စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, July 25, 2012

ဝယ်ကြဦးမလား ဘွဲ့လက်မှတ်များ


          အကောင်ကြီးကြီး အမြီးရှည်ရှည်ဆိုတာ ကြားဖူးမှာပေါ့။  အမြီးရှည်လို့ အကောင်ကြီးတာလား၊ အကောင်ကြီးလာလို့ အမြီးတွေရှည်လာတာလားတော့ သေချာမသိ။  သို့သော် ၂၁ ရာစုမှာတော့ လူတိုင်း အမြီးရှည်မှ အကောင်ကြီးဖို့ ပိုမို အခွင့်အလမ်းရှိမည်ဟု ယုံကြည်လာကြသည်။  ဆိုလိုတာက ရာထူးကြီးကြီးရဖို့ရာ အတွေ့အကြုံသာမက ပညာရေး လက်မှတ်တွေလည်း လိုလာကြသည်။     ပညာရေးလက်မှတ်တွေ ရှိမှ ရာထူးမြင့်မြင့်ရနိုင်မယ်လို့ ယုံကြည်လာကြလေတော့ များများလေ့လာရမှာပေါ့လေ။  များများလေ့လာနိုင်ဖို့ကတော့ တက္ကသိုလ်တွေတက်ပေါ့။  တက္ကသိုလ်တွေက ကျင်းပတဲ့စာမေးပွဲတွေကို အရည်အချင်းရှိရှိ ဖြေနိုင်ရင်တော့ ဘွဲ့လက်မှတ်ရ၊ ရတော့ အမြီးထပ်ရှည်၊ ရာထူးတိုးဖို့ ပိုလွယ် ဒီလိုမျိုးပေါ့။  ဆိုလိုတာက တတ်ထားတဲ့ ဘွဲ့ဟာ အသုံးချလုပ်ငန်းအတွက် အထောက်အကူဖြစ်ရမယ်ကို ဆိုလိုတာပါ။  ဒီနေ့ သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။  တရုတ်နိုင်ငံက ရောင်းနေတဲ့ ဘွဲ့လက်မှတ် အကြောင်းတွေပါ။  အတုအကုန်လုံး တရုတ်မှာ ပေါတယ်။  ကားလည်း အတုရှိတယ်၊ တံဆိပ်မျိုးစုံ အတုရှိတယ်.. ဟော အခုတောင် အိုင်ဖုန်း၅ ကြိုမှာလို့ရပြီဆိုပြီး တစ်ချို့ဆိုင်တွေမှာ ကြော်ငြာနေပြီ။  ပန်းသီးကတောင် တရားဝင်မထုတ်သေးဘူး။  စတိဂျော့ဘ်သာ ဒီသတင်းကြားရင်တော့ အုတ်ဂူထဲကနေ ရင်ထုနေရမယ့် ကိန်း။  ဒီတော့ ဘွဲ့လက်မှတ် အတုတွေ ၀ယ်လို့ရတာလည်း မဆန်းလှပါဘူး။  တရုတ်နိုင်ငံတွင်းမှာ နှစ်စဉ်နှစ်တိုင်း ဘွဲ့ရတဲ့ မောင်၊မယ် သစ်လွင် အရေအတွက် ဘယ်လောက်ထင်သလဲ?  ၇ သန်းတဲ့ဗျ။  ဒီတော့ သူတို့ရတဲ့ ဘွဲ့နဲ့ ကိုက်ညီမယ့် အလုပ်ကို ရှာဖို့၊ လစာကောင်းတဲ့ အလုပ်တွေရှာဖို့ ဆိုတာကလည်း စိန်ခေါ်မှု့တစ်ရပ်ပေါ့လေ။  ဒီကြားထဲ ဘွဲ့လက်မှတ် အတုတွေ ကိုင်ထားတဲ့ လူတွေပါ ရောတိုးတော့ လူငယ်တွေအတွက် အခက်အခဲပိုများလာတယ်လို့ဆိုပါတယ်။

          ဘွဲ့လက်မှတ်အတုကလည်း မျိုးစုံရှိပါတယ်။  ခင်ဗျားတို့ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်က ဘွဲ့လိုချင်လဲ ရှိပါတယ်။  အဆိုပါ တက္ကသိုလ်တွေနဲ့ ဆင်တူရိုးမှာ နာမည်တွေနဲ့ ၀ဘ်ဆိုဒ်တွေထောင်ပြီးတော့ကို လက်မှတ်တွေ ဖောဖောသီသီကို ရောင်းပေးနေတာပါ။  တရုတ်နိုင်ငံတွင်း တက္ကသိုလ်ပေါင်း ၁၀၀ ကျော်ရဲ့ ဘွဲ့လက်မှတ်တွေကိုလည်း အတုလုပ်ပြီး ရောင်းသေးသပ။  သူတို့ရဲ့ ဘွဲ့လက်မှတ်တွေကို အဓိက ၀ယ်ယူတဲ့လူတွေကတော့ ကုမ္ပဏီတွေက အိတ်ဇက်ကတစ် (Executive) လိုမျိုး လူကြီးပိုင်းတွေက ၀ယ်ကြတယ်လို့ ဆိုပါတယ်။  အကောင်ကြီးတော့ အမြီးရှည်ရှည်လိုချင်လို့နဲ့ တူပါရဲ့။  ပြီးခဲ့တဲ့ ဧပြီလမှာ ဘေဂျင်းက လူကိုးယောက်ကို အမေရိကန်မှာ တစ်ကယ်မရှိတဲ့ တက္ကသိုလ်တွေရဲ့ ဒီပလိုမာလက်မှတ်တွေ အတုရောင်းမှု့နဲ့ ဖမ်းပြီးတော့ အမေရိကန် ဒေါ်လာ ၃ သောင်းလောက် ဒဏ်ရိုက် လိုက်တယ်လို့ဆိုပါတယ်။  ဒါပေမယ့် တရုတ်လူငယ်တွေကြားထဲမှာတော့ ပညာရေးအစစ်အမှန်ထက် ဘွဲ့လက်မှတ် လက်ဝယ်ရှိဖို့သာ အဓိကလို့ ယုံကြည်နေကြတယ်လို့ ရှန်ဟိုင်း တက္ကသိုလ်တစ်ခုက ရှောင်ဘင်ကျီး ကပြောသွားပါတယ်။  လူငယ်အများစုရဲ့ စိတ်ထဲမှာ ဘွဲ့လက်မှတ် ကောင်းကောင်းရှိရင် အလုပ်တွေက ၀င်ငွေကောင်းကောင်းနဲ့ ခေါ်တယ်၊ အလုပ်ဖြစ်တယ် လို့ ထင်နေကြတယ် လို့လဲ ဆိုသွားပါသေးတယ်။ ဆောင်းပါလေးကတော့ ဒီနေရာမှာတင် ပြီးသွားပေမယ့် ကျွန်တော် ဆက်ပြီးတွေးကြည့်မိတယ်။
          ဒါဟာ ကျွန်တော့် အမြင်တော့ ဒီလုပ်ရပ်ဟာ အန္တရာယ်များလွန်းတဲ့ မျိုးဆက်သစ်တွေကို မွေးဖွားခြင်းလို့ပဲ မြင်မိပါတယ်။  Organization ဆိုတာက သက်ဆိုင်ရာ Professional တွေရဲ့ စုရပ်ပါ။  လက်မှတ်အတုနဲ့ ဘွဲ့ အတုကြီးကိုင်ထားတဲ့ လူတစ်ယောက်ဟာ Organization ကြီးတစ်ခုလုံးကို drive လုပ်ရမယ့် ရာထူးလက်ခံလိုက်ပြီဆိုပါစို့။  ဒီအလုပ်နဲ့ ပါတ်သတ်ပြီးတော့ သူမှာ အခြေခံ အသိပညာ မရှိပါဘူး။  မရှိတဲ့အတွက် သူ လုပ်နိုင်တာက ငါ ထုတ်ကုန် ဒီလောက်ကို၊ ဒီနေ့ အပြီး လိုချင်တယ်၊  အဲ့ဒါပြီးအောင်လုပ်ဆိုပြီးတော့ စားပွဲခုံထု၊ လူတွေကို ပြောတတ်ရုံ၊ ဟောက်တတ်ရုံလောက်ပဲ ခေါင်းထဲမှာ အသိဥာဏ် ရှိပါတယ်။  ဒီ လုပ်ငန်းရဲ့ Process တစ်ခုလုံးကို သူ တိတိကျကျ မသိပါဘူး။  မသိတဲ့အတွက် လုပ်ငန်းတစ်ခုလုံး စဉ်ဆက်မပြတ် တိုးတက်လာအောင် ဘယ်လို ဖော်ဆောင်ရမယ်၊ ဘယ်နေရာတွေမှာ Bottle neck တွေ ရှိနေတယ်၊  ဘယ်နေရာတွေမှာ Research and development လိုနေတယ်၊ ဘယ်နေရာတွေမှာ Facility တွေကို မြှင့်တင်ပေးရမယ်၊ ဘယ်နေရာတွေမှာ Maintenance ပုံမှန် လုပ်ဖို့ဟာ အသက်လောက် အရေးကြီးတယ်၊ ၀ယ်ယူသူတွေရဲ့ အဓိက စိတ်ကျေနပ်မှု့ဟာ ဘယ်နေရာတွေမှာ ဖြစ်တဲ့၊ အဲ့ဒီနေရာတွေကို ကောင်းသည်ထက် ကောင်းအောင် ကြံဆောင်မယ်၊  စဉ်ဆက်မပြတ် ဖောက်သည် ရဖို့အတွက် ဘယ်လိုအဓိက ဗျူဟာတွေ မရှိမဖြစ် အရေးကြီးတယ် စသည်ဖြင့် စသည်ဖြင့် ဒါတွေကို သူမသိနိုင်ပါဘူး။ 
မသိတဲ့အတွက် သူ့ထက်သိတဲ့ သူလက်အောက်ငယ်သားတွေက အကျိုးအကြောင်းပြောပြရင် မင်းတို့ သောက်သုံးမကျဘူးလား၊ ဒါလေးတောင် ပြီးအောင် မလုပ်နိုင်ဘူးလားလို့ ပြောတတ်ရုံကလွဲလို့ သူ့မှာ ဖြေရှင်းနိုင်တဲ့၊ စဉ်းစားနိုင်တဲ့ ဥာဏ်ပညာမရှိပါဘူး။  မရှိတဲ့အတွက် သူ့ကိုယ်သူ သိမ်ငယ်စိတ်ဝင်လာမယ်၊ နောက်ပြီးတော့ သူရထားတဲ့ နေရာလေးကနေ ဖယ်ပေးလိုက်ရမှာကို စိုးရိမ်နေမယ်၊ ဒီကနေပြီးတော့ လူတိုင်းကို မယုံကြည့်တော့ဘူး၊  ဒီကနေပြီးတော့ organization ကြီးတစ်ခုလုံးကို ရန်သူလို့ သဘောထားလာမယ်၊ သူ့နေရာလေးကို လုလာမယ်လို့ ထင်တဲ့လူတွေကို နှိပ်ကွပ်မယ်၊ လုပ်ငန်းထဲမှာ ထက်ထက်မြက်မြက်ရှိလာတဲ့ အနာဂတ် လူငယ်လေးတွေကို နေရာဖယ်ပေးရမှာ စိုးတဲ့ စိုးရိမ်စိတ်နဲ့ နှိပ်ကွပ်မယ်၊ ကန်ထုတ်မယ်။  ရလဒ်ကတော့ Organization ကြီးတစ်ခုလုံး ချွတ်ခြုံကျသွားရုံကလွဲလို့၊ သူတစ်ယောက်ထဲ သူ့ဘ၀လေးကို ရပ်တည်နိုင်တာကလွဲလို့ နိုင်ငံအတွက်၊ ပြည်နယ်အတွက်၊ organization တစ်ခုအတွက် ဆုတ်ယုတ်မှု့ရလဒ်ကြီးပါပဲ။
နိုင်ငံတစ်ခုကို မစဉ်းစားပဲ၊ အလုပ်ရုံတစ်ခုထဲကို ကွက်ပြီးကြည့်မယ်ဆိုရင်တောင်မှ ခေါင်းဆောင်လို့ခေါ်တဲ့ Executive၊ CEO၊ GM ဆိုတဲ့ လူတွေရဲ့ ရေတို၊ ရေရှည် ဆုံးဖြတ်ချက်နဲ့ စီမံကိန်းတွေဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ အဆိုပါ အဖွဲ့အစည်းရဲ့ အောက်ခြေ သန့်ရှင်းရေးသမားကို မေးကြည့်ရင်သိနိုင်ပါတယ်။  ခေါင်းဆောင်ကောင်းဆိုတာက စီမံကိန်းတစ်လျှောက်လုံးကို ထုတ်ချင်းပေါက်မြင်နိုင်တဲ့ အရည်အချင်းရှိရပါမယ်။  ဒါတွေဟာ သူ့ရဲ့ ပညာရေး အခြေခံနဲ့ သူဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာ အခြေခံထားတာပါ။  လူမှန် နေရာမှန်၊ သူတတ်သိနားလည် ကျွမ်းကျင်တဲ့ အသိုက်အ၀န်းမှာသာ သူဟာ ဒီလိုမျိုး ရေရှည်မြင်နိုင်တဲ့ စွမ်းရည်ရှိမှာပါ။  မဟုတ်ရင် နတ်၊ သိကြားတွေ ဖန်ဆင်း သလိုမျိုး ဟမ် ချလောင်း လုပ်နိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။  စီမံကိန်းကို ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်ဟာ ဘယ်နေရာတွေဟာ အရေးကြီးတယ်၊ ဘယ်နေရာတွေမှာ အသေးစိတ် စီမံကွပ်ကဲဖို့လိုတယ်၊ ဘယ်နေရာတွေကို ဘယ်လို နည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို သူဟာ သိရှိနားလည်ပါတယ်။  ဒီအတွက် စီမံကိန်းတစ်ခုအတွင်းမှာပဲ အချိန်ကိုက် သူဟာ သင့်တော်တဲ့ လူကို သင့်တော်တဲ့ နေရာမှာ ထားပြီးတော့ လုပ်ငန်းပြီးစီးဖို့အတွက် နေရာချထားနိုင်ပါတယ်။  ဒီအပြင် အရေးကြီးတဲ့ နေရာတွေမှာလည်း အသေးစိတ်ကစလို့ ဘယ်လို ဘယ်ပုံ လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို လမ်းပြပေးနိုင်ပါတယ်။  လူတွေ ချစ်ခင်လေးစားလာအောင် လုပ်ဖို့ဆိုတာက ထွေထွေထူးထူး မလိုပါဘူး။  ဒီလိုမျိုး အရည်အချင်းနဲ့ ပြည်စုံတဲ့လူတွေကို သူ့ရဲ့ လက်အောက် ငယ်သားတွေ အလိုလို အားကိုးလာမယ်၊ ယုံကြည်လာမယ်၊ ချစ်ခင်လာမယ်၊ ဒီလို ခေါင်းဆောင်ကို ဆုံးရှုံးသွားရမှကို နှမြောတတ်လာမယ်။  ဒါဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်းပါ။
          ဆိုလိုတာက အဓိက ရေသောက်မြစ်ဖြစ်တဲ့ ပညာ အကြောင်းလေးကို အဓိက ပြောချင်တာပါ။  ပညာဆိုတာက ခေါင်းထဲမှာရှိတာပါ။  “ပညာ ရွှေအိုး လူမခိုး” ဆိုတာက ဒါကို ဆိုလိုတာပါ။ “ရွှေအိုး ရှိမှ ပညာရ” ဆိုတဲ့ ခေတ်ကို ကျွန်တော်တို့ ရောက်လာပါတယ်။  ဆိုလိုတာက ပညာသင်ဖို့အတွက် ငွေကြေးစိုက်ထုတ်မှု့ များလာပါတယ်။  ဒါပေမယ့် သင်ရတဲ့ ပညာဟာ စာရွက်ပေါ်မှာ ရေးခြစ်ထားတဲ့ ဘွဲ့လက်မှတ် အပေါ်မှာ မူတည်တာမဟုတ်ပါဘူး။  ပညာဟာ မိမိရဲ့ သင်ယူနိုင်စွမ်းနဲ့ မိမိရဲ့ အသုံးချနိုင်စွမ်းဆိုတဲ့ ဦးနှောက်၊ စဉ်းစားတွေးခေါ်မှု့အပေါ်မှာ အခြေခံတယ်လို့ ကျွန်တော်က မြင်မိတယ်။  ထိုမှတပါး လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ ပညာရေးစနစ်ဟာ ပေါ့ပေါ့ပါးပါး ပညာရေး စနစ်တစ်ခုသာ ဖြစ်ပါလိမ့်မယ်။  ပေါ့ပေါ့ပါးပါး ပညာရေးစနစ်ကို လေးနက်တဲ့ နေရာတွေမှာ အသုံးချလို့ မရနိုင်ပါဘူး။ ခေါင်းထဲမှာ ကိုယ်သက်ဆိုင်တဲ့ အလုပ်နဲ့ ပါတ်သတ်တဲ့ ပညာရပ် အခြေခံမရှိရင်၊ အတွေ့အကြုံတိုင်းကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။  အတွေ့အကြုံတွေကို နားမလည်ရင် သင်ခန်းစာယူလို့ မရနိုင်ပါဘူး။  သင်ခန်းစာမယူနိုင်ရင် ဒုံရင်းက ဒုံရင်း အဆင့်က မတက်နိုင်ပါဘူး။ ဆိုလေတော့ ပညာ ဆိုတဲ့ အဓိပ္ပာယ်ကို “ငွေ” ဆိုတဲ့ ယန္တရားနဲ့ ချိန်ပြီးတော့ မဆုံးဖြတ်ကြပါနဲ့လို့ တိုက်တွန်းပါရစေခင်ဗျာ။

       

10 comments:

  1. အဲဒီလက်မှတ်ကြီးတွေကိုင်ပြီး
    တကယ်လက်တွေ့လုပ်ရမယ်ဆိုတော့မှ
    ဘာမှမတတ်ရင် ရှက်စရာကြီး-------

    ReplyDelete
  2. တစ်ခါမှ လာမမန်.ခဲ.ဘူးပါ။ဖတ်ရုံသာဖတ်သွားဘူးပါတယ်။
    ဒီပို.စ်ကို သဘောကျလို. မန်.မယ်နော်။
    ဘယ်လောက်ပဲဘွဲ.တွေကို ငွေနဲ.ဝယ်ဝယ်။ကိုယ်တိုင် လက်တွေ.ဖြတ်သန်းပီးရယူခဲ.ခြင်းမဟုတ်ရင်
ုထိုပညာရပ်နဲ.သက်ဆိုင်တဲ. လက်အောက်ငယ်သားတွေကို ကောင်းကောင်း manage လုပ်နိုင်မှာမဟုတ်ပါဘူး။
    ကျွန်မတို.ရွှေပြည်ကြီးကလူတွေလဲ တရုတ်ပြည်ကလူတွေလိုအတတ်ကောင်းတွေ နမူနာမယူဖို. အရေးကြီးတယ်လို.ထင်ပါတယ်။
    မကြာခင်မှာ ကျွန်မတို.တိုင်းပြည်က တိုးတက်လာသလို ဒီလိုပြသနာတွေလဲအနည်းနဲ.အများရှိလာကြတော.မယ်ဖြစ်ပါတယ်။
    အခုကတည်းက ဒီလိုပို.စ်လေးနဲ.သတိပေးရေးသားတဲ.အတွက် စာဖတ်သူတွေသတိတရား၊အသိတရား ရရှိနိုင်တာမို.
    ဒီပို.စ်လေးအတွက်ကျေးဇူးပါနော်။

    ReplyDelete
  3. တစ်ခါမှ လာမဖတ်ဖူးပေမဲ့ ခေါင်းစဉ်လေးမြင်လို့ ပြောလာထှာ။
    အဟီး ဖတ်ပြီး ပြုံးသွားတယ်။ ကျုပ်တို့ မြန်မာပြည်မှာလည်း
    လက်မှတ်တုတွေ ရနေပါပြီ။ မိတ်ဆွေတစ်ဦးဆီက မြင်ခဲ့ပြီး
    ခပ်ယဲ့ယဲ့လေး ပြုံးဖူးခဲ့လို့။ ( ဝယ်ထားတဲ့လက်မှတ်ကလည်း အဟီး ကြောက်စရာကြီး)
    ဥပဒေအကြောင်းအရာမေးတော့ ဘာမှ မတိဘူး...ခိခိခိ..

    ReplyDelete
  4. ခောတ်ကာလကြောင့်လိုပဲ ပြောရမလား ..အတုတွေ ပိုစုံလာသလိုပဲ :)))

    ReplyDelete
  5. အကာကတော့ အနှစ်နဲ့မတူနိုင်ဘူးပေါ့ မောင်အောင်ထွဋ်ရေ။ အသိပညာမရင့်ကျက်သူတစ်ယောက်အနေနဲ့
    အလုပ်ကြီးအကိုင်ကြီး တစ်ခုကိုကိုင်တွယ်ရလည်း တဒင်္ဂပဲဖြစ်နိုင်ဘွယ်ရှိပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6.ွှအဲလိုတွေလား ...သြော်ခေတ်ကိုကအတုခေတ်ကို :P

    ReplyDelete
  7. တရုတ်တွေ အတုလုပ်တာကတော့ စံပါပဲ..ဘွဲ့ လက်မှတ်ကိုင်ပြီး တကယ်မတတ်ရင် ဂျောင်းပဲ..

    ReplyDelete
  8. ပြောရရင် အတုတွေများလာတော့ အစစ်ကတောင်အတုဖြစ်နေပြီဗျ။ ငြိမ်နေရတယ်။

    ReplyDelete
  9. သူငယ်ချင်းရေ...ရေးထားတဲ့ပိုစ့်ကောင်းတယ်ကွာ။ အတွေ့အကြုံတစ်ခုပြောရရင် ကိုယ့်ဆီမှာ အလုပ်လာလျှောက်တဲ့ သူနာပြုဆရာမရဲ့ ဘွဲ့လက်မှတ်ကအတုဖြစ်နေတယ်။ သာမန်လူတော့ သတိထားမိမှာမဟုတ်ပေမယ့် ကိုယ်ကသိနေတယ်။ ဒါပေမယ့် ကိုယ်ဘာမှ မပြောခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက အထူးကုဆေးခန်းတစ်ခုမှာ ဝင်လုပ်နေတဲ့ လုပ်သက်အတွေ့အကြုံရှိနေပြီလေ။ ဒါပေမယ့်သူငယ်ချင်းရေ...အတုနဲ့လုပ်စားနေတာကို သိသိကြီးနဲ့ ကိုယ့်ဆီမှာ ၃လ လုပ်သွားတယ်။ ကြုံလို့ အတုအကြောင်းပြောပြတာပါ။

    ReplyDelete
  10. မြတ်နိုးသူ(MUFL)July 26, 2012 at 8:31 PM

    ခေါင်းထဲမှာ ကိုယ်သက်ဆိုင်တဲ့ အလုပ်နဲ့ ပါတ်သတ်တဲ့ ပညာရပ် အခြေခံမရှိရင်၊ အတွေ့အကြုံတိုင်းကို နားလည်ဖို့ ခက်ခဲပါလိမ့်မယ်။ အတွေ့အကြုံတွေကို နားမလည်ရင် သင်ခန်းစာယူလို့ မရနိုင်ပါဘူး။ သင်ခန်းစာမယူနိုင်ရင် ဒုံရင်းက ဒုံရင်း အဆင့်က မတက်နိုင်ပါဘူး။ ဆိုလေတော့ ပညာ ဆိုတဲ့ အဓိပ္ပာယ်ကို “ငွေ” ဆိုတဲ့ ယန္တရားနဲ့ ချိန်ပြီးတော့ မဆုံးဖြတ်ကြပါနဲ့လို့ တိုက်တွန်းပါရစေခင်ဗျာ။
    ဟုတ်တယ်အရမ်းမှန်ပါတယ်
    ဗဟုသုတလေးတွေရသွားပါတယ်

    ReplyDelete