အလုပ်ထဲမှာ ခဏ ခဏ ပြဿနာတက်ရသည်မှာ မနီ မနီ
ထထ၊ ထထ နီမ နီမ ပြဿနာပင်ဖြစ်သည်။ ထုံးစံအတိုင်း
အလုပ်ထဲမှာ Thruster well machining လုပ်တဲ့အခါတွေ၊ Inclining test လုပ်တဲ့အခါတွေမှာ၊
Shaft alignment ရဲ့ tolerance ပြန်တွက်တဲ့အခါတွေမှာ ဒီပြဿနာ ခဏ ခဏတက်သည်။ မနီ၊ မနီ ထ ထ ကိုပင် ပြန်ရှင်းရသည်မှာ ပိုပြီး အချိန်ကုန်သည်။ တစ်ကယ်တော့ တြီဂိုဟာ စိတ်ဝင်စားစရာ တော်တော်ကောင်းသော
ဘာသာရပ်ဖြစ်သည်။
တြီဂို အကြောင်း မစခင် စက်ဝိုင်း နှင့် တြိဂံ
အကြောင်း အရင်စပြောရတာ ပိုကောင်းမည်။ စက်ဝိုင်းဆိုသည်မှာ
စက်ဝိုင်းဖြစ်သည်။ တြိဂံ ဆိုသည်မှာ တြိဂံဖြစ်သည်။ စက်ဝိုင်းတွင် ဒီဂရီပေါင်း ၃၆၀ အားဖြင့် ပိုင်းထားသည်။ ဘာကြောင့် ၃၆၀ ပိုင်းလဲ? အပိုင်းပေါင်း ၈၀၀၊ ၉၀၀၊ ၁၀၀၀ ပိုင်းရော မဖြစ်နိုင်ဘူးလား
မေးစရာတော့ ရှိသည်။ ရနိုင်သည်။ စိတ်ကြိုက်ပိုင်းပေါ့။ ဒါပေမယ့် ဒီဂရီ ဆိုသော အခေါ်အဝေါ်ကို ဆူမားရီးယန်း
တွေက ကြေးခေတ် (ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၄၀၀၀၊ ၄၅၀၀ လောက်ကထဲက) ထွင်ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ ထွင်ပြီးသာကို လိုက်ပြီး သုံးရတာ
အဆင်ပြေသည်။ ကိုယ့်အရင်လူတွေကလည်း စက်ဝိုင်းကို
အပိုင်းပေါင်း ၃၆၀ ပိုင်းပြီးတော့ စဉ်းစားပြီး သီအိုရီတွေ၊ ညီမျှခြင်းတွေ၊ မှန်ကန်မှု့တွေ
တွက်ချက်ခဲ့ကြသည်။
သူတို့ကရော
ဘာဖြစ်လို့ ၃၆၀ ပိုင်းလဲ ဆိုတာကျတော့ ပြောရတာ နဲနဲ လက်ပေါက်ကပ်သည်။ ဟိုးတုန်းက ကြယ်တွေကို ကြည့်ကြသည်။ အဲ့ဒီတုန်းက ပြက္ခဒိန်တွေက တစ်နှစ်ကို အကြမ်းအားဖြင့်
ရက်ပေါင်း ၃၆၀ လို့ သက်မှတ်ကြသည်။ ခုလိုမျိုး
၃၆၅.၂၄၂ ရက် အတိအကျ မဟုတ်သေး။ ဒီတော့ ရက်တစ်ရက်ကုန်တိုင်း
ကြယ်တွေ ရွှေ့သွားတဲ့ နေရာကို မှတ်ရလွယ်အောင် စက်ဝိုင်းပေါ်မှာ အပိုင်း ၁ ပိုင်း (၁ ဒီဂရီ)
သတ်မှတ်ပြီး တစ်နှစ်ပြည့်တော့ ရက်ပေါင်း ၃၆၀ စက်ဝိုင်းပေါ်မှာ အပိုင်း ပေါင်း ၃၆၀ လို့
သတ်မှတ်တယ်လို့ ဆိုကြတာပဲ။ ကိုယ့်အလှည့်ကြတော့မှ
ထူးပြီး ပိုပိုင်းလိုက်လျှင်၊ လျှော့ပိုင်းလိုက်လျှင် ကိုယ့်ထွင်ထားတာကို တစ်ခြားသော
ယူနစ်တွေနှင့် လိုက်ချိန်ရင်း အချိန်ကုန်သွားနိုင်သည်။ ပြီးလျှင် ကိုယ့်ကို အရူးကြီးလို ၀ိုင်းကြည့်ကြဦးမည်။ ထားတော့၊ ထို့ကြောင့် စက်ဝိုင်းတွင် ဒီဂရီ အပိုင်းပေါင်း
၃၆၀ နှင့် ပိုင်းသည်။ ဒါကို မျက်စိထဲ မြင်နေရင် ပြီးတာပဲ။
နောက်ပြီးတော့
တြီဂိုမှာ ဒီဂရီပြီးလျှင် နောက်မှာ မိနစ်နှင့် စက္ကန့်ဆိုပြီးပါသည်။ ဒါဟာ အချိန်နာရီကို ပြတဲ့ မိနစ်နဲ့ စက္ကန့်မဟုတ်ပါဘူး။ အဲ့ဒါကို ကျွန်တော်လဲ ငယ်ငယ်တုန်းကတော့မသိဘူး။ အမှန်က ကျွန်တော်တို့ ခွဲပြီးတော့ ခေါ်ရမှာ။ Degree၊ Arc Minute၊ Art Seconds ဆိုပြီးတော့။ ၁ ဒီဂရီကို နောက်ထပ် အစိတ်ပေါင်း ၆၀ ခွဲလိုက်တယ်။ အဲ့ဒီ အစိတ်ကလေးတွေကို Arc Minute လို့ခေါ်တာ။ နောက်ပြီး အဲဒီ Arc Minute ကို အစိတ်ပေါင်း ၆၀ ထပ်ခွဲလိုက်ရင်
Arcsecond ဆိုပြီး ထပ်ခေါ်တာ။ တိကျမှု့ပိုလိုအပ်တဲ့
နေရာတွေမှာ အဲ့ဒီ ယူနစ်တွေကို သုံးတာပါ။
Arc Second နောက်မှာလဲ မီလီအက်စက္ကန့်ဆိုပြီး Arc Second ကို အစိတ်ပေါင်း ၁၀၀၀
ထပ်ခွဲထားတာရှိသေးတယ်။ ပြီးရင် အဲ့ဒီ
Miliarcsecond ကို နောက်ထပ် အစိတ်ပေါင်း ၁၀၀၀ ထပ်ခွဲပြီးတော့ Microarcsecond ဆိုပြီး
ခေါ်ပါတယ်။ ထားတော့ ကျွန်တော်တို့အတွက်က ဒီဂရီ၊
အက်မိနစ် နဲ့ အက်စက္ကန့်လောက် သိရင် အလုပ်ဖြစ်နေပြီ။
ငယ်ငယ်တုန်းကတော့
ပထ၀ီ စာကျက်ရင် မြစ်ကြီးနားမြို့သည် လောင်ဂျီကျူ ဘယ်လောက်ဒီဂရီ၊ ဘယ်နှစ် မိနစ်၊ ဘယ်နှစ်
စက္ကန့် ဆိုပြီးကျက်၊ ကျက်ပြီးရင် နာရီက မိနစ်တံနဲ့ စက္ကန့်တံကို ငုံ့ကြည့်။ ဟင်….. ဘာကြီးမှန်းလဲ မသိဘူးဆိုပြီး ဖြစ်ဖူးမှာပေါ့။ အမှန်က တည်နေရာကိုပြောတာ။ အချိန်နာရီနဲ့ ဘာမှ မဆိုင်ဘူး။ စာအုပ်ထဲမှာ ခွဲပြီးခေါ်သင့်တာ လောင်ဂျီကျူ ဘယ်လောက်၊ အက်မိနစ် ဘယ်လောက်၊ အက်စက္ကန့် ဘယ်လောက်ဆိုပြီး။ လောင်ဂျီကျူက ကမ္ဘာရဲ့ အရှေ့အနောက် နေရာတွေကို တိုင်းတာ၊ လတ္တီတွတ်က ကမ္ဘာရဲ့ တောင်မြောက် နေရာတွေကိုတိုင်းတာ။ အီကွေတာဆိုတာက ကမ္ဘာခါးပတ်ကြိုး အလည်တည့်တည့်မှာ
စိတ်ကူးနဲ့ ဆွဲထားတဲ့ မျဉ်း။ အဲဒီတော့ တောင်မြောက်လိုင်းရယ်၊
အရှေ့အနောက် လိုင်းရယ် ဆုံတဲ့ ကြက်ခြေခတ်နေရာက တည်နေရာ။ သြော်.. ရေးရင်း ချော်ထွက်သွားပြန်ပြီ။
စက်ဝိုင်း အကြောင်းပြန်ဆက်လိုက်ဦးမည်။ စက်ဝိုင်းမှာ နောက်ထပ် ဝေါဟာရတစ်ခုက Radian ဟူသော
ဝေါဟာရဖြစ်သည်။ သဘောတရားကို လူတွေသိကြပေမယ့်
Radian ဆိုတဲ့ ဝေါဟာရ (Unit)က ၁၇၁၄ ခုနှစ်ကျတော့မှ Roger Cotes ဆိုတဲ့ လူက စပြီး နာမည်ပေးခဲ့တာ။ ကြည့် ခုလဲ စက်ဝိုင်းတစ်ခုထဲမှာ Radian နဲ့
Degree ဆိုပြီး နှစ်ခုဖြစ်နေပြန်ပြီ။ ကိုယ်သာ
နောက်တစ်ခု ထွင်လိုက်ရင် ၃ ခု။ ထားတော့ ၂ ခုလောက်နဲ့
လုံလောက်နေတာပဲ။ Radian ဆိုတာက Radius ဆိုတဲ့
အချင်းဝက်က စတာ။ အချင်းဝက်ဆိုတာက စက်ဝိုင်းရဲ့
ဗဟိုကနေ အဲ့ဒီ စက်ဝိုင်းရဲ့ ကြိုက်တဲ့ အနားပေါ်ကို ဆွဲလိုက်။ အဲ့ဒီမျဉ်းက အချင်းဝက် Radios ပဲ။ အင်း အဲ့ဒါကတော့ နင်ပြောမှလားဆိုလဲ ခံရမှာပဲ။ ဒါပေမယ့် အဲ့ဒီကစတာ။ ဆိုတော့ အဲ့ဒီ Radius ကို တိုင်းလိုက်။ ရလာတဲ့ အလျှားကို စက်ဝန်းအတိုင်းကွေးလိုက် ကွေးပြီးတော့
စက်ဝိုင်းအနားပေါ်တင်လိုက်။ ရလာတာတဲ့ အနားပေါ်က မျဉ်းကွေးလေးရဲ့ အစမှတ် ကို ဗဟိုနဲ့ ဆက်၊ အဆုံးမှတ်ကို ဗဟိုနဲ့ ဆက်။ အဲ့ဒီ အပိုင်းလေးက ၁ Radian ပဲ။ မြင်အောင် အောက်က ပုံလေးကို ကြည့်လို့ရပါတယ်။ အဲ့ဒီတော့ အဆိုပါ အပိုင်းလေးကို တိုင်းကြည့်လိုက်ရင်
1 Radian မှာ ၅၇.၃ ဒီဂရီ မရှိတရှိ ဖြစ်ပါတယ်။
Degree နဲ့ Radian မှာ Radian က SI Unit
ဖြစ်ပါတယ်။ နိုင်ငံတကာသုံး ယူနစ်ပေါ့။ Degree ကတော့ ဘာယူနစ်မှန်းမသိပါဘူး။ သူက ဟိုးတုန်းထဲကပေါ်ပြီးတော့ နေရာစုံ အသုံးတွင်ကျယ်နေတော့
အများလက်ခံပြီးသုံးကြတယ်။ ဒါပေမယ့် သူ့ကို
ဘာယူနစ်ရယ်လို့ သတ်မှတ်ထားတာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ SI မှာပဲဖြစ်ဖြစ်၊ Metric မှာပဲဖြစ်ဖြစ် သူ့ကို
သုံးနေကြလို့။
ပြီးရင် Pi (သို့) ပိုင် (သို့) π ဆိုတဲ့
အရာလေးအကြောင်းလဲ နဲနဲ ဆက်ပါဦးမယ်။ ပိုင်အကြောင်းကို
အရင်ပိုစ့်မှာ ရှင်းထားဖူးတယ်။ ပိုင် ဆိုတာက
စက်ဝိုင်းတစ်ခုရဲ့ စက်ဝန်း စုစုပေါင်း အလျှားကိုတိုင်းရင်သုံးတဲ့ ကိန်းသေ။ အဲ… ဧရိယာကိုလည်း တိုင်းလို့ရတယ်။ စက်ဝန်းအလျှားဆိုတာ စက်ဝိုင်းကြီးကို ဖြန့်ခင်း
အစနဲ့ အဆုံးကို ပေကြိုးနဲ့တိုင်း၊ အဲ့ဒီက ရလာတဲ့
အလျှားကိုခေါ်တာ။ အဲ့ဒျီေတာ့ ပိုင် အကြောင်းသိချင်ရင်
အဲ့ဒီမှာ သွားကြည့်ကြပါ။ ခုတော့ Radian,
degree နဲ့ Pi စပ်ဆက်ပုံလေးကို ဆက်သွားပါဦးမယ်။
အာခိမိဒီးစ်က စပြီးတော့ ပိုင်ရဲ့ တန်ဖိုးကိုသတ်မှတ်ခဲ့ပါတယ်။ ပိုင်ရဲ့ တန်ဖိုးက ၃.၁၄၁၆ မရှိတရှိ။ ဒါပေမယ့် ဒီဂရီနဲ့ ပိုင်ရဲ့ တန်ဖိုးကြား တွက်ချက်ဖို့ကျတော့
Radian ကြားခံပေးတော့မှ တွက်ရတာ ပိုလွယ်လာတယ်။
ဒီတော့ ပိုင် နဲ့ ဒီဂရီကြားမှာ Radian က ကြားခံပေးတဲ့ သဘောလို့ ယူဆလိုက်ရင်
ပြီးသွားတာပါပဲ။ ဆိုတော့ ၁ ဒီဂရီမှာ π /180 radian ရှိပါတယ်။
ဆိုပါစို့ စောစောက ပြောခဲ့သလိုပဲ 1
radian မှာ ၅၇.၃ ဒီဂရီ မရှိတရှိ ဖြစ်တယ်ဆိုတာ။
အဲ့ဒီတော့
1 degree
= 1 radian/57.3 = 0.01745
1 degree
= (π
/180) Radian = 3.1416/57.3 = 0.01745
ကုလားကြီးနဲ့
အရာကြီးတူတူပဲ။ ဒါပေမယ့် အပိုင်းကိန်းပုံစံ
Degree နဲ့ Radian ပြောင်းတာတွေ တွက်ရင် Radian ကို π
နဲ့တွဲပြီးသုံးတာက ပိုလွယ်လို့ Radian ကိုထွင်တယ်ထင်တာပဲ။ SI Unit ဆိုတာကလည်း ရှည်ပြီးတော့ Radian ဆိုတာကို
ထပ်ထွင်လိုက်သေးတယ်။ မဟုတ်ရင် Degree နဲ့ ပြီးမယ့်ဟာကို။
ထားပါတော့လေ Radian မှာလည်း သူ့အသုံးဝင်တဲ့ နေရာနဲ့ သူတော့ ရှိတာပေါ့။
နောက် တြိဂံဖြစ်သည်။ တြိဂံ ကို အစောပိုင်းကာလတွေတုန်းကတော့ ထောင့်မှန်
တြိဂံရဲ့ မှန်ကန်မှု့တွေကို နှစ်ပေါင်းများစွာ ရှာဖွေကြံဆလာကြသည်။ ဘာဖြစ်လို့လဲဆိုတော့ ထောင့်မှန် တြိဂံသည် ထောင့်
မမှန်သော တြိဂံထက် ပိုပြီး တွက်ရတာ လွယ်သောကြောင့်ဖြစ်သည်။ ဘေဘီလုံတွေ၊ ရှေးခေတ် အရှေ့အလည်ပိုင်းက ဒေသက လူတွေ၊
နောက်ပိုင်း ရှေးခေတ် အီဂျစ်ကလူတွေ နှစ်နားညီ ထောင့်မှန် တြိဂံ အကြီး အသေး တွေကြားမှာ
တူညီမှု့တွေ ရှာတွေ့လာသည်။ ဒီပုံစံနှင့် သဲနာရီတွေ၊
ပစ်ရမစ်ကြီးတွေ ထွင်လာကြသည်။ ဆောက်လာကြသည်။
အာသာကထဲက ကြယ်တွေကို လေ့လာကြသည်။ ဒါပေမယ့်
ဂရိတွေ လက်ထက်ကျတော့မှ သက်သေပြခြင်းတွေနှင့်အတူ ခေတ်သစ် ဂျီသြမေတြီ ဘာသာရပ်ထွန်းကားလာသည်။ ပိုက်သာဂိုးရ ရဲ့ တီထွင်မှု့ ထောင့်မှန်တြဂံရဲ့ သီအိုရီတွေ
ဖြစ်တည်လာသည်။ နောက်ပိုင်း အရင်ပိုစ့်တုန်းက
ရေးခဲ့ဖူးတဲ့ ပိုင် ရဲ့ တန်ဖိုးကို တွက်ချက်လာနိုင်ကြသည်။ ဒါပေမယ့် သူတို့က အနားတွေကို အဓိက ထားသည်။ စက်ဝိုင်းတွေကို အပိုင်းလိုက်ပိုင်းပြီးတော့ လေးကြိုးတွေရဲ့
ဝိသေသတွေကို လေ့လာကြသည်။ တူညီမှု့တွေ ရှာတွေ့ကြသည်။
အင်း အဲ့ဒီမှာ တြီဂို အကြောင်းပါလာသည်။ တြီဂိုဆိုသည်မှာ တြိဂံကို အခြေခံပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစတုန်းကတော့ တြီဂိုမှာ Sine နှင့် Cosine ဟူသော
အရာကို ပထမဆုံး တည်ထွင်ကြခြင်းဖြစ်သည်။ အဲဒီတုန်းက
ထောင့်မှန်တြဂံကို အခြေခံတော့ Sine တန်ဖိုးက သုည ကနေ ၉၀ ဒီဂရီ အထိသာရှိသည်။ Sine ဆိုတဲ့ စကားလုံးကလဲ အဆန်းသား။ မူလဘူတ ကို လိုက်ကြည့်လိုက်ရင် ဒီသဘောတရားကို ရှေးခေတ်
အန္ဒိယတွေရဲ့ Gupta အင်ပါယာခေတ် (AD ၃၂၀ - ၅၅၀) ၀န်းကျင်လောက်ကထည်းက ထွင်ပြီးထားတာကို
တွေ့ရတယ်။ အဲ့ဒီတုန်းကတော့ အန္ဒိယတွေက Sine
နဲ့ Cosine ကို ဂျာရာ (Jya) နဲ့ ကိုတီဂျာယာ (Koti-jya) လို့ခေါ်တယ်။ jya ရဲ့ အဓိပ္ပာယ်ကတော့ လေးကြိုးလို့ ဆိုပါတယ်။
နောက်ပိုင်း
အန္ဒိယကို အရှေ့အလည်ပိုင်းဒေသက ကုန်သည်တွေရောက်လာတော့ ဒီသဘောတရားကို အာရပ်တွေသိသွားပြီး
ဂျာရာ ကို jiba လို့ ခေါ်ကြသတဲ့။ နောက်တော့
အဲ့ဒီ jiba ကိုပဲ jiab ဆိုပြီး သုံးကြပါတယ်။
jiab ကို အာရပ်ဘာသာနဲ့ ဘာသာပြန်လိုက်တော့ အမျိုးသမီးရဲ့ ရင်သား ဒါမှ မဟုတ် ပင်လယ်အော်
ဆိုပြီး အဓိပ္ပာယ်ရပါတယ်။ နောက် အာရပ်ဘာသာကနေ
လက်တင်ဘာသာကို ဘာသာပြန်တော့ အဲ့ဒီ jiab ကို လက်တင်တွေက တိုက်ရိုက်အဓိပ္ပာယ်ပြန်ပြီး
Sinus ဆိုပြီးဖြစ်လာတယ်။ အဲ့ဒီ Sinus ကိုပဲ
အင်္ဂလိပ်တွေက ကော်ပီကူးလိုက်ပြီးတော့ ဒီနေ့ သုံးနေကြတဲ့ Sine ဆိုပြီး ဖြစ်လာတာ။ koti-jaya ကတော့ Cosine ဆိုပြီး ဖြစ်သွားရှာပါတယ်။
အဲ..
ပြီးရင် Sine အကြောင်းကို နည်းနည်းလေး ထပ်သွားလိုက်ဦးမယ်။ Sine ဆိုတာက တြိဂံ တစ်ခုကို ကြည့်လိုက်ရင်
hypotenuse၊ opposite နဲ့ adjacent ဆိုပြီး ခွဲလိုက်တယ်။ အောက်က ပုံလေးကိုကြည့်လိုက်။ အဲ့ဒီမှာ ကျွန်တော်တို့က Sine ရဲ့ တန်ဖိုးကို
opposite side မျဉ်းရဲ့ အလျှားကို တည်ပြီးတော့ hypotenuse side ကအလျှားနဲ့ စားလိုက်။ ရလာတဲ့ အချိုးက sine ရဲ့ တန်ဖိုးပဲ။
ငယ်ငယ်တုန်းကတော့ နှုတ်တိုက် ကျက်ဖူးတယ်… Sine 0
၏ တန်ဖိုးသည် သုည။ Sine 30 ဒီဂရီ၏ တန်ဖိုးသည်
ဝ.၅ ဘာညာ ဆိုပြီးတော့။ အဲ့ဒါကို ကိုယ်တိုင် စမ်းကြည့်လို့ရတယ်။ ဥပမာ - AutoCAD ထဲမှာ အချင်း ၁၀၀ ရှိတဲ့ စက်ဝိုင်းကို
ဆွဲလိုက်ပြီးရင် ၄၅ ဒီဂရီ မျဉ်းတစ်ကြောင်းကို ထောင်လိုက်၊ စက်ဝန်းနဲ့ ထိတဲ့နေရာမှာ opposite side ရဲ့အလျှားကိုတိုင်းကြည့်၊ ပြီးရင် hypotenuse ရဲ့ အလျှားကို တိုင်းကြည့်။ ပြီးရင် opposite အလျှားကိုတည် hypotenuse နဲ့စားလိုက်ရင်
အဲ့ဒီအဖြေထွက်ရော။
အဲ့ဒီအဖြေတွေကို ဒဿမတွေနဲ့ မထားချင်ရင် Arc Degree၊ Arc Minute ပြောင်းလိုက်၊ အဲ့ဒါဆိုရင်
Logarithm Book ကြီးထဲက အဖြေတွေအတိုင်း ထွက်လာရော။ ခုခေတ်ကျတော့ Calculation တွေ ကွန်ပျူတာတွေပေါ်လာတော့
ဟိုတုန်းကလိုမျိုး Slide Ruler တွေ၊ Logarithm Book ကြီးတွေ မလိုတော့ဘူးပေါ့။ အိမ်ကိုလဲ Logarithm အိုးကြီး ကျကွဲသွားလို့ ပိုက်ဆံပို့ပေးလိုက်ပါတွေဘာတွေ
လုပ်လို့မရတော့ဘူးပေါ့။
အင်းပြောရင်းနဲ့ တြိဂံကို စက်ဝိုင်းပေါ်တင်ပြီးဖြစ်နေပြီ။ စက်ဝိုင်းဆိုတာက Unit Circle ကိုပြောတာ။ Unit Circle ကို ၉၀ ဒီဂရီစီ ပိုင်းလိုက်ရင် အပိုင်း
၎ ပိုင်းထွက်လာပါတယ်။ x ၀န်ရိုး၊ y ၀န်ရိုးပေါ်အခြေခံပြီးတော့
သူ့ကို (+1,0)၊ (0,+1)၊ (-1,0)၊ (0,-1) ဆိုပြီး ထပ်ခွဲလို့ရတယ်။ အောက်ကပုံလေးကို ကြည့်လိုက်ရင် မြင်သွားမှာပါ။
တြီဂိုက
Sine ကို Unit Circle ပေါ်တင်လိုက်ရင် ၃၆၀ ဒီဂရီ လှည့်ကြည့်လို့ရပါပြီ။ ဒီတော့ အဲ့ဒီ ဒီဂရီတွေအတိုင်း ရလာတဲ့ တန်ဖိုးတွေကို
Graph ပေါ်တင်ကြည့်လိုက်ရင် Sine Curve ဆိုပြီးထွက်လာပါတယ်။
Cosine
ဆိုတာက adjacent side ကိုတည်ပြီးတော့ hypotenuse နဲ့စားလို့ရလာတဲ့ အချိုးကို ပြောတာပါ။ ဒါကိုလဲ စောစောကလို စမ်းကြည့်လို့ရပါတယ်။ Cos ရဲ့ ရလဒ်တွေကို X, Y graph ပေါ်တင်ကြည့်လိုက်ရင်
Cos Curve ဆိုပြီး ထွက်လာပါတယ်။
Tangent
လဲဒီလိုပဲ။ လွယ်အောင် မနီ၊ မနီ၊ ထ ထ ထထ နီမ နီမ ဆိုပြီး ရွတ်လိုက်ရင် သူ့အချိုးနဲ့ သူထွက်လာပါတယ်။ ဒါမှမဟုတ် OAOAHH, HHAOAO ဆိုပြီး အင်္ဂလိပ်လိုရွတ်လဲ
လွယ်တာပဲ။ မြင်သာအောင် ပုံလေးနဲ့ ကြည့်လို့ရပါတယ်။
Unit
Circle ပေါ်မှာ ရှိတဲ့ Sine, Cos, Tan, Cot, Sec, Scs တို့ရဲ့ သဘောသဘာဝကို သိချင်ရင်
အောက်ကပုံလေးကို ကြည့်လို့ရပါတယ်။
အင်း မ နီ
မ နီ ထ ထ၊ ထ ထ နီ မ နီ မ ကို ဒီလောက်ပဲ ရပ်ခွင့်ပြုပါဗျား။ နောက်တော့မှ ဘာဖြစ်လို့ တြီဂို အသုံးဝင်တယ်ဆိုတဲ့ အကြောင်းလေးတွေနဲ့ တြီဂိုကို
Calculus နဲ့ Taylor Series တို့ Infinite
Series တွေနဲ့ တွက်တဲ့ အကြောင်းကို ကြုံရင် ပြောဦးမယ်။
ဒါမှ ခွဲပြီးတော့ ရှင်းရှင်းလင်းလင်း ကြည့်ချင်ရင်လည်း အောက်ကပုံလေးတွေကို ကြည့်လို့ရပါတယ်။
Photo Source & Reference : Wikipedia
ကထွဋ်ပီ လေ့လာသင်ယူစရာဆိုပေမယ့် အတော့်အုံးစားစရာမို့  လက်လျော့မိတယ်ဗျာ့
ReplyDeleteခင်မင်စွာဖြင့် စနောက်သဖြင့် အနောက်ခံပါရောင်းရင်းရေ
မောင်ဘကြိုင် :)
လူအများစုက မြို့ပေါ်တခါရောက်ဖူးတဲ့တောသားလိုလူတွေကျိပဲ။မြိုကပြန်လာတဲ့တောသားကတောပြန်ရောက်တော့ မြို့မှာဘယ်လိုနေကြတာ၊ဘလိုလှတာဆိုတာကိုမြို့မှာမွေးတဲ့မြို့ခံတွေထက်ပိုသိနေသလိုအော်ကျယ်²နဲ့မသိတဲ့တောသားတွေထဲဆရာကြီးလုပ်ရတာကိုကျေနပ်နေတဲ့သူလိုလူတွေများတယ်။ဘာသာရပ်တခု၊ပညာရပ်တခုခုမှာ နဲနဲလေးသိလာရင်ကြွယ်ပါပြီဗျာ။အတန်းအလိုက်သင်ကြားနည်းတွေကသူ့အဆင့်နဲ့သူရှိတာပါ။GTU ကျောင်းသားတွေကို Logarithm စာအုပ်ကိုပဲသုံးခိုင်းပြီး ၄တန်းကျောင်းသားတွေကို differentiation တွေ integrals တွေသွားသင်လို့မရဘူး။၄တန်းကိုအဲ့ဒါတွေသင်လို့မရတာ differentiation, integrals ကမှားနေလို့မဟုတ်ဘူး။သူတို့အဆင့်မဟုတ်လို့။ GTU ကျောင်းသားတွေ Logarithm မကိုင်ရတော့ဘူးဆိုတာကမှားလို့မဟုတ်ဘူး အဲ့ထက်မြင့်တဲ့အဆင့်ရောက်နေလို့။တခါတလေသဘာဝကဦးနှောက်တပ်ပေးထားတာအလကားမဟုတ်ဘူးအခြေနေအချိန်အခါလိုက်တွေးတောကြံဆနိုင်ဖို့။အဆိုးဆုံးကငယ်ငယ်ကဂုဏ်ယူစွာသင်ကြားခဲ့ရတဲ့အခြေခံပညာလေးတွေကိုကိုယ့်ဦးနှောက်နဲ့အဆင့်မြှင့်လေ့လာပြီးလုပ်ငန်းခွင်မှာလက်တွေ့အသုံးချရမယ့်အစားမပြည့်စုံဘူးဘာညာပြောပြီးပညာတတ်ကြီးမျ ဘောင်ဘတ်ခတ်ပြနေကြတာကိုအံ့ဩမိတယ်။ဆိုင်ကယ်မောင်းသင်ဖို့စက်ဘီးစီးတတ်အောင်အရင်သင်ရမယ်။စက်ဘီးမစီးတတ်ဘဲဆိုင်ကယ်စီးသင်ရင်100%ဒဏ်ရာရမယ်။ကြိုးပဲ့၊သေကြေတာတွေအထိဖြစ်နိုင်တယ်။စက်ဘီးစီးတာကို Inspire ယူပြီးဆိုင်ကယ်မောင်းသင်ရတာပါ။စက်ဘီးကခြေနင်းတတ်ပြီးနင်းရတာမို့ဆိုင်ကယ်မောင်းသင်တဲ့အချိန်မှာပြဿနာဖြစ်ရတယ်ဆိုပြီးဘယ်သူမှအပြစ်မပြောကြဘူး။ဘာလို့ဆိုတော့ဉာဏ်ကွန့်မြူးဖို့ဦးနှောက်ဆိုတာကိုသဘာဝကထည့်ပေးလိုက်တာလေ။
ReplyDelete