စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, January 28, 2018

ကျွန်တော်နှင့် ဘုံဘေအပိုင်းအစများ ၂

ဘောလီဝုဒ်
            ဘောလီဝုဒ်သည် ဘုံဘေတွင် အခြေစိုက်လေ၏။  အမီတာဘချမ်း၊ ရှရွတ်ခမ်း၊ အမီရာခမ်း၊ ရှာမန်ခန်း၊ ကပူးခန်း၊ ခရီတီ ဆနွန်၊ အလီယာ ဘတ် အစရှိသော ကျွန်တော်သိသော၊ မသိသော မင်းသား မင်းသမီးတို့သည် ဘုံဘေတွင် နေထိုင်ကုန်ကြလေသည်။  ပြီးခဲ့တဲ့ စနေနေ့က အေးဂျင့်ဆီမှ ကားသမားလေးက တစ်နေကုန်မောင်းပေးမည်၊ ရူပီး ၂၀၀၀ ပဲပေးဆိုပြီး တနင်္ဂနွေနေ့အတွက် အောက်ဆိုဒ်ရှာလေသည်။  တစ်နေကုန်မောင်း ရူပီ ၂၀၀၀ ဆိုတော့ မြန်မာငွေ ၄ သောင်းကျော်ကျော်ခန့် ကျသင့်သောကြောင့် မဆိုးလှ သူငယ်ချင်းနှင့် ရှယ်လိုက်ပြီး တနင်္ဂနွေနေ့ ဘုံဘေမြို့ထဲ လျှောက်ကြည့်ကြသည်။  ကားဆရာ ကို ဘောလီဝုဒ် စတားတွေ ဟောလီးဝုဒ်မှာလို ကြယ်တွေဘာတွေနဲ့ လျှောက်တဲ့လမ်းရှိလားလို့မေးကြည့်တော့ ဘယ်လို သဘောပေါက်သွားတယ်မသိ… ကျွန်တော်တို့ကို မင်းသားအိမ်တွေ ကို ကားမောင်းပို့လေတော့သည်။ အစကတော့ ဘယ်ကိုသွားမှန်းမသိချေ… လူတွေ စုဝေး စုဝေးနှင့် အိမ်ရှေ့နားရောက်တော့ ကားကို ထိုးရပ်လိုက်သည်။ ပြီးတော့ ရှရွတ်ခန်း.. ရှရွတ်ခန်း… ဆိုပြီး အိမ်ကို လက်ညှိုးထိုးပြလေသည်။  သေသေချာချာမေးကြည့်တော့မှ အဲ့ဒါ ရှရွတ်ခန်းနေတဲ့ အိမ်ဆိုပြီး ကားတံခါးလာဖွင့်ကာ ဆင်းဟု ဆိုလေသည်။  လူတွေ တော်တော်များများ အိမ်ကြီးကို နောက်ခံထားပြီး Selfie ဆွဲနေကြသည်။  ရှရွတ်ခန်း၏ အိမ်နာမည်မှာ Mannat ဟူ၏။  ရှရွတ်ခန်းရောဆိုတော့… တွေ့ချင်ရင် ပြန်လာတဲ့အထိ စောင့်ရမှာပေါ့… ဆိုသောကြောင့် ဓာတ်ပုံပင် ရိုက်ခဲ့ရလေသည်။


ထို့နောက် နောက်ထပ်တစ်အိမ်သို့ ထပ်မောင်းပြန်လေသည်… အဲ့ဒါ ရှာမန်ခန်းရဲ့ အိမ်  Galaxy Apartment လေ ဆိုတော့ အော်.. အင်း… ဟုဆိုပြီး ဓာတ်ပုံ ကချပ်ရိုက်လိုက်သည်။ 



ထို့နောက်… နောက်တစ်အိမ်.. Feeder One ဟုရေးထားသည်။  

အဲ့ဒါ အာမီရာ ခန်းရဲ့ အိမ်။  အော်.. ဟုတ်လား အင်း…. ကားပေါ်က ဆင်းဦးမလား
ဟင့်အင်း မဆင်းတော့ဘူး…
အဲ့ဒါဆို နောက်တစ်အိမ် လိုက်ပို့ပေးမယ်နော်… ဒီလမ်း တစ်ကြောလုံးမှာ မင်းသား မင်းသမီးတွေ အများကြီးနေကြတာ.. 
ကိုယ်တော်လေး.. တော်ပြီ။  နင့်ဟာက အိမ်ပွဲစားဖြစ်နေပြီ… တစ်ခြား စိတ်ဝင်စားစရာ နေရာလေးဘာလေပြ ဆိုတော့
Gate Way of India သွားမယ် ဆိုပြီး… အဲ့ဒီဖက်ကို မောင်းလေသည်

Gate Way of India

            ၁၉၁၁ မှာ ဗြိတိန် ဘုရင် King George V နှင့် ဘုရင်မ မေရီတို့ ဒေလီကိုဝင် ဘိတ်သိတ်ခံပြီးရင် ဘုံဘေသို့ ခြေကြွခြင်းအတွက် တည်ဆောက်ခြင်းဖြစ်သည်။  သို့သော် အဆောက်အဦးကြီးမှာ အဲ့ဒီအချိန်က တည်ဆောက်မပြီးသေးသည့်အတွက် ဘုရင်နှင့် ဘုရင်မ တို့မှာ ပုံစံတူ Model လေးသာ ကြည့်ခွင့်ရခဲ့ရသည်ဟူ၏။  ဗြိသျှတို့ ဘုန်းမီးနေလ ဆီခမ်းပြီး အန္ဒိယ လွတ်လပ်ရေးရပြီး နောက်ဆုံး ဗြိသျှစစ်သားတွေ ဒီ Gate way of India မှာ ဖြတ်သန်းပြီး ပြည်တော်ပြန်ခဲ့ကြသည်။  ခုတော့ ခရီးသွားတို့ လာရောက်ကြည့်ရှု့သောနေရာ ဖြစ်နေပြီ။

Shopping
နောက် ဘယ်သွားဖြစ်သေးလဲဆိုတော့ Marine Drive (ကမ်းနားလမ်း) မှာ လမ်းလျှောက်ဖြစ်သည်။  ဘုံဘေစတိုး ဆိုသောနေရာသို့ရောက်သည်။  စတိုးထဲတွင် ဘုရားပေါင်းများစွာကို အေးချမ်းစွာ စုစုစည်းစည်းမြင်ခဲ့ရသည်။  ဗုဒ္ဓဘုရားရှင်၏ ဆင်းတုတော်တွေရှိသည်။  ဟန္ဒူဆင်းတုတော်များစွာ… ရှီဝ၊ မဟာပိန္တွဲ၊ သူရသတီ.. စသည် စသည်အားဖြင့် အမျိုးပေါင်း စုံလင်လှသည်။  အန္ဒိယ နာမည်ကြီး နေရာတွေ၊ ယဉ်ကျေးမှု့ကို ဖော်ညွှန်းထားသော သစ်ထွင်း ပန်းချီလေးကို သဘောကျလို့ ၀ယ်လိုက်သည်။  နောက် သစ်မွှေး စိတ်ပုတီးဝယ်သည်။  အသောကမင်းကြီးရဲ့ အထိန်းအမှတ် အရပ်လေးမျက်နှာကို မျက်နှာမူနေသော ခြသေ့င်္ရုပ်ပါသည့် တိုင်သေးလေးဝယ်သည်။  ကင်မရာလေးမှာ SD Card ထဲ့မထားမိကြောင်း ပုံပေါင်းများစွာ ရိုက်ပြီးနောက် သိလိုက်ရသောအခါ ကိုယ့်နဖူး ကိုယ်ရိုက်ဖို့သာရှိတော့သည်။   
နောက် ဈေးထဲလျှောက်ကြည့်သည်။  ဖုန်းနှင့်ရိုက်သည်။  ရန်ကုန် မြို့ထဲမှာလိုပင် ဈေးဆိုင်နှင့် လူတွေ စည်းဝါးကိုက်နေကြသည်။  လူလှိုင်းကြားထဲ စီးမျောလိုက်သည်။  ထို့နောက် အန္ဒိယအ၀တ်ဆိုင်သွားချင်သည်ဟု ကားဆရာကိုပြောလိုက်တော့ Suvida သို့ပို့သည်။ Pre wedding နဲ့ wedding ၀တ်သော အ၀တ်တွေရှေ့မှာ ပြထားသည်။  ကျွန်တော်တို့ ကြည့်တော့သာ အန္ဒိယ ၀တ်စုံဟုသာမြင်တာ.. သူ့မှာ လဲ မျိုးကွဲတွေမှ အများကြီး… ပန်ဂျပ်၊ ပန်ချာပီ စသည် စသည်အားဖြင့် သူ့နယ်နှင့် သူ့ဝတ်စုံမျိုး မျိုးကွဲသည်။  တစ်စုံလောက်တော့ ၀ယ်မည်ဟု စိတ်ကူးသော်လည်း အဲ့ဒါကြီး ၀တ်ပြီး လမ်းထဲလျှောက်သွားလျှင် ခွေးတွေကလိုက်ဆွဲ၊ ကလေးတွေက နောက်ကလိုက်နှင့် အရူးကြီး ဖြစ်မည်စိုးသောကြောင့် မ၀ယ်ဖြစ်ချေ။  သူငယ်ချင်းကတော့ ဆာရီတွေ သွားကြည့်နေသည်။  ဘာလုပ်ဖို့လဲမေးတော့ မိန်းမကို ၀မ်းဆက် ချုပ်ဝတ်ခိုင်းမည်ဟူ၏။  အင်း ဆာရီတစ်စုံဆိုလျှင် ၀မ်းဆက် ၂ စုံစာရသည်။  ဒီကောင် စီးပွားတွက်တော့ အကောင်းသားဟု ထင်မိသည်။  ထိုဆိုင်ထဲ ဘာဝယ်မလဲ လိုက်ကြည့်သော်လည်း အပြင်ဝတ်လို့ရမည့် အကျီင်္ရှာမတွေ့သောကြောင့် မ၀ယ်ဖြစ်ချေ။  ဘေးနားကဆိုင်မှ အန္ဒိယပုံစံ လည်းပါ၊ အပြင်လဲ ၀တ်လို့ရ၊ ဒီဇိုင်းနဲနဲ ဆန်းသည့် အကျီင်္လေးတွေတွေ့သောကြောင့် ၀ယ်ဖြစ်သည်။ 









နောက် Phoenix Mall သို့ရောက်သည်။  Mall တွေမှာ တွေ့နေရသော Brand တွေတော်တော်များများ တွေ့ရသည်။  Luxury brand တွေတော့မရှိချေ။  မြင်နေကျအရာအားလုံး ဘာမှ မ၀ယ်၊  အစိုးရကို အခွန် ၉ ရာခိုင်နှုန်း၊ ပြည်နယ်အစိုးရကို အခွန် ၉ ရာခိုင်နှုန်းဆိုတော့ စလုံးထက်ဈေးကြီးသည်။  အန္ဒိယပြည်ထုတ် ခေါက်အိတ်ကလေးတစ်လုံး ၀ယ်ဖြစ်သည်။   ထူးဆန်းတာဆိုလို့ Samsonite Black ဆိုသော အိတ်ကလေးတွေကို Samsonite ဆိုင်မှာ တွေ့ခဲ့ခြင်းသာဖြစ်သည်။ ၀ယ်ဖို့ တာစူသော်လည်း ကျွန်တော့် ရှု့မငြီးသိလျှင်.. ရှင့်.. ဘယ်အိတ်မှ သေသေချာချာ မကိုင်ပဲနဲ့ အသစ်ကြီးပဲ လျှောက်ဝယ်နေတယ်ဟု Rap ရွတ်တော့မည်ကို သိသောကြောင့် မ၀ယ်ခဲ့တော့ချေ။ Road Show ပွဲလေးရှိသည်။  ကုလားမလေးတွေ ခေတ်မီသား၊  ဘက်စကက်ဘောကွင်းနှင့် Road Show မှားပြီး Cheer Leader costume နှင့်  ကကွက်တွေ ကနေသည်တစ်ခုသာ နဲနဲ ကြည့်ရဆိုးသည်။






ကျွန်တော်နှင့် ကုလားစာများ
            ရောက်ခါစကတော့ အလွန်ကို စားလို့ကောင်းချေသည်။  စားလို့ကောင်းတာမှ လာချသမျှကို မကုန်ကုန်အောင် ဗိုက်ကို ဟိုဘက်လှည်လိုက် ဒီဖက်လှည့်လိုက်နှင့် စားပစ်ခြင်းဖြစ်သည်။  တစ်ဆိုင်နှင့် တစ်ဆိုင် ချက်ပုံခြင်းမတူ၊  စားလို့ အလွန်ကောင်း၏။  စားလို့ ကောင်းတာမှ ကုလားပြည်က ကုလားတွေနှင့် လွန်စွာမှ တူသော ဗိုက်တစ်လုံး သက်သေခံလာသည်။  ထူးဆန်းသည်မှာ ဗိုက်သည် ချက်အောက်တွင် ပူသည်သာမက ချက်အထက်မှ ရင်ခေါင်းအထိ ပူတက်လာလေသည်။  ဟော်တယ်ထဲမှာ အိပ်ထမတင်၊ Plank၊ Push Up များ လုပ်သော်လဲ ဒီဗိုက်မှာ အပြုံးပင် မပျက်ချေ။ ထို့ပြင် ကုလားစာများကို အားပါးတရ စားပြီး ၁၀ ရက်လောက်ကြာသောအခါ ဟင်းနံ နှင့် ဟင်းခတ်အမွှေးအကြိုင်တို့၏ ပြင်းထန်မှု့ကို တဖြည်းဖြည်း သတိထားမိလာသည်။  ကိုယ့်ကိုယ်ကို ကုလားစော်နံလာသည်ဟု ခံစားမိလာသည်။  
              သို့သော် နံပြား နှင့် ရိုတီ ကို ကောင်းကောင်းကြီး ခွဲတတ်သွားပြီ ဖြစ်သည်။  ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ခေါ်သော နံပြားသည် ရိုတီဖြစ်ပြီး၊  သူတို့ဆီမှ နံပြားသည် ရိုတီထက်ပိုပြီး နူးညံသည်၊ ခပ်ရှည်မျောမျောဖြစ်သည်။  ပြသနာမှာ ထိုအစားအစာများမှ လွဲပြီး ကျန်တာစားစရာ မရှိချေ။  တရုတ်အစားအစာဟု ရေးထားသော်လည်း မဆလာမလွတ်ချေ။  ခေါက်ဆွဲပါသော အစားအစာကို တရုတ်စာဟုခေါ်ပြီး အရသာမှာ ကုလားအရသာပင် ဖြစ်သည်။  စီချွန်၊ ဟကာ့(ဟောက်ကရန်း) ခေါက်ဆွဲဟုသာခေါ်သည် တရုတ်ပြည်တွင် ထိုအရသာမျိုး တစ်ခါမှ မစားဖူးချေ။  ထို့ကြောင့် နေ့စဉ် အစားအသောက်မှာ ကျွန်တော့်အတွက် ကသိကအောက်ရောက်ရသော ပြသနာဖြစ်သည်။  ကုလားစာမှ လွဲပြီး တစ်ခြားစားစရာ ဘာမှ မရှိချေ။  ဘူဖေးဆိုင်တွေကို ရှောင်လိုက်သည်။  ကျန်တဲ့ဆိုင်တွေမှာ ခရမ်းချဉ်သီးလေး နှစ်လုံးလောက်၊ သခွားသီးစိပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါးပါးလှီးထားတာကို သံပရာသီးညှစ်… အဲ့ဒါလေးတွေကို နံပြားနှင့် အသားဟင်းတစ်မျိုးမျိုးကို မနက်၊ ည လွေးရသည့် အခြေအနေရောက်လာသည်။  မဟန်ချေ။  မြန်မြန်ပြန်မှ ဖြစ်တော့မည်။  လမ်းဘေးစာတွေကို မစားရန် ရုံးမှ လမ်းညွှန်လိုက်သည်။  ရှေ့မှာသွားဖူးသူတွေ ရှောဘရားသားလိုက်ပြီး  ဆေးရုံရောက်သွားသော သင်ခန်းစာများရှိသည်။  သီရိလင်္ကာ ကိုထွက်သွားသော ကျွန်တော့် ရုံးမှ တစ်ယောက်တော့ အကြွေစောသွားရှာသည်။  သင်္ဘောကျင်းမှာ ရုတ်တရက် နှလုံးရပ်သွားခြင်းဖြစ်သည်။  စိတ်လျှော့မှ ဖြစ်မည်။ ကျွန်တော်ရေးဖူးတဲ့ ကဗျာလေးလို လွှတ်ချကြည့်ဖို့လိုသည်။ 













1 comment:

  1. ကုလားစာစစ်စစ်တွေစားချင်လိုက်တာ ။ အစ်ကိုလည်ခဲ့တဲ့နေရာတွေကတော့ အရမ်းကြီး မညစ်ပါတ်လှဘူးနော် ။ တော်ပါသေးရဲ့ ။

    ReplyDelete