စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, October 13, 2013

ငါ လွှတ်ချကြည့်လိုက်တယ်..

သက္ကရာဇ်တွေ… အထွေးလိုက် အထွေးလိုက်…
မြင်ရက်စရာမရှိတဲ့……… အိုမင်းခြင်းတွေ…
သင်္ဘောတွေ အပုံလိုက် အပုံလိုက်….
လေထဲမှာမျောလွင့်သွားတဲ့ အိတ်စပီးရန့်ဆိုသော အရာများ…
ငါလွှတ်ချကြည့်လိုက်တယ်…

မသတီစရာကောင်းတဲ့ လုပ်ပြုံးပြုံးထားတဲ့.. အပြုံးများ..
မချိသွားဖြဲ..ရွေးချယ်စရာမရှိခဲ့တဲ့ ရွေးချယ်ခွင့်များ….
မှားမှန်းသိရက်နဲ့… compromise လုပ်ခဲ့ရတဲ့ အကြောင်းအရာများ…
ဘာတဲ့ Naval Architect ဆိုတာ Science or Art တဲ့…
တကယ်တော့ Naval Architect ဆိုတာ၊ “Art of compromise…”
အို….. ငါလွှတ်ချကြည့်လိုက်တယ်….

အကောင်းဆုံးဆိုတာ စာရွက်ထဲမှာပဲရှိတယ်လေ…
လုပ်ပိုင်ခွင့်၊ အတိုင်းအတာ၊  ငွေကြေး၊ အချိန် ဒါတွေအားလုံးကြားထဲမှာ…
ငါတို့တွေဟာ စစ်မြေပြင် ရှေ့တန်း က ပွန်းရုပ်ကလေးတွေပဲ…
သိရက်နဲ့ ထမင်းတစ်လုပ်က ကျန်တာတွေထက် ပိုအရေးကြီးလား…
Commitment ဆိုတာ ဘာလဲ?  Ethic ဆိုတာဘာလဲ?  ခဏလေးတော့ ငါ… အားလုံးကို…
လွှတ်ချကြည့်လိုက်တယ်…..



၂ နှစ်စာထက် ပိုမခံတဲ့ စီမံကိန်းများ၊ ၀ိုးတ၀ါး… မျှော်လင့်ချက်များ
ဘ၀.. ဘ၀.. အားလုံးဟာ အိပ်မက်…
အိပ်မက်ကို အသက်သွင်းရန် ကြိုးစားကြသူများ….
Urban အိပ်မက် မက်နေကြသူများ…
ယောက်ျားတံခွန် အောင်လံထူချင်ကြသူများ
ဖတ်လို့ သိပ်ကောင်းတဲ့ တက်ကျမ်းများ…  အို..
ငါလွှတ်ချကြည့်လိုက်တယ်..

လှေခါးထစ်ကို မှန်မှန်တက်နေကြသူတွေ..
သူများ ပုခုံးပေါ် နင်းတက်သွားကြသူတွေ…
ငါ့ဘေးမှာ လှေကားကို အလုအယက် တက်နေကြသူတွေ…
ဖောင်ဒေးရှင်းမခိုင်တဲ့ အဆောက်အဦးကြီးကို အက်ကြောင်းဖာနေကြတဲ့လူတွေ…
ဟက်.. ဟက်.. ဟက်.. မတီစတီစရာကောင်းလိုက်တာမှ..
ငါ လွှတ်ချကြည့်လိုက်တယ်…

အမေ့အိမ်ကိုလွမ်းသော ညများ…
ငါးပိရေနှင့် တို့စရာ မရှိသော အရပ်မှာ ..
မက်ခဲ့ရသော ငါးပိရေ အိပ်မက်များ….
မျှော်လင့်နေသော ၀ိုးတ၀ါး ဒီမိုအိပ်မက်များ….
ထူးမခြားနား.. ဦးနှောက်များနှင့် နောင်နှစ်ပေါင်း ၆၀..
ငါ လွှတ်ချကြည့်လိုက်တယ်…

ပြန်လာဖို့ မခေါ်ပါနဲ့ အမေ…
ကျွန်တော့်အတွက် နေရာမရှိပါဘူး..
ကျွန်တော့်အတွက် အံမ၀င်ပါဘူး…
ကျွန်တော့် အတွက် အချိန်မရောက်သေးပါဘူး…
ကျွန်တော် ဟိုမှာ… လူပိုတစ်ယောက်အဖြစ် မနေချင်ပါဘူး…
ကျွန်တော်……
လွှတ်ချကြည့်လိုက်တယ်….

ခဏလေးအတွင်းမှာ အားလုံး ပေါ့ပါးသွားတယ်..
လေပြေ တွေကတော့ လတ်ဆတ်နေတာပဲ… ငါသာ သတိမထားမိတာ…
မြက်ပင်လေးတွေက လေတိုက်ရာကို ယိမ်းလို့…
ငှက်ကလေးတွေ အိပ်တန်းတက်နေကြတယ်…..
နေရောင်ခြည်က ခပ်ဖျော့ဖျော့ အန်ထုတ်လို့…
မနက်ဖြန်အတွက် ပြင်ဆင်နေကြတယ်.. ဒီခဏ
ငါလွှတ်ချ ကြည့်လိုက်တယ်…….


4 comments:

  1. ပြန်လာဖို့ မခေါ်ပါနဲ့ အမေ…
    ကျွန်တော့်အတွက် နေရာမရှိပါဘူး..
    ကျွန်တော့်အတွက် အံမ၀င်ပါဘူး…
    ကျွန်တော့် အတွက် အချိန်မရောက်သေးပါဘူး…
    ကျွန်တော် ဟိုမှာ… လူပိုတစ်ယောက်အဖြစ် မနေချင်ပါဘူး-------ခံစားချက်တူတူတွမို့ ခံစားလို့ ကောင်းတဲပကဗျာအဖြစ်...ကြိုက်နှစ်သက်ခဲ့ရပါတယ်

    ReplyDelete
  2. ဟန်ကြည်October 16, 2013 at 4:26 AM

    အေးဗျာ....ကိုအောင်ထွဋ်ရဲ့ စကားလုံးတွေက ရင်ကို ဒိုင်းခနဲလာထိတယ်ဗျာ...လောလောဆယ်မှာ အရေးပါပေမယ့် အရာမရောက်တဲ့ ကိုယ့်ကိုယ်ကိုကိုလည်း ပြန်မြင်ယောင်လာမိတယ်...ကျွန်တော်တို့ နေရာမှား အချိန်မှားပြီး ရောက်လာခဲ့သလား မပြောတတ်တော့ပါဘူးလေ...စဉ်းစားမိရင် မနက်ဖြန်ဟာ ဝေသီမှုန်မှိုင်းနေတာပဲ တွေ့ရတယ်...နိုးတ၀က်အိပ်မက်က ဆက်အိပ်ရရင်ကောင်းမလား ထထိုင်လိုက်ရင်ကောင်းမလားနဲ့ စဉ်းစားနေမိတာလဲ အခါခါပါပဲ...

    ReplyDelete
  3. သိပ်ကောင်းတဲ့ ကဗျာလေး ဗျာ ။
ေ၀၀ါးမှုန်မှိုင်းစွာ လေးကန် ထိုင်းမှိုင်းစွာ
    ကျနော်တို့ ရှေ့တိုး နောက်ဆုတ်ခက်စွာ ။

    ReplyDelete
  4. ရင်လှိုင်းNovember 28, 2013 at 12:37 PM

    တစ်ခါတစ်လေ စိတ်လိုလက်ရ လွှတ်ချကြည့်သင့်တာပေါ့နော်။ ပေါ့ပါးသွားမယ်ထင်တယ်နော်။

    ReplyDelete