စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, March 29, 2013

Monkey D Luffy



        စင်ကျားပေါ ပြန်ရောက်တုန်း အလုပ်အတော်များနေသည်။  ဆိုင်ကယ် နောက်တစ်မျိုးထပ်ခေါက်သည်။  အရင်တစ်ခေါက်တုန်းက အဖြူအမည်း၊ အခုဟာက ကာလာနှင့်ဖြစ်သည်။  ထမင်းချက်ဖြစ်သည်။  လျှောက်သွားသည်။  ရုံးကိုတော့ မသွား။  ကျန်တဲ့ နေရာတွေ လျှောက်သွားသည်။  လျှောက်စားသည်။  ပိုက်ဆံတော်တော်ကုန်သွားတော့ နောင်တရချင်သလိုလို ဖြစ်နေသည်။  နောက်ပြီးတော့ Candy Crush ဆိုသော ဖဘမှ ဂိမ်းတစ်ခု ဆော့ဖြစ်သည်။ 
          အဓိကကတော့ Monkey D Luffy ဖြစ်သည်။ One Piece ကာတွန်းကားကို အွန်လိုင်းကနေ ကြည့်နေခြင်းဖြစ်သည်။  ကြည့်ချင်သူများ ဟောဒီလင့်ကနေ တစ်ဆင့် သွားကြည့်နိုင်ပါသည်။  ဘဖမှာ နိုင်ငံရေး သတင်းတွေ စုံနေသည်။  ကြည့်ရင်းကြည့်ရင်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပေ။  လောလောဆယ် နိုင်ငံရေးထက် ၀မ်းရေးကို ပိုပြီး စိတ်ကရောက်နေသည်။  ရွှေပြည်ကြီးကထွက်လာပြီးတော့ လက်ထဲမှာ ဘာမှ မည်မည်ရရ မရှိသေး။  အင်ဗက်စ်မန့် ဆိုသော ခပ်ရှိန်ရှိန်စာလုံးထွက်သည့်အရာကို နည်းနည်း တီးခေါက်ကြည့်သည်။  ဘာတဲ့ Risk Management ဆိုလားဘာလား… ဟိုနေ့က အဲ့သလို ကုမ္ပဏီက ကိုယ်စားလှယ် တစ်ယောက်နှင့် စကားပြောကြည့်သည်။  တစ်လကို ဘယ်၍ ဘယ်မျှစုလျှင် နှစ်ပေါင်း၂၀ ကြာလျှင်၊ နှစ်ပေါင်း ၃၀ ကြာလျှင် ဘယ်လောက်ရမည်။  စုတဲ့အထဲမှာ စုနေရင်း သေသွားလျှင် ကျန်သောလူကို ဘယ်လောက်ပေးမည်။  ကိုယ်အလုပ်မလုပ်နိုင်တော့လောက်အောင် ဒဏ်ရာ အပြင်းအထန်ရသွားလျှင် ဘယ်၍ဘယ်မျှ ပြန်ရနိုင်သည့် အာမခံရော ဘာရောပါသော saving ပုံစံမျိုးနှင့် မိတ်ဆက်ပေးသည်။

          ကျန်းမာရေး အာမခံ၊ ခရီးသွား အာမခံ၊ စသည်အားဖြင့် အာမခံ လုပ်ငန်းမျိုးစုံကို မေးကြည့်သည်။  သို့သော် ကျောချကြည့်၍ ဖျာမှမရှိ၊ စလုံးတွင် အလုပ်ပါမစ်ကလေး ၁ နှစ်၊ ၂ နှစ် နှင့် လာပြီးတော့ ဒီအာမခံကြေး လျှောက်ပေးနေရင်လည်း ပါမစ်ပြုတ်သွားတဲ့တစ်နေ့ ဟိုက ကိုယ့်ပိုက်ဆံယူသွားယုံသာရှိသည်။  ဘာ Plan ရှိလဲ၊  child care၊ education စတာတွေအတွက် ငွေစုတာရှိလား ဘာညာ နှင့်။  နောက်ဆုံး စဉ်းစားကြည့်လိုကတော့ မြန်မာနိုင်ငံက ဘဏ်တိုး တစ်နှစ် ၈% ကို ဘယ်အာမခံမှ မမီချေ။  သြော်… မဆီ မဆိုင်တွေ။  Monkey D Luffy အကြောင်းဆက်ဦးမည်။
          One piece ရေးတဲ့ ကာတွန်းဆရာက ခုမှ အသက်က ၃၈ နှစ်ပဲရှိဦးမှာ။  နာမည်က အိချိရို အိုဒ။  One Piece ရဲ့ ပထမဆုံးစာအုပ်ထွက်တာက ၁၉၉၇ ဆိုတော့ ခုဆိုရင် ကာတွန်းသက်တမ်းက ၁၆ နှစ်လောက်ရှိပြီ။  အသက် ၁၇ နှစ်သားကထည်းက ကာတွန်းဆွဲပြီး အသက်မွေးနေပြီ။  ဒီစာအုပ်က ဂျပန်မှာတော့ ရောင်းအကောင်းဆုံး စာအုပ်ပဲ။  တစ်ပတ်ကို တစ်အုပ်ထွက်တယ်။  ၂၀၁၂ ခုနှစ်မှာတုန်းက ဂျပန်နိုင်ငံထဲမှာကို စာအုပ်ပေါင်း သန်း ၂၈၀ ရောင်းပြီးပြီ။  အတွဲ ၆၁ တုန်းက ဆိုရင် စာအုပ်ပေါင်း ၃.၈ သန်းရောင်းရတယ်ဆိုပဲ။  ကိုယ်တွေကတော့ ကာတွန်းပဲကြည့်တာပဲ။  အဲ့ဒီ မူရင်းကာတွန်းစာအုပ်ကို animation ထည့်ပြီး ကာတွန်းလုပ်ထားတာကို ထိုင်ကြည့်နေတာ။  ကြည့်လို့ကောင်း၏။  အပိုင်း ၁၀၀ ကျော်တော့ပြီးသွားပြီ ဖြစ်သည်။  လောလောဆယ် အပိုင်း ၅၀၀ ကျော်ရှိသည်။  မပြန်ခင်လေးတော့ ရသလောက်ကြည့်သွားဦးမည်။  ကြည့်ချင်သူများ ဟောဒီလင့်မှာ ကြည့်ကြပါကုန်။

2 comments:

  1. candy crush ကတော့ အသည်းအသန်ကိုဆော့နေကြတာကလား...၊ကျွန်တော်
    လည်းအပါအဝင်ပေါ့လေ.... :)))) ဂျပန်ကာတွန်းကားလေးတွေကို သိပ်သ
    ဘောကျ...၊ဒါပေမယ့် one piece တော့ မကြည့်ဖြစ်...၊မကြည့်ဖြစ်ဆို အပိုင်း
    လိုက်တွေဆို သိပ်သဘောမကျလို့...၊2နာရီနီးပါးလောက်ကြည့်ပြီး ပြီးသွားတာ
    မျိုးပဲ ကြိုက်တာရယ်....။

    ReplyDelete
  2. One piece ကို စလုံးနေတုန်းက မကြည့်ဖြစ်ဘူး.... Naruto ကြည့်ဖြစ်နေလို့ .... ခုမန်းလေးပြန်ရောက်မှ ဒေါင်းထားတဲ့သူငယ်ချင်းဆီသွား Hard-disk နဲ့ ကူးပြီးကြည့်နေတယ် တော်တော်တော့အလုပ်ပျက်အကိုင်ပျက်တာပဲ.... ဒါပေမဲ့လဲ မကြည့်ရမနေနိုင်တော့ဘူး...စွဲသွားပြီ..... ဇာတ်လမ်းကို

    ReplyDelete