စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, January 23, 2014

Troy (သို့) ပျောက်ဆုံးခဲ့သော မြို့တော် (၁)

          စင်ကာပူပြန်ရောက်နေတဲ့ ရက်ပိုင်းတုန်းက ထရွိုင်မြို့အကြောင်း ရုပ်ရှင်ကြည့်ဖြစ်တယ်… နောက်ပြီး စိတ်ဝင်စားလို့ ဟိုရှာဖတ် ဒီရှာဖတ်နဲ့။  Troy မြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားပုံတွေက ကိုယ့်မျက်စေ့ရှေ့မှာ မြင်နေရသလိုပဲ။  မြန်မာ Sea Game ဖွင့်ပွဲတုန်းက “မဟာ….ကြီးမြတ်လေသော သမိုင်းကြောင်းများ.. ဒီမြေကြီးထက်မှာဆိုပြီး”  ကျွန်တော်တို့ ပုဂံအကြောင်း သရုပ်ဖော်တော့ ရဲစိတ် ရဲမာန်တွေ တက်ကြွလာသလိုပဲ… ထရွိုင်မြို့အကြောင်းဖတ်လိုက်ရင် လည်းဒီလိုပဲ စိတ်ဝင်စားစရာတွေနဲ့ တွေးစရာတွေ အများကြီးကျန်ခဲ့တယ်။
          လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်က ကြေးခေတ်လူသားတွေရဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ခဲ့တဲ့ မြို့တော်ကြီး၊  ကမ္ဘာ့အလှဆုံးဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါး အလား ဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီး ဟယ်လင်၊  ရာဇမာန်ကို ထိလာခဲ့ရင် ဆတ်ဆတ်ထိမခံခဲ့တဲ့ စပါတာ(ဂရိ) လူမျိုးတွေထဲက ဘုရင်းတပါး ဖြစ်တဲ့ မန်နီလော့စ်၊  အချစ်အတွက် အသက်ပင်ပေးခဲ့ရတဲ့ ထရွိုင်မြို့ရဲ့ အိမ်ရှေ့သခင် ပဲရစ်၊ သမိုင်းတွင်ခဲ့တဲ့ ထရိုဂျန် စစ်ပွဲကြီးပွား ခဲ့တဲ့ မြို့တော်…  အာခီလီစ်၊ ဟက်တာ၊ အိုင်းယက်စ် စတာတွေ အပြင် သူရဲကောင်းတွေ များစွာရဲ့ သွေး မြေကျခဲ့ရတဲ့ နေရာ၊  ရန်သူတွေကို ပရိယာယ်ဆင် အောင်ပွဲခံတုန်းက အဓိက အသုံးပြုခဲ့တဲ့ ထရိုဂျန် မြင်းရုပ်ကြီး၊  ဂရိတွေ ဘယ်လိုမှ တိုက်လို့မရပဲ တပ်ဆုတ်ပြီး သင်္ဘောတွေ ပြန်လည်ထွက်ခွာသွားတော့ ထရွိုင်မြို့သားတွေ အောင်ပွဲခံ သတိလွတ်နေတုန်း မြင်းရုပ်ဗိုက်ထဲက ဂရိစစ်သည်ထွက်၊  မြို့တံခါးကို ဖွင့်လို့ ၁၀ နှစ်ကြာ တိုက်ယူလို့မရခဲ့တဲ့ ထရွိုင်မြို့ကြီးဟာ ညတွင်းချင်းမှာပဲ မြေပေါ် ပြားပြားဝပ်သွားခဲ့ရတဲ့ အဖြစ်…..စသည်အားဖြင့် ရေးထားတဲ့ ဟိုးမားရဲ့ ILIAD ကဗျာရှည်ကြီးထဲမှာ ဇာတ်ကောင်များစွာ သက်ဝင်လှုပ်ရှားနေတုန်း။  ဒါပေမယ့် ဒီ ကဗျာရှည်(၀တ္တု) ကြီးထဲက ထရွိုင်မြို့ကြီးဟာ တစ်ကယ်ရှိခဲ့တာလား?

          ဒီ ကဗျာရှည်ကြီးကို စပ်ဆိုခဲ့တဲ့ ဟိုးမားကရော  ဒီ ထရိုဂျန် စစ်ပွဲကြီးကို မျက်စေ့နဲ့ တပ်အပ်မြင်ခဲ့လို့ ဒီလောက်အထိ အသေးစိတ် ရေးဖွဲ့နိုင်တာလား?  ဒါမှမဟုတ် သူ့ရဲ့ အနုပညာဥာဏ်နဲ့ ကွန့်မြူးပြီးတော့ လူတွေ စိတ်နှလုံးကို ဆွဲဆောင်နိုင်အောင် ဇာတ်ဆောင်၊ ဇာတ်ကောင်တွေနဲ့ ထရွိုင်မြို့ကြီးအပါအ၀င် ILIAD ကဗျာရှည်ကြီးကို အသက်သွင်းပြီး ရေးသားခဲ့တာလား?  ဒီလိုဆို ထရိုင်မြို့တော်ကြီးက တစ်ကယ်မရှိတော့ဘူးလား?  ကျွန်တော်တို့ ရာမ နဲ့ သီတာ မှာတုန်းကလည်း ဒဿဂီရိက မယ်သီတာကို ခိုးပြေးတော့ စင်္ကြာယာဉ်ပျံနဲ့ပါတဲ့။  ဒီတော့ ဒီလိုခိုးပြေးတဲ့ အခန်းမှာ စင်္ကြာယာဉ်ပျံ သွားတဲ့ လမ်းတစ်လျှောက်ကို စာဆိုက ရေးဖွဲ့ခဲ့တယ်။  နောက်ပိုင်း အင်္ဂလိပ်ခေတ်ရောက်တော့ အင်္ဂလိပ် လေတပ်က ဗိုလ်ကြီးတစ်ယောက်က ဒီဇာတ်တော်ကြီးထဲမှာ ရေးဖွဲ့ခဲ့တဲ့ ရေမြေ တောတောင် အနေအထားတွေကို လေယာဉ်ပေါ်က ကြည့်တဲ့အခါ တော်တော့ကို တူညီနေတာကို တွေ့ရပါတယ်တဲ့။  ဒီတော့ ဒီ ဇာတ်ထုတ်ကြီးတစ်ခုလုံးဟာ တစ်ကယ်ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ဘူးပေါ့လေ။  ဒီလိုပါပဲ ထရွိုင်မြို့တော်ကြီးဟာ တစ်ကယ်ပဲ တည်ရှိခဲ့တာလား?
          သမိုင်းအဆိုအရကတော့ ဟိုးမား ဆိုတဲ့ အနုပညာရှင်ကြီးဟာ ထရွိုင်မြို့ပျက်ပြီး နောက်နှစ်ပေါင်း ၅၀၀ ကျော်မှ ပေါ်ထွန်းခဲ့တယ်လို့ဆိုပါတယ်။  ဒီလိုဆိုရင်တော့ ဟိုးမားဟာ ထရိုဂျန်စစ်ပွဲကြီးကို သူကိုယ်တိုင်မြင်တွေ့ခဲ့ရတာ မဟုတ်ပါဘူး။  ဒီလိုဆိုရင်တော့ သူ့အရင် အဆက်ဆက်က ကဗျာစာဆိုတွေရဲ့ ရေးဖွဲ့မှု့၊  တစ်ဆင့်စကားကို တစ်ဆင့်ကြားပြီးတော့သာ ဒီ အိလိယက် နဲ့ အိုဒက်စီ ဆိုတဲ့ ကဗျာရှည်ကြီးတွေကို စပ်ဆိုခဲ့တာ ဖြစ်နိုင်ပါတယ်။  ဒီလိုဆိုရင်တော့ မင်းသမီး ဟယ်လင်ကို ဂရိတွေ လက်ထဲကနေ မင်းသား ပဲရစ်(စ်) က သူနေတဲ့ ထရွိုင်မြို့ကို တစ်ကယ်ပဲ ခေါ်ဆောင်ခဲ့တာလား။  ဒီအတွက် ဂရိတို့ရဲ့ ဘုရင်ဟာ အမျက်ဒေါသ ချောင်းချောင်းထွက်ပြီး ဂရိမြို့တွေက အခြားသော ဘုရင်တွေကို စည်းရုံးပြီးတော့ စစ်သင်္ဘော ၁၀၀၀ ကျော်နဲ့ ထရွိုင်မြို့ကို တစ်ကယ်ပဲ စစ်ထွက်ခဲ့တာလား?  ထရွိုင်မြို့တော်ကြီးကို ဖျက်ဆီးပစ်ခဲ့တဲ့ ထရိုဂျန်စစ်ပွဲထဲက ထရိုဂျန် မြင်းရုပ်ကြီးဟာ တစ်ကယ်ပဲ အပြင်မှာ ရှိခဲ့တာလား?  မေးခွန်းပေါင်းများစွာနဲ့ ထရွိုင်မြို့တော်ကြီးဟာ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

          တကယ်လို့သာ ထရွိုင်မြို့တော်ကြီးဟာ အပြင်မှာ တစ်ကယ်တည်ရှိခဲ့တာဆိုရင် ဘယ်နေရာမှာ တည်ရှိနိုင်ပါသလဲ?  ဂရိတွေက စစ်သင်္ဘောတွေနဲ့ စစ်ထွက်ခဲ့တာဆိုတော့ နီးနီးနားနားမှ ရှိနိုင်တယ်လို့ မဆိုသာပေဘူး။  ဒီအပြင် ခမ်းနားလှတဲ့ ဒီမြို့တော်ကြီးဟာ ထိုခေတ် ထိုအချိန်က အတော့်ကို ချမ်းသာ ကြွယ်ဝခဲ့ပုံရပါတယ်။  ဘာ့ကြောင့် ဒီလောက် ချမ်းသာ ကြွယ်ဝခဲ့ရတာလဲ?  တစ်ကယ်လို့သာ ထရွိုင်မြို့တော်ဟောင်းကြီးကို ရှာဖွေနိုင်ခဲ့ရင်တော့ ထိုခေတ်ထိုအခါက လူတွေရဲ့ ယဉ်ကျေးမှု့၊  စာပေ၊ အနုပညာအဆင့်အတန်းအပြင် လူ့သမိုင်းတစ်လျှောက်ကို ပြန်လည် ဆန်းစစ်နိုင်တဲ့ အကောင်းဆုံးသော ရှေးဟောင်းအမွေအနှစ်ကြီး ဖြစ်မှာ အသေအချာပါပဲ။  ဒီအတွက် လူပေါင်းများစွာဟာ ဟိုးမားရဲ့ ILIAD ၀တ္တုရှည်ကြီးကို ဖတ်ပြီး အိပ်မက်တွေ မက်ခဲ့ကြတယ်။ ထရွိုင်မြို့ဟောင်းကို ရှာဖွေခဲ့ကြပါတယ်။   သူတို့ရှာဖွေနိုင်ဖို့အတွက် အကောင်းဆုံးသော သဲလွန်စဟာ ဟိုးမား စပ်ဆိုရေးဖွဲ့ခဲ့တဲ့ Iliad ဆိုတဲ့ ကဗျာရှည်ကြီးပဲ ဖြစ်ပါတယ်။  ဒါပေမယ့် ဂရိခေတ်က ရေးဖွဲ့ခဲ့တဲ့ ကဗျာကြီးဖြစ်တဲ့အတွက် နတ်ဘုရားတွေ များစွာ ဒီပုံပြင်ကြီးမှာ ပါဝင်ခဲ့ပါတယ်။
          ထရွိုင်မြို့ကို စိုးစံတဲ့ ဘုရင်ကြီးကတော့ ပရီယမ်ဆိုသူဖြစ်ပါတယ်တဲ့။  ဘုရင်ကြီးနဲ့ ဘုရင်မကြီး ဟီကူဘား တို့မှာ သားသမီးများစွာနဲ့ ထရိုဂျန်လူမျိုးတို့ကို အုပ်စိုးခဲ့ပါတယ်။  ထရွိုင်မြို့သူမြို့သားတို့ဟာ စိုက်ပျိုးရေး၊ တံငါရေလုပ်ငန်း၊ မွေးမြူရေး၊ မုဆိုးလုပ်ငန်း တို့အပြင် အိမ်နီးချင်းတွေနဲ့ပါ ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ခဲ့ပြီးတော့ မြို့တော်ကြီးဟာ အလွန်ကို ချမ်းသာကြွယ်ဝပြီး လူနေမှု့အဆင့်အတန်း မြင့်မားခဲ့တယ်လို့ ဟိုးမာက ရေးဖွဲ့ခဲ့ပါတယ်။  တစ်နေ့တော့ မိဖုရား ဟီကူးဘားဟာ အိပ်မက်မက်မြင်ခဲ့ပြီး ဒီအိပ်မက်ထဲမှာတော့ သူမရဲ့ ၀မ်းထဲကနေ မီးလျှံတွေ ထွက်ပေါ်လာပြီး ဒီမီးလျှံတွေဟာ မြို့ရိုးကို စွဲလောင်တယ်လို့ မြင်မက်ပါသတဲ့။  ဒီတော့ ပရောဟိတ်တွေဟာ မိဘုရားကြီးမှာ ကိုယ်ဝန်ရှိလာပြီး မွေးလာတဲ့ ဒီကလေးငယ်ဟာ ထရွိုင်မြို့တော်ကြီးကို ဖျက်ဆီးမယ့် လူဖြစ်ပါတယ်လို့ ဟောကြားပါတယ်။  ဒီအတွက် ဒီကလေးငယ်ကလေးကို မမွေးခင်ကထည်းက သတ်ပစ်ရမယ်လို့ ဆိုပါတယ်။  ဘုရင်ကြီး ပရီယမ်ဟာ ထိုကလေးငယ်မွေးဖွားလာတော့ လူယုံတစ်ယောက်ကို ပေးပြီး သတ်ပစ်စေပါတယ်။  ဒါပေမယ့် ဒီလူယုံတော်ဟာ ကလေးငယ် မင်းသားလေးကို သတ်ပစ်မယ့်အစား အီဒါ တောင်ပေါ်က တောထဲမှာ သွားပစ်ထားခဲ့ပါတယ်။  ဒီလိုနဲ့ သိုးကျောင်းသားတွေဟာ ဒီကလေးငယ်လေးကို တွေ့ရှိခဲ့ပြီးတော့ မွေးစားခဲ့ပါတယ်။  ဒီကလေးငယ်ကလေးဟာ ပဲရစ်(စ်) ဆိုနဲ့ နာမည်နဲ့ အလွန်ချောမောလှပတဲ့ လုလင်ကလေး ဖြစ်လာခဲ့ပါတယ်။ 
          နတ်တို့ စိုးစံရာ အိုလံပစ် (Olympus) တောင်ပေါ်မှာတော့ ဒီအချိန်မှာ တစ်စုံတရာ ဖြစ်ပွားခဲ့ပါတယ်။  ဒါကတော့ ပီလီယက်စ် နဲ့ သီးတစ်(စ်) နတ်ဘုရား မင်္ဂလာဆောင်တဲ့ ပွဲမှာ နတ်ဆိုး အဲလိ(စ်) ကိုဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။  ဒီအတွက် ဒီနတ်ဆိုး အဲလိ(စ်)ဟာ ရွှေပန်းသီးတစ်လုံးကို ဖန်ဆင်းပြီးတော့ ပန်းသီးပေါ်မှာ “အချောဆုံး တစ်ယောက်အတွက်သာ” လို့ရေးပြီးတော့ မင်္ဂလာဆောင် စားပွဲထဲကို ပစ်ထားခဲ့ပါတယ်။  နတ်ဘုရားမတွေအားလုံးဟာ ဒီ ရွှေပန်းသီးကို အလိုရှိကြပါတယ်။  ဒါပေမယ့် အချိန်ကြာအောင်ငြင်းခုံဆုံးဖြတ်ပြီးတဲ့ အချိန်မှာတော့ ဟီရာ၊ အေသီနာ နဲ့ အပရိုဒိုက် ဆိုနဲ့ နတ်ဘုရားမ သုံးယောက်သာ ထိုပန်းသီးနဲ့ ထိုက်တန်ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။  နတ်မိမယ်တွေဟာ နတ်တို့ရဲ့ ဘုရင်၊ နတ်မင်းကြီး ဇု ဆီကိုသွားပြီးတော့ ဒီပန်းသီး ဘယ်သူနဲ့ ထိုက်တန်ကြောင်း အဆုံးအဖြတ်ပေးခိုင်းပါသတဲ့။  ဒါပေမယ့် နတ်ဘုရင် ဇု ကတော့ ဒါဟာ သူ့အလုပ်မဟုတ်ဘူးဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။  ဇု က ငြင်းပယ်တဲ့အတွက် နတ်မိမယ် သုံးပါးဟာ အဆုံးအဖြတ်ပေးနိုင်မယ့် လူကို လိုက်ရှာတဲ့အခါမှာ အလွန့်ကိုမှ ချောမောလှပတဲ့ ပဲရစ်(စ်) ကို သွားတွေ့ခဲ့ပါတယ်။

          ဒီအခါမှာ နတ်မိမယ် သုံးပါးက ပဲရစ်(စ်)ကို တစ်ယောက် ဆုတစ်ခုချင်းစီ ရွေးဖို့ ပေးခဲ့ပါတယ်။  ဟီရာ နတ်ဘုရားမကတော့ သူ့ကို အလှဆုံးအဖြစ်သာရွေးချယ်ခဲ့ရင် ပဲရစ်ကို အာဏာ၊ စွမ်းအား ပေးမယ်လို့ ဆိုပါတယ်။  အေသီနာကတော့ သူ့ကိုသာ အချောဆုံးလို့ ရွေးချယ်ခဲ့ရင် မင်းသားလေးကို ဥာဏ်ပညာ အလင်းရောင် ပေးမယ်လို့ ဆိုပါတယ်။  အပရိုဒိုက်ကတော့ မင်းသားလေးကသာ သူ့ကို အချောဆုံးလို့ ရွေးချယ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အချောဆုံး မိန်းကလေးမိန်းကလေးကို ညွှန်ပြမယ်လို့ ဆိုပါတယ်။  ဒီလိုနဲ့ မင်းသား ပဲရစ်(စ်)ဟာ အပရိုဒိုက်ကို ရွှေပန်းသီးနဲ့ ထိုက်တန်သူလို့ ရွေးချယ်ပေးခဲ့ပါတယ်။  ဒါဟာ ထရွိုင်စစ်ပွဲကြီးကို အစပျိုးပေးခဲ့တဲ့ ဆုံးဖြတ်ချက်မှန်းကိုတော့ ဘယ်သူမှ မသိခဲ့ပါဘူး။
          ကမ္ဘာပေါ်မှာ အချောဆုံးလို့ဆိုတဲ့ ဟယ်လင်မင်းသမီးလေးအကြောင်းကိုလည်း ဟိုးမားက ဒီလိုရေးဖွဲ့စပ်ဆိုခဲ့ပါတယ်။  ဒီအဖြစ်အပျက်မတိုင်ခင် နှစ်အနည်းငယ်တုန်းမှာ နတ်မင်းကြီးဇုဟာ လီဒါ ဆိုတဲ့ မင်းသမီးလေးကို မျက်စေ့ကျတော်မူပါသတဲ့။  ဒီအတွက် ဇု ဟာ ငန်းအသွင်းကို ဖန်ဆင်းပြီး ထိုမင်းသမီးလေးဆီကို သွားပါတယ်။  ဒီလိုနဲ့ မင်းသမီးလေးဟာ ကိုယ်ဝန်စေ့လို့ မွေးတဲ့အချိန်မှာတော့ လူသားအဖြစ်မွေးမယ့်အစား ဥ နှစ် ဥသာ မွေးဖွားခဲ့ပါသတဲ့။  ဒီဥနှစ်ဥထဲက တစ်လုံးကတော့ ကက်စတာနဲ့ ပိုလီဂျူးဆစ် ဆိုတဲ့ ယောက်ျားလေး နှစ်ယောက် ဖွားမြင်ခဲ့ပါတယ်။  နောက် ဥတစ်လုံးထဲကနေပြီးတော့ ကလိုက်တမ်နက်တြာ နဲ့ ဟယ်လင်ဆိုတဲ့ မိန်းကလေး နှစ်ယောက် ဖွားမြင်ပါသတဲ့။  နတ်မင်းကြီးဇုရဲ့ သွေးပါတဲ့ သမီးတော်တွေဖြစ်တဲ့အတွက် ဂရိပြည်က အိမ်ရှေ့မင်းသားတွေဟာ ဒီမင်းသမီးတွေကို လက်ဆက်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းကြပါတယ်။  ဒီအထဲမှာ ဟယ်လင်က ပိုမို ချောမောလှပပြီးတော့ ကမ္ဘာပေါ်မှာ အလှပဆုံး မိန်းကလေးဖြစ်လာခဲ့ပါတယ်။   ဟယ်လင်ကို လက်ဆက်ဖို့အတွက် အချင်းချင်း တိုက်ခိုက်ကျတော့မယ့် အခြေအနေတွေတောင် ဖြစ်လာခဲ့ပါတယ်တဲ့။  ဒါပေမယ့် ဂရိလူမျိုးတွေထဲက အင်အားကြီးမားလှတဲ့ ဘုရင်ကြီး အိုဒီယက်စ် ကတော့ ဟယ်လင်သာ သူနှစ်သက်ရာကို ရွေးချယ်ဖို့ အကြံပေးခဲ့ပြီးတော့ ကျန်တဲ့ မင်းညီ မင်းသားတွေက သဘောတူညီခဲ့ပါတယ်။  ဟယ်လင်ဟာ စပါတို့ရဲ့ ဘုရင်ကြီး မန်နီလော့စ့်ကို ကြင်ယာဖက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။  ကလိုက်တမ်နက်တြာ ကတော့  အာဂိုစ့် လူမျိုးတွေရဲ့ ဘုရင် ဂရိနယ်တစ်ဝှမ်းမှာ အာဏာစက် ပြင်းလှတဲ့ အာဂါမမ်နွမ် ကိုကြင်ယာအဖြစ် ရွေးချယ်ခဲ့ပါတယ်။

          

2 comments:

  1. စိတ်ဝင်စားဖို့ ကောင်းတယ်...... အပိုင်း(၂) ကိုလည်း ဆက်ဖတ်လိုပါကြောင်းးးးး

    ReplyDelete
  2. Troy ဇတ်လမ်းကို ကြည့်မိခဲ့တုန်းကတော့
    သူရဲကောင်းဟက်တာကို သဘောအကျ ဆုံးပါဘဲ

    ReplyDelete