စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, January 30, 2012

တရုတ်နိုင်ငံ ဆောက်ပေးတဲ့ အီသီယိုပီးယားက Convention Center


          ဒီနေ့ သူငယ်ချင်းတစ်ယောက်က ပြလို့ အီသိယိုးပီယားနိုင်ငံ Addis Ababa မြို့မှာ တရုတ်နိုင်ငံက ဆောက်ပေးပြီး ပြီးစီးခဲ့တဲ့ Convention Center ကြီးကို တွေ့လိုက်ရပါတယ်။  အာဖရိက နိုင်ငံများ အစည်းအဝေးပြုလုပ်ရာ (African Union- AU) မှာ တည်ရှိတဲ့ ဒီ conference center ကြီးဟာ ၁၁.၃ ဟက်တာ ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ တည်ဆောက် ထားတာဖြစ်ပါတယ်။  ဒါ အဆောက်အဦးကြီးကို တရုတ်နိုင်ငံက လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၃၀ကျော်ကုန်ကျတယ်လို့ ဆိုပါတယ်။  တရုတ်နိုင်ငံဟာ သုံးနှစ်အတွင်းမှာ အာဖရိကနိုင်ငံတွေကို unsecured loan လို့ခေါ်တဲ့ အလွတ်တိုး (အပေါင်ခံ ပစ္စည်းမပါဝင်သော) ချေးငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ထုတ်ချေးမှာဖြစ်ပါတယ်။ 

          ဒါနဲ့ ပါတ်သတ်ပြီးတော့ ဖတ်မိတဲ့ လင့်ခ် လေး ၂ ခုက ကွန်မန့်လေးတွေကတော့ စိတ်ဝင်စားစရာလေးတွေပါ။  ဖတ်ချင်ရင်တော့ ဒီပိုစ့်အောက်က လင့်ကလေး ၂ခုကို သွားဖတ်ကြည့်ကြပါ။  ဒါလေးကိုဖတ်မိတော့လည်း ကျွန်တော်တို့ နိုင်ငံသာဆိုရင် ဘယ်လိုလုပ်မလည်းဆိုပြီး စပ်ဆက်တွေးမိပါတယ်။  အလောင်းမင်းတရားကြီး မုဆိုးဖိုရွာသူကြီးဖြစ်တုန်းကာလတုန်းက သစ္စာခံဖို့ သစ္စာရေသောက်ဖို့ လာတဲ့ အဖွဲ့နှစ်ဖွဲ့ကို ဘယ်လိုတုန့်ပြန်ခဲ့သလည်း?  ဘာဖြစ်လို့ အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံဟာ ကိုလိုနီနိုင်ငံဖြစ်မယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့ရတာလည်း?  သမိုင်းထဲက တောင်ဗီယက်နမ်နဲ့ မြောက်ဗီယက်နမ် စစ်ပွဲကြီး နောက်က ကြိုးကိုင်သွားတာက ဘယ်သူတွေလဲ? လက်ရှိမှာရော ကျွန်တော်တို့ ဘယ်သူတွေနဲ့ ဘယ်လိုနွှယ်ဖို့ စိတ်ကူး စိတ်သန်းကလေးများ ရှိသလည်းဆိုတာလေးက တော်တော်လေးတွေးစရာဖြစ်သွားပါတယ်။  နိုင်ငံတစ်နိုင်ငံဆိုတာကတော့ ကားတစ်စီးလို ကိုယ်သွားချင်တဲ့နေရာကို ရွှေ့ယူလို့မရလေတော့ ပထ၀ီအနေအထားက အတော်လေး စကားပြောပါတယ်။  သမိုင်းဆိုတာကလည်း ပြန်ပြင်လို့ရတဲ့ အရာမျိုးမဟုတ်လေတော့ လက်ရှိကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့တွေဟာ အနာဂတ်မြန်မာနိုင်ငံအတွက် သမိုင်းတစ်ခုအနေနဲ့ ကျန်ခဲ့မှာ ဖြစ်ပါတယ်။  နိုင်ငံတစ်နိုင်ငံဟာ ဧကစာရီ ကျင့်သုံးလို့မရတာကို ကျွန်တော်တို့ နှစ်ပေါင်း ၄၀ ကျော် ၅၀အချိန်တွေ ရင်းပြီး သိခဲ့ကြပါပြီ။  ဒီတော့ တံခါးတွေ ဖွင့်ရပါမယ်။  သို့ပေမယ့်လည်း တံခါးတွေ ဖွင့်လိုက်ရင် ဘာတွေဖြစ်လာမယ်ဆိုတာကတော့ ကျွန်တော်တို့ တွေရဲ့ ပါးနပ်စွာ ကိုင်တွယ်တတ်မှု့ပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်။  တိန့်ရှောင်ဖိန်ရဲ့ စကားလေးတစ်ခွန်းကိုတော့ သတိရမိပါရဲ့ စာသားအတိအကျတော့ မမှတ်မိတော့ဘူး သူဆိုလိုတာက "ပြုတင်းပေါက်ကိုဖွင့်လိုက်ပါ၊ နွေးထွေးတဲ့ နေရောင်ခြည်နဲ့အတူ မှက်၊ ခြင်၊ ယင်တွေလည်း ၀င်လာပါလိမ့်မယ်" ဆိုတာလေးပါ။
          Resource တော့ Resource ပေါ့လေ။  သဘာဝယံဇာတ အရင်းအမြစ်၊ လူ့အရင်းအမြစ် စသည်ဖြင့်ရှိတာပေါ့လေ။  သို့ပေမယ့် ဘယ် Resource က ပိုပြီးတော့ နိုင်ငံတစ်နိုင်ငံကို လျှင်မြန်စွာဖွံဖြိုးစေသလည်းဆိုတာကတော့ ကျွန်တော်တို့ အိမ်နီးချင်း အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူကို လှမ်းကြည့်လိုက်ရင် မြင်ရမှာပါ။  ခုဆို ဗီယက်နမ်ကိုတောင် ကြည့်လို့ရနေပြီ….  ဗီယက်နမ်တွေရဲ့ စာကြည့်တိုက်မှာတောင် စာတွေ တော်တော်စုံနေပြီ ထင်ပါရဲ့။

Source : (Link 1, Link 2)


4 comments:

  1. မှတ်ခြင်ယင်တွေဝင်လာရင် ဘတ်တံကိုအားအပြည်သွင်းပြီး အဲပြတင်းပေါက်နေထိုင်စောင့်နေမယ် ရိုက်ချဖို့း)

    ReplyDelete
  2. "ပြုတင်းပေါက်ကိုဖွင့်လိုက်ပါ၊ နွေးထွေးတဲ့ နေရောင်ခြည်နဲ့ အတူ
    သာယာဖွယ်ကောင်းသောဌက်လေးတွေအသံကို သင်ကြားရပါလိမ့်မည်"

    ReplyDelete
  3. ကောင်းကျိုးနဲ့ဆိုးကျိုးဆိုတာကတော့အမြဲဒွန်တွဲနေမှာပဲ မောင်အောင်ထွဋ်ရေ။
    တိုးတက်ချင်ရင်တော့ဆိုးကျိုးကိုရင်ဆိုင်နိုင်ဘို့အသင့်အနေအထားရှိရမှာပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. မဒမ် - မီးက လာတစ်ချက် မလာတစ်ချက်နဲ့ မဒမ်က ဘယ်လိုလုပ် အားသွင်းမှာတုန်း ဟီး ဟိး
    မဂျက်စ် - အင်း ငှက်ကလေးတွေ အသံကိုလည်း ကြားချင်ပါရဲ့.....
    အန်တီတင့် - မှတ်ချက်ကလေးအတွက် ကျေးဇူးပါခင်ဗျာ၊ အင်း ရင်ဆိုင်ဖို့တော့ ပြင်ထားရမှာပေါ့နော်.....

    ReplyDelete