အလုပ်ထဲမှာ ခဏ ခဏ ပြဿနာတက်ရသည်မှာ မနီ မနီ
ထထ၊ ထထ နီမ နီမ ပြဿနာပင်ဖြစ်သည်။ ထုံးစံအတိုင်း
အလုပ်ထဲမှာ Thruster well machining လုပ်တဲ့အခါတွေ၊ Inclining test လုပ်တဲ့အခါတွေမှာ၊
Shaft alignment ရဲ့ tolerance ပြန်တွက်တဲ့အခါတွေမှာ ဒီပြဿနာ ခဏ ခဏတက်သည်။ မနီ၊ မနီ ထ ထ ကိုပင် ပြန်ရှင်းရသည်မှာ ပိုပြီး အချိန်ကုန်သည်။ တစ်ကယ်တော့ တြီဂိုဟာ စိတ်ဝင်စားစရာ တော်တော်ကောင်းသော
ဘာသာရပ်ဖြစ်သည်။
တြီဂို အကြောင်း မစခင် စက်ဝိုင်း နှင့် တြိဂံ
အကြောင်း အရင်စပြောရတာ ပိုကောင်းမည်။ စက်ဝိုင်းဆိုသည်မှာ
စက်ဝိုင်းဖြစ်သည်။ တြိဂံ ဆိုသည်မှာ တြိဂံဖြစ်သည်။ စက်ဝိုင်းတွင် ဒီဂရီပေါင်း ၃၆၀ အားဖြင့် ပိုင်းထားသည်။ ဘာကြောင့် ၃၆၀ ပိုင်းလဲ? အပိုင်းပေါင်း ၈၀၀၊ ၉၀၀၊ ၁၀၀၀ ပိုင်းရော မဖြစ်နိုင်ဘူးလား
မေးစရာတော့ ရှိသည်။ ရနိုင်သည်။ စိတ်ကြိုက်ပိုင်းပေါ့။ ဒါပေမယ့် ဒီဂရီ ဆိုသော အခေါ်အဝေါ်ကို ဆူမားရီးယန်း
တွေက ကြေးခေတ် (ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၄၀၀၀၊ ၄၅၀၀ လောက်ကထဲက) ထွင်ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ ထွင်ပြီးသာကို လိုက်ပြီး သုံးရတာ
အဆင်ပြေသည်။ ကိုယ့်အရင်လူတွေကလည်း စက်ဝိုင်းကို
အပိုင်းပေါင်း ၃၆၀ ပိုင်းပြီးတော့ စဉ်းစားပြီး သီအိုရီတွေ၊ ညီမျှခြင်းတွေ၊ မှန်ကန်မှု့တွေ
တွက်ချက်ခဲ့ကြသည်။
သူတို့ကရော
ဘာဖြစ်လို့ ၃၆၀ ပိုင်းလဲ ဆိုတာကျတော့ ပြောရတာ နဲနဲ လက်ပေါက်ကပ်သည်။ ဟိုးတုန်းက ကြယ်တွေကို ကြည့်ကြသည်။ အဲ့ဒီတုန်းက ပြက္ခဒိန်တွေက တစ်နှစ်ကို အကြမ်းအားဖြင့်
ရက်ပေါင်း ၃၆၀ လို့ သက်မှတ်ကြသည်။ ခုလိုမျိုး
၃၆၅.၂၄၂ ရက် အတိအကျ မဟုတ်သေး။ ဒီတော့ ရက်တစ်ရက်ကုန်တိုင်း
ကြယ်တွေ ရွှေ့သွားတဲ့ နေရာကို မှတ်ရလွယ်အောင် စက်ဝိုင်းပေါ်မှာ အပိုင်း ၁ ပိုင်း (၁ ဒီဂရီ)
သတ်မှတ်ပြီး တစ်နှစ်ပြည့်တော့ ရက်ပေါင်း ၃၆၀ စက်ဝိုင်းပေါ်မှာ အပိုင်း ပေါင်း ၃၆၀ လို့
သတ်မှတ်တယ်လို့ ဆိုကြတာပဲ။ ကိုယ့်အလှည့်ကြတော့မှ
ထူးပြီး ပိုပိုင်းလိုက်လျှင်၊ လျှော့ပိုင်းလိုက်လျှင် ကိုယ့်ထွင်ထားတာကို တစ်ခြားသော
ယူနစ်တွေနှင့် လိုက်ချိန်ရင်း အချိန်ကုန်သွားနိုင်သည်။ ပြီးလျှင် ကိုယ့်ကို အရူးကြီးလို ၀ိုင်းကြည့်ကြဦးမည်။ ထားတော့၊ ထို့ကြောင့် စက်ဝိုင်းတွင် ဒီဂရီ အပိုင်းပေါင်း
၃၆၀ နှင့် ပိုင်းသည်။ ဒါကို မျက်စိထဲ မြင်နေရင် ပြီးတာပဲ။