စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Wednesday, July 23, 2014
ခမ်းနားသော ဖွင့်ပွဲ
         [ဒီဝတ္တုတိုလေးကို ဆရာ မြင့်သန်းဘာသာပြန်ထားပြီးတော့ မူရင်းကတော့ တရုတ်စာရေးဆရာ လောဝ်ရှု ရေးသားထားတာဖြစ်ပါတယ်။  သူ့ခေတ်၊သူ့အခါက လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတာကို သရော်ပြီးရေးထားတဲ့ ၀တ္တုတိုလေးဖြစ်ပါတယ်။]
ဝါန်း­­­­ရယ်၊ ချူရယ်၊ ကျွန်တော်ရယ် စပ်ပြီး ဆေးရုံတစ်ခု ဖွင့်ကြတယ်။  ၀ါန်းရဲ့ မိန်းမက သူနာပြုဆရာမချုပ်ဖြစ်လာမယ်။  အလျင်ကတော့ ရိုးရိုးသူနာပြုဆရာမပဲ။  ယောက်ျားရတော့ ဆရာဝန်ကတော်ရယ်လို့ အဆင့်တက်သွားရာက အခု သူနာပြုဆရာမချုပ်ဖြစ်လာမှာ။  ချူရဲ့ ယောက္ခမအထီးကြီးကတော့ လုပ်ငန်းပိုင်းဆိုင်ရာ မန်နေဂျာနဲ့ စာရင်းကိုင်အဖြစ် တာဝန်ယူမယ်။  ဒီိကိစ္စ အားလုံးအတွက် ၀ါန်းနဲ့ ကျွန်တော် ညှိပြီးပြီ။  တကယ်လို့များ ချူရဲ့ ယောက္ခမကြီး စာရင်းလိမ်တာတို့၊  အလွဲသုံးစားလုပ်တာတို့များ လုပ်လာခဲ့ရင် ၀ါန်းနဲ့ ကျွန်တော်က အဘိုးကြီးရဲ့ သမက်ကို ပညာပေးရုံပဲ။  အပြတ်ကိုင်ရုံပဲ။  ဒီတော့ ချူက သူ့ယောက္ခမကြီး အတွက် အာမခံတင်ထားရတာမျိုး။  ၀ါန်းနဲ့ ကျွန်တော်က ဒီကိစ္စမှာ အမာခံတွေ။  ဆေးရုံဖွင့်ကြမယ်ဆိုတဲ့ အကြံကိုက ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြံ။  ကျွန်တော်တို့ခေါ်လို့ ချူက နောက်မှ ပါလာတာ။  သူ့ကိုတော့ မျက်စိဒေါက်ထောက် ကြည့်ရမှာပဲ။
         ဘယ်လိုစီးပွားရေးလုပ်ငန်းကိုပဲ လုပ်လုပ်။  လုပ်ကိုင်ကြတဲ့ လူအရေအတွက်က ဘယ်လောက်ပဲ နည်းနည်း၊ သူ့လူ ကိုယ့်လူ ရယ်လို့ အုပ်စုခွဲတာကလေးကတော့ ရှိမှာပဲ။  အဲဒီလိုမှမဟုတ်ရင် လုပ်ငန်းတစ်ခုလုံးအပေါ် သိပ်ပြီး ဂရုမစိုက်သလိုမျိုး ဖြစ်နေမှာပဲ။  မဟုတ်ပေဘူးလား။  ဒီတော့ ကျွန်တော်တို့ ဘယ်လို အုပ်စုခွဲမယ် ဆိုတာကို တင်ကူးပြီး စီမံထားလိုက်ကြတယ်။  ၀ါန်းနဲ့ကျွန်တော့် အုပ်စုထဲမှာ ချူ မိန်းမကို ထည့်ရမယ်။  ဒါမှ တစ်ခုခုအပေါ် မဲခွဲကြရင် ကျွန်တော်တို့က သုံးမဲ၊ သူက တစ်မဲတည်း။  သူ့ယောက္ခမကြီးက ၀ါးန်ဘက်က ပါကောင်း ပါမယ်။  အဘိုးကြီးက အိုလှပြီ။  ၀ါန်း မိန်းမက ကျွန်တော်တို့အုပ်စုထဲ ပါနေမှတော့ အဘိုးကြီး ကိစ္စကို သူ့စရိတ်နဲ့သူ ရှင်းပါလိမ့်မယ်။
         ချူနဲ့ ပတ်သက်လို့ ချီမွမ်းစရာ ရှိတာကလေးကိုတော့လည်း ချီးမွမ်းရဦးမယ်။  သူ့ဟာနဲ့သူ တော်တဲ့အပို်င်း ရှိတယ်။  လိပ်ခေါင်းဖြတ်ရာမှာ တော်တယ်။  ဓားကိုင်ကောင်းတဲ့ လူတစ်ယောက် သူ့အလုပ်မှာ သူတော်တယ်ဆိုတာကဖြင့် ၀မ်းမြောက်စရာပဲ။  ဒါကြောင့်မို့ပဲ သူ့ကို ကျွန်တော်တို့ လုပ်ငန်းထဲကို ဖိတ်ခေါ်ခဲ့တာ။  တကယ်လို့များ သင်းက လူလည် ကျလာခဲ့ရင်တော့ သူ့ရဲ့ ခွဲစိတ်ကုသရာမှာ ကျွမ်းကျင်တာတွေ အသာမေ့ထား၊ ကောင်းကောင်းချည်း ဆုံးမပေးရလိမ့်မယ်။
         ကျွန်တော်ကတော့ စားဆေးသောက်ဆေးပိုင်းမှာ တာဝန်ယူမယ်။  ၀ါန်းကတော့ ကာလသားရောဂါကို တာဝန်ယူမယ်။  ချူကတော့ လိပ်ခေါင်းကိစ္စတွေနဲ့အတူ ခွဲစိတ်ကုသမှု အပိုင်း။  ၀ါန်း မိန်းမက သားဖွားမီးယပ် အပိုင်းကိုလည်း တာဝန်ယူမယ်။  သူနာပြု ဆရာမချုပ် အဖြစ်လည်း တာဝန်ယူမယ်။  ဆေးရုံမှာ အားလုံးပေါင်း ဋ္ဌာနလေးခု ရှိမယ်။  မှန်ရာကို ရဲရဲချည်း ၀န်ခံရရင်တော့ စားဆေးသောက်ဆေး ပေးတဲ့ဋ္ဌာနကို ဖွင့်တာကတော့ ဘာအကျိုးအမြတ်မှ မျှော်မှန်းမထားပဲ ဖွင့်တာ (တစ်ပြားပေးရင် တစ်ပြားတန်တဲ့ဆေး ရမယ်)။  ပိုက်ဆံရစေရဲ့  သဘောနဲ့ ဖွင့်တာမဟုတ်ဘူး။  လိပ်ခေါင်း ဖြတ်တဲ့ဆီက ပိုက်ဆံရဖို့ တွက်ထားတယ်။  ပြောရရင်တော့ ၀ါန်းနဲ့ချူ ဋ္ဌာနတွေဆီက ပိုက်ဆံရမယ်လို့တွက်ထားတာ။  သူတို့နှစ်ယောက်က အဓိက ဇာတ်ကောင်တွေ။  ကျွန်တော်နဲ့ ၀ါန်းရဲ့မိန်မက ဇာတ်ပို့။  ၀ါန်းရဲ့  မိန်းမက ဆရာဝန်တော့ မဟုတ်ဘူး။  မီးယပ်သားဖွားနဲ့ ပတ်သတ်လို့ အတွေ့အကြုံရှိတယ်။  တခြားအတွေ့အကြုံမရှိတောင် သူ့မှာ ကလေးနှစ်ယောက်ရှိတော့ ဒီအပိုင်းမှာ အတွေ့အကြုံရှိတယ်လို့ ပြောရမှာပဲ။  တကယ့် ဆေးပညာအခြေခံ မီးယပ်သားဖွားဆိုင်ရာ အတွေ့အကြုံဆိုရင်တော့……..။  ဒီလိုပဲ ပြောကြစို့ရယ်။  ကျွန်တော့်မှာသာ မိန်းမရှိရင် ၀ါန်းရဲ့မိန်းမကို အခုမခိုင်းဘူး။  ဒါပေတဲ့ သူ့မှာ တကယ့်အရည်အချင်း ရှိတာ မရှိတာက တစ်ပိုင်း၊  ကျွန်တော်တို့ ဆေးရုံမှာ မီးယပ်နဲ့ သားဖွားဆိုင်ရာဋ္ဌာန ရှိဖို့ လိုတာက တစ်ပိုင်း။  ကလေးမွေးတဲ့ ကိစ္စက ပိုက်ဆံ လှိမ့်ရတဲ့ လုပ်ငန်း။  ချောချောမောမော ကလေးမွေးတယ်ပဲ ထား။  ကလေးအမေက ဆေးရုံမှာ ဆယ်ရက်၊ ဆယ့်ငါးရက်လောက် ဆက်နေချင်သေးတာ။  ထမင်းကလေးနဲ့ ဟင်းချိုရည်ကလေးပဲ ကျွေးထားဦး။  ငွေရေးကြေးရေး အရတော့ ကိုက်နေသေးတာပဲ။  နေ့တွက်စီတယ် ဆိုရမှာပေါ့။  ကလေးမွေးရာမှာ ရှောရှောရှုရှု မရှိခဲ့ပြန်ရင်လည်း ဆေးရုံမှာက ဆက်နားနေဖို့ လိုဦးမှာ ကိုး။  ဒါမျိုးကျရင် ဘယ်ယောက်ျားကမှ ကန့်ကွက်နေမှာ မဟုတ်ဘူး။  ဒီတော့ ဆေးရုံအတွက်က သပိတ်ဝင် အိတ်ဝင်။
                  ဆေးရုံဖွင့်မယ့်ရက် ရောက်လာတယ်။  ကျွန်တော်တို့ လုပ်ငန်းစကြတော့မယ်။  ဆေးရုံနာမည်က လူထုဆေးရုံ  မြို့က သတင်းစာတွေထဲမှာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က စလို့ ပွနေခဲ့တာ။  နာမည်က အသေအချာ ရွေးထားတာ။  ကနေ့ ကာလမှာက ဘယ်လိုမျိုး ပိုက်ဆံရပေါက်ရလမ်းတွေနဲ့ လုပ်လုပ်၊ လူထု ဆိုတာကလေးကို မေ့ထားလို့ မရဘူး။  ဒီလူတွေဆီက ပိုက်ဆံကိုမျှ မရိပ်ရင် ဘယ်သူ့ဆီက ပိုက်ဆံ သွားရိပ်မှာတုံး။  ဒါဟာ အမှန်တရားပဲ မဟုတ်လား။  ဒီ အကြောင်းတွေကိုတော့ ကြော်ငြာထဲ ထည့်မရေးဘူးပေါ့။  လူထု ဆိုတာမျိုးကလည်း အမှန်တရား အကြောင်းမှ စိတ်မ၀င်စားကြပဲ။  ကျွန်တော်တို့ ရေးလိုက်တဲ့ ကြော်ငြာက ဒီလို….။
         လူထုအတွက် အနစ်နာခံရင်း
         လူထုရဲ့   ကျန်းမာရေးကို ရှေးရှုရင်း…..။
         နည်းပညာမှာ ဆေးပညာထိပ်တန်း
         အဖိုးအခမှာ သာမန်လူထု အဆင့်အတန်း….။
         အရှေ့အနောက် ဆေးပညာတို့ ပေါင်းစည်းရာ
         ကျွနု်ပ်တို့ ဆေးပညာမှာ လူတန်းစားခွဲခြားမှု မရှိပါ …။
         ခြုံပြောရရင်တော့ ကြော်ငြာခက အတော်ကုန်တယ်။  ကျွန်တော်တို့  အရင်းထဲက အတော်ကလေး ပါသွားတယ်။  ဒါပေတဲ့ သုံးလိုက်ရကျိုး နပ်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။  သိဆို လူတွေကို ဆေးရုံဆီ အသာ ဖြားယောင်းသွေးဆောင် လာနိုင်ခဲ့ရင် ကျန်တဲ့ အပိုင်းကတော့ ငြိမ့်ငြိမ့်ကလေးနဲ့ ငွေသိမ်းရုံပဲ ကိုး။
         ကျွန်တော်တို့ရဲ့ ကြော်ငြာအရတော့ ဆေးရုံရဲ့ အရွယ်အစား ပမာဏကို တွက်ကြည့်လို့ရမယ် မထင်ဘူး။  ကြော်ငြာအရတော့ သုံးထပ်တိုက်ကြီး။  အမှန်မှာတော့ အဲဒီ သုံးထပ်တိုက်ကြီးထဲက ပထမထပ်မှာရှိတဲ့ အခန်းခြောက်ခန်းပဲ ကျွန်တော်တို့နဲ့ ဆိုင်တယ်။  ကျန်တာက ကုန်ပို့ဆောင်တဲ့ လုပ်ငန်းက ပိုင်တယ်။  ကြော်ငြာထဲက ဓာတ်ပုံကတော့ တစ်တိုက်လုံးကို ရိုက်ထားတာ။
         အားလုံးဟာ ကျွန်တော်တို့ စီမံထားတဲ့ အတိုင်းပဲ။  ပထမ အပတ်မှာတော့ အပြင်လူနာဋ္ဌာနမှာ လူနာတချို့တွေ့ရတယ်။  လူထုလူတန်းစား အသီးသီးရဲ့ ကိုယ်စားလှယ်တော် လူနာတွေဖြစ်လို့ အမှန်အတိုင်း သင်လျော်သလို စောင့်ရှောက်ခဲ့ပါတယ်။  ဒီလို….။  လူနာတွေကို ကြည့်ပြီး တခြားလူနာတွေထက် နည်းနည်း ပိုက်ဆံပိုရှိမယ်လို့  ထင်ရတဲ့ လူနာတွေကို သတ်သတ်ခွဲထုတ်လိုက်တယ်။  သူတို့မှာ  ဘာရောဂါပဲ ဖြစ်နေဖြစ်နေ၊  ဆိုဒါရည် တစ်မျိုးစီကို သောက်ဆေးအနေနဲ့ ပေးလိုက်တယ်။  တစ်ပတ်လောက်ကြာအောင် ကျွန်တော်တို့  ကြံဖန်လှည့်ပတ် လုပ်နေကြပေတဲ့ ဘယ်သူ့ဆီကမှ မတော်မတရား ပိုက်ဆံမယူခဲ့ပါဘူး။  ဒါမျိုးကလည်း ကျောက်တုံးကို ရေညှစ်သလို လုပ်လို့မှ မရဘဲ။  လူထုရဲ့ကိုယ်စားလှယ်တော် လူနာတွေ အထဲဆီက မွဲတေလွန်းလှတဲ့ လူတွေကိုတော့ ဆိုဒါရည်တောင်မျှ မပေးတော့ဘူး။  ဆေးပေးဖို့အတွက် ခင်ဗျားတို့က ညစ်ပတ်နေလွန်းလှတယ်။  ခင်ဗျားတို့ မျက်နှာကလေးမှ သန့်သန့် ပြန့်ပြန့်  မရှိရင် မေတ္တာလက်ဆောင်အနေနဲ့  ပေးတဲ့ဆေးကလည်း အာနိသင်ရှိမှာ မဟုတ်ဘူး။  အိပ်ပြန်၊  ရေမိုးချိုးပြီးမှ လာခဲ့။  လာခဲ့ ဆိုပေတဲ့ တစ်နေ့နေ့ပေါ့လို့ အသာပြောပြီး ပြန်လွှတ်လိုက်ရတယ်။
         တစ်ညနေတော့ အရေးပေါ်အစည်းအဝေး ခေါ်လိုက်ရတယ်။  အဲဒီနေ့က လူထုထဲက လူနာတွေနဲ့ အတော့်ကို အလုပ်များရတဲ့နေ့။  ဒီ ညစ်တီးညစ်ပတ် လူထုထဲက လူတွေ ဆိုတာနဲ့ လုပ်ရလို့တော့ဖြင့် ကျွန်တော်တို့ စီပွားမဖြစ်လောက်ဘူး ဆိုတာ အားလုံးက သဘောတူကြတယ်။  ဒီတော့ လူထုထဲက လူတွေ၊ သိပ်မဟုတ်သူတွေကို ဘယ်လို ဖြားယောင်းသွေးဆောင်နိုင်မယ် ဆိုတာကို စဉ်းစားကြရတော့တယ်။  ဆေးရုံနာမည်ကို လူထုဆေးရုံလို့ ခေါ်မိတာကိုက ပထမဦးဆုံး အမှားတစ်ခုပဲဆိုတာ လက်ခံလာကြရတယ်။  လူထု ဆိုတဲ့ အပိုင်းထဲက လူတွေကတော့ လာပါရဲ့။  အဲဒီ လူထုထဲက လူတွေဆိုတဲ့ ညစ်တီးညစ်ပတ် လူတွေက လူချမ်းသာတွေကို ခြောက်လှန့်ထုတ်နေသလိုပဲ။  ဒီလိုနဲကတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။  ဆေးရုံဆိုတာက ရေနံဆီရောင်းတဲ့ဆိုင် မဟုတ်ဘူး။  ရေနံဆီဆိုတာက လူတိုင်းသုံးတယ်။  ဆေးရုံဆိုတာက လူတိုင်း လာတဲ့ နေရာ မဟုတ်ဘူး။  ဒီလိုမျိုး အရေးကြီးတဲ့ အမှန်တရားကိုသာ စောစောက သိခဲ့ရင် ကျွန်တော်တို့ ဆေးရုံကို အထက်တန်းလွှာ ဆေးရုံရယ်လို့ နာမည်ပေးမှာ။  ကျွန်တော့် စိတ်ကူးထဲမှာတော့ ၀ါန်းတစ်ယောက် သူ့ရဲ့ ခွဲစိတ်ကုသတဲ့ ဓားကို ခွဲစိတ်ကုသဖို့  ပိုးသတ်တာ အကြိမ်ကြိမ်ပဲ။  ဒါပေတဲ့ လိပ်ခေါင်းလာဖြတ်တဲ့လူ တစ်ယောက်မျှ မရှိသေးဘူး။  တကယ်တော့ လိပ်ခေါင်းဆိုတာ လူချမ်းသာတွေမှာမှ ရှိကြတာ။  ခုထိတော့ ချမ်းသာတဲ့ ကိုရွှေလိပ်တို့က လူထုဆေးရုံကိုလာပြီး အဖြတ်ခံမယ့်ပုံ မပေါ်သေးဘူး။
         နောက်ဆုံးတော့ ၀ါန်းဆီက အကြံတစ်ခုထွက်လာတယ်။  မနက်ဖြန် မိုးလင်းတာနဲ့ ကားတစ်စီး ငှားရမယ်။  ပြီးရင် ကျွန်တော်တို့  တစ်လှည့်စီ လုပ်ကြရမယ့် အလုပ်ရှိတယ်။  အဲဒါက သူက သူ့ဘွားအေကြီး ခေါ်လာမယ်။  ကျွန်တော်က ကျွန်တော့် ကြီးတော်ကြီးကို ခေါ်လာရမယ်။  အဲဒီကားနဲ့ ဆေးရုံအပေါက်ဝ အထိမောင်းလာ။  အပေါက်ဝ ရောက်တာနဲ့ သူနာပြုဆရာမကလေးတွေက ဆင်းပြီး ကြို။  အဲသလိုမျိုး အကြီ်မ် သုံးဆယ်လောက် ကြုံရာ၊ ရရာ ဆွေမျိုးတွေ ခေါ်လာနိုင်ခဲ့ရင် လူတွေအနေနဲ့ အထင်မကြီးဘဲကို  မနေနိုင်တော့ဘူး။  ပတ်ဝန်းကျင်က ရှိရှိသမျှ ပုလိပ်တွေ၊ ဖြတ်သွားဖြတ်လာတွေ….။  ဘယ်သူပဲဖြစ်ဖြစ် အရေးတယူ လုပ်လာကြမယ်ဆိုပဲ။  ဒီလိုဆိုတော့လည်း ဒီကောင်ကြီး ၀ါန်းက သဘောကျစရာ အကောင်းသား။
         ‘ဒီတော့ တို့  ကားငှားကြမယ်။  လမ်းပေါ်မှာ မောင်းဖို့ မသင့်တော့ဘူး ဆိုတဲ့ ကားပါအ၀င် ရသမျှ  ငှားမယ်’ လို့ ၀ါန်းက ထပ်ပြောတယ်။
         ‘ဘာလုပ်ဖို့တုံး’
         ‘ကားငှားမယ့် မက္ကင်းနစ်နဲ့ ငါညှိပြီးပြီ။  ပြင်ဖို့ လာအပ်ထားတဲ့ ကားတချို့ကို ပေါပေါနဲ့ ငှားမယ်တဲ့။  အဲဒီ ကားတွေကို ဆေးရုံရှေ့မှာ ရပ်ထားမယ်။  မကြာခဏ ဟွန်းတီးပေးရမယ်။  ကားဟွန်းသံတွေကို လူတွေက စိတ်ဝင်စားလာကြမှာ။  ဟွန်းသံကြားတိုင်း ဆေးရုံထဲက လူမမာတွေကလည်း နောက်ထပ် ကားတွေနဲ့ လူမမာတွေ ရောက်လာပြန်ပြီလို့  တွေးကြည့်ကြမှာ။  ဖြတ်သွားဖြတ်လာတွေကလည်း ဆေးရုံရှေ့မှာ ကားတွေကို တွေ့တာနဲ့ စိတ်ဝင်စားစရာ ဖြစ်လာကြမှာ မဟုတ်ဘူးလား။  စဉ်းစားကြည့်စမ်း’
         နောက်နေ့ မနက်မှာ ချမှတ်ထားတဲ့အတိုင်း ဆွေမျိုးတွေကို သွားခေါ်တယ်။  ဆေးရုံမှာ လက်ဖက်ရည် တစ်ခွက်လောက်တိုက်ပြီး အိမ်ပြန်မောင်းပိုက်လိုက်တယ်။  သူနာပြုဆရာမ နှစ်ယောက်ကို ဆေးရုံအပြင်ဘက်မှာ စောင့်ခိုင်းထားပြီး “လူမမာတွေ” လာတယ်ဆိုတာနဲ့ ချက်ချင်းပြေးကူဖို့။  တစ်နေကုန် ဆေးရုံရှေ့ဘက် တံခါးကနေ လူနာတွေ ၀င်လိုက်၊ ထွက်လိုက် ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထားလိုက်တယ်။  မနက်လင်းတယ် ဆိုကတည်းက ကမက္ကင်းနစ်ဆီက ကားတွေ ရောက်လာပြီး ဆေးရုံရှေ့မှာ ရပ်ထားတယ်။  ငါးမိနစ် တစ်ကြိမ်လောက် ဟွန်းတီးဖို့လည်း မှာထားတယ်။  ကင်မရာယူလာပြီး ဓာတ်ပုံရိုက်မယ် လုပ်တော့ ဆူဆူညံညံ ရုတ်စုရုတ်စု ဖြစ်နေတာနဲ့ ပတ်ဝန်းကျင်က ကလေးတွေ အုံလာပြန်ရော။  သင်းတို့ကိုလည်း လိုက်မောင်းရသေးတယ်။  မဟုတ်ရင် ဓာတ်ပုံထဲ သင်းတို့က ကန့်လန့်ပါနေမှာမို့။  ဓာတ်ပုံကောင်းတစ်ပုံရတာနဲ့  ညနေ ဘက်ထုတ် သတင်းစာထဲမှာ ဓာတ်ပုံနဲ့တစ်ကွ ဖော်ပြဖို့ သတင်းစီစဉ်ရပြန်တယ်။  ဒီကိစ္စကိုတော့ ချူရဲ့ ယောက္ခမကြီးကို တာဝန်ပေးလိုက်တော့ သူကလည်း ရှေးက အရေးအသားမျိုးနဲ့ အခန့်ရေးတော့တာ။  ဆေးရုံရှေ့ က ကားတန်းကြီးရဲ့ အံမခန်းဖွယ် ကောင်းပုံ၊  ဘာဘာညာညာ။  အဲဒီ ညဘက်ကတော့ ကျွန်တော်တို့ ဘာမှ မစားနိုင်ကြတော့ဘူး။  တစ်နေကုန် ဟွန်းတီးသံတွေ နားခံထားရတာမို့ အားလုံးလိုလိုကတော့ အန်ချင်နေကြတော့တယ်။
         ဘာချည်းပဲဖြစ်ဖြစ် ၀ါန်းကိုတော့ ချီးကျူးရမှာပဲ။  နောက်တစ်နေ့ မိုးလင်းလို့ ဆေးရုံတံခါးတွေကို ဖွင့်လိုက်တယ်ဆိုရင် ဆေးရုံရှေ့မှာ ကားကြီးတစ်စီး ထိုးဆိုက်လာတာ တွေ့ရတယ်။  ကားထဲက စစ်အရာရှိတစ်ယောက် ထွက်လာလေရဲ့။  ၀ါန်းလည်း ခရီးဦးကြိုပြုဖို့ တက်သုတ်ရိုက် ထွက်သွားလိုက်တာ ဆေးရုံရှေ့က တံခါးမကြီးဟာ သူ့အရပ်နဲ့ မလွတ်တတ်ဘူးဆိုတာကို မေ့သွားပုံ ရတယ်။  ခေါင်းဖုသွားရှာတယ်။  ဒါပေတဲ့  သူက မမှုဘူး။  ကာလသားရောဂါအတွက် အကုသခံမယ့်လူရလို့ တော်တော်ချည်းကို ပျော်သွားတာ။  တင်းပုတ်နဲ့ နောက်ထပ် လေးငါးချက်ထုတောင် ၀ါန်းတစ်ယောက် သတိထားမိမယ် မထင်ဘူး။
         အရာရှိမင်းနဲ့ အထိုက်အလျှောက် ပြောဆိုပြီးတဲ့နောက် ၀ါန်းက ၆၀၆ ထိုးပေးဖို့ ပြင်ဆင်တယ်။  ကျွန်တော်တို့ ဆေးရုံက သူနာပြု ဆရာမ ခပ်လှလှနှစ်ယောက်က အရာရှိမင်းရဲ့ ယူနီဖောင်းကို ကြယ်သီးဖြုတ်ပေးကြတယ်။  သိပ်မကြာလှဘူး၊ ဒဏ်ရာရ စစ်သည်တော်ကြီးကို အင်မတန်နူးညံတဲ့ အမျိုးသမီး လက်ဖ၀ါးလေးဖက်က နေသာထိုင်သာရှိအောင် အသာ ပြုစုပေးလိုက်ကြတယ်။  ၀ါန်းရဲ့ မိန်းမရောက်လာပြီး ဘယ်နေရာမှာ ဆေးထိုးရမယ် ဆိုတာကို သူ့လက်ညှိုးခပ်တုတ်တုတ်နဲ့ အသာတို့ ပြလိုက်တော့ ၀ါန်းက ဆေးထိုးချလိုက်ရော။  အရာရှိမင်းကတော့ သူနာပြု ဆရာမ နှစ်ယောက်ဆီမှာပဲ အာရုံက ရောက်နေလေရဲ့။  တခြား ဘာမျှကို မြင်ပုံ မရတော့ဘူး။  ပါးစပ်ကလည်း ‘နိပ်သဟေ့’ တဲ့။
         ‘နောက်တစ်ချီ ထိုးပေးလိုက်စမ်းပါဦး’ လို့ ကျွန်တော်က ဘေးနာက နေးရင်း ၀ါန်းကို အကြံပေးလိုက်တယ်။  ဒါပေတဲ့ ချူက ကျွန်တော့် အကြံအစည်ကိုမျိုးကို အစောကြီးအတည်က ရထားပုံရတယ်။  ချူရဲ့ မျက်လုံးထဲမှာ ပိုက်ဆံတွေ က ခုန်နေတာကို မြင်လာရတယ်။  သူကလည်း အရာရှိမင်းကို ဆေးတစ်လုံးထိုးပေးမယ်ရယ်လို့ချည်း ကပ်လာတယ်။  သူ့ ဆေးထိုးတံထဲက အရောင်ကိုကြည့်ပြီး ပြောရရင် စံပယ်နံ သင်းထားတဲ့ ရေနွေးကြမ်းနဲ့ ဆားကို ဖျော်ထားတာပဲဖြစ်မယ်။  ၀ါန်းကလည်း ချူဘာလုပ်မယ် ဆိုတာကို ရိပ်မိလို့ အရာရှိမင်းရဲ့ လက်နှစ်ဖက်ကို ကိုင်ထားပေးဖို့ သူနာပြုဆရာမကလေးတွေကို ပြောလိုက်တယ်။  အဲဒီတုန်းမှာပဲ ၀ါန်းရဲ့မိန်းမ ရောက်လာပြီး ဘယ်နေရာကို ဆေးထိုးရမယ်ဆိုတာ သူ့လက်ညှိုး ၀တုတ်တုတ်ကလေးနဲ့ ထောက်ပြလိုက်တယ်။  ဒီတော့လည်း ရွှတ်ခနဲ့ ဆေးထိုးထည့်လိုက်လို့ ခုဆို အရာရှိမင်းရဲ့ ကိုယ်ထဲမှာ စံပယ်နံ သင်းသင်းနဲ့  လက်ဖက်ရည်တွေ ရောက်ကုန်ပေါ့။
         အရာရှိမင်းကတော့ သူနာပြုဆရာမကလေးတွေကို စိုက်ကြည့်ရင်း ‘နိပ်ဟ’ လို့ပဲ ထပ်ပြောပြန်တယ်။  ၀ါန်းကတော့ အတော်ကလေး အရှိန်ရနေပုံရတယ်။  အတော့်ကို တက်ကြွနေတာပဲ။  နောက်ထပ် ဆေးတစ်လုံးထိုးဖို့ လုပ်နေတယ်။  ဆေးထိုးတံထဲက အရောင်ကို ကြည့်ရတာကဖြင့် ဒီတစ်ခါထိုးမှာ နဂါးမင်းရေတွင်းလို့ ခေါ်တဲ့ လက်ဖက်ခြောက် အမျိုးအစားဖြစ်မယ်။  အားလုံး သိကြတဲ့အတိုင်းပဲ။  ကျွန်တော်တို့ ဆေးရုံမှာက လက်ဖက်ခြောက်ကြိုက်ပုံ မတူကြဘူး ကိုး။  သိပ်တော့ သဘာဝ မကျလှဘူး။  အရာရှိမင်းဆီက ကျသင့်ငွေ ဒေါ်လာအစိတ် တောင်းလိုက်တယ်။  ရှင်းအောင်ပြောရရင်တော့ ၆၀၆ တစ်ကြိမ်၊  ရေနွေးကြမ်း နှစ်ကြိမ်ပေါ့။  ဆေးထိုးခက တစ်ကြိမ် တစ်ဆယ်ဆိုပေတဲ့ သုံးကြိမ် တစ်ပြိုင်တည်းထိုးတော့ ငါးဒေါ်လာ လျှော့ပေးလိုက်တဲ့ သဘောပဲ။  သိပ်မကြာခင်ပြန်လာဖို့ အရာရှိမင်းကို မှာလိုက်သေးတယ်။  နောက်ထပ် ဆယ်ခါလောက် လာပြီး ဆေးထိုးလိုက်ရင် သူ့ရောဂါ ရှင်းရှင်းကြီး ပျောက်သွားမှာပဲလို့ ကျွန်တော့် ဘာသာတော့ တွေးလိုက်မိတယ်။  “ဘာကြီးပဲ ဖြစ်လာဖြစ်လာ ရေနွေးကြမ်းဖိုးကတော့ ရမှာပဲ”
         စစ်အရာရှိကြီးဆီက လှည့်ပတ် ပိုက်ဆံယူလိုက်ပေတဲ့လည်း သူခမျာ (ကျွန်တော်တို့နဲ့  မပြတ်နိုင်ဘူး။  ၀ါန်းနဲ့ ကျွန်တော်လည်း သူနဲ့ ထိုင်ပြီး လေပစ်လိုက်ကြတယ်။  ကျွန်တော်ကတော့ ခုလို သူ့မှာ ကာလသားရောဂါ ဖြစ်နေတာကို မြုံမနေတဲ့ သူ့ရဲ့သတ္တိကို ချီးကျူးလိုက်တယ်။  ရောဂါ ရလာပြီဆိုရင် ဆေးကုသခံဖို့ လိုကြောင်း ရှည်ရှည်ဝေးဝေး ရှုပ်ရှုပ်ထွေးထွေး ပြောပြလိုက်ရင်း၊ ခုလို ကျွန်တော်တို့ ဆေးရုံကို ရောက်လာပြီး ဆေးကုသမှု ခံယူလိုက်ရင် ရှေ့လျှောက် ဘာမျှ ပြသနာတက်စရာ မရှိတော့ဘူးလို့ရှင်းပြလိုက်တယ်။  ဒီ့ပြင် ကာလသားရောဂါ ဆိုတာမျိုးကလည်း လူတော်လူကောင်းတွေမှာသာ ဖြစ်တတ်တာဖြစ်လို့ ဂုဏ်ယူစရာတောင် ကောင်းလှကြောင်း၊ ရောဂါရလာရင် ကုသမှု ခံယူဖို့သာ လိုကြောင်း။  ၆၀၆ ဆက်တိုက်ထိုးလိုက်ရင် ကိစ္စပြတ်ကြောင်း။  ရုံးစာရေးတွေ၊ အထက်တန်းကျောင်းသားတွေလို ရောဂါ ရလာပေတဲ့ မြုံနေတာမျိုးဟာ မသင့်ကြောင်း။  ဆရာဝန်ယောင်၊ ဆရာဝန်တုတွေဆီ တိုးတိုးတိတ်တိတ်သွားပြီး ကုသခံဖို့မသင့်ကြောင်း။  ရုံးစာရေးတွေ၊ အထက်တန်းကျောင်းသားတွေ အနေနဲ့ ကတော့ အဲဒီလိုမျိုး ဆရာဝန်တုတွေဆီ သွားမှာပဲ။  သူတို့အကြောင်း လူမသိရင် ပြီးတာပဲ။  ဒါကြောင့် မြို့ပေါ်က နောက်ဖေးလမ်းကြားတွေထဲမှာ မှောင်ခိုဆေး အရောင်းအ၀ယ်တွေ ပေါများနေတာ။  တိတ်တိတ်ပုန်း ဆေးကုသပေးတဲ့ ကြော်ငြာတွေဆိုလည်း ပလူပျံနေတာ။  အမှန်မှာတော့ လူတွေကို ဖြားယောင်းသွေးဆောင်နေတာပဲ။  ဒီတော့ အဲဒီ ဆရာဝန်တု၊ ဆရာဝန်ယောင်တွေဆီ သွားပြီး ဆေးကုသခံတဲ့ ငတုံးတွေအဖို့ကတော့ နိဂုံးသိပ်လှမယ် မထင်ဘူး ဆိုတာတွေ ပြောပြလိုက်တယ်။
         ကျွန်တော် ပြောတာကို အရာရှိမင်းက အားလုံးကို သဘောတူတယ်။  ကာလသားရောဂါ ကုတဲ့ ဆေးခန်းတွေကို သွားတာ အကြိမ် နှစ်ဆယ် ကျော်ပေတဲ့ ခုလိုမျိုး ဆေးခန်းကို မကြုံဖူးဘူး၊ ဘ၀င်မကျခဲ့ရဖူးဘူးလို့ သူကပြောတယ်။  ကျွန်တော်က ဘာမျှ မတုံ့ပြန်ဘူး။  ဒီတော့ ၀ါန်းက ၀င်ပြောတယ်။  သူက ကျွန်တော် ပြောတာတွေထက်တောင် သာသေး။  လူတစ်ယောက်ဟာ ၆၀၆ ကို မှန်မှန်ထိုးနေမယ်ဆိုတာ သိနေရင် ကာလသားရောဂါ ဆိုတာက ရောဂါလို့တောင် မခေါ်နိုင်ဘူး တဲ့။  အရာရှိမင်းကတော့ ၀ါန်းပြောတာကို လုံးဝဥဿုံ လက်ခံ သဘောတူပြန်သေး။  ထောက်ခံတဲ့အနေနဲ့ သူ့အတွေ့အကြုံတွေတောင် ပြန်ပြောပြတယ်။  ဒါကြောင့်မို့  သူ့အနေနဲ့ကတော့ လုံးလုံးချည်း ရောဂါပျောက်သွားတယ် ဆိုတဲ့အထိ စောင့်မနေဘူး။   အထည်သစ်ကလေးများ ၀တ်စရာ တွေ့ ခဲ့ရင် ၀င်တွယ်လိုက်တာပဲ တဲ့။  တစ်ကယ်တော့ နောက်ထပ် ၆၀၆ ထပ်ထိုးဖို့ပဲ လိုတာကိုး။
         အရာရှိမင်းရဲ့ကား ထွက်သွားလို့မှ မကြာသေးဘူး။  နောက်ထပ်ကားတစ်စီး ၀င်လာပြန်တယ်။  အသက်ကြီးကြီး မိန်းမကြီး တစ်ယောက်ကို အိမ်ဖော်မကလေး လေးယောက်ကတွဲပြီး ကားထဲက ထွက်လာတယ်။  ကားအပြင်ဘက် ရောက်တယ်ဆိုတာနဲ့ ‘အထူးခန်းများ ရှိလေသလား’ လို့ အသံငါးသံက တစ်ပြိုင်တည်း မေးတယ်။  ကျွန်တော်ကလည်း အိမ်ဖော်မကလေး တစ်ယောက်ကို အသာတွန်းထုတ်လိုက်ရင် အမယ်အိုရဲ့ လက်ကောက်ကို ညင်ညင်သာသာနဲ့ ကိုင်ပြီး ဆေးရုံထဲ ခေါ်လာ ခဲ့တော့တယ်။  အပေါ်ထပ်က ကုန်ပို့ဆောင်ရေးလုပ်ငန်းရဲ့ အခန်းတွေကို ညွှန်လိုက်ရင်း  ‘အထူးခန်းတွေကတော့ အားလုံးလိုလိုပြည့်နေကြပြီ။  ဒါပေမဲ့ ကံကောင်းတယ်ခေါ်ရမှာပဲ။  ဟောဒီမှာတော့ ရှိသေးတယ်…’  လို့ ပြောပြီး အဆောက်အအုံရဲ့  အောက်ထပ်က ကျွန်တော်တို့ အခန်းတွေကို ညွှန်ပြလိုက်တယ်။ ‘ဟောဒီမှာ ပထမတန်းစား အခန်းနှစ်ခန်း လွတ်နေသေးတယ်။  လောလောဆယ်အနေနဲ့ နှစ်ခန်းစလုံး ယူထားလိုက်ပါလား။  ဒီအခန်းတွေက အပေါ်ထပ်က အခန်းတွေထက် ပိုပြီး ကောင်းသေးတယ်။  အပေါ်တက်ရ အောက်ဆင်းရတဲ့ ကိစ္စ မရှိတော့ဘူးပေါ့။  မဟုတ်ဘူးလား အဘွား’ လို့ ကျွန်တော်က ရှင်းပြလိုက်တယ်။
         အဘွားအိုရဲ့ တုံပြန်လိုက်တဲ့ ပထမဆုံး စကားလုံးတွေကတော့ ကျွန်တော့်ရင်ထဲမှာ ပန်းတစ်ပွင့် ပွင့်လာသလိုပဲ။  ‘ဟား.. မင်းရဲ့ ပြောပုံဆိုပေါက်ကဖြင့် တကယ့် ဆရာဝန်ပဲ။  လူနာဆိုတာက သူကိုယ်တိုင် သက်သောင့်သက်သာ မရှိချင်ရင် ဆေးရုံကို ဘယ်သွားပါ့မလဲ။  “အရှေ့တိုင်း ဘ၀” ဆေးရုံက ငတုံးတွေကဖြင့် အဲ့သလိုမျိုး သဘောမပေါက်ကြဘူး’ တဲ့။
         ‘သြော်…  ဘွားဘွားရယ်၊ အဲဒီ အရှေ့တိုင်းဘ၀ ဆေးရုံကို တစ်ကယ်ပဲ ရောက်ခဲ့ပြီးပြီ တဲ့ လား’ လို့ ကျွန်တော်က ပြောလိုက်တယ်။  အံအားသင့်သွားတဲ့ အသံမျိုး အတော့်ကို ထည့်ပြီး ကျွန်တော်က ပြောလိုက်တာ။
         ‘သေချင်းဆိုးတွေ၊ ခုပဲ အဲဒီ ဆီက ပြန်လာတာ’
         အရှေ့တိုင်းဘ၀ ဆေးရုံက ဆရာဝန်တွေအပေါ် အဘွားကြီးက ဒေါသထွက်ထွက်နဲ့ ဆဲဆိုနေတာကို အခွင့်အရေး ယူရင်း သူ့ကိုတွဲပြီး အခန်းကလေး တစ်ခုထဲ ခေါ်လာခဲ့တယ်။  မှန်ရာကို ပြောရရင်တော့ အရှေ့တိုင်းဘ၀ ဆေးရုံဆိုတာက ဒီမှာ အကြီးဆုံး၊ အကောင်းဆုံး။  ဒါကိုတော့လည်း အဘွားကြီးကို ပြောလို့ မဖြစ်ဘူး။  သူနဲ့အတူ စိတ်ပါလက်ပါ ၀ိုင်းဝန်း တိုက်ခိုက်ပေးနေရုံပဲ။  ပြောပြလိုက်ရင်တော့လည်း ဒီအခန်းကျဉ်းကလေးထဲကို ရောက်လာတော့မှ မဟုတ်ဘူး။  ‘အဲဒီမှာ ဘယ်လောက်ကြာကြာ နေခဲ့သလဲ’ လို့ အသာ စူးစမ်းကြည့်လိုက်တယ်။
         ‘နှစ်ရက်ထဲရယ်၊  ကံကောင်းလို့ မသေတယ်’ လို့ ဖြေရင်း အဘွားကြီးက ခုတင်ကလေးပေါ်မှာ ထိုင်ချလိုက်တယ်။  ခုတင်ထောင့်ကို ကျွန်တော်က ခြေထောက်နဲ့ အသာ ထိန်းထားပေးလိုက်ရတယ်။  တစ်မျိုးတော့ မထင်ကြပါနဲ့။  ကျွန်တော်တို့ ခုတင်တွေအားလုံး အကောင်းတွေချည်းပါ ပဲ။  ကာလတရားနဲ့ လိုက်လျှောညီထွေ ပြောင်းလဲတဲ့ သဘောကလေးတွေတော့လည်း ရှိသပေါ့။  ဒီတော့လည်း တစ်ခါတလေ သိပ်မခိုင်ချင်လှတဲ့ သဘောမျိုးလေးတွေကလည်း ရှိနေတတ်သမို့ ကိုယ်က ဂရုစိုက်နေရတဲ့ သဘောလောက်ပါပဲ။  ‘ဘယ်လိုဖြစ်လို့များ အဲဒီကို သွားလိုက်ရတာလဲ ဗျာ’ လို့ ကျွန်တော်က စကားမရှိ စကားရှာပြီး ပြောလိုက်မတယ်။  မဟုတ်ရင် အဘွားကြီးက ကုတင်တိုင်ကို ကျွန်တော့် ခြေထောက်နဲ့ အသာဖေးထာတာ သတိထားမိသွားမှာ စိုးလို့။
         ‘ဒါတွေ ပြောမနေပါနဲ့တော့။  သင်းတို့အကြောင်းကလေ ထည့်ပြောနေရတာကိုက အိမ်ရိုက်သံတွေကို ၀ါးနေရသလိုပဲ။  ဒေါက်တာ့အနေနဲ့ တစ်ခု စဉ်းစားကြည့်စမ်းပါ။  ကျွန်မက ဗိုက်ထဲကနာလို့ သွားတယ်။  သူတို့က ဘာမျှမကျွေးဘူး’လို့ ပြောရင်း အဘွားအိုက မျက်ရည်တောင် ကျတော့မယ်လို့ပဲ။
         ‘ဘာမှ မကျွေးဘူး ဟုတ်လား’ လို့ပြောရင်း အံအားသင့် သလိုမျိုး ဖြစ်အောင် ကျွန်တော့် မျက်လုံးတွေကို ပြူးထုတ်လိုက်ရသေးတယ်။  ‘ဘွားဘွားရယ် သနားစရာ ကောင်းလိုက်တာ။  ဗိုက်ထဲက နာနေတယ် ဆိုတာတောင် စားစရာလေး တစ်ခုတောင် မကျွေးကြဘူး တဲ့လား။  လူလိမ် လူညာ ဆရာဝန်တုတွေ၊ ဆရာဝန် အယောင်ဆောင်တွေ။  ဘာလို့တဲ့တုံး။  အသက်အရပဲ ကြည့်ဦး…။  အဘွားအသက်ဆို ရှစ်ဆယ်လောက် ရှိရောပေါ့၊ မဟုတ်ဘူးလား…’
         အဘွားကြီးဆီက မျက်ရည်ကျမလိုမျိုး ဖြစ်နေတာ ချက်ချင်းပျောက်သွားတယ်။  ‘ကျွန်မ ငယ်ပါသေးတယ်။  ခုခါမှ ငါးဆယ့်ရှစ်နှစ် ရှိပါသေးတယ်’ လို့ရှက်သွားတဲ့ အပြုံးကလေးနဲ့ ပြန်ပြောတယ်။
         ‘အား… ကျွန်တော့်အမေနဲ့ အသက်ရွယ်တူပဲ။  ကျွန်တော့် အမေလည်း တစ်ခါတလေ ဗိုက်က ဒုက္ခပေးတတ်တယ်’ လို့ပြောရင်း ကျွန်တော်က မျက်စိကို ပွတ်လိုက်တယ်။  ‘ဘာဖြစ်လို့ ကျွန်တော်နဲ့ဒီမှာ မနေသလဲ ဘွားဘွားရယ်၊ ဘွားဘွားမှာ စိတ်ကသိကအောက် ဖြစ်နေတာကလေး ချက်ချင်း ပျောက်သွားစေရမယ်။  ကျွန်တော် အာမခံတယ်။  ဒီလို ဝေဒနာမျိုးကို ကုရာမှာ အဓိက အကျဆုံးကတော့ အဟာရဖြစ်အောင် စားဖို့လိုတယ်။  ဘွားဘွားအနေနဲ့ စားချင်ရာ စားနိုင်တယ်။  အစားကောင်းကောင်း စားနိုင်ရင် နေလို့ထိုင်လို့ ကောင်းတာပဲပေါ့။  အဲဒါကလေးကိုက အဘွားအတွက် နေလို့ထိုင်လို့ အတော့်ကို ကောင်းမှာ။  ကျွန်တော် ပြောတာ မဟုတ်ဘူးလား ဘွားဘွား’
         အဘွားကြီး မျက်လုံးထဲဆီမှာ မျက်ရည်ဝဲလာတယ်။  ခု ၀ဲတဲ့ မျက်ရည်ကတော့ ကျေးဇူးတင်လွန်းလို့ပဲ။  ‘ဒေါက်တာရယ်၊ ကျွန်မရဲ့အခြေအနေကို စဉ်းစားကြည့်ပါ။  ကျွန်မဗိုက်ထဲကို အဖတ်တစ်ခုခု ရောက်သွားဖို့ဟာကို အရှေ့တိုင်းဘ၀ ဆေးရုံက မျောက်လောင်းတွေက ကျွန်မကို ဆန်ပြုတ်ပဲ တိုက်တယ်။  ကျွန်မကို သက်သက် ဒေါသထွက်အောင် လုပ်ကြတာပဲ’
         ‘ဘွားဘွားရဲ့ သွားတွေက အကောင်းချည်းပဲ။  သူတို့က အဘွား ၀ါးစားနိုင်တဲ့ အစားတစ်ခုခု ကျွေးရမှာပေါ့’  လို့ ကျွန်တော်က ပြောလိုက်တယ်။  ကျွန်တော့်ရဲ့ အသံကတော့ စိတ်ဝင်တစားနဲ့ အလေးထားပြောတဲ့ အသံမျိုး။
         ‘ကျွန်မကလည်း မကြာမကြာ ဆာတတ်တယ်။  သူတို့ကတော့ အစာကို အချိန်နဲ့ကျွေးတော့ အချိန်တန်မှ စားရတယ်’
         ‘အလကား ကောင်တွေ’
         ‘ညလည်လောက် ရောက်လို့ ကျွန်မ အိပ်တော့မယ်ဆိုရင် သူတို့တွေက ကျွန်မရဲ့လျှာအောက်ကို ဖန်ချောင်းကလေး ထိုးထည့်တော့တာပဲ။  ကျွန်မမှာ ဘယ့်နှစ်ဒီဂရီ ရှိတယ်ဆိုတာ သိချင်လို့ဆိုလား၊ ဘာလားပဲ’
         ‘အဲဒီက အကောင်တွေမှာ ဘာကို ဘယ်လိုလုပ်ရမယ် ဆိုတာ သိပုံကို မရတော့ဘူး’
         ‘ကျွန်မက အိပ်ရာထဲမှာ ရှူးရှူးပေါက်တဲ့ခွက် တောင်းတော့ သူနာပြုဆရာမတွေက ပြောတယ်။  စောင့်ဦး…တဲ့။  သူတို့က ပြောသေးတယ်။  ဆရာဝန် လာမှာမို့လို့ ကျွန်မ ရှူးရှူးမပေါက်ရသေးဘူး တဲ့။  ဆရာဝန် လျှောက်ကြည့်တာ ပြီးမှ ပေါက်ရမယ် တဲ့’
         ‘အဲဒီက ကောင်တွေကိုတော့ ကြိုးဆွဲချ သတ်လိုက်ရင်တောင် သူတို့နဲ့ တန်မှာ မဟုတ်သေးဘူး’
         ‘ကျွန်မက ကြိုးစားပြီး ထိုင်ပြန်ရင် သူနာပြု ဆရာမက ပြန်လှဲနေခိုင်းတယ်’
         ‘ခွေးမ…တွေ’
         ဒီလိုနဲ့ အဘွားကြီးနဲ့ ကျွန်တော် အတော့်ကို လေကျသွားတယ်။  ပိုလို့ ပိုလို့ အဆင်ပြေလာကြတယ်။  ဆေးရုံက အခန်းကလေးဟာ မီးခြစ်ဘူး သာသာပဲ ရှိဦးတော့၊  အဘွားကြီးကဖြင့် ကုတ်နဲ့ ကော်ထုတ်လို့တောင် သွားမှာ မဟုတ်ဘူး။  “ဖြစ်ချင်ရာဖြစ်ကွာ”လို့ပဲ စိတ်ထဲက သဘောထားလိုက်ရင်း ခုတင်စောင်းကို အသာထောက်ထားတဲ့ ကျွန်တော့် ခြေထောက်ကို ရုပ်လိုက်တော့တယ်။  “ခုနေတော့ဖြင့် ခုတင်ပဲ ကျိုးသွားဦး၊  အဘွားကြီးကတော့ ကျွန်တော့်ကို ခွင့်လွှတ်နေဦးမှာ ပဲ”
         ‘ဒီမှာ သူနာပြုဆရာမတွေ ရှိတယ် မဟုတ်လား’ လို့ အဘွားကြီးက မေးတယ်။
         ‘ရှိပါတယ်၊  ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်ချက်ကလေးမျှ ပူမနေပါနဲ့’ လို့ ပြောရင်း အကောင်းဆုံးအပြုံးနဲ့ ပြုံးပြလိုက်တယ်။  ရှေ့ကိုကိုင်းပြီး အနားတိုးလိုက်ရင်း ‘ဘွားဘွားမှာ အိမ်ကခေါ်လာတဲ့ အိမ်ဖော်လေးယောက်တောင် ပါတယ် မဟုတ်ဘူးလား။  သူတို့ကို ဆေးရုံမှာ နေခွင့်ပေးထားလိုက်မယ်လေ။  တကယ်လို့  သဘာဝကျကျ ပြောရရင် ကိုယ့်အိမ်က ပါလာတဲ့ လူတွေက ဆေးရုံက သူနာပြုဆရာမတွေထက် ကိုယ့်အကြောင်း ပိုသိတာပဲ မဟုတ်လား။  ဒီတော့ သူနာပြုဆရာမတွေ အကြောင်းကို မေ့သာ ထားလိုက်ပါ’ လို့ အဘွားကြီးကို ပြောလိုက်ရပြန်တယ်။
         ‘အို… ဒီ့ထက်ပိုပြီး သဘောကျစရာမှ မရှိတော့ပဲ။  ဒါ့ထက် သူတို့အတွက် အခန်းတော့ ရှိရဲ့ မဟုတ်လား’ လို့ အဘွားကြီးက ဆိုတယ်။  သူ့အနေနဲ့ ကျွန်တော်တို့ကို ကသိကအောက် ဖြစ်သွားမှာကို ပူသွားပုံရတယ်။
         ‘ကျွန်တော်တို့ အဆင်ပြေအောင် ကြည့်စီစဉ်ပေးပါ့မယ်။  ကျွန်တော်တို့ ဆေးရုံရဲ့ ဘေးဘက်က အဆောင်တစ်ခြမ်းလုံးကို ယူလိုက်ပါလား။  ယူလိုက်ရင် အိမ်က ထမင်းချက်တောင် ခေါ်လာပြီး ချက်ပြုတ်ခိုင်းနိုင်တာပေါ့။  သူကမှ ဘွားဘွားဘာစားချင်တယ် ဆိုတာကို သိမှာ။  ကျွန်တော်ပြောမယ်။  ကျွန်တော်တို့အနေနဲ့ ဘွားဘွားနေတဲ့ တစ်ခန်းစာပဲ ယူမယ်။  အိမ်ဖော်တွေ၊ ထမင်းချက်တွေ နေတာကို မယူဘူး။  ဒီတော့ အားလုံးပေါင်း တွက်ကြည့်လိုက်ရင် အင်း… တစ်နေ့ကို ဒေါ်လာ ငါးဆယ်ပဲ ယူလိုက်ပါ့မယ်။
         အဘွားကြီးက ဘ၀င်ကျသွားသလို သက်ပြင်းတစ်ချက် ချလိုက်တယ်။  ‘ပိုက်ဆံက အကြောင်းမဟုတ်ဘူး ဒေါက်တာ၊  ရှင် အကြံပေးတဲ့ အတိုင်းသာ စီမံ။  ဟဲ့ ကောင်မလေး၊  အိမ်ပြန်ပြီး ထမင်းချက်ကို ခေါ်ချေ။  တလက်စတည်း ဘဲနှစ်ကောင်ပါ ယူခဲ့ခိုင်းချေ’ လို့ ကျွန်တော့်ကို ပြောရင်း သူ့ အိမ်ဖော်မကလေးကို လှမ်းခိုင်းလိုက်တယ်။
         ကျွန်တော့်ကိုယ် ကျွန်တော် နားရင်းသာ ရိုက်လိုက်ချင်တော့တယ်။  ဘာဖြစ်လို့ ကျွန်တော်က ဒေါ်လာငါးဆယ်ပဲ တောင်းလိုက်မမှန်း မသိဘူး။  ကိုယ့်မျက်ခွက်ကို ကိုယ့်ဘာသာ ဆွဲထိုးပစ်လိုက်ချင်တယ်။  ကံကောင်းတယ်ခေါ်ရမယ်။  ဒီ ဒေါ်လာငါးဆယ်ဟာ ဆေးဖိုးဝါးခ ပါ ပါတယ်လို့ မပြောလိုက်မိသေးလို့ပဲ။  ကောင်းပြီ။  ဒီတော့ ဆေးဖိုးဝါးခ ပေါ်မှာ ယူနိုင်သေးတယ်။  အဘွားကြီး ပြောပုံဆိုပေါက် အရတော့ အတော်ကလေး ချမ်းသာပုံပဲ။  ကြည့်ရတာ သားတစ်ယောက်က စစ်ဘက်က ဒေသဆိုင်ရာ အကြီးအကဲတစ်ယောက်တောင် ဖြစ်နိုင်တယ်။  ဒီ့ပြင် သူ့ထမင်းချက် လိုက်လာ ချက်ပြုတ်ပေးလို့ နေ့စဉ် ပီကင်းဘဲတစ်ကောင်သာ စားမယ် ဆိုရင်တော့ဖြင့် ကျွန်တော်တို့ ဆေးရုံမှာ အတော်ကလေး ကြာအောင်နေမှာ သေချာတယ်။  ဒီတော့ အဘွားကြီး အဆင်ချောဖို့ ရှည်ရှည်ဝေးဝေး တွက်တက်ဖို့တော့ လိုရဲ့ မဟုတ်လား။
         ခုဆို ကျွန်တော်တို့ ဆေးရုံဟာ ဘာရယ်လို့ အပြောခက်ပေတဲ့ တစ်ခုခုနဲ့ တူလာတာတော့ အမှန်ပဲ။  အဘွားကြီးရဲ့ အိမ်ဖော်မကလေးတွေက သွားချည်၊ လာချည်နဲ့ အလုပ်ရှုပ်နေကြသလို အဘွားကြီးရဲ့ ထမင်းချက်ကလည်း အလယ်ကောင်က မြေကွက်လပ်ရဲ့ နံရံအခြေဆီမှာ မီးဖိုလုပ်ရအောင် အုတ်တွေ စီနေလေရဲ့။  အင်မတန် ၀က်ထောတဲ့ လူရဲ့ အိမ်က မင်္ဂလာဧည့်ခံပွဲအတွက် ချက်ပြုတ်ဖို့  စီစဉ်နေသလိုပဲ။  ကျွန်တော်တို့ ဆေးရုံက လူတွေလည်း အတော့်ကို ဟန်ကျနေကြတာ။  အဘွားကြီး ၀ယ်လာပေးတဲ့ အသီးအနှံတွေကလည်း ကောင်းပ။  ဘဲကလည်း ဆူပါ့။  ကျွန်တော်တို့ အားလုံးလည်း ခုလို စိတ်ဝင်စားစရာ အခြေအနေမျိုးနဲ့ ကြုံနေလေတော့ သူ့ရောဂါကိုတောင် စစ်ဆေးမကြည့်မိကြတော့ဘူး။  ကျွန်တော်တို့ အလေးပေးပြီး တွေးကြည့်နေတာကတော့ မနက်ဖြန်ကျရင် အဘွားကြီးအတွက် သူ့ထမင်းချက်က ဘာချက်မယ် ဆိုတာပဲ။
         ဘယ်ဘက်က ကြည့်ကြည့် ၀ါန်းနဲ့ ကျွန်တော်ကတော့ အလုပ်ဖြစ်နေတယ်လို့ ပြောရလိမ့်မယ်။  ချူကတော့ သနားစရာ။  ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။  ခွဲချင်စိတ်ချင်လို့ ခွဲစိတ်ခန်းသုံး ဓားတစ်ချောင်းကိုင်ပြီး ဟိုလျှောက် ဒီလျှောက်လုပ်နေတယ်။  တတ်နိုင်သရွှေ့ ကျွန်တော်ကတော့ ရှောင်တယ်။  မတော် မင်းကိုပဲ ခွဲစိတ်ပေးမယ်လို့ ဖြစ်နေမှာ။  ဘာမျှ လုပ်စရာ မရှိလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေလေတော့ ၀ါန်းက သူ့ကို အသာချော့ထားရတယ်။  သူကိုယ်တိုင်ကလည်း လုပ်ချင်ကိုင်ချင်တဲ့ ငနဲ ဆိုတော့ ဘာမျှ မလုပ်ရဘဲ မနေနိုင်ဘူး။  အနည်းဆုံး ဆေးရုံအတွက် ဒေါ်လာ ငါးဆယ်လောက် ရအောင်တော့ လုပ်ပေးချင်နေတယ်။  ဒီ စိတ်ဓာတ်ကိုတော့ ကျွန်တော် တန်ဖိုးထားပါတယ်။
         တစ်နေ့ နေ့ခင်းစာ စားပြီးလောက်ချိန်မှာ အသက်လေးဆယ် ၀န်းကျင်လောက် လူတစ်ယောက် ရောက်လာတယ်။  ၀တုတ်တုတ်၊ ဗိုက်ပူပူ၊ လိပ်ခေါင်းခွဲချင်လို့ လာတာ။  ပထမတော့ ၀ါန်းရဲ့မိန်းမ ထင်တာက ကလေးမွေးဖို့ လာတယ်လို့ထင်တာ။  အသေအချာ ကြည့်လိုက်တော့မှ မိန်းမမဟုတ်ဘဲ ယောက်ျားဖြစ်နေမှန်း သိလိုက်ရလို့ ၀ါန်းရဲ့ မိန်းမက ချူဆီ လွှဲလိုက်တော့တယ်။  ချူရဲ့  မျက်လုံးမှာ အရောင်ထွက်လာတယ်။  ရဲတက်လာတယ်။  ပိုက်ဆံတွေ မြင်လာတယ်။  သိပ်ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။  ခွဲစိတ်ဖို့ ဓားတပြင်ပြင် ဖြစ်ရော။  ၀တုတ်တုတ်၊ ဗိုက်ပူပူ ငနဲလည်း အတော် လန့်သွားပုံရတယ်။  ထုံဆေးလေး၊ မေ့ဆေးလေး သုံးပြီး ခွဲဖို့ပြောတယ်။  ချူကလည်း မနေ့ကမှ မွေးတာမှ မဟုတ်ဘဲ။  ‘ထုံဆေး…. ဟုတ်လား၊  ခင်ဗျား လာတုန်းကတော့ ထုံဆေး အကြောင်းဘာမျှ မပြောဘဲ။  ထုံဆေးတော့ ရှိပါတယ်။  ဆယ်ဒေါ်လာ ထပ်ပေးရလိမ့်မယ်။  ထိုးချင်သလား၊ မထိုးချင်ဘူးလား။  ခင်ဗျားဘာသာ ဆုံးဖြတ်’ လို့ ချူက ပြောလိုက်တယ်။  ၀တုတ်တုတ် ငနဲ့အဖို့ကတော့ နာမှာ ကြောက်တော့ တက်သုတ်ရိုက်ပြီး အဖြေပေးလိုက်ရတော့တာပဲ။ 
         ချက်ချင်းပဲ ချူက ထုံဆေးထိုးပေးလိုက်တယ်။  သိပ်ပြောမနေတော့ဘဲ ဓားတပြင်ပြင် လုပ်နေရင်း သူက ရပ်လိုက်တယ်။  ‘အလို… နေစမ်းပါဦး၊  ခင်ဗျားဟာက အထဲမှာလည်း ရှိနေတယ်။  ခင်ဗျား ပြောတုန်းက အထဲမှာလည်း ရှိတယ်လို့မှ မပြောဘဲ။  အဲဒါကိုရော ခွဲထုတ်ချင် သလား။  ခွဲချင်ရင်တော့ နောက်ထပ် ဒေါ်လာ သုံးဆယ်ကျမယ်။  ပိုက်ဆံ မသုံးချင်ဘူး ဆိုရင်တော့ ဒီတင် ရပ်လိုက်မှ။  ဘာမျှ ဆက်လုပ်လို့ မရဘူး’ လို့ ဗိုက်ပူပူ ငနဲကို ပြောလိုက်တယ်။
         ကျွန်တော်ကတော့ ဘေးက ရပ်ကြည့်နေတာ။  ချူရဲ့ လှမ်းအကြည့်နဲ့ တိုးလိုက်တော့ လက်မ ထောင်ပြလိုက်မိတယ်။  သူကလည်း သိပ်ညံလှတာတော့ မဟုတ်ဘူး။  ပြေးပေါက်မရှိတော့တဲ့ လူဆီက အသာညှစ်ပြီး ငွေယူတာထက်များ ကောင်းတာ ရှိပါဦးမလား။  ဗိုက်ပူပူ ငနဲခမျာ ဘာမျှကို မငြင်းနိုင်တော့ဘူး။  တကယ့်တော့ ငြင်းနိုင်တဲ့ အနေအထားမျှ မရှိတော့ဘဲ။  ဖြတ်ရင်း တောက်ရင်းနဲ့ ချူရဲ့ လေကလည်း ကောင်းတယ်။  ဆေးရုံကိုလည်း ကြော်ငြာပေးနေသေးတယ်။  ‘ကြုံတုန်းမို့ ပြောစမ်းပါရစေ။  ခု လုပ်နေတဲ့ ခွဲစိတ်ကုသမှုမျိုးက ဒေါ်လာနှစ်ရာလောက် တန်တာ။  ဒါပေတဲ့ ကျွန်တော်တို့က အဲဒီလောက် မချဘူး။  မချဆို လူတွေပေါ် အခွင့်အရေးယူချင်လို့ မဟုတ်ဘူး။  ကျွန်တော်တို့ အနေနဲ့ ဖြစ်စေချင်တာကတော့ ခင်ဗျား ဆေးရုံက ဆင်းသွားပြီးတဲ့အခါ ကျွန်တော်တို့ ဆေးရုံအကြောင်းသာ ပါးစပ်သတင်းကလေးသာ ပါးပေးပါ။  ကျွန်တော်တို့ ဆေးရုံက သန့်ရှင်းတယ်။  ကျွန်တော့် ဓားတွေကိုသာ ကြည့်။  အဆပေါင်း လေးသောင်း ချဲ့ထွင်ကြည့်နိုင်တဲ့ မှန်ဘီလူးနဲ့ ကြည့်တောင် ဘာရောဂါပိုးမွှားမျိုးမှ မတွေ့ရနိုင်ဘူး။  ဒါနဲ့ပြောရဦးမယ်၊ မနက်ဖြန်တော့ဖြင့် ခဏ ၀င်ခဲ့ဦး။  အနာကျက်မကျက် ကျွန်တော် ကြည့်ပေးမယ်’ တဲ့။  ဗိုက်ပူပူနဲ့ ငနဲခမျာ အသံတောင် မထွက်ရဲရှာဘူး။  ကျွန်တော့်အထင်တော့ သူကခမျာ လန့်နေပုံ ရတယ်။
         ဒီလိုနဲ့ ချူက ဆေးရုံအတွက် ငွေအတော်ကလေး ရှာပေးလိုက်ပြန်တယ်။  အဲဒီညနေဘက်မှာတော့ ကျွန်တော်တို့လည်း ၀ိုင်လေးဘာလေးဝယ်ပြီး စားသောက်ပွဲကလေး လုပ်ဖြစ်သွားတယ်။  အစာကိုတော့ အဘွားကြီးရဲ့ ထမင်းချက်ကို ချက်ခိုင်းတယ်။  ချက်ခိုင်းတယ် ဆိုပေတဲ့ သူ့ပစ္စည်းနဲ့သူ ချက်ခိုင်းလိုက်တဲ့ သဘောပဲ။  စားရင်းသောက်ရင်းနဲ့ ကျွန်တော်တို့ လုပ်ငန်း အကြောင်းလည်း ပြောဖြစ်ဆိုဖြစ် သွားကြတယ်။  ဒီတော့ ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချဖို့ ဋ္ဌာနတစ်ခုနဲ့ ဘိန်းစွဲတဲ့လူတွေကို ဘိန်းဖြတ်ပေးဖို့ ဋ္ဌာနတစ်ခု ဖွင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။  ၀ါန်းက အကြံပေးပြန်တယ်။  ဆေးရုံအနေနဲ့ သိပ်ပြီး တင်းတင်းကျပ်ကျပ်မဟုတ်ဘဲ ဆေးစစ်ပေးတာမျိုး လုပ်ဖို့။  ဥပမာ ကျောင်းသားတွေ ကျောင်းဝင်ခွင့်အတွက် ဆေးစစ်ရတာမျိုး၊  အသက်အာမခံထားဖို့ ဆေးစစ်ရတာမျိုး။  ဘယ်သူပဲဖြစ်ဖြစ် ယုတ်စွအဆုံး ခေါင်းနဲ့ မြေကွက်ဝယ်ထားပြီးတဲ့ လူပဲ ဖြစ်စေဦးတော့။  ကျန်းမာကြောင်း ထောက်ခံစာပေးနိုင်တယ်။  ထောက်ခံစာတစ်စောင် ငါးဒေါ်လာ။  ဒီတော့လည်း ၀ါန်းရဲ့ အဆိုကို ကန့်ကွက်မဲ မရှိဘဲ အတည်ပြုလိုက်ကြတော့တယ်။
         ကျွန်တော်တို့ရဲ့  ညစာစားပွဲကလေး မပြီးခင်မှာ ချူရဲ့ ယောက္ခမကြီးက အကြံပေးပြန်တယ်။  ကျွန်တော်တို့အားလုံး ပိုက်ဆံနည်းနည်းစီ ထည့်ပြီး ဆေးရုံမှာ ထားဖို့ ဆိုင်းဘုတ်ကလေးတစ်ခု ရေးခိုင်းရရင် ကောင်းမယ်တဲ့။  လူအို လူနှောင်းတွေဆီက ဒီလို စိတ်ကူးကောင်းကောင်း ကလေးတွေ ပေါ်လာတတ်တယ်။  စိတ်ရင်းကောင်းနဲ့ ဆိုတော့လည်း မငြင်းသာဘူး။  သူ တပ်ချင်တဲ့ ဆိုင်းဘုတ်ကလေးက “နှလုံးလှ၊ စိတ်ရင်းကောင်း” တဲ့။  နည်းနည်းတော့ ရှေးဆန်နေသလိုပဲ။  ဒါပေတဲ့ ကျွန်တော်တို့ အပြုအမူနဲ့  ကိုက်သားရယ်။
         ဒီတော့လည်း နောက်နေ့ ဈေးဖွင့်ချိန်မှာ ဆိုင်းဘုတ်အရေးခိုင်းဖို့ သူ့ကိုပဲ တာဝန်ပေးလိုက်တော့တယ်။  ၀ါန်းမိန်းမက အကြံပေးပြန်တယ်။  ဆိုင်းဘုတ်ရလာရင် ကျွန်တော်တို့အနေနဲ့ မင်္ဂလာဆောင်ပွဲအတွက် လှည့်လာတဲ့ ဘင်ခရာအဖွဲ့ ကျွန်တော်တို့ ဆေးရုံရှေ့ ရောက်လာတဲ့အထိ စောင့်ရင် ကောင်းမယ်တဲ့။  ဆေးရုံရှေ့ကို ဘင်ခရာတီးဝိုင်း ဖြတ်တဲ့အချိန်မှာ ကျွန်တော်တို့ ဆိုင်းဘုတ်တင်လိုက်ရင် ကျွန်တော်တို့ဘာသာ တီးဝိုင်းငှားပြီး ဆိုင်းဘုတ်တင်ရတဲ့ စရိတ် မကုန်တော့ဘူး ဆိုပဲ။  ဒီလို တွေးကြည့်ပြန်တော့ အဟုတ်သား ကလား။  ဒါကြောင့် တချို့ကိစ္စတွေမှာ မိန်းမတွေဟာ ယောက်ျားတွေထက် တော်တယ်ဆိုတာ အမှန်ပဲ။  ၀ါန်းကတော့ ကျေနပ်တဲ့ အပြုံးနဲ့ သူ့မိန်းမကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေလိုက်ပုံကဖြင့် ကြက်ဖကြီး ခေါင်းထောင်နေသလိုပေါ့။  
1 comment:
  1. ဖတ်ဖို့ကူးယူသွားပါတယ်ခင်ဗျာ့း)
    ReplyDelete