စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, June 4, 2019

ဖားအောက်တောရ (Batam) သို့ တစ်ခေါက်


အင်ဒိုနီရှား ဘက်တမ်ကျွန်းဖက်ကို အလုပ်ကိစ္စနဲ့ မကြာခဏဆိုသလိုရောက်ဖြစ်ပေမယ့် ဖာအောက်တောရကျောင်းရှိမှန်းကို မသိတာ။  ရုံးက အကိုတစ်ယောက်က မင်း ဘုန်းကြီးကျောင်းလေးဘာလေး သွားချင်ရင် အားတဲ့ တစ်ရက်သွားလိုက်ဦး ဆိုတော့မှ ဟင်.. ဒီကျွန်းမှာ ဘုန်းကြီးကျောင်းရှိလားဆိုပြီး မေးဖြစ်တော့တယ်။  ဒီတစ်ခေါက် အလုပ်က စနေရော၊ တနင်္ဂနွေရော သင်္ဘောပေါ်က ခွာမရတော့ ဘုန်းကြီးကျောင်း ရောက်ဖြစ်ပါ့မလားဆိုပြီး ထင်မိသေးတယ်။  ရေခြားမြေခြားမှာ အနေကြာတဲ့ အခါ ကျွန်တော့်အတွက် ဒုက္ခရောက်တာက ပတိရူပ ဒေသာဝါသောစ၊ သင်တင့်လျှောက်ပတ်သော နေရာဆိုတာကြီးပင်။  ၀မ်းတစ်ထွာအတွက် ထားရာနေ၊ စေရာသွားနေရသော ၀န်ထမ်းဘ၀ဖြစ်နေလေရာ ရောက်ရာအရပ်၊ ဆွမ်းကပ်စရာ မရှိသောဘ၀မှာ ကိုယ့်ကိုကိုယ် အတော့်ပင် သနားစရာကောင်းလှသည်။  ဗုဒ္ဓမြတ်စွာကို ရည်စူးပြီး ဆင်းတုတော်များကို ဆွမ်းကပ်သော်လည်း တရားဒေသနာများကို ဟောကြားပေးမည့် ဆရာတော်များနှင့် ကင်းရာမြေပေါ်မှာ နေရထိုင်ရသည်မှာ ဒုက္ခတစ်မျိုးဖြစ်သည်။  ဘက်တမ်ကျွန်းပေါ်မှာ အခြေကျနေသည့် မြန်မာတွေလည်း ထိုနည်းတူ ခံစားချက်မျိုး ရှိလိမ့်မည်ထင်သည်။


ဘက်တမ်က ပြန်ဖို့ တစ်ရာက်အလိုကျတော့ တိုက်တိုက်ဆိုင်ဆိုင် Arakan Marine မှ အကိုကြီးက လိုက်ပို့ပေးသည်။  ကားရော၊ ဒရိုင်ဘာရော အစစ အရာရာ စီစဉ်ပေးသော အကိုကြီးကို ကျေးဇူးအထူးပင် တင်ပါသည်။ မဟုတ်လျှင် ခုလိုမျိုး အဆင်ပြေပြေ ရောက်ဖို့မလွယ်ချေ။  ဖားအောက်တောရကျောင်းမှာ ဘက်တမ်ကျွန်းပေါ်မှာ မဟုတ်ချေ။  Rempang ရမ်ပန် ကျွန်းပေါ်မှာ ဖြစ်သည်။  ဘက်တမ်ကနေဆိုလျှင် ၁ နာရီလောက် ကားစီးရသည်။  ဘာရင်လန် တံတားကိုဖြတ်၊  ပြီးရင် ဗီယက်နမ်ရွာကလေးကိုဖြတ်၊ ပြီးတော့မှ ရမ်ပန်ကျွန်းပေါ်ရောက်သည်။  ဗီယက်နမ်ရွာကလေးဆိုသည်မှာ ဗီယက်နမ်ပြည်တွင်းစစ်ဖြစ်တုန်းက စစ်ဒဏ်ကိုရှောင်သော ဗီယက်နမ်တစ်ချို့ ဒီကျွန်းလေးပေါ်မှာ ခတ္တလာရောက်နေထိုင်ကြခြင်းကြောင့် ဗီယက်နမ်ရွာကလေးဆိုပြီး ခေါ်ကြခြင်းဖြစ်သည်။  စစ်ပြီးတော့ ဗီယက်နမ်ကို ပြန်သွားကြသည်။  ထိုရွာကလေးတွင် သူတို့နေခဲ့စဉ်တုန်းက အကြောင်းလေးတွေ၊ ဓာတ်ပုံကလေးတွေကို ပြတိုက်သဘောမျိုး ပြထားသည်ဟုဆိုသည်။  အချိန်မရသောကြောင့် မ၀င်ဖြစ်ခဲ့။

ဖားအောက်တောရကျောင်းမှာ ၂၀၁၁ မှစတင်အခြေပြုပြီး ဆရာတော် ဦဓမ္မစာရ မှ တရားပြသပေးနေသည်။  တောင်ပေါ်လမ်းကလေးကို ကွေ့ဝိုက်ပြီးတက်သွားလျှင် ဖားအောက်တောရကျောင်း ပရ၀ုဏ်ကလေးကို လှမ်းမြင်ရသည်။  ရာသီဥတုကပူ၊ အလုပ်ကပူ၊ လောဘက ပူ၊ အချိန်က ပူ၊ အပူတွေကပ်နေသော ကျွန်တော် ဒီ အရိပ်အာဝါသကလေးထဲကို ခြေချမိတော့ အအေးဓာတ်ကလေးကို ခံစားမိသည်။  မြန်မာပြည်မှ တကူးတက လာရောက် တရားပြပေးနေသော ဆရာတော်များ၊  သူ့နေရာနှင့် သူ သပ်သပ်ရပ်ရပ်၊ ဆိတ်ငြိမ်သော တရားကျောင်းကလေးကို သဒ္ဒါတရား အပြည့်ဖြင့် ဆောက်လုပ်လှူဒါန်းထားသော အလှူရှင်များ အတွက် ၀မ်းသာ ပီတိဖြစ်မိသည်။ သာဓုခေါ်မိသည်။

ဘယ်ဖက်ကို ကြည်လိုက်လျှင် တရားအားထုတ်ရန် ဆောက်လုပ်ထားသော ကျောင်းဆောင်ရှိသည်။ ကျောင်းမှာ နိုင်ငံခြားသား တစ်ချို့ တရားစခန်းဝင်နေကြသည်။ ညာဖက်မှာတော့ တောင်ပေါ်အထိ ထပ်တက်နိုင်သည့် မုဒ်ပေါက်ရှိသည်။  မုဒ်ဦးအတိုင်း တောင်ပေါ်ကို တက်သွားဖြစ်သည်။

တောင်ပေါ်မှာတော့ တရားဟော၊ တရားပြသည့် အဆောက်အဦး တစ်ခုရှိသည်။ ဘေးပတ်လည်မှာ ပန်းခြံကလေးရှိသည်။  နောက်ပြီးတော့ စကျင်ကျောက်နှင့် ထုလုပ်ပူဇော်ထားသော ဗုဒ္ဓဆင်းတုတော်ကြီးရှိသည်။  သပ္ပာယ်လှသည်။  

လမ်းကလေးတစ်လျှောက်ကို ဂျာဗားကျွန်းက ဘောရောဗုဒ္ဒေါ ပုံစံကိုယူကာ စေတီကလေးများ တည်ထားသည်။  နောက်ပြီးတော့ ဗောဓိညောင်ပင် ရှိသည်။  ဗုဒ္ဓဆင်းတုတော်ကြီးမှ မျှော်ကြည့်လိုက်လျှင် ကမ်းခြေကို လှမ်းမြင်နေရသည်။  အလွန်တရာ အေးချမ်းပြီး နေချင့်စဖွယ်ဖြစ်အောင် ဖန်တီးထားသည်။

ဘက်တမ်ဖက်ကို ရောက်ဖြစ်လို့ အချိန်ရော၊ အခွင့်အရေးရရင်တော့ ဖားအောက်တောရကျောင်းကို တစ်ခေါက်လောက် သွားသင့်ပါတယ်ဟု တိုက်တွန်းချင်ပါတယ်။  ရက်ရှည်ခွင့်ရတဲ့ စလုံးက လူများလည်း ဖားအောက်တောရကျောင်းမှာ တရားထိုင်ချင်ရင် ငြိမ်းချမ်းဆိပ်ငြိမ်တဲ့ နေရာလေးဖြစ်တဲ့အတွက် သင်လျှော်လှပါတယ်။











No comments:

Post a Comment