ဘေဂျင်းကိုရောက်တော့ ည ၁၀ နာရီလောက်ရှိနေပြီ။ နန်းတော်ဘေးက Jade Garden Hotel မှာ တည်းဖြစ်သည်။ ဟိုတယ်ကတော့ ရှေးမူမပျက်ကို ခေတ်မီအောင်ပြင်ထားသည်၊
ကြယ်လေးပွင့်လို့ ပြောထားပေမယ့် ကြယ် ၃ ပွင့်သာသာ တော့ ရှိမည်။ ပစ္စည်းတွေချပြီးတော့ ဟိုတယ်ရဲ့ ဘားမှာပဲ ဘီယာစုပ်ရင်း
စကားပြောဖြစ်သည်။ သိပ်တော့ ထွေထွေထူးထူးမဟုတ်လှ၊
သင်္ဘောအကြောင်းသာ ပြန်ရောက်သွားသည်။
နောက်နေ့မနက် ၇နာရီလောက်ကျတော့
Forbidden City ဘက်ကို လမ်းလျှောက်သွားဖြစ်သည်။
ဘေဂျင်းဆောင်းသည် အတော်လေးအေးနေပြီဖြစ်သည်။ -၁၅ လောက်ဆိုတော့ မြင်လေရာရာ ရေခဲနေပြီ။ သို့သော် Humidity က နိမ့်တော့ ခြောက်ခြောက်သွေ့သွေ့နှင့်
နေသာထိုင်သာရှိသည်။ ရှန်ဟိုင်းလို မိုးရွာပြီး
အေးနေတာထက်စာရင် အများကြီး နေသာထိုင်သာရှိသည်။ ကံကောင်းသည်က ဘေဂျင်းတွင် နေသာနေခြင်းဖြစ်သည်။
Forbidden City နှင့် ထျန်းအန်းမန် ရင်ပြင်ကို
ချန်အန်းလမ်းမကြီး တစ်ခုသာခြားသည်။ ထျန်အန်းမန်
ရင်ပြင်ရောက်တော့ အလံလွှင့်ချိန်ကျော်သွားပြီဖြစ်သည်။ စစ်ရေးပြ စစ်သားတွေကတော့ ဥဒဟို… ခရီးသွားတွေကို
ဆွဲဆောင်ထားတာလည်း ဖြစ်နိုင်သည်။
ခရီးသွားရာသီ
မရောက်သေးတော့ လူတွေ သိပ်မများလှ၊ သို့ပေမယ့် သောင်းဂဏန်းလောက်တော့ ရှိမည်။ ထျန်းအန်းမန် အဓိပ္ပာယ်ကတော့ Gate of Heavenly
Palace - ကောင်းကင်ဘုံနန်းတောင်သို့ အ၀င်တံခါး လို့ အဓိပ္ပာယ်ထွက်မယ်ထင်ပါတယ်။ ချန်အန်းလမ်းမကြီး ဟိုဘက်က Forbidden City ကိုဝင်သော
တံခါးမကြီးရဲ့နာမည်ကို ယူပြီး အဆိုပါရင်ပြင်ကို ထျန်းအန်းမန်ရင်ပြင်ဟု မှည့်သည်ဟု ထင်သည်။ ပြည်သူ့ရင်ပြင်သည်သာဖြစ်သည်။ အမှတ်တရပေါင်းများစွာနှင့်ပြည့်နေသည်။ ၁၉၈၉ ဇွန်လတုန်းက ဒီနေရာမှာ သွေးစွန်းခဲ့သည်။ မေ့တဲ့လူတွေကတော့ မေ့နေကြလောက်ပြီ။
ရင်ပြင်ရဲ့ မြောက်ဖက်မှာ မော်ရဲ့ ရုပ်အလောင်းထားရာ
အဆောက်အဦးရှိသည်။ အင်္ဂါနေ့ဆိုရင် ပိတ်သည်။ ထျန်းအန်းမန်ရင်ပြင်ကို ရောက်သည့်နေ့က အင်္ဂါနေ့၊ ထို့ကြောင့် မော်ရဲ့ ရုပ်အလောင်းထားရာ အဆောက်အဦးထဲကို
ဝင်လို့မရ။
ရင်ပြင်ရဲ့ တော်ဘက်ခြမ်းမှာတော့ ပြည်သူ့
သူရဲကောင်းတို့ရဲ့ ကျောက်တိုင် (The Monument of People’s Heroes) ရှိသည်။ ၁၉၅၈ ခုနှစ်ကထည်းက တည်ဆောက်ခဲ့သော ကျောက်တိုင်ဖြစ်သည်။ ဒီကျောက်တိုင်ရဲ့ အရှေ့ဖက် မျက်နှာစာမှာ မော်ရဲ့
လက်ရေးနှင့် ရေးထားသောစာရှိသည်။ “ရဲသော် မသေ၊ သေသော် ငရဲမလား” ဆိုလား ဘားလား အဲ့ဒီလို
ရွှေပြည်ကြီးမှာ ထောင်ထောင်ထားတဲ့ ဆိုင်းဘုတ်လိုမျိုး ဆင်ဆင် ဆောင်ပုဒ်ကို ရေးထားခြင်းဖြစ်သည်။ ရင်ပြင်ဘေးမှာက ပြည်သူ့ပြတိုက်ရှိသည်။ အချိန်မရသောကြောင့် လမ်းကူးပြီး အထဲကို မ၀င်တော့
Forbidden City ထဲကိုသာ ခပ်သုတ်သုတ် သွားဖြစ်သည်။
Forbidden City - တိုင်းသူပြည်သားတွေကို နန်းတော်ထဲပေးမ၀င်ခဲ့တဲ့နေရာ၊ နန်းတွင်းသူ၊ နန်းတွင်းသားတွေ နန်းတော်ထဲက ထွက်ဖို့
ခက်လှတဲ့နေရာ၊ မင် နှင့် ချင် မင်းဆက် နှစ်ဆက်
နှစ်ပေါင်း ၅၀၀နီပါး စိုးစံသွားတဲ့နေရာ၊ ခုတော့ ပြတိုက်ကြီးဖြစ်နေပြီ။ ယူနက်စကိုရဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်သည်။ သစ်ကို မွန်းမံပြီး သုံးစွဲထားတဲ့နေရာမှာ ကမ္ဘာပေါ်မှာ
ဒီနန်းတော်က အများဆုံးဟုဆို၏။ တရုတ်နီနှင့်
တရုတ်ဖြူတွေ တိုက်ကြတော့ ကူမင်တန်တွေ တိုင်ဝမ်ကျွန်းကို ဆုတ်ခွာတုန်းက ဒီနန်းတော်ထဲက
နန်းတွင်း ရတနာတွေ တော်တော်များများယူသွားသည်။
ဒီတော့ နန်းတွင်းထဲက နန်းစဉ်ပစ္စည်းတစ်ချို့က တိုင်ပေ မှာရှိသည်။ ဒီနန်းတော်နှင့် ဒီရင်ပြင်ကြားမှာ နှစ်စဉ်နှစ်တိုင်း
စစ်ရေးပြ အခမ်းအနားလုပ်နေကြနေရာဖြစ်သည်။ ချန်အမ်း
လမ်းမကြီးသည် ဘယ်ညာ၊ ဘယ်ညာ စစ်ရေးပြ လျှောက်ရာ လမ်းမကြီးဖြစ်သည်။ ထျန်အန်းမင်ဂိတ်ဝမှာတော့ မော်ရဲ့ ပန်းချီကားကြီးကို
ချိတ်ထားသည်။
Forbidden City က မန္တလေးရဲ့ နန်းတော်လိုမျိုး
လေးထောင့်စပ်စပ်မဟုတ်။ ထောင့်မှန်စတုဂံပုံဖြစ်သည်။ ကျုံးကတော့ ရေတွေခဲနေပြီဖြစ်သည်။ တရုတ်တွေရဲ့ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကထည်းက အင်္ဂတေနှင့်
သစ်ကို ဘယ်လိုတွဲစပ်တယ်ဆိုတာကို မြင်ရသည်။
နန်းတော်ထဲမှာ လျှောက်သွားချင်လျှင် အလိုအလျှောက် လမ်းပြပေးသည့် စက်ကလေးကို
ငှားပြီး လည်ပင်းမှာချိတ်လိုက်ရင် ဘယ်လိုသွားရမည်ကို ညွှန်းသည်။ ဒီလေးထောင့် ၀န်းကြီးထဲ စက်ကြည့်ပြီးတော့ မသွားချင်။ ဒီတိုင်းလျှောက်သွားသည်။
မော်ရဲ့ ပန်းချီကားကြီးချိတ်ထားတဲ့ တံခါးမကြီးနေ၀င်သွားတော့
ကွင်းပြင်တစ်ခုရှိသည်။ အဲ့ဒါပြီးတော့ Gate
of supreme harmony ကိုထပ်ဝင်ရသည်။ ဒီတံခါးမကြီးက
Hall of supreme harmony အဆောက်အဦးကို ၀င်တဲ့ တံခါးမကြီးဖြစ်သည်။
မင် နှင့် ချင်မင်းဆက်တွေရဲ့ သရဖူဆောင်း မင်းမြှောက်တဲ့အခါ၊
လက်ထပ်မင်္ဂလာ ဆင်ယင်ကျင်းပတဲ့အခါတွေမှာ သုံးတဲ့ အဆောက်အဦးကြီးဖြစ်သည်။ တရုတ်နိုင်ငံမှာတော့ အကြီးဆုံးသော သစ်သား အဆောက်အဦးဖြစ်သည်။
အဲ့ဒီကနေထပ်လျှောက်သွားလျှင် Palace of
Heavenly Purity လို့ခေါ်တဲ့ တရုတ်ဧကရာဇ်တို့ စံမြန်းခဲ့ရာ နန်းတော်သို့ရောက်သည်။ မင် မင်းဆက်တုန်းကတော့ အဲ့ဒီနန်းတော်မှာပဲ စံမြန်းတယ်လို့
ဆိုပါတယ်။ ဒီနန်းတော်ကြီးရဲ့ အထပ်နှစ်ထပ်မှာ
အခန်းကြီး ၉ ခန်းပိုင်းပြီးတော့ ကုတင်ပေါင်း ၂၇ ကုတင်ရှိတယ်လို့ ဆိုပါတယ်။ လုံခြုံရေးအတွက် ဧကရာဇ်ဟာ အဲ့ဒီ ကုတင် ၂၇ လုံးထဲက
တစ်လုံးသော ကုတင်မှာ အိပ်ပါသတဲ့။ အဲ့ဒီတော့
လုပ်ကြံချင်တဲ့လူရှိရင် ကုတင် ၂၇ လုံးကို လိုက်ပြီး ဓားနဲ့ ခုတ်ရမလိုလို ထင်ရတာပဲ။
ကျင်း မင်းဆက် အစပိုင်းမှာလဲ အဲ့ဒီနန်းတော်ကြီးထဲမှာပဲ
နေခဲ့တာပဲ။ ဒါပေမယ့် ဧကရာဇ် ယောင်ကျန်း လက်ထက်ကျတော့
သူ့ဖခင် စိုးစံခဲ့တဲ့ နေရာမှာ မနေချင်တော့တဲ့အတွက် အနောက်ဖက်ကို ပြောင်းရွှေ့နေတယ်လို့ဆိုပါတယ်။
ဒီနန်းတော်ထဲမှာပဲ ဧကရာဇ်တွေဟာ သံအမတ်တွေ၊ မူးကြီးမတ်ရာတွေကို
တွေ့ဆုံ၊ အမိန့်စာတွေ ဘာညာတွေ ရေးခဲ့ပါတယ်။ ဧကရာဇ်တို့စံမြန်းတဲ့ ပလ္လင်ကတော့ လူတွေ ၀ိုင်းပြီးအလုအယက်ရိုက်နေလို့
မနဲတိုးပြီး ရိုက်ခဲ့ရတယ်။ ရုပ်ရှင်တွေထဲကလိုတော့
ခမ်းခမ်းနားနားကြီး မဟုတ်လှပါဘူး။
အဲ့ဒါပြီးရင်တော့ ရှင်ဘုရင်တို့ စံမြန်းရာ
ဥယျာဉ်ကို ရောက်၏။ စိုစိုပြေပြေတော့ ရှိသည်။ ကျောက်တုံးတွေဆင့်ပြီး ကျောက်တောင်အတုလုပ်ထားတာလည်း ရှိသည်။
သစ်ပင်တွေကိုတော့
အတော်လေးကို ပြုပြင်ပြီး စိုက်ထားသည်။ မောင်နှံသစ်ပင်လို့
ပြောရမလား သစ်ပင်နှစ်ပင်ကို လိမ်နေအောင် လုပ်ထားခြင်းဖြစ်သည်။ ရှု့မငြီးက စင်ကျားပေါရောက်နေတော့ နှစ်ယောက်အတူ ဓာတ်ပုံမရိုက်ဖြစ်တော့။
နောက်တော့ နန်းတွင်း ဘုံကျောင်းဆောင်ဖြစ်သည်။ နန်းတော်ဝန်းအပြင်မှာ ရှိသည်။ လူအားနှင့် တည်ဆောက်ထားသောတောင်ဖြစ်သည်။ ဘယ်ကနေ မြေတွေကို ဘယ်လိုယူပြီးတော့ လူဘယ်နှစ်ယောက်သုံးထားသည်မသိ။ တောင်အပေါ်ထပ်မှာတော့ ဘုံကျောင်းဆောင်နှင့် မြတ်စွာဘုရား
ရုပ်ပွားတော် တစ်ဆူရှိသည်။ ဆင်းတုတော်ကို ဓာတ်ပုံရိုက်ခွင့်
မပေး။ မည်သို့သော အကြောင်းကြောင့်ရယ်တော့ မသိ။
ကိုပီတာ ရေးသလိုဆိုရင်တော့ တရုတ်ပြည်မှာလည်း ဒီလို ဓာတ်ပုံရိုက်ကြတယ် အကို......
တောင်ပေါ်တွင် ခဏနားသည်။ နန်းတော် တစ်ခုလုံးကို တောင်အပေါ်မှ လှမ်းမြင်ရသည်။ ခပ်ဝေးဝေးမှတော့ မိုးပျံတိုက်တွေ အများကြီး။ ဘေဂျင်းသည် ခေတ်သစ်နှင့် ခေတ်ဟောင်းတို့ရဲ့ တိုးတိုက်မှု့တို့ကို တွေ့နိုင်သော နေရာပင်ဖြစ်သည်။
နေ့လည်ပိုင်းတော့
စားသောက်ဆိုင်သွားဖြစ်သည်။ မော် ရဲ့ စားဖိုမှုးဟောင်းဖွင့်ထားသော
ဆိုင်ဟုဆိုသည်။ စားသောက်ဆိုင်ထဲမှာတော့ မော်ရဲ့ ဓာတ်ပုံတွေတင်မက ရုပ်ထုပါ ခင်းပြထားသည်။
အစားအစာတွေကတော့
မော်ကြိုက်တတ်တဲ့ အစားအစာတွေဟုဆိုသည်။ သို့သော် ကျွန်တော်မကြိုက်။ ကျွန်တော်မကြိုက်သော် ဘယ်သူက ဂရုစိုက်မည်နည်း။ မော်ကြိုက်မကြိုက်က သူ့ခေတ် သူ့အခါတုန်းက အတော်အရေးကြီးသည့်
အရာပင် ဖြစ်လိမ့်မည်။ အပိုင်း ၁ ရေးပြီးတော့
ဘလော့ဂ်နှင့် အဆက်အသွယ်ပြတ်သွားသည်။ သင်္ဘောက
Pre-commissioning မစခင် ပိုက်လိုင်းတွေနောက် စပြီး လိုက်နေရပြီဖြစ်သည်။ ပိုက်တစ်လုံးချင်းစီ Valve direction မှန်မမှန်၊
connection တွေမှန်မမှန်၊ gasket type မှန်မမှန်
စသည်.. စသည်..Line check စပြီး ဆင်းနေတော့ နေ့ပိုင်း လိုင်းစစ်၊ ညပိုင်း ရှိသမျှ ပြဿနာတွေ
စာရွက်ပေါ်တင် ဒီလိုနှင့် လုံးလည်ချာလပတ်လိုက်နေသည်။ ဒီကြားထဲတော့ ရသမျှအချိန်ကို ပြန်လုယူဦးမည်။
ဘေဂျင်းအကြောင်း ဒုတိယပိုင်းပြည့်ပြည့်စုံစုံလေးကို ဆက်ဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။ အခွင့်သာရင် တစ်ခေါက်လောက်တော့ အရောက်သွားချင်ပါဘိး)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
AH ဆီကိုလာကြည့်ပြီးတရုတ်ပြည်ကြီးကိုသွားလည်ချင်စိတ်တွေကထိန်းရခက်လွန်းလှပါတယ်
ReplyDeleteတချို့သမိုင်းဝင်အဆောင်တွေအဆောက်အဦးတွေကိုတော့ တရုတ်ကားတွေထဲမြင်ဖူးတယ် တချို့ကိုတော့ခုမှမြင်ဖူးတယ်
စိတ်ဝင်စညးဖို့လဲကောင်းတယ် ဗဟုသုတလဲရလို့ကျေးဇူးပါ
မြန်မာပြည် သစ်တောပြုန်းတီးရခြင်းရဲ့ အကြောင်းရင်းပေါ့ ဆြာထောင်ရာ...... :)))))
ReplyDeletewho said these wood and teak were taken from Burma, long long ago King's era.
Deleteကိုယ်တိုင်ရောက်သွားသလိုပါဘဲ မောင်အွတ်ထောင်ရေ။ ဖတ်ရတာ ဗဟုသုတတယ်ရသဗျာ။ အဲဒီမှာလဲ အေးသကိုးဗျ။ ဒီမှာထက်တောင် ပိုအေးမဲ့ပုံ။ ဒီတစ်သက်တော့ အဲဒီဘက် ရောက်ဖြစ်မယ်မထင်။ သို့သော်လဲ ရောက်ဖူးသူများဆီက အခုလို ကြည့်ခွင့်ဖတ်ခွင့်ရတာကိုတော့ ပျော်ရွှင်မိကြောင်းရယ်ပါ။
ReplyDeleteအရမ်းကိုသွားချင်နေတဲ့နေရာတခုဘဲ ကိုအားထောင်ရေ ခေဇီနေရာနော် ဟင်းး
ReplyDeleteခုလာဖတ်ပြီးမှ ပိုရောဂါတိုးရပါသည် . အရမ်းအရမ်းကိုသွားချင်နေပါသည်
ဂျာရစ်
ကိုယ်တိုင်ရောက်သွားသလိုပါပဲ ကိုအွတ်ထောင်..နောက်အပိုင်းတွေ မျှော်နေပါတယ် ခင်ည..
ReplyDelete