန်ကရစ် အတုံးကြီးတွေပေါင်း ၄၈၀၀၀ ကျော် အသုံးပြုပြီး ပင်လယ်ပြင်ကနေ အကာအရံဖြစ်အောင် တည်ဆောက်ခဲ့ရပါတယ်။  ဒီအပြင် တောင်သုံးတောင်ကို ဖြိုချပြီးတော့ ရလာတဲ့ မြေ ကုဗမီတာ ၂၁ သန်းကျော်ကျော်နဲ့ ဒီလေဆိပ်ကြီး ပင်လယ်ပြင်အထက်ကို ရောက်လာအောင် ဖို့ခဲ့ရပါတယ်။  လူအင်အား ၁၀၀၀၀ ကျော်နဲ့ ၃ နှစ်အတွင်း အလုပ်ချိန်စုစုပေါင်း (လုပ်ငန်း အထွေထွေအတွက်) နာရီပေါင်း ၁၀ သန်းကျော်အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီလေဆိပ်ကြီးကို ပြီးစီးဖို့ သင်္ဘော ၈ စင်းအသုံးပြုပြီး မီတာ ၃၀ မြင့်တဲ့ မြေထုဖြစ်လာအောင် တည်ဆောက်ခဲ့တာပါ။  နောက်ပြီးတော့ ၃ ကီလိုမီတာ အကွာအဝေးရှိတဲ့ တံတား ကို လေဆိပ်နဲ့ မြို့ကြားကို ဆက်သွယ်ဖို့ တည်ဆောက်ခဲ့ပါတယ်။
Friday, November 25, 2011
ကြည့်ကြဦးမလား ခွေးဖက်ရှင်
          ခွေးဖက်ရှင်ဆိုတာကတော့ တစ်ကယ့်ခွေးကလေးတွေအတွက် ဖက်ရှင်ဒီဇိုင်းထွင်ပြီး ဖလောရီဒါ ပြည်နယ် Fort Lauderdale မှာ တစ်ကယ့် ရှိုးပွဲလုပ်ခဲ့တာပါ။  ဒါဟာ ရံပုံငွေပွဲကလေးပါတဲ့။  ဒီပွဲကရတဲ့ငွေတွေကို ပိုင်ရှင်မယ့် အိမ်မွေး တရိစ္ဆာန်လေးတွေအတွက် နေဖို့နေရာလေးတွေ၊ ပြုစုစောင့်ရှောက်ဖို့တွေ နဲ့ ဆေးကုသမှု့အတွက်ပါရည်ရွယ်တယ်လို့ဆိုပါတယ်။  ဒီရှိုးပွဲကနေ ဒေါ်လာ ၂ သောင်း ၅ ထောင်ကျော်လောက်ရဖို့ မျှော်လင့်ထားပါသတဲ့။  ၁၉၇၆ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ အမန်ဒါ လူမှု့အဖွဲ့အစည်းက ဒီရှိုးပွဲလေး ဖြစ်လာအောင် ကျောထောက်နောက်ခံပေးထားပြီးတော့ ဒီအဖွဲ့အစည်းဟာ နှစ်စဉ် ပိုင်ရှင်မယ့် တိရိစ္ဆာန်ပေါင်း ၁ သောင်းကျော်အတွက် ပိုင်ရှင်ရှာဖွေပေးနိုင်ခဲ့ပါတယ်တဲ့။
လျှောက်ကြဦးမလား တရုတ်က ရင်ထိတ်သည်းဖို မှန်တံတား
          တရုတ်နိုင်ငံ ကျန်းကျားကျီး ပြည်သူ့ အပန်းဖြေ တောအုပ်ကလေးမှာတော့ မှန်သားအထူ ၂.၅ လက်မရှိပြီး ၃ပေကျယ်တဲ့ မှန်လမ်းကလေးရှိပါတယ်တဲ့။  အဲ့ဒီလမ်းကလေးဟာ မြေပြင်ကနေ ၁၄၃၀ မီတာအမြင့်ရှိတဲ့ မတ်စောက်လှတဲ့ ထျန်မန်း တောင်စောင်းပေါ်မှာ ဆောက်ထားတာမို့လို့ ဖြတ်သွားသူတိုင်း အသည်းယားချင်စရာပါ။  ထူးဆန်းတာလေးတစ်ခုက ဒီမှန်တံတားပေါ်ကို ဖြတ်သွားမယ့်လူတိုင်းရဲ့ ဖိနပ်မှာ အ၀တ်စွပ်ပြီးမှ ဖြတ်သန်းစေပါသတဲ့။  ဒါဟာ သန့်ရှင်းရေးသမားတွေ အပန်းတကြီး သန့်ရှင်းစရာမလိုတော့ဘူးပေါ့။  ကြည့်ရာတာတော့ သန့်ရှင်းရေးသမားတောင် ကြောက်လို့ မှန်သွားမတိုက်ရဲ့ဘူးထင်ပါရဲ့။  ကျွန်တော့်အနေနဲ့ကတော့ ရင်ထိတ်သည်းဖိုစရာကောင်းတာကတော့ မြင့်လို့လို့ မထင်မိပါဘူး။  တရုတ်တွေရဲ့ ဘာပစ္စည်းသုံးထားသလဲဆိုတာ တွေးရင်း ဒီမှန်တံတားပေါ်လျှောက်ရင် ဒူးတွေဘာတွေ တုန်လာနိုင်ပါတယ်။  ကဲအောက်က ဓာတ်ပုံကလေးမှာတော့ တရုတ်က ရင်ထိတ်သည်းဖို မှန်တံတားလေးကို ရှု့စားကြပါကုန်။
Thursday, November 24, 2011
Death of ‘thank you’
          ဗြိတိန် The Telegraph ကတော့ အင်္ဂလန်က လူတွေဟာ “ကျေးဇူးတင်ပါတယ်” လို့ ပြောတဲ့ အရေအတွက် နည်းလာပါတယ်တဲ့။  ဒီအစား တစ်ခြားစကားလုံးတွေဖြစ်တဲ့ “ta” တို့ “cool” တို့ သုံးသလို ပြင်သစ်စကားလုံးဖြစ်တဲ့ “merci” ကိုလည်း အစားထိုး သုံးစွဲလာပါသတဲ့။
          တစ်နှစ်ကို လူတစ်ယောက်ဟာ “Thank You” ဆိုတဲ့ စကားလုံးကို အကြိမ် ၅၀၀၀ လောက်ပြောကြပါတယ်၊ ဒါဟာ တစ်ရက်ကို ပျမ်းမျှ ၁၃ ကြိမ် ၁၄ ကြိမ်လောက်တော့ “Thank You” ဆိုတဲ့ စကားကို သုံးသေးတယ်ဆိုတဲ့ သဘောပေါ့လေ။  ဒါဟာ လူမှု့ဆက်ဆံရေးစကားတွေ တိုးတက်လာတဲ့ ရလဒ်လို့လည်း ဆိုပါတယ်။  ၄၀%ကတော့ သူတို့ဟာ သူ့တို့အရင် မျိုးဆက်တွေထက်စာရင်တော့ “Thank You” လို့ ပြောတာ ပိုနည်းသွားတယ်လို့ ယုံကြည်ကြပါတယ်။
          ဗြိတိန်က အစားအသောက် ကွန်ရက် ရုပ်သံလိုင်းက “ကျေးဇူးတင်ပါတယ် နေ့” ဆိုပြီး အစီအစဉ်လုပ်တာတောင်မှာ အယောက် ၂၀ မှာ ၁ ယောက်က “nice one” လို့ ပြောသွားပါသေးတယ်တဲ့။  ဒါပေမယ့် ၉၅% ကတော့ ယဉ်ကျေးသိမ်မွေ့မှု့ဟာ အရေးကြီးတယ်လို့ ယုံကြည်ကြပြီး ၁၀% သော ဗြိတိန်လူမျိုးများကတော့ သူတို့ကို သူတို့ ယဉ်ကျေးတယ်လို့ ယုံကြည့်ကြပါတယ်တဲ့။
Wednesday, November 23, 2011
ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ၂
          အရင်ပိုစ့်တုန်းက စနစ်အကြောင်းလေး စဉ်းစားဖြစ်တယ်။  ခုတလော ဘာဖြစ်နေတယ်မသိဘူး။  စဉ်းစားရင်းနဲ့ကို စဉ်းစားဖြစ်နေတယ်။  ခုလည်း လှိုင်းအကြောင်းစဉ်းစားဖြစ်နေတယ်။  ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ ခု စတုတ္ထလှိုင်းက ကမ္ဘာကြီးကို ရိုက်ခတ်နေတယ်။  ကျွန်တော်တို့တွေ အသည်းအသန် လှိုင်းတွေကြားထဲမှာ အလဲလဲ အပြိုပြို။
          မနေ့ကပဲ တွေ့လိုက်သေးတယ် Google ကုမ္ပဏီက Google book ကို Samsaung နဲ့ Accer ကုမ္ပဏီ နှစ်ခုရဲ့ Harware ကိုသုံးပြီးတော့ ထုတ်လိုက်တယ်။  ကွန်ပျူတာပေါ့လေ.. ပြောရရင် သို့ပေမယ့် ဘာမှ install လုပ်စရာမလို၊ virus စစ်စရာမလို၊ စက်ဖွင့်လိုက်လို့ ၁၀ စက္ကန့်ဆိုရင် သုံးလို့ရပြီ။ အလွန်မြန်၏။  ဖန်သားပြင်မှာ ဘာမြင်ရမလည်း Google Chrome Browser ဒါပဲ။  သို့ပေမယ့် အဲ့ဒီအထဲမှာ အစုံပါသည်။  ရုံးလုံးငန်းဆိုင်ရာ စာစီစာရိုက်၊ စာရင်းဇယား၊ ဘာညာ အစုံလုပ်လို့ရမည့် အသုံးဝင်သော Software လေးတွေ Google Market ထဲမှာ ဒေါင်းလုပ်ဆွဲရုံ။  ပြီးရင် တန်းသုံး။  ဟိုးအရင်တုန်းကလို ဟိုအခွေဝယ်၊ ဒီအခွေဝယ် ဒါမျိုးမရှိတော့ ဟုဆိုသည်။  အရင်တုန်းက ကွန်ပျူတာတွေက Wifi တို့ ဘာတို့နဲ့ အင်တာနက်ချိတ်လို့ရသည်၊ ခုတော့ ထိုစက်ထဲတွင် 3G ပါပါလာသည်။  အိမ်မှာ ၀ိုင်ယာလက် ရှိမှ သုံးလို့ရသည်မဟုတ်တော့ နေရာတကာသုံးလို့ရတော့မည်။  ဘယ်နေရာမှာ သွားပြီး အချက်အလက်တွေ သိမ်းထားမလည်း?  Google က provide လုပ်ထားတဲ့ Cloud Server ပေါ်တက်သိမ်း၊ လိုချင်တဲ့အခါ ပြန်ဆွဲချ သုံးလိုက်ယုံသာရှိသည်။  အလွန်ကောင်းသည်၊ မြန်သည်၊ ခေတ်ပိုမှီလာသည်၊ ကျွန်တော်တို့တွေ ဒါတွေသိအောင် လေ့လာရပြန်သည်။  နောက်တစ်လလောက်နေရင် နောက်တစ်ခု ထပ်ထွက်လာဦးမည်။  ဘာလည်း ဘယ်လိုဟာမျိုးလည်း ဘာတွေပါမှာလဲ။  တီထွင်မှု့တစ်ခု၏ သက်တမ်းသည် မည်မျှခံမည်နည်း ကျွန်တော်မသိ။
Tuesday, November 22, 2011
2nd Anniversary
          မြန်လှသည်၊ ဘာလိုလိုနဲ့ ၂ နှစ်ပြည့်သွားပါပြီ။  ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ လက်တွဲ ပြီးတော့ ဘ၀လမ်းကို အတူလျှောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ် သူ့ကို ကျေးဇူးတင်ပါတယ်။   သူ့ကိုစတွေ့ခဲ့တဲ့ အချိန်ကနေပြီးတော့ သမီးရည်းစားဖြစ်တဲ့အချိန်အထိ ၈ နှစ်လောက် ကြာခဲ့တယ်။  ချစ်သူသက်တမ်းကလည်း ၆ နှစ်ကျော်ကျော် ဟော ခုတော့ လက်ထပ်တာလည်း ဘာလိုလိုနဲ့ ၂ နှစ်ပြည့်သွားပြန်ပြီ။
          စတွေ့တော့ ကျွန်တော်က ၅ တန်း၊ သူကလည်း ၅ တန်း မြင်ကထည်းက ဘယ်လိုခံစားချက်ရယ် မပြောတတ်ဘူး တစ်နေ့ သူ့ကို ယူမယ်လို့ ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်။  ဒီလိုနဲ့ သူ့ကိုတွေ့ပြီး ၇ နှစ်အကြာမှာ ကျွန်တော် သူ့ကို ချစ်ကြောင်းပြောဖြစ်တယ်။  သူ့ကိုတွေ့ပြီး ၈ နှစ်မြောက်မှာ သူနဲ့ ကျွန်တော် ချစ်သူတွေဖြစ်ခဲ့တယ်။  နောက်ထပ် ၆ နှစ်ကြာတဲ့အခါမှာ ငါ့ကို လက်ထပ်ပါလို့ ကျွန်တော်သူ့ကို ပြောတယ်။  သူ့ကို လက်ထပ်ဖို့ ငါပြင်ဆင်သလောက်တော့ ပြင်ဆင်ပြီးပြီလို့ ကျွန်တော် ဆုံးဖြတ်ချက်ချတဲ့ တစ်နေ့ပေါ့။  ဒီလိုနဲ့ ကျွန်တော်တို့ ဘ၀ စခဲ့ကြတယ်။
          ချစ်သူဘ၀နဲ့ အိမ်ထောင်သည် ဘ၀ ဘာကွာသွားလည်း?   အားလုံးကွာသွားတယ်။  ပိုပြီး ရင်းနှီးလာတယ်၊  မျက်နှာဖုံးစွပ်တွေ ခွာကြတယ်။  တစ်ယောက်စိတ်ဓာတ်ကို တစ်ယောက် နက်နက်ရှိုင်းရှိုင်း သိလာတယ်။  ပိုပြီး ငြှိနှိုင်းယူရတွေများလာတယ်။  တာဝန်တွေ ခွဲဝေယူလာကြရတယ်။  ကိုယ့်တာဝန် ကိုယ်နိုင်အောင်ထမ်းဖို့လည်းလိုတယ်၊ မဟုတ်ရင် တရွတ်တိုက်ကြီးနဲ့ ခရီးက ဖင့်တယ်။  လေးတယ်၊ နှေးတယ်။  ချစ်တာ ဟာ ချစ်တာပေါ့…၊ ချစ်လို့လည်း ဘ၀စဖို့ သဘောတူကြတာပေါ့။  တစ်ဦးနဲ့တစ်ဦး လက်ထပ်တာဟာ တစ်ဦးကို တစ်ဦးဖေးမတာ။  တစ်ဦးက တစ်ဦးကို မှီခိုတာ။  ဒါပေမယ့် တစ်ယောက်ချင်းစီလည်း အမှီအခိုကင်းနိုင်ရမယ်။  ကျွန်တော်တို့ အချိန်မရွေး သေသွားနိုင်တယ်။  ရင်သွေးလေးတွေရလာလို့ တစ်ဦးဦး သေဆုံးသွားခဲ့ရင် ဒီရင်သွေးလေးတွေအတွက် ကျန်ရစ်သူဟာ အသင့်ဖြစ်နေရမယ်။  စီးပွားရေး၊ လူမှု့ရေး၊ စီမံခန့်ခွဲမှု့ စတဲ့ အိမ်တစ်ခုရဲ့ တာဝန်အားလုံးကို ဆက်လက် အောင်မြင်အောင် ထမ်းဆောင်နိုင်ရမယ်။  ဒီရင်သွေးကို ဘယ်လောက် ဆိုးတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံနေပါစေ ကိုယ်ထက် တော်တဲ့၊ ကိုယ့်ထက် သာတဲ့ နေရာကို ရောက်အောင် အဖေရော၊ အမေရောက ပံပိုးပေးနိုင်ရမယ်။  ဒီအတွက် စီမံကိန်း ရှိသင့်တယ်။  ကျွန်တော်သေသွားလို့ သူ့ကို ဒုက္ခ အများကြီးပေးခဲ့သလိုမျိုး မဖြစ်စေရသလို၊ သူသေသွားလို့လည်း ကျွန်တော် ဒုက္ခတွေ ပင်လယ်ဝေပြီး ကျန်ခဲ့မှာ မဟုတ်ဘူး။  ဒီကစပြီး ကျွန်တော်တို့ ပြင်ဆင်ကြတယ်။
 ဒီလိုနဲ့ အခက်အခဲတွေ ကျော်ဖြတ်ကြတယ်၊ အတူတူ ရယ်မောခဲ့ကြတယ်။  ကျွန်တော် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးနေစဉ် အချိန်မှာပဲ ငါတည်ထောင်တဲ့ မိသားစုအပေါ်မှာ ငါသည် တာဝန်ကျေစေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ ထည့်ထိုးထားခဲ့တယ်။  ဒီအတွက် ကျွန်တော် တာဝန်ကျေအောင် ကြိုးစားတယ်။  သူ့ကိုလည်း နားလည်းအောင်ရှင်းပြတယ်။  သူ့ကလည်း သူ့ယူဆချက်တွေကို ပြောပြတယ်။  လက်မထပ်ခင်ကထည်းက သဘောတူညီချက်တစ်ခုရှိတယ်၊ ရန်ဖြစ်ရင် အော်လားဟစ်လား မလုပ်ဖို့ သဘောတူညီချက်ပါ။  ဒါကိုလည်း ခုထိ နှစ်ယောက်စလုံး စောင့်ထိန်းနေကြတုန်းပဲ။  နောင်လည်း ကျွန်တော်တို့ စောင့်ထိန်းသွားမယ်လို့ ကျွန်တော် ယုံကြည့်တယ်။  သူက ကျွန်တော် သူ့ကို “မင်း” လို့ခေါ်တာ မကြိုက်သလို၊ ကျွန်တော်ကလည်း သူ ကျွန်တော့်ကို “နင်” လို့ ခေါ်တာကို လုံးဝမကြိုက်ပါဘူး။  ဒီအတွက် မည်မျှ စိတ်ဆိုးနေသည်ဖြစ်စေ လေသံကို ထိန်းသလို အဲ့ဒီ စကားလုံးတွေကိုလည်း မသုံးနှုံးပါဘူး။  ကျွန်တော်တို့ အရမ်းစိတ်ဆိုးလာကြရင် စကားမပြောတော့ပါဘူး။  ပြောတိုင်းမှာ အမှားပါနိုင်ပါတယ်။  နှစ်ယောက်စလုံး ဒေါသထိန်းနိုင်တဲ့ အချိန်ကျတော့မှ ပြန်လည်ညှိနှိုင်းကြတယ်။   ဒါကြောင့် ကျွန်တော်တို့ ရန်ဖြစ်ရင် အသံတိတ်ဖြစ်တယ်လို့ အိမ်က လူတွေက ပြောတတ်ကြတယ်။ 
ဒီလိုနဲ့ ၂ နှစ်ပြည့်လာပြန်ပြီ။  ခဏလေးလိုပဲ။  ပြီးခဲ့တဲ့ နှစ်က သူ့ကို ဘာပေးနိုင်ခဲ့သလည်း ဘာမှမပေးနိုင်ခဲ့ပါဘူး။  ဒီနှစ်ရော ဘာပေးနိုင်လည်း၊ လူကိုယ်တိုင် တောင် အနားမှာမှ မရှိတာ ကျန်တာ ဘာပေးနိုင်ဦးမှာတုန်း။ ကျွန်တော်ချစ်တယ်၊ သူ့ကို ချစ်တယ်။  အဲ့ဒီတော့ အနည်းဆုံး ဒီစာလေးတော့ ပေးချင်ပါတယ်။  ဒါလေးကိုဖတ်ပြီးတော့ပဲ သူ ပျော်ရွှင်ပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ 
Monday, November 21, 2011
ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ၁
         ကျွန်တော့် အလုပ်က သင်္ဘောဆောက်တာပါ။  အရင်တုန်းကတော့ စင်ကာပူက သင်္ဘောကျင်းမှာ အလုပ်လုပ်ခဲ့ပြီးတော့၊ ခုကတော့ သင်္ဘောကုမ္ပဏီကိုယ်စား ကုမ္ပဏီက ဆောက်တဲ့ သင်္ဘောတွေကို ဆောက်တဲ့ သင်္ဘောကျင်းကို သွားပြီးတော့ အရည်အသွေး၊ စီမံကိန်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ အန္တရာယ်ကင်းရှင်းမှု့ ရှိမရှိ စတဲ့ လုပ်ငန်းစဉ်တွေအလိုက် သင်္ဘောကုမ္ပဏီကိုယ်စား ကြည့်ရှု့ပေးတဲ့ အလုပ်လုပ်ပါတယ်။  အလုပ်ထဲမှာ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့ ကြုံတွေ့ရပါတယ်။  ဒီအခါမှာတော့ သူတို့တွေရဲ့ အကျင့်စရိုက်၊ ဓလေ့၊ ပညာတွေ အများကြီး လေ့လာခွင့်၊ သုံးသပ်ခွင့်၊ သင်ယူခွင့် ရပါတယ်။  ကျွန်တော်ပထမဆုံး အလုပ်နဲ့ ပတ်သတ်ပြီးလေးစားတဲ့ နိုင်ငံဆိုရင်တော့ ဂျပန်ပါ။
          ဂျပန်နိုင်ငံဟာ စက်မှု့တော်လှန်ရေးကာလ အစောပိုင်းတုန်းကတော့ အနောက်နိုင်ငံတွေဆီက ပစ္စည်းတွေဝယ် ခွဲခြမ်း စိတ်ဖြာကြည့် ပုံတူကူးချလို့ လူပြောသူပြောများတဲ့ နိုင်ငံတစ်ခုပါ။  အစပိုင်းမှာ အရည်အသွေးညံဖျင်းလို့ မည်သူမှ မသုံးကြချင်ပေမယ့် ခုတော့ ဂျပန်ကထုတ်တဲ့ ပစ္စည်းဆိုရင် “Made in Japan” ဆိုပြီး လူတွေရဲ့ ယုံကြည့်စိတ်ချမှု့၊ အရည်အသွေးကောင်းမွန်မှု့၊ တာရှည်ခံမှု့ စတဲ့ ဂုဏ်ပုဒ်တွေကို ပြေးပြီးမြင်ယောင်တတ်ကြပါတယ်။  ဒါဟာ နိုင်ငံကိုယ်စားပြု အရည်အသွေးတစ်ခုပါ။  ဘာ့ကြောင့် ဒီလို တိုးတက်လာပါသလည်း။  အရေးအကြီးဆုံး တစ်အချက်က စနစ်ကျလို့ပါလို့ ကျွန်တော်ကမြင်ပါတယ်။
Sunday, November 20, 2011
ပါကစ္စတန် ဖုန်းမက်ဆေ့ခ်ျမှာ ပိတ်ပင်မယ့် စကားလုံးတွေ
          တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ပါကစ္စတန်နိုင်ငံမှာတော့ ဟော့ဒီ စကားလုံးတွေ အပါ အ၀င် အင်္ဂလိပ်နဲ့ ပါကစ္စတန်စကား Urdu စကားလုံးပေါင်း ၁၅၀၀ ကျော်ကို ဖုန်း မက်ဆေ့ခ်ျက တစ်ဆင့်ပို့ရင် အလိုအလျှောက် စစ်ဆေးတဲ့ စက်ကနေပြီးတော့ ပို့လို့မရအောင် ဖျက်ပစ်မယ်လို့ သတင်းထွက်နေပါတယ်။ 
          ဒါဟာ ပါကစ္စတန် ၂၀၀၉ ခုနှစ် ဆက်သွယ်ရေး အက်ဥပဒေ အရ မလိုလားအပ်တဲ့ စကားလုံးတွေ၊ အများပြည်သူနဲ့ မသင့်လျှော်မယ့်စကားလုံးတွေ၊ လိမ်ညာလှည့်ဖျားမှု့တွေ၊ စော်ကားတဲ့ စကားလုံးတွေ အသုံးမပြုနိုင်စေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ပါဝင်မယ့် အချို့စကားလုံးတွေကတော့
Saturday, November 19, 2011
ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား (၂)
           အဲ့ဒီလိုနဲ့ ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။  ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။  ဆရာတော်က ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်း ဆောင့်လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။  ငုတ်တုတ်လည်း ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။  ကရင်လိုရောရင်း ရောရင်းကနေ နောက်ပိုင်း ဘာသာစကားပြောင်းသွားတာ ဘေးကလူတွေလည်း နားမလည်တော့ပါဘူးတဲ့။  ဟို ကရင်ကျောင်းဆရာမလည်း နားမလည်တော့ဘူး။  ထင်တာကတော့ ရှေးဟောင်း ဘာသာစကား တစ်ခုဖြစ်မယ်ထင်ပါတယ်။  
                      ဆရာတော်လည်း ပြောရင်း ပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။  မမိုးမိုးလည်း လူးလှမ့် နေတာပေါ့လေ။  အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး အသံက ယောင်္ကျား သံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော့နဲ့ အတင်အချ ပြောတော့တာပါဘဲ။  နောက်မှ သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံး နဲ့ ပြောတယ်လို့ဆိုပါတယ်။  သူတို့ ရဲ့ အထွေးကလေးကို လူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊  လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊ ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေသလဲ လို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့ ကြိမ်နဲ့ သမတယ်လို့ ဆိုပါတယ်။  သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့ မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့ စကားများကြတယ်လို့ ဆရာတော်က ပြန်ပြောပါတယ်။ 
ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား
          ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။  ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။  သူ့ဟာသူနေသူ နေကြတယ်။  ကိုယ်လည်း ကိုယ်ဟာကိုနေတယ်ပေါ့လေ။  ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ ငွေကိုပဲလိုချင်တယ်။  ဘယ် ပစ္စည်းမှ အလကားမရတာ၊ ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ်ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။  အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။  အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။ 
          ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကို ကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်း ကြားဖူးပါရဲ့။  ဒါပေမယ့် ကိုယ်တွေမဟုတ်လေတော့ ယုံရခက်ခက်ကြီးရယ်။  ဒါပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။  ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိပ်ပြီး ခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။  အဖြစ်ကဒီလို။
Friday, November 18, 2011
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၃
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏။
ကျီစားတာပါ.....
တရုတ်က ကမ္ဘာ့ အန္တရာယ်အကြီးဆုံး ကျောင်းတက်ချိန်
          “ပညာရှာ ပမာသူဖုန်းစား”၊ “ပညာရွှေအိုး လူမခိုး” စတဲ့ စကားပုံလေးတွေဟာ ပညာရဲ့ တန်ဖိုးကိုဖော်ပြတဲ့ စကားပုံလေးတွေပါ။  နောက်ပိုင်းမှ “ရွှေအိုးရှိမှ ပညာရ” တို့ဘာတို့ ဖြစ်လာတာကိုတော့ ထားလိုက်ပါတော့လေ။  မည်သို့ပင်ဖြစ်စေ ယခုပိုစ့်လေးကတော့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မြောက်ပိုင်း ပိလိရွာကလေးက ကလေးငယ်လေးတွေ စာသင်ဖို့ ဘယ်လောက်အထိ အန္တရယ်တွေကြားထဲကနေ ကျောင်းကိုသွားရတယ်ဆိုတာလေးပါ။  နှစ်တိုင်း ကျောင်းဖွင့်ချိန်ဆိုရင် ပိလိ ရွာကလေးကို ဆရာမတွေနဲ့ အစိုးရ အရာရှိတွေဟာ အဲ့ဒီရွာက ကလေးငယ် ၈၀ လောက်ကို ကျောင်းကိုခေါ်ဆောင်ဖို့ ရောက်လာလေ့ရှိပါသတဲ့။  ဒီကလေးငယ်ကလေးတွေဟာ ရွာကနေပြီးတော့ ကျောင်းကိုရောက်ဖို့ ၁၂၅မိုင် ခရီးကြမ်းကို ဖြတ်သန်းရပါသတဲ့။  ဒီဖြတ်သန်းရတဲ့ ခရီးတွေက တော်တော့်ကို စွန့်စွန့်စားစား သွားရတာပါ။  သူတို့လေးတွေဟာ ကျောင်းကိုရောက်ဖို့ ရေခဲနေတဲ့ မြစ်လေးစင်း၊  ခနော်နီ ခနော်နဲ့ ပေ ၆၅၀ ကျော်ရှည်တဲ့ ကြိုးတံတား ၁ ခု၊  ပျဉ်ပြားတစ်ချပ်စာသာရှိတဲ့ တံတားတွေ စတာတွေကို ဖြတ်သန်းရပါသတဲ့။  ဒါခရီးကို ပြီးဆုံးဖို့ အချိန် ၂ ရက်ကြာပါတယ်တဲ့။
Thursday, November 17, 2011
နီတာ့ ပစ္စည်းတစ်ခုမှ မပါဘူး
          ဒီဟာသလေးကတော့ ကျောင်းနေဖက် ကျွန်တော့်သူငယ်ချင်း ဇော်သန်း ပြောပြတဲ့ ဟာသလေးပေါ့။  ပုံပြင်မပြောခင် ဇော်သန်းဆိုတာက ကျွန်တော်နဲ့ ရေကြောင်းတက်ခဲ့တဲ့ ငါးနှစ်လုံးလုံး တစ်ဆောင်ထဲနေကြထဲ သူငယ်ချင်းတွေထဲကတစ်ယောက်။  သူက ဒလ ဟိုဘက် တွံတေး ဇာတိ။  ကျောင်းပိတ်ရက်ဆိုရင် သူတို့ရွာသွားလည်၊ ဘောလုံးကန်၊ ထန်းရေသောက် ပျော်စရာအတော်ကောင်းသား။  ဇော်သန်းရဲ့ အဖေနဲ့ အမေကလည်း အတော်သဘောကောင်းသဗျ။  ကျွန်တော်တို့လာရင် ၀က်သားကို လုံးချက်ချက်၊ ငပိရည်နဲ့ တို့စရာနဲ့ လွေးလို့တယ်ကောင်း။ 
          ဒါတင်ဘဲလားဆိုတော့ မဟုတ်ဘူး၊ တစ်ခါတစ်လေ သူ့ အဖေနဲ့ အမေနဲ့ အဆောင်ကို လာလည်တတ်သေးတယ်။  လာရင်တော့ ဟင်းတွေ ထမင်းတွေ ကျွန်တော်တို့ တစ်ဝစားရတာပေါ့ဗျာ။  ဇော်သန်းရဲ့ အဖေကြီးလာလည်တော့ ကျွန်တော်တို့က ဘောလုံးဂျာနယ် ဖြန့်ခင်းပြီးတော့ လက်ချာရိုက်လိုက်တာ ဦးလေးကြီးလည်း ကျွန်တော်တို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင် လေပစ်၊ ဟိုဘက်ကကောင်းတယ်၊ ဒီဘက်က ကောင်းတယ်နဲ့ ဘောလုံးကို ၀ါသနာပါသွားတာပဲ။  လူကြီးကိုလည်း မချန် အဲ့သလို ပျက်စီးကြတာ။  ကမ္ဘာ့ဖလားတုန်းကဆို ဖိုင်နယ်ပြီးမှ ရွာပြန်တဲ့အထိကို ဖြစ်ရော။ 
          အဲ့ နီတာ ပစ္စည်းတစ်ခုမှ မပါဘူးဆိုတာက တစ်ကယ့်အဖြစ်အပျက်ဗျ။  သူတို့ရွာမှာ ကိုနီတာဆိုတဲ့ လက်သမားကြီးရှိတယ်။  လက်ရာသေသပ်တာရယ်၊ အလုပ်ကို စနစ်တကျ လုပ်တာရယ်ကြောင့် အိမ်တိုင်း အိမ်တိုင်း အိမ်ဆောက်တာတို့ အိမ်ပြင်တာတို့ဆိုရင် ကိုနီတာကြီးက လက်စွဲပေါ့။  ကိုနီတာကြီးကလည်း အိမ်ဆောက်လို့ပြီးရင်ဖြစ်ဖြစ်၊ အိမ်ပြင်လို့ပြီးလို့ အပိုကျန်တဲ့ ၀ါးလေးတွေ၊ ဓနိလေးတွေကို အိမ်ရှင်ဆီခွင့်တောင်းပြီး ယူတယ်ခင်ဗျ။  တစ်ရွာလုံး ဘယ်သူ့အိမ် အလှဆုံးလဲဆို ကိုနီတာကြီးအိမ်က အသပ်ရပ်ဆုံး။  သပ်ရပ်ဆို ကိုယ်တိုင်ကလည်း လက်သမားကိုး။  ဓနိမိုးဆိုလဲ ကျိုးတိုးကျဲတဲမဟုတ်ဘူး၊  ချပ်ချပ်ရပ်ရပ်၊  ထရန်ကာ၊ ကြမ်းခင်း အားလုံးပြောစရာကို မရှိအောင် သေသေသပ်သပ်လေးနဲ့ လှနေတဲ့ ကိုနီတာကြီးအိမ်ကို အားလုံးက ချီမွမ်းကြတာပေါ့။  တစ်နေ့တော့ ကိုနီတာကြီးအိမ်မီးလောင်ပါလေရောတဲ့။  မီးလောင်တော့ ရွာသားတွေလည်း အပြေးအလွှား ကိုနီတာကြီးအိမ်ဖက်ကို ရေပုန်းတွေ ဆွဲပြီး ပြေးကြတာပေါ့လေ။  ဟိုလည်းရောက်ရော မီးကတော်တော်ကြီးနေတော့ သတ်လို့ကလည်းမရ။  တစ်အိမ်လုံးလောင်ပါလေရောပေါ့လေ။  အဲ့ဒီအချိန်မှာ ကိုနီတာကြီးကတော့ အိမ်ပေါ်ဒ ဒန်အိုး ဒန်ခွက် အ၀တ်အစားတွေနဲ့ ဆောင့်ကြောင့်ကြီးထိုင်၊ ဆေးပေါ့လိပ်ကြီးကိုဖွာရင် သူ့အိမ်မီးလောင်တာကို ပြုံးပြုံးကြီးနဲ့ ကြည့်နေလေရဲ့။  အဲ့ဒါနဲ့ ရွာသားတွေလည်း ဟေ့ ကိုနီတာ ခင်ဗျားနှယ် အိမ်မီးလောင်တာကိုမှ ပြုံးပြုံးကြီးကြည့်နေရတယ်လို့ ဆိုလေတော့ ကိုနီတာကြီးကပြန်ပြောသတဲ့။
“လောင်ပလေ့စေ….. အဲ့ဒီအိမ်ထဲမှာ နီတာ့ ပစ္စည်း တစ်ခုမှ မပါဘူးတဲ့ဗျား”
ရယ်ဖို့လည်းကောင်းသလို ကိုနီတာရဲ့ စည်းကမ်းရှိပုံလေးကိုလည်း သဘောကျလှပါတယ်။  သူများအိမ်တွေ ဆောက်ရင်း ပိုတဲ့ ပစ္စည်းလေးတွေနဲ့ သူ့အိမ်ကို မွမ်းမံတယ်ဆိုပဲ၊  ဓနိတစ်ချပ်ရရင် သူ့အိမ်က သိပ်မကောင်းတဲ့ ဓနိနဲ့ လဲတယ်၊ ၀ါးတစ်လုံးရ ၀ါးတစ်လုံးနဲ့ နောက်ဆုံး တစ်အိမ်လုံး သူ့ပစ္စည်း ဘာမှ မပါတော့ဘူး တဲ့။
ကမ္ဘာ့အကြီးဆုံး ဆန်မုန့်ကျွပ်
                     ဂျပန်နိုင်ငံကတော့ ဆန်နဲ့လုပ်ထားတဲ့ မုန့်ကျွပ်ကို ကမ္ဘာ့အကြီးဆုံးဖြစ်အောင်လုပ်ပြီး ဂင်းနစ်မှတ်တမ်းဝင်သွားပါပြီ။  အချင်း ၅ ပေ ၃ လက်မရှိတဲ့ ဒီ ဆန်မုန့်ကျွပ်ကြီးဟာ ဂျပန်မှာတော့ လူကြိုက်များတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။  ဒီမုန့်ကြီးကို ရာမာဂူချီ ဆိုတဲ့ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ကီယိုရိုရှီက ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ် ကော်မတီဝင်အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တယ်လို့ဆိုပါတယ်။  လွန်ခဲ့တဲ့ လတုန်းကထဲက ကမ္ဘာ့အကြီးဆုံးမှတ်တမ်းဝင်အောင် ကြိုးစားခဲ့ပေမယ့် ၃ စီတီမီတာ ငယ်သွားလို့ ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ်ဖြစ်ရမယ့် မှတ်တမ်းနဲ့ လွဲခဲ့ရတာ အခုတော့ အမှန်တကယ်ကို ကမ္ဘာ့အကြီးဆုံး မုန့်ကျွပ်ဖြစ်လာပါပြီ။  ဒီမုန့်ကို လုပ်ဖို့ ဆန်မှုန့် ၃၃ ပေါင်နဲ့ တစ်နာရီလောက်ကြာအောင် မီးဖုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီလိုမီးဖုတ်နေတုန်းမှာလည်း မိနစ်အနည်းငယ်ကြာတိုင်း မုန့်ကြီးကို လှည့်လှည့်ပေးရပါသေးတယ်။
               ဒီ မုန့်ကျွပ်ကြီးကို ဂင်းနစ်မှတ်တမ်းဝင်ဖို့ တိုင်းတာ၊ ဓာတ်ပုံတွေဘာတွေ ရိုက်ပြီးတာနဲ့ မြို့ခံလူတွေ စားဖို့ ခွဲဝေပေးခဲ့ပါတယ်တဲ့။  “ခုတော့ တကမ္ဘာလုံးကလူတွေဟာ ကျွန်တော်တို့ မြို့လေးအကြောင်းကို ဒီမုန့်ကျွပ်ကြီးကြောင့် သိရှိတော့မှာ ဖြစ်ပါတယ်” လို့ ရာမာဂူချီက ပြောသွားပါတယ်။
Source : (Link)
Wednesday, November 16, 2011
လေယာဉ်ပျံ မပေါ်ခင်က တီထွင်မှု့များ
လေယာဉ်ပျံတွေ ပေါ်လာတဲ့ နောက်ပိုင်းမှာတော့ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ အချိန် သက်သက်သာသာနဲ့ သွားလာလို့ရပါပြီ။  ဒါပေမယ့် ဒီလို လေယာဉ်ပျံတွေကို အောင်မြင်စွာ တီထွင်နိုင်ဖို့ ဖြတ်ကျော်ခဲ့ရတဲ့ သမိုင်းလေးကတော့ ဟော့ဒီ အောက်က YouTube မှာ မြင်နိုင်မှာပါ။  ဒါလေးကို ကြည့်ပြန်တော့ သြော်... ဟိုးအရင်တုန်းက လူတွေ တယ်လည်း ရယ်ရပါလားလို့ ထင်ကြပါလိမ့်မယ်။  ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ဒါဟာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ကြတာပါ။  အကြိမ်ကြိမ်ရှုံးနိမ့်မှု့တွေ၊ လူတွေ လက်ညှိုးထိုးပြီး ရယ်စရာတွေ ဖြစ်ခဲ့ပေမယ့်၊  ဒီလို အကောင်အထည်ဖော်ခဲ့တဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ နှောင်းလူတွေ ခံစားရတာပါ။ 
အိုင်ဖုန်းကို မုန်းတဲ့ ခွေးကလေး ကိုကို
          ကိုကိုဆိုတဲ့ ခွေးမလေးဟာ အသက် ၄ နှစ်ခွဲရှိပါပြီ။  ဒီခွေးမလေးဟာ ရုပ်ရှင် ကြည်ရတာကို အရမ်းကြိုက်ပါသတဲ့။  ဒါပေမယ့် အိုင်ဖုန်း ကြော်ငြာဝင်လာရင်တော့ အပြင်းအထန်ကို ဟောင် ပြီးတော့ ကန့်ကွက်ပါတယ်။  ဒါကြောင့် အိုင်ဖုန်း မကြိုက်တဲ့ ခွေးကလေး ကိုကိုဆိုပြီး အင်တာနက်မှာ ရေပန်းစားနေပါတယ်။  ခွေးရဲ့ သခင်ကတော့ အိုင်ဖုန်း အစား အန်းဒရွိုက်ကို ကြိုက်တယ်ထင်ပါ့ ခွေးကလေးရဲ့ ဘလော့ဂ်မှာ အိုင်ဖုန်း ဆန့်ကျင်ကြောင်းထွေ ရေးထားလေရဲ့။  ဒါတင် ဘယ်ကမလဲ ခွေးကလေးရဲ့ အကျီင်္ကို တစ်ထည် ၁၄ ဒေါ်လောက်နဲ့ ရောင်းထားကိုလည်း တွေ့ရပါသဗျ။  မည်သို့ပင် ဖြစ်စေကာမူ အောက်က YouTube ဗီဒီယိုလေးမှာတော့ ခွေးကလေးနဲ့ အိုင်ဖုန်း ကြော်ငြာ မတည့်ပုံများတော့ ကြည့်ရတာ အတော် ရယ်ရသဗျ။  
Monday, November 14, 2011
ဂျပန်က အိမ်သာကား
          အိမ်သာကားဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့၊  ဂျပန် အိမ်သာကမုတ် ထုတ်လုပ်တဲ့ကုမ္ပဏီ ToTo ကနေပြီးတော့ တီထွင်လိုက်တဲ့ ဘီး ၃ ဘီးပါတဲ့ ယာဉ်တစ်ခုပါ။  မော်တော်ဆိုင်ကယ်နဲ့ ခပ်ဆင်ဆင်တူပေမယ့် ဒီယာဉ်ကို မောင်းနှင်ဖို့ လိုအပ်တဲ့ လောင်စာကတော့ ဘိုင်အို ဓာတ်ငွေ့ပါတဲ့။  ဒီဓာတ်ငွေ့ကို အများသုံးအိမ်သာထဲက စွန့်ပစ်ပစ္စည်းတွေနဲ့ သက်ရှိ လူတွေ၊ အကောင်တွေရဲ့ အညစ်အကြေးတွေကို ရောစပ်၊ ဓာတ်ငွေ့ထွက်လာအောင် ပြုလုပ်ပြီး မောင်းနှင်ပါတယ်ာလို့ တိုတို အိမ်သာကမုတ် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရ ကန်ဂျီ ဖူဂျီတာ ကပြောသွားပါတယ်။
          ဒီယာဉ်လေးကိုတော့ “နီယို” လို့အမည်ပေးထားပြီး ယာဉ်မောင်းထိုင်ရမယ့် ခုံကတော့ အိမ်သာ ကမုတ်ပါ။  ဒီအပြင်ယာဉ်ကလေးရဲ့ အနောက်မှာ အိမ်သာသုံး တီရှုးပေပါ အလိပ်ကြီးကို ချိတ်ထားပါသေးသတဲ့။ 
          “မောင်းမယ့်သူထိုင်တဲ့ ထိုင်ခုံဟာ အိမ်သာ အစစ်ဖြစ်ပေမယ့် တစ်ကယ်သုံးဖို့တော့ မဟုတ်ပါဘူး။  ဒီယာဉ်ကို မောင်းဖို့လောင်စာကတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့၊ ညစ်ညမ်းမှု့ မဖြစ်စေတဲ့ ဇီဝ ဓာတ်ငွေ့လောင်စာပါ။  ဒီလောင်စာကို ယာဉ်ရဲ့ နောက်မှာ သိုလှောင်ထားပါတယ်၊ တစ်ကယ့်ကို မောင်းရတာ အဆင်ပြေပါတယ်” လို့ ဆိုပါတယ်။
Sunday, November 13, 2011
မာရီယာ
၆ မိနစ်စာ ဖြစ်ရပ်မှန် သီချင်းလေးပေမယ့် ရင်နင့်အောင် ခံစားရတယ်။  ခွေးဆိုတာက သခင့်အပေါ် ဘယ်လောက်အထိ သစ္စာရှိတယ်၊ သံယောဇဉ်ကြီးတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။  ဒီ သီချင်းလေးထဲမှာတော့ မာရီယာဆိုတဲ့ ဂျပန်က ခွေးမလေးရဲ့ အကြောင်း ကိုမြင်ရမှာပါ။  ကြည့်ပြီးတော့ ရင်ထဲကို ထိတဲ့ သီချင်းလေးတစ်ပုဒ်က။  Facebook မှာ သူငယ်ချင်းတစ်ယောက်ရှဲထားတာတွေ့လို့ သိမ်းထားတဲ့ အနေနဲ့ တင်လိုက်တာပါ။
သီချင်းရေးတာ ၀ါသနာထုံတဲ့ အင်ဒိုနီးရှား သမ္မတကြီး
      နိုင်ငံခေါင်းဆောင်တွေတော်တော်များများဟာ သူတို့ရဲ့ အပန်းဖြေမှု့ကို ဂေါက်ရိုက်ခြင်း၊ မြင်းစီးခြင်းတို့နဲ့ အပန်းဖြေတတ်ပေမယ့် အင်ဒိုနီးရှားသမ္မတကြီး စူစီလို ဘမ်ဘန်း ယူဟိုယိုနို ကတော့ ထူးထူးခြားခြား သီချင်းစပ်တာကိုမှ ၀ါသနာထုံပါလေသတဲ့။
          သူ့ရဲ့ သဘာဝ ပတ်ဝန်းကျင်အကြောင်း ရေးစပ်သီကုံးထားတဲ့ သီချင်းတစ်ပုဒ်ကို အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု့ [aisa-pacific economic cooperation (APEC) ] အစည်းအဝေးမှာ သမ္မတကြီးက စီးပွားရေး ခေါင်းဆောင်တွေကို မိန့်ခွန်းမခြွေခင်လေးမှာ ဖွင့်လှစ် နားဆင်ခဲ့ကြပါတယ်တဲ့။ 
          အသက် ၆၂နှစ် ရှိပြီဖြစ်တဲ့ သမ္မတကြီးကတော့ “ခေါင်းဆောင်တိုင်းမှာ ၀ါသနာ တစ်ခုခုတော့ ရှိကြပါတယ်။ တစ်ချို့က မြင်းစီးတာကို ၀ါသနာပါတယ်၊ တစ်ချို့က ဂေါက်သမားတွေ၊ တစ်ချို့က ငါးဖမ်းထွက်ကြတာကို ကြိုက်ကြတယ်ပေါ့လေ။  ကျွန်တော်ကတော့ သီချင်းရေးရတာကို ၀ါသနာပါတယ်ဗျ။  အမြဲတမ်းတော့ မရေးဘူးပေါ့လေ ဒါပေမယ့် ကျွန်တော့် စိတ်က ကြည်လင်လာတဲ့အခါမျိုး၊  ကျွန်တော့် စိတ်က သီချင်းရေးချင်လာတဲ့ အခါမျိုးကျရင်တော့ တစ်ချင်းတစ်ပုဒ်လောက် ရေးမိပါတယ်” လို့ ပြောသွားပါတယ်။
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၂
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏
ကြော်ငြာသမားတွေများ ခြင်္သေ့တောင် အလွတ်မပေးတော့ဘူး....
Friday, November 11, 2011
ဟွန်ဒါရဲ့ အာစီမို စက်ရုပ် အသစ်
          ၂၀၀၅ ခုနှစ်ထက်ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှု့တွေနဲ့အတူ ဟွန်ဒါရဲ့ အာစီမို ၂၀၁၁ စက်ရုပ်လေးပါ။  ဒီစက်ရုပ်ကိုတော့ ဟွန်ဒါရဲ့ သုတေသန ဋ္ဌာနတည်ရှိရာ တိုကျိုမြို့မှာ ပြသခဲ့ပါတယ်။  ဒီ လူအသွင် စက်ရုပ်ကလေးဟာ လူတွေ ပြုလုပ်နိုင်တဲ့ အရာတွေကို ပြုလုပ်နိုင်အောင် တီထွင်ထားတာပါ။
          အခု ပိုမိုကောင်းမွန်လာအောင် မွန်းမံထားတဲ့ စက်ရုပ်ကလေးမှာတော့ စက်ရုပ်ရဲ့ လက်တွေဟာ လက်ချောင်းတစ်ချောင်းခြင်းစီပါ လှုပ်ရှား သိရှိလာနိုင်ပါတယ်။  ဒါကို အာစီမို စက်ရုပ်ကလေး အချိုရည်ဘူးအဖုံးကိုဖွင့် ခွက်ကလေးကိုကိုင်ပြီး အချိုရည်ငှဲ့ပြပုံနဲ့ ပြသခဲ့ပါတယ်။
          နောက်တစ်ခုက အာစီမိုရဲ့ ပြေးအား ပိုမိုမြန်ဆန်လာတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့တစ်ခေါက်က တစ်နာရီကို ၄ မိုင်နှုန်းပြေးနိုင်တာကနေ အခု တစ်နာရီကို ၅.၇ မိုင်နှုန်းပြေးနိုင်ပါတယ်။  နောက်တစ်ခုက ခြေတစ်ပေါင်ကျိုးလဲ ခုန်တတ်သေးသလို၊ စုံလိုက်လည်း ခုန်တတ်ပါပြီ။ 
Wednesday, November 9, 2011
ကျွန်တော်နှင့် ကျောင်းသားဘ၀ Sea Training (အပိုင်း ၄)
ကော့သောင်းသို့ ဆိုက်ရောက်ခြင်း
          ကိုလံဘတ်စ် အမေရိကတိုက်ကိုတွေ့တော့ ဘယ်လိုနေသလဲမသိပါဘူး။  ကျွန်တော်ကတော့ ကော့သောင်း ဆိပ်ကမ်းကို လှမ်းမြင်ကထည်းက အကျီရေစိုတွေကို ရေညှစ်၊ ဘောင်းဘီတွေ ကျွပ်ကျွပ်အိတ်ထဲကထုတ် အသစ်လဲ ကုန်းပေါ်ဆင်းဖို့ပြင်ကြတာပါပဲ။  အရင်ဆုံး မေးဖြစ်တာက ကျွန်တော်တို့ သင်္ဘော ဘယ်တော့ ပြန်ထွက်ဖြစ်မလဲဆိုတာကိုပါ။  သင်္ဘောက မုန်တိုင်းလျော့မှ ပြန်ထွက်မယ်ဆိုလေတော့ ဘယ်ရက်ဆိုတာမသေချာ။  မသေချာတဲ့တူတူတော့ ကော့သောင်းမှာ တည်းခိုခန်းငှားကြမယ်ဆိုပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ တည်းခိုခန်း ငှားကြတယ်။  မှတ်မိတယ် တည်းခိုခန်းနာမည်က ပင်ဂွင်းတဲ့။  အဲ့ဒီကို ဆိုင်ကယ် ကယ်ရီတွေနဲ့ ဒိုးကြ ပြီတော့ ဟိုရောက်တော့ အ၀တ်အစားတွေက စိုနေတာနဲ့ စောင်ပတ်ပြီး အိပ်ကျပါတော့တယ်။  နိုးတော့မှ ဆရာဝန်ဆီ ပြေးတဲ့လူကပြေး၊ ပုလင်းဇောက်ထိုးချိတ်တဲ့ လူကချိတ်၊  ကျွန်တော်ကတော့ ဟိုတယ်လည်းရောက် အရင်ဆုံးပြေးတာက အိမ်သာ၊  သန့်သန့်ရှင်းရှင်းလေးနဲ့ ဆိုတော့ အားရပါရကို လွှတ်တော့တာ…. လွှတ်လိုက်ထဲကနေ လျှောလိုက်တာ ဆေးတွေဘာတွေသောက်နဲ့ နောက်တစ်နေ့ကျတော့ ရပ်သွားပါတယ်။  ရောက်ပြီးဆိုတော့ ဟိုတယ်ကနေထွက် ဖုန်းပြောလို့ရတဲ့နေရာ၊ ဈေးဝယ်လို့ရမယ့်နေရာ၊ စားသောက်ဆိုင်၊ ဆိုင်ကယ်ဂိတ် စတာတွေကို လှည့်ပတ်ရှာကြရပါတယ်။ 
တရုတ်ဘိုးဘိုး ဘွားဘွားတွေရဲ့ လေဒီဂါဂါ
          Bad Romance ကို နားထောင်ဖူးကြမှာပါ။  လေဒီဂါဂါရဲ့ ကျော်ကြားလှတဲ့ သီချင်းတစ်ပုဒ်ပေါ့။  တရုတ်က ဟူနန် ရုပ်သံလိုင်းဟာ နာမည်ကြီးတဲ့ တီဗီလိုင်းကြီးတစ်ခုပါ။  အဲ့ဒီက ဖျော်ဖြေပွဲတွေဟာ လူကြိုက်များလှပါတယ်။  ဒါပေမယ့် ဟောဒီ တီဗီရှိုးကြီးကတော့ လေဒီဂါဂါရဲ့ မူရင်းကြီးကို ကော်ပီလုပ်ပြီးတော့ တရုတ်က ဘိုးဘိုး ဘွားဘွားကြီးတွေက ဖျော်ဖြေပေးတာကို msnbc သတင်းဋ္ဌာနက ဖော်ပြသွားတာပါ။  အရာရာတိုင်းကို ကော်ပီကူးပြီး ထုတ်လွန်းလို့ လူပြောသူပြောများနေရတဲ့အထဲ ဒါကြီးကို တွေ့တော့ သူတို့လည်း ပြောစရာဖြစ်တာပေါ့လေ။  တော်သေးတယ် ကမ္ဘာကျော် သတင်းဋ္ဌာနကြီးတွေ မြန်မာပြည်မှာ လာပြီး နိုင်ငံရေးကလွဲလို့စပ်စပ်စုစု မလုပ်ကြသေးလို့။  မဟုတ်လို့ကတော့ ကျွန်တော်ဆီက ကော်ပီခွေတွေတွေ့ပြီး သတင်းသာလုပ်လို့ရတော့ ရေးရတာများလွန်းလို့ ထိုင်တောင်ငိုသွားရမယ်။  အောက်က YouTube ကတော့ ဘိုးဘိုးဘွားဘွားတွေရဲ့ ဖျော်ဖြေမှု့ပါ။ 
Tuesday, November 8, 2011
၂၀၁၂ ကမ္ဘာပျက်ရင် သုံးဖို့ လှေဆောက်နေတဲ့ တရုတ်
          ၂၀၁၂ မှာ ကမ္ဘာကြီး တစ်ကယ်ပျက်သုံးသွားမှာလား။  ဟုတ်သည် မဟုတ်သည် အပထာ ၂၀၁၂ ရုပ်ရှင်ကတော့ ငွေတွေ သဲ့ယူသွားပါတယ်။  ခုတော့ ဟန်နန် ပြည်နယ် လျှိုဟီးမြို့က ကိုရွှေတရုတ်ကတော့ ၂၀၁၂ မှာ ကမ္ဘာကြီး တစ်ကယ့်ကို ပျက်တော့မယ်လို့ ယုံကြည်နေပါသတဲ့။  ဒါကြောင့် ကမ္ဘာကြီးပျက်ရင် သုံးရန်အလို့ငှာ သမ္မကျန်းစာလာ နောဧရဲ့ သင်္ဘောကြီးလိုမျိုး သင်္ဘောတစ်စီးကို ဆောက်နေပါသတဲ့။
          ဒီသင်္ဘောအတွက် ယွမ်ငွေ ၂ သောင်း (ဒေါ်လာ ၃ထောင်) ကျော်ကျော်လောက် ကျပြီး ၈မီတာ ရှည်ပြီး ၂.၅ မီတာ အချင်းရှိတဲ့ ဆီကန်ကြီးကို အသုံးပြုထားတယ်လို့ဆိုပါတယ်။  ဒီ ဟာကြီးကို ပြုတင်းပေါက်တွေလည်း တပ်ဆင်ထားပြီး ဘီခြောက်ဘီးလည်း တပ်ဆင်ထားပါသတဲ့။  ဒါကြောင့် အလွယ်တစ်ကူ ထရပ်ကားနှင့် သယ်ယူပြီး ကမ္ဘာကြီးပျက်လို့ ရေကြီးလာရင် ပေါလော မြောနိုင်ပါသတဲ့။
Monday, November 7, 2011
စင်္ကာပူ
၁။ ဟိုးတစ်ချိန်ကတော့
 ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့ လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။
၂။ရန်ကုန်ရေ  နင်ဘယ်လောက်ဖြတ်ကျန်ခဲ့ပြီလည်း
ငါတို့ မပြောရဲတော့ဘူး…
တနေ့တစ်လံပေါ့ စင်္ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား?
တို့ အမျိုးတွေအတွက် စိတ်ပူလိုက်တာ။
တောင်ကိုရီးယားမှာ ထိပ်ပြောင်ကြီးလို့ ခေါ်သူများကို ဒဏ်ရိုက်
                  မစ္စတာကင် လို့ခေါ်တဲ့ တောင်ကိုးရီးယားနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ကလေး ဘူတန်မှာ နေတဲ့ လူကတော့ လွန်ခဲ့တဲနှစ်က တစ်ခြားလူတစ်ယောက်ကို "ကိုထပ်ပြောင်" လို့ခေါ်ခဲ့လို့ ဒဏ်ရိုက်ခံရပါသတဲ့။  စုံစမ်းစစ်ဆေးသူများက ကင်ဟာ အဲ့ဒီလို တစ်ခြားလူတစ်ယောက်ကို "ကိုထိပ်ပြောင်" လို့ခေါ်ခဲ့တဲ့အတွက် ဒဏ်ငွေ တောင်ကိုရီးယားဝမ် ၃ သိန်း (၂၆၅ ဒေါ်လာ) ဒဏ်ရိုက်ခဲ့ပါသတဲ့။
                  တောင်ကိုရီးယား တရားစီရင်ရေး လွှတ်တော်က ဒီလိုမျိုး တစ်ခြားသူကို ထိခိုက်နစ်နာစေမယ့် အခေါ်အဝေါ်မျိုးကို မသုံးနှုံးဖို့ တရားဝင်ပိတ်ပင်ထားပါသတဲ့။  " ဒီ "ထိပ်ပြောင်ကြီး" ဆိုတဲ့ အသုံးအနှုံးဟာ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ထိုးနှက်တာဖြစ်ပါတယ်။  ဒါဟာ လူမှု့ဆက်ဆံရေးကိုရော၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုရော ထိခိုက် ကျဆင်းစေပါတယ်" လို့ တရားရုံးက ပြောသွားပါတယ်။  
Sunday, November 6, 2011
ကမ္ဘာ့သေးဆုံး နဂါးရုပ်ထု
        ထိုင်ဝမ်နိုင်ငံက ပန်းပုပညာရှင် ချန်ဖောင်းရှုဟာင်း ဆိုသူကတော့ သူထုလုပ်ထားတဲ့ နဂါးပန်းပုရုပ်ထုဟာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး နဂါးရုပ်ဖြစ်ပါတယ်လို့ ကြေညာလိုက်ပါသတဲ့။  ဒီရုပ်ထုကို ၂၀၁၂ ခုနှစ်အတွက်ရည်ရွယ်ပြီး ထုလုပ်ခဲ့တာပါ။  နဂါးရုပ်တစ်ရုပ်လုံးမှ လက်မ၀က်သာရှိပြီး ဘယ်လောက်သေးငယ်သလဲဆိုတာကို ပေါ်လွင်အောင် အကြွေစေ့နဲ့ ယှဉ်ပြီး ပြသခဲ့ပါတယ်တဲ့။  အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဒီပန်းပု ပညာရှင်ကတော့ ဒီရုပ်ထုလေးကို အချိန် ၃လကြာ အချိန်ယူပြီး ထုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။  ဒီရုပ်ထုကို သေသေချာချာကြည်ချင်ရင် မှန်ဘီလူးနဲ့ကြည့်မှ မြင်ရမှာပါ။  
            ချန် ကတော့ "ကျွန်တော့်အတွက် အခက်အခဲဆုံး အပိုင်းကတော့ နဂါးရဲ့ လျှာနဲ့ လက်သည်းအချွန်တွေကို ပြုလုပ်ရတဲ့နေရာပါ။  ဒီနေရာလေးတွေက တစ်ကယ့်ကို အသေးစိတ် ထုလုပ်ရတဲ့ နေရာလေးတွေပေါ့၊  နောက်ပြီးတော့ နဂါးရဲ့ မေးရိုးတွေနဲ့ နဂါးရဲ့ နှုပ်ခမ်းမွှေးတွေပါ၊ ဒါလေးတွေက အတော့်ကို သေးငယ်တော့ လက်ဝင်လှပါတယ်။  နဂါးရုပ်ပုံပေါ်လာတော့ နဂါးရဲ့ ကိုယ်လုံးအတွက် အထူးကို အာရုံစိုက်ပြီ အလုပ်လုပ်ရပါတယ်။  ကျွန်တော်က နဂါးဆိုရင် မာန်ဟုန်အပြည့်နဲ့ လေဟုန်ခွင်းနေတဲ့ ပုံစံမျိုးဖြစ်အောင် လိုချင်တာ၊ ဒါမှ နဂါးတို့ရဲ့ သရုပ်ပေါ်မှာပေါ့" လို့ ပြောသွားပါတယ်။  အောက်က YouTube ဗီဒီယိုလေးမှာတော့ ဒီသေးငယ်လှတဲ့ နဂါးရုပ်ကလေးကို ကြည့်နိုင်ပါပြီ။
ကျွန်တော်နှင့် ကျောင်းသားဘ၀ Sea Training (အပိုင်း ၃)
ပန်းကမ္ဘာသို့ ရောက်ကြခြင်း
          အဲ့ဒါက တစ်ယောက်ကစတာ၊  နောက် ဘယ်လိုဘယ်လို ကူးကုန်တယ်မသိဘူး။ သင်္ဘောတစ်စီးလုံးကို ရှောဘရားသားတွေဖြစ်တာ သင်္ဘောပေါ်က ဆရာဝန်ပါ မကျန်ဘူး။  ဖြစ်လည်း ဖြစ်နိုင်ပါတယ်၊ သင်္ဘောတစ်စီးလုံး ကျောင်းသားသုံးအိမ်သာက တစ်လုံး။  စဉ်းစားသာကြည့် လူ ၁၅၀ ကျော်ကို အိမ်သာတစ်လုံးထဲ ၀ိုင်းသုံးကြလေတော့ မဖြစ်ခံနိုင်ရိုးလား။  ဖြစ်တော့ ဘာဖြစ်လဲ ဒိုင်ကော်တေးတွေ အထုပ်လိုက်ပါကြတယ်။ အဲ့ဒါတွေ ပဲကြီးလှော်ဝါးသလို မြိုကြတာပေါ့။  ကျွန်တော်ကတော့ ဒိုင်ကော်တေးလဲ မမြိုသလို အိမ်သာလည်း မတက်တော့ပါဘူး။  ၃ ရက်လောက် လိမ်ကျစ်ပြီးကိုနေတာ၊ သိတယ် တာထွက်လွှတ်လိုက်တာနဲ့ နောက်ကနေ ဒလဟောလိုက်မှာကိုသိနေတယ်။ ရစ်သီ ရစ်သီဖြစ်ပေမယ့် လုံးဝကို အိမ်သာမတက်တာ။  ၀မ်းကလည်း မပျက်ခံနိုင်မလား သရက်သီးစိမ်းတွေစား၊ မြိတ်က ပင်လယ်စာတွေစား၊ ဒီကြားထဲ သင်္ဘောပေါ်က ထမင်းဆိုင်က ပညာပြချက်တွေနဲကဆိုတော့ သူငယ်ချင်းတွေလည်း မျောက်ခေါင်းတွေကိုဖြစ်ရော။  မျက်လုံးတွေက ပန်ဒါမျက်လုံးလေးတွေလို မည်းမည်းလေးတွေ။  ဒီကြားထဲ မုန်တိုင်းကမိလေတော့ လှိုင်းကမူး၊ ရေကစို၊ ဗိုက်ကနာ၊ စားစရာကမရှိ စဉ်းစားသာကြည့်။  ခြေအေးဝမ်းရောင်တာမဟုတ်ဘူး၊ တစ်ကိုယ်လုံး အေးပြီး ၀မ်းရောင်တာ၊ မုန်တိုင်းကျတော့ မိုးကပက်၊ မိုးပက်တော့ ရေက၀င်၊ ၀င်ချင်ဝင် မ၀င်ချင်နေ လဲစရာ အကျီလဲ မရှိတော့ဘူး၊ ဒီတိုင်းကို အစိုလိုက်ပဲ နေပူလာရင်ခြောက်လိုက်၊ မိုးရွာရင် စိုလိုက်၊ ၀မ်းလျှောတဲ့လူတွေက အိမ်သာမှာ တန်းစီ။ အဲ့ဒီလို။
Saturday, November 5, 2011
အိတ်ဖိုး အပိုကြေးမပေးနိုင်လို့ လေဆိပ်မှာ ၈ ညအိပ်ခဲ့ရတဲ့ အမျိုးသမီး
          တယ်ရီ ၀ိုက်ဆင်ဂါ ဆိုတဲ့ အမျိုးသမီးဟာ အီဒါဟို ဆိုတဲ့မြို့ကလေးမှာ ဘ၀အသစ်စဖို့ဆိုပြီးတော့ လေယဉ်လက်မှတ်တစ်စောင်ရယ်၊ အိတ်၂လုံးရယ်၊ လက်ထဲမှာ ဒေါ်လာ ၃၀ ရယ်နဲ့ ဆန်ဖရန်စစ်စကို လေဆိပ်ကို မျှော်လင့်ချက်အပြည့်နဲ့ သွားခဲ့ပါတယ်။  ဒါပေမယ့် လေဆိပ်ကိုရောက်တော့ US Airway လေယဉ်စီးဖို့ လုပ်တဲ့အချိန်မှာ အိပ်ဖိုး အပိုကြေးငွေ ဒေါ်လာ ၆၀ ထပ်တောင်းပါတယ်။  ၀ိုက်ဆင်ဂါက သူမလွန်ခဲ့တဲ့ ငါးနှစ်တုန်းက လေယဉ်စီးတော့ အိတ်ဖိုးက အပိုငွေပေးစရာမလိုပဲ အခမဲ့ ရတဲ့အကြောင်းပြောပါတယ်။
          သူမက “တစ်ကယ်လို့သာ ငွေ ၃၀ ပဲကောက်မယ်ဆိုရင် ဒီလေယာဉ်ခရီးစဉ်ကို စီးဖြစ်မှာပါ၊ ဒါပေမယ့် အိတ်တစ်လုံးကို ၂၅ နဲ့ နောက်အိတ်တစ်လုံးကို ငွေ ၃၅ ဒေါ်လာတောင်းတာပါ” လို့ ဆန်ဖရန်စစ်စကိုက ရုပ်သံလိုင်း KGO TV ကိုပြောသွားပါတယ်။  သူမက လေကြောင်းလိုင်းကို သူမမှာ ပိုက်ဆံမရှိတဲ့အကြောင်း ဒါကြောင့် အီဒါဟိုရောက်တော့မှ ပိုက်ဆံပြန်ပေးပါရစေလို့ပြောပေမယ့် လေကြောင်းလိုင်းရဲ့ ငြင်းပယ်မှု့ကိုသာ ခံခဲ့ရပါတယ်။  ဒါနဲ့ သူမရဲ့ အိတ်တစ်လုံးကို ချန်ထားပြီး ကျန်တဲ့ အိတ်ကလေးကိုပဲ သယ်သွားပါရစေလို့ တောင်းပန်ပြန်တော့လည်း လေကြောင်းလိုင်းက ဒါဟာ လုံခြုံရေး ဥပဒေနဲ့ ငြိစွန်းလို့ လက်မခံပါဘူး။
Friday, November 4, 2011
ကျွန်တော်နှင့် ကျောင်းသားဘ၀ Sea Training (အပိုင်း ၂)
ဒီနေ့ ကျွန်တော့် လက်ရှိပရောဂျက်ရဲ့ နောက်ဆုံး သင်္ဘောအတွက် Sea Trial လိုက်နေတာနဲ့ ခုမှပြန်ရောက်ပါတယ်။  ပြန်ရောက်တော့မှ ဆက်ရေးမယ်ဆိုတော့ ဘာရေးရမှန်းက ရှာလို့မရ။  အဲ့ဒါနဲ့ပဲ အပိုင်း ၁ နောက် ဘာဆက်ရေးချင်လဲဆိုပြီး တွေးရင်းနဲ့ ကျားစီးကြခြင်းနဲ့ စပြီး ရေးလိုက်ပါတယ်။
ဟောဒါက သဋ္ဌေးကျွန်း၊ ကာစီနိုတွေရှိတယ်၊ ကိုယ်ပိုင်သင်္ဘောတွေနဲ့ လောင်းကစားလာလုပ်ကြတယ် ဖြတ်သွားတုန်း ရိုက်ထားတာ
Thursday, November 3, 2011
ကျွန်တော်နှင့် ကျောင်းသားဘ၀ Sea Training (အပိုင်း ၁)
          ကျွန်တော့် ကျောင်းသားဘ၀ မမေ့နိုင်တာတွေထဲမှာ တစ်ခုက Sea Training ပါ။  Sea Training ဆိုတာက အဓိက တက္ကသိုလ်က ရေကြောင်းအင်ဂျင်နီယာ ကျောင်းသားတွေ(Marine Engineering)၊ ရေယာဉ်မောင်းနှင်မှု့ ပညာရပ် (Nautical Science) ကျောင်းသားတွေကို ရည်ရွယ်ပြီးတော့ သင်္ဘောနဲ့ လက်တွေ့ မောင်းနှင်စေတာပါ။  ဒါပေမယ့် ကျွန်တော်တို့ ပထမဆုံး အပတ်စဉ်တုန်းက နောက်ဆုံးနှစ် ဖိုင်နယ်မှာ ကျောင်းသား ၁၀၀ ကျော်ကျော်ပဲ ကျန်လေတော့ ပါချုပ်ကလည်း ငါ့တပည့်လေးတွေ ပင်လယ်ပင်ကို နဖူးတွေ့ ဒူးတွေ့ကြုံပါစေဆိုတဲ့ စေတနာနဲ့ ရှိသမျှ မေဂျာ ၆ ခုက တပည့်တွေကို သင်္ဘောပေါ်တင်ပေးလိုက်ပါတယ်။  အဲ့ဒီလိုနဲ့ ရေယာဉ်ဗိသုကာ မေဂျာက ကျွန်တော်တို့တွေလည်း ပထမဆုံးအကြိမ် သင်္ဘောကြီးနဲ့ အုပ်စုလိုက်ကြီး ပင်လယ်ထဲ ထွက်ဖြစ်တယ်ဆိုပါတော့။
          ကျောင်းသား ၁၅၀ ကျော်ကို သင်္ဘော တစ်စီးထဲ တင်ပေးလိုက်တယ်ဆိုထဲက စဉ်းစားသာကြည့်။  ဆရာ ဆရာမ ကျွန်တော်ထင်တယ် ၁၀ ယောက်လောက်ပါမယ်နဲ့တူတယ်။  တစ်ပျော်တစ်ပါးကြီးပေါ့။ ပျော်ပျော်ပါးပါးကို သင်္ဘောထွက်ရမယ်ဆိုလေတော့ ကျောင်းသားတွေ အိမ်က မိဘတွေ၊ အဒေါ်တွေ၊ ဦးလေးတွေကလည်း အကြော်၊ အခြောက်၊ အခြမ်း၊ ဆေး၊ ပိုက်ပိုက်ကအစ လိုလေးသေးမရှိအောင် ထည့်ပေးလိုက်ပါတယ်။  အဲ့ ကျွန်တော်တို့ကတော့ တစ်နိုင်တစ်ပိုင်ဆိုသလို ဂစ်တာ၊ ဖဲထုပ်၊ ၀ီ၊ ရမ် အမြည်း စသည်ဖြင့် အဲလေ.. စာအုပ်၊ ဘောပင်၊ ကာဗာအော (အဲ့ဒီတုန်းကတော့ ဘွိုင်လာစွပ် လို့ခေါ်သဗျ အပေါ်အောက် ၀မ်းဆက် စက်ခန်းထဲမှာ ၀တ်တဲ့ ၀တ်စုံပေါ့) အဲ့ဒါတွေ ၀ယ်ကြတယ်ပေါ့ဗျာ။  ကဲ ဖတ်ရတာပိုအဆင်ပြေအောင် အခန်းလေးတွေ ခွဲရေးပေးလိုက်ပါတယ်ခင်ဗျာ။
သူ့အရုပ်တွေကို ဖျက်ဆီးလို့ မိန်းမကို သတ်လိုက်တဲ့ ယောင်္ကျား
          စတာဝါး ရုပ်ရှင်ကို ကလေးတိုင်းကြိုက်ကြမှာပါ။  အာကာသထဲမှာ တစ်ဂြိုလ်ကနေ တစ်ဂြိုလ်ကိုသွား ထူးဆန်းတဲ့ အကောင်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။  အဲဒီရုပ်ရှင်ကို ရူးရူးမူးမူး ခုံမင်မြတ်နိုးတဲ့ ရစ်ကီ လာတိုရှေး ဆိုတဲ့ အသက် ၃၀ အရွယ် လူကတော့ သူ ကလေးဘ၀ထဲက အနှစ်နှစ် အလ လ စုဆောင်းခဲ့တဲ့ စတားဝါးအရုပ်တွေကို ဖျက်ဆီးလို့ဆိုပြီးတော့ သူ့မိန်းမနဲ့ ရန်ဖြစ်ရင်းနဲ့ သူ့မိန်းမဟာ သေဆုံးသွားခဲ့ပါတယ်။  သူရဲ့ မိန်းမဟာ ထိုင်းနိုင်ငံသူဖြစ်ပြီး ထိုင်းနိုင်ငံက အရက်ဆိုင်တစ်ဆိုင်မှာ ၂၀၀၁ ခုနှစ်က စတင်တွေ့ရှိခဲ့ပါတယ်တဲ့။  နောက်တော့ ၂၀၀၃ ခုနှစ်၊ သူ ထိုင်းနိုင်ငံကို လေးကြိမ်မြောက်ခရီးသွားအပြီးမှာတော့ အဆိုပါမိန်းကလေး ပွန်ပီလိုင် စရီစရွိုင်နဲ့ လက်ထပ်ခဲ့ပါတယ်။
Wednesday, November 2, 2011
မြေမြိုတဲ့ တရုတ်ကမြို့တွေ
          မြေမြိုတယ်ဆိုလို့ တစ်မျိုးတော့မထင်လိုက်ပါနဲ့။ ရေတိုက်စားမှု့ကြောင့် မြေတွေ ပြိုသွားတာကို ဆိုလိုတာပါ။  တိုးတက်လာမှု့နဲ့အတူ အရာရာ အလျှင်အမြန်ပြီးစီးဖို့ လိုအပ်လာပါတယ်။  ဆိုတော့…. လုပ်သလို မဖြစ်ရင် ဖြစ်သလိုလုပ်ပါတယ်။  အဲ့ဒီတော့ တရုတ်ပြည်မှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေဟာ အထူးအဆန်းရယ်တော့ မဟုတ်လှပါဘူး။  နောက်တစ်ခုက တရုတ်တွေရဲ့ ကိုယ်ခပိုင်ခံယူချက်၊  မိမိအလုပ်အပေါ် တန်ဖိုးထားခြင်း၊ မိမိကိုယ်မိမိ ပရောဖက်ရှင်နယ်တစ်ယောက်အဖြစ် ခံယူခြင်း၊ မိမိထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တစ်ခုအပေါ်မှာ မိမိသည် တာဝန်အရှိဆုံး လူတစ်ယောက်ဟု ခံယူခြင်း၊ စတဲ့ ခံယူချက်တွေရှိလားလို့မေးရင် ကြားတောင်မကြားဖူးဘူးလို့ ပြန်ဖြေပါလိမ့်မယ်။  မင်း ငါ့ကို ဒီငွေပေးတာ၊ ဒီငွေနဲ့ တန်တဲ့ ဟောဒီမှာ ဟော့ဒါရမယ်၊ ကျန်တာတွေ လာမပြောနဲ့ ပြီးတာက ပြီးသွားပြီ။  ဒါဟာ တော်တော်များများက ပြန်ပေးမယ့်အဖြေပါ။
ကျွန်တော်နှင့် ကျောင်းသားဘ၀ အမှတ်တရများ ၁
          ကျောင်းသားဘ၀ဆိုရင် ပြေးမြင်တာက စာမေးပွဲဖြေချိန်လေးတွေကိုပါ။  ရေကြောင်း တက္ကသိုလ် ၅ နှစ်တစ်လျှောက် စာမေးပွဲဖြေနိုင်သလားမေးရင် ဟင့်အင်းပဲ။  ဘယ်ဖြေနိုင်မလဲ စာမှ မလုပ်တာကိုး။  ကျွန်တော်က စာတော်တဲ့လူမဟုတ်သလို၊  အတန်းမှန်သူလည်းမဟုတ်ပါဘူး။  ပထမနှစ်ကျောင်းစတက်တော့ အဲ့ဒီတုန်းက ရန်ကုန် ဆင်မလိုက် ရေကြောင်းသိပ္ပံမှာ တစ်ဝန်းထဲတူတူတက်ရပါတယ်။  အဲ့ဒီမှာ တင် ကင်း၊ကွင်း၊ဂျက် ပေါင်းစုံကို မျိုးစုံ သိသွားတာပါပဲ။  ရှမ်း နဲ့ ရှိုးကတော့ အများဆုံး ရိုက်တာပေါ့လေ။  အဲ့ဒီတုန်းက PS2 သေအောင်ဆော့ခဲ့တာပေါ့။  သူငယ်ချင်းတွေ စုံရင်လဲ ဂိမ်းဆိုင်သွားတယ်။  ဖလားလည်းလုတယ်။  ဖလားလုတယ်ဆိုတာက ပိုက်ဆံသွင်းပြီးတော့ ဗိုလ်လုပွဲအထိ ရောက်အောင်တက် ဖလားရအောင် ကန်ရတာပါ။  ဆိုတော့ တစ်ခါကန်လိုက်ရင် တစ်နေကိုကုန်တာပဲ။  ကျောင်းတက်ဖို့တောင် အချိန်ကမရပါဘူး။  စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ဆင်ရေတွင်း၊ အင်းစိန် ရှိရှိသမျှ ဂိမ်းဆိုတဲ့အသံကြားတာနဲ့ မရောက်ရောက်အောင်သွား ဂိမ်းထဲမှာကန် တာပါပဲ။