စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, August 4, 2018

စင်ကာပူနှင့် မိုးကောင်းကင် အိပ်မက်များ



            လူတိုင်းကတော့ ကောင်းတာတွေချည်းဖြစ်ချင်ကြတာပဲလေ။  အိပ်မက် မက်ရင်တောင်မှ သိန်း ၁သောင်းတန် ထီပေါက်တယ်ကစပြီး မက်တာ။  ဒါပေမယ့် အိပ်မက် ရှိမှ တိုးတက်တာ။  ဦးတည်ချက်၊ မျှော်လင့်ချက်၊ အိပ်မက်တွေနဲ့ လူတွေက ရှင်သန်နေကြတာ.. တရားသဘောနဲ့ဆိုရင်တော့ လောဘလို့ပြောပေမယ်.. တရားလဲ မပေါက်သေးတော့ ဒါနဲ့ပဲသွားနေတာပဲ။ 
            ငယ်ငယ် ပုဆိုးကွင်းသိုင်းပြီး ရပ်ကွက်ထဲ လျှောက်ပြေးနေတုန်းက အချိန်တန်ရင် ထမင်းနှစ်နပ်ကို အမေကတော့ကျွေးနေတာပဲ။ အဲ့ဒီတုန်းက အိပ်မက်ဆိုရင် အရုပ်လိုချင်တာပဲရှိတာ။  အသက်က တဖြည်းဖြည်းကြီးလာ၊ ရည်းစားသနာလဲ ရလာရော မုန့်ဖိုးကလိုလာ၊ ဖီလိမ်းပြင်ဆင်.. အဲဒီတုန်းက အိပ်မက်ဆိုရင်တော့ မုန့်ဖိုးများများရပါစေပေါ့။  နောက်တော့ ကျောင်းပြီးခါနီးတော့ အိမ်က မျက်စေ့စပါးမွှေးစူးလောက်ပြီ.. ပိုက်ဆံက အရင်လိုမုန့်ဖိုးပေးပါဆိုပြီ လက်ဖြန့်တောင်းရမဲ့ အရွယ်မဟုတ်တော့ဘူးဆိုတော့ အိပ်မက်က လစာ ကောင်းကောင်း ရတဲ့ အလုပ် ရချင်ပါတယ်ဖြစ်လာရော။  ဟော… အလုပ်လဲရ မိန်းမလဲယူပြီးရော တို့နှစ်ယောက်အတွက် အိမ်လိုပါတယ်ဆိုတဲ့ ကိုအငဲ သီချင်းကို အကြိုက်ကြီးကြိုက်ရော… အဆင်ပြေတဲ့လူတွေများကြတော့လဲ အိမ်၊ ရင်သွေးရတာလေးတွေရ၊ ပြီးရင် ဟိုနားဒီနားသွားဖို့ ကား လေးတစ်စီး။  အိမ်အကူကလဲ လို… ခရီးဝေးသွားဖို့က ကားတစ်စီး၊ အိမ်က တီဗီကသေးလို့ ခန်းလုံးပြည့် Curve LED TV ကြီးကိုမှ home theater system တပ်ပြီး ငြိမ့်ငြိမ့်လေး နေချင်တဲ့လူနဲ့၊ နွေရာသီစံအိမ်၊ မိုးရာသီ စံအိမ်၊ ဆောင်းရာသီ စံအိမ်၊ နိုင်ငံခြားက ပစ္စည်းတွေ ၀ယ်ပြီးစိတ်တိုင်းကျဆောက်ထားတဲ့အိမ်… စသည် စသည်ဖြင့် အိပ်မက်ကတော့ ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်ဘူးရယ်… 
            ကျွန်တော့်လည်း ဒီတိုင်းပဲ အိပ်မက်ကတော့ အကြီးကြီးမက်တာပေါ့။  ဖြစ်ချင်တာမှ ဘီလ်ဂိတ်က စိတ်ကောင်းလေးဝင်ပြီး ကိုယ့်ကိုများ သူ့အမွေတွေ ရော့အင့်ဆိုပြီး ပေးမလားတောင် စိတ်ကူးလို့ရတာပဲလေ။  ဟော မာတာမိခင်ရဲ့ ထောက်ပံမှု့လေးနဲ့၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးလေးနဲ့ ထမင်းစားလက်မှတ် ဘွဲ့ကလေးရ၊  လေယာဉ်လက်မှတ်လေး တစ်စောင်နဲ့ ယောင်ချာချာ စင်ကျားပေါရောက်လာ။  တစ်ခါမှ မမြင်ဖူးတဲ့လူတွေဆီမှာ အလုပ်ကလေးရ။  လစာလေးရလိုက် အိမ်ပို့လိုက်၊ အလုပ်ကလေးပြောင်းလိုက် ဖင်လှည့် ခေါင်းလှည့်နဲ့ ဒီမှာ ၁၀ နှစ်လောက်ကြာလာတော့ ဒီကလူတွေရဲ့ အိပ်မက်ကလေးတွေကိုလဲ တဖြည်းဖြည်းမြင်လာတောပေါ့လေ။  အိပ်မက် တွေကို အကောင်အထည်ဖော်ဖို့ စဉ်းစားကြည့်လိုက်တော့ စလုံးက နိုင်ငံသားတွေရော၊ PR တွေရဲ့ အိပ်မက်ကလည်း အတော်မလွယ်ပါလားဆိုတာ တဖြည်းဖြည်းနားလည်လာတယ်။

            ပတိရူပ ဒေသ၀၀ါသောစ… သင့်တင့်လျောက်ပတ်သော အရပ်ဆိုတာ အသက်ကြီးလေ မြင်လာလေလေပဲ။  ကျွန်တော့် အသိ တော်တော်ချမ်းသာတဲ့ စုံတွဲဆိုရင် မြန်မာပြည်မှာ သား၊ သမီး နှစ်ယောက်နဲ့ ကိုယ်ပိုင်စီးပွားရေးကကောင်း၊ ပြည်စုံလို့။  စလုံးကို ကလေးတွေ ငယ်ငယ်ကထည်းကျောင်းထားရင် ကောင်းမယ်ဆိုပြီး ကွန်ဒိုဝယ် အငှားတင်၊  ပြီးတော့ HDB မှာ ပြန်ငှားနေ။ အစပျိုးကြည့်လိုက်တာ။  ကလေးတွေက ဘာပြောလဲဆိုတော့… မေမေ.. သမီးတို့ ဘာဖြစ်လို့ ချက်ချင်း ဆင်းရဲသွားရတာလဲဟင်တဲ့။  မြန်မာပြည်မှာဆိုရင် တိုက်ကလည်း အကြီးကြီး၊ ခြံကလည်း အကျယ်ကြီး၊ ကားတွေကလည်း အများကြီး။  အခု ဒီရောက်လာတော့ တိုက်သေးသေးလေးထဲမှာနေရတယ်။  ပြီးတော့ လမ်းလျှောက်ပြီး၊ ရထားစီးနေရတယ်။  သမီးတို့ ဘာဖြစ်သွားတာလဲဟင်တဲ့။
            ဆိုလိုတာက စလုံးကို လာတာ မှားတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။  ကျွန်တော်လဲ ဒီမှာ အလုပ်လာလုပ်နေရတာပဲ.. ဆိုလိုတာက အိပ်မက်နဲ့ လက်တွေ့က နည်းနည်းတော့ ဟ တယ်လို့ဆိုလိုတာပါ။  ကျေနပ်ရင်တော့ ပျော်စရာကြီးပေါ့။  ကိုယ်မှန်းတာနဲ့ ဖြစ်လာတာနဲ့ ကီးသိပ်မကိုက်ရင်တော့ သံစဉ်ကောင်းကောင်း ဘယ်ထွက်မလဲပေါ့နော်…
            နောက်တစ်ခုက စလုံးကို လာပြီး ကျောင်းထားလိုက်ရင် ကလေးတွေ တော်တော့်ကို ပေါက်ပေါက်မြောက်မြောက် ဖြစ်သွားမယ်ဆိုတဲ့ အယူအဆလဲ ရှိပါသေးတယ်။  ဒါပေမယ့် မေးခွန်းက ဘယ်ကျောင်းမှာ ထားပြီး ဘယ်ပညာကို သင်ပြီး၊ ဘာ ထမင်းစားလက်မှတ်ရမှာလဲ ပေါ်လဲ အများကြီးမူတည်သလို၊  လူတစ်ဦးချင်းစီရဲ့ အရည်အချင်းပေါ်မှာလည်း အများကြီးမူတည်ပါတယ်။  ဆိုလေတော့ အောက်မှာပါတဲ့ Link လေးကိုကြည့်နိုင်ပါတယ်။  ဒါကတော့ စင်ကာပူက ကျောင်းတွေထဲမှာ ၂၀၁၇ ခုနှစ်ကျောင်းပြီးတဲ့ ကျောင်းသားတွေထဲ ဘယ်ကျောင်းက ဘယ်ဘွဲ့နဲ့ ပြီးတဲ့ ကျောင်းသားလေးတွေထဲက ကျောင်းပြီးပြီးချင်း စလာအများဆုံးရတဲ့ ထိပ်ထိပ်ကြဲ ၁၀၀ စရင်းလေးပါ။ ထိပ်ဆုံး နံပါတ်တစ်ကျောင်းက SMU Law (4 years Programmed) က ကျောင်းထွက် ဆိုရင် S$ ၅၂၈၇ ပျမ်းမျှရနိုင်ပြီး နံပါတ်၁၀၀ ကတော့ SIT The Culinary Institute of America Bachelor of Professional Studies in Culinary Arts Management ဆိုရင်တော့ ပျမ်းမျှ S$ ၂၃၄၄ ရနိုင်တယ်လို့ ဆိုထားပါတယ်။  Top 100 စာရင်းမှာတော့ SMU, NTU, NUS လို တက္ကသိုလ်တွေကပဲ ကြီးစိုးထားတာပေါ့လေ။  https://www.salary.sg/2018/graduate-employment-survey-2017-published-2018/
အဲ့.. ထိပ်ထပ်ကြဲဘွဲ့ရဖို့ဆိုရင်တော့ ထိပ်ထိပ်ကြဲ ပိုက်ပိုက်ကုန်မှာပေါ့နော်… နိုင်ငံခြားသား Non Subsidized Student ၄ နှစ်စာဆိုရင် စလုံးဒေါ်လာ ၁သိန်း ၈သောင်းကျော်လောက်အနည်းဆုံး ကုန်နိုင်ပါတယ်။  မြန်မာငွေနဲ့ဆိုရင် သိန်း ၁၈၀၀ ကျော် ပေါ့နော်။  နိုင်ငံသားနဲ့ PR ဆိုရင်တော့ ကျောင်းခက ၃ချိုး ၁ချိုးလောက် သက်သာပါတယ်။  ဒါကတော့ SMU Law ကျောင်းစရိတ်လေးပါ (Link)။  ဆိုတော့ Law နဲ့ကျောင်းပြီးရင် ပြီးပြီးချင်း ၅ ထောင်ကျော်နဲ့ အလုပ်တန်းရ။  လစာ တက် နောက် ၅ နှစ်နေရင် ဥုံဖွ ၁သောင်းခွဲရ ဆိုရင်တော့ ကျောင်းစရိတ်ကို အသက် ၃၀ မပြည့်ခင် ကျေလောက်မှာပေါ့။
            ကိုယ်တွေကတော့ အဲ့ဒီလိုကျောင်းကြီးတွေ တက်ဖို့မပြောနဲ့ မြန်မာပြည်ကထွက်လာတုန်းက အဲ့ဒီ ကျောင်းနာမည်တွေတောင် ကြားဖူးတာမဟုတ်ဘူး။  ဒီရောက် ကျွန်တော် အလုပ်စရတော့ အိမ်ကိုလှမ်းပြောဖြစ်တယ်။  အိမ်ကလည်း ရတဲ့ လစာကို မြန်မာငွေနဲ့ တန်းမြှောက်ပြီး လကုန်ရင် အဲ့လောက်ပို့လိုက်ဆိုတာ။  ဟင်… စားစရိတ်၊ သောက်စရိတ်၊ သွားစရိတ်၊ လာစရိတ် နှုတ်ရဦးမယ်လေ။  အဲ့ဒီမှာ ကျားကြီးရင် ခြေရာက လိုက်ကြီးလာပြီ။ မိုးကောင်းကင် အိပ်မက်များက စလာပြီ။  ကိုယ်တွေ ဒီမှာနေတာက ကျောချရင် ဖျာရှိတာမှ မဟုတ်တာ။  ရတဲ့လစာလေးက ဖွဖွ ဆေးရုံတက်လိုက်ရင် သွားကြားတောင် ညပ်မှာမဟုတ်ဘူး။  ဆိုလေတော့ ဆေးရုံတက်ဖို့ Insurance လေးလဲ ၀ယ်ထားဦးမှ။  အဲ့ဒီတော့ တစ်လကို Insurance ဖိုးက အသက်သာဆုံး၊ အောက်ဆုံး၊ ဆေးရုံဘုရားစူး ကုတင်ပေါ်မှာ ၂ ရာက်လောက် လေးပေးနေ၊ ပြီးရင် အတင်းကန်ချ၊ ကျန်တဲ့ နောက်ပိုင်း ဆရာဝန်ဆီ လာပြ၊ ဆေးဝယ်၊ ဘာရီရ ကိုယ့်ပိုက်ဆံကိုယ်ခံဆိုတဲ့ ဖွတ်ကြား insurance တောင်မှ စလုံး ၁၀၀ ကျော်လောက်ပေးရတာ။ အလုပ်ကတော့ ကိုယ့်အတွက် insurance ထားပေးတာတာပေါ့။  ဒါပေမယ့် အလုပ်ပြုတ်တာနဲ့ insurance လဲ ပြုတ်ပြီလေ။
            အဓိကပြောချင်တဲ့ အကြောင်းအရာက မိုးကောင်းကင် အိပ်မက် အထမြောက်ဖို့ အရေး တစ်လ တစ်လ ၀င်ငွေ ဘယ်လောက်၊ စုငွေဘယ်လောက်၊ ထွက်ငွေဘယ်လောက်နဲ့ဆို ပြည့်မီနိုင်တယ်ဆိုတာလေးကို ချိန်ဖို့ ဒီပိုစ့်လေးကို ရေးချင်တာပါ။

စင်ကာပူမှာ ကျောင်းတက်၊ ကျောင်းပြီးလို့ PR နဲ့ ဘ၀စတာပဲဖြစ်ဖြစ်၊  စင်ကာပူကို ရောက်လာ အလုပ်လုပ်ပြီးတော့မှ PR/ Citizen ပြောင်းပြီးတာပဲဖြစ်ဖြစ်… စလုံးမှာနေချင်တဲ့ ဆယ်ကျော်သက်တွေရဲ့ အိပ်မက်ဆိုရင် ဒါလေးတွေကိုတော့ ဖြတ်သန်းရမှာပါ….


HDB Flat ၀ယ်ရန် အတွက် ကနဦး ကုန်ကျငွေ ပျမ်းမျှ
၃၂,၀၀၀ ၀န်းကျင်
ကားတစ်စီး ၀ယ်ရန်အတွက် ကနဦး ကုန်ကျငွေ ပျမ်းမျှ
၄၃,၀၀၀ ၀န်းကျင်

လစဉ်ကုန်ကျငွေ

လစဉ် ကုန်ကျငွေ
HDB Flat ၀ယ် - လစဉ်
၁၀၈၀
ကားစီး
၁၂၉၂
ကလေး ၁ (မူလတန်း၊ အလယ်တန်း၊ ဂျူနီယာကောလိပ်)
၁၅၅ ၊ ၂၆၀၊ ၃၄၀ (မူလတန်းကလေး)
ကလေး ၂ (မူလတန်း၊ အလယ်တန်း၊ ဂျူနီယာကောလိပ်)
၁၅၅ ၊ ၂၆၀၊ ၃၄၀ (အလယ်တန်းကလေး)
တစ်အိမ်ထောင် ကျန်းမာရေး အာမခံ
၅၀၀
CPF – based on household income S$ 5000 (Mature 20%)
၁၀၀၀
ကျန်ငွေ (based on household income S$ 5000)
၇၁၃ ဒေါ်လာ


အဲ့ဒါကို ကြည့်လိုက်ရင် တစ်လ လစာ ၅၀၀၀ ၀န်းကျင်ရှိတဲ့ မိသားစုမှာ အိမ်ရှိမယ်၊ ကားစီးမယ်ဆိုရင် ထမင်းစားတာမပါ၊ ကလေး private ကျူရှင်စရိတ်မပါကိုပဲ ၈၅၅ ကျပ်ပဲ ကျန်ပါတော့တယ်။  မတ်တတ်စာပဲ ရှိပါသေးတယ်၊ နေမကောင်းရင် ကုဖို့ တုန်းလုံးစား မပါသေးပါဘူး။


အသက် ၂၂~၂၅ နှစ်မှာ ဘွဲ့ရခဲ့မယ်ဆိုရင် ယောကျာ်း/မိန်းမယူဖို့အတွက် ငွေစုရပါမယ်။  ပြီးရင် မင်္ဂလာဆောင်မှာ ချဲ့ရင် ချဲ့သလို စုငွေထဲက ပါသွားပါမယ်။  ဆိုတော့ ငွေကောင်းကောင်း မစုခဲ့ဘူးဆိုရင် အသက် ၃၀ ရောက်ရင် CPFထဲမှာ အိမ်ဝယ်ဖို့ ငွေ ၃သောင်းခွဲဝန်းကျင် ရှိဦးမှာ မဟုတ်သေးပါဘူး။  လိုတဲ့ငွေကို ဘဏ်ကချေးရင် တစ်ပူပေါ် နှစ်ပူ ဆင့်ဖို့ များပါတယ်။  ငွေမစုခဲ့ရင် အသက် ၃၀ အထိ စလုံးမှာ အိမ် မပိုင်သေးပါဘူး။  ဒီကြားထဲ လစာက အိမ်ဝယ်ဖို့အတွက် မမီရင် အစိုးရက အိမ်ကောင်းကောင်း ပေးမ၀ယ်ပါဘူး။  အိမ်ခန်းနည်းရင် အိမ်ငှားခ ပြန်ရတာနည်းပါတယ်။ အသက် ၃၀ ကျော်မှ Plan စမယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Burden အရမ်းများပါတယ်။ 

အိမ်ထောင်ကျသွားလို့ ရင်သွေးရတနာ ထွန်းကားခဲ့မယ်ဆိုရင် ကလေးမွေးစရိတ်နဲ့၊ ကလေးပြုစုစရိတ်က ထပ်တက်လာမှာပါ။  အသက် ၃၀ ပြည့်ချိန်မှာ မိသားစု ၀င်ငွေ ၅၀၀၀ မကျော်ခဲ့ဘူးဆိုရင် ကိုယ်ပိုင် ကားစီးဖို့ အခွင့် အရေးကို လက်လွှတ်ဖို့ အခြေအနေများသွားပါပြီ။  မိသားစုဝင်ငွေ ၂၅၀၀ အောက် လျှော့ရင်တော့ HDB ပိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရဖို့ အခြေအနေတော်တော်များနေပါပြီ။  မိသားစု ၀င်ငွေ တစ်လ ၅၀၀၀ ကျော်ဖို့ဆိုရင် ဘွဲ့၊ အတွေ့အကြုံ၊ လုပ်သက်၊ အရည်အချင်း ပေါ်မူတည်ပြီး လစာကောင်းဖို့ လိုအပ်ပါတယ်။  လင်ရော၊ မယားရော အလုပ်လုပ်ဖို့ လုပ်အပ်ကောင်း လိုအပ်ပါတယ်။ ဒီကြားထဲ အလုပ်အကြာကြီး ပြုတ်သွားလို့မရသလို၊ လစာ နည်းတဲ့ အလုပ်ကို ခုန်ဆင်းမသွားဖို့လဲ လိုပါသေးတယ်။

ဒါဟာ ရပ်တည်မှု့အတွက်ကိုပဲ ကြည့်ပါသေးတယ်။  အနာဂတ်အတွက် စုငွေလိုအပ်ပါတယ်။  ကလေးတွေ ကြီးလာရင် ကျောင်းကောင်းကောင်းထားနိုင်ဖို့လိုအပ်ပါတယ်။  ဒါမှ ဘွဲ့ကောင်းကောင်းရပြီး၊ လစာကောင်းမယ်လို့ အကြမ်းဖျင်း ယူဆလို့ ရနိုင်လို့ပါ။  နောက်တစ်ခုက အိုမင်း မစွမ်းဖြစ်လာချိန်မှာ CPF အပြင် လက်ထဲမှာ ထပ်ဆောင်းငွေရှိမှ ဘ၀ နေသာထိုင်သာ ရှိမှာပါ။

ဆိုလိုရင်းကတော့ အိမ်ထောင်စုတစ်ခုရဲ့ ၀င်ငွေ တစ်လ ၂၀၀၀၀ အထက်မှာ ရှိတယ်ဆိုရင် Saving Planကို သေသေချာချာ ချပြီး ကလေးတွေနောင်ရေးအတွက်ပါ option အများကြီးနဲ့ စဉ်းစားလို့ရတဲ့ အခြေအနေမှာ ရှိပါတယ်။   အိမ်ထောင်စုတစ်ခု တစ်လ ၀င်ငွေ ၁၅၀၀၀ နဲ့ ၂၀၀၀၀ ကြားထဲဆိုရင် သက်သောင့်သက်သာ နေလို့ရပြီး  ဒါဟာ convenient zone ထဲကို ၀င်နေပါတယ်။  တစ်လ ၅၀၀၀ အောက်ဆိုရင်တော့ စလုံးမှာ အခြေချလို့ ရပေမယ့်… ခက်ခက်ခဲခဲ ဖြတ်ဖို့များပါတယ်။  


အောက်မှာကတော့ category တစ်ခုချင်းစီအတွက် အကြမ်းဖျင်း Breakdown လေးပါ......
----------------------------------------------------------------------------------------------------------
နေအိမ်
စလုံးမှာ Citizen သို့မဟုတ် PR ဆိုရင်တော့ HDB တိုက်ခန်း ၀ယ်လို့ရပြီး နိုင်ငံခြားသားဆိုရင်တော့ Condo ပဲ ၀ယ်လို့ရမှာပါ။  ခု HDB တိုက်ခန်း ၀ယ်မယ်ပဲထားပါတော့… အိမ်ထောင်စုတစ်ခုလုံးဝင်ငွေပေါ်မူတည်ပြီး HDB ၀ယ်လို့ရမယ့် HDB အခန်းတွေကို အစိုးရက သတ်မှတ်ပေးထားပါတယ်။  အိမ်ထောင်စုတစ်ခုလုံးရဲ့ ၀င်ငွေပေါ်မူတည်ပြီး အစိုးရက အိမ်ဝယ်တဲ့ ချေးငွေကို သတ်မှတ်ပေးသလို (သူ့ဆီက ၀ယ်မယ့်တိုက်ကို သူ့ဆီက ပိုက်ဆံအရင်ချေး)၊ မဟုတ်ရင် ဘဏ်ကနေချေး၊ နောက် CPF ထဲကနေလည်း တစ်ချို့တစ်ဝက် ယူသုံးလို့ရပါတယ်။  ထားပါတော့… တစ်လ ဘယ်လောက် ကုန်မလဲပဲ တွက်မှာဆိုတာ ကျန်တာတွေ ကျော်ချပစ်လိုက်မယ်..


ဆိုပါဆို့ မြို့ထဲမဟုတ်တဲ့ (Non Mature area)မှာ 4 room flat HDB ကို အိမ်ထောင်စု ၀င်ငွေ ၅၀၀၀ ပတ်လည်နဲ့ ၂၅နှစ် ချေးငွေ နဲ့ ၀ယ်မယ်ထားပါစို့။  ပေါက်ဈေးက ဒေါ်လာ ၃၁၅,၀၀၀ လောက်ဝန်ကျင် ပေါက်တယ်ထားပါစို့။ down payment ၁၀% ကို CPF ordinary account ထဲမှာ ရှိပြီးသား.. ဒါမှမဟုတ် ကိုယ့်ဘဏ်ထဲမှာ ရှိပြီးသားဆိုရင် ကနဦးကုန်ငွေကို စဉ်းစားကြည့်ရအောင်…
Option Fees

၁၀
Down Payment (10%)

၃၁,၅၀၀
Stamp Duty for Signing of Agreement Lease

၎,၅၀၀
Stamp Duty and Legal Fees during key collection
မှတ်ပုံတင်ကြေး ၃၈.၃၀
Survey Fees   ၂၇၅
၃၁၃.၃
Caveat Registration fee
လက်မှတ်ထိုးခ
၆၄.၄၅
မီးသတ် အာမခံ
၅ နှစ်စာ
၅.၅၀
Home Protection Scheme
၂၂ နှစ်စာ
၁၇၃.၂၂
စုစုပေါင်း
၃၂,၀၆၆.၄၇


လစဉ် ပေးငွေ ၂၅ နှစ် - အစိုးရ (HDB) အတိုးနှုန်း ၂.၆% - ဒေါ်လာ ၁၀၈၀. 
--------------------------------------------------------------------------------------------------------------


ကား
စလုံးမှာ ကားစီးမယ်ဆိုရင်.. အပေါဆုံးကားကနေ စပြီး စဉ်းစားကြတာပေါ့…  စလုံးမှာ အသစ်စက်စက် ဈေးအပေါဆုံးကားဆိုရင် ၁၀နှစ်စာ COE အပါ ဒေါ်လာ ၇၃၀၀၀ လောက်ဈေးလို့ အကြမ်းဖျင်းထားလိုက်ပါ...

၁၀ နှစ်စီးလို့ရသည့် ကားအသစ် - ဒေါ်လာ ၇၃၀၀၀ (1600 cc) - ၁,၂၉၂ ဒေါ်လာ

၁၀ နှစ်စီးလို့ရသည့် ကားအသစ် - ဒေါ်လာ ၇၃၀၀၀ (1600 cc) - ၁,၂၉၂ ဒေါ်လာ

10 Years
Per Annum
၁ လ
ကား + COE
၇,၃၀၀၀
၇,၃၀၀
၆၀၈
Road Tax

၅၀၆
၄၂
အာမခံကြေး

၁,၂၅၀
၁၀၄.၁၇
ကားပါကင် + ဆီ

၎,၀၀၀
၃၃၃.၃၃
ကားပြင်

၁,၅၀၀
၁၂၅
အတိုး (ချေးငွေ)

၅,၇၀
၄၇.၅
ကားရေဆေး


၃၂
တစ်လကုန်ငွေ


၁,၂၉၂ ဒေါ်လာ
 ------------------------------------------------------------------------------------------------------------

ကလေးကျောင်းစရိတ်


1 comment:

  1. ပြည့်ပြည့်စုံစုံလေးသိခွင့်ရတာကျေးဇူးပါကွယ် AH ရေ.....
    စကားမစပ်တီတင့်ဆီ စာမူအရောက်ပို့ပေးပါအုံးနော် ❤️

    ReplyDelete