စွန်နား..
စွန်းနား… အချားဟဲ… မွန်ဘိုင်း… မွန်ဘိုင်း.. အချားဟဲ…….ဟဲ အဟဲ… ဘုံဘေ သို့ရောက်နေသည်။ အရင်တုန်းက ဘုံဘေသည် ခုတော့ မွန်ဘိုင်းဖြစ်သွားပြီဖြစ်သည်။ လေဆိပ်ကိုအ၀င် immigration ဖြတ်တော့ မွန်ဘိုင်းမှ
ကြိုဆိုပါ၏ ဆိုသော စာလုံးကို ဘာသာပေါင်းစုံနှင့် ရေးထားသည်။ မြန်မာဘာသာနှင့် ရေးထားသော စာလုံးလေးတွေ့သည်။ ကင်မရာထုတ်ပြီး ရိုက်လိုက်တော့ ဓာတ်ပုံမရိုက်ရဆိုပြီး
လာတားသည်။ မရရအောင် တစ်ပုံတော့ ရိုက်လိုက်သည်။ အောက်ခံ စာလုံးတွေနှင့် ၀ါးတားတားဖြစ်သွားသည်။
မွန်ဘိုင်းမြို့သည်
အင်္ဂလန်ရဲ့ လန်ဒန်၊ တရုတ်ရဲ့ ရှန်ဟိုင်း၊ မြန်မာရဲ့
ရန်ကုန်လိုပင် အန္ဒိယရဲ့ စီးပွားရေး အချက်အချာ ဆိပ်ကမ်းမြို့ကြီးဖြစ်သည်။ အန္ဒိယရဲ့ မီလျံနာ၊ ဘီလျံနာ တွေအများဆုံး နေသာ မြို့ကြီးဖြစ်သည်။ မြို့ကြီးသလောက် လူများသည်။ ၂၀၁၇မှာ လူဦးရေ ၁၂
သန်းလောက်ရှိသည်ဟုဆိုသည်။ လေဆိပ်သည် ခမ်းနားသော်လည်း
နည်းနည်းဟောင်းနေပြီဖြစ်သည်။ ကျွန်တော် ရောက်ခဲ့တဲ့
မြို့တွေထဲမှာ မွန်ဘိုင်းလောက် ရင်းရင်းနှီးနှီး အကျွမ်းတ၀င် ခံစားချက်မျိုး မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မွန်ဘိုင်းမြို့သည် ရန်ကုန်နှင့်
တော်တော်လေးကို ဆင်တူသောမြို့ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဆင်တူဆို အင်္ဂလိပ်တွေ မြို့ကွက်ရိုက်ခဲ့သောနေရာမှာ
ရှိသော အဆောက်အဦးနှင့် လမ်းပုံစံတွေကြောင့် ဖြစ်မည်ထင်သည်။ လေဆိပ်ကထွက်တော့ အန္ဒိယမှာ
ဆင်းရဲ ချမ်းသာ ကွာဟချက် အရမ်းများသည်ဆိုသောအရာကို ကောင်းကောင်းကြီး သဘောပေါက်သွားသည်။ ဆောက်လက်စ မိုးမျှော်တိုက်ကြီးတွေ၊ ကျူးကျော်တဲလေးတွေ
လမ်းတစ်လျှောက်မှာ အပြည့်ဖြစ်သည်။ မြို့ထဲကားကြပ်သော
ကိစ္စအတွက် လေဆိပ်ကနေ မြို့ထဲကို ပင်လယ်ထဲမှ တံတားကြီး ထိုးပေးထားသည်။ ထိုတံတားကြီးပေါ်မှ မောင်းလေသော် ကျွန်တော်တည်းသည့်ဟိုတယ်သို့
၄၅ မိနစ်လောက် မောင်းရသည်။
မွန်ဘိုင်းမှာတော့ ကိုလိုနီခေတ်က အဆောက်အဦး တော်တော်များများ
ကျန်နေသေးသည်။ ရန်ကုန်ထက် ကိုလိုနီခေတ်အဆောက်အဦးတွေ
ပိုကြီးသည်၊ ပိုလှ။ ပိုခမ်းနားသည်။ လမ်းအကျယ်အ၀န်းမှာ
ရန်ကုန်အတိုင်းပင်ဖြစ်သည်။ ပိုပြီး ကွက်ကွက်ကွင်းကွင်း
မြင်အောင်ယှဉ်ပြရလျှင် ရန်ကုန်မြို့ထဲကို လက်ရှိထက် လူဦးရည် နှစ်ဆလောက် ပိုပြီးထည့်လိုက်..
အဲ့ဒီမှာ လူတွေ၊ ကားတွေ၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ခွေးတွေ ဖြတ်သွားဖြတ်လာတွေကို မြင်ယောင်ကြည့်လိုက်…
အဲ့ဒါ မွန်ဘိုင်းဖြစ်သည်။ ဒီထက်ပိုသည်မှာ မွန်ဘိုင်းမြို့ထဲတွင်
နွားတွေပါရှိသေးသည်။ လူရယ်၊ ခွေးရယ်၊ ကြောင်ရယ်၊
နွားရယ် ဟွန်းတီးသံတို့ရယ်နှင့် မွန်ဘိုင်းသည် စီးဝါးကျကျ ရမ်သမ်ကိုက်ကိုက် စီးမျောနေသည်။ မီးပွိုင့်တစ်ပွိုင့်မိလျှင် ကားပေါင်းများစွာ ငါးသတ္တာဘူးထဲကငါးကလေးတွေလို…
ဒီကြားထဲ ဆိုင်ကယ်နှင့် စက်ဘီးတွေက ကြားညှပ်ထားသည်။ မီးပွိုင့်စိမ်းဖို့ ၂ စက္ကန့်အလိုကျလျှင် ပထမဆုံးကားမှလွဲပြီး
ဒုတိယမြောက်တန်းစီနေသောကားမှစပြီး တစ်မျှော်တစ်တန်းလုံး ဟွန်းစတီးကြလေသည်။ ဘေးကမောင်းနေသော ဒရိုင်ဘာ၏ စတီယာရင်ခွေကိုကြည့်လိုက်တော့
ဟွန်းတီးသောနေရာလေးမှာ ပြောင်ချောနေပြီး အလယ်က ကားတံဆိပ်ကလေး ခမျာ အရောင်လွင့်လို့
မဲတဲတဲ ဖြစ်နေရှာသည်။ ကိုယ်တော်ချောကတော့ လက်မက
ဟွန်းတီးသောနေရာကို ဟန်ချက်ကျကျ ဒရမ်တီးသလို စီးချက်မိနေသည်။ ဒီကောင် ထမင်းစားရင် ဟွန်းတီးတာ အကျင့်ပါနေလို့
လက်လှုပ်ပြီး ထမင်းလုပ်ပြုတ်ကျမည်ထင်သည်။
မွန်ဘိုင်းမြို့သည် ကြီးသော်လည်း
သေးသည်။ ဆိုလိုသည်မှာ မြို့နေရာကြီးပြီး လူတစ်ဦးချင်း
နေစရာနေရာ ကျဉ်းသည်။ ရန်ကုန် မြို့တွင်း ၆
မြို့နယ်အတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆိုင်လေးတွေမှာ
သေးသည်။ လူ ၃သန်းစာလောက်အတွက် မြို့ကွက်ချထားသော
နေရာကို ၁၂ သန်းလောက် ပစ်ထည့်ပြီး နှစ်ပေါင်းများစွာ မြို့ကို ဘာမှ လုပ်မထားတော့ မွန်ဘိုင်းမြို့ကြီးမှာ
ရန်ကုန်အတိုင်းပင် မုန့်ဖက်ထုပ်ကို ကြိုးတုပ်၊ ဆားနယ်ပြီး တုန်းဖိသလို ဖြစ်နေရှာသည်။
ဟိုတယ်ကိုရောက်တော့ ဒီဟိုတယ်က မွန်ဘိုင်းမှာ အတော်ကောင်းသော ဟိုတယ်ဖြစ်သည်ဟုဆိုသည်။ ပေ ၆၀၊ ပေ ၈၀ အကွက်လေးပေါ်မှာ ဆောက်ထားပုံရသည်။ ဒီမြေကွက်မှာ ဒါမျိုးဆောက်နိုင်လျှင် ဒါ အကောင်
ဖြစ်သည်ဟု ဒရိုင်ဘာကပြောသည်။ မွန်ဘိုင်းသည်
မြေနေရာ ဈေးကောင်းလှသည်။ ဟိုတယ်ကနေ လှမ်းကြည့်လျှင် တာမွေကို ရောက်နေသည့်အတိုင်း ခံစားရသည်။ ဒီနေရာက မွန်ဘိုင်းရဲ့ ဘယ်နားလောက်မှာရှိလဲလို့
ဟိုတယ်က ဧည့်ကြိုကောင်မလေးကိုမေးကြည့်တော့ “This is down town sir, heart of the Mumbai” ဟုဆိုလေသည်။ အင်းလေ တာမွေက မြို့လည်ဆိုတော့လည်း ဆူးလေကို နောက်မှ
ပတ်ရှာတာပေါ့။ ပြီးရင် ၃၆ လမ်းတို့၊ ပန်းဆိုးတန်းတို့၊
ကမ်းနာတန်းတို့ ရှာတာပေါ့ဟု အားတင်းလိုက်သည်။
မွန်ဘိုင်းရောက်လေသော် ဗိုက်ဆာပြီဖြစ်သည်၊
ညနေ ၄ နာရီခွဲလောက် ဟိုတယ် ပထမထပ်ရှိ စားသောက်ဆိုင်ကို ၀င်လိုက်သည်။ ဗိုက်ဆာတယ် ဘာစားစရာ ရှိလဲဆိုတော့ အန္ဒိယသားလေးက
ဒီ လက်ဖက်ရည် တည်တဲ့အချိန်နည်းနည်းကျော်ပြီး ညစာစားတဲ့ အချိန်မရောက်သေးဘူးဟု ဆိုသည်။ ဘာစားစရာရှိလဲ ဟုထပ်မေးလိုက်သည်။ Tea Time ခင်းတဲ့ Menu လာချသည်။ လက်ဖက်ရည်နဲ့ အချိုပွဲ မစားချင်ဘူး၊ Main
Course ချပေးဆိုတော့…. ညစာစားတဲ့ အချိန်မရောက်သေးဘူးဟု ဆိုပြန်သည်။ မင်းတို့ ရောင်းမှာလား မရောင်းဘူးလားမေးတော့
Main Course Menu ရောက်လာသည်။ ဒန်ပေါက်ကို
လက်ညှိုးထိုးပြလိုက်သည်၊ ဒိန်ချဉ်တစ်ခွက် မှာသည်.. ငါးမိနစ်ကြာတော့ ဒန်ပေါက်ရောက်လာသည်။ မင်းဟာက ချက်နေတယ်ထင်လို့လို့ ပြောလိုက်တော့၊ မဟုတ်ပါဘူး
စားတဲ့အချိန် မရောက်သေးလို့ပါဟု ပြောလေသည်။
အတော့်ကို ဘိုစနစ်ကို ကျင့်သုံးနေသေးသော နေရာဖြစ်သည်။ စားဖူးသမျှ ဒန်ပေါက်တွေထဲမှာ
အဲ့ဒီဒန်ပေါက်သည် စားရတာ အရသာ အရှိဆုံးပင်ဖြစ်သည်။ ဖာလာ၊ ဇီယာ၊ ကရဝေး၊ မဆလာ၊ လေးညှင်း၊ ကရဝေး အစုံ အချိုးကျ၊
ထောပတ်နံသင်းသင်း ကြက်သွန်နီနိုင်နိုင်နှင့် နှင့် ကြက်သားဟင်းကို ထမင်းထဲမှာ နှပ်ထားသည်။
ညနေပိုင်းရောက်တော့ Twenty Nine ဟုခေါ်သော
သက်သက်လွတ်ဆိုင်မှာ ထပ်စားဖြစ်သည်။ ကုလားစာ
ဆိုလျှင် ဒန်ပေါက်၊ ချပါတီ၊ ပလာတာ၊ စမူတာ၊ ကီးမား လောက်သာ သိသော ကျွန်တော့်မှာ Menu
ကြည့်ပြီး ခေါင်းမူးသွားသည်။ တစ်ဝဲလည်လည်ဖြစ်နေတုန်း
စားဖိုမှုးကလာပြီး recommendation ပေးသော ဟင်းနဲနဲ မှာလိုက်သည်။ စားလို့ကောင်းသည်။
အာလူးအစာသွပ်ထားသော မုန့်ကြော်ဖြစ်သည်..
ပန်းငရုပ်ပွ၊ အာလူး နှင့် ဘာမှန်းမသိသော သတ်သတ်လွတ်ဟင်းဖြစ်သည်.. စားလို့ကောင်း၏
ပန်းဆိုးတန်း ကုန်းကျော်တံတားကို တန်းမြင်မိသည်...
နောက်နေ့ကျတော့ အလုပ်နှင့်ပါတ်သတ်ပြီး
လူတစ်ချို့နှင့်သွားတွေ့သည်… ခေါင်းလေး ခါခါပြီးပြောကြသည်မှာ ကျွန်တော်ပါ ခေါင်ခါတာ
ခါတာဖြစ်လို့ မနည်းလေးထိန်းယူရသည်။ အဲ့ဒီတော့မှ မွန်ဘိုင်းမြို့က အဆောက်အဦးတွေကို
သေသေချာချာ ကြည့်ဖြစ်တော့သည်။ ကိုလိုနီခေတ်က တော်တော့်ကို ခမ်းခမ်းနားနား ဆောက်ထားခြင်းဖြစ်သည်။ ပန်းဆိုးတန်းရောက်နေသလိုလို၊ အနော်ရထာလမ်းရောက်နေသလိုလို၊ ရွှေဘုံသာလမ်းရောက်နေသလိုလို၊ ကမ်းနားလမ်းရောက်နေသလိုလို ခံစားရသည်။
နေ့လည်ကျတော့ Copper Chimney ဟု အမည်တွင်သော စားသောက်ဆိုင်တွင် ဘူဖေးသွားစားဖြစ်သည်။
စားလို့ကောင်းပြန်သည်။
နံပြားနှင့် ရိုတီသည် မတူဟု တာဝန်ခံမှ စီကာပတ်ကုန်း ရှင်းပြသော်လည်း ကျွန်တော် သဘောမပေါက်ချေ... ]ညာဖက်က နံပြားဖြစ်ပြီး ဘယ်ဖက်မှာ ရိုတီဟုဆိုသည်။
ပဲပင်ပေါက်သုတ်မှာ မြန်မာနိုင်ငံမှ ချဉ်ငံစပ် အသုပ်စုံနှင့် အရတာတူပြီး.. ကြက်သားသုတ်မှာ ချဉ်ငံစပ် သုတ်ဖြစ်သည်။
ညပိုင်းကျတော့ ကုလားစာ (အန္ဒိယနိုင်ငံ အစားအစာကို အတိုချုန်းခေါ်သည်.. မကြိုက်သူများ ခွင့်လွှတ်ကြပါ) စားရတာများလာသောကြောင့်
တရုတ်ဆိုင် (တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူများလာရောက်ရောင်းချသော ဆိုင်) ကို သွားဖြစ်သည်။ ဆိုင်ထဲဝင်လိုက်တော့
ဘောင်းဘီတိုဝတ်ထားလို့ မရောင်းဘူးဟုဆိုသည်။
မရောင်းလည်းနေပေါ့.. တရုတ်မှာနေလာတာ ဘောင်းဘီတိုမကလို့ ရေကူးဘောင်းဘီဝတ်ဝတ် ရောင်းတာပဲ ဟာကို... ဟိုတယ်ကစားသောက်ဆိုင်မှာပဲ ပြန်စားဖြစ်လိုက်သည်။ ကြက်ကင်သည် စားလို့ကောင်း၏။ တရုတ်လိုရှာ၊ ကလားလိုစု၊ မြန်မာလို မဖြုန်းနဲ့လို့ ကျွန်တော့် အဘွားသက်ရှိထင်ရှား ရှိစဉ်အခါတုန်းက ပြောသည်ကို အမှတ်ရသည်။
ဂျင်းထည့်ခံရသည်ဆိုသည်မှာ လက်ဖက်ရည်ဖြစ်သည်... လက်ဖက်ရည်မှာ လေးညှင်းနှင့် ဂျင်းပါသော ကျစိမ့် လက်ဖက်ရည်ကို နို့ဆီနဲနဲ၊ သကြားနဲနဲနှင့် ဖျော်ထားသည်။
အန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ
ပဲတင်ပို့သည့် အကြောင်းကို နည်းနည်းလေး စဉ်းစားမိသည်။ ပဲမျိုးစုံ နှင့် အာလူးကို ဟင်းတိုင်းမှာ မပါမဖြစ်ပါသည်။ ကြက်သွန်နီကို နိုင်နိုင်စားကြသည်။ သို့သော် မွန်ဘိုင်းသည် မြန်မာနိုင်ငံထက် ဈေးချိုလေသည်။ ရန်ကုန်နှင့် မွန်ဘိုင်းရဲ့ ဈေးနှုန်းနှိုင်းယှဉ်မှု့ကို
အောက်ပါအတိုင်း ကြည့်နိုင်သည်..
နောက်ရက်တွေမှ ဟိုသွား ဒီသွားဖြစ်လျှင်
သွားဖြစ်သောအရာလေးတွေ ထပ်ရေးပါဦးမည်….
ကုလားပြည်ကတော့
ReplyDelete(ပါးစပ်ကအဲ့လိုခေါ်မှအားရတာ)
ကျားကျား၃နှစ်
ပရောဂျက်နဲ့နေရဖူးတော့
ခဏခဏပြောဘဲ
အစိုးရဝန်ထမ်း
(သူ့နဲ့ဆက်ဆံခဲ့တာတွေလေ)
အရမ်းတောင်းဘဲတဲ့
မပေးရင်
အကျင့်မကောင်းဘူးတဲ့
ကိုယ်တို့နဲ့အတူတူလောက်ပါဘဲ..ဆိုလား..
ဟီး..
ဆက်ပါအုံး..စိတ်ဝင်စားတယ်ဗျား..