စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, July 23, 2014

ခမ်းနားသော ဖွင့်ပွဲ


         [ဒီဝတ္တုတိုလေးကို ဆရာ မြင့်သန်းဘာသာပြန်ထားပြီးတော့ မူရင်းကတော့ တရုတ်စာရေးဆရာ လောဝ်ရှု ရေးသားထားတာဖြစ်ပါတယ်။  သူ့ခေတ်၊သူ့အခါက လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတာကို သရော်ပြီးရေးထားတဲ့ ၀တ္တုတိုလေးဖြစ်ပါတယ်။]

ဝါန်း­­­­ရယ်၊ ချူရယ်၊ ကျွန်တော်ရယ် စပ်ပြီး ဆေးရုံတစ်ခု ဖွင့်ကြတယ်။  ၀ါန်းရဲ့ မိန်းမက သူနာပြုဆရာမချုပ်ဖြစ်လာမယ်။  အလျင်ကတော့ ရိုးရိုးသူနာပြုဆရာမပဲ။  ယောက်ျားရတော့ ဆရာဝန်ကတော်ရယ်လို့ အဆင့်တက်သွားရာက အခု သူနာပြုဆရာမချုပ်ဖြစ်လာမှာ။  ချူရဲ့ ယောက္ခမအထီးကြီးကတော့ လုပ်ငန်းပိုင်းဆိုင်ရာ မန်နေဂျာနဲ့ စာရင်းကိုင်အဖြစ် တာဝန်ယူမယ်။  ဒီိကိစ္စ အားလုံးအတွက် ၀ါန်းနဲ့ ကျွန်တော် ညှိပြီးပြီ။  တကယ်လို့များ ချူရဲ့ ယောက္ခမကြီး စာရင်းလိမ်တာတို့၊  အလွဲသုံးစားလုပ်တာတို့များ လုပ်လာခဲ့ရင် ၀ါန်းနဲ့ ကျွန်တော်က အဘိုးကြီးရဲ့ သမက်ကို ပညာပေးရုံပဲ။  အပြတ်ကိုင်ရုံပဲ။  ဒီတော့ ချူက သူ့ယောက္ခမကြီး အတွက် အာမခံတင်ထားရတာမျိုး။  ၀ါန်းနဲ့ ကျွန်တော်က ဒီကိစ္စမှာ အမာခံတွေ။  ဆေးရုံဖွင့်ကြမယ်ဆိုတဲ့ အကြံကိုက ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြံ။  ကျွန်တော်တို့ခေါ်လို့ ချူက နောက်မှ ပါလာတာ။  သူ့ကိုတော့ မျက်စိဒေါက်ထောက် ကြည့်ရမှာပဲ။

         ဘယ်လိုစီးပွားရေးလုပ်ငန်းကိုပဲ လုပ်လုပ်။  လုပ်ကိုင်ကြတဲ့ လူအရေအတွက်က ဘယ်လောက်ပဲ နည်းနည်း၊ သူ့လူ ကိုယ့်လူ ရယ်လို့ အုပ်စုခွဲတာကလေးကတော့ ရှိမှာပဲ။  အဲဒီလိုမှမဟုတ်ရင် လုပ်ငန်းတစ်ခုလုံးအပေါ် သိပ်ပြီး ဂရုမစိုက်သလိုမျိုး ဖြစ်နေမှာပဲ။  မဟုတ်ပေဘူးလား။  ဒီတော့ ကျွန်တော်တို့ ဘယ်လို အုပ်စုခွဲမယ် ဆိုတာကို တင်ကူးပြီး စီမံထားလိုက်ကြတယ်။  ၀ါန်းနဲ့ကျွန်တော့် အုပ်စုထဲမှာ ချူ မိန်းမကို ထည့်ရမယ်။  ဒါမှ တစ်ခုခုအပေါ် မဲခွဲကြရင် ကျွန်တော်တို့က သုံးမဲ၊ သူက တစ်မဲတည်း။  သူ့ယောက္ခမကြီးက ၀ါးန်ဘက်က ပါကောင်း ပါမယ်။  အဘိုးကြီးက အိုလှပြီ။  ၀ါန်း မိန်းမက ကျွန်တော်တို့အုပ်စုထဲ ပါနေမှတော့ အဘိုးကြီး ကိစ္စကို သူ့စရိတ်နဲ့သူ ရှင်းပါလိမ့်မယ်။

         ချူနဲ့ ပတ်သက်လို့ ချီမွမ်းစရာ ရှိတာကလေးကိုတော့လည်း ချီးမွမ်းရဦးမယ်။  သူ့ဟာနဲ့သူ တော်တဲ့အပို်င်း ရှိတယ်။  လိပ်ခေါင်းဖြတ်ရာမှာ တော်တယ်။  ဓားကိုင်ကောင်းတဲ့ လူတစ်ယောက် သူ့အလုပ်မှာ သူတော်တယ်ဆိုတာကဖြင့် ၀မ်းမြောက်စရာပဲ။  ဒါကြောင့်မို့ပဲ သူ့ကို ကျွန်တော်တို့ လုပ်ငန်းထဲကို ဖိတ်ခေါ်ခဲ့တာ။  တကယ်လို့များ သင်းက လူလည် ကျလာခဲ့ရင်တော့ သူ့ရဲ့ ခွဲစိတ်ကုသရာမှာ ကျွမ်းကျင်တာတွေ အသာမေ့ထား၊ ကောင်းကောင်းချည်း ဆုံးမပေးရလိမ့်မယ်။

Thursday, May 8, 2014

Apple ကွန်ပျူတာများနှင့် နှစ်၃၀


၁၉၇၆ ခုနှစ်မှာ Apple ကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobs နဲ့ Steve Wozniak တို့ရဲ့ ပထမဦးဆုံး ကွန်ပျူတာလေးပါ။  ဒါကို Apple 1 လို့ အမည်တပ်ခဲ့ကြပါတယ်။  ဒီကွန်ပျူတာလေး လုပ်ဖို့အတွက် Steve Jobs က သူ့ရဲ့ VW ကားလေးကို ရောင်းခဲ့ပြီးတော့၊  Steve Wozniak ကတော့ သူ့ရဲ့ HP-65 calculator လေးကို ရောင်းချခဲ့ပါတယ်။  ဒီကွန်ပျူတာကို Steve Waozniak ကိုယ်တိုင် လက်နဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။

Wednesday, February 12, 2014

အံရောသော်ဝ်.... မြောက်ကိုရီးယား ၂၀

မြောက်ကိုရီးယားရဲ့ တရားဝင် မှတ်တမ်းမှာတော့ သွားလေသူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးဟာ အမိဝမ်းက ကျွတ်လို့ ၃ ပတ်သားအရွယ်မှာတင် လမ်းလျှောက်နိုင်ပါသတဲ့။  ၈ ပတ်သားအရွယ်မှာ စကားစတင်ပြောနိုင်ပါသတဲ့။  သူ ကင်မ်အီလ်ဆုံ တက္ကသိုလ်မှာ ၃ နှစ်ကျောင်းနေခဲ့စဉ်အတွင်း စာအုပ်ပေါင်း ၁၅၀၀ လောက် ရေးသားခဲ့ပြီး အော်ပရာပြဇာတ် ၆ ပုဒ်ပါ ရေးပါသတဲ့။  သူ့ရဲ့ အတ္တုပတ္တိ စာအုပ်ထဲမှာတော့ သူရေးခဲ့တဲ့ အော်ပရာ ပြဇာတ်တွေဟာ ဂီတ သမိုင်းအဆက်ဆက်က ဇာတ်ထုပ်တွေထက်တောင် ပိုကောင်းပါသတဲ့။  သူ့ရဲ့ အားကစားထူးချွန်ပုံကလည်း အံမခန်းပါတဲ့ဗျာ။  ၁၉၉၄ မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသောရှိတဲ့ ဂေါက်ကျင်းမှာ ဂေါက်ရိုက်သင်ပြီးပြီးချင် ၃၈ ကျင်းရိုက်တော့ ၁၁ ကျင်းမှာ hole-in-one ရတယ်လို့ ပြုံယမ်း မီဒီယာတွေမှာ ဖော်ပြသွားပါတယ်။  သူ့ရဲ့ ကိုယ်ရံတော် ၁၇ယောက်က ဒီလိုမျိုး စံချိန်တွေချိုးတာကို မှတ်တမ်းတင်ပေးခဲ့တယ်လို့ ဆိုပါတယ်။  ဒီလိုမျိုး လက်စွမ်းပြပြီးကထဲက ကင်မ်ဂျုံအီးတစ်ယောက် ဂေါက်လောကကို လက်ပြနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

Tuesday, February 11, 2014

သူတို့တွေ နုစဉ်အခါက (၂)

အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘ၀လေးတွေကို အင်တာနက်မှာတွေ့လို့ တင်ပေးလိုက်ပါတယ်.... 


 Sydney Bristow မင်းသမီးမဖြစ်ခင်တုန်းက အထက်တန်းကျောင်းရဲ့ တီးဝိုင်းအဖွဲ့မှာ Saxophone တီးမှုတ်ခဲ့ပါသတဲ့....

Monday, February 10, 2014

သူတို့တွေ နုစဉ်အခါက (၁)

ကမ္ဘာ့နိုင်ငံ အရပ်ရပ်က ခေါင်းဆောင်တွေရဲ့ ငယ်စဉ်ဘ၀ ပုံရိပ်ကလေးတွေကို အင်တာနက်မှာတွေ့လို့ တင်ပေးလိုက်ပါတယ်.....


အိုဘားမား ငယ်စဉ်

Thursday, January 23, 2014

Troy (သို့) ပျောက်ဆုံးခဲ့သော မြို့တော် (၁)

          စင်ကာပူပြန်ရောက်နေတဲ့ ရက်ပိုင်းတုန်းက ထရွိုင်မြို့အကြောင်း ရုပ်ရှင်ကြည့်ဖြစ်တယ်… နောက်ပြီး စိတ်ဝင်စားလို့ ဟိုရှာဖတ် ဒီရှာဖတ်နဲ့။  Troy မြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားပုံတွေက ကိုယ့်မျက်စေ့ရှေ့မှာ မြင်နေရသလိုပဲ။  မြန်မာ Sea Game ဖွင့်ပွဲတုန်းက “မဟာ….ကြီးမြတ်လေသော သမိုင်းကြောင်းများ.. ဒီမြေကြီးထက်မှာဆိုပြီး”  ကျွန်တော်တို့ ပုဂံအကြောင်း သရုပ်ဖော်တော့ ရဲစိတ် ရဲမာန်တွေ တက်ကြွလာသလိုပဲ… ထရွိုင်မြို့အကြောင်းဖတ်လိုက်ရင် လည်းဒီလိုပဲ စိတ်ဝင်စားစရာတွေနဲ့ တွေးစရာတွေ အများကြီးကျန်ခဲ့တယ်။
          လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်က ကြေးခေတ်လူသားတွေရဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ခဲ့တဲ့ မြို့တော်ကြီး၊  ကမ္ဘာ့အလှဆုံးဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါး အလား ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီး ဟယ်လင်၊  ရာဇမာန်ကို ထိလာခဲ့ရင် ဆတ်ဆတ်ထိမခံခဲ့တဲ့ စပါတာ(ဂရိ) လူမျိုးတွေထဲက ဘုရင်းတပါး ဖြစ်တဲ့ မန်နီလော့စ်၊  အချစ်အတွက် အသက်ပင်ပေးခဲ့ရတဲ့ ထရွိုင်မြို့ရဲ့ အိမ်ရှေ့သခင် ပဲရစ်၊ သမိုင်းတွင်ခဲ့တဲ့ ထရိုဂျန် စစ်ပွဲကြီးပွား ခဲ့တဲ့ မြို့တော်…  အာခီလီစ်၊ ဟက်တာ၊ အိုင်းယက်စ် စတာတွေ အပြင် သူရဲကောင်းတွေ များစွာရဲ့ သွေး မြေကျခဲ့ရတဲ့ နေရာ၊  ရန်သူတွေကို ပရိယာယ်ဆင် အောင်ပွဲခံတုန်းက အဓိက အသုံးပြုခဲ့တဲ့ ထရိုဂျန် မြင်းရုပ်ကြီး၊  ဂရိတွေ ဘယ်လိုမှ တိုက်လို့မရပဲ တပ်ဆုတ်ပြီး သင်္ဘောတွေ ပြန်လည်ထွက်ခွာသွားတော့ ထရွိုင်မြို့သားတွေ အောင်ပွဲခံ သတိလွတ်နေတုန်း မြင်းရုပ်ဗိုက်ထဲက ဂရိစစ်သည်ထွက်၊  မြို့တံခါးကို ဖွင့်လို့ ၁၀ နှစ်ကြာ တိုက်ယူလို့မရခဲ့တဲ့ ထရွိုင်မြို့ကြီးဟာ ညတွင်းချင်းမှာပဲ မြေပေါ် ပြားပြားဝပ်သွားခဲ့ရတဲ့ အဖြစ်…..စသည်အားဖြင့် ရေးထားတဲ့ ဟိုးမားရဲ့ ILIAD ကဗျာရှည်ကြီးထဲမှာ ဇာတ်ကောင်များစွာ သက်ဝင်လှုပ်ရှားနေတုန်း။  ဒါပေမယ့် ဒီ ကဗျာရှည်(၀တ္တု) ကြီးထဲက ထရွိုင်မြို့ကြီးဟာ တစ်ကယ်ရှိခဲ့တာလား?

Monday, January 6, 2014

အလုပ်ထဲမှာ ဒီလိုရှိတယ် (၃)

အဟက် အဟက်
          မနှစ်က ဆောက်ခဲ့တဲ့ သင်္ဘော နှစ်စီးကကျတော့ အတော်လေး အကုန်အကျအများသား။  သင်္ဘောကျင်းကို စာချုပ်နဲ့အပြီး အပ်လိုက်ပေမယ့် အဲ့ဒီ တရုတ်သင်္ဘောကျင်းက သင်္ဘော မဆောက်တတ်ပေါင်။  ဒီတော့ နောက်ဆုံး လိုချင်တဲ့ အရည်အသွေးမရတာနဲ့၊  ပြန်ပြင်ရတာနဲ့၊ နှေးတာနဲ့ လုံးလည်ချာလပတ်တွေလိုက်ပြီးတော့ ကျွန်တော့်တို့ ကုမ္ပဏီက လူတွေထပ်ခေါ်၊  ကျွန်တော်တို့ Contractor တွေကို သင်္ဘောကျင်းထဲထည့်ပြီး ကိုယ့်သင်္ဘော ကိုယ်ပြန်ဆောက်ရတဲ့ အခြေအနေကို ရောက်ရော။ 
          အဲ….ပြဿနာက အဲ့ဒီ တစ်ပြုံတစ်မကြီးရဲ့ စားစရိတ်၊ အထွေထွေသုံးစရိတ် ဒါတွေက Delay ဖြစ်ရင်ဖြစ်သလောက် Overhead cost ကတက်လာပါပရော။  ဒါ့အပြင် ကိုယ်ထည့်ချင်တဲ့ ပစ္စည်းတွေ တရုတ်မှာ Custom clear လုပ်တာတွေ၊ Transport စရိတ်တွေ ဒါတွေအားလုံးပေါင်းလိုက်တော့ ဘေဂျင်းက ကျွန်တော်တို့ရုံးလည်း ၁နှစ်ခွဲလောက် ရော့ရော့ ကြိုက်သလောက်သာယူပေတော့ ဆိုပြီး ပေးလိုက်၊ ပေးလိုက်နဲ့ ငွေလုံးလုံးမရှိတဲ့ ဘ၀ကိုရောက်သွားရော။ 
          ဒီလိုနဲ့ အေးဂျင့်တစ်ယောက်နဲ့ တွဲလုပ်ဖြစ်လိုက်တယ်။  ဒီအေးဂျင့်က ကော်ဖီမှုန့်ကစလို့၊  Contractor ဖိုးတွေ၊ Custom Clearance တွေ၊ Transport စရိတ်တွေအားလုံး ကြားထဲက အကျိုးဆောင်ပြီး ရှင်းပေးသပေါ့လေ။  ဒါပေမယ့် ရာခိုင်နှုန်းလေးတော့ ကြားထဲက သူကစားတယ်ပေါ့။  အားလုံး အဆင်ပြေပါတယ်။  နောက်ဆုံး သင်္ဘောပြီး ပရောဂျက် စရင်းသိမ်းတော့ ငွေရှင်းတမ်းလုပ်ပါလေရောလား။  ဘယ်၍ဘယ်မျှကျတယ်၊ ဘယ်လိုမျိုးခွဲပေးကြမယ် စတာတွေကို အီးမေးနဲ့ ပို့ကြသပေါ့။ အဲ့ဒီမှာ အေးဂျင့်ရဲ့ အီးမေးလ်က အဟက်ခံထားရပါသကောလား။  ကျွန်တော်တို့ ဘက်ကပို့လိုက်တဲ့ အီးမေးလ်တွေကို ဟို ဟက်ကာကောင်က စောင့်ဖတ်ပြီးတော့ နောက်ဆုံး ဘယ်ဘဏ်ကို ငွေလွှဲရမလဲ၊  ဘဏ့်အကောင့်ပေးပါဆိုပြီး တောင်းတဲ့ စာလည်းရောက်ရော ကြားထဲက ဖျောင်လိုက်တာပဲ။  ပြီးတော့ သူက ကျွန်တော်တို့ ဆီကို မေးလ်ပြန်ပို့သဗျ၊  သူ့ ဟောင်ကောင်က ဘဏ်နဲ့ သူ့အကောင့် ကို။  ကျွန်တော်တို့ကလည်း မသိဘူးလေ အဲ့ဒီကို လွှဲဆိုတော့ လွှဲလိုက်တာ။  လွှဲပေမယ့် စလုံးက ကျွန်တော်တို့ ကုမ္ပဏီက ကျွန်တော်တို့ အေးဂျင့်နာမည်တပ်ပြီး အဲ့ဒီအကောင့်ကို လွှဲပေးလိုက်တာ။  ဒီအတွက် ဟိုအကောင်တွေက ဘဏ်ထဲက ထုတ်လို့မရဘူးဖြစ်နေရော။  ဒီလိုနဲ့ ဘဏ်က Transition ကို Cancel လုပ်ပစ်လိုက်တယ်။ 

Saturday, January 4, 2014

ကျွန်တော်နှင့် ဆာယိုနာရား ၂၀၁၃

          ၂၀၁၃ ကြီးသည် လက်ပြကျန်ခဲ့ပြီဖြစ်သည်။  လက်ပြမပြတော့ မသိ၊  ကိုယ့်စိတ်ထဲမှာ ကိုယ့်ဟာကိုယ် လက်ပြပြီး ထားခဲ့ခြင်းဖြစ်သည်။  ၂၀၁၁ က စခဲ့သော သင်္ဘောနှစ်စီးသည်၊  ၂၀၁၃ ဒီဇင်ဘာတွင် ထွက်သွားခဲ့ပြီ ဖြစ်သည်။  တစ်စီးက မီးထိုးဖို့ တစ်စီးက ကက်ဆက်ဖွင့်ဖို့ အဲလေ… တစ်စီးက လျှပ်စစ်မီးကြိုးတွေ ပင်လယ်ထဲ ဆွဲပြီး သွယ်ဖို့၊ နောက်တစ်စီးက Offshore စင်အသစ်ဆောက်တဲ့နေရာမှာ ပင်လယ်ထဲ ပနက်ရိုက်ဖို့ ဘာဖို့ လုပ်တဲ့ Rock Dumping လုပ်ပစ်လိုက်ကြသည်။  ကောင်း၏။  နှုတ်ဆက်ပါသည် ရှန်ဟိုင်း၊  လမ်းခွဲခဲ့ပြီ။  ကိုပီတာကြီး ပြောသလို နန်ကျင်းလမ်းကိုလွမ်းသည်၊  The Bund ကိုလွမ်းမည်၊  ယောင်ချာချာနှင့် ရှင်ထျန်ဒီး ကိုလွမ်းပြီး ကျန်ခဲ့မည်။  ဒီလိုနှင့် ၂၀၁၃ သည်ကုန်သွားလေ၏။  ဘလော့ဂ်မတင်ဖြစ်။  သူကြီးမင်း၏ တစ် လိုဖြစ်နေပြီ။