စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, August 17, 2013

2+2 = 5


         ဒီဗီယိုလေးကို အရင် ကြည့်လိုက်ပါ….




ကျွန်တော့် အတွက်တော့ အတွေးတွေ အများကြီး ပေးသွားတဲ့ ဗီဒီယိုလေးပါ။  ကျွန်တော် သူငယ်ချင်းတစ်ယောက် ဖဘ ပေါ်မှာ ရှဲထားတာတွေ့လို့ ကြည့်ဖြစ်ရင်းနဲ့ဒီပိုစ့်လေးကို ရေးလိုက်မိတာပါ။  ကျွန်တော်ဆိုလိုချင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကို ပြန်ကြည့်ပြီးတော့ ဒါ့ကြောင့် ဒါ့ကြောင့်လို့ ဆိုလိုချင်နေတာမဟုတ်ပါဘူး။ 

         လက်ရှိကျွန်တော်တို့ brain wash ဘယ်လောက်အထိ အလုပ်ခံရပြီးပြီလဲဆိုတာကို ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖို့ ပြောချင်တာပါ။  ကျွန်တော်တို့ဟာ ဒီကျောင်းသားလေးတွေနေရာကို အရင်ဆုံး ၀င်မကြည့်ပါနဲ့။   အတန်းထဲက ဆရာတစ်ယောက်ရဲ့ နေရာကို ၀င်ကြည့်ပါ။  ကျွန်တော်တို့ ကိုယ်တိုင် ဆရာဖြစ်ပြီဆိုပါတော့။  ဒီ ဗီဒီယိုထဲကလိုမျိုး ကျောင်းသာ အပြစ်ပေးလိုက်တဲ့ အခြေအနေအထိ မရောက်ဖူးပဲ ထားပါတော့။


         ကျွန်တော့်ကိုယ်ကျွန်တော် ဆရာတစ်ယောက်ရဲ့ နေရာနေ၀င်ကြည့်တယ်။  ကျောင်းသားက သူ့ရဲ့ ကိုယ်ပိုင် ထင်မြင်ယူဆချက်တစ်ရပ်ကို ကျောင်းသင်ခန်းစာကနေ ခွဲထွက်ပြီးတော့ ဆရာတစ်ယောက်ကို ပြောပြနေတယ်လို့ ယူဆလိုက်ပါ။  ကျွန်တော် brain wash အလုပ်ခံထားရပါတယ်။  တပည့်တစ်ယောက်က ဆရာတစ်ယောက်ကို ဒီလိုပြန်ပြောနေတာကို ကျွန်တော့်စိတ်ထဲမှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်မနေပါဘူး။  ငါ့ကို ပညာလာစမ်းနေတယ်လို့ ကျွန်တော့်စိတ်ထဲမှာ ထင်နေပါတယ်။  ငါ့သင်ခန်းစာကို လာနှောက်ယှက်နေတယ်လို့ ကျွန်တော်ထင်နေပါတယ်။  ဒါမျိုးဟာ ကျွန်တော်ထင်တယ် မြန်မာနိုင်ငံ ပညာရေးစနစ်တစ်ခုလုံး ဒီလိုဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်။  ကျွန်တော်လည်း ဒီ သင်ကြားရေးစနစ်အောက်ကနေ ကြီးပြင်းလာတဲ့အတွက် ဒီလိုမျိုး စိတ်ဓာတ်ရှိနေတယ် ထင်တာပဲ။ 

ဒီလိုပါပဲ  ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးစနစ်မှာ  ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို ဘယ်လို တုန့် ပြန်မယ်လို့ ထင်ပါသလဲ?  ဒီအတွက် အကျိုးဆက်အနေနဲ့ တိုင်းပြည်ရဲ့  မျိုးဆက်သစ်လေးတွေရဲ့ အတွေးအမြင် ဘာဖြစ်သွားမယ်လို့ ထင်ပါသလဲ?  တိုင်းပြည်ရဲ့ အနာဂါတ်ဘာဖြစ်သွားနိုင်ပါသလဲ?  ကျွန်တော်တို့ ဘာကို ဖောက်ထွက်ဖို့ လိုအပ်နေလဲ ? 

သူတို့လေးတွေကို ဒါဟာ ဒါကြီး၊  ဟောဒါကို ဟောဒီလို ယုံ၊  ဘာမှ ပြန်မမေးနဲ့ ဆိုတာထက် သူတို့ ဘာတွေ တွေးခေါ်နိုင်တယ်၊  ဘယ်လိုမျိုးတွေခေါ်ရမယ်ဆိုတာကို ပျိုးထောင်ပေးနိုင်မှ ဒီတိုင်းပြည် ထူထောင်လာနိုင်မှာဖြစ်တယ်။  ကျွန်တော်တို့  အနေနဲ့ နောက်လိုက်တွေ ထပ်မလိုတော့ပါဘူး။  ကျွန်တော်တို့ လိုအပ်တာ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။  ခေါင်းဆောင်လိုအပ်ရင် အနာဂါတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် မျိုးဆက်သစ်လေးတွေကို ခေါင်းဆောင်ကောင်းတွေ တွေးတောကြံဆနိုင်တဲ့ အတွေးအခေါ်မျိုး ရရှိဖို့  မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။  ခေါင်းဆောင်စိတ်ဓာတ် ရှိတဲ့လူတွေကို မွေးထုတ်ပေးရမှာဖြစ်ပါတယ်။  မဟုတ်ရင်တော့ ကျွန်တော်တို့ အတွက် အနာဂါတ်ဆိုတာ မရှိတော့ပါဘူး။

ဟိုတစ်လောကလည်း ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြောပြတယ်။  လူတွေကသာ ဒီမိုကရေစီ အော်နေကြတာ၊  တစ်ကယ်တော့ သူတို့ဟာ အရင်ခေတ်ကို သာယာနေတုန်းပဲ ဆိုတာလေးပါ။  အခု ရုံးတွေ၊  ကုမ္ဗဏီတွေမှာ ကြည့်ကြည့်လိုက်ပါ။  ပုံမှန် ပြည်သူ လူတန်းစားတွေကို ရုံးဝန်ထမ်းတွေက Service ပေးတဲ့ ပုံစံနဲ့ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေလာရင် ၀န်ဆောင်မှု့ပေးတဲ့ ပုံစံ ဘာကွာသလဲ ဆိုတာကို။  သူတို့တွေဟာ အရင်ခေတ်က လက်ကျန် လုပ်ဆောင်မှု့တွေကို အသားကျပြီးတော့ သာယာနေတုန်းပဲ။  နောက်လိုက်ကောင်းဖြစ်ချင်နေတုန်းပဲ။  တန်းတူညီမျှ ၀န်ဆောင်မှု့ပေးရမှာကို ရွံရှာနေတုန်းပဲ။  ဒီလိုမျိုး မျက်နှာလို မျက်နှာရ လုပ်ပေးရတာကို ကျေနပ်နေတုန်းပဲ။  ဒီတော့ ဒီမိုကရေစီကိုသာ လိုချင်နေကြတာ သူ့ရဲ့ အနှစ်သာရကို ခုချိန်ထိ ကိုယ်တိုင် မဖန်တီးနိုင်ကြသေးဘူးဆိုတာလေးကိုပါ။
ထားပါတော့လေ… ဒီအတိုင်းလျှောက်ရေးနေရင် ခု ပိုစ့်နဲ့ မဆိုင်တာတွေ ပါကုန်မှာဖြစ်တဲ့အတွက် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီ။


5 comments:

  1. 2+2=5 ;(

    the more clever the more a student would get punished. I hate this policy. But we are still in it, aren't we?

    ReplyDelete
  2. ကျမလည်းဒီဘရိန်းဝပ်ရှ်လုပ်ခံရတာတွေကို..ခဏခဏစဉ်းစားမိတယ်။
    ထပ်ခါထပ်ခါလုပ်ရင်းအမှန်တစ်ခုလိုလက်ခံလာကြတာတွေ...
    အမှန်လုပ်တဲ့သူဟာဦးနှောက်မမှန်မူမမှန်သလိုအကြည့်ခံရတာတွေ...
    "တွေးတောကြံဆနိုင်တဲ့ခေါင်းဆောင်ကောင်းလေးတွေဖြစ်လာဖို့ မြေတောင်မြှောက်ပေးရမှာပါ....ဆိုတဲ့အပုဒ်ကိုအပြည့်အ၀ထောက်ခံတယ်။ ကိုယ်တိုင်တွေးခေါ်သုံးသပ်ဝေဖန်ပြီးမှ ဆုံးဖြတ်ချက်အမှန်ချနိုင်ဖို့ ဆိုတဲ့...practice ..ကိုတော်တော်လုပ်ယူရမယ်။
    ကျမတို့ ရဲ့ ယဉ်ကျေးမှုကလည်း ဆရာသမားလူကြီးမိဘကို ပြန်ပြောတဲ့သူဟာ ရိုင်းစိုင်းသူလို့ မြင်နေတဲ့အမြင်ကိုလေ့ကျင့်ပေးခံထားရတယ်လေ။ အဲဒီနေရာမှာမိဘတွေ ဆရာသမားတွေက ငယ်စဉ်ကတည်းက ယဉ်ကျေးစွာပြန်လည်မေးခွန်းထုတ်ခွင့်မျိုးကို..ခွင့်ပြုပျိုးထောင်ပေးဘို့ လိုတယ်လို့ မြင်မိတယ်။
    ဆွေးနွေးရမယ်ဆိုရင်တော်တော်ကျယ်ဝန်းသွားမယ်နော်။
    အိုင်အိုရာ

    ReplyDelete
  3. ကောင်းလိုက်တာဗျာ
    မှန်ပေသည် ကျနော်တို့ပြည်မှာက အဲဒီစနစ်ကြီးရဲ့
    လွှမ်းခြုံမှု့ကို ကောင်းကောင်းခံနေခဲ့ရတာ ကြာပြီ
    သား/သမီး တွေကလည်း မိမိတို့ရဲ့ အတွေးအမြင်တွေကို
    ထုတ်ဖေါ်ပြသခွင့် နည်းပါလွန်းလှသည်
    ကျောင်းသား ကျောင်းသူ တပည့်လေးများကလည်း
    သူတို့ရဲ့ အတွေးအမြင်ကို တင်ပြခွင့် မရကြ ။

    ငါမင်းတို့ထက်ပိုသိတယ် ငါဆရာ
    ငါမင်းတို့ထက်ပိုသိတယ် ငါမိဘ
    ဆိုတာမျိုးတွေကအပြည့်သာ နေရာ ယူထားကြတယ်
    ဒါကြောင့်မို့လို့လည်း နှစ်ပေါင်းများစွားတိုင်အောင်
    သုံးစားလို့ မရသော လူပေါင်းများစွာကိုသာ
    အလေးခံပြီးတော့ မြန်မာ့မြေကြီးက ထမ်းပိုးထားရတယ် အကိုကြီးရေ....။



    မင်းဧရာ

    ReplyDelete
  4. ရင်ထဲတကယ်ထိတယ်။
    ဒီလိုသွန်သင်ခြင်းနဲ့ ကြီးပြင်းလာတော့၊
    ကိုယ်ကလည်းအငယ်တွေ၊တပည့်တွေကို၊
    ဒီလိုဘဲပြန်လုပ်ကြတာပေါ့..။
    ဒီသံသာရာကြီးကလည်နေအုံးမှာဘဲ...။
    အထက်မှာနေရတဲ့သူတွေဟာ၊
    မိဘ၊ဆရာ၊ရာထူးပိုကြီးသူအားလုံးဆိုပါတော့၊
    သူတို့ အားလုံးသိတယ်၊ဘာမှဆင်ခြေမပေးနဲ့ ၊
    ဆိုတာဘဲပြောတတ်တယ်...။
    တခါခါစဉ်းစားမိတယ်..ဒီအကြောင်းတွေကို..။
    ဒီလိုစဉ်းစားလိုက်တာနဲ့ ငါအကုသိုလ်တွေးနေပြီလို့ လည်းထင်ပြန်တယ်..။
    ကိုယ်တို့ လည်း...brain wash ဘယ်လောက်အတိုင်းအတာထိ၊
    ခံထားရကြပြီလဲ...နားလည်မိပြန်တယ်။

    ReplyDelete
  5. တွေးစရာတွေပေးတာအမှန်ပဲ


    မောင်ဘကြိုင်

    ReplyDelete