စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Tuesday, February 28, 2012
Today Myanmar
           တူဒေးမြန်မာဆိုတာ ဟိုဟာ.. ဒီဟာ သတင်းတွေမဟုတ်။  ဖုန်းကဒ်သာဖြစ်သည်။  ပူသည်... ထုံးစံအတိုင်း စင်ကျားပေါရောက်လျှင် အတော်ပူသည်။ ပူသော်လည်း....စားချင်တာတွေ နှစ်ယောက်သား လျှောက်စားကြရာ ဖက်တီးဘုတ်ဖြစ်လာတော့မည်။  မဒမ်ထွဋ်က ပိုစားသည်၊ ၂ ရက်အတွင်း 2 kg တက်လာသည်ဟုဆိုသည်။  စားလိုက် လေ့ကျင့်ခန်းလုပ်မည်ဟုဆိုကာ လေပန်းလိုက် စားလိုက်နှင့် နှစ်ယောက်လုံး ငါးပူတင်းဖြစ်တော့မည်။  သို့သော်.. စင်ကျားပေါ အစားအစာ စာငတ်သောကြောင့် ရောက်တုန်းလေး အတိုးချစားသည်။  စီလုတ်မှာနေတုန်းကတော့ မြန်မာ အစားအစာတွေလွမ်းလှသည်၊ နာဇီအရမ်းပန်းညက်လွမ်းသည် (ကြက်ကြော်နှင့် ထမင်း)၊  လာဆာ လွမ်းသည်... လွမ်းလွမ်းနှင့် လျှောက်စားသည်။  ခဏလောက်နေလျှင် စီလုတ်အစားအစာတွေ လွမ်းဦးမည်... ပြန်ရောက်လျှင် အတိုးချစားဖြစ်လိမ့်မည်... ပိန်နိုင်ဖွယ်မမြင်။  
                    ပြန်ရောက်တော့ ရွှေပြည်တော်ကို ဖုန်းဆက်ရန် ထုံးစံအတိုင်း ၁၈၁၈ ၀ယ်သည်။  ဆိုင်ကညွှန်းလိုက်သောကြောင့် တူဒေး မြန်မာဆိုသော ဖုန်းကဒ်ကို ၁၀ ပေးပြီး ၀ယ်လိုက်သည်။  ၆၅ မိနစ်ခေါ်လို့ရသည်။  အသံကြည်သည်။  ထွက်စမို့လို့ဖြစ်မည်။ ထို့ကြောင့် တန်သည်။  တန်သောကြောင့် စင်ကျားပေါမှ လူများ စမ်းကြည့်စေလိုသည်။  သို့သော် ခေါ်ပြီးတိုင်း ဖုန်းနံပါတ်တစ်ခုပြန်နှိပ်ကာ လိုင်းပြန်ဖြုတ်ရသည်.. မဟုတ်လျှင် ပိုက်ဆံတွေ ပါသွားမည်။  မည်သို့ပင်ဆိုစေ လောလောဆယ်တော့ အတော် တန်သလို၊ အသုံးတည့်သည်။  ထို့ကြောင့် ဖုန်းကဒ်ကို ဓာတ်ပုံရိုက်ကာ တင်ပေးလိုက်ပါသည်။   နောက် နည်းနည်းကြာလျှင်တော့ ပိန်မသာ လိမ်မသာ အခြား ဖုန်းကဒ်တွေလို ပြန်ဖြစ်ချင် ဖြစ်သွားနိုင်သည်။ 
Sunday, February 26, 2012
ထူးခြားဆန်းပြားမင်္ဂလာဆောင်များ - ၂
ဝေဟင်မှ မင်္ဂလာဆောင်
          ဘယ်(လ်)ဂျီယံ နိုင်ငံ၊ ဘရူဆဲလ်က Jeroen နဲ့ Kippers တို့အတွဲကတော့ အများနဲ့မတူ တမူထူးခြားစွာဖြင့် အမြင့် ၁၆၀ ရှိတဲ့ စင်ကို ကရိန်းနှင့်မပြီးတော့ ထိုကရိန်းပေါ်မှာ လက်ထပ်ပွဲကို ဆင်နွှဲခဲ့ပါသတဲ့။  ထိုစင်ပေါ်မှာ ဧည့်သည်တော် ၂၀ လောက်က မင်္ဂလာပွဲကို လာရောက် ချီးမြှင့်ပေးခဲ့ပါတယ်။  နောက်ထပ် စင်တစ်ခုမှာတော့ တီးဝိုင်းအဖွဲ့က တီးမှုတ်ပေးခဲ့ပါတယ်။  မင်္ဂလာဆောင်ပြီးသွားတဲ့အခါမှာတော့ သတို့သားနဲ့ သတို့သမီးဟာ ထိုစင်ပေါ်ကနေ ကြိုးနဲ့ ခုန်ဆင်း (bungee jumping) ခဲ့ပါတယ်။  ဒီလို ခပ်ကြောင်ကြောင်မင်္ဂလာဆောင်ကိုတော့ “Marriage In The Sky” ဆိုတဲ့ ကုမ္ပဏီက စီစဉ်ပေးပါသတဲ့။ 
Saturday, February 25, 2012
ဒီပန်းသီး ဘယ်လောက်လဲ။ ၄၅၀။ ကားပေါ်မြန်မြန်တက်ပါ။
ဟိုးအဝေးကတိမ်တောင်တွေပေါ်မှာ အန္တရာယ်များတဲ့ အိုင်ဒီယာတွေပါသွားသလားလို့ ကြည့်မိ တခဏမှာ
ခင်ဗျားက bulb သီကို လက်နဲကထွန်းညှိလိုက်ပါတယ်
သူမဟာ တစ်ကိုယ်လုံးလှုပ်ရှားမှု့ကို ပရိသတ်ကိုပြချင်လို့ အ၀တ်နက်ခြုံပြီး
၁ က ၅၀ အထိ ရေတွက် လိပ်ပြာကိုလှုပ်လိုက်ပါတယ်
ကျွန်တော်တို့နေထိုင်တဲ့ ပြည်ထောင်စုမှာ တောင်တန်းတွေ လှိုင်းတွေနဲ့ ရှေးရိုးယဉ်ကျေးမှု့
ဓလေ့စရိုက်တွေ ဟာမိုနီဖြစ်မဖြစ် စီစစ်ပြီး ကော်ပီလုပ်ရမယ်
အားလုံးဟာ ဗလာတွေပါပဲ အားလုံးဟာ ဗလာတွေပါပဲ ဘယ်လိုပဲပြောပြော
အားလုံးဗလာမဲပေါက်ကြတာ
အရှေတီမောရဲ့ နုနုငယ်ငယ်လွတ်လပ်ရေးနဲ့အင်းဒိုနီးရှားရဲ့ ဒီမိုကရေစီ စိမ်ခေါ်ပွဲ
မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ စတော့မတဲ့
လူတစ်ယောက်ရဲ့ ခြေ၊ လက်၊ ခန္ဓာနဲ့ ပုဂ္ဂိုလ်တစ်ပါးရဲ့ ခြေလက်ခန္ဓာဘာကွာသလဲ
အမှန်လွန်သစ်သီးကို အပ်ချည်ကြိုးနဲ့ ဆွဲချမိတဲ့ ဖြစ်ရပ်
အမှည့်လွန်သစ်သီးကို ဈေးကွက်တင်တဲ့ ကိစ္စ
ဖြစ်သမျှဇာတ်ကြောင်းတိုင်းမှာ လွတ်လပ်တဲ့ ဇာတ်အကျိုးရှိသလား
ဘ၀မှာခဏခဏ ဒီရေတက်နေရတယ်
          (၁) မေးခွန်း
          (၂) အသံ
          (၃) ဟန်ကိုယ့်ဖို့လား သူ့ဖို့လား မသိခြင်းတရား
ခင်ဗျားနံဘေးနားမှာ မြစ်စီးနေသမျှပေါ့
ငြိမ်းဝေ၏ ဂဃနဏ စာအုပ်မှ
Friday, February 24, 2012
တရုတ်က အားကစား အသုံးအဆောင် ကုမ္ပဏီကြီးကို တရားစွဲတော့မယ့် မိုက်ကယ်ဂျော်ဒန်
          ဘက်စကတ်ဘော လောကရဲ့ နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့သူ မိုက်ကယ်ဂျော်ဒန်ကတော့ တရုတ်နိုင်ငံက အားကစားဝတ်စုံတွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ Qiaodan Sports Co. ကို တရားစွဲဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။  မိုက်ကယ် ဂျော်ဒန်ဟာ ကမ္ဘာနာမည်ကြီး အားကစား ပစ္စည်းများ ထုတ်လုပ်လောင်းချတဲ့ ကုမ္ပဏီ Nike နဲ့ ပူးတွဲပြီးတော့ သူ့ကိုယ်ပိုင် အားကစားဝတ်စုံနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသူပါ။
          မိုက်ကယ် ဂျောဒန်ကတော့ “ဒီလိုမျိုး ကျွန်တော့်နာမည်ကို တရုတ်လို အသုံးပြုပြီး ကျွန်တော့်ခွင့်ပြုချက်မရှိပဲ သုံးစွဲတာကို တွေ့ရတဲ့အတွက် အလွန့်ကို စိတ်ပျက်မိပါတယ်။  နောက်ပြီး ကျောနံပါတ် ၂၃ ကိုလည်း ကျွန့်တော်ခွင့်ပြုချက် မရပဲ အသုံးပြုတဲ့အပြင် ကျွန်တော့် ကလေးတွေရဲ့ နာမည်ကို ပါယူပြီးတော့ သုံးစွဲပါသေးတယ်” လို့ ဆိုသွားပါတယ်။
          “ကျွန်တော်က ငွေ အတွက်ကြောင့် တရားစွဲတာမဟုတ်ပါဘူး၊ လုပ်ထုံးလုပ်နည်းအရရယ်၊ ကျွန်တော့်နာမည်ကို ကာကွယ်ဖို့အတွက် တရားစွဲတာပါ” လို့ ထပ်လောင်းပြောသွားပါသေးတယ်။
FLIP သို့မဟုတ် Floating Instrument Platform
          ဒီသင်္ဘောအမျိုးအစားကို FLIP လို့ နာမည်ပေးထားပါတယ်။  ရေပေါ်မှာ အလျှားလိုက် သွားနိုင်သလို သုတေသန ပြုလုပ်တဲ့အချိန်မှာတော့ ၉၀ ဒီဂရီ ဒေါင့်မတ်ပုံစံ သင်္ဘောကို ထောင်လိုက်ပုံစံ ထားလို့ရပါတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်က Drs. Fred Fisher နဲ့ Fred Spiess တို့ဟာ ဒီလို သင်္ဘောမျိုးကို စတင် တီထွင်ခဲ့တာပါ။  ဒီသင်္ဘောကိုတော့ ပင်လယ်ပြင်သုတေသန အတွက် အသုံးပြုတာပါ။  ပင်လယ်ရေစီးကြောင်းတွေ ဘယ်လို စီးဆင်းတယ်၊ ဘယ်လိုမျိုး ကြီးမားတဲ့ လှိုင်းကြီးတွေ ဖြစ်ပေါ်လာရတယ်၊ လှိုင်းတွေ ဘယ်လိုရွှေ့လျှားတယ်၊ လေထုနဲ့ ပင်လယ်ကြားမှာ အပူတွေ ဘယ်လိုပုံစံနဲ့ ဖလှယ်နေကြတယ်၊  ပင်လယ်ရေအောက်က သတ္တ၀ါတွေဟာ ဘယ်လိုမျိုး အသံလှိုင်းတွေကို ထုတ်လွှတ်ကြတယ် စတဲ့ စမ်းသပ်မှု့များစွာကို ဒီသင်္ဘောကို အသုံးပြုပြီး လေ့လာနိုင်ခဲ့ကြပါတယ်။ 
          ဒေါင်လိုက်ပုံစံအတွက် အထူးဒီဇိုင်းထုတ်ရတာကတော့ ပင်လယ်ပြင်မှာ ပိုမို တည်ငြိမ်တဲ့ အခြေအနေလိုချင်တဲ့အတွက်ပါ။  အလျှားလိုက်ပုံစံထက်၊ ဒေါင်လိုက်ပုံစံဟာ ပိုမိုတည်ငြိမ်စေပြီး လှိုင်းကြောင့် သင်္ဘော လူးခြင်းကိုလည်း သက်သာစေပါတယ်။
Wednesday, February 22, 2012
ဘာမြင်ရလဲ? - ၂
ကဲ အကောက်လား အဖြောင့်လား ပြော.......
ဖြိုက်ကနဲ
ဖြိုက်ကနဲ…
မိုးက တစ်ပြိုက်ရွာ
ခိုကိုးရာမဲ့ ခိုက်ခိုက်တုန်လို့
ဖြိုက်ကနဲ…
သိမ့်သိမ့်တုန်ကျန်ခဲ့
နင်နင်းခဲ့တဲ့ သစ်ကိုင်း
ဖြိုက်ကနဲ….
လွင့်သွားတဲ့ကြယ်တွေ
ငိုသူက ငို၊ ဆွေးသူကဆွေး
ဖြိုက်ကနဲ….
အလင်းရောင်တွေ
မျက်စိတွေတောင် ကျိန်းစက်လို့
ဖြိုက်ကနဲ…..
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
ညငှက်တို့ အစာရှာချိန်
ဖြိုက်ကနဲ….
တေလေတစ်သိုက်
ရောက်တက်ရာရာတွေပြော
ဖြိုက်ကနဲ…..
မျှော်လင့်ချက်တွေ
တစ်ရှိုက်မက်မက် တပ်မက်ရင်း
ဖြိုက်ကနဲ….
ငါ…
မဲလို့...
မှောင်လို့.....
ပျောက်ဆုံးလို့ ကောင်းတုန်း
Tuesday, February 21, 2012
ဘာမြင်ရလဲ? - ၁
ထူးထူးခြားခြား ကမ္ဘာ့မြေအောက်မှ ဆေးရုံ
          ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။  ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။  ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။
          ဒီဆေးရုံကိုတော့ လေပြွန်ရောင်တာတို့၊ ပန်းနာရင်ကျပ်တို့၊ အသက်ရှုမ၀တာတို့စတဲ့ ရောဂါတွေအတွက် ကုသပေးပါသတဲ့။  ဆေးရုံကဆရာဝန်တွေကတော့ ဒီလို ဆားငွေ့တွေပါတဲ့အတွက် အနုဇီဝ ပိုးမွှားတွေကို သေစေနိုင်ပြီးတော့ အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်လို့ ဆိုပေမယ့် အခြားဆရာဝန်တွေကတော့ ဒီအဆိုကို သိပ်ပြီးတော့ မထောက်ခံပါဘူး။
Monday, February 20, 2012
စီးကြဦးမလား ဓာတ်လှေကား
          ဓာတ်လှေကားစီးဖို့ဆိုရင် ပျက်မှာတို့၊ ပိတ်မိနေမှာတို့၊  မီးပျက်သွားမှာတို့ (မြန်မာပြည်တွင်) စိုးရိမ်ကြမှာပါ။  ဒီလို 3D Illusion နဲ့ ဖန်တီးထားတဲ့ ဓာတ်လှေကားမျိုးစီးလို့ကတော့ ဘုရား၊ တရားပိုပြီး မြဲစေပါတယ်…. ရှု့စားတော်မူ…
 ဆိုင်ကယ်သော့ ပြုတ်ကျသွားလို့နဲ့တူတယ်...
နှင်းခဲထဲမှာ ၂ လ ပိတ်မိနေတာတောင် အသက်ဆက်နိုင်ခဲ့တဲ့ ကိုသက်ပြင်း
          ရေအသက် တစ်မနက်၊ ထမင်း အသက် ၇ ရက်ဆိုပြီးတော့ ကြားဖူးကြမှာပါ။  ခုတော့ ဟောဒီကိုယ်တော်ချောက နှင်းတောထဲမှာ ကားကို နှင်းတွေပိလို့ ကားထဲမှာ ပိတ်မိနေတာ ၂ လကျော်ကြာပါသတဲ့။  ဒီလို အချိန်မှာ သူ့မှာ စားစရာ ဗလာနထ္တိနဲ့ နှင်းတွေသာ စားခဲ့ရတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ သောကြာနေ့ မှာတော့ ဆွီဒင်နိုင်ငံတောင်ပိုင်းမှာ အဆိုပါ ကားထဲမှာ ပိတ်မိနေတဲ့လူကို တွေ့ခဲ့တာပါ။  အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ထိုသူဟာ ကယ်ဆယ်တဲ့ အချိန်မှာတော့ စကားတောင် ယဲ့ယဲ့ပဲ ပြောနိုင်တော့တယ်လို့ ဆိုပါတယ်။  အဲ့ဒီအချိန်မှာ ပတ်ဝန်းကျင် အပူချိန်က - ၃၀ ဒီဂရီ စဲစီရက်စ် ပဲ ရှိပါတယ်။  သူ့ကိုတော့ နှင်းတွေ ဖယ်တဲ့ ကားမောင်းသမားတွေက တွေ့ခဲ့တာဖြစ်ပြီး ကားရှေ့မှန်ကဖုံးနေတဲ့ နှင်းတွေကို ဖယ်လိုက်တဲ့ အခါမှာတော့ အထဲမှာ သူ့ကို တွေ့ခဲ့တာဖြစ်ပါတယ်။ 
          “စားစရာကလည်းမရှိ၊ ခရစ်စမတ်အပြီးလောက်မှာ အေးတာကလည်း ခိုက်ခိုက်တုန်နေတဲ့ကြားထဲမှာ ဒီလို အသက်ရှင်နေနိုင်တာ အံသြစရာပါ” လို့ ကယ်ဆယ်ရေးသမား တစ်ယောက်က ပြောသွားပါသေးတယ်။
Sunday, February 19, 2012
အိမ်သာတက်တာကြာလို့ အသတ်ခံလိုက်ရတဲ့ လူ
         စာဖတ်သူများရော အိမ်သာတက်ရင်ကြာတတ်ပါသလား?  အန္ဒိယမှာတော့ အိမ်သာတက်တာကြာလို့ လူသတ်မှု့ဖြစ်သွားပါသတဲ့။  မွန်ဘိုင်းဆိုတာက လူဦးရေထူးထပ်သလို ဆင်းရဲသားရပ်ကွက်တွေမှာတော့ အိမ်သာကိုလည်း ဝေမျှပြီး သုံးနေရတဲ့ဘ၀ပါ။  ဖြစ်ချင်တော့ မွန်ဘိုင်းနားက မဟမ်ရက်ကွက်မှာ စီမွန်ဆိုတဲ့ လူဟာ ည ၇နာရီလောက်ထဲက အိမ်သာဝင်သွားပါသတဲ့။  သူ့နောက်မှာ ကာဂွတ်တား ဆိုတဲ့ အဲ့ဒီရပ်ကွက်ထဲက နောက်တစ်ယောက်ကလည်း တန်းစီနေပါသတဲ့။  ဘယ်လောက်ကြာလို့ ကိုဂွတ်တားလည်း ဘယ်လောက် ချုပ်တီးထားရတယ်မသိပါဘူး…. ဟိုလူလည်း ထွက်လာရော ရန်တွေ ထဖြစ်ကြတာပါပဲ။ ဖြစ်ရင်း ဖြစ်ရင်း လက်လွန်ခြေလွန်ဖြစ်ပြီးတော့ ကိုဂွတ်တားက ခေါင်းကို ပိတ်ထုလိုက်တာ စီမွန်တစ်ယောက် သတိလစ်သွားပါတော့တယ်။  ဆေးရုံကိုတင်သော်လည်းပဲ ကိုဂွတ်တား လက်သံပြောင်လေတော့ စီမွန်တစ်ယောက် ပြန်လည်နိုးထ မလာတော့ပါဘူးတဲ့။  ကဲ…. အများသုံးအိမ်သာ တက်သူများလည်း အကြာကြီးတော့ မတက်နဲ့ပေါ့.. တော်ကြာ အန္ဒိယက ကိုယ်တော်ချော နှစ်ယောက်လို နပန်းလုံးနေရဦးမယ်။
Source : (Link)
ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်များ
          တိုင်းပြည်တစ်ခုမှာ ပညာရေးက ဘယ်လောက် အခန်းကဏ္ဍက ပါဝင်နေသလဲဆိုတာကတော့ တိုးတက်နေတဲ့ တိုင်းပြည်တွေရဲ့ ပညာရေး စနစ်တွေကို နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။  စာကြည့်တိုက်တွေဟာလည်း နိုင်ငံတစ်ခုရဲ့ ဗဟုသုတ ဟင်လေးအိုးကြီးတွေပါ။  ခုတော့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်တွေကို ကြည့်လိုက်ကြရအောင်…..
Library of Congress
          ဒီစာကြည့်တိုက်ကြီးကတော့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ပါတယ်။  ၀ါရှန်တန် ဒီစီမှာ ရှိတဲ့ ဒီစာကြည့်တိုက်ကြီးမှာတော့ စာအုပ်ပေါင်း ၂၉ သန်းစုစည်း ထားရှိပါသတဲ့။  ဒီဟာကြည့်တိုက်ကို ၁၈၀၀ ပြည်နှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်တည်ထောင်ခဲ့တာပါ။  လောလောဆယ် စာကြည်တိုက်မှုးကတော့ James H. Belington ဖြစ်ပါတယ်။  ဒီစာကြည့်တိုက်ဟာ အမေရိကန်ရဲ့ ရှေးအကျဆုံး စာကြည်တိုက်တစ်ခုလည်း ဖြစ်ပါတယ်။
Thursday, February 16, 2012
ဘေဂျင်းက Hello Kitty စားသောက်ဆိုင်
          တရုတ်နိုင်ငံ ဘေဂျင်းမြို့က Sanlitun Village မှာတော့ Hello Kitty စားသောက်ဆိုင်ဖွင့်လှစ်လိုက်ပါသတဲ့။  ထူးထူးခြားခြား တစ်ဆိုင်လုံးကို ဟဲလို ကစ်တီ ကြောင်ရုပ်ကလေးတွေနဲ့ အလှဆင်ထားပါတယ်။  ဒီဇင်ဘာ ၂၃ ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ ဒီဆိုင်ကလေးမှာတော့ လူတစ်ယောက်စားသောက်မယ်ဆိုရင် ယွမ်ငွေ ၁၆၀ (၂၅ ဒေါ်လာ) လောက်ကျသင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။  
ဆိုင်မှာ လူကျနေလို့ ထိုင်စောင့်ရမယ်ဆိုရင်တောင် အရုပ်ကလေးပိုက်ပြီး စောင့်နေပေါ့.....
Wednesday, February 15, 2012
ရွှေတိဂုံစေတီတော်မြတ်ကြီးကို Google Earth ကနေ 3D ပုံစံနဲ့ ဖူးကြရအောင်
          ဒီနေ့ ပျင်းပျင်းရှိတာနဲ့ မြန်မာနိုင်ငံကို Google Earth ကနေကြည့်နေရင်း ရွှေတိဂုံစေတီတော်ကြီးကို 3D နဲ့ တွေ့လိုက်ရလို့ ပိုစ့်တင်ပေးလိုက်ပါတယ်။  Google Earth ကတော့ Google Chrome သုံးတဲ့ Browser ဆိုရင် plug-in လုပ်လိုက်တာနဲ့ တစ်ခါထည်း သုံးလို့ရပြီးတော့ သပ်သပ်ကြီး install လုပ်စရာမလိုပါဘူး။  ကဲ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးလိုက်ကြရအောင်….
အနီးကပ် zoom ဆွဲကြည့်နိုင်သလို
ဖေ့စ်ဘွတ်ပေါ်မှ Status များ
             တစ်ခါတစ်လေတော့လည်း FB ပေါ်က Status လေးတွေက ရယ်စရာ လေးတွေ ဖြစ်ဖြစ်သွားတတ်ပါတယ်။  AbB(အောလ် အဘောက် ဘလော့ဂါ) ပေါ်မှာ တွေ့ရင်လည်း သိမ်းထားပြီးတော့ တင်ပေးပါ့မယ်... ဟီး ဟီး။
 သတ်ပုံပြင်တဲ့ ဆရာနဲ့ လာတွေ့နေပြီ.....
Tuesday, February 14, 2012
နှင်းဆီပွင့်ပေါင်း ၁၇၂၅ ပွင့်ကိုသုံးထားတဲ့ ဗယ်လင်တိုင်းဝတ်စုံ
          ဒီဝတ်စုံကတော့ ဗယ်လင်တိုင်းနေ့အတွက် Asda စူပါမားကတ်က နှင်းဆီပွင့်ပေါင်း ၁၇၂၅ ပွင့်ကို အသုံးပြုပြီးတော့ တီထွင်လိုက်တဲ့ ၀တ်စုံပါတဲ့။  ဒီဝတ်စုံကိုတော့ ဆုတံဆိပ်ဆွတ်ခူးထားတဲ့ Joe Massie ရဲ့ ပန်းပညာရှင်အဖွဲ့က Asda အတွက် ဖန်တီးပေးခဲ့တာဖြစ်ပြီးတော့ ဒီဝတ်စုံပြီးဖို့အတွက် နာရီပေါင်း ၁၆၀ ကျော်အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်…
အပြင်မှာတော့ ၀တ်လို့ရမယ် မထင်ပါဘူး…  J
Valentine's Day ဟာသာများ
နှစ်ရှည် စီမံကိန်း
          ကိုပု တစ်ယောက် စာတိုက်ထဲသို့ဝင်လာသည်။ လူတစ်ယောက် စာတိုက်ပုံးနားတွင် သဲကြီးမဲကြီး “နှလုံးသား” ပုံပါသော တံဆိပ်ကောင်းများကို စာအိတ်ပန်းရောင်လေးတွေပေါ်မှာ ကပ်နေသည်။  ထို့နောက် ရေမွှေးပုလင်းကို ထုတ်ကာ စာအိတ်များကို ဆွတ်သည်။
          ကိုပု အံသြတကြီးဖြင့် ထိုသူကို သွားမေးသည်…
ကိုပု။   ။“ခင်ဗျား ဘာလုပ်နေတာလဲ…..”
လူစိမ်း။   ။ “ဒီနေ့ ဗယ်လင်တိုင်းနေ့လေ.. အဲ့ဒါ ဗယ်လင်တိုင်းကဒ်ကလေးတွေ ထည့်ထားတဲ့ စာအိတ် အခု ၁၀၀၀ ကို ပို့ဖို့လုပ်နေတာ၊  ဘယ်သူတွေဆီကို ပို့မယ်ထင်လည်း”
ကိုပု။  ။ “ဟင်.. စာအိတ် တစ်ထောင်ကြီးများတောင်လား?၊  ဘာဖြစ်လို့ အဲ့ဒီလောက် အများကြီး ပို့ရတာတုန်း”
လူစိမ်း ။  ။  “ကျုပ်က လင်မယားတွေ ကွာရှင်းတဲ့ အမှု့တွေကို လိုက်တဲ့ ရှေ့နေ”
Monday, February 13, 2012
ယုံချင်ယုံ မယုံချင်နေ စင်္ကာပူ ဖုန်းရွှေ ပုံပြင်များ ၁
          ဒီအကြောင်းလေးကတော့ စင်္ကာပူက လူတစ်ယောက်နဲ့ စကားစပ်မိလို့ ပြောရင်း ဒီအကြောင်းလေးကို စိတ်ဝင်စားတာနဲ့ သူပြောတာလေးရော အင်တာနက်ထဲမှာရော ရှာဖွေရင်းနဲ့ ရေးဖြစ်သွားတာပါ။  မြန်မာပြည်မှာလည်း ဗေဒင် လက္ခဏာကို ယုံကြည်တဲ့လူများရှိသလို စင်္ကာပူမှာလည်း ဖုန်းရွှေ ပညာရပ်ကို ယုံကြည်ကြသူများလည်း ရှိပါတယ်။  ဒီအထဲမှာတော့ ထူးထူးခြားခြား အချိန်အခါနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကြောင့် စိတ်ဝင်စားသော သူများအတွက် ဒီပိုစ့်ကိုတင်လိုက်ပါတယ်။  ယုံချင်ယုံ မယုံချင်နေ ဆိုတဲ့အတိုင်း ယုံချင်မှယုံ မယုံချင်လည်း နေကြပါခင်ဗျား။
Sunday, February 12, 2012
Haper သို့မဟုတ် လောကဓံကို အရှုံးမပေးတဲ့ ခွေးကလေး
ဒီခွေးငယ်လေး ကလေးကိုတော့ ၂၀၁၁ သြဂုတ်လ ၃၁ ရက်နေ့က ဖလော်ရီဒါ ပြည်နယ်က အမှိုက်ထုပ်ထဲက တွေ့ရှိခဲ့ကြတာပါ။  တွေ့ရှိတဲ့အချိန်မှာ ဒီခွေးငယ်လေးမှာ "swimmer puppy syndrome" လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ။  ဒီရောဂါဟာ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ခွေးကလေးတွေ မတ်တပ်မရပ်နိုင်ပဲ သူတို့ရဲ့ ခြေထောက်လေးတွေဟာ ဘေးကို ကားနေပြီးတော့ မှောက်ရက်အနေအထားနဲ့ အသက်ရှင်နေရပါတယ်။  ဒီလိုမျိုးရောဂါ ခံစားရတဲ့ ခွေးငယ်ကလေးတွေဟာ ပြုစုကုသမယ့်သူမရှိရင် နှစ်ပတ်ကနေ လေးပတ်အတွင်း သေဆုံးရလေ့ရှိပါတယ်။ ဒါပေမယ့် Dolly Foundation က ဒီခွေးငယ်လေးကို ကျန်းမာလာအောင် ပြုစုပေးပါသတဲ့။
Saturday, February 11, 2012
အသားကင်ဆိုင်
          ပျင်းလှသည်။  တစ်ညနေလုံး အခန်းထဲမှာ နေရသည်။ ဘလော့ဂ်တွေ လျှောက်ကြည့်ဖြစ်သည်။  သတင်းတွေ လျှောက်ဖတ်သည်။ နောက်ထပ် ဘာမှ လုပ်စရာမရှိ။  ထမင်းဆင်းစားသည်။  ဘာစားလို့ စားရမှန်းမသိ။  စားဖိုမှုး၏ ပါရမီမှာ အလွန့် အလွန်ကို ထူးချွန်လှသည်။  ဘယ်နေ့၊ ဘယ်အချိန်၊ ဘာအစားအစာ မှာစားစား မည်သည့် အရသာမှန်း မသိအောင် ချက်တတ်သည်။  အစားအသောက်မှ ထိုကဲ့သို့ အဆင်ပြေသလို ဘာသာစကား ပြောရတာလည်း အဆင်ပြေလှသည်။  အောာက်က ဓာတ်ပုံနှစ်ပုံကိုသာ ကြည့်တော်မူကြပါ။  အဲ့ဒါ ဟိုတယ်မှ ရေးထားသော စာများကို ရိုက်ထားခြင်းဖြစ်သည်။  ထို့ကြောင့် စကားပြောလျှင် မည်မျှ အပေါက်အလမ်းတည့်မည်ကို စဉ်းစားသာ ကြည့်တော်မူကြပါကုန်။
လွှတ်တော်ထဲမှာ ဟန်းဖုန်းနဲ့ အပြာကားခိုးကြည့်တဲ့ အန္ဒိယ၀န်မင်းများ
          အန္ဒိယနိုင်ငံ တောင်ပိုင်းပြည်နယ် ကာနတ်တက  (Karnataka) က ၀န်မင်း ၃ ပါးကတော့ လွှတ်တော်ထဲမှာ အပြာကားခိုးကြည့်တာ မိသွားလို့ ၀န်မင်းအဖြစ်ကနေ ရပ်စဲသွားပါသတဲ့။  ဗုဒ္ဓဟူးနေ့က ၃ ယောက်သားဒီလို ခိုးကြည့်တာမိပြီးသွားကထည်းက အဲ့ဒီ ကာနတ်တက ပြည်နယ်ရဲ့လက်ရှိ အာဏာရပါတီ (BJP (Bharatiya Janata Party) က သူတို့ပါတီဝင် ၃ ယောက်ကို ၀န်မင်းအဖြစ်မှ နှုတ်ထွက်စေခဲ့ပါသတဲ့။ 
          အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်ဧကရာဇ်၊ လေးပစ်သူ ကျွန်တော်မျိုး ကြံဖော်ကြံဖက် ၀န်မင်းများလည်း ခုတော့ တာဝန်များမှ ရပ်စဲခံလိုက်ရပါပြီ။  အောက်မှာတော့ YouTube က ဗီဒီယိုလေးပါ။
အိမ်သာ အသုံးပြုနည်း လမ်းညွှန်ထုတ်ဝေလိုက်တဲ့ တက္ကသိုလ်
          United Kingdom, Wales က ဆွမ်ဆီး တက္ကသိုလ်မှာတော့ အိမ်သာ အသုံးပြုနည်း လမ်းညွှန် ပိုစတာများကို ကပ်ထားတယ်လို့ဆိုပါတယ်။  ဒီ Swansea Universityမှာ တက္ကသိုလ်အိမ်သာတွေ ညစ်ပတ်လာလို့ ဒီလိုမျိုး ပိုစတာတွေ ကပ်ရတယ်လို့ဆိုပါတယ်။  ဒီလို ညစ်ပတ်တာတွေကလည်း ယဉ်ကျေးမှု့မတူညီတဲ့ နိုင်ငံခြားမှ လာရောက်ပြီး ပညာသင်ကြားနေတဲ့ ကျောင်းသားများကြောင့်လို့ ဆိုပါသတဲ့။  တက္ကသိုလ်က ပြောရေးဆိုခွင့်ရှိသူကတော့ “ဒီလို ပိုစတာတွေ ဖြန့်ဝေရတာကတော့ ယဉ်ကျေးမှု့မတူညီတဲ့ နိုင်ငံကလာတဲ့ ကျောင်းသားတွေဟာ သူတို့ နိစ္စဓူဝအတိုင်း အလေးအပင်တွေကို ဖြေရှင်းရင်းနဲ့ အိမ်သာတွေကို ပျက်စီးစေတာတို့၊ မသန့်ရှင်းစေတာတို့ ဖြစ်သွားစေတတ်ပါတယ်” လို့ ဆိုသွားပါတယ်။
Friday, February 10, 2012
Facebook ပေါ်က သူငယ်ချင်း ၁၅၂ ယောက်ရဲ့ပုံကို Tattoo ထိုးတဲ့ မိန်းကလေး
          လူတွေ Facebook ဆိုတဲ့ လူမှု့ရေးကွန်ယက်ကို အသုံးများလာတာနှင့်အတူ Facebook ကိုစွဲလမ်းလာကြပါတယ်။  တစ်နေ့ကို Facebook တစ်ခါလောက်မှ မ၀င်ရရင် နေမထိထိုင်မသာ ဖြစ်တဲ့ ရောဂါဟာ ကျွန်တော်အပါအ၀င် လူအတော်များများမှာပါ စွဲကပ်နေပြီလို့ ထင်ပါတယ်။ ဒီအမျိုးသမီးကတော့ ထူးထူးခြားခြား သူ့သူငယ်ချင်း ၁၅၂ ယောက်ရဲ့ Profile Picture တွေကို ညာဖက်လက်မောင်းပေါ်မှာ ဆေးမှင်ကြောင် ထိုးပါသတဲ့။  ထိုးပြီးသကာလမှာလည်း သူမရဲ့ Facebook Status မှာ ဟောသလိုရေးသေးသတဲ့
လက်ထပ်ခွင့်……..
          လက်ထပ်ခွင့် တောင်းတယ်ဆိုတဲ့ အချိန်ကလေးဟာ ချစ်မြတ်နိုးရသူတစ်ယောက်ကို မျှော်လင့်ချက်များစွာနဲ့ နှစ်ယောက်သား ဘ၀လက်တွဲဖို့ တောင်းခံကြတဲ့၊ စိတ်လှုပ်ရှားမှု့ အပြည်နဲ့ အချိန်ကလေးပါ။  ဒီလိုပဲ အဲ့ဒီ အချိန်ကာလေးဟာ ဘ၀ရဲ့ မမေ့နိုင်စရာ အဖြစ်အပျက်ကလေးပါ။  လက်ထပ်ခွင့် တောင်းတဲ့ ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားမှု့ ဖြစ်ရသလို၊ ခွင့်တောင်ခံရတဲ့ မိန်းကလေးမှာလည်း ဒီလိုမျိုး စိတ်လှုပ်ရှားမှု့လေးတွေနဲ့ မမေ့နိုင်စရာ အချိန်ကလေးပါ။  ဒီတော့ ကျွန်တော်တို့ရော ကိုယ်ချစ်တဲ့ လူကို ဘယ်လိုမျိုးနဲ့ လက်ထပ်ခွင့် တောင်းခံဖို့ ရည်ရွယ်ထားပါသလဲ? 
          အောက်မှာတော့ စိတ်လှုပ်ရှားစရာကောင်းလှတဲ့ လက်ထပ်ခွင့်တောင်းခံတဲ့ ဗီဒီယိုကလေးတွေကို YouTube ကနေ ရှာဖွေပြီးတော့ တင်ပေးလိုက်ပါတယ်ခင်ဗျာ။  လက်ထပ်ခွင့်ပန်ဖို့ ရည်ရွယ်သူများလည်း ထူးထူးခြားခြားလေး အိုင်ဒီယာလေးတွေနဲ့ ကိုယ့်ချစ်သူကို Propose လုပ်နိုင်ကြပါစေဗျား…………..
Thursday, February 9, 2012
ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ၃
          ပြည်တော်ပြန်ချင်သည်။  သို့ရာတွင် ပြည်တော်ပြန်ပြီး ဘာလုပ်ရမည်နည်း ဆိုသည်ကို မသိသည်က ဆိုးသည်။  ကိုယ့်ပြည်ကိုယ့်ရွာမှာ ကိုယ့်တိုင်းပြည်က အစားအစာတွေစားပြီး နေချင်သည်။  မြန်မာပြည်ရဲ့ လယ်ကွင်းစိမ်းစိမ်းလေးတွေလွမ်းသည်၊ မနက်တိုင်း ကောက်ညှင်းပေါင်းပူပူလေးကို နှမ်းလေးဖြူးစားရတာကို သဘောကျသည်။  လက်ဖက်ရည်ဆိုင်ကိုလွမ်းသည်။  Brain Drain ဆိုပြီး အော်နေကြသည်။  Brain Drain မှာ အကျိုးအမြတ်ရသတဲ့၊ ဆုံးရှုံးမှု့တွေရှိသတဲ့။  စုံသည်။  ဆရာကြီး ဦးအောင်သင်းရဲ့ စကားတစ်ချို့ကို မှတ်မိသည်။  လူငယ်တွေ နိုင်ငံခြားကို သွားပြီးတော့ စီးပွားရှာကြသည်။  ထိုအတွက် အချိန်တွေ ရင်းနှီးကြသည်။  ထိုအချိန်အတွင်း ပိုက်ဆံသာမက အတတ်ပညာကိုပါ ရှာမှီးရန်လိုသည်။  အနှီ အတတ်ပညာကို အခြေပြုပြီး ပိုမိုမြင့်မားသော အဆင့်အတန်းကို ရောက်ရန် ကြိုးပမ်းသင့်သည်။  မဟုတ်ပါက အရွယ်၏ ဆုံးရှုံးမှု့ကို ပြန်ကုစား၍ မရနိုင်။  ကြိုးစားသူများကလည်း ကြိုးစားကြပါသည်။  ရွှေပြည်တော် မျှော်တိုင်းမဝေးတော့ဟု အားတော့ တင်းထားသည်။  ဘယ်တော့လည်းတော့ မသိ။
ထူးခြားဆန်းပြား မင်္ဂလာဆောင်များ - ၁
ဒီအထဲမှာတော့ အနည်းငယ်ထူးဆန်းတဲ့ မင်္ဂလာဆောင်တွေက မိမိကိုယ် မိမိ ပြန်ပြီး လက်ထပ်တာတွေဖြစ်ပါတယ်။
       ၂၀၀၇ ခုနှစ်မှာတော့ တရုတ်နိုင်ငံသား လျှူရီ ဆိုသူဟာ မိမိကိုယ် မိမိ ပြန်ပြီးတော့ လက်ထပ်ခဲ့ပါတယ်။  မင်္ဂလာဆောင်မှာတော့ သူ့ကိုယ်သူ သတို့သမီးလို ၀တ်ထားတဲ့ ဓာတ်ပုံကြီးကိုထောင်ပြီးတော့ မင်္ဂလာဆောင်ခဲ့တာပါ။  သူဟာ အခြားသူတွေထက် ကိုယ့်ကိုယ်ကို ပိုပြီးတော့ စိတ်ဝင်စားတယ်လို့ ၀န်ခံခဲ့ပါတယ်။  ဒါပေမယ့် သူ အိမ်ထောင်ပြုရခြင်းရဲ့ အဓိက အချက်တွေကိုတော့ ပြောသွားရာမှာကတော့ “ခုလို ကိုယ့်ကိုကိုယ် လက်ထပ်ရတာဟာ အကြောင်းအရင်းများစွာရှိပါတယ်။  ဒါပေမယ့် သဘာဝကျတဲ့ လောကကြီးကို စိတ်တိုင်းမကျခြင်းကို ဖော်ပြချင်လို့ပါ” လို့ ပြောသွားပါသတဲ့။
Wednesday, February 8, 2012
ခေတ်အဆက်ဆက်က မြန်မာ ပိုက်ဆံများ
ခေတ် အဆက်ဆက်ဆိုပေမယ့် ကုန်းဘောင် ခေတ်ကတော့ ရှာလို့ မတွေ့တာနဲ့ မတင်ဖြစ်တော့ပါဘူး။
ဒါကတော့ ဟိုး ပဝေသဏီ ပျူခေတ်တို့ တဂေါင်းခေတ်တို့က ဒင်္ဂါးတွေ ဖြစ်ဟန်တူပါတယ်။
Tuesday, February 7, 2012
ဟာသတိုလေးများ - ၆
နာမည်အပေးကောင်းပုံက
          Bu၊ Chu နဲ့ Fu ဆိုတဲ့ တရုတ် ၃ယောက်ဟာ အမေရိကန်နိုင်ငံကို တရားမ၀င် ခိုးပြီး ၀င်ရောက်လာပါသတဲ့။  ဒီလိုနဲ့ အမေရိကရောက်ပြီဆိုတော့ တရုတ်နာမည်တွေနဲ့ နေလို့တော့ မဖြစ်ချေဘူး။  အင်္ဂလိပ်နာမည်ပေးကြမယ်ဆိုပြီးတော့ Bu က Buck ဆိုပြီး နာမည်ပြောင်းလိုက်ပါတယ်။  Chu ကတော့ Chuck ဆိုပြီး နာမည်ပြောင်းလိုက်ပါတယ်။  ဒါကို အားကျတဲ့ Fu တစ်ယောက်ကတော့ ဟိုနှစ်ယောက်နည်းတူ နာမည်ပြောင်းလိုက်တာ ပြန်အပို့ခံလိုက်ရပါလေရော။
Monday, February 6, 2012
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၅
အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ စိတ်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏။
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၎
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၃
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၂
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁
အရေးကြီးတာက အရေးကြီးတာပဲ..... ဟဲ ဟဲ ဟဲ
ကျိုးဆန်းရဲ့ တင့်ဟိုင်မြို့လေးသို့တစ်ခေါက်
          ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကတော့ ကျိုးစန်းပြည်နယ်မှာရှိတဲ့၊ တင့်ဟိုင်မြို့ကလေးကို အလည်သွားဖြစ်ပါတယ်။  အလည်သွားတယ်ဆိုတာထက် အလုပ်ကသူငယ်ချင်းက ထမင်းစားပွဲသွားမယ်၊ လိုက်ခဲ့ဆိုတာနဲ့ "အစားအသောက်" ဆိုတဲ့ အသံကြားလိုက်တာနဲ့ ခေါင်းထဲမှာ "တီ.. တီ... တီ..."ဆို  အချက်ပြလေတော့ ဘာမှ အထွေအထူးဆက်မမေးတော့ဘူး၊ ထလိုက်ဖြစ်သွားတာပါ။  ကျိုးဆန်းကတော့ ရှန်ဟိုင်းကနေ ၃နာရီခွဲလောက် ကားစီးရင်ရောက်တဲ့ ပြည်နယ်ပါ။  အဲ့ဒီက တံငါမြို့ကလေး တင့်ဟိုင်ကိုရောက်သွားတာ။  အပူချိန်က နေ့ခင်းတောင် ၂ ဒီဂရီ၊ ၃ ဒီဂရီလောက်ပဲ ရှိလေတော့ အတော်လေး ဂတ်၊ ဂတ်၊ ဂတ် ဖြစ်နေပါတယ်။ 
          ရှန်ဟိုင်းမှာတော့ အဝေးပြေးကားလက်မှတ်ရောင်းပုံလေးက မဆိုးလှဘူး။  ကားအုံနာတွေအားလုံးကို ကားဂိတ်က ချုပ်ထားပါတယ်။  ဒီတော့ လက်မှတ်ဝယ်ရမယ့် နေရာက ပြန့်ကြဲမနေတော့ပဲ တန်းစီပြီးဝယ်လိုက်ရင် အဆင်ပြေပါတယ်။  ခုံနံပါတ်ကတော့ စောစောဝယ်မိရင် ရှေ့နားက ခုံကို ရပြီး၊ နောက်ကျရင်တော့ ခုံနောက်ကျမှာပေါ့လေ၊  မဟုတ်ရင် နောက်ထွက်မယ့်ကား ထပ်ဝယ်ပေါ့။
         တင့်ဟိုင်ကို သွားတဲ့ကားခကတော့ ယွမ် ၁၅၀ ၀န်းကျင်လောက်ရှိပါတယ်။  ၁၀ မိနစ်၊ ၁၅ မိနစ်တိုင်းမှာ ၁ စီးစီ ရှိပါတယ်။  
Sunday, February 5, 2012
၁၈၇၀ ခုနှစ်က ရှန်ဟိုင်း ပုံရိပ်များ
ဒီဓာတ်ပုံတွေကတော့ William Saunders တဲ့ ဗြိသျှဓာတ်ပုံဆရာ က ၁၈၆၃ခုနှစ်ကနေ ၁၈၈၈ အတွင်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။  သူဟာ ရှန်ဟိုင်းမြို့မှာ “Sentai Museum” ဆိုတာကိုဖွင့်လှစ်ခဲ့ပါတယ်။  ကျွန်တော်တို့ နိုင်ငံမှာတော့ ပါတော်မူ အချိန်နဲ့ မတိမ်းမယိမ်းရှိလေတာမို့ အဲ့ဒီအချိန်တုန်းက ရှန်ဟိုင်းကို အလည်တစ်ခေါက် လေ့လာကြည့်ကြပါစို့ဗျာ။
ဒါကတော့ ရှေးခေတ်က ရှန်ဟိုင်းမြို့မှာ ရိုက်ကူးထားတဲ့ သတို့သား၊ သတို့သမီး ပုံပါ
Friday, February 3, 2012
အတွေ့အကြုံရှိတာ တစ်ပန်းသာတယ်၊ ဒါပေမယ့် ပညာရေးလက်မှတ်က ပိုထိရောက်တယ်
           ဒီပုံပြင်ကလေးက အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ရယ်စရာမောစရာပြောတာကို သဘောကျလို့ ဇာတ်အိမ်အကြမ်းလေး တည်ပြီးရေးလိုက်တာပါ။  မူရင်းက ဘယ်ကမှန်းတော့ မသိပေမယ့်၊ သူဖတ်ပြတာကတော့ မေးလ်ထဲကရတဲ့ တရုတ်စာနဲ့ ရေးထားတဲ့ဟာလေးပါ။
တစ်ခါတုန်းက ကိုဘမောင်ဆိုတာက နာမည်ကြီး ဓားပြ၊ တပည့်တပန်းကလည်း များလေတော့ သူ့ ဓားပြအဖွဲ့ကြီးက စည်စည်ကားကားကြီးပေါ့လေ။  သို့ပေမယ့် ကိုဘမောင်ဟာ အတန်းပညာတော့ မတတ်ရှာပေဘူး။  တစ်ခုခုမေးကြည့်ပါလား “ဒီမှာ ဘာမောင်တို့က လက်ရဲတယ်၊ ဓားထိုးပက်စက်တယ်၊ ခေါင်းခြောက်စရာတွေ လာမမေးနဲ့ မိုက်လို့ ဓားပြဖြစ်နေတာ” လို့ ပြန်ပြောလိမ့်မယ်။
 ဒီလိုနဲ့ တစ်နေ့ကျတော့ ဘမောင်တို့ လူစု အစိုးရ ဘဏ်တစ်ခုကို ၀င်ပြီးတော့ ဓားပြတိုက်ကြပါလေရော…..
 “လက်မြှောက် မလှုပ်နဲ့၊  စဉ်းစားကြည့်စမ်း ပိုက်ဆံက နိုင်ငံတော်ပိုင်တာ၊ အသက်က ခင်ဗျားပိုင်တာ ကြိုက်တာကိုရွေး” ဆိုပြီး ကိုဘမောင်က ခပ်တည်တည်နဲ့ ပြောလောတော့ ဟိုကလည်း သူ့အသက် သူချစ်လေတော့ ပိုက်ဆံထုတ်တွေ ပေးလိုက်သတဲ့။
ဒါနဲ့ ဓားပြတိုက်ပြီး ပြန်လာတော့ သူ့တပည့်တွေက ဆရာကြီးကို “ဆရာကြီး ကိုဘမောင်၊ ကျွန်တော်တို့ တိုက်ခဲ့တာ ဘယ်လောက်တောင်ရသတုန်း ဗျ” လို့ မေးပါသတဲ့။
ကိုဘမောင်က “ဟဲ့ကောင် ငတုံးတွေ၊ ပိုက်ဆံက ဘယ်လောက်လဲ စစ်စရာကို မလိုတာ… မနက်ဖြန် သတင်းစာထဲကို ကြည့် ငါတို့ တိုက်လို့ ငွေ ဘယ်လောက် ဘဏ်က ပါသွားသလဲဆိုတာ သိမှာပေါ့ ဟ” လို့ ပြန်ဖြေတယ်ဆိုရင်ပဲ တပည့်တွေက အော်.. ဒါကြောင့် ဘမောင်၊ ဘမောင်လို့ နာမည်ကြီးနေတာကိုးလို့ ချီးမွန်းလေသတဲ့။
အဲ့ဒီအချိန်မှာပဲ ဓားပြတိုက်ခံလိုက်ရတဲ့ ငွေကိုင်စာရေးလေးက သူ့မန်ဂျာဆီသွားပြီးတော့ 
“ဆရာရေ… ခု ကျွန်တော်တို့ဘဏ်ကနေပြီးတော့ သိန်း ၂၀ ဖိုး ဓားပြတိုက်ခံလိုက်ရတဲ့ အကြောင်းကိုတော့ ချက်ချင်း ရဲစခန်းကို အကြောင်းကြားမှဖြစ်မယ်” လို့ဆိုလေတော့
“ဟဲ့ကောင် ငတုန်း၊ နလပိန်းတုန်း၊  အထူအပါးနာမလည်တဲ့ အကောင်၊  ခုအတိုက်ခံလိုက်ရတာ သိန်း ၂၀၊  အဲ့ဒါမျိုးကို သိန်း ၇၀ ပါသွားတယ်လို့ သတင်းပို့ရတယ် ဒါမှ ငါတို့ ဖျောင်ထားတဲ့ သိန်း ၅၀ က စာရင်းပျောက်သွားမှာ”လို့ ဆိုလေသတဲ့။
                ဒီလိုနဲ့ နောက်နေ့ သတင်းစာထွက်လာတော့ သိန်း ၇၀ ဖိုး ဓားပြအတိုက်ခံလိုက်ရတဲ့ အကြောင်းပါလာလေသကိုး။ အဲ့ဒီလိုနဲ့ ဓားပြတွေ ငွေဝေစုခွဲတဲ့ အချိန်ရောက်တော့ မှ သိန်း ၂၀ ပဲ ရှိတာကို သိလိုက်ရတဲ့ ကိုဘမောင် တစ်ယောက်ကတော့ ဒီလိုလေး ငိုသံကြီးနဲ့ ပြောလိုက်လေသတဲ့
“သြော်….ငါတို့မှာတော့ အသက်စွန့်ပြီး တိုက်လိုက်ရတာ၊ တစ်ကယ်တမ်းရတော့ သိန်း ၂၀။  ဟို မန်နေဂျာဆိုတဲ့ အကောင်ကတော့ စားပွဲပေါ်မှာ ကော်ဖီလေးသောက်ပြီး ရသွားတာက သိန်း ၅၀၊  ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ……”
Thursday, February 2, 2012
တရုတ်ပြည်မှာ အသစ်တွေ့တဲ့ ဒိုင်နိုဆော မျိုးစိတ်သစ်
          တရုတ်နိုင်ငံ ကျစ်ကျန်းပြည်နယ် အရှေ့ပိုင်းမှာတော့ ဒိုင်နိုဆော မျိုးစိတ်သစ်တစ်မျိုးကို တရုတ်နှင့် ဂျပန် သိပ္ပံပညာရှင်တွေက ထပ်မံတွေ့ရှိတယ်လို့ ဆင်ဟွှာ သတင်းဋ္ဌာနက ကြေညာသွားပါတယ်။  တစ်ကယ်တော့ ဒီ ဒိုင်နိုဆော အရိုးစုကို ရှာတွေ့တာက လွန်ခဲ့သော ၁၃နှစ်၊ အဝေးပြေးကားလမ်းမ ဖောက်လုပ်ချိန်တုန်းကထည်းက တွေ့ရှိတာဖြစ်ပြီး တွေ့ရှိတဲ့နေရာလေးကတော့ ထျန်းတိုင် ခရိုင်နားမှာဖြစ်ပါတယ်။  ဒီလို တွေ့ရှိတဲ့ ဒိုင်နိုဆောအရိုးစုကို ၃ နှစ်ကျော်လောက် သေသေချာချာလေ့လာပြီးတော့မှ ဒီလိုမျိုး မျိုးစိတ်အသစ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချတာပါလို့ ကျစ်ကျန်း သဘာဝ သမိုင်းဆိုင်ရာ ပြတိုက်က ဘူမိဗေဒသိပ္ပံပညာရှင် ကျန်းဝမ်ကျိ ကပြောသွားပါတယ်။ 
          ခုတွေ့တဲ့ မျိုးစိတ်သစ်ကကိုတော့ “Yueosaurus Tiantaiensis”  လို့ နာမည်ပေးထားပါတယ်။  တရုတ်လိုဆိုရင်တော့ တျန်းတိုင်ရွ ဒိုင်နိုဆော“Tiantai Yue Dinosaur” လို့ ခေါ်ပါတယ်။ “ဒီ ဒိုင်နိုဆောမျိုးက အပြေးသန်ပါတယ်။  နောက်ပြီးတော့ သေးငယ်ပါတယ်။  ဒီလို အပြေးသန်တော့မှ အသားစားတဲ့ ဒိုင်နိုဆော ကြီးတွေရန်ကနေ လွတ်အောင် ပြေးနိုင်မှာဖြစ်ပါတယ်” လို့ ကျန်းက ဆိုသွားပါတယ်။
တစ်ရွာလုံး ထီပေါက်တာ တစ်ယောက်ထဲကျန်ခဲ့တဲ့ ကံဆိုးသူ မောင်ရှင်
          စပိန်နိုင်ငံ၊  Sodeto လို့ ခေါ်တဲ့ ရွာကလေးမှာတော့ မက်ဒရစ်မြို့ကြီးရဲ့ မြောက်ဘက်အစွန်းမှ ရှိတာပါ။  တစ်ရွာလုံးမှာတော့ လူဦးရေ ၂၅၀ လောက်ရှိပါတယ်။  အဲ့ဒီမြို့ကလေးမှာတော့ မကြုံစဖူး ထူးထူးခြားခြား အဖြစ်အပျက်လေး တစ်ခုဖြစ်သွားခဲ့ပါတယ်။  ဒါကတော့ တစ်ရွာလုံး ဒေါ်လာ သန်း ၉၅၀ ဖိုး ထီဆုကြီး ရဲ့ ဆုငွေတွေကို အချိုးချ ခွဲပြီး ရသွားတာပါ။  အဲ့ဒီ အထဲမှာ ပိုပြီး ထူးဆန်းတာက Costis Mitsotakis ဆိုသူ ကတော့ သူ့တို့တစ်ရွာလုံး ထီပေါက်တဲ့အထဲမှာ တစ်ယောက်ထဲ ကံဆိုးသူမောင်ရှင်ဖြစ်သွားရရှာပါတယ်။ 
          ဖြစ်ပွားပုံက ဒီလိုပါ -  ဒီထီပေါက်စဉ်ဟာ စပိန်နိုင်ငံမှာတော့ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ “El Gordo” ဆိုတဲ့ ထီဆိုင်ကပါ။  ဒီနှစ် စပိန် ခရစ်စမတ်အတွက် ထီပေါက်စဉ်မှာတော့ အဲ့ဒီရွာကလေးကနေ ထီလက်မှတ်ပေါင်း ၇၀ ကျော်ဟာ ထီပေါက်စဉ်ထဲမှာ ပါဝင်ခဲ့ပါတယ်။  အဲ့ဒီ ဆီဒိုတိုဆိုတဲ့ ရွာကလေးနဲ့ အနီးအနားက ရွာတွေဟာ အခုလို ခု ဆွတ်ခူးခဲ့တဲ့ ထီနံပါတ်တွေကို ဆင်တူ ၀ယ်ယူခဲ့ကြပါတယ်။  ထီလည်းထွက်ရော လက်မှတ်တစ်စောင်ကို ဒေါ်လာ ၅သောင်း ၂ ထောင်ကျော်ဖိုး ဆွတ်ခူးခဲ့ပါသတဲ့။ 
          ဒီအတွက် ကံဆိုးသူ Costis Mitsotakis ကတော့ ကိုယ့် နဖူး ကိုယ်ရိုက်ဖို့သာ ရှိပါတော့တယ်။  Mitsotakis ကတော့ “ ကျွန်တော် ဒီလို ထီပေါက်တဲ့ အထဲမှာ မပါခဲ့ရလို့ စိတ်မကောင်းပါဘူး။  ဒါပေမယ့် ကံကောင်းတာလေး တစ်ခုတော့ရှိပါတယ်။  ဒါကတော့ ကျွန်တော့် အိမ်နီးချင်းက ကျွန်တောင် ရောင်းထုတ်ချင်နေတဲ့ ခြံကလေးကို ၀ယ်သွားတာပါ” လို့ Times သတင်းစာကို ပြောသွားပါတယ်။
          ဒီရွာသားတွေထဲက အများစုကတော့ လယ်သမားတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၀င်လုပ်နေရတဲ့ အလုပ်သမား လက်လုပ်လက်စားတွေဖြစ်ပါတယ်။  အလုပ်မရှိတဲ့ လူတွေလည်း တောင်တောင်လေးများခဲ့ပါတယ်။  ဒါပေမယ့် အခုတော့ အားလုံး ဒေါ်လာ သန်းချီတဲ့ ငွေပုံကြိးပေါ် ထိုင်နေကြပါပြီ။
Source : (Link)
Wednesday, February 1, 2012
ကမ္ဘာအရပ်ရပ်မှ Hacker များ - ၂
အပိုင်း ၁ မှ အဆက်............
အရင် အပိုင်း ၁ မှာတုန်းက hacker ၃ ယောက်အကြောင်း ရေးခဲ့ပါတယ်။  အခု အပိုင်း ၂ မှာတော့ hacker တွေ တော်တော်များများရဲ့ အကြောင်း စုံအောင်ဖော်ပြပေးချင်ပါတယ်။