စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, December 8, 2011

နှုတ်ဆက်ခဲ့ပါတယ် နန်တုန်


          ဒီမြို့ကလေးကို ရောက်တာပြီးခဲ့တဲ့ ဒီဇင်ဘာလောက်က။  ခုဆို ၁၁ လနီးပါးလောက်ရှိပြီထင်ပါ့။  မနက်ဖြန်ဆိုရင်တော့ ဒီမြို့ကလေးကို ခွဲခဲ့ရပါတော့မယ်။  နန်တုန်(Nantong) ဆိုတာက ရှန်ဟိုင်းကနေ ၂ နာရီလောက် ကားစီးရင် ရောက်ပါတယ်။  မြို့ကလေးမှာက လူဦးရေ ၇ သန်းကျော်ကျော်ရှိတယ်။  ရန်ကုန်လောက် မကြီးပေမယ့် သူ့ဟာနဲ့ သူတော့ ကြီးမယ်ထင်တယ်။  ဒါပေမယ့် တိုက်တွေကတော့ ရန်ကုန်ထက်ပိုမြင့်ပြီး ပိုကြီးမယ်ထင်တယ်။
          နန်တုန်ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်ကမှ တဟုန်ထိုး တိုးတက်လာတဲ့ မြို့တစ်မြို့။  ရှန်ဟိုင်းတို့ ဘေဂျင်းတို့လိုမျိုး လူတွေ ပြွတ်သိပ်ပြီးတော့ ရှုပ်ရှက်လည်း ခတ်မနေလှပါဘူး။  သူ့ဟာသူ တည်တည်ငြိမ်ငြိမ်လေးနဲ့ နေချင့်စဖွယ်မြို့ကလေး။  စူကျိုးတံတားသစ်ဖွင့်လိုက်တော့ နန်တုန်မြို့ဟာ ရှန်ဟိုင်း ဧရိယာထဲကို လက်လှမ်းမှီတဲ့ မြို့တစ်မြို့ဖြစ်လာပါတယ်။
  ဒါ့အပြင် တရုတ်အရှေ့ပိုင်းဒေသ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံခွင့်ရတဲ့ ဒေသခြောက်ခုထဲမှာ လည်းအပါအ၀င်ဖြစ်လာပါတယ်။  ဒါ့ကြောင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ လှိမ့်ဝင်လာပြီးတော့ စီးပွားရေးလည်း တစ်ဟုန်ထိုးတက်လာပါတယ်။   မြို့လည်မှာ ဟောင်ဟိုမြစ်လို့ခေါ်တဲ့ ကျုံးကလေးရှိတယ်။  ဒါက ရှေးတုန်းက နန်းတွင်းက အကျဉ်းသားတွေကို ထားတဲ့ နေရာလို့ ပြောစမတ်ပြုကြတာပဲ။  ဟုတ်တယ်မဟုတ်တယ်တော့ သေသေချာချာ စာထဲမှာ မတွေ့ဖူးဘူး။  ပါးစပ်ရာဇ၀င်နဲ့တူပါ့။  
ဒါက ည ၇နာရီခွဲလောက်ဆိုရင် ဟောင်ဟိုမြစ်ထဲမှာ ရေပန်းလွှတ်တာ

ဒါက ဟောင်းဟိုမြစ်ထဲမှာ လှေစီးရင် တံတားအောက်ရောက်တော့ ရိုက်ထားတာ



   အဲ့ဒီ ဟောင်းဟိုမြစ် (မန္တလေးက ကျုံးနဲ့ ခပ်ဆင်ဆင်ရယ်၊ ဒါပေမယ့် လေးထောင့်စပ်စပ်ရယ်တော့ မဟုတ်ဘူးပေါ့)  ထဲမှာ နွေရာသီ ညပိုင်း လှေစီးလို့အရမ်းကောင်းတယ်။  မြို့က မြို့သစ်နဲ့ မြို့ဟောင်းဆိုပြီး နှစ်ပိုင်းရှိတယ်။  မြို့သစ်ထဲမှာ လမ်းတွေက နည်းနည်းကျဉ်းပြီးတော့ တစ်ခြားဒေသက လူတွေလာပြီးအလုပ်လုပ်ကြတာနဲ့ လူဦးရေများလာတာက တစ်ကြောင်း၊  အစိုးရဋ္ဌာနတွေကို တစ်စု တစ်စီးထဲ ထားလိုတာက တစ်ကြောင်း မြို့သစ်ကို ထပ်မံတည်ပါတယ်။  အဲ့ဒီမှာတော့ ကုန်သွယ်ရေး ဗဟိုဋ္ဌာန၊  အစိုးရဋ္ဌာနတွေ၊ နန်တုန် တက္ကသိုလ်နဲ့ အခြားသော အဆောက်အဦးအသစ်တွေနဲ့ လမ်းတွေဘာတွေ ကျကျနန ဖောက်ထားပါတယ်။  တက္ကသိုလ်ကလည်း ဟက်ဗလုပ်ကြီးခင်ဗျ။ နည်းတာကြီးကို မဟုတ်တာ၊  ဘောလုံးကွင်း၊ ဘက်စကတ်ဘောကွင်း၊ စားပွဲတင်တန်းနစ်၊ ကြက်တောင်၊ ရေကူးကန် အစုံပေးထားတယ်။ စာကြည့်တိုက်ကလည်း အကြီးကြီး၊ မေဂျာတွေကလည်း အစုံ၊ ကျောင်းသားတွေ အဆောင်၊ ကျောင်းသူတွေ အဆောင် တွေကလည်း တက္ကသိုလ်ဝင်းထဲမှာ။  သွားတိုင်း ကျောင်းပြန်တက်ချင်စိတ်ပေါက်ပေါက်လာတယ် အဟုတ်။  မြို့ထဲမှာတော့ ကောလိပ်လေးတွေရှိပါတယ်။ ကောလိပ်ဆိုပေမယ့်လည်း တက္ကသိုလ်လိုပါပဲ facility အစုံရှိပါ့။  ကျွန်တော်ဆို အမြဲတမ်း စနေ တနင်္ဂနွေပိုင်း ကောလိပ်တစ်ခုမှာ ဘောလုံးသွားသွားကန်တယ်။
ဟောဒါက ကောလိပ်က ဘောလုံးကွင်း (မြန်မာပြည်မှာ ဆိုရင်တော့ GTC လို နည်းပညာ ကောလိပ်ပေါ့)  မြက်ခင်းအတုခင်းပေထားတာ။
        
ဒါက မြို့ဟောင်းက တိုက်တန်းတွေ

ဒါက မြို့ဟောင်းက တိုက်တွေ၊  အခုမြင်နေရတဲ့ ခုံးခုံးကြီးက ဆေးရုံ

ဒါကလည်း မြို့ဟောင်းထဲ က ဟိုတယ်တစ်ခု


ဒါလည်း မြို့ဟောင်းထဲက နေရာလေးတွေ

ဒါကတော့ မြို့သစ် ဘက်ပိုင်းက ရှော့ပင်းမောရဲ့ ရှေ့ကအရုပ်တွေ။  မြို့သစ်တည်ရင် ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ ရှော့ပင်မော၊ ဘက်စ်ကား၊ စတဲ့ အခြေခံလိုအပ်ချက်တွေ အပြည်အစုံထည့်ပြီးတော့မှ လူတွေကို ရွှေ့ခိုင်းတာ တွေ့ရတယ်။

ဒါက Keppel' Nantong တစ်နှစ်တစ်ခါလုပ်တဲ့ အားကစားပွဲကို ကောလိပ်တစ်ခုမှာလုပ်နေကြတာ... အခုမြင်ရတာက လွန်ဆွဲပြိုင်နေကြတာ။  


ဒါကတော့ လန်းစန်းတောင် (Wolf Hill) ပါ။  နန်တုန်းမှာတော့ ဒီတောင်တစ်လုံးပဲ လောက်လောက်လားလား လက်ညှိုးထိုးစရာရှိတယ်။

ဒါက လန်းစန်း ရဲ့တောင်နံရံ လှလို့ ရိုက်ထားတာပါ ဘာရယ်တော့ မဟုတ်ဘူး

ဒါကတော့ ဆုတောင်းတဲ့ သစ်ပင်ပါတဲ့  သစ်ပင်မှာ အဲ့ဒီ အနီရောင်စာတမ်းလေးတွေ ချိတ်ပြီးတော့ ဆုတောင်းကြတယ်.... ကျွန်တော်ကတော့ ဓာတ်ပုံရိုက်တယ်

ဒါက တောင်ထိပ်က မြောက်ပိုင်းဗုဒ္ဒဘာသာ ကျောင်းဆောင်

ဒါက လန်စန်း ထိပ်ကနေလှမ်းဆွဲထားတာ... တိုက်အမြင့်ကြီးက စီးပွားရေး စင်တာ၊ ရှေ့က ခုံးခုံးကြီးက အားကစားရုံ ကြယ်လေးပွင့် အဆင့်ရှိသတဲ့

ဒါက လန်စန်းအပြန်နောက်ကျလို့ ဆိုင်ကယ်ထားတဲ့ ၀န်းက သော့ပိတ်သွားပြီး တိုင်ပတ် ကွိုင်ပူနေတုန်း ကျွန်တော့ ရှု့မငြီးကလှမ်းပြီး လက်ကလိထားတာ.....  တရုတ်လိုကလည်း မပြောတတ်၊ အပေါက်စောင့်နဲ့ နာရီဝက်လောက် ကျောက်ခေတ်စကား ခြေတွေရော၊ လက်တွေရော ၀ူးဝူးဝါးဝါးနဲ့ ပြောယူလိုက်တော့မှ ဆိုင်ကယ်ရုံ သော့ပိတ်သွားတဲ့ ငနဲ ပြန်ပြီး ဖွင့်ပေးတော့တယ်။  ဒါတောင် နောက်ထပ် ၁၅ မိနစ်လောက် စောင့်ယူရသေးတယ်။

ဒါကတော့ စောစောက အပေါ်စီးက လှမ်းမြင်နေရတဲ့ အားကစားရုံကြီးပါ။  လူကိုတော့ ဖယ်ကြည့်ကြပါ။  လူမပါတဲ့ ပုံပြန်ရှာတာ မတွေ့တော့လို့.... :)

               မည်သို့ပင်ဖြစ်စေပေါ့လေ... ခုတော့ ဒီမြို့ကလေးနဲ့ ခွဲပြီးတော့ နောက်ထပ် သင်္ဘောအသစ်ဆောက်မယ့် ရှန်ဟိုင်းကို ရွှေ့ရပါဦးမယ်။   ရှန်ဟိုင်းမှာ အလုပ်မစခင်တော့ နှစ်ပတ်လောက် နားပြီး စင်ကာပူ ခဏပြန် သက်တမ်းတိုး၊ ပြီးတော့ မြန်မာပြည်ကို ခဏတဖြုတ်လောက်တော့ ပြန်ပြီး အနားယူမလားလို့ စိတ်ကူးနေတာပဲ။  
                   လူတွေ ရှုပ်ရှက်ခတ်၊ ကားတွေ ပြွတ်သိပ်ပြီးတော့ ဈေးကြီးတဲ့ ရှန်ဟိုင်းကိုတော့ နန်တုန်လောက် ပျော်မယ်မထင်ပါဘူး။  သူများမြို့တွေ ရွာတွေကိုယ့်မျက်စေ့ရှေ့မှာတင် တိုးတက်လာတာမြင်ရလေတော့ အားကျမိပါတယ်။  ကျွန်တော်တို့လည်း တစ်နေ့နေ့ပေါ့.... "အရှေ့က နေ၀န်းထွက်သည့် ပမာပ၊  ဒို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ" ဆိုပြီး သီချင်းလေး ခပ်တိုးတိုး ရွတ်ရင်း စောင့်စားလျှက်ပေါ့လေ။  

AH










12 comments:

  1. သူ့ဟာနဲ့ သူလှလှပပ ရှိတယ်ဗျာ... "အရှေ့က နေ၀န်းထွက်သည့် ပမာပ၊ ဒို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ... မျှော်နေပါသည်။

    စင်ကာပူရမှ ၀ဲကမ်းဘက် နောင်တော်

    ReplyDelete
  2. ၀ဲလ်လကမ်း ပါ အစ်ကိုတော်.... :)

    ReplyDelete
  3. ကျောက်တောင်ကြီးမှာ ကပ်ပေါက်နေတဲ့ တိုက်ကပ်ပန်းနွယ်ပင်ကြီး လှလိုက်တာ
    ကို AH ကတော်ကလည်း ဘလော်ဂါရဲ့ ဇနီးပီသတယ်.
    လက်က သွယ်တယ်နော်
    ဘာဘဲဖြစ်ဖြစ် နောက်တစ်မြို့ရောက်ရင် နောက်ထပ် မြို့အကြောင်း အသစ်တွေ ထပ်ရေးလို့ရတာပေါ့နော်။
    ကန်တုန်မြို့ကတော့ အေးချမ်းမဲ့ပုံပါ။

    ReplyDelete
  4. တွေ့ဘီ တွေ့ဘီ ကိုအားထောင်ကိုး)

    ဘလော့ဂါစုံတွဲပီသပါပေတယ်တော်

    ReplyDelete
  5. နန်တုန်ကို AH ရဲ့ကျေးဇူးနဲ့ရောက်ခဲ့ပြန်တယ်
    ပုံတွေကတော့အရမ်းကိုလှနေတယ်နော်
    လန်းစန်းတောင် (Wolf Hill) ကိုသဘောကျနေမိတယ်
    ဘယ်ကိုပဲ ကြည့်ကြည့် စိမ်းစိမ်းစိုစိုနဲ့နော်

    ReplyDelete
  6. တောက်..!
    ကိုအွတ်ထောင်ရယ်..အားကစားရုံကို ကြည့်မလို့ဟာ လူကရှုပ်နေတယ်.:D

    ReplyDelete
  7. အကိုရေ ပုံတွေအားလုံးစိတ်ဝင်စားဖို့ကောင်းတယ်
    ရိုက်ချက်တွေလဲမိုက်တယ်

    ReplyDelete
  8. ထွက်တော်မူ နန်တုန်ကခွာပြီပေါ့လေ....၊ရှင်ကျားပူမှ ကြိုဆိုပါတယ်ဗျား...:)
    ကိုအွတ်ထောင်(အဲ....ကိုရင်ခေါ်သလိုလိုက်ခေါ်လိုက်တာပဲ...ဘယ်လိုခေါ်ရ
    မှန်းမသိလို့.....:P)ဆီခုမှရောက်သဗျ....၊နောက်အမြဲလာနိုင်တောင် လင့်ချိတ်
    ထားဘီဗျိုးးးးးးးးးးး

    ReplyDelete
  9. တရုတ်ကရုပ်ဝတ္ထုဆိုင်ရာတအားတိုးတက်လာပေမဲ့
    စိတ်ဓါတ်ပိုင်းဆိုင်ရာ..တအားဆုတ်ယုတ်သွားတယ်လို့ဘဲ
    ခံစားမိပါတယ်..

    ReplyDelete
  10. အဲ့ဒါအစ်ကိုပုံလား.. :)
    စင်္ကာပူရောက်နေတယ်ဆို ကိုမောင်သန့်ပြောတယ် :D

    ReplyDelete
  11. ဗဟုသုတတွေယူသွားတယ် မောင်အောင်ထွဋ်ရေ။ ကျေးဇူးး)
    နန်တုန်ကိုနှုတ်ဆက်ရပြီဆိုတော့ စိတ်မကောင်းဖြစ်မှာပေါ့နော်။
    ဓာတ်ပုံအားလုံး စိတ်ဝင်စားစရာကောင်းတယ်။ မြို့ဟောင်းက
    တိုက်တွေ ဟိုတယ်တွေကလည်း အမိုက်စားပါလား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete