COVID 19
က ဘာလဲ?
COVID 19
ဆိုတာ တော်တော်များများ သိပြီသား ဗိုင်းရပ်(စ်) Virus တစ်ခုပါ။  ကိုရိုနာဗိုင်းရပ်မျိုးကွဲတစ်ခု… severe acute
respiratory syndrome coronavirus 2 (SARS-CoV-2) ပါ။  အမျိုးအစားကတော့ Positive-strand RNA virus ထဲမှာပါတဲ့
နန်းကြိုးမျှင်လို မျက်စေ့နဲ့ မမြင်နိုင်တဲ့ အလွန်သေးတဲ့ အကောင်လေးပါ။  နည်းပညာ စကားလုံးတွေ တတ်နိုင်သလောက်ဖယ်လိုက်မယ်နော်။  ဖတ်လို့ ပိုပြီး အဆင်ပြေအောင်။  အဲ့ဒီအကောင်းလေးမှာ အဆီအခွံပါတယ်။  အဲ့ဒီအခွံပေါ်မှာ လက်တံလေးတွေရှိတယ်။  ဆပ်ပြာရည်က အဲ့ဒီ အဆီအခွံကို ပြိုကွဲအောင်လုပ်နိုင်စွမ်းရှိတယ်။  အခွံပေါက်ရင် အထဲက အကောင်သေရော။  အဲ့ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ ခဏခဏဆေးဖို့ လိုအပ်တာပါ။
အဲ့ဒီအကောင်လေးတွေက
သူ့ဟာသူ မျိုးမပွားနိုင်ဘူး။  Host လို့ခေါ်တဲ့
သူတို့ တွယ်ကပ်လို့ရတဲ့ သတ္တ၀ါ၊  အခု COVID
19 ဆိုရင် လူတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ဆဲလ်တွေကို တွယ်ကပ်နိုင်ပြီး ၀င်ရောက်ခုအောင်းကာ
အဆမတန် မျိုးပွားထုတ်နိုင်ပါတယ်။  အဲ့ဒီတော့
Positive-strand RNA virus တွေထဲမှာ COVID-19 virus အပါအ၀င် အသည်းရောင်အသားဝါ C ပိုး၊  ငှက်ဖျားပိုး၊ SERS၊ MERS စတဲ့ ဗိုင်းရပ်စ်တွေလဲ
အုပ်စုဝင်တွေလို့ ပြောပါတယ်။
COVID 19
ဘယ်ကစလဲ၊ ဘယ်လိုစလဲ?
ပြောရရင်တော့
သူ့ ဘိုးဘေးတွေအကြောင်းက စရမယ်ထင်ပါတယ်။  ဗိုင်းရပ်စ်ဆိုတဲ့
သက်ရှိအရာက ကျွန်တော်တို့နဲ့ ရောထွေးအသားကျနေတာ နှစ်ပေါင်းများစွာ ကြာလှပါပြီ။  ဒီအကောင်တွေက ကပ်ပါးတွေပါ။  သူတို့ အသက်ရှင်သန်ဖို့ Host တစ်ခုလိုပါတယ်။  တိရိစ္ဆာန်၊ လူ၊ အပင်တွေအပါအ၀င် ဘက်တီရီးယားတွေအထိအောင်
ဝင်ရောက်ကပ်ခိုဝင်ပြီး နောက်ထပ် မျိုးတွေ ထပ်ထပ်ပြီး ပွားပါတယ်။  ဗိုင်းရပ်စ်တွေထဲမှာ DNA မျိုးစိတ် နဲ့ RNA မျိုးစိတ်
ဆိုပြီး အထိက အုပ်စု နှစ်ခုခွဲပြီး လေ့လာတယ်လို့ ဆိုပါတယ်။   ဒီ
COVID 19 က positive strand RNA အမျိုးအစားပါ။ 
ဒီကပ်ပါးကောင်တွေက တောရိုင်း ငှက်တွေကိုယ်ထဲမှာ နဂိုထဲက ရှိနေတာပါ။  အဲ့ဒီကနေမှ ကြားခံ အကောင်တစ်ကောင်ကောင်ကို ကူးတယ်၊
နောက် အဲ့ဒီ ကြားခံ တိရိစ္ဆာန်တွေကနေတစ်ဆင့် လူကို ကူးစက်တာပါ။  ကျွန်တော်တို့ အသားကျနေတဲ့ ရာသီတုပ်ကွေး ဗိုင်းရပ်စ်၊
ကြက်ငှက် တုပ်ကွေး၊ ၀က်တုပ်ကွေး - H1N1 စတဲ့ ဗိုင်းရပ်စ်တွေ ကတော့ negative-sense,
single-stranded, segmented RNA ဗိုင်းရပ်စ်ပါ။ ဆိုတော့ RNA ဗိုင်းရပ်အုပ်စုဝင်ဖြစ်ပေမယ့်
သဘာဝ မတူညီပါဘူး။  
ရာသီတုပ်ကွေး
H1N1 influenza A စတာကတော့ စပိန်တုပ်ကွေးဆိုပြီး လူသိများပါတယ်။  ၁၉၁၈ ကနေ စလိုက်တာ ၁၉၂၀ အထိ ၄ နှစ်ကြာခဲ့ပြီး ကမ္ဘာ့လူဦးရေရဲ့
၃ ပုံ ၁ ပုံ ကူးစက်ခံခဲ့ရပြီးတော့ သန်း ၂၀ နဲ့ သန်း ၅၀ ကြား အဲ့ဒီ တုပ်ကွေးကြောင့်
သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။  စုစုပေါင်း ပထမလှိုင်းကနေ
စတုတ္ထလှိုင်းအထိ ကူးစက်မှု့လှိုင်း ၄ ကြိမ်ဖြစ်ခဲ့ပါတယ်။
Spanish
Flu ရဲ့ သားစဉ်မြေးဆက်ဗိုင်းရပ်စ်တွေကတော့ ခေတ်အဆက်ဆက် ဟိုနားပေါ်လိုက် ဒီနားပေါ်လိုက်နဲ့
ကူးစက်မှု့နှုန်းများတဲ့ H1N1 (၀က်တုပ်ကွေး) ဆိုပြီး ၂၀၀၉ ခုနှစ်မှာ ဖြစ်လိုက်တာ တစ်ကမ္ဘာလုံး
လူသန်း ၇၀၀ ကျော် ကနေ သန်း ၁၄၀၀ ကျော် ၀န်းကျင် ကူးစက်ခံရတယ်လို့ ဆိုပါတယ်။  ဒါဟာ ၂၀၀၉ ခုနှစ် ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းကနေ
၂၁ ရာခိုင်နှုန်းကြားရှိပါတယ်။ သေဆုံးနှုန်းရှိခဲ့ပေမယ့် ပုံမှန် တုပ်ကွေးကြောင့် သေတဲ့
လူဦးရေ ပမာဏလောက်ပဲ ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
COVID 19
ဗိုင်းရပ်မျိုးတူ SARS (SARS-CoV or SARS-CoV-1) ကတော့ ၂၀၀၂-၂၀၀၄ ကြားထဲမှာဖြစ်ခဲ့ပြီး
တရုတ်နိုင်ငံ ဂွမ်တုံးက စခဲ့တာပါ။  အဲ့ဒီတုန်းက
နိုင်ငံတစ်ကာမှာ လူ ၈ ထောင်ကျော်ကူးစက်ခံခဲ့ရပြီးတော့ ၈၀၀ ကျော်သေဆုံးခဲ့တဲ့အတွက် သေဆုံးနှုန်းဟာ
၁၀% ရှိပါတယ်။  အလွန် ပြင်းထန်ပါတယ်။ 
အာဖရိက ဖြစ်တဲ့
Ebola Virus အီဘိုလာ ဗိုင်းရပ်စ်ဆိုရင် အရမ်းပြင်းထန်ပါတယ်။  ရောဂါကူးစက်မိရင် ၂၅% ကနေ ၉၀% အထိ အသက်ရှင်ဖို့
အခွင့်အလမ်း မရှိပါဘူး။  သူက လူရဲ့ သွေး၊ ခန္ဓာကိုယ်က
ထွက်တဲ့ အရည်တွေက တစ်ဆင့် ကူးစက်တာပါ။  ၂၀၁၉
မှာတော့ အမေရိကန်က အီဘိုလာအတွက် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။  ကာကွယ်ဆေးပဲရှိပြီးတော့ ကုသဆေး အနေနဲ့ကတော့ သိပ်မယ်မယ်ရရ
မရှိပါဘူး။ 
ခု COVID
19 (SARS-Cov-2) ဘယ်ကစလဲဆိုရင်တော့ အားလုံးသိပြီးတဲ့အတိုင်း တရုတ်နိုင်ငံ ၀ူဟန်မြို့ကနေ
၂၀၁၉ ဒီဇင်ဘာလလောက်မှာ  စပြီး တွေ့တာဖြစ်ပါတယ်။  ဘယ်လိုစလဲ ဆိုတဲ့ မေးခွန်းကတော့ ခုချိန်အထိ အဖြေမရှိသေးပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကြားခံ တိရိစ္ဆာန် ဒါမှမဟုတ်
နို့တိုက်သတ္တ၀ါ ကနေ လူကိုကူးစက်သလဲဆိုတဲ့ အဖြေကို သဲလွန်စမရလို့ပါ။  COVID 19 ရဲ့ ပြင်းထန်မှု့ သေဆုံးနှုန်းကတော့ ခုချိန်ထိ
တစ်ကမ္ဘာလုံး အနေနဲ့ကြည့်ရင် ၂.၂ ရာခိုင်နှုန်းရှိပါတယ်။  ဒါဟာ ပုံမှန် တုပ်ကွေးထက် ၁၀ ဆ ပိုများပြီး  SARS (SARS-CoV-1) လောက်တော့ ပြင်းထန်မှု့မရှိတာကို
တွေ့ရမှာပါ။
COVID 19
ဟာ သမရိုးကျ ဗိုင်းရပ်စ်လား?
ဒါဟာလည်း
လက်ရှိ အငြင်းပွားနေတဲ့ အကြောင်းအရာတစ်ခုပါ။ 
စမ်းသပ်ခန်းကနေ
လူတွေက ထုတ်လုပ်ပြီး ဖြန့်လိုက်တာလား? – လက်ရှိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့
RNA ကို စမ်းသပ်လေ့လာမှု့တွေအရတော့ လူလုပ်ဗိုင်းရပ်စ်ဆိုတဲ့ သဲလွန်စကို မတွေ့ရှိရသေးပါဘူး။
ကြားခံ တိရိစ္ဆာန်
ဒါမှမဟုတ် နို့တိုက်သတ္တ၀ါကနေ လူကို ကူးစက်တာလား? - ဒီအတွက် သဲကွဲတဲ့ အဖြေ မရသေးပါဘူး။  ၂၀၀၂ SARS မှာတုန်းကတော့ လင်းနို့တွေကနေ မြွေပါလို့ခေါ်မလား
(Civet Cat) ဆိုတဲ့ အကောင်တွေဆီကို ကူး၊ အဲ့ဒီကတစ်ဆင့် လူကိုကူးတယ်လို့ဆိုပါတယ်။ တောင်အာဖရိက
အလွန်ပြင်းထန်တဲ့ အီဘိုလာဗိုင်းရပ်စ် ဆိုရင်လည်း လင်းနို့တွေကတစ်ဆင့် လူတွေ လင်းနို့တွေကို
ကိုင်တွယ် စားသောက်တာမှ ကူးစက်တယ်လို့ သိရပါတယ်။ 
၂၀၁၂ ဆော်ဒီမှာ စဖြစ်တဲ့ ကုလားအုပ်တုပ်ကွေး၊ Mars ဗိုင်းရပ်စ်ကတော့ လင်းနို့တွေကနေ
ကုလားအုပ်တွေဆီကို ကူး၊  အဲ့ဒီကတစ်ဆင့် လူကို
ကူးတယ်လို့ ဆိုပါတယ်။  Mars အတွက်လည်း ကာကွယ်ဆေး
မရှိသေးပါဘူး။
စမ်းသပ်ခန်းက
လင်းနို့တွေဆီက ကိုရိုနာဗိုင်းရပ်စ်ကို လူတွေက မျိုးကွဲဖြစ်အောင် အသွင်ပြောင်းစမ်းသပ်နေရင်းနဲ့
အမှတ်မထင် အပြင်ကို leak ဖြစ်သွားတာလား? – အရင် ထရမ့်အစိုးရလက်ထက်တုန်းကတော့ ဒီလို
သီအိုရီ ပြောခဲ့ပေမယ့် သိပ်ပြီးတော့ မတွင်ကျယ်ခဲ့ပါဘူး။  ဒါပေမယ့် အခု ဘိုင်ဒန် အစိုးရလက်ထက်မှာ ဒီ သီအိုရီရဲ့
အစကို ပိုပြီးတော့ ဆွဲထုတ်လာပါတယ်။  ဘာဖြစ်လို့လဲဆိုတော့
ကြားခံ သတ္တ၀ါရဲ့ ခြေရာကို ခုချိန်ထိ မခံမိသေးလို့ပါ။  လင်းနို့တွေမှာ မျိုးစိတ်တူ ကိုရိုနားဗိုင်းရပ်စ်တွေကို
သယ်ဆောင်နေတာ ၁၀ စုနှစ်ပေါင်းများစွာရှိနေတာ သိရှိခဲ့ပြီးပါပြီ။  ဒါပေမယ့် COVID-19 ဆိုပြီး ဖြစ်မလာခဲ့ပါဘူး။  လောလောဆယ်တော့ ရောဂါအကြောင်း အဓိကပြောချင်လို့ ကျန်တဲ့ဟာတွေ
ခဏ ဘေးဖယ်ထားပါရစေ။  ဒီရောဂါနဲ့ ဘယ်လိုဆက်ပြီး
စခန်းသွားမလဲဆိုတဲ့ အကြောင်းလေးကို ပြောပါရစေ။
COVID 19 ဘယ်လို ကူးစက်သလဲ?
အဓိကအားဖြင့် လူ မှ လူ ကို ကူးပါတယ်။ အများအားဖြင့် အသက်ရှု့လမ်းကြောင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ COVID 19 ကူးစက်ခံထားရတဲ့ လူ အသက်ရှုတာ၊ စကားပြောတာ၊ ချောင်းဆိုးတာ၊ နှာချေတာ၊ သီချင်းဆိုနေတာ ကတစ်ဆင့် အနီးအနားမှာ ရှိတဲ့ အခြားလူတွေရဲ့ အသက်ရှုလမ်းကြောင်း နှာခေါင်း၊ ပါးစပ်တွေထဲကို ၀င်ပြီး ကူးစက်ပါတယ်။
ရောဂါကူးစက်ခံရတဲ့
လူဆီကနေ ဗိုင်းရပ်စ်ပိုးတွေ ဘယ်လောက်အထိ ပျံနှံနိုင်လဲဆိုတာကတော့ ခုချိန်အထိ လေ့လာနေတုန်းပါ။  WHO က အရင်တုန်းကတော့ ဗိုင်းရပ်စ်ပိုးဟာ လေထုထဲမှာ
အကြာကြီး မနေနိုင်ပဲနဲ့ ကြမ်းတွေ၊  အရာဝတ္တုတွေပေါ်ကို
Droplets အမှုန်လေး တွေအနေနဲ့ ကျသွားပါတယ်။  
အဲ့ဒီ Droplets တွေကို ထိမိ၊ ကိုင်မိတဲ့ လူတွေရဲ့ လက်၊  အ၀တ်အစား၊ အသုံးအဆောင်စတာတွေမှာ ပိုးတွေကပ်ပါသွားပြီး  လူတွေက အဲ့ဒီ လက်နဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်စေ့ကို
ကိုင်တွယ် ပွတ်သပ်မိတာကတစ်ဆင့် ရောဂါကူးစက်တယ်လို့ ဆိုပါတယ်။  အခုတော့ ရောဂါပိုး ကူးစက်ခံရသူရဲ့ ပတ်ဝန်းကျင် လေထုထဲမှာပါ
ရောဂါပိုး နာရီ အတော်ကြာအောင် ပျံနှံတယ်ဆိုတဲ့ စာတမ်းတွေ၊ တွေ့ရှိမှု့တွေကို တင်ပြလာကြပါတယ်။  ဒီအတွက် တရားဝင် လေထုမှ တစ်ဆင့် ကူးစက်တယ်လို့ မကြေငြာသေးပေမယ့်
airborne transmission ဖြစ်နိုင်ခြေရှိတယ်လို့ WHO က ပြောထားပါတယ်။
COVID 19
ကူးစက်မှု့ကနေ ဘယ်လို ကာကွယ်မလဲ?
နိုင်ငံတော်တော်များများ
အစိုးရတွေကတော့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားတော့ လူတိုင်းနဲ့ ရင်းနှီးနေလောက်ပါပြီ။  ကာကွယ်ဖို့ကတော့ ခုလို outbreak ကာလကြီးမှာ ပြောရခက်တယ်။  ကံ၊ ဥာဏ်၊ ၀ီရိယ ၃ ခု ဆုံဖို့ လိုပါတယ်။  အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ပဲ ဆိုရမလိုပဲ။  ကိုယ့်ရဲ့ ကံအပေါ်လည်းမူတည်တယ်၊ အသိဥာဏ် ဆင်ခြင်တုံ့တရား
လက်ကိုင်ထားဖို့လဲလိုတယ်၊  ကြိုးစားအားထုတ်မှု့
ဝီရိယလည်း အများကြီးလိုပါတယ်။ 
ခုလို
outbreak ကပ်ရောဂါ ထိန်းချုပ်မှု့လို့ မရတဲ့ အချိန်မှာ မကူးစက်အောင် ဘယ်လိုကာကွယ်မလဲဆိုတာကတော့
စိန်ခေါ်မှု့တစ်ခုလိုပါပဲ။  ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်ပြောတဲ့အချက်တွေကို တော်တော်များများက ဟင်… အဲ့ဒီလိုဆို ဘယ်လိုလုပ် နေထိုင်
စားသောက်လို့ရတော့မှာလဲ၊ သောက်ပိုတွေ၊ အဲ့ဒီလောက် ကြောက်နေရရင် ဘယ်ဖြစ်တော့မှာလဲလို့
တွေးတဲ့လူ တော်တော်များများ ရှိမှာပါ။ ခုချိန်မှာ လူမှု့ကူညီရေး အသင်းတွေ၊ ပရဟိတ အသင်းတွေနဲ့
လူငယ်တွေ ၀ိုင်းဝန်းပြီး COVID 19 ရောဂါခံစားနေရတဲ့လူတွေကို လိုအပ်တဲ့ အကူအညီတွေ၊ ပံပိုးမှု့တွေ
လုပ်ပေးနေတဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ်။ 
ဒီ အသင်းအဖွဲ့ဟာ သူတို့ တတ်နိုင်တဲ့ စွမ်းအား၊ ငွေကြေး၊ အရင်းအမြစ်တွေကို ညှစ်ထုတ်ပြီး
အသက်ကို ပဓာန မထားပဲ ကူညီပေးနေကြတာပါ။  သူတို့မှာလည်း
အတိုင်းအတာတစ်ခုအထိပဲ ကူညီပေးနိုင်ပါတယ်။  
ကူးစက်ခံရသူ ပိုပိုပြီး များလာတဲ့အချိန်မှာ အဲ့ဒီ ၀န်ကို ကြာရှည်ထမ်းထားနိုင်ဖို့
ခက်ခဲပါတယ်။  ဆိုလိုချင်တာက ကူးစက်မှု့နှုန်းကို
လျှော့ချနိုင်ဖို့ ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။  
မိုးရေထဲသွားရင်
မိုးစိုမယ်။  မိုး များများရွာရင် များများစိုမယ်၊  မိုးနည်းနည်းရွာရင် နဲနဲ စိုမယ်။  ဒီသဘောပါပဲ။ 
ဗိုင်းရပ်စ် များများ ရှိတဲ့နေရာသွားရင် ကူးစက်နိုင်ခြေ များမယ်။ ဗိုင်းရပ်စ်နဲနဲ
ရှိတဲ့ နေရာကို သွားရင် ကူးစက်နိုင်ခြေနဲမယ်။ 
မိုးရွာလို့ အိမ်ထဲမှာနေရင် မိုးမစိုဘူး။ 
မိုးရွာတာကတော့ မျက်စေ့နဲ့ မြင်နိုင်တယ်၊ 
ဗိုင်းရပ်စ် အနဲအများကတော့ မျက်စေ့နဲ့ မမြင်နိုင်တဲ့အတွက် အသိဥာဏ် ဆင်ခြင်တုံတရားနဲ့
ဆင်ခြင်ရမှာပေါ့။   အဓိက ဆိုလိုချင်တာကတော့
viral load ကို လျှော့ချနိုင်ဖို့ပါ။  ခန္ဓာကိုယ်ထဲကို
အကောင်တွေ အများကြီးဝင်သွားတာနဲ့ နည်းနည်းလေးဝင်သွားနဲ့၊ လုံးဝ မ၀င်တာနဲ့ကတော့ မိုးရေစိုတာ
အနည်းအများလိုပဲ အကျိုးသက်ရောက်မှု့ရှိစေပါတယ်။
အဓိကကတော့
ဒီရောဂါဟာ လူ ကနေ လူ ကို အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်တာဖြစ်တဲ့အတွက်  
နံပါတ် ၁
- လူ
အခု
COVID 19 ကတော့ လူ - လူ ချင်း ကူးစက်နေတဲ့ ရောဂါပါ။  အဲ့ဒီတော့ လူတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေပါ။  ခပ်ခွာခွာနေပါ။  လူစု လူဝေးတွေ့ရင် ကွေ့ပတ်ရှောင်သွားပါ၊ အဲ့ဒီအထဲကို
ဝင်မသွားပါနဲ့။  အပြင်ကို တတ်နိုင်သလောက် မထွက်ပါနဲ့။  စကားအများကြီး မပြောပါနဲ့၊  စကားအများကြီးပြောတဲ့လူတွေ့ရင်၊  ချောင်းဆိုး၊ နှာချေရင် အားမနာပါနဲ့  ခပ်ဝေးဝေးကို အမြန်ဆုံးသွား ထွက်သွားလိုက်ပါ။  ကိုယ်တိုင်လည်း ချောင်းဆိုး၊ နှာချေရင် Mask တပ်ထားရင်တောင်၊  တံတောင်ဆစ်ကွေးထဲကို နှာချေ၊ ချောင်းဆိုးပါ။  အရင်တုန်းက အသီးတွေ၊ အရွက်တွေ၊ ရေမွှေးတွေတွေ့ရင်
အနံခံကြည့်တဲ့ အကျင့်ကို ဖျောက်ပါ။  အများသုံးနေရာတွေမှာ
လက်ရန်းတွေ၊ ထိုင်ခုံတွေ တွေ့ရင် အရင်လိုမျိုး စွေ့ကနဲ မထိုင်ပါနဲ့၊   မဖြစ်နိုင်လွန်းမှ ကိုင်ပါ၊ ထိုင်ပါ။  ပြီးတာနဲ့ သတိရတာနဲ့ လက်ကို ဆပ်ပြာနဲ့ ချက်ချင်းဆေးပါ
မဟုတ်ရင်တောင် အရက်ပျံပါဝင်မှု့နှုန်းများတဲ့ လက်ဆေးရေနဲ့ ဆေးပါ။
အပြင်ထွက်တိုင်း၊  အိမ်ကို ဧည့်သည်လာတိုင်း Mask တပ်ပါ။  အကြာကြီး အပြင်မှာ မနေပါနဲ့၊ ဧည့်သည်ကိုလည်း ဖြစ်နိုင်သမျှ
မြန်မြန်ပြန်လွှတ်ပါ။   သူများအိမ်ကိုလည်း အကြောင်းမရှိရင်
သွားမလည်ပါနဲ့၊  သူငယ်ချင်းတွေ ပုံမှန် ဆုံနေကြ၊
ခုချိန်မှာလည်း ဆုံချင်တာပေါ့။  ဒါပေမယ့် အခြေအနေကို
နားလည်ပြီး သည်းခံပါ။
အိမ်မှာ အသက်ကြီးတဲ့
လူရှိမယ်၊ ရောဂါအခံလူရှိမယ်၊ ပြီးတော့ နေ့စဉ် အလုပ်သွားနေရတဲ့ လူရှိမယ်ဆိုရင် ပိုပြီး
ဂရုစိုက်ရပါမယ်။   အလုပ်နေ့စဉ်သွားနေတဲ့လူနဲ့
သက်ကြီးရွယ်အိုနဲ့ကို ထိစပ်မှု့ တတ်နိုင်သမျှ လျှော့ချဖို့လိုပါတယ်။  ဒါဟာ ပစ်ထားလို့ ပြောတာမဟုတ်ပါဘူး။  နွေးထွေးတဲ့ အားပေးစကားတွေ ပြောပါ။ လူ လူချင်း အနီးကပ်ထိတွေ့မှု့မရှိအောင်ပဲ
ရှောင်ပါ။   ထမင်းလက်ဆုံစားတာ၊  တီဗီအတူတူ ပူးကပ်ထိုင်ကြည့်တာ၊  အနီးကပ် စကားအကြာကြီး ထိုင်ပြောတာတွေကို သက်ကြီးပိုင်းလူတွေနဲ့
တတ်နိုင်သမျှ မလုပ်ပဲ ရှောင်နိုင်သမျှ ရှောင်ပါ။ 
အလုပ်လုပ်ပြီး အပြင်က ပြန်လာရင် လက်ကို တန်းဆေးပါ၊ အပြင်က ပြန်လာတဲ့ အ၀တ်အစားတွေကို
မခါပါနဲ့၊  တတ်နိုင်သလောက် နေ့ချင်းလျှော်ပါ၊
အိမ်နေရင်းအ၀တ် အထူးသဖြင့် အိပ်ယာဝင် အ၀တ်တွေနဲ့ အပြင်ကပြန်လာတဲ့ အ၀တ်တွေ မထိတွေ့အောင်
ဂရုစိုက်ပါ။   အိပ်ယာပေါ်မှာ လူးလိုက်ရင် ခေါင်းအုံး
စောင်တွေကနေ တစ်ဆင့် အသက်ရှုလမ်းကြောင်းထဲကို ၀င်နိုင်မှု့နှုန်း များပါတယ်။  မကြာခဏ ဆိုသလို အ၀င်အထွက်များတဲ့နေရာတွေကို ဆပ်ပြာရည်နဲ့
ကြမ်းတိုက်ပေးပါ။
နေမကောင်းဖြစ်ရင်
အိမ်မှာနေပါ၊  အိမ်က လူတွေနဲ့ မတွေ့အောင် တတ်နိုင်သမျှ
အခန်းအောင်းနေပါ။  လူမမာ သတင်းမေးရင် ဖုန်းနဲ့မေးပါ၊
သတင်းမေးချင်ယုံနဲ့တော့ လူနာအိမ်ကို မသွားပါနဲ့။ 
တစ်ကယ်လို့ မဖြစ်မနေ ကိုယ်တိုင် ပြုစုချင်တယ်ဆိုရင် သွားလိုက်ပြန်လိုက်မလုပ်ပါနဲ့။  လူနာအိမ်မှာပဲနေပြီး လူနာနေပြန်ကောင်းပြီး ၁၄ ရက်လောက်ကြာတဲ့အထိ
မိမိအိမ်ကို ပြန်မလာပါနဲ့။  ကိုယ်တိုင် နေကောင်းပြီး
စိတ်ချရတဲ့ အခြေအနေရောက်မှ မိမိအိမ်ကို ပြန်လာပါ။
အထက်မှာ ရေးထားတဲ့
အရာတွေအားလုံးရဲ့ အဓိက ရည်ရွယ်ချက်က လူ - လူ ချင်း ထိတွေ့မှု့ကနေ ရောဂါပိုး ကူးစက်မှု့
လျှော့ကျစေရန် ရည်ရွယ်ပါတယ်။
နံပါတ် ၂
- Mask တပ်၊ လက်ကို ခဏ ခဏ ဆပ်ပြာနဲ့ဆေး
အဲ့ဒီ
Mask တပ်ပါ ဆိုတဲ့ နေရာလေးမှာ ကျွန်တော် မတူကွဲပြားတဲ့ ခံယူမှု့ ၂ မျိုးကို သတိထားမိတယ်။  ဂျပန်မှာဆိုရင် လူတော်တော်များများ COVID 19 မဖြစ်ခင်ကတည်းက
Mask တပ်ကြတဲ့ အလေ့အထကို ယဉ်ကျေးမှု့ တစ်ရပ်လို ထွန်းကားနေခဲ့ပါတယ်။  သူတို့ ဘာဖြစ်လို့ Mask တပ်တာလဲ မေးရင် သူတို့ ရောဂါကူးစက်ခံရမှာထက်
သူတို့ဆီကရောဂါ သူများတွေဆီကို မပြန့်အောင် ကာကွယ်ပေးတဲ့အနေနဲ့ တပ်တာပါ။  ရာသီတုပ်ကွေးဖြစ်ရင်၊ သူတို့ နှာချေ၊ ချောင်းဆိုး
နေမကောင်းဖြစ်ချင်တယ်ဆိုရင် Mask ၀တ်ထားကြတာပဲ။  စိတ်ဓာတ်က အဓိကလို့ ပြောချင်ပါတယ်။  ခွဲစိတ်ခန်းမှာ ဆရာဝန်တွေခွဲစိတ်ရင် Mask တပ်ရတဲ့
အဓိက ရည်ရွယ်ချက်က ဆရာဝန်တွေဟာ သူတို့ဆီက ရောဂါကို ခွဲစိတ်ခံလူနာဆီကို မပြန့်နှံစေရန်
အဓိက ရည်ရွယ်ပါတယ်။  ဒါဟာ စေတနာနဲ့ လုပ်ပေးတာပါ။  ကျွန်တော်တို့ မြန်မာတွေ စေတနာကောင်းကြပါတယ်။  အဲ့ဒီ စေတနာကို Mask တပ်ခြင်းအားဖြင့်လည်း ပြသလို့ရပါတယ်။
ကျွန်တော်တော်တော်များများတွေ့နေရတာက Mask တော့ တပ်ထားတယ်၊  နှာချေ ချောင်းဆိုတဲ့အချိန်မှာ Mask လေးကို မပြီးတော့
လေထဲကို အားရပါးရ အဟွတ် အဟွတ်၊  ဟပ်ချိုး လုပ်ပစ်လိုက်တာပါ။  ဒါဆိုရင်တော့ ကျွန်တော်တို့ လူတိုင်း Mask တပ်ရခြင်းရဲ့
ရည်ရွယ်ချက် သဲထဲရေသွန် အဟောသိကံ ဖြစ်သွားပါပြီ။ 
နေရထိုင်ရ ခက်ခဲတာတော့ မှန်ပါတယ်၊  ဒါပေမယ့်
Mask တပ်ရင်းနဲ့ပဲ နှာချေ၊ ချောင်းဆိုးတာ အကျင့်ဖြစ်အောင် လေ့ကျင့်သင့်ပါတယ်။  Mask ကို နှပ်ချေးပေသွားရင်တော့ Mask အသစ်နောက်တစ်ခု
လဲတပ်ပေါ့၊  အ၀တ်နဲ့ ချုပ်ထားတဲ့ Mask ဆိုရင်
ပြန်လျှော်ပေါ့။  ဒီလိုပဲ စခန်းသွားမှ ဒီရောဂါရဲ့
ကူးစက်မှု့ကို လျှော့ချနိုင်မှာပါ။  ဒါဟာ လူတိုင်းနဲ့  ကိုယ့်ပတ်ဝန်းကျင်အတွက် သက်ဆိုင်ပါတယ်။  ဒီပိုစ့်ရဲ့ အစမှာပြောခဲ့သလိုပဲ COVID 19 ကူးစက်မှု့ရဲ့
၈၀%နှုန်းဟာ ပြင်းပြင်းထန်ထန်မဖြစ်ဘူး- အဲ့ဒီအထဲက ၄၀% နှုန်းလောက် ဘာလက္ခဏာမှ မပြပဲ လူကောင်းအတိုင်း
ရောဂါပိုးကို သယ်ဆောင်ဖြန့်ဖြူးနိုင်ပါတယ်။ 
ဒီအတွက်ကြောင့် မိမိအတွက်တင်မဟုတ်ပဲ မိမိပတ်ဝန်းကျင်အတွက် Mask ကို အပြင်ထွက်တိုင်း
မဖြစ်မနေ တပ်သင့်ပါတယ်။
          နောက်တစ်ချက်က မိမိကိုယ်ကို မကူးစက်အောင်
ကာကွယ်တဲ့ သဘောနဲ့လည်း Mask တပ်ပါတယ်။  ဒါပေမယ့်
အများစုသုံးနေတဲ့ Surgical Mask တွေဟာ ဗိုင်းရပ်စ်ကူးစက်မှု့ ကာကွယ်ဖို့ထက်၊  ပြန့်ပွားမှု့ကို ထိန်းချုပ်နိုင်စေရန် ပိုပြီးတော့
ရည်ရွယ်ပါတယ်။  လျှပ်စစ်သုံးရင် ဓာတ်မလိုက်အောင်
သုံးရပါတယ်။  ဒီလိုပဲ Mask တပ်ပြီး ရောဂါကို
ကာကွယ်မယ်ဆိုရင် Mask ကို စနစ်တစ်ကျ အသုံးပြုဖို့ လိုအပ်ပါတယ်။  Mask တပ်ခြင်းဟာ ပြင်ပက လေကို Mask ရဲ့ filer ကနေ
တစ်ဆင့် ဖြတ်စေပြီး အသက်ရှုလမ်းကြောင်း နှာခေါင်းထဲကို ၀င်ဖို့အတွက် ရည်ရွယ်ပါတယ်။  ထိုနည်းတူ မိမိ ခန္ဓာကိုယ်က ထွက်လာတဲ့ လေကို ပြင်ပကို
အတားအဆီမရှိ လွတ်လပ်စွာ ပျံနှံမှု့မရှိအောင် ကာကွယ်ပေးတဲ့ သဘောလည်း ပါဝင်ပါတယ်။   ဒီအတွက် ဒီရည်ရွယ်ချက်ကို ပြည့်စုံစေချင်တယ်ဆိုရင်
Mask ကို လုံခြုံအောင်တပ်ပါ။  အသက်ရှုကြည့်လိုက်ရင်
ဘေးဖက်က လေးဝင်နေသေးတယ်ဆိုရင် Mask ကို လိုအပ်သလို ထိန်းညှိပေးပါ။  Mask ကို တပ်ပြီးတာနဲ့ တတ်နိုင်သလောက် မျက်နှာကနေ
ပြန်မခွာပါနဲ့၊  မေးစေ့အောက်ကို ဆွဲမချပါနဲ့။  တပ်ထားတဲ့အတိုင်း ရှိပါစေ။  မေးစေ့ချိတ်တာတို့ ချွတ်လိုက်တပ်လိုက်လုပ်တာတို့ဟာ
Mask ရဲ့ အတွင်းမျက်နှာပြင်ကို ဗိုင်းရပ်စ်ပိုး ထိတွေ့မှု့ ရာခိုင်နှုန်းမြင့်တက်စေပါတယ်။   
နံပါတ် ၃
-  ကာကွယ်ဆေး
လက်ရှိ မှာတော့
မျိုးကွဲတွေ ဆက်လက်ထွက်ပေါ်လာတဲ့အတွက် ဗိုင်းရပ်စ်နဲ့ လူနဲ့ တိုက်ပွဲဟာ ဆက်လက် အားကောင်းနေဆဲပါ။  မျိုးကွဲ ထွက်လာတဲ့ အကြောင်းကို နောက်အပိုင်းမှာ
ထပ်ရေးပါ့မယ်။   ကာကွယ်ဆေး ထိုးခြင်းဟာ စာထဲမှာပါတဲ့အတိုင်းပဲ
ကာကွယ်ဖို့ပါ၊  ကုသဖို့မဟုတ်ပါဘူး။  ဆိုလိုတာက COVID 19 ကူးစက်မခံရသေးတဲ့ လူတွေကို ကူးစက်မှု့ကနေ
ကာကွယ်ဖို့ပါ။  ရောဂါ ကုသဆေးကတော့ ထိရောက်မှု့ရှိတဲ့
စမ်းသပ်ချက်တွေကို ရှာဖွေဖော်ထုတ်နေတုန်းပါပဲ။ 
ဒီအတွက် ရောဂါကူးစက်ခံရပြီးသား လူတွေထက် ရောဂါ ကူးစက်မခံရသေးတဲ့ သက်ကြီး ရွယ်အိုတွေကို
ဦးစားပေး ထိုးနှံပေးသင့်ပါတယ်၊  နောက်ပြီးတော့
ရောဂါကို ကြံကြံခံပြီး တိုက်ပေးနေတဲ့ ရှေ့တန်းက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ
ရောဂါ ရှေ့တန်းစစ်မျက်နှာပြင်က သူရဲကောင်းတွေကို ဦးစားပေးထိုးနှံပေးသင့်ပါတယ်။  သူတို့တွေ ပြိုလဲသွားလို့ မရပါဘူး။  နောက် တိရိစ္ဆာန်တွေနဲ့ အဓိကထိတွေ့နေရတဲ့ သား၊ငါး၊
ဈေးက ၀န်ဆောင်မှု့ပေးတဲ့လူတွေကို ဦးစားပေး ထိုးပေးသင့်ပါတယ်။  ဖြစ်သင့်တာက အဲ့ဒီလိုပါ။
နောက် ကာကွယ်ဆေးရဲ့
အကျိုးသက်ရောက်မှု့၊  ဒါကတော့ ကာကွယ်ဆေးအမျိုးအစားတွေပေါ်မူတည်ပါတယ်။  ၁၀၀% အာမခံချက်ရှိတဲ့ ကာကွယ်ဆေးမထွက်သေးတဲ့အတွက်
ကာကွယ်ဆေးထိုးပြီးလဲ စောစောကလို လူစုလူဝေးရှောင်၊ Mask တပ်၊ လက်ဆေး ဒီလိုပဲ လုပ်သွားရမှာပါ။  ကာကွယ်ဆေး မရလို့ စိတ်ဓာတ်ကျနေတဲ့ ပြည်သူတွေလည်း
အားတင်းထားပါ။  အပေါ်မှာ ကိုယ်လုပ်နိုင်တဲ့ နံပါတ်
၁ နဲ့ နံပါတ် ၂ ရှိနေတဲ့အတွက် လက်ရှိအချိန်မှာ လုပ်နိုင်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်ကြဖို့လိုပါတယ်။
ဗိုင်းရပ်စ်
ဘာ့ကြောင့် မျိုးကွဲတာလဲ၊ မျိုးကွဲက ဘာတွေလဲ? 
အင်း…  ဗိုင်းရပ်စ်ဟာ အလွန်တရာသေးလှတဲ့ နန်းမျှင်လေးတစ်ခုပါ။  သူ့မှာ ဦးနှောက်မပါပါဘူး။  ဆိုလိုတာက သူဟာ ငါ ဟိုလိုအကောင်ကြီးဖြစ်အောင်၊ ဒီလို
အကောင်ကြီးဖြစ်အောင် လူတွေကို ဒုက္ခပေးလိုက်မယ် ဆိုတဲ့ အသိဥာဏ်မရှိပါဘူး။  သူ့ဟာသူလည်း မျိုးမပွားနိုင်ပါဘူး။  လူတွေရဲ့ ခန္ဓာကိုယ်ထဲကို ၀င်ရောက်မယ်၊  အဲ့ဒီကနေတစ်ဆင့် အဆမတန် မျိုးပွားမယ်။  ဒါ သူ့သဘာဝပါ။ 
လူတွေလည်း သား သမီးတွေ မွေးတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် တသမတ်ထဲ မတူညီကြပါဘူး။  တစ်ခါ တစ်လေမှာ ချို့ယွင်းချက်လေးတွေ ပါလာတတ်ပါတယ်။  ဒါက တမင်သက်သက်ဖန်တီးယူတာမဟုတ်ပါဘူး။  ဒီလိုပါပဲ ဗိုင်းရပ်စ်တွေလည်း လူ့ကိုယ်တွင်းကနေ
မျိုးပွားတဲ့အခါမှာ ချို့ယွင်းချက်ပါတဲ့ ဗီဇပြောင်းလေးတွေ ပါလာပါတယ်။  အဲ့ဒီမှာတင် မျိုးကွဲ ဗီဇသစ်ဗိုင်းရပ်စ်တွေ ဖြစ်လာတာပါ။  ရောဂါကူးစက်မှု့နှုန်း မြင့်လေလေ၊  ကြာလေလေ 
ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇပြောင်းဖို့ အခွင့်အရေးပိုရလေလေ ဖြစ်ပါတယ်။  ဒီအတွက် ဗိုင်းရပ် မျိုးကွဲ မဖြစ်အောင် လျှော့ချဖို့ဆိုရင်
ကူးစက်မှု့နှုန်းကို လျှော့ချဖို့ အရေးကြီးပါတယ်။ 
မဟုတ်ရင် မျိုးကွဲတွေ ဆက်တိုက်ထွက်ပေါ်လာဦးမှာပါ။  တစ်ချို့မျိုးကွဲတွေကတော့ မူရင် ဗီဇလောက် လူကို
ဒုက္ခမပေးပဲ ဆက်လက်ရှင်သွားတဲ့ မျိုးကွဲတွေ၊ ပျောက်ကွယ်သွားတဲ့ မျိုးကွဲတွေရှိပါတယ်။  တစ်ချို့ မျိုးကွဲအုပ်စုတွေကတော့ မူရင် COVID
19 ထက်ကို ပိုမို လက်စောင်းထက်လာပြီး  ဗိုင်းရပ်စ်တွေဟာ
သူတို့ ရှင်သန်ဖို့အတွက် ပိုမို အားထုတ်လာတာကို တွေ့ရမှာပါ။
လက်ရှိမှာတော့
Alpha, Beta, Gamma နဲ့ Delta ဆိုပြီး လူကို ဒုက္ခပိုပြီး ပေးတဲ့ ကိုရိုနာဗိုင်းရပ်စ်
မျိုးကွဲ လေးအုပ်စုကို အလေးထားပြီး လေ့လာနေကြရပါတယ်။  အရင်တုန်းကတော့ နာမည်တွေကို ရောဂါစတင် ဖြစ်ပွားတဲ့
နေရာကို အစွဲပြုပြီးပေးကြပါတယ်။  ဒါပေမယ့် အခုနောက်ပိုင်း
WHO က ဒီလို နာမည်ပေးတာဟာ မသင့်တော်ဘူး၊ နှိမ်ရာကျတယ်၊ လူတန်းစား ခွဲရာကျတယ်ဆိုပြီး
တစ်ခြား နာမည်တွေ မှည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
Alpha
variant မျိုးကွဲဆိုရင် အင်္ဂလန်မှာ ၂၀၂၀ စက်တင်ဘာလောက်မှာ စတွေ့ပြီးတော့ အင်္ဂလန်ရဲ့ ကူးစက်မှု့နှုန်း
၆၀% လောက်ဟာ Alpha မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှု့ ခံရပါတယ်။
Beta
variant မျိုးကွဲကတော့ တောင်အာဖရိကမှာ စတင်တွေ့ရပြီးတော့ ဗိုင်းရပ်မှာပါတဲ့ အခွံလက်တံလေးတွေကို
မူလဗီဇထက် လူ့ရဲ့ ဆဲလ်ကို ပိုပြီး လျှင်မြန်စွာ တွယ်ကပ်နိုင်ပါတယ်။
Delta
variant - အန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိပြီးတော့ အခုအခါမှာ နိုင်ငံတစ်ကာကို တော်တော်လေးပျံနှံနေပါပြီ။  သူလည်း ကူးစက်မှု့နှုန်းပိုမြန်တဲ့ ဗိုင်းရပ်စ်တစ်ခုပါပဲ။
Gamma
variant - ဘရာဇီးမှာ စတင်တွေ့တာပါ။  ဘရာဇီးမှာ
အခြေစိုက်နေထိုင်တဲ့ ဂျပန်လူမျိုးတွေ တော်တော်များပါတယ်။  သူတို့တွေ ဂျပန်ကို အလည်အပတ် ပြန်လာကြတဲ့အခါ ဂျပန်နိုင်ငံမှာလည်း
Gamma variant ကို တွေ့ပါတယ်။
နောက်ထပ်
စောင့်ကြည့်လေလာနေတဲ့ မျိုးကွဲတွေကတော့ Epsilon, Eta, Iota နဲ့ Kappa တို့ဖြစ်ပါတယ်။  ဆက်လက်ပြီးတော့ ရောဂါကူးစက်မှု့ကို မထိန်းချုပ်နိုင်သရွေ့
မျိုးကွဲပေါင်းများစွာ ဆက်လက်ထွက်ပေါ်နေဦးမှာ ဖြစ်ပါတယ်။
COVID-19
Virus ဘယ်လို အမြစ်ဖြတ်တိုက်ထုတ်မလဲ?
ဒီအတွက် အဖြေက
No ပါ။  အမြစ်ဖြတ် တိုက်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး။  ဒီ COVID 19 ဗိုင်းရပ်စ် (SARS-CoV-2)ဟာ ကမ္ဘာပေါ်မှာ
ဆက်လက်တည်ရှိသွားမှာပါ။  ဒီ ကိုရိုနာ ဗိုင်းရပ်စ်မှ
မဟုတ်ဘူး ခွေးရူးပျံဗိုင်းရပ်စ်၊ AIDS ဗိုင်းရပ်စ်၊  အသဲရောင်အသားဝါ C ဗိုင်းရပ်စ်  စတဲ့ ဒီအကောင်လေးတွေဟာ ကမ္ဘာကြီးပေါ်မှာ လူတွေနဲက
အတူယှဉ်တွဲ နေထိုင် ဆက်လက်တည်ရှိနေဦးမှာပါ။ 
 ဒီဗိုင်းရပ်စ်ဟာ ပုံမှန် ရာသီတုပ်ကွေးလိုပဲ
လူတွေဆီကို အလည်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ ဆက်လက်တည်ရှိသွားမှာပါ။  သူတို့ဟာ ကပ်ပါးပိုးတွေဖြစ်ပါတယ်။  Host လို့ခေါ်တဲ့ သတ္တ၀ါ (ဥပမာ-လူ) တွေ တည်ရှိနေသမျှ
ကာလပါတ်လုံး ကပ်ပါးပိုးတွေလည်း ရှင်သန် တည်ရှိနေမှာဖြစ်ပါတယ်။
ဒါဆိုရင်
ကျွန်တော်တို့ ဘာလုပ်နိုင်လဲ?  ကျွန်တော်တို့
လုပ်နိုင်ခြေရှိတာကတော့ ဒီရောဂါကို Pandemic ကူးစက်မြန် ကပ်ရောဂါဆိုးကြီး အသွင်ကနေ
ပုံမှန် ရာသီတုပ်ကွေးလောက်အဆင့်လောက်အထိကို ရောက်တဲ့အထိ လျှော့ချနိုင်ဖို့ ကြိုးစားရမှာပါ။  ဘယ်လိုပုံစံနဲ့ လျှော့ချလို့ရမလဲ?  အတော့်ကို ဖြေရခက်တဲ့ မေးခွန်းပါ…  ဒီလို ရာသီတုပ်ကွေးရောဂါလို လျှော့ချနိုင်ဖို့ အောက်ပါအကြောင်းအရာတွေ
ညီညွှတ်မှ ကပ်ရောဂါအဖြစ်ကနေ လွတ်မြောက်နိုင်မှာပါ။
-      
၁။  ကာကွယ်ဆေး
ပြည်သူတွေ
ကာကွယ်ဆေးထိုးနိုင်ပေးနိုင်မှု့ ပမာဏ မြင့်တက်လာဖို့လိုပါတယ်။  Pfizer, Modena, Astrazeneca, Covishield, Sino
Vaccine စသည် စသည် အားဖြင့် ကာကွယ်ဆေးတွေအများကြီး ပေါ်ထွက်လာပါပြီ။  ဒါတွေဟာ ၁၀၀% နှုန်း ကိုဗစ်ကို မကာကွယ်ပေးနိုင်ပေမယ့်
၅၀% အထက်တွေအထိ မူရင်း ကိုဗစ်မျိုးစိတ်ကို ကာကွယ်ပေးနိုင်ပါတယ်။  ဆိုလိုတာကတော့ ပြည်သူတွေရဲ့ herd immunity ဥပမာ  လူ ၁ သန်းကို ထိုးပေးလိုက်ရင် ၅ သိန်းလောက်မှာ
Herd immunity ရကောင်းရနိုင်ပါတယ်။
-      
၂။  ကုသဆေး
ကုသဆေးဆိုတာကတော့ ဥပမာ
- ပုံမှန်ရာသီတုပ်ကွေး ပြင်းထန်ရင် Tamiflu လိုမျိုး antiviral medicine ဟာထိရောက်ပါတယ်။  COVID-19 အတွက် စတင်ကူးပြီး ၄၈ နာရီအတွင်း  ထိုးပေး၊ သောက်ဆေး ပေးနိုင်တဲ့ ဆေးဝါးအသစ်၊ ရောဂါ
ပြင်းထန်မှု့၊ သေဆုံးနှုန်း ကျဆင်းစေတဲ့ အာနိသင်ရှိတဲ့ ဆေးအသစ်မျိုး ပေါ်ထွက်လာဖို့လိုပါတယ်။  ဒါဟာ ကိုဗစ်ကြောင့် သေဆုံးနှုန်းကို လျှော့ချပေးစေမှာပါ။
-      
၃။
Herd Immunity 
Herd
Immunity ဆိုတဲ့နေရာမှာ နှစ်မျိုးအကြမ်းဖျင်းပြောရမှာပါ။  ကာကွယ်ဆေး vaccination ထိုးပေးတယ်ဆိုတာကလည်း ကိုဗစ်မျိုးနဲ့
ဆင်တဲ့ ပိုးတစ်မျိုးကို ခန္ဓာကိုယ်ထဲကို ထိုးသွင်းပြီးတော့ ခန္ဓာကိုယ်ရဲ့ ကိုဗစ်ဗိုင်းရပ်စ်ကို
ခံနိုင်စွမ်းအားတက်လာအောင်လုပ်ပေးတာပါ။  ဘေးထွက်ဆိုးကျိုးနဲတဲ့
ကာကွယ်ဆေးတွေဆိုရင်တော့ သေဆုံးမှု့နှုန်း နဲနဲ နဲ့ Herd immunity ရ နိုင်ပါတယ်။
နောက်တစ်ခုက
ပြည်သူတွေ ရောဂါပိုး ကူးစက်ခံရပြီး Herd immunity  တက်လာတာပါ။ 
ဒီနည်းလမ်းကတော့ မတတ်သာတဲ့အဆုံး အကြောင်းကြောင်းကြောင့် ဖြစ်သမျှအကြောင်း ခါးစည်းပြီး
ခံကြရတဲ့အခြေအနေပါ။  ရောဂါ ကူးစက်ခံရပြီးတဲ့
လူတွေမှာလည်း herd immunity တက်လာနိုင်ပါတယ်။
ဆိုတော့
Herd Immunity ရတဲ့ လူဦးရေ ဘယ်လောက် ရာခိုင်နှုန်းလောက်ရှိလာရင် ကပ်ရောဂါကို ထိန်းနိုင်မလဲ
ဆိုတဲ့မေးခွန်းရှိပါတယ်။  စာတွေထဲမှာတော့ လူဦးရေရဲ့
၈၀% နှုန်းလောက် Herd Immunity ရရင် ကပ်ရောဂါတစ်ခုကို ထိန်းနိုင်မယ်ဆိုပါတယ်။
လက်ရှိ
အစ္စရေးမှာတော့ လူဦးရေရဲ့ ၆၀% နှုန်းကို ကာကွယ်ဆေး ထိုးပေးပြီးပါပြီ။  ဒါပေမယ့် ဆေးရုံတွေမှာ လူနာတွေ ထပ်ထပ်ပြီး တိုးလာနေတုန်းပါပဲ။  ဘာဖြစ်လို့လဲ ဆိုတော့ မျိုးကွဲ ဗိုင်းရပ်စ် အသစ်တွေကြောင့်ပါ။  ဒါကို ကြည့်ရင် ကာကွယ်ဆေးထိုးခြင်းဟာလည်း အတိုင်းအတာတစ်ခု
အထိပဲ အကျိုးသက်ရောက်မှု့ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးခြင်းဟာ မူရင်းမျိုးစိတ်ကို
ရာခိုင်နှုန်းမြင့် ကာကွယ်ပေးနိုင်ပေမယ့် မျိုးကွဲဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်တွေနဲ့
ဆိုရင် ကာကွယ်မှု့ အပြည်အ၀ မပေးနိုင်ဘူးဆိုတဲ့ သဘောပါ။  ဆိုတော့ မျိုးကွဲတွေ ထပ်ထွက်လာရင် ကာကွယ်ဆေး
Booster အသစ်တွေ ထပ်ထုတ်၊ ထပ်ထိုး ဒီလို circle သွားရင်းနဲ့ ကူးစက်မှု့နှုန်းကို လျှော့ချနိုင်ပါတယ်။
ဆွီဒင်မှာတော့
Herd Immunity ရအောင် ဒီတိုင်း လွှတ်ထားကြည့် လိုက်တာ အလုပ်မဖြစ်ပဲ ပိုဆိုးလာတာတွေ့ရပါတယ်။
ဆွီဒင် ဘုရင် ကားလ်၁၆ ကတော့ သူတို့ရဲ့ ကိုင်တွယ်မှု့နည်းလမ်း မှားခဲ့တဲ့အတွက် ပြည်သူတွေကို
တောင်းပန်ခဲ့ပါတယ်။
ဒီတော့
Herd Immunity သဘောတရားကလည်း မျိုးကွဲဗီဇ ဗိုင်းရပ်တွေကိုပါ ထည့်တွက်ရင် တော်တော့ကို
ပြောရခက်တဲ့ အခြေအနေဖြစ်ပါတယ်။
နောက်တစ်ချက်က
ခန္ဓာကိုယ်ရဲ့ immune response ကလည်း ဘယ်လောက်အထိ ကြာကြာခံမလည်း ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။  ဆိုတော့ Herd immunity အလုပ်ဖြစ်မဖြစ် လောလောဆယ်တော့
စမ်းသပ်လေ့လာ နေကြတုန်းပါ။ 
-      
၎။
Containment
ကပ်ရောဂါ
စဖြစ်တဲ့ အချိန်မှာ နိုင်ငံတော်တော်များများဟာ Stay at home/ Lockdown ဆိုပြီးတော့
containment နည်းစနစ်နဲ့ ထိန်းချုပ်နိုင်ဖို့ကြိုးစားကြပါတယ်။  နောက်တစ်ခုက ပြည်ပကနေ လာတဲ့လူတွေဆီကနေ မျိုးကွဲတွေ၊
မျိုးရင်းတွေ ထပ်မံဝင်မလာအောင် quarantine ကွာရန်တင်းဆိုပြီး အသွားအလာ ထိန်းချုပ်ကြပါတယ်။
 ရောဂါဖြစ်ပွားတဲ့ လူတွေကို isolation ဆိုပြီး
သီးသန့် ဆေးရုံတွေ၊ covid center တွေဖွင့်ပြီး ထိန်းချုပ်ပါတယ်။  အလွန် ခက်ခဲတဲ့ တာဝန်ဖြစ်သလို၊ အကုန်အကျလည်း အလွန်များပါတယ်။  အောင်မြင်သွားတဲ့ နိုင်ငံ တော်တော်ရှားပါတယ်။  မြန်မာနိုင်ငံဆိုရင် ပထမလှိုင်းမှာ အောင်မြင်ခဲ့ပါတယ်။  ဒုတိယလှိုင်းမှာ စတင် ကူးစက်ခံရပြီး၊  ခု တတိယလှိုင်းမှာ အဆိုးဆုံး ဖြစ်နေပါတယ်။  ဘရူနိုင်းနိုင်ငံဆိုရင်တော့ Containment စနစ် လက်ရှိအချိန်အထိ
အောင်မြင်နေတယ်လို့ ဆိုရမှာပါ။  တိုင်ဝမ်၊ စင်ကာပူဆိုရင်လည်း
ကူးစက်မှု့နှုန်းကို သိသိသာသာ ခုချိန်ထိ ချနိုင်တာကို တွေ့ရမှာပါ။  မည်သို့ပင်ဖြစ်စေ containment စနစ်ကတော့ ဖြစ်နိုင်ရင်
ဆက်လက် ကျင့်သုံးသွားသင့်ပါတယ်။  ဒါဟာ လောလောဆယ်မှာ
တစ်မျိုးထဲသော COVID-19 ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းဖြစ်နေသေးလို့ပါ-
ကုသဆေး၊ ကာကွယ်ဆေး မရခင်အချိန်အထိပေါ့။
ဒီတော့
COVID 19 ဟာ ကပ်ရောဂါအသွင်ကနေ ပုံမှန် ရာသီတုပ်ကွေးလိုမျိုး ဘယ်တော့မှ ဖြစ်မှာလဲဆိုတဲ့
အဖြေကတော့ လောလောဆယ်အထိ မရေရာသေးပါဘူး။  ကျွန်တော်တို့
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ဆို ပိုပြီးတော့ အဖြေရှာရဖို့ ခက်ပါတယ်။
COVID-19
ရောဂါက ဘာလဲ၊ ဘယ်လို အကျိုးသက်ရောက်မှု့တွေရှိလဲ?
ဘယ်လို ကူးစက်သလဲဆိုတာကို
အပေါ်မှာပြောပြီး၊ ဘယ်လို ကာကွယ်သင့်သလဲဆိုတာကိုလဲ ပြောပြီးပါပြီ။  ကူးစက်မှု့ ရောဂါအကြောင်းကို အကျဉ်းချုံးပြီး ပြောပြချင်ပါတယ်။
ရောဂါတိုက်ခိုက်ခံရတဲ့
နေရာတွေကတော့ ဦးနှောက်နှင့် အာရုံကြောစနစ်၊ 
အစာချေစနစ် တစ်စိတ်တစ်ပိုင်း၊ သွေးလွှတ်သွေးပြန်ကြောစနစ်၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်
စသည်အားဖြင့် တိုက်ခိုက်ခံရပါတယ်။  နဂို ရောဂါအခံရှိပြီးသားလူတွေဆို
ပိုဆိုးပါတယ်။  ကျွန်တော် ဆရာဝန်မဟုတ်တဲ့အတွက်
အသေးစိတ်ကို ရှင်းပြဖို့ ဥာဏ်မမီပါဘူး။  ဖြစ်လေ့ဖြစ်ထ
သဘာဝလေးကိုတော့ မြန်မာမှု့ပြုလိုက်ပါတယ်။  ကုသပုံတွေကိုတော့
ဆရာဝန်နှင့် တိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။
COVID-19
နှင့် ဘယ်လိုရှေ့ဆက်ကြမလဲ?
လူ့အသိုင်းအ၀ိုင်းမှာ
နေထိုင်ကြတဲ့ ကျွန်တော်တို့ဟာ လူတွေနဲ့ ဝေးအောင် အမြဲတစေ နေနိုင်ဖို့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။  ဒါပေမယ့် COVID-19 ကတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ
ဆက်လက်နေထိုင်သွားမယ့် ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် အတူတကွ ဘယ်လို ယှဉ်တွဲနေထိုင်သွားမလဲဆိုတဲ့
မေးခွန်းနဲ့ အဖြေအတွက်ကို ပဲ စဉ်းစားကြရတော့မှာပါ။
စိတ်ဓာတ်မကျပါနဲ့
ပထမဆုံးအနေနဲ့က
COVID-19 ကူးစက်ခံရသည်ဖြစ်စေ၊ မကူးစက်ခံရသည်ဖြစ်စေ ကျွန်တော်တို့မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ
ထိခိုက်မှု့ရှိလာပါတယ်။  အရိပ်ကြီးတစ်ခုက ကိုယ့်အပေါ်ကို
လွှမ်းမိုးထားသလိုခံစားရပါတယ်။ ကိုယ်တွေရဲ့ ရေတို၊ ရေရှည် မျှော်လင့်ချက်၊ မျှော်မှန်းချက်တွေဟာ
နိုင်ငံရေး အခြေအနေကြောင့်ရော၊ COVID 19 ကြောင့်ရောပါ မရေ မရာ ၀ိုးတ၀ါး ဖြစ်သွားရပါတယ်။  ပုံမှန် လည်ပတ်နေတဲ့ အချို့အရာတွေ ရပ်ဆိုင်းကုန်ကြရပါတယ်။  အဲ့ဒီအတွက် အားတင်းထားဖို့ အကြံပေးချင်ပါတယ်။  စိတ်ဓာတ်ကျ မသွားဖို့လိုပါတယ်။  စိတ်ကို အရမ်းကြီးတင်းမထားပဲနဲ့ ဆင်ခြင်တုံ့တရားနဲ့
ဖြေလျှော့ဖို့အကြံပေးချင်ပါတယ်။  လူ အသက်ရှင်နေသေးသရွှေ့
ဘာမဆို ဖြစ်လာအောင် ကြိုးစားလို့ရပါတယ်။  အသက်ရှင်သန်အောင်
ကြိုးစားပါ။  တစ်ယောက်ထဲ အထီးကျန်မနေပါနဲ့။  သူငယ်ချင်းတွေနဲ့ ဖုန်းခေါ်ပါ စကားပြောပါ။  
ဝင်ငွေ စီးကြောင်းနှင့်
အလုပ်အကိုင်
ငွေဘယ်လောက်ဝင်သလဲဆိုတဲ့
မေးခွန်းထက် ငွေဘယ်လောက်ထွက်လဲမေးခွန်းကို ကိုယ်တိုင်သေသေချာချာ ပြန်လည် သုံးသပ်သင့်ပါတယ်။
ဝင်ငွေစီကြောင်းတွေ
ကျဆင်း ထိခိုက်ကုန်တဲ့အတွက် လိုချင်တာရယ်၊ တစ်ကယ် လိုအပ်တာရယ် နှစ်မျိုးကို ကွဲကွဲပြားပြား
သုံးသပ်ပြီး လိုအပ်တာအတွက်ပဲ ငွေကို အသုံးပြုပါ။ 
လိုချင်တာတွေကတော့ COVID-19 pandemic အလွန်ဆိုပြီး မှတ်စုစာအုပ်လေးထဲ ချရေးထားပေါ့။  
လိုအပ်တယ်ဆိုပြီး
ချရေးလိုက်တဲ့ စာရင်းကို ပြန်ကြည့်ပါဦး။  တစ်ကယ်လိုအပ်တာလား၊
ပုံမှန်လိုအပ်တာလား ကို ထပ်ပြီး သုံးသပ်ကြည့်ပါဦး။ တစ်ကယ်လိုအပ်တာကိုပဲဝယ်ပါ။ အလေအလွင့်မရှိအောင်
ဂရုစိုက်ပြီးသုံးပါ။  ထမင်း၊ ဟင်း၊ ချက်တဲ့နေရာမှာလည်း
အဟာရပြည့်တဲ့ အစားအစာနဲ့ သွားရည်စာကို ခွဲခြားပါ။ 
သွားရည်စာအတွက် ကုန်မယ့်ငွေကြေးကို တတ်နိုင်သလောက် ချွေတာပါ။  အဟာရ ပြည့်ဝမယ့် အစားအစာကိုပဲ ရွေးချယ်ပြီး စနစ်တကျ
အလေအလွင့်မရှိအောင် စားသောက်ပါ။ ဒါဟာ ထွက်ငွေ စီးကြောင်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်တာပါပဲ။  ထွက်ငွေနည်းသွားရင် ပိုလာမယ့် ၀င်ငွေကို လှူလို့လဲရပါတယ်၊
စုဆောင်းလို့လဲရပါတယ်။  မိမိကိုယ်တိုင် ခြိုးခြံပြီး
ပိုလာတဲ့ ငွေကို လှူတာဟာ ပိုပြီးတော့ မွန်မြတ်ပါတယ်။  မိမိလက်ရှိလုပ်နေတဲ့ အလုပ်အကိုင်ဟာ COVID 19 ကပ်ရောဂါနဲ့
ရည်ရှည် ဆက်လက် ယှဉ်တွဲသွားလို့ ရနိုင်မရနိုင်ကို သုံးသပ်ပါ။  နည်းပညာဖြစ်တဲ့ အင်တာနက်၊ ဖုန်း၊ App၊ ကွန်ပျူတာတွေကို
အသုံးပြုပြီး ကျွန်တော်တို့ရဲ့ နိစ္စဓူဝ လုပ်ကိုင်နေတဲ့အလုပ်တွေမှာ လူ - လူ ချင်း ထိတွေ့မှု့
နည်းနိုင်သမျှ နည်းအောင်၊ ပုံစံအသစ်နဲ့ အလုပ်လုပ်နိုင်အောင် COVID 19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန်တွင်းမှာ
နည်းပညာတွေကို အသုံးချနိုင်အောင်ကြိုးစားပါ။
ကျွန်တော်တို့
အသားမကျတဲ့ အလေ့အထ တစ်ချို့ကို ကြိုးစားလက်ခံခြင်း
လူစု လူဝေး
ရှောင်တာ၊  Mask ကို အပြင်ထွက်တိုင်းတပ်ရတာ
စတာတွေဟာ အစပိုင်းမှာ ခက်ခဲပေမယ့် တဖြည်းဖြည်း ကျင့်သားရသွားအောင် လက်ခံပေးသင့်ပါတယ်။  နောက်ပြီးတော့ အရင်တုန်းကလို ဆွေမျိုး သူငယ်ချင်းတွေဆီကို
လူကိုယ်တိုင်ခဏခဏ မသွားနိုင်တဲ့အတွက် ဖုန်း၊ messager တွေကနေ တစ်ဆင့် ဆက်သွယ်ပြီး ဒီလိုပဲ
နွေးထွေးတဲ့ အသိုက်အ၀န်းလေးကို ပုံစံအသစ်နဲ့ တည်ဆောက်သင့်ပါတယ်။  ခဏ ခဏ လက်ဆေးတဲ့ အကျင့်ကတော့ ခုလိုရောဂါမှမဟုတ်ပါဘူး  ဒီ အလေ့အထဟာ ပုံမှန် တုပ်ကွေးရောဂါနဲ့ တစ်ခြားသော
ပိုးမွှားများကို သေစေပြီး တစ်ကိုယ်ရေ ကျန်းမာ သန့်ရှင်းစေပါတယ်။  
အချိန်ပိုများကို
အသုံးချခြင်း
အရင်ကလိုမျိုး
အပြင်ကို ခဏ ခဏ မထွက်ဖြစ်ဘူးဆိုရင်တော့ အချိန်တစ်ချို့ပိုထွက်လာပါလိမ့်မယ်။  အဲ့ဒီအချိန်ကို အကျိုးရှိစွာ အသုံးချသင့်ပါတယ်။  အွန်လိုင်းကနေ သင်ယူလို့ရတဲ့ website ပေါင်းများစွာ
ရှိနေပါပြီ။  Coursera၊ Udemy၊ Alison၊ edX၊
Skillshare? Academic Earth လိုမျိုး website တွေမှာ လေ့လာသင်ယူစရာတွေများစွာရှိသလို၊  အဲ့ဒီ website တွေမှာ ဆရာ၊ ဆရာမတွေ သင်ကြားမှု့သင်ခန်းစာတွေကိုပါ
ပို့ချပေးနိုင်ပါသေးတယ်။  မိမိ ၀ါသနာပါတဲ့ ပန်းပင်စိုက်တာ၊
သီးပင်စားပင်စိုက်တာ စတာလေးတွေကလည်း စိတ်ကို လန်းဆန်းအပန်းပြေစေပါတယ်။  






I agree that it's important to take precautions and stay informed about COVID-19.
ReplyDelete