အင်ဒိုနီရှား ဘက်တမ်ကျွန်းဖက်ကို
အလုပ်ကိစ္စနဲ့ မကြာခဏဆိုသလိုရောက်ဖြစ်ပေမယ့် ဖာအောက်တောရကျောင်းရှိမှန်းကို မသိတာ။ ရုံးက အကိုတစ်ယောက်က မင်း ဘုန်းကြီးကျောင်းလေးဘာလေး
သွားချင်ရင် အားတဲ့ တစ်ရက်သွားလိုက်ဦး ဆိုတော့မှ ဟင်.. ဒီကျွန်းမှာ ဘုန်းကြီးကျောင်းရှိလားဆိုပြီး
မေးဖြစ်တော့တယ်။ ဒီတစ်ခေါက် အလုပ်က စနေရော၊
တနင်္ဂနွေရော သင်္ဘောပေါ်က ခွာမရတော့ ဘုန်းကြီးကျောင်း ရောက်ဖြစ်ပါ့မလားဆိုပြီး ထင်မိသေးတယ်။ ရေခြားမြေခြားမှာ အနေကြာတဲ့ အခါ ကျွန်တော့်အတွက်
ဒုက္ခရောက်တာက ပတိရူပ ဒေသာဝါသောစ၊ သင်တင့်လျှောက်ပတ်သော နေရာဆိုတာကြီးပင်။ ၀မ်းတစ်ထွာအတွက် ထားရာနေ၊ စေရာသွားနေရသော ၀န်ထမ်းဘ၀ဖြစ်နေလေရာ
ရောက်ရာအရပ်၊ ဆွမ်းကပ်စရာ မရှိသောဘ၀မှာ ကိုယ့်ကိုကိုယ် အတော့်ပင် သနားစရာကောင်းလှသည်။ ဗုဒ္ဓမြတ်စွာကို ရည်စူးပြီး ဆင်းတုတော်များကို ဆွမ်းကပ်သော်လည်း
တရားဒေသနာများကို ဟောကြားပေးမည့် ဆရာတော်များနှင့် ကင်းရာမြေပေါ်မှာ နေရထိုင်ရသည်မှာ
ဒုက္ခတစ်မျိုးဖြစ်သည်။ ဘက်တမ်ကျွန်းပေါ်မှာ အခြေကျနေသည့်
မြန်မာတွေလည်း ထိုနည်းတူ ခံစားချက်မျိုး ရှိလိမ့်မည်ထင်သည်။