စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Tuesday, July 31, 2012
Diablo III ဂိမ်းကို နာရီ ၄၀ကြာဆော့ရင်း သေသွားတဲ့ လူငယ်
          တိုင်ဝမ်နိုင်ငံက အသက် ၁၈နှစ်အရွယ် ချောင် ဆိုတဲ့ လူငယ်လေးကတော့ အင်တာနက် ကဖေးဆိုင်တစ်ခုမှာ နာရီပေါင်း ၄၀ကြာ မရပ်မနား (ပ၀ါမကူ ရေမရှု လို့ ဆိုရမလားပဲ) နောက်ဆုံးထွက် Diablo III ကို ကစားရင်းနဲ့ သတိလစ်မေ့မျောကာ နောက်ဆုံး သေဆုံးသွားခဲ့ပါတယ်။  ချောင်ဟာ Blizzard’s ကထုတ်တဲ့ Diablo III game အသစ်ကို ဆော့ဖို့အတွက် အဆိုပါ အင်တာနက် ကဖေးမှာ ဘွတ်ကင်ယူပြီးတော့ကို ဆော့ပါသတဲ့။  ဂိမ်းဆော့တဲ့ အချိန်အတွင်းမှာ ဘယ်လို အာရုံနောက်တာမှ မလိုချင်လို့ အစားတောင်မစားပဲ နာရီ ၄၀ကြာအောင် ဇူလိုင် ၁၃ ရက်နေ့ ကထည်းက ဆက်တိုက်ဆော့လိုက်တာ ဇွန်လိုင် ၁၅ ရက်မနက်မှာတော့ အင်တာနက်ဆိုင်အဖွင့်မှာ ဆိုင်ဝန်ထမ်းက ကွန်ပျူတာရှေ့မှာ မှောက်နေတဲ့ ချောင် ကိုတွေ့ရတယ်လို့ ဆိုပါတယ်။  သူ့ကို လှုပ်နှိုးလိုက်တော့ လမ်းအနည်းငယ်သာလျှောက်နိုင်ပြီး လဲကျသွားခဲ့တယ်လို့ ဆိုပါတယ်။  ဆေးရုံကိုပို့ခဲ့ပေမယ့် မကြာခင်မှာပဲ ချောင်ဟာ သေဆုံးသွားခဲ့ပါတယ်။
          သူဘာဖြစ်လို့ သေသွားသလဲဆိုတာကတော့ စုံစမ်းနေတုန်းပါပဲ။  ဒါပေမယ့် ချောင်ဟာ ဂိမ်းကစားနေ့တဲ့ တစ်လျှောက်လုံး အစာမစားခဲ့ပါဘူး။ ဒါပေမယ့် သူဘာတွေ သောက်ခဲ့လဲဆိုတာကတော့ စုံစမ်းနေဆဲလို့ဆိုပါတယ်။  တစ်ကယ်လို့သာသူဟာ ခွန်အားဖြင့် အချိုရည်လို့ခေါ်တဲ့ Energy Drinks တွေကိုသာ သောက်ခဲ့မယ်ဆိုရင်တော့ ဒါဟာ သူ့ခန္ဓာကိုယ်အလုပ်လုပ်ပုံကို အဓိက ထိခိုက်စေတဲ့ အကြောင်းဖြစ်မှာပါ။  ဘယ်အရာမဆို အလွန်အကျူးလုပ်ရင် ဘေးဖြစ်တာပါပဲလေ။  ဂိမ်းဆော့လဲ နားချိန်လေးတော့ ထားသင့်ပါတယ်။  ဂိမ်းကစားတာကို ခဏရပ်၊ အပြင်လေးဘာလေးထွက်၊ အစားစား၊ ဟိုကြည့်၊ ဒီကြည့်ပေါ့။
Source : (Link)
လှေကားထစ်ကလေးများ
          ဒီနေ့ အင်တာဗျူးလေးတစ်ခုဖတ်လိုက်ရတော့ တော်တော်လေး အားတက်မိတယ်။ ကျွန်တော်များသောအားဖြင့် အပြုသဘောဆောင်တဲ့ အတွေးအမြင်ကို တတ်နိုင်သလောက် လက်ခံဖို့ ကြိုးစားပါတယ်။  လှေကားထစ်လေးတွေထဲက လှေကားထစ် တစ်ထစ်ပြီး တစ်ထစ်ကို တက်ဖို့ အားယူနေတဲ့ မြန်မာပြည်အတွက် ဒီလိုသတင်းလေးတွေဖတ်ရတာ ပိုပြီးတော့ အားရမိတယ်။  သတင်းလေးကတော့ နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု့ဆိုင်ရာဥပဒေအသစ်ကို ဇူလိုင်လကုန်ပိုင်းမှာ အတည်ပြုနိုင်ဖို့ မျှော်လင့်တယ်ဆိုတဲ့ သတင်းလေးပါ။  ဒီ ဥပဒေ အသစ်ထဲမှာ နိုင်ငံခြားက လာရောက်ပြီး ရင်းနှီမြှုပ်နှံမယ့် ကုမ္ပဏီတွေအတွက် သက်လာတဲ့ အခွန်နှုန်းထား၊ ဒေသတွင်း မြေပိုင်တွေဆီကနေပြီးတော့ ပိုမိုလွတ်လပ်စွာ မြေယာ ငှားရမ်းနိုင်ဖို့ စတဲ့ အချက်အလက်တွေပါဝင်တဲ့ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။  လွှတ်တော်မှာ အတည်ပြုပြီးရင်တော့ သမ္မတကြီးဆီကို တင်သွင်းလို့ တရားဝင်ထုတ်ပြန်နိုင်မယ်လို့ ဆိုပါတယ်။  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု့ဆိုင်ရာ ဥပဒေ အသစ် အတည်ဖြစ်ဖို့ကတော့ ဇွန်လိုင် လကုန်လောက်မှန်းထားတယ်လို့ ဆိုထားပါတယ်။  ဒီအထဲမှာ ကိုကာကိုလာ ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် စတင်ဖို့ ဆောင်ရွက်နေသလို GE (General Electric Co.) ကလည်း လျှပ်စစ် ဓာတ်အားပေးစက်တွေနဲ့ ပါတ်သတ်တဲ့ ထုတ်ကုန်တွေကို သွင်းဖို့ ဆွေးနွေးနေတယ်လို့ဆိုပါတယ်။  
            ရင်းနှီမြှုပ်နှံမှု့ဆိုင်ရာ ဥပဒေ အသစ် ပြဋ္ဌာန်းနိုင်မှသာ ပွင့်လင်းမြင်သာလို့ ရင်းနှီမြှု့ပ်နှံသူတွေ ၀င်ရောက်လာနိုင်မှာပါ။  နောက်တစ်ချက်ဖြစ်တဲ့ လျှပ်စစ် ကဏ္ဍကိုလည်း သမ္မတကြီးနဲ့CNE တို့ အင်တာဗျူးမှာ ဖြေသွားတာတွေ့တော် အတော်လေး အားတက်မိပါတယ်  ဆိုလေတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဟပ်ချလောင်းမဟုတ်ပေမယ့်၊ တဖြည်းဖြည်း ပွင့်လမ်းလာဖို့ အခွင့်အရေးတွေ မြင်မိတော့ အားတက်မိတယ်။  အလုပ်သမား သမဂ္ဂတွေ၊ သက်ဆိုင်ရာပါတီတွေလည်း ရင်းနှီးမြှုပ်နှံမှု့ ဥပဒေ မတင်ခင်က စလို့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကစတဲ့ အလုပ်သမား အခွင့်အရေးတွေနဲ့ ပါတ်သတ်တာတွေ ကြိုတင် ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။  အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေမှာလည်း နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပါတ်သတ်ပြီး ဖြစ်ပေါ်လာမယ့် အမှု့အခင်းတွေကို တိကျစွာ ကိုင်တွယ်နိုင်ဖို့ တိကျ၊ သေချာတဲ့ ဥပဒေမျိုးတွေ ကြိုတင်ဖြည့်စွက်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ကျွန်တော်က မြင်ပါတယ်။ 
Monday, July 30, 2012
အင်္ဂလိပ်စာထဲက နှိုက်နှိုက်ချွတ်ချွတ်များ
၁။ အင်္ဂလိပ်စာဟာ အေဒီ ၅ ရာစုလောက်တုန်းက ဂျာမန်မျိုးနွယ်စုတွေ အင်္ဂလန်ကျွန်းကို ရောက်လာတော့မှ အင်္ဂလိပ် ဘာသာစကားဆိုပြီး အစပျိုးပါသတဲ့။  အဲ့ဒီ အချိန်တုန်းကတော့ အင်္ဂလန်နိုင်ငံမှာ ဆဲလ်တစ် ဘာသာစကားပြောပါသတဲ့။  ဒါပေမယ့် အဆိုပါ မျိုးနွယ်စုတွေ နယ်ချဲ့လာတဲ့အတွက် ဒေသခံတွေဟာ မြောက်အရပ်ကို တဖြည်းဖြည်းနဲ့ ရွှေ့လျှားလာတာ ယခု ဝေးလ နယ်လို့ခေါ်တဲ ဝေးလ်စ် ဒေသကို ရောက်သွားပါသတဲ့။  ကျူးကျော်လာတဲ့ လူမျိုးစုဖြစ်တဲ့ အိန်ဂျယ် မျိုးနွယ်စုတွေသုံးတဲ့ ဘာသာစကားကတော့ Engilsc ဆိုတာဖြစ်ပြီး နောက်တော့ အင်္ဂလန် နဲ့ အင်္ဂလိပ်ဆိုပြီး ပြောင်းလဲ လာခဲ့ပါတယ်။
Source : (Link)
၂။ အင်္ဂလိပ်ဘာသာစကားမှာ အရှည်ဆုံးသော ဝေါဟာရကတော့ “pneumonoultramicroscopicsilicovolcanokoniosis” ဆိုတာဖြစ်ပြီးတော့ စကားလုံးပေါင်း ၄၅ လုံး ပါဝင်ပါတယ်။  သူ့ရဲ့ အဓိပ္ပာယ်ကတော့ သေးငယ်လှတဲ့ ဆီလီကာ အမှုန်လေးတွေကြောင့် အဆုတ်ရောင်တယ်လို့ ဆိုပါတယ်။  ဒုတိယ အရှည်ဆုံး ဝေါဟာရကတော့ “electrophotomicrographically”  ဆိုတာပဲ ဖြစ်ပါတယ်။ 
Source : (Link)
၃။ နေ့စဉ်သုံး အင်္ဂလိပ်စာတွေထဲမှာ ပါဝင်တဲ့ စကားလုံးတွေရဲ့ ရာခိုင်နှုန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါသတဲ့
A–၈.၁၇%၊ B-၁.၄၉%၊ C-၂.၇၈%၊ D-၄.၂၅%၊ E–၁၂.၇%၊ F-၂.၂၃%၊ G-၂.၀၂%၊ H-၆.၀၉%၊ I–၆.၉၇%၊ J-၀.၁၅%၊ K-၀.၇၇%၊ L-၄.၀၃%၊ K-၀.၇၇%၊ L-၄.၀၃%၊ M-၂.၄၁%၊ N-၆.၇၅%၊ O-၇.၅၁%၊ P-၁.၉၃%၊ Q-၀.၁%၊ R-၅.၉၉%၊ S-၆.၃၃%၊ T-၉.၀၆%၊ U-၂.၇၆%၊ V-0.98%၊ W-၂.၃၆%၊ X-၀.၁၅%၊ Y-၁.၉၇%၊ Z-၀.၀၇%
Source : (Link)
၎။ သင့်ကွန်ပျူတာ ကီးဘုတ်က A to Z စာလုံးတွေ အလုပ် လုပ်၊ မလုပ်သိချင်ရင် ထွေထွေထူးထူး လုပ်နေစရာမလိုပါဘူး “The quick brown fox jumps over the lazy dog” လို့သာရိုက်လိုက်။ အဲ့ဒီ ၀ါကျထဲမှာ A to Z အကုန်ပါပြီးသား။
Source : (Link)
Sunday, July 29, 2012
အင်ဂူဒက်စ်မန်း နှင့် ဂျူး
         မနေ့ကတော့ Igudesman and Joo ဆိုတဲ့ နှစ်ယောက်တွဲ ဂီတ အဖွဲ့ A BIG Nightmare Music ဖျော်ဖြေမှု့လေးတွေကို YouTube မှာ ကြည့်ဖြစ်တယ်။  သူတို့နှစ်ယောက်ဟာ အသက် ၁၂ နှစ်အရွယ်၊ အင်္ဂလန်က ရဟူဒီ မီနူဟင်ကျောင်းမှာကထည်းက စတင်တွေ့ခဲ့ကြပြီး အဲ့ဒီထဲက အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ရဲ့ ဂန္တ၀င်ဂီတ ဖျော်ဖြေမှု့ဟာ ရိုးစဉ်းမနေပဲ အသောလေးတွေ၊ ယဉ်ကျေးမှု့၊ ခေတ်နဲ့ ထင်ဟပ်စေတဲ့ ရယ်စရာလေးတွေ ပါဝင်လို့ ဂန္တ၀င်တေးဂီတတွေကို လူငယ်တွေပါ စိတ်ဝင်စားလာကြတယ်လို့ ဆိုပါတယ်။  သူတို့ရဲ့ 8 To 88 Musical Education For Children of All Ages မှာလည်း အဲ့ဒီသီချင်းလေးတွေ သွားနားထောင်နိုင်ပါသေးတယ်။  ကဲ… ဒီ တနင်္ဂနွေနေ့တော့ အားလပ်ရက်နားချင်သူတွေ Igudesman and Joo တို့ရဲ့ ဖျော်ဖြေမှု့လေးတွေကို ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။
Stability of damaged ships
             ကျွန်ုပ်တို့သည် သင်္ဘောကို ခွက်ပုံစံရေပေါ်ပေါ်နေသော အရာတစ်ခုဟု ယူဆကြည့်ပါ။  လည်းကောင်းသင်္ဘောတွင် အလျှားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း ရေလုံးခန်းစည်းများ မရှိဟုယူဆပါ။  ထိုသင်္ဘော၏၀မ်းတွင်ရှိသော အပေါက်တစ်ခုမှ ရေများဝင်လာသည်ဆိုပါစို့။  လည်းကောင်းသင်္ဘောသည် အရှေ့အနောက် တိမ်းစောင်းခြင်း (Trim)၊ ဘေးဘက်သို့တိမ်းစောင်းခြင်း (List) မရှိဘဲ တည့်မတ်သော အခြေအနေဖြင့် တစ်ဖြည်းဖြည်း နစ်မြုတ်သွားမည်ဖြစ်သည်။  ဤအခြေအနေတွင် ပတ်ဝန်းကျင်မှ ဥပမာ- လှိုင်းကြောင့် သင်္ဘောတိမ်းစောင်းမှု့ စသည် စသည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါနှင့်။  ထိုအချိန်အတွင်တွင် ခရီးသည်များ သင်္ဘောသားများသည် သင်္ဘောကို စွန့်ခွာပြီး ဘေးကင်းရာသို့ ထွက်ပြေးနိုင်ရန် အချိန်အနည်းငယ်ရသည်။
          သို့သော် ကျွန်ုပ်တို့ လက်တွေ့၌ သင်္ဘောများတွင် ဒေါင်လိုက် နှင့် အလျှားလိုက် ရေလုံခန်းစည်းများဖြင့် (Longitudinal and Transverse Bulkheads) တည်ဆောက်ထားသည်။  ထို့ကြောင့် အဆိုပါ Bulkheads များအကြားရှိ Tanks များသို့ ရေများယိုစိမ့် ၀င်ရောက်ပါက သင်္ဘောသည် ထို ရေ၀င်သော Tanks များရှိရာဘက်သို့ တိမ်းစောင်းသွားသည်။ အကယ်၍ အဆိုပါ Tanks or Compartments (ရေလုံခန်းများ) ၏ ပမာဏသည် သင်္ဘောတစ်စီးကို တိမ်းမှောက်စေသော ပမာဏ အထိကြီးမားပြီး ရေများအလျှင်အမြန်ဝင်ရောက်လာပါက အဆိုပါ သင်္ဘောကို ဆွဲလှဲသကဲ့သို့ဖြစ်စေပြီး မိနစ်အနည်းငယ်အတွင်း တိမ်းမှောက်စေသည်။  ထို့ကြောင့် တည်ဆောက်သော သင်္ဘောများတွင် ရေလုံခန်းများ၏ ပမာဏ Permeability ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
          Permeability ဆိုသည်မှာ သင်္ဘောတစ်စီးတွင်ရှိသော ရေလုံခန်းတစ်ခုတွင် အများဆုံးရေ၀င်နိုင်သော ပမာဏကို ဆိုလိုသည်။  Stability တွက်ချက်ရာတွင် ၀င်လာသောရေ၏ ပမာဏပေါ်မူတည်၍ Permeability ကို သုည သို့မဟုတ် ၁ ဟု သတ်မှတ်သည်။  အကယ်၍ အဆိုပါရေလုံခန်းကို ရေလုံးဝ မ၀င်သော အခြေအနေ သို့ အခန်းလွတ်ဟု ယူဆပါက Permeability ကို ၁ ဟုသတ်မှတ်သည်။  ခန်းလုံးပြည့်ရေပြည့်နေသောအခြေအနေကို Permeability တန်ဖိုး သုည ဟု ယူဆသည်။  သင်္ဘောတစ်စီးရှိ အင်ဂျင်ခန်းတစ်ခုအတွက် Permeability၏ တန်ဖိုးကို ကို ယေဘုယအားဖြင့် 0.85 ဟု သတ်မှတ်သည်။  ဆိုလိုသည်မှာ အဆိုပါ အင်ဂျင်ခန်းအတွင်းသို့ ရေ သို့မဟုတ် အခြားသော အရည် 0.15% အထိဝင်ရောက်သော်လည်း ထိုသင်္ဘော၏ Buoyance သည် လုံလောက်နေသေးပြီး မနစ်မြုတ်နိုင်သေးဟု ဆိုလိုသည်။  ထို့ကြောင့် Permeability တန်ဖိုးများပြားသော အခန်းများသည် ထိခိုက်မှု့များကြောင့် ရေယိုစိမ့်မှု့များစွာဖြစ်ပေါ်သော်လည်း Stabitily ကို ထိန်းထားနိုင်သည်။  Permeability ကိန်းညွှန်းတစ်ခု ဖြစ်သော permissible length နှင့် ပတ်သတ်သည့် Freeboard အကြောင်း၊ ပလင်းဆိုး (Plimsoll) mark အကြောင်းကို Load Line အကြောင်းရေးဖြစ်ရင် ဖော်ပြသွားပါမည်။
Saturday, July 28, 2012
Intact Stability
         သင်္ဘောတစ်စီးကို ဒီဇိုင်းရေးဆွဲလျှင် ရေပေါ်တွင် တည့်မတ်စွာ (၉၀ ဒီဂရီ တည့်မတ်စွာ) တည်နေရန် ဒီဇိုင်းရေးဆွဲသည်။  ထို့ကြောင့် သင့် Hull Form ဒီဇိုင်းအပြီးသတ်သောအချိန်နှင့် သင်္ဘော၏ စက်ပစ္စည်းများ ဥပမာ- Engines, Generators, pumps အစရှိသည်တို့ကို ထည့်သွင်းသောအခါတွင် Load Distributionကို ဂရုပြုရန် လိုအပ်သည်။  Tanks arrangement များမှာ Hull form ဖန်တီးစဉ်ကပင် ထည့်သွင်းစဉ်းစားပြီး ဖြစ်သဖြင့် အထူးမဖော်ပြတော့ပေ။
          Stability ဆိုသည်မှာ အကုန်နစ်မြုတ်နေသည်ဖြစ်စေ၊  တစ်ပိုင်းတစ်စနစ်မြုတ်နေသည်ဖြစ်စေ၊ အဆိုပါရေတွင် နစ်မြုတ်နေသော အရာဝတ္တုကို တည့်မတ်သော အခြေအနေတွင် တည်ရှိနေစေခြင်းဖြစ်သည်။  အကယ်၍  အကြောင်းအမျိုးမျိုးကြောင့် အဆိုပါ တည်ငြိမ်မှု့ (Stability) ပျက်ယွင်းသွားသောအခါတွင်လည်း မူလ တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းဖြစ်သည်။ 
          Stability ဟုဆိုရာတွင် သင်္ဘောကို အလျှားလိုက် (Longitudinal Stability)နှင့် ကန့်လက်ဖြတ် (Transverse Stability)ဟူ၍  နှစ်မျိုး သတ်မှတ်နိုင်သည်။  ပုံမှန်အားဖြင့် သင်္ဘောများတွင် Longitudinal Stability သည် လုံလောက်လေ့ရှိသည်။  သင်္ဘောသည် အနံထက် အလျှားသည် ပိုမိုရှည်လျှားသည်။  ထို့ကြောင့် ယခုအခန်းတွင် Transverse Stability အကြောင်းကိုသာ အဓိက ဆွေးနွေးသွားမည် ဖြစ်ပါသည်။  ထို့ကြောင့် ယခုအခန်းတွင် Stability ဟုသုံးနှုန်းပါက Transverse Stability ဟုသာ ယူဆကြပါရန်။
          သင်္ဘောတစ်စီးတွင် ၆ ဒီဂရီမျှသော အနည်းငယ်တိမ်းစောင်းသည့် ဒီဂရီ ပမာဏကို Initial Stability ဟုခေါ်သည်။
အံရောသော် ၂၀၁၂ လန်ဒန်အိုလံပစ် အချက်အလက်များ
လန်ဒန် က အိုလံပစ်ကွင်းကြီးကို တည်ဆောက်ရာမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေကတော့ ဟောဒီက အတိုင်းဖြစ်ပါသတဲ့...
အကြီးချဲ့ကြည်လိုလျှင် ဓာတ်ပုံကို click လုပ်လိုက်ပါ....
Friday, July 27, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၁
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏    
ကြော်ငြာ.. ကြော်ငြာ
ထီပေါက်ရင်၊ ငွေရရင် ရုတ်တရက်ချမ်းသာသွားခဲ့ရင်
              “ကျန်းကျန်း မာမာ၊ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည်… လူမွဲတွေက သဋ္ဌေးဖြစ်မည်၊ မနှေးဖြစ်တော့မည်” ဆိုတဲ့ တို့နဂါးနီ သီချင်းကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။  အဲ့ဒါနဲ့ တွဲမြင်မိတာက လက်တွန်းလှည်း ထီဆိုင်လေးတွေ။  ထီဆိုင်တွေနဲ့ ဒီသီချင်းတွဲဖွင့်တာကတော့ နားလည်ရ အတော်ခက်သည်။  နဂါးနီသီချင်းရဲ့ ရည်ရွယ်ချက်က လူတွေ ထီးများများလှိမ့်ထိုး ကံကောင်းလို့ ထီများပေါက်ခဲ့ရင် ဆိုတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူးပေါ့လေ။  ထီပေါက်ရင် ငွေရရင် ရုတ်တရက်ချမ်းသာသွားခဲ့ရင်… ဘာလုပ်မှာလဲ? တိုက်ကြီးကြီးမှာ နေမှာလား၊ ကားအကောင်းစားတွေ ၀ယ်မှာလား… ပလက်တီနမ် လက်မလုံးလောက် ဆွဲကြိုးကြီးဆွဲမှာလား?  သို့ပေမယ့် နိုင်ငံသားတိုင်း ချမ်းသာသွားဖို့က လူတိုင်း ထီမပေါက်နိုင်၊  ဒီတော့ ထီပေါက်ရင်၊ ငွေရရင်၊ ရုတ်တရက် ချမ်းသာသွားဖို့ဆိုတာ သန်း ၆၀ ပုံ ၁ ပုံသာ အခွင့်အရေးရှိသည်။
          ခုဒီမိုကရေစီရပြီးတော့လည်း ဆင်းရဲ့မှု့ ပပျောက်ရေး စီမံချက်ဆိုပြီး သမ္မတကြီး မကြာ မကြာထည့်သွင်း ပြောတာလည်း ကြားဖူးပါရဲ့။  သို့ပေမယ့် ဆင်းရဲမှု့ ပပျောက်အောင် ဘယ်လိုလုပ်မတုန်း။  လုပ်သားတိုင်းရဲ့ ၀င်ငွေ တက်လာအောင်လုပ်မယ်။  ဒါလည်း နည်းလမ်းတစ်ခုပဲ။  သို့ပေမယ့် ကျွန်တော် တစ်ခုတော့ စဉ်းစားကြည့်တယ်။  ကျွန်တော်တို့ နိုင်ငံမှာ ဘာတွေ ဆင်းရဲနေလည်းဆိုတာကိုပါ။  ဆင်းရဲခြင်းကို ဘာနဲ့တိုင်းတာသလဲ… ငွေကြေးနဲ့ တိုင်းတာလား။  အင်း ဟုတ်တော့ဟုတ်တယ်။  ငွေကြေးဟာ ဓန အင်အားကိုပြသနဲ့ အထင်ရှားဆုံး ပြယုဒ်တစ်ခု။  ဒါပေမယ့် အဲ့ဒီ ငွေကြေးကို ဘာတွေနဲ့ ဖလှယ်ယူလဲ?  တိုင်းပြည်တစ်ခု ချမ်းသာလာဖို့ဆိုတာက အခြားတိုင်းပြည်က ငွေ၊ ငွေနဲ့ ဖလှယ်လို့ရတဲ့ ကုန်ပစ္စည်းတွေကို ကိုယ့်တိုင်းပြည်ထဲကို များများ စီးဝင်လာအောင် လုပ်တော့မှ တိုင်းပြည်ထဲမှာ ရှိတဲ့ လူတွေလည်း ချမ်းသာလာမယ်။  ဒီတော့ ဒီလို စီးဝင်မှု့လမ်းကြောင်းကို ဘယ်ကနေ ရနိုင်သလဲ? ထုတ်ကုန်နဲ့လား၊ ကုန်သွယ်မှု့နဲ့လား၊ လူ့စွမ်းအား အရင်းအမြစ်နဲ့လား၊ ခရီးသွား လုပ်ငန်းကနေပြီးတော့လား၊ လက်ညှိုးထိုးပြီး ငါ ဒါလိုချင်တယ်ဆိုတဲ့ ပြီး အိတ်ထဲထည့်တဲ့ လက်ညှိုးထိုး ပညာရပ်နဲ့လား။  လက်ညှိုးထိုးရင် ရေဖြစ်လောက်တဲ့ တန်ခိုးနဲ့ ပြည်စုံတဲ့ လူတွေ မြန်မာပြည်မှာတော့ မရှိတာသေချာတယ်။  ဒီတော့ လက်ညှိုးထိုး ပညာရပ်နဲ့တော့ တိုင်းပြည်ကြီးကို ဓနအင်အား တောင့်တင်းလာအောင် လုပ်လို့ မရဘူးဆိုတာ သေချာတယ်။  ဒီတော့ ငွေကြေးရဲ့ ၀င်ငွေစီးဝင်လာမယ့် လမ်းကြောင်းတွေမှာ ကျွန်တော်တို့ ဘာတွေ ဆင်းရဲနေလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုအပ်လာတယ် လို့ ကျွန်တော်က မြင်မိပါတယ်။ 
Thursday, July 26, 2012
ဟမ်းစတားတို့ရဲ့ ၂၀၁၃ အိုလံပစ်
          ဟမ်းစတားလို့ နာမည်တပ်လိုက်ပေမယ့် ဟမ်းစတားအစစ်တော့မဟုတ်ပါဘူး။  Guinea Pig လို့ခေါ်တဲ့ အိမ်မွေး အကောင်ကလေးတွေရဲ့ အကြောင်းပါ။  လန်ဒန်မှာ ၂၀၁၂ အိုလံပစ်ကြီးနီးလာပြီးဆိုတော့ စီးပွားရေး လုပ်တဲ့လူတွေလည်း နည်းအမျိုးမျိုးနဲ့ ငွေရှာလာကြတာပေါ့လေ။  ခုလည်း Maverick Arts Publishing ကနေပြီးတော့ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်လာမယ့် အားကစားနည်းတွေအတိုင်း အဲ့ဒီ Guinea Pig လေးတွေကို ထည့်သွင်းလို့ ၂၀၁၃ အတွက် ပြက္ခဒိန် ထုတ်ဝေလိုက်ပါသတဲ့။  ၀ယ်ယူလိုသူများ http://www.themavertickshop .com/calandars/ မှာ ၀ယ်လို့ရပါသတဲ့ဗျား။  Guinea Pig အကြောင်းသိချင်ရင်တော့ မပူးပူးရဲ့ ဆိုဒ်မှာ သွားဖတ်လို့ရပါတယ်။  သူကတော့ ဟမ်းစတား စပယ်ရှယ်လစ် ဖြစ်လေတော့ အဆိုပါ အကောင်လေးတွေအကြောင်း တော်တော်လေး သိပါတယ်။
Wednesday, July 25, 2012
ဝယ်ကြဦးမလား ဘွဲ့လက်မှတ်များ
          အကောင်ကြီးကြီး အမြီးရှည်ရှည်ဆိုတာ ကြားဖူးမှာပေါ့။  အမြီးရှည်လို့ အကောင်ကြီးတာလား၊ အကောင်ကြီးလာလို့ အမြီးတွေရှည်လာတာလားတော့ သေချာမသိ။  သို့သော် ၂၁ ရာစုမှာတော့ လူတိုင်း အမြီးရှည်မှ အကောင်ကြီးဖို့ ပိုမို အခွင့်အလမ်းရှိမည်ဟု ယုံကြည်လာကြသည်။  ဆိုလိုတာက ရာထူးကြီးကြီးရဖို့ရာ အတွေ့အကြုံသာမက ပညာရေး လက်မှတ်တွေလည်း လိုလာကြသည်။     ပညာရေးလက်မှတ်တွေ ရှိမှ ရာထူးမြင့်မြင့်ရနိုင်မယ်လို့ ယုံကြည်လာကြလေတော့ များများလေ့လာရမှာပေါ့လေ။  များများလေ့လာနိုင်ဖို့ကတော့ တက္ကသိုလ်တွေတက်ပေါ့။  တက္ကသိုလ်တွေက ကျင်းပတဲ့စာမေးပွဲတွေကို အရည်အချင်းရှိရှိ ဖြေနိုင်ရင်တော့ ဘွဲ့လက်မှတ်ရ၊ ရတော့ အမြီးထပ်ရှည်၊ ရာထူးတိုးဖို့ ပိုလွယ် ဒီလိုမျိုးပေါ့။  ဆိုလိုတာက တတ်ထားတဲ့ ဘွဲ့ဟာ အသုံးချလုပ်ငန်းအတွက် အထောက်အကူဖြစ်ရမယ်ကို ဆိုလိုတာပါ။  ဒီနေ့ သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။  တရုတ်နိုင်ငံက ရောင်းနေတဲ့ ဘွဲ့လက်မှတ် အကြောင်းတွေပါ။  အတုအကုန်လုံး တရုတ်မှာ ပေါတယ်။  ကားလည်း အတုရှိတယ်၊ တံဆိပ်မျိုးစုံ အတုရှိတယ်.. ဟော အခုတောင် အိုင်ဖုန်း၅ ကြိုမှာလို့ရပြီဆိုပြီး တစ်ချို့ဆိုင်တွေမှာ ကြော်ငြာနေပြီ။  ပန်းသီးကတောင် တရားဝင်မထုတ်သေးဘူး။  စတိဂျော့ဘ်သာ ဒီသတင်းကြားရင်တော့ အုတ်ဂူထဲကနေ ရင်ထုနေရမယ့် ကိန်း။  ဒီတော့ ဘွဲ့လက်မှတ် အတုတွေ ၀ယ်လို့ရတာလည်း မဆန်းလှပါဘူး။  တရုတ်နိုင်ငံတွင်းမှာ နှစ်စဉ်နှစ်တိုင်း ဘွဲ့ရတဲ့ မောင်၊မယ် သစ်လွင် အရေအတွက် ဘယ်လောက်ထင်သလဲ?  ၇ သန်းတဲ့ဗျ။  ဒီတော့ သူတို့ရတဲ့ ဘွဲ့နဲ့ ကိုက်ညီမယ့် အလုပ်ကို ရှာဖို့၊ လစာကောင်းတဲ့ အလုပ်တွေရှာဖို့ ဆိုတာကလည်း စိန်ခေါ်မှု့တစ်ရပ်ပေါ့လေ။  ဒီကြားထဲ ဘွဲ့လက်မှတ် အတုတွေ ကိုင်ထားတဲ့ လူတွေပါ ရောတိုးတော့ လူငယ်တွေအတွက် အခက်အခဲပိုများလာတယ်လို့ဆိုပါတယ်။
Tuesday, July 24, 2012
လန်ဒန်ရဲ့ အိုလံပစ်မှာ ဒိုက်ထိုးမယ့် ဘက်စ်ကား
           ချက်နိုင်ငံသား အနုပညာရှင် ဒေးဗစ် ဆန်နီ (David Cerny) ကတော့ ၂၀၁၂ ခုနှစ် လန်ဒန်မှာ ကျင်းပမယ့် အိုလံပစ်အတွက် ထူးထူးခြားခြား ဖန်တီးလိုက်တာကတော့ ဒိုက်ထိုးမယ့် ဘက်စ်ကားပါတဲ့။  ပြီးခဲ့တဲ့ သောကြာနေ့ကတော့ အဆိုပါကားကို စတင်စမ်းသပ်နိုင်ခဲ့ပါတယ်။
          ဆန်နီဟာ ဟော်လန်ကနေ အဆိုပါ ဘက်စ်ကားကို ၀ယ်ယူခဲ့ပြီးတော့ ကြီးမားတဲ့ လူသား လက်မောင်းပုံစံ စက်လက်တံကြီးကို တပ်ဆင်ခဲ့တာပါ။  ဒီ လျှပ်စစ်စွမ်းအားသုံး လက်ကြီးတွေဟာ အဆိုပါ ဘက်စ်ကားကို မတင်ပြီးတော့ ဘက်စ်ကားဟာ ဒိုက်ထိုးနိုင်မှာဖြစ်ပါတယ်။  ဘက်စ်ကားကြီး ဒိုက်ထိုးတဲ့အချိန်တိုင်းမှလည်း အားတင်ပြီး ဒိုက်ထိုးတဲ့ အသံထွက်ပေါ်လာမှာဖြစ်ပြီးတော့ ဘက်စ်ကားရဲ့ ပြုတင်းပေါက်တွေမှာလည်း အရုပ်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။
          “အားကစားသမားတိုင်းရဲ့ လေ့ကျင့်ခန်းတွေထဲမှာ မပါမဖြစ်ကလည်း ဒိုက်ထိုးခြင်းပဲလေ” လို ဆန်နီက ပြောသွားပါသေးတယ်။ ဆန်နီကတော့ သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို London Booster လို့ နာမည်ပေးထားပါတယ်။  သူ့ရဲ့ ဒိုက်ထိုးတဲ့ ကားကြီးကို လောလောဆယ် လန်ဒန်က Czech Olympic House တည်ရှိရာ Islington မှာ ထားရှိပါတယ်။  
             အောက်မှာတော့ ဒေးဗစ် ဆန်နီရဲ့ ဘက်စ်ကားကြီး ဘယ်လို ဒိုက်ထိုးလဲဆိုတာကို YouTube ဗီဒီယိုလေးက တစ်ဆင့် ကြည့်နိုင်ပါတယ်။
Monday, July 23, 2012
သွားကြဦးမလား ဖိလစ်ပိုင်က ရေတံခွန် စားသောက်ဆိုင်
               ဖိလစ်ပိုင်နိုင်ငံ ကျူဇွန်ပြည်နယ်က ဗီလာ အက်စ်ကူဒဲရို ဆိုတဲ့ အပန်းဖြေနေရာလေးကတော့ သွားရောက် လည်ချင့်စဖွယ်နေရာလေးပါ။  ကျယ်ဝန်းတဲ့ အိမ်နဲ့ခြံတွေမှာ အေးအေးဆေးဆေး အနားယူနိုင်သလို အဓိကစိတ်ဝင်စားဖို့အကောင်းဆုံး နေရာလေးကတော့ ရေတံခွန် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။  သစ်ရွက်သစ်ခက်တွေနဲ့ ပြင်ဆင်ထားတဲ့ စားဖိုမှုးတွေရဲ့ ဒေသခံ အစားအသောက် ပြင်ဆင်မှု့၊ ၀ါးထိုင်ခုံလေးတွေနဲ့ ရေတံခွန်းကြီးအောက်မှာ ရေတံက ကျလာတဲ့ စမ်းရေလေးတွေထဲကို ခြေထောက်ချပြီး နေ့လည်စားစားရတဲ့ အရသာဟာ ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။ 
Sunday, July 22, 2012
လက်ဖက်ရည်
PSPC – Performance Standard for Protective Coating အကြောင်း
          ဒီပိုစ့်က သင်္ဘောတည်ဆောက်မှု့နဲ့ သက်ဆိုင်တဲ့ ပိုစ့်ဖြစ်လို့ သင်္ဘောတည်ဆောက်မှု့ လိုင်းက မဟုတ်သော စာဖတ်သူတွေအတွက် ပျင်းစရာကောင်းမှာပါ။  PSPC စတော့ သင်္ဘောကျင်းတွေ ကျယ်ကျယ်လောင်လောင် အသံထွက်လာသည်။  အထူးသဖြင့် Ballast Tank တွေနဲ့ ပါတ်သတ်ပြီးတော့ ပိုမိုတင်းကျပ်လာသည်။  သင်္ဘောစတင်တည်ဆောက်ချိန်မှစပြီးတော့ Ballast Tank တွေမှာ ပိုမိုပြီးတော့ အလုပ်တွေများလာမည်၊ စသည်၊ စသည်ဖြင့်။ ဒီတော့ PSPC နဲ့ပါတ်သတ်ပြီးတော့ အနည်းငယ်လေး တင်ပြပါရစေ။
PSPC ရဲ့ သတ်မှတ်မှု့များ
          နံပါတ်တစ်အနေနဲ့ PSPC ကို ဘယ်သင်္ဘောတွေမှာ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမလဲဆိုတာပါ။  ၁) International Maritime Organization (IMO) က resolution MSC. 215(82) အနေနဲ့ ၂၀၀၈ ခုနှစ် ဇူလိုင် ၁ရက်နေ့မှာ စတင်ပြီးတော့ သင်္ဘောအသစ်ဆောက်ဖို့ စာချုပ်ချုပ်တဲ့ သင်္ဘောတွေအတွက် လိုက်နာရမည်လို့ ပြဋ္ဌာန်းပါတယ်။  ဒါပေမယ့် သင်္ဘောအားလုံးကိုတော့မဟုတ်ပါဘူး။  Gross Tonnage ၅၀၀ အထက်သင်္ဘောတွေနဲ့ Double-side skin ပုံစံနဲ့ ဆောက်တဲ့ Bulk Carrier သင်္ဘော (မီတာ ၁၅၀ အထက်) ဆိုရင်  PSPC ကို မဖြစ်မနေ လိုက်နာရမှာပါ။  (ဆိုလိုတာက Gross Tonnage ၅၀၀ အထက် သင်္ဘောတွေရဲ့ Ballast Tanks တွေရယ်၊ မီတာ ၁၅၀ အထက်ရှိတဲ့ Double skin Bulk Carrier သင်္ဘောတွေရဲ့ Ballast Tanks တွေနဲ့ Double Bottom Tanks တွေရယ် မှာ PSPC ကို မဖြစ်မနေ လိုက်နာရမယ် ဆိုတာပါ။)
၂) ဒါ့အပြင် ၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့မှာ နောက်ထပ် အကျုံးဝင်လာမည့် သင်္ဘောတွေလည်း ရှိပါသေးတယ်။  ဒီသင်္ဘောတွေအတွက် IMO က resolution MSC. 288(87) အနေနဲ့ ထပ်မံ ပြဋ္ဌာန်းထားပါတယ်။  MSC. 288(87) မှာ အကျုံးဝင်လာမည့် သင်္ဘောတွေကတော့ တန် ၅၀၀၀ deadweight အထက်ရှိတဲ့ Oil Tanker တွေထဲက Crude Oil Tanker တွေ ပဲဖြစ်ပါတယ်။
ခုလောလောဆယ်မှာတော့ International Maritime Organization (IMO) က Safety of Life At Sea (SOLAS) regulations တွေထဲမှာ resolution MSC.216(82) နှင့် MSC.291(87) တို့ကို ထပ်မံထည့်သွင်းပြီး PSPC စနစ်နဲ့ သင်္ဘောတွေကို တည်ဆောက်ဖို့ အတည်ပြု ပြဋ္ဌာန်းထားပါတယ်။  ဒါ့ကြောင့် SOLAS II-1/3-2 regulation မှာ IMOရဲ့ MSC.215(82) အကျုံးဝင်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် နံပါတ် ၂ မှာပြောခဲ့တဲ့ resolution MSC.288(87) ဟာလည်း SOLAS ရဲ့ Chapter II-3-2 regulation တွေထဲမှာ ၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့ကစပြီးတော့ သက်ရောက်လာမှာပါ။ 
Saturday, July 21, 2012
သွားကြဦးမလား မြွေအနှိပ်ခန်းတဲ့
          အစ္စရေးနိုင်ငံမှာတော့ ထူးထူးခြားခြား မြွေအနှိပ်ခန်း ဖွင့်ထားတယ်လို့ဆိုပါတယ်။  ပိုင်ရှင်ဖြစ်သူ အဒါ ဘားရက် ကတော့ သူ့အနှိပ်ခန်းကို လာရင် ကလီဖိုးနီးယားက မြွေ၊ ဖလော်ရီဒါကမြွေ၊ အပြင် မြွေမျိုးစုံနဲ့ နှိပ်ပေးမယ်လို့ ဆိုပါတယ်။  ဘားရက်ကတော့ စပါးကြီးမြွေနဲ့ ကြီးမားတဲ့ မြွေကြီးတွေကို အသုံးပြုခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အကြောတွေကို ဖြေလျှော့ပေးနိုင်ကြောင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါသတဲ့။  အနှိပ်ခံသူများဟာ မြွေကြီးတွေနဲ့ ထိတွေ့ပြီးနောက်မှာ သူတို့ရဲ့ စိတ်ဖိစီးမှု့တွေကိုပါ ဖြေလျှော့နိုင်တယ်လို့လဲ ဆိုပါတယ်။ 
          မြွေအရွယ်အစားကတော့ နှိပ်နည်းအမျိုးမျိုးပေါ်မူတည်ပါသတဲ့။  သင်ဟာ အရမ်းကို ပင်ပန်းနွမ်းနယ်နေရင်တော့ မြွေအကောင် ကြီးကြီးတွေနဲ့နှိပ်ပေးမှာဖြစ်ပြီးတော့ မြွေအကောင် သေးသေးလေးတွေကတော့ မျက်နှာလိုမျိုး၊ ခြေထောက်လိုမျိုး သေးငယ်တဲ့ အစိတ်အပိုင်းတွေ အတွက်ဖြစ်ပြီ တလှပ်လှပ် ခံစားရစေမယ်လို့ ဆိုထားပါတယ်။  အဲ.. တစ်ခါနှိပ်ရင်တော့ အမေရိကန်ဒေါ်လာ ၈၀ ယူပါသတဲ့ဗျား။  ကဲ.. အလုပ်ပင်ပန်း၊ ညောင်းညာ၊ စိတ်ဖိစီးသူများ မြွေအနှိပ်ခန်းကလေးကို သွားပြီး စမ်းကြည့်ကြပါဦးလား?
Friday, July 20, 2012
ခွေး
          ခွေးဆိုလေတော့ ခွေးပေါင်းစုံ နဲ့ပါတ်သက်ပြီး YouTube က ဗီဒီယိုလေးတွေ တင်ပေးလိုက်ကြောင်းပါ။ 
ဒီဗီဒီယိုကတော့ ခွေး ထမင်းစားပွဲပါတဲ့.. ရယ်တော့ ရယ်ရသဗျိုး
သြော်.. ဆိုင်းဘုတ် ဆိုင်းဘုတ် ၂
ဂူဂဲလ်မှာ တွေ့သမျှ ဆိုင်းဘုတ်လေးတွေ တင်ပေးလိုက်ပါတယ်။  ရယ်မော ပျော်ရွှင်နိုင်ကြပါစေသောဝ်...    မူရင်း ဓာတ်ပုံ ရိုက်သူတွေကိုတော့ ဒီနေရာကနေပဲ ခရက်ဒစ်ပေးပါရစေခင်ဗျာ။  ဘယ်သူတွေရိုက်လို့ ဘယ်သူတွေက တင်ပြီး ဘယ်လိုများ ပြန့်ပွားသွားလည်းဆိုတာ မသိတဲ့အတွက်.. မူရင်း ဓာတ်ပုံပိုင်ရှင်တွေကို အထူးပဲ ကျေးဇူးတင်ကြောင်းပါ။
စာလုံးပေါင်းလေးလွဲတော့ မတွေးရဲစရာပါလား
Thursday, July 19, 2012
ဆက်ဆိုဖုန်းနဲ့ ဟန်ကျနေတဲ့ ဖျံ
          တူရကီနိုင်ငံက လင်းပိုင်လေးတွေကို ပြသတဲ့ ပြတိုက်မှာတော့ ရွှေပွဲလာ ပုရိသတ်တွေ ပွဲကျတဲ့ပြပွဲလေးတစ်ခုကတော့ ဆက်ဆိုဖုန်း တီးမှုတ်ပြတဲ့ အာတိတ်ဒေသက ဖျံအမျိုးအစား “ဆာရာ” ရဲ့ ရှိုးပွဲပဲဖြစ်ပါတယ်။  ဒီပြတိုက်ဟာ တူရကီနိုင်ငံ အစ္စတန်ဘူး မြို့မှာရှိပြီးတော့ ရုရှားနဲ့ တူရကီနှစ်နိုင်ငံ ပူးပေါင်းပြီး ဖွင်လှစ်ခဲ့တာဖြစ်ပါတယ်။
          ကဲ ဆက်ဆိုဖုန်းနဲ့ ဟန်ကျနေတဲ့ ဖျံကလေး ဆာရာကို ရှု့စားကြပါစို့ဗျား…
Tuesday, July 17, 2012
တရုတ်လူမျိုးစုများ၏ ၀တ်စားဆင်ယင်မှု့
          အငြိမ်မနေ ၀ိကီပီဒီယာထဲမှာ ရှာကြည့်လိုက်တော့ တရုတ်လူမျိုးစု စာရင်းလေးသွားတွေ့တယ်။  လူမျိုးစုပေါင်း ၅၆ မျိုးကို တရားဝင်လူမျိုးစုအဖြစ် သတ်မှတ်ထားတာ တွေ့ရပြီးတော့ ၅၇ခုမြောက်မှာတော့ ရောရာအဖြစ်ပေါင်းထည့် ထားတာတွေ့ရတယ်။  အဲ့ဒီလူမျိုးစုတွေထဲမှာ သူတို့အခေါ် ဂျင်းပို (မြန်မာလို ကချင် (ဂျိန်းဖော)) လူမျိုးစု၊ လားဟူ လူမျိုးစု၊ တရုတ်အခေါ် အချန်လူမျိုးစု (မြန်မာလို - မိန်ဿ) လူမျိုးစု၊ ၀ လူမျိုးစုတွေကိုလည်း တရုတ်တိုင်းရင်းသားလူမျိုးစုတွေထဲမှာ ထည့်ထားတာ တွေ့ရတယ်။  အောက်မှာတော့ အဲ့ဒီလူမျိုးစုတွေထဲက အချို့ လူမျိုးစုတွေရဲ့ ရိုးရာ ၀တ်စားဆင်ယင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျား။
ဂျင်းပို လို့ခေါ်တဲ့ (ကချင်လူမျိုး)
Monday, July 16, 2012
သတိ- ရည်းစားမရလျှင် အလုပ်ထွက်မည်
          ခုရက်ပိုင်း တရုတ် အင်တာနက်မှာ ပျံနှံနေတာကတော့ လူငယ်လေး တစ်ယောက်ရဲ့ အလုပ်ထွက်စာပဲဖြစ်ပါတယ်။  သူအလုပ်ထွက်ရတဲ့ အကြောင်းအရင်းကို ရေးထားတာကတော့  “ကုမ္ပဏီဟာ ခပ်သေးသေးလေးမို့ မိန်းကလေး အရေအတွက်လည်း နည်းလှပါတယ်။  ဒါ့ကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ရင်းနဲ့ ရည်းစားရှာဖို့မလွယ်သောကြောင့် အလုပ်ထွက်ပါသည်” ဟူ၏။ 
          ထိုလူငယ်လေးကတော့ ထွက်စာရိုးရိုးတင်ရုံတင်မက သူ့ကိုယ်ပိုင် ဘလော့ဂ်မှာပါ သူ့ထွက်စာကို တင်လိုက်ပါသေးတယ်။  ခေါင်းစဉ်မှာကတော့ “ဒါဟာ ဟာသမဟုတ်ဘူး၊ ဒါဟာ ဆွန်တဲ ကျင်းတိုင် တဲ့ရှန်း ကားကုမ္ပဏီကို တင်တဲ့ တစ်ကယ့် အလုပ်ထွက်စာ” ဆိုပြီးတော့ ခေါင်းစဉ်နဲ့ တင်ထားပါသတဲ့ဗျား။ 
          သူ့ထွက်စာကို မြင်တော့ မန်နေဂျာက လက်မှတ်ထိုးပေးရုံသာမက အောက်မှာပါ ဖြည့်ပြီးတော့ရေးပေးလိုက်ပါသေးတယ်။  မန်နေဂျာ ရေးထားတာကတော့ “မောင်ရင်.. ရည်းစားမရတာနဲ့ တစ်ခြားလူတွေကို အပြစ်လှိမ့်တင်မနေနဲ့၊ မောင်ရင့်ဘာသာ မောင်ရင် ရည်းစားမရှာနိုင်တာ” ဆိုပြီး ရေးထားတာပါ။  ဒါပေမယ့် ဒီထွက်စာဟာ အဲ့ဒီ ကုမ္ပဏီက  တကယ့် အလုပ်ထွက်စာ ဟုတ်မဟုတ်ကိုတော့ စုံစမ်းနေတုန်းပဲလို့ ဆိုပါတယ်။  အဆိုပါ ကုမ္ပဏီမှာတော့ လူပေါင်း ၁၀၀၀ လောက် အလုပ်လုပ်နေတယ်လို့ ဆိုသတဲ့။ 
          ကဲ.. လူပျိုကြီးများ ရည်းစားရဖို့ အလုပ်ထွက်ကြဦးမလားဗျာ?
Source : (Link)
မြေမြိုသွားတဲ့ လမ်းမကြီး
          တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လမ်းမကြီးတစ်ခုမှာတော့ ရုတ်တရက် တွင်းကြီးတစ်ခုဖြစ်သွားပြီး မနက်စောစောမောင်းလာတဲ့ BMW ကားကို မြိုလိုက်ပါသတဲ့။  မီတာ ၃၀ ပတ်လည်လောက်ကျယ်တဲ့ အဆိုပါတွင်းကြီးထဲကို ကျသွားတဲ့ ကားပေါ်မှာ ခရီးသည် ၃ ယောက်ပါလာပြီးတော့ ၁ ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ဆိုပါတယ်။ ချန်ရှားမြို့ရဲ့ ရှန်ကျန်းအဝေးပြေးလမ်းမကြီးမှာ ဒီလိုမျိုးကြီးမတဲ့ အပေါက်ကြီး မနက်စောစောပိုင်းမှ ဖြစ်လာတယ်လို့ ဆိုပါတယ်။  ယန်ဇီမြစ်ကမ်းဘေးမှာ ရှိတဲ့ အဆိုပါလမ်းမကြီးဟာ ဘာအတွက်ကြောင့် ဒီလိုမျိုး အပေါက်ကြီး ဖြစ်သွားရတယ်ဆိုတာကိုတော့ စုံစမ်းဆဲ ဖြစ်ပါသတဲ့။  ဒီလိုမျိုး ကမ္ဘာ့မြေမျက်နှာပြင်မှာ အပေါက်ကြီးတွေ ဖြစ်ပေါ်တတ်တာကတော့ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။  အရွယ်အစားကလည်း ၁ မီတာကနေ ၆၀၀ မီတာအထိ ကျယ်နိုင်သလို၊ နက်လည်း နက်နိုင်ပါတယ်။  မြေအောက် မြေသားလွှာတွေ ရေတိုက်စားသွားတဲ့အခါမျိုး၊ မြေသားပျော့တဲ့နေရာတွေကို ရေတိုက်စားသွားတဲ့အခါမျိုးမှာတော့ ဒီလိုမျိုး အပေါက်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။  ကဲ.. ကားစီးရင်း ဘုရားစာလေး ဘာလေး ရွတ်ကြစို့ရယ်..
Sunday, July 15, 2012
ဒုတိယံပိ နန်တုန်
                 ဒုတိယံပိ ရောက်တော့လည်း လွမ်းသလိုလို။ ဘာကိုတော့ လွမ်းမှန်းမသိ။  အဲ့.. တစ်မျိုးတော့ မထင်ပါနဲ့ နန်တုန်မှာ သံယောဇဉ်တွယ်ရမယ့်လူ မရှိပါဘူး။  ဒါပေမယ့် ၁ နှစ်လောက် ကျင်လည်ခဲ့တဲ့ မြို့ကလေးကို ပြန်တွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးလေးပေါ့လေ။  ထူးခြားတာက တိုက် အလုံး ၆၀ လောက် ၇ လအတွင်း ထိုးထိုးထောင်ထောင်နဲ့ ပြီးသွားတော့ မျက်စိပွတ်ကြည့်ရတယ်။  နောင်ငါးနှစ်မှ နန်တုန်ကို ပြန်ရောက်ရင် မှတ်မိပါ့မလားတောင် မသိ။  မြို့သစ်ဘက်ခြမ်းကတော့ တိုက်အသစ်တွေ ဟောတစ်လုံး ဟောတလုံးပဲ။  မြို့ဟောင်းဘက်မှာတော့ Renovation တွေ တစ်အုံတစ်မကြီး လုပ်နေကြလေရဲ့။  နန်တုန်မြို့က ရှန်ဟိုင်းလိုမဟုတ်ဘူး။  ရှုပ်ရှုပ်၊ ရှုပ်ရှုပ်နဲ့ ရှန်ဟိုင်းက ကျွန်တော်နဲ့တော့် ဘယ်လိုမှ သဟဇာတကို မဖြစ်။  နန်တုန်ကို ဘာလို့ကြိုက်လဲ အခုတော့ နဲနဲလေး သဘောပေါက်လာပြီ။  စိမ်းလို့ ဖြစ်သည်။  နန်တုန် တစ်မြို့လုံး စိမ်းနေသည်။  အပင်လေးတွေက လမ်းတိုင်းမှာရှိသည်။  ကျွန်တော့် အတွက်ကတော့ ပုသိမ်မြို့နဲ့ ဆင်တူသည်။  ပုသိမ်မှာ ကန်သုံးဆင့် ကန်ကြီးရှိသလို နန်တုန်မှာလည်း ဟောင်းဟိုမြစ်က မြို့ကို ပတ်ပြီးတော့ စီးနေသည်။  
Saturday, July 14, 2012
ကျောင်းဒကာ ကျောင်းအမအဖြစ် ခံယူပွဲ (သို့) အလှုဖိတ်ကြားခြင်း
ဒီအလှူလေးဖြစ်မြောက်ဖို့ ကျွန်တော် AH လည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ချင်လို့ ဒီပိုစ့်လေးကို ထပ်ဆင့်မျှဝေလိုက်ပါတယ် ခင်ဗျာ။  ဘလော့ဂ်ကြွလာ မိတ်သဟာများ၊ ကျွန်တော့် သူငယ်ချင်းများ၊ 465 ရပ်ဝန်းမှ ဘော်ဘော်များ ဒီပိုစ့်လေး ဖတ်ဖြစ်လို့ သဒ္ဒါတရားများ ထက်သန်လာခဲ့ရင် ပါဝင်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။
အောက်မှာတော့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ မူရင်းပိုစ့်လေးကို ဖော်ပြပေးလိုက်ပါတယ်။
အားလုံးမင်္ဂလာပါခင်ဗျား...
လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလှုံဖို့ ကြုံကြိုက်တဲ့အခါပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေကို သတိရတတ်ကြတယ်ဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များ၊ ဘလော့ဂါ အကိုအမများကို ဒီပိုစ့်လေးနဲ့အတူ သတင်းကောင်းလေးတစ်ခု ပါးပါရစေခင်ဗျား..။မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်တဲ့ အလှုနှင့်အတူ မိမိတို့ ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလှုဒါန်းလိုက်ရုံဖြင့် ရာသက်ပန် ကျောင်းဒကာ၊ ကျောင်းဒကာမအဖြစ် ခံယူနိုင်မည့်အကြောင်းလေးကို ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသိပေးမျှဝေပါရစေခင်ဗျား..။မင်္ဂလာတောင်ညွန့်၊ စက်ဆန်းကတို့ဆိပ်ပေါက်ကွဲမှုအလှု၊ မရမ်းချောင်းကျေးရွာ အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသလို့အလှုများဖြင့် အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ မြန်မာမုဒိတာ -လူငယ်များအဖွဲ့ (MMYG) ရဲ့ တတိယအကြိမ်မြောက်အလှုတစ်ခု စတင်ပြန်ပါပြီခင်ဗျား။
ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့ မြန်မာ့ရေနံရက်ကွပ်မှာရှိတဲ့ သာယာကုန်းဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းလေးနဲ့ ဦးစွာ မိတ်ဆက်ပေး ပါရစေ..။
Friday, July 13, 2012
ခရီးလွန်လို့ မျက်လုံးထဲဝင်သွားတဲ့ သန်ကောင်
          “သန်ကောင်တစ်ကောင်က လူတစ်ယောက်ရဲ့ မျက်လုံးထဲကို ၀င်တယ်ဆိုရင် ယုံမှာလား?  အန္ဒိယနိုင်ငံမှာတော့ ၁၃ စင်တီမီတာရှိတဲ့ သန်ကောင်တစ်ကောင်ဟာ မျက်လုံးထဲကို ၀င်နေလို့ ခွဲထုတ်လိုက်ရပါသတဲ့။  မူလန်ပြည်နယ်က ကရစ်စနားမွတ်သီး ဆိုတဲ့ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အဖိုးအိုဟာ သူ့ညာဖက်မျက်လုံးတွေ အောင့်လို့ဆေးခန်းကိုသွားပြခဲ့ပါသတဲ့။  ပထမတော့ မျက်စေ့ဆရာဝန်တွေဟာ သူ့ကို မျက်စဉ်းဆေးရည်ပေးပေမယ့် မသက်သာခဲ့ပါဘူး။
          “ကျွန်တော်တို့ တစ်သက်မှာတော့ သန်ကောင်တစ်ကောင်ဟာ ဒီလောက်အထိ လျှောက်သွားနိုင်တာမျိုးမတွေ့ဘူးသေးပါဘူး” လို့ အဘိုးအို ကရစ်စနားမွတ်သီးကို ခွဲစိတ်ပေးတဲ့ ဆရာဝန်တွေက ပြောပါတယ်။ 
“ဆရာဝန်က ကျွန်တော့်မျက်လုံးထဲမှာ သန်ကောင်တစ်ကောင်ဝင်နေတယ်။  အဲ့ဒါကို ခွဲထုတ်ရမယ်ပြောတော့” ကျွန်တော် အံအားသင့်လွန်းလို့ ဘာမှတောင် ပြန်မပြောနိုင်ပါဘူးလို့ ခရစ်စနားက ဆိုပါတယ်။  ဒီသန်ကောင်ဟာ မျက်လုံးကို သွားတဲ့ အာရုံကြောတွေကဆင့် ဦးနှောက်နဲ့၊ မျက်လုံးအတွင်းပိုင်းကို ၀င်ရောက်ခဲ့ရင်တော့ ဒါဟာ သေစေနိုင်လောက်တဲ့အထိ အန္တရာယ်များတယ်လို့ ဆိုပါတယ်။ 
Thursday, July 12, 2012
ကျွန်တော်နှင့် အရှုပ်ထုတ်
          ဘေးကပုံက ဘာမှ မဟုတ်ဘူး… ကွကိုယ်ဟန်းဖုန်းနဲ့ ရိုက်ထားတဲ့ပုံကို သဘောကျလို့ ပြန်တင်ထားတာ။  ဒီပိုစ့်နဲ့ လားလားမျှ မသက်ဆိုင်။  “ရှင်းနေတာတွေကို ရှုပ်အောင်လုပ်။ အဲ.. ပြီးရင် ရှုပ်နေတာတွေကို ပြန်ရှင်း။  အဲ့ဒီလို ပြန်ရှင်းတဲ့ဟာက အရင်ရှင်းတာထက် ပိုရှင်းတယ်” ဆိုတာ ပုတီးကုန်းမောင်စိန်ဝင်း ၀တ္တုထဲမှာလား မသိဘူး ဖတ်ဖူးတယ်။  အခု အတော့်ကို စဉ်းစားရခက်နေတဲ့ ပြဿနာကြီးကို အောင်မြင်စွာဖြေရှင်းလိုက်နိုင်ပြီ။  ရှု့မငြီး  ဒီကိုပြန်လာရင် နှာခေါင်းပိတ်စရာကို မလိုတော့ဘူး။  ဘာပြဿနာလည်းဆိုတော့ ခြေအိတ် ပြဿနာ။  ဒီ ခြေအိတ်ကိစ္စက လူကို တော်တော် ဦးနှောက်စားစေတာ ကလား။  ယုံချင်ယုံ မယုံချင်နေ စီလုတ်ပြည်ကြီးမှာ ခြေအိတ် ၈ စုံကို စင်ကျားပေါ ဒေါ်လာ ၂ ကျပ် (တရုတ်ငွေ ၁၀ ယွမ်)သာ ကျသဗျား။  ဟိုတယ်မှာ ခြေအိတ် တစ်စုံကို လျှောရင် ၄ ယွမ် ယူသဗျား။  အဲ့ဒီတော့ ဒိုဘီပေးပြီး လျှော်မလား၊ ၀ယ်မလား ဆိုတဲ့ ကိစ္စက တော်တော့်ကို စဉ်းစားစရာ ပြဿနာဖြစ်နေသပေါ့။
          ခြေအိတ်ကို လျှော်ဖို့ ဒိုဘီ ပေးလိုက်ရင် တစ်စုံကို ၄ယွမ်လောက် ငါ့ကုမ္ပဏီကြီး နစ်နာသွားမှာပေါ့လေ။  ငါ့ရဲ့ တောင်လိုယာလိုပုံနေတဲ့ ခြေအိတ်ပုံကြီးသာ ဒိုဘီ အပ်လိုက်မယ်ဆိုရင် ယွမ် ၄၀၀ လောက် ငါ့ကုမ္ပဏီကြီး အလဟသ နစ်နာသွားပေမပေါ့လို့ စိတ်ကောင်းလေးက ၀င်ပြန်ရော။  ၈ စုံကို ၀ယ်လိုက်ရင်တော့ ၁၀ ယွမ်သာ ကျပေလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ တစ်ပတ်ကို ၁၀ယွမ်ဖိုး ၀ယ်ဝယ်ပြီး ခြေအိတ်တွေ သုံးနေတာ အခုတော့ တဖြည်းဖြည်းနဲ့များလာလေတော့ လေသင့်ရင်ဖြင့် နှာခေါင်းပိတ်ထားရတဲ့ အဖြစ်ကို ရောက်ရော။  
Wednesday, July 11, 2012
Man with hole in head
          တရုတ်နိုင်ငံက ဒီလူကတော့ ခေါင်းမှာ အပေါက်ကြီးဖြစ်နေတာတောင် အသက်ရှင်လျှက် နေထိုင်နိုင်ပါသတဲ့။  ၂၀၀၆ ခုနှစ်မှာ မတော်တဆ ထိခိုက်မှု့ကြောင့် ဒီလိုမျိုး ခေါင်းမှာ အပေါက်ကြီးဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 
Tuesday, July 10, 2012
မမလေးကိုနော်ဗျာ.. ဒီမောင်ကခိုးမယ်လို့
          မမလေးကိုနော်ဗျာ.. ဒီမောင်က ခိုးမယ်လို့.. လူဆိုးတွေနဲ့ မောင်တိုင်ပင်.. (လူဆိုးတွေနဲ့မောင်တိုင်ပင်)။   သီချင်းလေးကတော့ ဘယ်တော့မှ မရိုးတဲ့ သီချင်းလေးပါ။  အဲ့.. ဒီထက်ဆန်းချင်သေးရင်တော့ ဖင်လန်နိုင်ငံက ဆိုကာဂျာဗီကိုသာသွားလို့ ညွှန်းပါရစေ။  အဲ့ဒီမှာတော့ မိန်းမခိုးတဲ့ ပွဲတော်ရှိပါသတဲ့။  အဲ့မိန်းမခိုးတဲ့ပွဲတော်ဆိုတာက ကိုယ့်မိန်းမကို ကုန်းပိုးပြီးတော့ မီတာ ၂၅၀ မနားတမ်း ပြေးရတဲ့ပွဲတော်ပါ။  ဒီနှစ်တော့ အသင်းပေါင်း ၃၄ သင်းပါဝင်ယှဉ်ပြိုင်ကြပါသတဲ့။  ၁၉၉၂ ခုနှစ်ကထည်းက ကျင်းပလာခဲ့တဲ့ ဖင်လန်က မိန်းမကုန်းပိုးပြီး ပြေးတဲ့ပွဲတော်ဟာ ခုချိန်ထိကျင်းပနေဆဲပါပဲ။  အဲ့ ကုန်းပိုးပြီး ပြေးတဲ့နေရာမှာ ရိုးရိုးပြေးယုံတင်မဟုတ်ဘူးဗျား… အခက်အခဲအတားအဆီးတွေ အများကြီးကို ကျော်ဖြတ်ပြီး မြန်နိုင်သမျှ မြန်အောင် ပြေးရပါသတဲ့။  တကယ်လို့ ပြေးနေတုန်းမှာ မိန်းမပြုတ်ကျ ကျန်ခဲ့ရင် ၁၅ စက္ကန့် မပြေးပဲ ခဏရပ်ပေးရပါတယ်။  ကဲ.. မိန်းမခိုးဖို့ ပြင်နေသူများ ထွေထွေထူးထူး လုပ်မနေနဲ့ အဲ့ဒီလိုသာ လေ့ကျင့်လို့ကတော့ သေချာပေါက် မိန်းမခိုးနိုင်မှာ။
Monday, July 9, 2012
ဟာသတိုလေးများ ၉
အားတော့ ပေးတယ်၊ ဒါပေမယ့် မဆာသေးဘူး
               လူလေးယောက် သဲကန္တာရထဲမှာ အစာငတ်နေကြတယ်.. ၁ ယောက်လဲကျပြီးတော့ သေသွားတယ်။  ကျန်တဲ့ ၃ ယောက်က သူတို့ အသက်ဆက်ပြီး ဒီ သဲကန္တာရကြီးကို ကျော်ဖြတ်ဖို့ သေသွားတဲ့ တစ်ယောက်ကို စားဖို့ ဆုံးဖြတ်လိုက်တယ်…
ပထမလူကပြောတယ် - “ကျုပ်က လီဗာပူးကို အားပေးတာ.. အဲ့ဒီတော့ အင်္ဂလိပ်လို လီဗာလို့ခေါ်တဲ့ အသည်းကို စားမယ်”
ဒုတိယလူကပြောတယ် - “ကျုပ်ကတော့ မန်ချက်စတာ ပရိတ်သတ်.. အဲ့ဒီတော့ အင်္ဂလိပ်လို ချက်စ်လို့ခေါ်တဲ့ ရင်ပုံပိုင်းကို စားမယ်”
တတိယတစ်ယောက် - “ကျုပ်ကတော့ အာဆင်နယ်ဖန်.. အမြှောက်တပ်သားစစ်စစ်… အဲ့ဒီတော့.. အင်း.. ဒါပေမယ်.. အင်း.. ခုလောလောဆယ် ဗိုက်သိပ်မဆာသေးဘူး”
မျိုးရိုး
          ဆိုးပေက သူ့ ဖေဖေကို မေးသည်
ဆိုးပေ။           ။ ဖေဖေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်…
အဖေ။            ။ သြော်… လူဆိုတာက မျောက်ကနေ ဆင်းသက်လာတာကွဲ့။  ဒီလိုနဲ့ တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲတိုးတက်လာပြီးတော့ ခုဖေဖေတို့၊ သားတို့လို လူတွေဖြစ်လာတော့ပေါ့
          ဆိုးပေ သူ့ မေမေထံ သွားပြန်သည်
ဆိုးပေ။           ။ မေမေ လူတွေ ဘယ်လိုစဖြစ်လာတာလဲဟင်..
အမေ။            ။သြော်.. သားရယ်.. ဘုရားသခင်က အာဒမ်နဲ့ ဧ၀ကို ဖန်ဆင်းခဲ့တယ်လေ။  အဲ့ဒီကနေပြီးတော့ လူသားမျိုးနွယ်တွေ ဆင်းသက်လာကြတာပေါ့။
ဆိုးပေ။           ။ဟင် မေမေကလည်း ဟုတ်လို့လား ဖေဖေကပြောတော့ လူဆိုက မျောက်ကဆင်းသက်လာတာတဲ့
အမေ။            ။ ဒီမှာသား နင့်အဖေက သူ့ဘက်က အမျိုးတွေအကြောင်းပြောတာ။  မေမေက မေမေ့ဘက်က အမျိုးတွေ အကြောင်းပြောတာ။
ကျောင်းနောက်ကျခြင်း အကြောင်း
ဆိုးပေ ကျောင်းနောက်ကျသည်။ ဆရာမက ဆိုးပေကိုမေးသည်
ဆရာမ။          ။ဆိုးပေ ဘာဖြစ်လို့ကျောင်းနောက်ကျရတာလဲ
ဆိုးပေ။           ။ ဆိုင်းဘုတ်ကြောင့်ပါ ဆရာမ
ဆရာမ။          ။ဘာဆိုင်းဘုတ်လဲ
ဆိုးပေ။           ။ ကျောင်းရှိသည် ဖြေးဖြေးဆိုတဲ့ ဆိုင်းဘုတ်ပါ။
Sunday, July 8, 2012
ဝက် အသုဘ
          ဒီဝက်ကြီးကတော့ ငယ်ငယ်ကထည်းက ဘုန်းတော်ကြီးတွေက မွေးစားခဲ့လို့ ၀က်သားဖြစ်မယ့်ဘေးက ဝေးလို့ အေးအေးချမ်းချမ်း ဘ၀ကို ဖြတ်သန်းနိုင်ခဲ့ပါသတဲ့။  “ဒီကောင်ကြီးက ချစ်ဖို့ကောင်းသလို နူးလည်း နူးညံပါတယ်၊ ပြီးတော့ သူ့ကို ဘယ်သူမှလည်း မနှောက်ယှက်ကြပါဘူး” လို့ သူ့ကို မွေးစားခဲ့တဲ့ လူတွေ ကဆိုပါသတဲ့။
          ရွာသားတွေဟာ အဆိုပါ ၀က်ကြီးရဲ့ ခန္ဓာကိုယ်ကို ၀က်ဘုရင်ကြီးအဖြစ် ကိုးကွယ်ဖို့ လိုချင်နေကြပါသတဲ့။  သူ့ကို မွေးမြူထားခဲ့သူကတော့ “ဒီ ၀က်ကြီးကို ရုပ်ထုအဖြစ် ထုလုပ်သင့်ပါတယ်။  ဒါမှ နောင်လားနောင်သားတွေလည်း ဒီဝက်ကြီးကို အမြဲတမ်း ရိုသေကိုင်းရှိုင်းနေအောင်ပေါ့” လို့ ဆိုသွားပါသတဲ့။
          သြော်… အံတော့ အံသြစရာပါပဲ.. သူ့ဓလေ့နဲ့သူ၊ သူ့ ကိုးကွယ်မှု့နဲ့ ပါတ်သတ်ပြီးတော့ ဘာမှ မပြောလိုတော့ပါဘူးလေ။  ယုံကြည်ရာကိုးကွယ်လို့ သူ့ဟာနဲ့သူ စိတ်ချမ်းသာပြီး သူများတွေကို ဒုက္ခမပေးရင် ကောင်းတာပါပဲလေ။
Source : (Link)
Saturday, July 7, 2012
သမီးလေး
            ဖ၀ါး လက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်ဆိုတာက ကျွန်တော့်အတွက်တော့ မဟုတ်ဘူး။  ကျွန်တော့်ရဲ့ သမီးငယ်လေးက မွေးဖွားရင် အူဝဲလို့မအော်တတ်ဘူး။  သူ့ကို လူတွေက နီရဲပူပြင်းလှတဲ့ မီးလျှံတွေနဲ့ ဖြတ်တောက်ကြတယ်။  ပြီးတော့ သူ့ကို တစ်ပိုင်းချင်း တစ်ပိုင်းချင်း၊ တစ်ခုချင်း တစ်ခုချင်း တွဲစပ်ကြတယ်။ ဒီလိုနဲ့ သမီးလေး တစ်ယောက်မွေးဖွားခဲ့တယ်။  ဒီလိုပဲ သမီးငယ်လေးများစွာ မွေးဖွားခဲ့တယ်။  အနာဂတ်မှာလည်း သမီးငယ်လေးများစွာ မွေးဖွားလိမ့်ဦးမယ်။  ကျွန်တော့်အလုပ်က ဒီသမီးငယ်လေးတွေကို ကြည်ရှု့စောင့်ရှောက်ပေးဖို့ပေါ့။ 
          သမီးလေးတွေဆိုတာက ကျွန်တော်ဆောက်နေတဲ့ သင်္ဘောတွေပေါ့။  သင်္ဘောတွေကို “She” လို့ သုံးနှုံးကြရင် ကျွန်တော်ဆောက်တဲ့ သင်္ဘောတွေဟာလည်း ကျွန်တော့ သမီးငယ်လေးတွေပဲပေါ့။   ကိုယ်ဝန်စရှိပြီ ဆိုကထည်းက မိခင်တွေဟာ အပူ၊ အစပ်၊ အခါး စတာတွေကို ရှောင်ပြီးတော့ စားချိန်တန်ရင်စား၊ အိပ်ချိန်တန်ရင်အိပ်ပြီးတော့ အနာဂါတ်ရဲ့ ရင်သွေးငယ်ကလေးတွေကို စောင့်ရှောက်ရသလိုပဲ… ကျွန်တော်တို့လည်း သင်္ဘောတစ်စီး စတင် မမွေးဖွားခင်ကထည်းက ဒီဇိုင်းအဆင့်မှာ ကျွန်တော်တို့ရဲ့ ရင်သွေးလေး ပင်လယ်ပြင်ကြီးပေါ်မှာ ရာသီဥတုဒဏ်ကို ကြံကြံခံနိုင်ဖို့ သင်္ဘောရဲ့ ဒီဇိုင်း ပြည့်စုံသည်ထက်ပြည့်စုံအောင်၊ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် တစ်ဆင့်ပြီး တစ်ဆင့် မွန်းမံကြရတာပေါ့။  သမီးလေးရဲ့ ခန္ဓာကိုယ် ကြံခိုင်သည်ထက်ကြံခိုင်လာအောင်၊ သမီးလေးရဲ့ စွမ်းရည်တိုးတက်သည်ထက်တိုးတက်လာအောင် အထပ်ထပ်အခါခါ အိပ်ရေးတွေပျက်လို့၊ အပင်ပန်းခံပြီးတော့ သမီးလေး ရုပ်လုံးပေါ်လာအောင် ကြိုးစားခဲ့ကြတယ်။
ကြယ်တွေစုံတဲ့ ချစ်သူများနေ့ (သို့) တာနာဗာတ ပွဲတော်
          ကောင်းကင်ဘုံမှာ ကျောက်စိမ်းဧကရာဇ်ကြီး စိုးစံတယ်ဆိုတာက တရုတ်တို့ရဲ့ တိုင်အို ဒဏ္ဍာရီလာ ယုံကြည့်မှု့ပေါ့လေ။  စွန်းဝူခုံး ဇာတ်လမ်းတွဲတွေထဲမှာလည်း ကျောက်စိမ်းဧကရာဇ်ကြီးကို မြင်ဖူးကြမှာပေါ့။  ဒီအယူအဆဟာ တရုတ်နိုင်ငံအပြင် ဂျပန် နဲ့ ကိုရီးယားတို့မှာလည်း လွှမ်းမိုးပါတယ်။  တာနာဗာတ ပွဲတော်ကတော့ ဂျပန်နိုင်ငံမှာ နှစ်စဉ် ကျင်းပတဲ့ ပွဲတော်လေးတစ်ခုပါ။  ဒီ ပွဲတော်လေးရဲ့ ရာဇ၀င်ကတော့ ကြေကွဲစရာ ဇာတ်ကြောင်းလေးပေါ်မှာ အခြေခံထားပါတယ်။
          ကျောက်စိမ်းဧကရာဇ်ကြီးမှာ အလွန်ချောမောလှပါတဲ့ သမီးတော်လေးရှိပါသတဲ့။  သမီးတော်လေးရဲ့ နာမည်က ကျီနွီ ပါတဲ့။  ကောင်းကင်ဘုံမှာတော့ နတ်သား နတ်သမီးတို့ဟာ လူ့ပြည်မှာလိုပဲ သူတို့ရဲ့ Profession အလုပ်တွေကို လုပ်ဆောင်နေကြတယ်ပေါ့။  ဒီလိုပဲ ကျောက်စိမ်းဧကရာဇ်ကြီးရဲ့ သမီးတော်လေးရဲ့ တာဝန်ကတော့ ကောင်းကင်ဘုံမှာ လှပတဲ့ ရောင်စုံ တိမ်တိုက်တွေကို ယက်လုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။  တစ်ချို့ပုံပြင်တွေမှာတော့ သမီးတော်လေး ကျီနွီနဲ့ သူ့မိခင်တို့ဟာ လှပတဲ့ ငွေရောင်မြစ်ကြီး (ကျွန်တော်တို့ သိတဲ့ နဂါးငွေ့တန်း ဂလက်စီ) ကို ယက်လုပ်ရပါသတဲ့။  ဒီလိုယက်လုပ်ပြီး နဂါးငွေ့တန်းကြီးဖြစ်ပေါ်လာတော့မှ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတို့မှာ အလင်းရောင်ဖြစ်ပေါ်လာရပါတယ်။
          နေ့စဉ် မင်းသမီးလေး ကျီနွီဟာ သူမရဲ့ တန်ခိုးရှိတဲ့ ကြိုးကလေးကို ယူလို့ ကမ္ဘာမြေပေါ်ကို ရေချိုးဖို့ ဆင်းလေ့ရှိပါသတဲ့။  တစ်နေ့တော့ နွားကျောင်းသားလေး နယိုလန် ဟာ မင်းသမီးလေး စမ်းချောင်းမှာ ရေချိုးနေတာကို တွေ့မြင်သွားလေသတဲ့။  မြင်မြင်ချင်း မင်းသမီးလေးကို ချစ်မိသွားတဲ့ နွားကျောင်းသားလေးဟာ မင်းသမီးလေးရဲ့ တန်ခိုးရှိတဲ့ ကြိုးကိုဝှက်ထားလိုက်ပါသတဲ့။  ကျီနွီ ရေချိုးပြီးပြန်တက်လာတော့ နွားကျောင်းသားလေးဟာ မင်းသမီးလေးကို သူ့အိမ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
          ကျောက်စိမ်းဧကရာဇ်ကြီးဟာ ဒီသတင်းကို ကြားရတော့ ဒေါသတွေ အရမ်းထွက်သပေါ့… ဒါပေမယ့် မင်းသမီးလေးကတော့ နွားကျောင်းသားလေးကို မေတ္တာသက်ဝင် ချစ်ခင်သွားပြီမို့ ကျောက်စိမ်းဧကရာဇ်ကြီးဟာ ဒီတိုင်းပဲ လက်ပိုက်ကြည့်နေရပါတော့တယ်။  ဒီလိုနဲ့ အချိန်တွေကုန်လွန်လာတော့ မင်းသမီးလေး ကျီနွီဟာ သူ့အိမ်ဖြစ်တဲ့ ကောင်ကင်ဘုံကို လွမ်းဆွတ်သတိရနေပါတယ်။  နောက်ပြီးတော့ သူမချစ်ရတဲ့ ဖခင်ကြီးကိုရောပေါ့။  တစ်နေ့တော့ ကျီနွီဟာ သူ့မရဲ့ ခင်ပွန် ၀ှက်ထားတဲ့ တန်ခိုးရှိတဲ့ ကြိုးကလေးကို သေတ္တာတစ်လုံးထဲမှာ တွေ့ရှိသွားပါတဲ့။  ဒါနဲ့ ကျီနွီဟာ ကောင်းကင်ဘုံကို ခဏပြန်ပြီးတော့ သူမရဲ့ ဖခင်ဆီကိုလည်း အလည်အပတ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။  သူမ ကောင်းကင်ဘုံကို ပြန်ရောက်တော့ ဖခင်ဖြစ်သူဟာ ကောင်းကင်ဘုံမှာ မြစ်တစ်ဆင်းကို ဖန်ဆင်းလိုက်ပါတော့တယ်။  ဒီမြစ်ဟာ ကျီနွီလေးကို သူမချစ်လှတဲ့ ခင်ပွန်းသည်ဆီ ပြန်လို့မရအောင် တားဆီးထားတဲ့ မြစ်ပေါ့။  ဒါပေမယ့် ကျောက်စိမ်းဧကရာဇ်ဟာ သနားဖွယ်ကောင်းလှတဲ့ ချစ်သူစုံတွဲကို တစ်နှစ်မှာတစ်ခါတော့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။  ဒါက နှစ်စဉ်နှစ်တိုင်း တရုတ်ပြက္ကဒိန်ရဲ့ ၇ လပိုင်းရဲ့ ၇ ရက်မြောက်နေ့ဖြစ်မှာဖြစ်ပါတယ်။           ဒါကြောင့် အဲ့ဒီနေ့ကောင်းကင်ယံမှာ နတ်သမီးလေး ကျီနွီက Viga ဆိုတဲ့ ကြယ်ပွင့်လေး အဖြစ်နဲ့ နဂါးငွေ့တန်းကြီးရဲ့ အရှေ့ဘက်ခြမ်းမှာ ထွန်းလင်းတောက်ပနေပါသတဲ့။  သနားစရာ နွားကျောင်းသားကလေးကတော့ Altair ဆိုတဲ့ ကြယ်ကလေးအဖြစ်နဲ့ နဂါးငွေ့တန်းကြီးနဲ့ အနောက်ဖက်မှာ ထွန်းလင်းတောက်ပရရှာပါတယ်။  အဲ့ဒီနေ့မှာ နဂါးငွေ့တန်းကြီးရဲ့ အလင်းရောင်ကတော့ သူတို့နှစ်ယောက်တွေ့ဆုံဖို့အတွက် မှေးမှိန်ပေးရတယ်လို့ ဆိုကြပါတယ်။  သနားစဖွယ် ချစ်သူစုံတွဲကတော့ အဲ့ဒီ ၇ ရက်မြောက်နေ့ကလေးမှာပဲ တွေ့ဆုံခွင့်ရပါသတဲ့။  ဒီနေ့ကို တရုတ်လိုတော့ ကျီရှီး ပွဲတော်လို့ ခေါ်ကြပြီး၊ ဂျပန်မှာတော့ တာနာဗာတ ပွဲတော်လို့ခေါ်ကြပါတယ်။  ကိုရီးယားမှာလည်း ချီလ်ဆုခ် ဆိုပြီးတော့ ပွဲတော်ကျင်းပလေ့ရှိပါတယ်။  မြန်မာလိုဆိုရရင်တော့ ကြယ်ပွဲတော်၊  အနောက်နိုင်ငံတွေမှာ ဗယ်လင်တိုင်းလို့ခေါ်တဲ့ ချစ်သူများနေ့ ကျင်ပသလိုမျိုးပေါ့။  တစ်ကယ်လို့ အဲ့ဒီနေ့မှာ မိုးရွာခဲ့ရင်တော့ ကျီနွီလေးဟာ သူမချစ်လှတဲ့ ခင်ပွန်းသည် နွားကျောင်းသားလေးကို တွေ့ရတော့ ၀မ်းသာလွန်းလို့ ဖြေမဆည်နိုင်ဖြစ်ကာ မျက်ရည်များကျရတယ်လို့ ဆိုကြပါသတဲ့။
Friday, July 6, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၀
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏   
ကြော်ငြာကောင်းချက်ကတော့ သရဲမတောင် အလွတ်မပေးဘူး...
Thursday, July 5, 2012
ဘာမြင်ရလဲ? - ၃
          ဒီနေ့ မနက် အိပ်ယာထတော့ အုန်းကလွဲနေတယ်။  အုန်းလွဲနေတော့ ဇက်က ခိုင်နေသပေါ့လေ။  ဒါပေမယ့် ဒီပိုစ့်လေး တင်ချင်တော့ ဒီဓာတ်ပုံတွေကို ထပ်ကြည့်မိတယ်။  အဲ့ဒီလို ကြည့်လိုက်တော့ လွဲနေတဲ့ ဇက်က ပိုပြီးတော့ နာသွားတယ်။  အဲ့ဒီမှာ ကောက်ချက်တစ်ခု သေသေချာချာ ချလိုက်မိတယ်.. အုန်းလွဲနေတဲ့လူတွေ ဒီဓာတ်ပုံတွေကို မကြည့်ပါနဲ့လို့ပေါ့။  အဲ့ နောက်တစ်ခုက မျက်မှန်သမားတွေလည်း မကြည့်ရင် ပိုကောင်းမယ်.. မဟုတ်ရင် ကြည့်ရင်း ကြည့်ရင်းနဲ့ မျက်မှန် ကျွတ်ထွက်သွားနိုင်သေးတာကိုး....  ကဲ ပုံလေးတွေ ကြည့်ဖို့ အသင့်ဖြစ်ရင်တော့ စကြည့်နိုင်ပါပြီ။  ပုံတွေကို မြင်ရချင်ရင်တော့ ခေါင်းကို တွင် တွင် ခါမှ မြင်နိုင်မှာပါ။
ကိုကာကိုလာကြိုက်တဲ့ ကုလားအုပ်
          ကုလားအုပ်တစ်ကောင်က ကိုကာကိုလာ အချိုရည်ကို ကြိုက်တယ်ဆိုရင်ယုံပါ့မလား။  နောက်ပြီးတော့ ဘယ်လိုလုပ်ပြီးတော့ ပုလင်းလိုက်မော့လိုက်မလဲ?  တူနီးရှားနိုင်ငံ Tozeur မြို့ရဲ့ တရိစ္ဆာန်ရုံက ကုလားအုပ်ကတော့ ကိုကာကိုလာ အချိုရည်ကို ကြိုက်မှကြိုက်ဆိုပဲ။  ဒီ ကုလားအုပ်ဟာ ကိုကာကိုလာ အချိုရည်ကို ပုလင်းလိုက် တစ်စက်မကျန် မော့သောက်နိုင်ပါသတဲ့။  သူ့ကို ကိုကာကိုလာ တိုက်ချိန်ဆိုရင်တော့ တရိစ္ဆာန်ရုံကို လာလည်တဲ့လူတွေ အပြည့် စောင့်ကြည်နေကြတယ်လို့ ဆိုပါတယ်။  ကဲ ကုလားအုပ် ဘယ်လို အချိုရည်သောက်သလဲ သိချင်ရင်တော့ အောက်က YouTube လင့်ကိုသာ သွားကြည့်ကြပါ။