စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, December 27, 2012

၂၀၁၂ ကို ပြန်လှည့်ကြည့်ခြင်း (တဂ်)


          ၂၀၁၂ ကို ပြန်လှည့်ကြည့်လိုက်တော့ ဇက်နဲနဲ နာသွားသည်။  ကမ္ဘာကြီးကတော့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဆက်လည်နေတုန်းပါပဲ။  ဘာလိုလိုနဲ့ နှစ်သစ်ကိုတောင်ရောက်တော့မှာ။  သင်္ဘောကျင်းနဲ့ သတ်ပုတ်နေရင်း ခေါင်းထောင်ကြည့်လိုက်တော့ လား… လား… ၂၀၁၂ ကုန်တော့မှာပါလား ဟရို့။  မြန်လိုက်သည်ဖြစ်ခြင်း။ 
          ၂၀၁၂ မှာ ဘာမှ  ထူးထူးခြားခြားတော့ ကျွန်တော့်အတွက်မရှိလှ။  ၂၀၁၂ ဇန်န၀ါရီထဲက ရှန်ဟိုင်းမှာ သောင်တင်နေလိုက်သည်မှာ ခုချိန်အထိပင်ဖြစ်သည်။  ရှု့မငြီးနှင့် ရှန်ဟိုင်းမှာ ၃ လကျော်လောက် အတူရှိဖြစ်သည်။  ကျန်တဲ့အချိန်တွေမှတော့ လင်မယားနှစ်ယောက်က တစ်ယောက်တစ်နေရာစီ။  သူလည်း သူ့စာသူကျက်၊ ကိုယ်လည်း ကိုယ်အလုပ်ကိုယ်လုပ်နှင့် လုံးလည်ချာလပတ်လိုက်နေတုန်း။  ရွှေပြည်တော်ကြီးကို အပြီးပြန်ဖို့ကျတော့ ဘာလုပ်ရမှန်းကိုမသိ။  ပြန်လိုက်တိုင်း ယောင်တောင်တောင်နှင့် ပြန်လာဖြစ်သည်။
          တရုတ်တွင်နေရသည်မှာ တံခါးပိတ်ထားသလို ခံစားရသည်။  သင်တန်းလေးဘာလေး တက်ချင်လဲ lack of information ဖြစ်နေသည်။  တရုတ်စာဆိုတာကလည်း ကြည့်လိုက်ရင် နံရံမှာ ရိုက်ထားတဲ့ ခြင် တွေလိုမျိုး စာလုံးတွေဖြစ်သည်။  တစ်လုံးမှ နားမလည်။  စလုံးမှာလို ဟိုဟိုဒီဒီ သင်တန်းတွေ တက်ဖို့က အတော်ခက်သည်။  သိချင်တာအကုန်လုံးကို အင်တာနက်သာကြည့်နေရသည်။  အင်တာနက်ဆိုပြန်တော့လဲ တော်တော်များများ ဆိုဒ်တွေက ပိတ်ထားပြန်သည်။  ဟိုတယ်က ကွန်နက်ရှင်ကလဲ အတော့်ကို နှေးသည်။  ဆိုးလိုက်ပ။  နောက်ထပ် သင်္ဘော ၄၊ ၅ စီးလောက်ထပ်ဆောက်ပြီးလျှင်တော့ တရုတ်ကို ထပ်မသွားချင်တော့။  ရှု့မငြီး စာမေးပွဲတွေ ပြီးသွားလျှင်တော့ လျှောက်သွားဦးမည်။  တရုတ်ကလွဲလို့ ဘယ်နိုင်ငံဖြစ်ဖြစ်ပေါ့လေ။  ရောက်ရာပေါက်ရာ လျှောက်သွားမည်။  ရှု့မငြီး ကတော့ စလုံးမှာ အခြေကျအောင် စာမေးပွဲတွေ ဖြေပြီးတော့မှ နောက်တစ်နိုင်ငံရွှေ့လို့ကတော့ လက်သီးစာမိမည်ဟု ကျိန်းနေသည်။  တစ်နေရာထဲ အကြာကြီးနေရတာ ပျင်းဖို့ကောင်းလိုက်သည့် ဖြစ်ခြင်း။
          ဒီနှစ်ကတော့ ဘယ်မှ သိပ်မသွားဖြစ်။  စလုံးနှင့် တရုတ် အလုပ်ကိစ္စနဲ့ သွားလိုက်ပြန်လိုက်ကလွဲလို့ တစ်ခြားဘယ်ကိုမှ မသွားဖြစ်။  အဲ.. ရွှေပြည်ကြီးကိုတော့ တစ်ခေါက်ပြန်သည်။  မနေ့ကမှ ချောင်းသာ ပိုစ့်တင်ထားသည်။  ကျန်တာကတော့ တရုတ်ပြည်ထဲမှာပဲ အားရင် အားသလို လျှောက်သွားဖြစ်သည်။ 
          ဘလော့ဂ်ပေါ်မှာ ပိုစ့်အတင်ကျဲသွားတာ ၃ လ လောက်ရှိပြီဖြစ်သည်။  စုတ်ပြတ်သတ်နေသော ကွန်နက်ရှင်၊ ဆိုဒ်ကို ကျော်ရခွရသော ဒုက္ခ၊ မရှိသော အချိန်၊ ဘာမှန်းမသိသော အလုပ်ကိစ္စများ စသည် စသည် ဟု အကြောင်းပြချက်ပေးရမလိုဖြစ်နေသည်။  မည်သို့ပင်ဖြစ်စေ လာလည်ကြသော ဘလောဂ့်ပေါ်က သူငယ်ချင်းတွေနှင့် စာဖတ်သူတွေကို အားနာမိသည်။  ခုတော့ နဲနဲလေး ပြန်ပြီးအချိန်ရလာပြီဖြစ်သည်။  ကွန်နက်ရှင်ကတော့ နှေးတုန်း။  မည်သို့ပင်ဖြစ်စေ ပိုစ့်တွေ ပြန်ရေးဖြစ်မယ်လို့တော့ မျှော်လင့်ထားသည်။ ဘလောဂ့်တွေ လျှောက်လည်ဦးမည်ဟု ရည်ရွယ်ထားသည်။ 
ဒီပိုစ့်လေးကို စီအိုင်အေ အေးဂျင့်ကြီး မပစ်ပစ်က အစပြုပြီး ကိုမောင်ဘုန်း (မျောလွင့်တိမ်တိုက်တို့ နားခိုရာ) က ကျွန်တော့်ကို ရေးဖို့ တဂ်ထားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။  ၂၀၁၂မှာ ကမ္ဘာပျက်မသွားတော့ ၂၀၁၃မှာ ရှုလို့ရသေးသော လေထုထဲမှ လေများကို ၀၀ရှုကြပါစို့။   

6 comments:

  1. ၂၀၁၂ကို ပြန်လှည့်ကြည့်ခြင်းပြီးတော့ ၂၀၁၃ကို ကြိုတင်လှမ်းကြည့်ခြင်းဆိုပြီး တဂ်ရရင် ကောင်းမလား စဉ်းစားနေမိတယ်။း)

    ReplyDelete
  2. ဟုတ်ပါ့ ဆားပုလင်းရာ...တစ်နေရာထဲ အကြာကြီးနေရတာပျင်းစရာကြီး.....ကဲလား......၂၀၁၃ မှာပျော်ပျော်ကြီး လျှာက်သွားကြစို့လားဗျာ..... :)))

    ReplyDelete
  3. တရုတ်ပြည်ကြီးကိုတော့ရောက်ချင်သေးတယ်
    အလည်အပတ်ပေါ့နော် ၂၀၁၃မှစပြီး အမြဲပျော်ရွှင်ပါစေ

    ReplyDelete
  4. တရုတ်ပြည်ကြီးက ကွန်နက်ရှင်မကောင်းဘူးတဲ့လား ကိုအားထောင်ရေ
    2013 မှာ Everything OK ပါစေ၇ှင်.

    ReplyDelete
  5. နောင်တော်က တရုတ်ရောက်နေတာကို ... ဟုတ်ပဗျာ တရုတ်ပြည်မှာ online သုံးရတာ မြန်မာပြည်ထက်ဆိုးတယ်
    တစ်ခေါက်ရောက်ဖူးတယ် ဗျ ... ။

    ReplyDelete
  6. တရုတ်ကွန်နက်ရှင်ကလည်း မြန်မာပြည်အတိုင်းပါလား..မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ..

    ReplyDelete