စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, March 23, 2015

လီကွမ်ယူး (သို့) စင်ကာပူ၏ ပဲ့ကိုင်ရှင်

မလေးရှားမှခွဲထွက် တံငါရွာဖြစ်ခဲ့တဲ့ စင်ကာပူကျွန်းလေးကို ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် ပုံသွင်းယူ၊ တည်ဆောက်ပေးခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ ဗိသုကာ လီကွမ်ယူးကတော့ ဒီနေ့ (၂၃ရက် မတ်လ ၂၀၁၅ ခုနှစ် တနင်္လာနေ့ မနက် ၃နာရီ ၁၈ မိနစ်)  စင်ကာပူ အထွေထွေဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။  သူကွယ်လွန်ခဲ့ချိန်မှာတော့ အသက် ၉၁ နှစ်ရှိပြီဖြစ်ပါတယ်။  လီကွမ်ယူးရဲ့ စကားစုလေးတွေကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁၉၄၂ ဂျပန်တို့ စင်ကာပူကျွန်းက ဗြိသျှတို့ကို တိုက်ခိုက်သိမ်းပိုက်ချိန်
          “အမှောင်ခေတ်ကြီးကတော့ ကျွန်တော်တို့ဆီကို ဆင်းသက်ကျရောက်လာခဲ့ပါပြီ။  အရမ်းကို ကြမ်းကျုတ်၊ စက်ဆုပ်၊ ရွံရှာဖွယ်ကောင်းလှပါတယ်။  အဲ့ဒီ ၃နှစ်ခွဲဆိုတဲ့ အချိန်ကို ပြန်ကြည့်လိုက်ရင် ကျွန်တော့်ဘ၀အတွက်တော့ ကြီးမားတဲ့ နိုင်ငံရေး သင်ခန်းစာတစ်ခုကို ရရှိလိုက်တာပါဘဲ။  ကျနော်ဟာ အာဏာ ရဲ့ အဓိပ္ပာယ်၊ အာဏာဆိုတာဘာကြီးလဲ၊ အစိုးရနဲ့ နိုင်ငံရေးသမားတွေ အဲ့ဒီ အာဏာဆိုတဲ့အရာကြီးနောက်ကို ဘယ်လိုလိုက်ကြတယ်ဆိုတာကို တွေ့ရှိခဲ့လို့ပါပဲ။  နောက်ပြီးတော့ လူတွေဟာ အဲ့ဒီအာဏာဆိုတဲ့အရာကြီးရဲ့ ထောင်ချောက်ပိတ်မိနေတဲ့အချိန်မှာ သူတို့ အသက်ရှင်ဖို့အတွက် ဘယ်လိုမျိုးတုံ့ပြန် ကြတယ်ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။  တစ်ချိန်က အရှင်သခင်လို ခစားခဲ့ရတဲ့၊ ဖြိုချလို့မရနိုင်ဘူးလို့ ထင်ခဲ့တဲ့ ဗြိသျှတွေ ဒီကျွန်းမှာ။ ဟော နောက်နေ့ ကျနော်တို့ဟာ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ဂျပန်ငပုတွေရဲ့ အညှင်းဆဲ၊ အနိုင်ကျင့်မှု့တွေကို ခဲ့ကြရပါပကော”

ဒုတိယ ကမ္ဘာစစ်အပြီး ဗြိသျှတို့ စင်ကာပူကို ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားချိန်
          “အိုဟောင်းနေတဲ့ ယန္တယားကြီးကတော့ လွန်သွားပြီ… အရင်ခေတ်ကလိုမျိုး ဗြိသျှတွေကို ဦးနှိမ်၊ နာခံ၊ လေးစားခဲ့ အကျင့်လည်း လွန်ခဲ့ပြီ။  ဘာဖြစ်လို့လဲဆိုတော့ ဂျပန်တွေဝင်လာတုန်းက ဗြိသျှတွေ ဘယ်လို အထုပ်ပြင်ပြီး ထွက်ပြေးခဲ့တယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်ခဲ့လို့ပါပဲ။
          ဗြိသျှတွေဟာ ဂျပန်တွေ ဗုံးမိုးရွာချတော့ ကျနော်တို့၊  စင်ကာပူကျွန်းမှာနေထိုင်တဲ့ လူတွေ ကြောက်ရွံထိတ်လန့် စိုးရိမ်တာထက်ပိုပြီးတော့ကို ကြောက်ရွံထိတ်လန့် ခဲ့ကြတာလေ”

ဗြိတိန်မှာ ဥပဒေကျောင်းသားဘဝ
          “စင်ကာပူမှာတုန်းကတော့ လူဖြူတွေအကြောင်း သိပ်ပြီးတော့ အတွင်းကျကျ မသိခဲ့ပါဘူး။  လူဖြူဆိုရင်ပဲ အဆင့်မြင့်တဲ့ မိုးကျရွှေကိုယ်လို့ မှတ်ထားတာ။  ကျနော် ဒီရောက်လာတော့ ဒီလို မိုးကျရွှေကိုယ်တွေကိုယ်ဟာ သူလို ကိုယ်လိုပဲဆိုတာ သူတို့အသိုင်းအ၀ိုင်းမှာ တွေ့လာရတာပဲ။  ဆိုင်သွားလိုက်ရင် သူတို့လည်း ကျနော့်ကို ကျိုးနွံတဲ့ ၀န်ဆောင်မှု့ပေးရတာပဲလေ။  ဒီတော့ ဒီလိုလူတွေရဲ့ အုပ်ချုပ်ခံဘ၀ရောက်ဖို့ ဘာမှ အကြောင်းမရှိဘူးဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။  ကျွန်တော် စင်ကာပူပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်… နောက်ပြီး ဒီစနစ်ကြီးကို အပြီးသတ်မယ်။”

ပြည်သူ့ဆန္ဒခံယူမှု့နှင့် ပါတ်သတ်ပြီး
          “ကျွန်တော့်အနေနဲ့တော့ ပြည်သူ့ဆန္ဒ၊ ပြည်သူတွေကြားမှာ ရေပန်းစားတာတွေကို ဘယ်တော့မှ အရမ်းကြီး စဉ်းစားတာတို့ အဲ့ဒီရဲ့ သက်ရောက်မှု့တို့ကို ကြည့်မနေပါဘူး။  အဲဒီအရာတွေနောက်လိုက်နေတဲ့ ခေါင်းဆောင်ဆိုတာ ပျော့ညံတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။  ခင်ဗျားဟာ ခင်ဗျားကို ပေးတဲ့ မဲအရေအတွက် နည်းသွားလား၊  များလာလားကိုပဲ ထိုင်ကြည့်နေမယ်ဆိုရင် ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက် မဟုတ်တော့ဘူး။  ခင်ဗျားဟာ လေနောက်ကို လိုက်ဖမ်းနေတာပဲ ဖြစ်နေမှာ။  ခင်ဗျားဟာ လေယူရာကို တိမ်းနေတော့မှာ။  ကျွန်တော် အလုပ်လုပ်နေတာ ဒီအတွက်မဟုတ်ဘူး။
          ချစ်ခြင်းနဲ့ ကြောက်ရွံခြင်း ကြားထဲမှာ ကျွန်တော်ကတော့ အီတလီ နိုင်ငံရေးသမား Machiavelli ပြောခဲ့တာကို အမြဲယုံတယ်။  တစ်ကယ်လို့ ကျွန်တော့်ကို ဘယ်သူမှ မကြောက်ကျတော့ဘူးဆိုရင် ကျွန်တော်ဟာ အဓိပ္ပာယ်မဲ့နေပြီ
          ခင်ဗျား ကြိုက်တဲ့လူတွေကို ဆန္ဒကောက်ကြည့်ပါလား။  သူတို့ဘာလိုချင်လည်း သိလား?  ခင်ဗျား စာရွက်ပေါ်က ခင်ဗျား လိုချင်သလို တည်းဖြတ်၊ ရေးချင်တာရေးထားတဲ့ ဆန္ဒတွေကို သူတို့ကို ဖြည့်ခိုင်းမှာလား?  သူတို့လိုချင်တာက အိမ်၊ ကျန်းမာရေးစောင့်ရှောက်မှု့၊ အလုပ်အကိုင် နဲ့ ပညာရေးပဲ”

သူ့ရဲ့ iron-fisted (တစ်ပါတီ အာဏာ) အစိုးရ ပုံစံနှင့် ပါတ်သတ်ပြီး
          “တစ်ယောက်ယောက်က ကျွန်တော့်ကို အစားထိုးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ သံလက်သီးစွပ်ကို သူ့လက်ပေါ်မှာ စွပ်ထားဖို့လိုလိမ့်မယ်။  ကျွန်တော်ခင်ဗျားကို နာအောင်လုပ်နိုင်တာထက်ပိုပြီး ခင်ဗျားက ကျွန်တော့်ကို လုပ်နိုင်တယ်ဆိုရင် ကြိုးစားကြည့်လိုက်ပါ။  ခင်ဗျားဟာ တရုတ် အသိုင်းအ၀ိုင်းကို ဘယ်နည်းနဲ့မှ အုပ်ချုပ်လို့ မရဘူး။
          ခင်ဗျား ပြသနာတွေချည်းရှာနေမယ်ဆိုရင်တော့ ကျွန်တော်တို့အလုပ်က နိုင်ငံရေးအရ ခင်ဗျားကို ချေမှုန်းဖို့ပဲ။  အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော့် အိပ်ထဲမှာ ပုဆိန်တစ်လက်ရှိတယ်၊ အရမ်းအသွားထက်တဲ့ ပုဆိန်။  ခင်ဗျားကျွန်တော့်ကို စိမ်ခေါ်မယ်ဆိုရင်တော့ ကျွန်တော်က ကျွန်တော့်ပုဆိန်ကို သုံးမှာပဲ။  ခင်ဗျားနဲ့ ကျွန်တော် တစ်ဖက်ပိတ် လမ်းထဲမှာ တွေ့မှာပဲ”

တရားစီရင်မှု့နှင့် ပါတ်သတ်ပြီး
          “သူတို့ဟာ ကွန်မြူနစ်ဖြစ်ဖြစ်၊ ဆွယ်တရားဟောတဲ့လူ ဖြစ်ဖြစ်၊ ဘာသာရေးအစွန်းရောက်ဖြစ်ဖြစ် ကျနော်တို့ ဖမ်းပြီး ထိန်းသိမ်းရမယ်ဆိုရင် အယူခံမရှိ ဖမ်းရမှာပဲ။  ဒီလိုမှ မလုပ်ဘူးဆိုရင် နိုင်ငံ ပျက်စီးသွားလိမ့်မယ်”

တက္ကသိုလ်ဘွဲ့ရ အမျိုးသားနှင့် အမျိုးသမီးများကို အိမ်ထောင်ချထားပေးရေး လမ်းစဉ်နှင့် ပါတ်သတ်ပြီး
          “ခင်ဗျားရဲ့ မျိုးဆက်အတွက် တက္ကသိုလ်ဘွဲ့ရ အမျိုးသမီးတစ်ယောက်ကို မထည့်သွင်းပဲ သူတို့ စာအုပ်စင်နားမှာပဲထားမယ်ဆိုရင် အနာဂတ် ကျွန်တော့်တို့ အသိုင်းအ၀ိုင်းဟာ ငနုံတွေနဲ့ချည်း အဆုံးသတ်သွားလိမ့်မယ်။  အဲ့ဒါဆို ဘာဖြစ်မယ်ထင်လဲ?  မျိုးဆက်သစ်တွေထဲမှာ လူနုံတွေကို ထောက်ပံပေးဖို့ လူတော်နည်းနည်းပဲ ကျန်တော့မှာ။  အဲ့ဒါက ပြသနာပဲ”

ဝန်ကြီးနှင့် အထက်တန်း နိုင်ငံဝန်ထမ်းများအတွက်၏ မြင့်မားသော လစာနှင့် ပါတ်သတ်ပြီး
          “ခင်ဗျားသိလား ဒီလိုလစာမျိုးမှ မပေးဘူးဆိုရင် ကျုပ်တို့ရဲ့ အစိုးရဟာ အရည်အချင်းမပြည့်ဝတဲ့ အစိုးရဖြစ်ဖို့ ဆေးတစ်ခွက်ပေးလိုက်တာနဲ့တူတူပဲ။  ဒီလိုဆိုရင် ခင်ဗျားဟာ အရည်အချင်းမပြည့်ဝတဲ့ အစိုးရကြီး ရလာလိမ့်မယ်။  ဒီလိုဆိုရင် စင်ကာပူနိုင်ငံကြီး တိုးတက်ဖို့ ဘယ်လိုလုပ်မလဲ?  အာကလန် ပါကလန် လူတွေနဲ့ စင်ကာပူကြီးတိုးတက်ဖို့ ဘယ်လိုလက်တွဲလုပ်ဆောင်မလဲ?  ဒါဆိုရင် ခင်ဗျားရဲ့ နိုင်ငံသား တန်ဖိုးဟာ အရမ်းအန္တရာယ်များတဲ့ အခြေအနေရောက်သွားပြီ။  ခင်ဗျားရဲ့ လုံခြုံရေးမှာ အန္တရာယ်ရှိလာပြီ။  ကျွန်တော်တို့ နိုင်ငံသား အမျိုးသမီးတွေဟာ သူများနိုင်ငံတွေသွားပြီး အိမ်ဖော်လုပ်ရလိမ့်မယ်၊ နိုင်ငံခြားသွားပြီး အလုပ်သမားလူတန်းစားတွေ ဖြစ်ကုန်လိမ့်မယ်”

ဘာသာရေး ကိုးကွယ်ယုံကြည်မှု့နှင့် ပါတ်သတ်ပြီး
          “ကျွန်တော်ကိုယ် ကျွန်တော် ဘုရားမဲ့ဝါဒလို့ မသတ်မှတ်ပါဘူး။  ကျွန်တော်ဟာ ဘုရားသခင်ရှိတယ်ဆိုတာကို မငြင်းသလို လက်လည်း မခံပါဘူး။  ဒီအတွက် ဘုရားသခင်ကို ယုံကြည့်သူတွေကို ပျက်ရယ် မပြုပါဘူး။  ဒါပေမယ့် ကျွန်တော် ဘုရားသခင်ကို ယုံကြည့်ဖို့ မလိုအပ်သလို၊ ယုံကြည်ဖို့လည်း မလိုအပ်ပါဘူး”

သူနှင့် ၆၃နှစ်ကြာ လက်တွဲဖော် ဇနီးသည် ၂၀၁၀မှာ ဆုံးသော အခါ
          “သူ မရှိတော့ ကျွန်တော်ဟာ အရင်နဲ့ မတူတော့တဲ့ လူတစ်ယောက်၊ ဘ၀တစ်ခုကို ရောက်သွားသလိုပါပဲ။  သူမရဲ့ ၈၉ နှစ်တာ ဘ၀တစ်ခုလုံး ကောင်းကောင်းမွန်မွန်နေသွားခဲ့ရတာကိုပဲ ကျွန်တော့်အနေနဲ့ စိတ်ဖြေရပါတယ်။  ဒါပေမယ့် နောက်ဆုံးခွဲခွာရတဲ့ ဒီလိုအချိန်မှာတော့ ကျွန်တော့် နှလုံးသားမှာ အစားထိုးမရတဲ့ ဆုံးရှုံးမှု့နဲ့ ၀မ်းနည်းမှု့တွေ ခံစားရပါတယ်။”

သေခြင်းတရားနှင့် ပါတ်သတ်ပြီး
          “ဒါဟာ လူတိုင်းအတွက် အဆုံးသတ်ပါပဲ။  ကျွန်တော်ကတော့ ဖြစ်နိုင်ရင် မြန်မြန်နဲ့ သက်သက်သာသာ ပြီးဆုံးချင်တာပါပဲ။  ကိုယ့်ခန္ဓာဝန်ကိုမှ ကိုယ်မသယ်နိုင်၊  အိပ်ယာထဲမှာ အသိကပ်တစ်ဝက်၊ မကပ်တစ်ဝက်၊ နှာခေါင်းပိုက်တန်းလန်းနဲ့ အဖြစ်ကိုတော့ မလိုချင်ပါဘူး။

          ကျွန်တော်အိပ်ယာထဲ လဲနေရင်တောင်၊ ကျွန်တော့ကို အသုဘ ကျင်းထဲ ခင်ဗျားတို့ ချဖို့ လုပ်နေရင်တောင် တစ်ကယ်လို့ တစ်ခုခုမှားနေတယ်လို့ ကျွန်တော်ထင်ရင်တော့ ကျွန်တော် ပြန်ထလာမှာပဲ။”

Source ; (Link)

No comments:

Post a Comment