ကျွန်တော်တို့ မူကြိုကနေပြီးတော့ တက္ကသိုလ်တွေတက်
ကျောင်းတွေပြီး၊ စာတွေသင်ခဲ့ကြတယ်။ ဒါပေမယ့် တစ်ချို့ ဘာသာရပ်တွေကို ဘာလို့ သင်ခဲ့မှန်း၊ ဘာကြောင့် သင်ရမှန်း သိတောင် မသိခဲ့ဘူး? ကြက်တူရွေးတွေလို ပုံသေကားချပ်လိုက်ကြီး စာမေးပွဲခန်းထဲမှာ
ဟိုဘက်စာအုပ်ထဲကဟာကို အဖြေလွှာစာရွက်ပေါ် အတုံးလိုက် အတစ်လိုက်ရေးချ။ ၏ သည် မရွေး မှန်အောင် ခေါင်းထဲမှာ အလွတ်ကျက်ထားတဲ့
ဘာမှန်းမသိတဲ့ အက္ခရာတွေကို စာရွက်ပေါ် ရေးချ၊ အမှတ် ၁၀၀ ရ၊ အခန်းထဲမှာ အဆင့် ၁ ရ၊ ဂုဏ်ထူးတွေထွက်။ ပြီးရင် ကျွန်တော်တို့လက်ထဲမှာ အောင်လက်မှတ်တို့၊
ဘွဲ့လက်မှတ်တို့ စတဲ့ စက္ကူ စာရွက်တွေရ။ ပြီးရင်
အဲ့ဒီ စက္ကူစာရွက်တွေ ကိုင်ကိုင်ပြီး ဓာတ်ပုံအရိုက်ခံ၊ ဧည့်ခန်းထဲမှာ ပုံကြီးချဲ့ပြီးတော့ အကျအန ချိတ်။ အဲ့ဒီ စက္ကူစာရွက်တွေကိုင်ပြီးတော့ အလုပ်လိုက်ရှာ။
ထားတော့၊ ကျောင်းက ကျွန်တော့်တို့လက်ထဲကို ပေးလိုက်တဲ့
အဲ့ဒီ Certificate တို့၊ Diploma တို့၊ Degree တို့ ဘာညာ စတာတွေအပြင် ကျွန်တော်တို့
ခေါင်းထဲမှာ သင်ခဲ့တဲ့ ဘာသာရပ်နဲ့ ပါတ်သတ်ပြီး ဘာကျန်ခဲ့သလဲ? ဘာမှ မကျန်ခဲ့ဘူးဆိုရင်တော့ ကျွန်တော့်အမြင် ကျွန်တော်တို့ကို
မွေး သမိခင်၊ မွေး သဖခင်တို့က နဖူးကချွေး ခြေမကျအောင် ပင်ပင်ပန်းပန်းရှာ၊ “ငါ့သား…
ပညာတတ်အောင်ကြိုးစား၊ အဖေတို့ အမေတို့ တတ်နိုင်သလောက်
ထောက်ပံပေးမယ်၊ တစ်နေ့ငါ့သား ပညာတတ်ကြီး တတ်အောင်လုပ်”လို့ ဆိုပြီး ကျောင်းလွှတ်လိုက်တာဟာ
အလဟသပါပဲ။ ကျွန်တော်တို့ဟာ အချိန်တွေအကုန်ခံပြီးတော့
အဲ့ဒီ စက္ကူစာရွက်တွေကို အချိန်၊ ငွေတွေနဲ့ လဲပြီး ပြန်လာခဲ့ကြတာ။
ဘာသာရပ်တစ်ခု၊
ပညာရပ်တစ်ခုရဲ့ အနှစ်သာရဟာ ပြဋ္ဌာန်းစာအုပ်ပေါ်က စာလုံးတွေကို တစ်လုံးမှ မလွဲအောင်
မနားမနေကျက်ပြီး အဲ့ဒါတွေ အားလုံးမှန်အောင် စာရွက်ပေါ်မှာ ပြန်ရေးချဖို့ မဟုတ်ပါဘူး။ ဘာသာရပ်တစ်ခုတိုင်းမှာ သူ့ရဲ့ ဆက်စပ်တွေးခေါ်နိုင်ဖို့၊ ထိုးထွင်းကြံဆနိုင်ဖို့ ၊ သဘာဝတရားကြီးတဲ့ ဖြစ်ပျက်တည်ရှိမှု့၊ သမိုင်းတစ်ခုရဲ့ ဖြစ်ပျက် ပြောင်းလဲခဲ့မှု့ ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ပြီး၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ အနာဂါတ်မျိုးဆက်သစ်၊ အနာဂါတ်တစ်ခုကို ဖန်တီးနိုင်မယ့် မျိုးဆက်သစ်တွေကို
မွေးထုတ်ပေးနိုင်ဖို့ စသည် စသည် အားဖြင့်
မြောက်များလှစွာသော အဓိပ္ဗါယ်တွေ ပါဝင်တယ်။
ဒါတွေအားလုံးဟာ ပုံနှိပ်စာအုပ် စာလုံးတွေရဲ့ နောက်ကွယ်မှာ ရှိနေတာ။ ဒါမျိုးကို ကျွန်တော်တို့က ဦးနှောက်နဲ့သာမက နှလုံးသားနဲ့ပါ
ဒီစာလုံးတွေရဲ့နောက်ကွယ်ကို ထိုးဖောက်ဝင်ရောက်ပြီး ဒီဘာသာရပ်တစ်ခုရဲ့ အနှစ်သာရကို
ရအောင် ယူရမှာ။
ဒီအတွက် ဒါကို သင်ကြားပို့ချပေးတဲ့ ဆရာတွေကလည်း ဒီသဘောတရား၊
ဒီအနှစ်သာရကို အနာဂါတ်မျိုးဆက်သစ်လေးတွေကို နားလည်သဘောပေါက်ဖို့ ရှင်းပြပြီးမှ သင်ကြားပေးသင့်တယ်။ ဒါမှ အနာဂါတ်ကလေးငယ်တွေဟာ “ငါပြောတာနားထောင်၊ ဟောဒီလို လိုက်ရေး၊ ဟောဒါမှန်ရင် တစ်မှတ်ရမယ်” ဆိုတဲ့ ဥခွံကြီးထဲက ရုန်းထွက်နိုင်မှာပါ။ မဟုတ်ရင် သူတို့ရဲ့ အတွေးအခေါ်တွေဟာ အမြဲတမ်း နောက်လိုက်
အတွေးအခေါ်တွေပဲ ဖြစ်နေမှာပဲ။ နောက်လိုက် အတွေးအခေါ်ဆိုတာ
အမြဲတမ်း သူများပြောတာတွေကို ကျောင်းမှာ အတုံးလိုက် အတစ်လိုက် ကျက်၊ပြန်ရေး သင်ခဲ့ရတဲ့
စနစ်အတိုင်း ဝေဖန်ပိုင်းခြားမှု့ မလုပ်တော့ပဲ ဟုတ်ကဲ့ ဟုတ်ကဲ့ဆို ပြီးပြောတဲ့အတိုင်း လိုက်လုပ်တာပဲ။ ဒီအတွက် ကိုယ်တိုင်လည်း ယုံကြည်မှု့ဆိုတာကို
တည်ဆောက်လို့ မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့
မှန်တယ်၊ မှားတယ်ဆိုတာကို ခွဲခြားပိုင်းဖြတ်နိုင်တဲ့ ပညာရပ်ကို သင်မလာခဲ့ရလို့။ ဒီလိုမျိုး အနာဂါတ်ကလေးငယ်တွေ များလာတဲ့ နိုင်ငံဟာ
နောက်လိုက်နိုင်ငံဖြစ်လာမှာပဲ။ နောက်လိုက်နိုင်ငံဖြစ်လာတာနဲ့
အဲ့ဒီနိုင်ငံဟာ သူ့ကို ဦးဆောင်ပေးမယ့် နိုင်ငံတစ်ခုခုကို ချင်းကပ်ရတော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက်လိုက်နိုင်ငံကလူတွေဟာ
သူ့ကိုယ်သူ ရပ်တည်နိုင်စွမ်း မရှိ (သို့မဟုတ်) ရပ်တည်ဖို့အတွက် ယုံကြည်မှု့မရှိလို့
(သို့မဟုတ်)ဘယ်လိုရပ်တည်ရမှန်းမသိလို့
(သို့မဟုတ်) ရပ်တည်နိုင်သော အသိပညာ မရှိလို့။
အဲ့ဒီတော့ အဲ့ဒီနောက်လိုက်နိုင်ငံဟာ သူ့ကို ဦးဖေးမပေးမယ်လို့
ယူဆတဲ့ နိုင်ငံတစ်ခုခုကို ဦးညွှတ်ရတာပဲ။
ဖေးမမယ့် နိုင်ငံကလည်း သူ့နိုင်ငံအကျိုးပဲ သူကြည့်ပြီး လုပ်မှာပဲ။ အဲ့ဒီတော့ ကိုယ့်နိုင်ငံ ကောင်းကျိုးအတွက် သူများနိုင်ငံက
ကိုယ့်ထမင်းကိုစားပြီး အလကားမတ်တင်း အချိန်ကုန်ခံပြီး လာမယ်ထင်လို့လား? လာလည်း ဒါဟာ ကောင်းသော လာခြင်းမဟုတ်ဘူး။ ဒီလိုနဲ့ တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံလာပြီး
ဘာလုပ်မလဲဆိုတာကို ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရည်အချင်း အဲ့ဒီနောက်လိုက်နိုင်ငံတွေမှာ
မရှိဘူးဆိုရင် ကျန်တဲ့ နိုင်ငံတွေ ပြုသမျှ နုရတာပဲ။ အဲ့ဒီလို နောက်လိုက်နိုင်ငံမျိုးကို ဘယ်နိုင်ငံမှလည်း
လေးစားမှာမဟုတ်ဘူး။ အဲ့ဒီ နိုင်ငံသားတွေကိုလည်း
ဘယ်နိုင်ငံမှ လေးစားမှာမဟုတ်ဘူး။ သူတောင်းစားသာသာ
လောက်အဆင့်ရှိတဲ့ ကောင်တွေပါကွာဆိုတဲ့ မျက်လုံးမျိုးနဲ့ အကြည့်ခံနေရမှာပဲ။ ဒီလိုမှ မဟုတ်ရင် ဒီ ဥခွံထဲက ရုံးထွက်ဖို့ ကြိုးစားရမှာပဲ။ ဆိုလိုတာက ပညာရေး ပန်းတိုင်ဆိုတဲ့ဟာကြီး၊ နိုင်ငံအနာဂါတ်ကို ဖော်ဆောင်ပေးမယ့် ပညာရေးဆိုတဲ့
ထောက်တိုင်ကြီးကထွက်ပေါ်လာတဲ့ နိုင်ငံရဲ့မျိုးဆက်သစ်တွေဟာ creativity ကောင်းကောင်းလိုတယ်၊ critical thinking၊ lateral thinking များများလိုတယ်၊ ဒီတော့မှ အဲ့ဒီနိုင်ငံက အမှီအခိုကင်းလာနိုင်မယ်
ဆိုတာကို ပြောပါတယ်။ ဒီအတွက် အနာဂါတ် ကလေးငယ်လေးတွေကို
ဘယ်လိုပုံစံ မြေတောင်မြှောက်မလဲဆိုတဲ့ မေးခွန်းက ထပ်ပြီးတော့ စဉ်းစားစရာတစ်ခု။
ထားပါတော့ ပြောနေရင်ပြီးမှာ မဟုတ်တော့ဘူး။ ရေးရင်းနဲ့ ချော်ထွက်သွားပြီ။ ခုပြောချင်တာက Walter Lewin ဆိုတဲ့ ရူပဗေဒ ပါမောက္ခ
အကြောင်းပြောချင်တာ။ ပါမောက္ခဆိုတော့ ကျောင်းမှာ
ချည်းပဲလားဆိုတော့မဟုတ်ဘူး။ စာလည်းသင်တယ်။ နောက်ပြီး Research တွေလည်း လုပ်လို့ နာဆာက ဂုဏ်ထူးဆောင်လက်မှတ်တွေဘာတွေ ရတယ်လို့ ဆိုတာပဲ။ အဲ့ဒါက အဓိကမဟုတ်ဘူး။ သူရဲ့ စာသင်ပုံ သင်နည်းလေးတွေက အရမ်း လေးစား အားကျစရာကောင်းလို့
ဒီပိုစ့်ကို ရေးဖြစ်လိုက်တာပါ။ အောက်မှာ
Youtube Video ပိုင်းပါဝင်ပါတယ်…. တစ်ပိုင်းချင်းစီမှာ ကြည့်ရင်းနဲ့ တစ်ကယ်ကို ဒီ ပါမောက္ခရဲ့စိတ်ဓာတ်ကို လေးစားလာမိတယ်။ ဘာပဲဖြစ်ဖြစ် ငါးပိုင်းလုံး ဆုံးအောင် ကြည့်စေချင်ပါတယ်။ ဒီ ဗီဒီယိုလေးဟာ မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်
(MIT) မှာ သူ့ရဲ့နောက်ဆုံး ပို့ချချက်ဖြစ်ပါတယ်။ အပိုင်း ၅ ပိုင်းလုံး ပြီးသွားရင် သူ ကျွန်တော်တို့ကို
ဘယ်လိုမျိုး အသိပညာပေးသွားလဲဆိုတာကို ပြန်စဉ်းစားကြည့်လိုက်ပါ။
အပိုင်း (၁) - စာသင်ချိန်က မိနစ် ၄၀၊ ကြိုက်တဲ့မေးခွန်း ပြန်မေးဖို့က မိနစ် ၂၀ နဲ့ စတဲ့ ပို့ချမှု့လေးပါ
အပိုင်း (၂)
ဒီအပိုင်းကြည့်ပြီးတော့မှ Potential Energy အကြောင်းကို သေသေချာချာ သိသွားတယ်...
အပိုင်း (၃) - ကောင်းကင်ကြီး ဘာကြောင့်ပြာတယ်...
အပို်င်း (၄) - Walter Lewin ရဲ့ MIT နောက်ဆုံး မိနစ် ၂၀
အပိုင်း (၅) - အမေး၊အဖြေမှာ ကျွန်တော်အကြိုက်ဆုံး အဖြေကတော့ စာမသင်ခင်မှာ သူဘယ်လိုမျိုး ပြင်ဆင်တယ်ဆိုတာလေးရယ်၊ နောက်သူပြောသွားတဲ့ "Physics is my life and art, histroy is my love" ဆိုတဲ့ အဖြေလေးကို အကြိုက်ဆုံးပဲ။
ဒီပို့စ်ကို တင်တင်ချင်း မဖတ်လိုက်မိတာ နာလေခြင်း ကိုအောင်ထွဋ်ရယ်...သူသင်နေတာလည်း အားရစရာ...ဖွဘုတ်ပေါ်မှာ ရှယ်လိုက်မယ်ဗျာ...သူသူငါငါ ပညာရေးသမားတွေ သိစေချင်လို့...
ReplyDelete