ကျွန်တော်ငယ်ငယ်တုန်းက လမင်းကြီး ရယ်၊ မှိတ်တုတ် မှိတ်တုတ် လက်နေတဲ့ ကောင်းကင်က ကြယ်လေးတွေကို
လသာတဲ့ ညဖက်ဆိုရင် မော့ကြည့်ပြီး အများကြီး စဉ်းစားခဲ့ဖူးတယ်။ ဒီ ကြယ်လေးတွေက ဘယ်လောက်ဝေးလဲ? ဘယ်နေမှာ ရှိနေတာလဲ? ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို ရောက်မလာတာလဲ? ကျောင်းရောက်တော့လည်း ဆရာမက ကျွန်တော်တို့ကမ္ဘာကြီးကနေကို
လှည့်ပတ်နေပြီးတော့ သူ့မှာ မိသားစု ဂြိုလ်ပေါင်း ကမ္ဘာအပါအ၀င် ကိုးလုံး ရှိတယ်လို့ဆိုပြန်တယ်။ နောက်ပြီး ကျွန်တော်တို့ နေမိသားစုဟာ နဂါးငွေ့တန်း
ဂလက်ဆီဆိုတဲ့ အရာကြီးထဲက အစိတ်အပိုင်းလေးတစ်ခုတဲ့။ အဲ့ဒီ နဂါးငွေ့တန်းဆိုတဲ့ ဟာကြီးကလည်း စကြ၀ဋ္ဌာ ပင်လယ်ကြီးထဲမှာ
မျောချင်ရာမျောနေသတဲ့။
နောက်ပိုင်း အတန်းထဲမှာ မှန်ပြောင်းတွေ အကြောင်းသင်ရပြန်ရော… ဟိုး အဝေးကြီးက အရာဝတ္တုတွေကို နီးနီးလေးမှာလိုမျိုး
လှမ်းပြီး မြင်ရပါသတဲ့။ အရမ်းအားကောင်းတဲ့
မှန်ပြောင်းကြီးတွေနဲ့ ဆိုရင် ဂြိုလ်တွေကိုပါ လှမ်းပြီး ကြည့်လို့ရပါသတဲ့။ အင်း… ကျွန်တော်တို့ မသိတဲ့ အရာတွေ တော်တော်များနေပါလားနော်….. ကျွန်တော်တို့ အနေနဲ့ ကမ္ဘာမြေကြီးပေါ်ကနေ ထိုင်ပြီးတော့
အများကြီးတွေးနေ၊ ငေးနေမဲ့အစား အဆိုပါ ဂြိုလ်ကြီးတွေ၊ ကြယ်ကြီးတွေ ရှိတဲ့ နေရာကို အနီးကပ်သွားရောက်ကြည့်ရှု့လို့ရရင်တော့
ကျွန်တော်တို့ အနေနဲ့ ပိုပြီးတော့ ဒီအရာတွေရဲ့ အကြောင်းကို သိလာနိုင်တာပေါ့လေ။ ဒီလိုမျိုး လူတွေ စဉ်းစားခဲ့ကြပါတယ်။ စဉ်းစားခဲ့သလို
အကောင်အထည်လည်း ဖော်ခဲ့ကြပါတယ်။ ဒီလိုမျိုး
ဂြိုလ်တွေ၊ ကြယ်တွေကို စူးစမ်းဖို့အတွက် လူသားတွေဟာ လမင်းကြီးဆီကို၊ အင်္ဂါဂြိုလ်ဆီကို၊
ဂျူပီတာ ဂြိုလ်ဆီကို… စသည် စသည်ဖြင့် အာကာသ စူးစမ်းရေး ယာဉ်ကြီးတွေ လွှတ်တင်ခဲ့ကြပါတယ်။
ခု Voyager 1 & 2 ဆိုတဲ့ အကြောင်းလေးကတော့
ကျွန်တော့် ကွန်မန့် ဘောက်စ်ထဲကို အကိုတစ်ယောက်က ရေးပါလားဆိုလို့ တင်လိုက်ဖြစ်တဲ့ ပိုစ့်လေးတစ်ခုပါ။ ဒီပိုစ့်အတွက် ကျွန်တော့် အဓိက ကိုးကားခဲ့တာကတော့
Nasa နဲ့ Wikipedia ၀ဘ်ဆိုဒ် နှစ်ခု ဖြစ်ပါတယ်။ Voyager ၁ နှင့် ၂ ဆိုတဲ့ အာသာကယာဉ် ကတော့ ကျွန်တော်တို့
နေမိသားစုထဲက Satun လို့ခေါ်တဲ့ စနေဂြိုလ်ကြီးနဲ့ Jupiter ဂြိုလ်ကြီးနှစ်ခုကို အနီးကပ်လေ့လာဖို့အတွက်
ကနဦး စီမံကိန်းချခဲ့ပေမယ့် ခုတော့ ဒီ ညီနောင် အာကာသယာဉ် နှစ်စီးဟာ သူတို့ရဲ့ လေ့လာရေး
အစီအစဉ်တွေကို ကျွန်တော်တို့ နေမိသားစုရဲ့ အပြင်ဖက် အဆုံးစွန်အထိရောက်အောင် လက်ဆက်
ခရီးနှင်နေဆဲ ဖြစ်ပါတယ်။
ဒီ voyager အာကာသယာဉ် ၁ စီးကို ကုန်ကျငွေ
အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၅၀ ကုန်ကျခဲ့ပါတယ်။
ဒါဟာ ၁၉၇၇ ခုနှစ်က ကုန်ကျခဲ့တဲ့ ငွေကြေးဖြစ်ပါတယ်။ ဒီ အာသာသယာဉ် နှစ်စီးကို နာဆာကနေပြီးတော့ စီမံကိန်း
ဆွဲပြီး အကောင်ထည်ဖော်ခဲ့တာပါ။ ၁၉၇၇ ခုနှစ်
သြဂုတ်လ ၂၀ ရက်နေ့မှာ Voyager 1 ကို စတင် လွှတ်တင်ခဲ့ပြီးတော့ ၁၉၇၇ ခုနှစ် စက်တင်ဘာလ
၅ ရက်နေ့မှာ Voyager 2 ကို လွှတ်တင်ခဲ့ပါတယ်။
ဒီအာသယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေကိုတော့ အောက်ကပုံမှာ ပါတဲ့အတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေကနေတစ်ဆင့် ကမ္ဘာမြေကို ပြန်ပြီးတော့
သတင်းအချက်အလက်တွေ ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ ဘာတွေလဲတော့ ကျွန်တော့်ကို မမေးပါနဲ့။ ကျွန်တော် မသိသလို၊ ရှင်းလဲ ရှင်းမပြတတ်ပါဘူး။
ဒီလိုနဲ့ Voyager 1 နဲ့ 2 ဟာ စနေဂြိုလ်နဲ့
ဂျူပီတာ ဂြိုလ်ကြီးတွေ နားကို ဖြတ်သန်းသွားခဲ့ပြီးတော့ ကျွန်တော်တို့ လူသားတွေအတွက်
ဒီဂြိုလ်ကြီးများရဲ့ သဘော သဘာဝတွေကို သတင်းအချက်အလက်တွေ အများကြီး ပြန်ပို့ပေးခဲ့ပါတယ်။ အောက်မှာတော့ အဆိုပါ ဂြိုလ်ကြီးတွေ၊ သူတို့ကို လှည့်ပတ်နေတဲ့
လတွေကို အနီးကပ်မြင်ရမှာ ဖြစ်ပါတယ်။
စနေဂြိုလ်နှင့် သူ၏ ဂြိုလ်ရံ လများ (ဂြိုလ်ရံပေါင်း ၆၂ လုံး ရှိပါတယ်)
စနေဂြိုလ်နှင့် သူ၏ ဂြိုလ်ရံလများ
ဒါကတော့ စနေဂြိုလ်ရဲ့ ကြီးမားလှတဲ့ ဂြိုလ်ရံလ Titan ဖြစ်ပါတယ် (သူဟာ ကျွန်တော်တို့ ကမ္ဘာကြီးက လထက် အချင်း ၂ ဆ ပိုမို ကြီးမားပါတယ်)
ဂျူပီတာ ဂြိုလ်နှင့် သူ၏ ဂြိုလ်ရံလများ (ဂြိုလ်ရံပေါင်း ၆၇ လုံးရှိပါတယ်)
ဒါကတော့ ဂျူပီတာဂြိုလ်ရဲ့ ဂြိုလ်ရံလတွေထဲက တစ်လုံးဖြစ်တဲ့ Callisto ဖြစ်ပါတယ်
Voyager 1 ကတော့ ကမ္ဘာမြေကနေပြီး ၁၉၇၇ ခုနှစ်
စက်တင်ဘာလ ၅ ရက်နေ့မှာ လွှတ်တင်ခဲ့ပြီးတော့ ဂျူပီတာဂြိုလ်ကို ၁၉၇၉ မတ်လ ၅ ရက်နေ့မှာ
ဖြတ်သန်းသွားခဲ့ပါတယ်။ ပြီးတော့ စနေဂြိုလ်ကိုတော့
၁၉၈၀ အောက်တိုဘာလ ၁၂ နေ့မှာ ဖြတ်သန်းခဲ့ပြီး ခုတော့ ကမ္ဘာမြေနဲ့ ဝေးရာ ကျွန်တော်တို့
မသိခြင်းများ ရှိနေတဲ့ အဆုံးစွန်အထိ ခရီးဆက်နေဦးမှာ ဖြစ်ပါတယ်။
Voyager 2 ကတော့ ကမ္ဘာမြေကနေ ၁၉၇၇ သြဂုတ်လ
၂၀ ရက်နေ့မှာ လွှတ်တင်ခဲ့ပြီး ဂျူပီတာဂြိုလ်ကို ၁၉၇၉ ဂျူလိုင် ၉ ရက်နေ့၊ စနေဂြိုလ်ကို ၁၉၈၁ သြဂုတ်လ ၂၅ ရက်နေ့၊ ယူရေးနပ်စ်ဂြိုလ်ကို ၁၉၈၆ ဇန်န၀ါရီလ ၂၄ ရက်နေ့၊ နက်ပကျွန်းဂြိုလ်ကို သြဂုတ်လ ၂၅ ရက်နေ့မှာ ဖြတ်သန်းသွားခဲ့ပြီးတော့
အဆုံးမရှိ ဟင်းလင်းပြင်ထဲကို ထိုးဖောက်ဝင်ရောက်နေပါပြီ။
ဒီ ညီနောင် အာသာသယာဉ် ၂ စီးပေါ်မှာ ကျွန်တော်တို့
ကမ္ဘာမြေက “Golden Record” လို့ခေါ်တဲ့ ကမ္ဘာမြေရဲ့ သတင်းအချက်အလက်တွေကို အကယ်၍သာ တခြားဂြိုလ်သားတွေ
တွေ့ရှိခဲ့ရင် ကြည့်ရှု့နိုင်အောင် ထည့်ပေးခဲ့ပါတယ်။ ဒီအထဲမှာ ဓာတ်ပုံတွေ၊ ဘာသာစကား ၅၅ မျိုး၊ ကျွန်တော်တို့ရဲ့ သီချင်းတွေ၊ နောက်ပြီး ကျွန်တော်တို့
ကမ္ဘာကြီးရဲ့ အသံဆိုပြီး ရေစီးသံတွေ၊ ရထားသံတွေ၊ တရိစ္ဆာန်တွေရဲ့ အသံ စတာတွေအားလုံးနှင့်အတူ
ကမ္ဘာမြေရဲ့ အာကာသအတွင်းတည်နေရာကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။ အဲ့ဒီ ဘာသာစကား ၅၅ မျိုးထဲမှာ ကျွန်တော်တို့ရဲ့
မြန်မာ ဘာသာစကားလဲ ပါဝင်ပါတယ်။ ဒီလင့်ကို ကလစ်နှိပ်ပြီး နားထောင်လို့ရပါတယ်။ အဲ့ဒီမှာ မြန်မာလိုပြောထားတာကတော့ ဟိုခေတ်တုန်းက
ပြောတဲ့ “မာရဲ့လား ခင်ဗျာ” ဆိုတဲ့ အသံဖိုင်ပဲ
ဖြစ်ပါတယ်။ ခုတော့ နေကောင်းပါရဲ့လား ခင်ဗျာလို့
ပြောကြတာပေါ့။
Voyager 1 ကတော့ ၂၀၁၃ စက်တင်ဘာလမှာ ကျွန်တော်တို့ရဲ့ နေ ဆီကနေပြီးတော့
ကီလိုမီတာပေါင်း ၁၈.၇ သန်း အကွာအဝေးကို ရောက်ရှိနေပြီး Voyager 2 ကတော့ နေ ဆီကနေပြီးတော့ ကီလိုမီတာပေါင်း
၁၅.၃ သန်းအကွာအဝေးကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ဒီအကွာအဝေးဟာ ကျွန်တော်တို့ နေမိသားစု အ၀န်းအ၀ိုင်းရဲ့ အပြင်ဖက်ကို ရောက်ရှိခါနီး
အကွာအဝေးဖြစ်ပါတယ်။
ဒီအချိန်မှာ
လူတွေ တော်တော်များများ လက်ခံထားတဲ့ သီအိုရီလေးတစ်ခုကို ကျွန်တော်ပြောပြချင်ပါတယ်။ အာကာသကြီးမှာက
ဟိုက်ဒရိုဂျင်နဲ့ ဟီလီယမ်လိုမျိုး ဓာတ်ငွေ့တွေ တည်ရှိပါတယ်။ ဒီအထဲမှာ နေ နဲ့ သူ့ရဲ့ မိသားစု ဂြိုလ်တွေဟာ ဟိုနားတစ်စု၊ ဒီနားတစ်စုနဲ့ မျောလွင့်နေကြတာပါ။ နေဟာ ဒြပ်ထု ကြီးမားပြီးတော့ အလွန်ပူပြင်းပါတယ်။ ဒီလိုပူပြင်တဲ့ နေဆီကနေပြီးတော့ တစ်စက္ကန့်ကို ကီလိုမီတာ
၃၀၀ ကနေ ၈၀၀ အရှိန်နှုန်းရှိတဲ့ Solar Wind တွေဟာ အရပ်မျက်နှာ အသီးသီးကို တိုက်ခတ်ထွက်ပေါ်လာပါတယ်။ ဒီ Solar Wind တွေဟာ အဆိုပါ ဓာတ်ငွေ့တွေကို သူ့နဲ့
ဆန့်ကျင်ရာဖက်ကို မှုတ်ထုတ်ပစ်လိုက်ပါတယ်။ ဆိုတော့
မျက်စေ့ထဲမြင်ကြည့်လိုက်မယ်ဆိုရင် နေနဲ့ သူ့ရဲ့ မိသားစု အ၀န်းအ၀ိုင်းလေးဟာ ပူပေါင်းလေးတစ်ခုလိုပဲ
ဓာတ်ငွေ့တွေကြားထဲမှာ ပေါလောမျောနေကြတဲ့ ပုံစံလေးပေါ့။ အောက်ကပုံလေးမှာ ကြည့်နိုင်ပါတယ်။
ဒီအ၀န်းအ၀ိုင်းကကျော်သွားရင်တော့
နေရဲ့ Solar Wind တွေဟာ အားပျော့ ပျက်ပြယ်သွားပါတယ်။ ဒီလိုမျိုး ပူဖောင်းလေးကိုတော့ Heliosphere လို့ခေါ်ကြပြီး
ပူဖောင်းလေးရဲ့ နယ်နမိတ်အစွန်းကိုတော့ Heliopause နေရာလို့ ယူဆကြပါတယ်။ စောစောက ပြောခဲ့တဲ့အတိုင်း နေကထွက်လာတဲ့ Solar
Wind တွေဟာ အကွာအဝေးတစ်ခုကိုရောက်ရင် အားပျော့ပြီး အမြန်နှုန်းလဲကျဆင်းသွားပါတယ်။ ဒီ Solar Wind တွေရဲ့ အမြန်နှုန်းဟာ အသံရဲ့ အမြန်နှုန်းထက်
နည်းသွားတဲ့ နေရာလေးကိုတော့ Terminal Shock လို့ ခေါ်ကြပါတယ်။
ဒီလိုနဲ့
နှေးသထက် နှေးလာတဲ့ Solar Wind တွေဟာ Terminal Shock နေရာဖြတ်သန်းပြီး ဆက်လက်ခရီးဆက်နေပါတယ်။
Terminal Shock နေရာကို ကျော်သွားရင်တော့ Solar Wind တွေဟာ အလွန်ကို နှေးတဲ့ အရှိန်အဖြစ်
အားပျော့သွားပါပြီ။ အဲ့ဒီနေရာကိုတော့
Heliosheath လို့ခေါ်ပါတယ်။ ဒီနေရာမှာ Solar Wind တွေဟာ ပိုမိုသိပ်သည်းပြီးတော့
interstellar ကြားခံနယ်တွေနဲ့ ရောထွေးကုန်ကာ turbulent အခြေအနေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ Interstellar space ဆိုတာကတော့ ကျွန်တော်တို့ နေမိသားစု
အ၀န်းအ၀ိုင်းရဲ့ အပြင်ဖက်၊ ဟင်းလင်းပြင်ကြီးကို
ဆိုလိုပါတယ်။
ခုဆိုရင်
Voyager 1 ဟာ ကျွန်တော်တို့ နေမိသားစုရဲ့ အစွန်းနေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်
ကျွန်တော်တို့အတွက် အစွန်းဆိုတာ ဘယ်လောက်ဝေးသလဲဆိုတာကတော့ ခန့်မှန်းလို့မရသေးပါဘူး။ ဒီအာကာသယာဉ်တွေဟာ ၂၀၂၀ လောက်အထိတော့ ကမ္ဘာမြေကို
သတင်းအချက်အလက်တွေ ပြန်ပို့နိုင်တဲ့ စွမ်းအင်ရှိနေပါသေးတယ်။ တစ်ကယ်လို့သာ မလိုအပ်တဲ့ စက်ပစ္စည်းတွေကို ပိတ်ထားမယ်ဆိုရင်တော့
၂၀၂၅ လောက်အထိ ကမ္ဘာမြေဆီကို သတင်းအချက်အလက်တွေ ပို့ပေးနေဦးမှာပါ။
ကျွန်တော်တို့နဲ့
အနီးဆုံးသော နေမိသားစု (ကြယ်) ကတော့ Alpha Centauri ဆိုတဲ့ ကြယ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နေမိသားစုဟာ သူ့ဆီကို ဦးတည်သွားနေပြီးတော့၊ ဒီကြယ်အစုအဝေး AC +79 3888 ကတော့ ကျွန်တော်တို့ဆီကို
ဦးတည်ပြီး လာနေပါတယ်။ ဒီအတိုင်းဆိုရင်တော့ တစ်နေ့မှာ Voyager 1ဟာ (နောင်နှစ်ပေါင်း
၄၀၀၀၀) လောက်ဆိုရင် အဆိုပါ ကြယ်ဆီကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ မည်သို့ပင်ဆိုစေ သေချာတာကတော့ Voyager 1 & 2 အာကာသယာဉ်နှစ်စီးဟာ နေမိသားစုကို
နှုတ်ဆက်ပြီးတော့ မသိခြင်းတွေရှိနေတဲ့ အာကာကြီးထဲကို ခရီးဆက်နေဦးမှာဖြစ်ပါတယ်။
ဒီအကြောင်းကို သတင်းမှာ တွေ့ လိုက်ပေမဲ့ ဒစ်ရှင်နရီနဲ့  ဖတ်ရမှာကို ပျင်းလို့  မဖတ်ဖြစ်ဘူးရယ်...အာကသအကြောင်း စိတ်ဝင်စားတာမို့  အသေအချာ ဖတ်သွားတယ် ကိုအွတ်ထောင်...အားထုတ်ထားတာကို ချီးကျူးမိတယ်...Bravo !
ReplyDeleteဒီပို့ စ်လေး ဖတ်ပြီး ဘီဘီစီမှာ အဲဒီအကြောင်းတွေ့ လို့  ...စိတ်ဝင်စားရင် သွားဖတ်ဖို့  လင့်ခ်က
ReplyDeletehttp://www.bbc.co.uk/burmese/world/2013/09/130913_voyager.shtml
ကွန်နက်ရှင်ကြောင့် ဘလော့တွေကို လည်ပတ်ခွင့်မရတဲ့နေရာ ရောက်နေတာမို့ အခုမှ မောင်အောင်ထွဋ်ရဲ့
ReplyDeleteပို့စ်လေးတွေ ဖတ်ခွင့်ရတော့တယ်ကွယ်။ အတော်လေးပြည့်ပြည့်စုံစုံရှင်းပြထားတာပဲ တစ်ဆက်တည်း စန်းစန်းရဲ့ လင့်ခ်လေးလဲ
လေ့လာသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးတင်ပါတယ် ခင်ဗျာ...
ReplyDelete