စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, January 22, 2018

စကားလုံးများနောက်သို့ ပြေးလိုက်ခြင်း

            အိုပြီလေ…  ကိုယ်ဟာကိုယ်သာ ခေတ်မီသလိုလိုဘာလိုလို ထင်နေတာ… မြန်မာပြည်ပြန်လို့ သူငယ်ချင်းတွေရဲ့ စကားဝိုင်းထဲဝင်လိုက်ရင် ကြက်ဖကြီး လည်လိမ်ထားသလိုပဲ.. ဖေ့စ်ဘုတ်ကြီးပေါ်တက်လိုက်ရင် ခေတ်နောက်ကျလိုက်တာမှ Update တွေ ဘာတစ်ခုမှမသိတော့ချေ။  ဆယ်ကျော်သက်များနှင့် စကားပြောလျှင်ပိုဆိုးသည်။  အတွေးအခေါ် အယူအဆ၊ အထူးသဖြင့် ခေတ်ကို မျက်ခြေပြတ်ပြီး ကျန်ခဲ့သည်မှာ ၁၀ စုနှစ်ကျော်သွားပြီဖြစ်သည်။
            ပြန်စဉ်းစားကြည့်လိုက်တော့ မြန်မာ community တွေကြားထဲလဲ သိပ်မသွားဖြစ်၊ social တွေနှင့်လည်း တော်တော်လေးကင်းကွာ.. ကျွန်တော် မရင်းနှီးသော နိုင်ငံတွေမှာ အနေကြာ၊ သူတို့ရဲ့ ခေတ်ကိုလည်း သေချာမသိ၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်ပြောင်းလဲမှု့တွေလည်း လွတ်… မျောက်ကြီး သစ်ကိုင်းလွတ်ဖြစ်နေသည်။  Rap/ Hip Hop ရွတ်တတ်သော တက်စီဆရာကြီးရဲ့ ဗီဒီယိုလေးကိုမြင်တော့ ဟိုက်ရှားဘား ဖြစ်ရသည်။  ဘရာစီယာဝတ်ထားကြောင်းကို သေသေချာချာ ဘရာစီယာမျိုးစုံအကြောင်း Point Out လုပ်ပြီး စိတ်ရှည်လက်ရှည်ရှင်းပြသော မော်ဒယ်လေးရဲ့ အင်တာဗျူးကိုမြင်တော့ အိုက်စ်… ဖြစ်သွားသည်။   ဟိုနေ့က ကျွန်တော့်သူငယ်ချင်းအိမ်မှာ ဂစ်တာတီးပြီးသီချင်းဆိုတော့ ဝေလ နှင့် အောင်လ သီချင်းလောက်သာ နောက်ပေါက်တွေ လိုက်နိုင်သည်။  ဒီဒက် ရှေးကျသော သီချင်းများကို ဘုရားစူး ဒီကောင်တွေ လိုက်မဆိုတတ်တော့ချေး။  ခေတ်ပြောင်းသွားချေပြီ။  ကျွန်တော်၏ မသိခြင်းများ တော်တော်များနေပြီဖြစ်သည်။  ဒီတိုင်းတော့နေလို့မဖြစ်၊  ခေတ်မီစေရန် လေ့လာရန် လိုလာပြီဖြစ်သည်။ မဟုတ်လျှင် လူတောတိုးတော့မည်မဟုတ်ချေ။ FB comment တွေကို ကြည့်လျှင် သယ်ရင်း အဲ့ဒါဘာပြောတာလဲဟု ဘေးကသူငယ်ချင်းကိုမေးရသည်။  မဖြစ်တော့ချေ။  ခေတ်မီကို မီမှ ရတော့မည်။  ခေတ်နောက်ကို လိုက်မည်။ 
            ခေတ်နောက်ကိုလိုက်ဖို့ရာ Slang ပေါင်းစုံလေ့လာဖို့ လိုလာပြီဖြစ်သည်။  ထို့ကြောင့် Slang ပေါင်းစုံကို အနောက်တိုင်း အရှေ့တိုင်း ထိမိဆက်စပ်ရာ ပေါင်းစုလေ့လာနေပြီဖြစ်သည်။  လေ့လာမိသမျှကို Share ပေးလိုက်ပါသည်။


မြန်မာ Slangs
ပထမဆုံး သတိထားမိသည်မှာ စကားလုံး နှစ်လုံးကို တစ်လုံးထဲပေါင်းပြီး Social Network sites တွေမှာ…  အဲ.. မြန်မာပြည်မှာ က သိပ်ပြီး မ Tweet ပဲ FB သုံးကြတော့ FB မှာ အများဆုံးတွေ့ရသည်..

ခေး နှင့် ကွီး
၁၉၈၀ လောက်တုံးက မောင်ရယ်.. မရယ် ဆိုပြီး ခေတ်ထကြသည်။  ၁၉၉၀ လောက်ရောက်တော့ အချစ်၊ ကိုကြီး ခေတ်ဖြစ်သည်။  ၂၀၀၀ ပတ်ဝန်းကျင်မှာတော့ သဲ၊ ကို ဖြစ်လာပြီ။  ဟော ၂၀၁၆ နောက်ပိုင်းမှာတော့ ကိုကြီးသည် ကွီး အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ကလေးသည်  ခေး ဖြစ်သွားလေပြီ။



လိုက်တာ - ထှာ
ကြာလိုက်တာ ဆိုလျှင် -  ကြာထှာ
ရွံလိုက်တာ ဆိုလျှင် - ရွံထှာ…   စသည်အားဖြင့် လိုက်တာသည် ထှာ ဖြစ်သွားပြီဖြစ်သည်။

“ပျဇီ ပျဇေ”
“ကို ရှင်းပြပါရစေ အချစ်ရယ်” လို့ ဆိုလျှင် သင်သည် အလွန့် ကို ဒိတ်အောက်သွားသော ဟီးနိုးကားကြီးဖြစ်သွားလေပြီ… အနားမှာ ရှိသော ရှေးခေတ်က မဒီများ၊ ၂၀ ရာစုခေတ်အခေါ် ဆော်များ (ခုအခေါ် “ခေး”)များ သည် သင့်ကို ဟွန်း.. မှိုတက်ကြီးဆိုပြီး ခေါက်သွားမည်ဖြစ်သည်။  ပါရစေ ဆိုသောစကားသည် “ပျဇီ သို့ ပျဇေ” အဖြစ်သို့ ပြောင်းသွားပြီဖြစ်သည်။  ကွီး ရှင်းပျဇီ ခေးရယ် ဟု ပြောသော ခေတ်ဖြစ်သွားပြီ။

“ဟွာ” နှင့် “ဟွင်း”
ဟိုဟာ ကို နှစ်ခုပေါင်းသော် “ဟွာ” ဟုထွက်လေသည်… “ဟွင်း” ဆိုသည်မှာ ဟိုဒင်း ကို ဆိုလိုသည်။

“စွန်း”
စွန်း ဆိုသည်မှာ အရမ်းဆိုသော ဝေါဟာရပင်ဖြစ်သည်

“ဘာလား”
ဘာလားသည် ဘာလဲ ဟူ၏

စသည်အားဖြင့် ခေတ်သည် ပြောင်းလာပြီဖြစ်သည်။  အဆိုပါစကားလုံးများကို သမီးရည်းစား ရန်ဖြစ်ခန်းတွင် ထည့်လိုက်လျှင် အောက်ပါအတိုင်း ထွက်လာမည်ဖြစ်သည်။


မီးရောင်စုံတွေ ကခုန်နေသည့် စင်ပေါ်တွင် နတ်သမီးလေး ကြွေဆင်းလာသည်။ သီချင်းမှာ  ခါချနေရသည်ဟူသော သီးချင်းဖြစ်ပြီး ဆိုပြီး နတ်သမီးလေး စင်ဒီမှာ ပိတ်သတ်ကို ခါချပြသွားသည်။   ခေးရဲ့ စွန်းလန်းသော ကကွက်တွေအောက်မှာ ကွီး အသဲတွေ လွှိုက် လွှိုက် ခုန်သွားသည်။  အဇမ်းလန်းပြီး စွန်းမိုက် လှသည်။ ကကွက်တွေက တစ်ခုမှ အိုဗာတင်းမဖြစ် ကွီးရင်ထဲက ခံစားချက်တွေကို ခေးက ဇွား(ဖမ်းစား) သွားပြီ ဖြစ်သည်။ ခေးက အာတာလွတ်လေး ဖြစ်ပုံရသည်။  ထို့ကြောင့်ပင် Miss call ပေးလာသော ဆော်လေး၏ ဖုန်းကို ပလစ်ပစ်လိုက်သည်။
            ဂေါ်လို့မှာ အားမရသေးခင် Feel ငုတ်သွားသည်။  ဟိုဘက်က ခပ်ချေချေ အစာခိ ပုလင်းကွဲရှ မတွေနှင့် မနိုင်စိန်၊ စိန်ဗေဒါ ပတ်လုံးတီး  တတ်သော အပုံးတို့၏ ရန်ပွဲကြောင့်ပင်ဖြစ်သည်။  ပြသနာမှာ အပုန်းတို့ ကြွိုင်နေသော ဖလန်းဖလန်းထနေသည့် သူငယ် လေးကို ဟိုဘက်က ပုလင်းကွဲရှမတွေက အဆင်လေးဟုဆိုကာ လိုက်ဖွာပြီး၊ ပွတ်စပါးလိုက်၊ လျှမ်းလိုက် လုပ်နေသောကြောင့်ဖြစ်သည်။  အားငယ်သွားသော အပုန်းလေးမှာ လျှမ်းလှသော ပုလင်းကွဲရှမတွေကြားမှာ ကွကိုယ် ဂွမ်းနေရှာသည်။
            အသည်းလူလု အူနုကြွဲခတ်ဆိုသလိုပင် အပုံး တစ်သိုက်က ပုလင်းကွဲရှမတွေကို ၀င်ပြီး ၀ုန်းလေးတော့သည်…

“ဟဲ့ စနိုက်ကျော်မတွေရဲ့ ဒါလေးက ငါတို့ရဲ့ အဆင်လေးဆိုတာနင်တို့ မသိဘူးလား၊  ညည်းတို့ ဖွာချင်၊ လျှမ်းချင်ရင် တခြားသွားပြီး လျှမ်း.. ဒီမှာလာပြီး လျှမ်းမနေနဲ့ ဖော်လော်မတွေရဲ့”

“အောင်မာ.. ရွံထှာ… နင်တို့လို ခင်ပန်းစိန် ပိန်းဥမတွေကများ သူငယ်ထောင်ချင်သေးတယ်….. အစစ်မတွေ ဆိုတော်သေး၊ နင်တို့လို ဂျစပွတ်၊ ဂျလုံး ပလုံး ဥကွဲမတွေ ဟိုးဝေးဝေး သွားဒိုး”

“ကျန်း.. ကျန်း… ဒါတို့ကို တမင်သက်သက်ဝုန်းဒါ… ရွံလိုက်ထှာအေ… နင်တို့လို ကလော်ကလယ်.. လုခံစိန် ခင်ယုမေ အောက်စက်ဆော့မ၊ ခင်ထားမတွေကများ.. တို့ဟာလေးကို နှိုက်မည်းချင်သေးတယ်… ကောက်လုပ်ပျိုက်လို့ ”
           
“ဟဲ့ ငါတို့က နင်တို့လို ခိုးစားနေနေတဲ့ဟာမျိုးမဟုတ်ဘူး အပ်လောက်ရှိတဲ့ ပဲမြစ် အပုန်းမတွေရဲ့၊  ငါ့တို့ အဆင်လေးကို ငါတို့က အတည် ဂျိမ်းမှာ ငံပြာရည်မတွေရဲ့.. သူငယ်လာထောင်မနေနဲ့.. ကောက်ဝုန်းလိုက်လို့.. ရွံလိုက်ထှာ စိန်ဗေဒါ ပတ်လုံးတီး မတွေ..ငါတို့က ယောကျာ်း စစ်စစ်နဲ့ပဲ စကားပြောချင်တာ….. ”

            ထိုစဉ် Boxer ရောက်လာပြီး ထိုနှစ်ဖွဲ့လုံးကို ပွဲဝင်ထိန်းသွားလေသည်… ထို့ကြောင့် သီချင်းဆိုသွားသော နတ်မိမယ် ခေးနားကို ယောင်တောင်ပေါင်တောင်နှင့် ကပ်သွားလိုက်သည်..

“ခေး… အရမ်းကြွေသွားပြီကွာ… ခေးကသွားတာ စွန်းမိုက်တယ်…”

“ကြီးက… ဘာလား”

“ကြီးက ခေးရဲ့ ပိတ်သတ် စစ်စစ်… ခေးရဲ့ ကကွက်တွေအောက်မှာကွီးက မျော သွားသူပါ… ခေးက ကွီးကို မမှတ်မိဘူးလား…”

“အမှတ်တမဲ့ပဲ ကွီးရဲ့… ခေးက ဒီနေ့ ကကွက်တွေနဲ့ ပြိုင်းနေပြီ… ပြောရင်းဆိုရင် မူထှာ…”

နူးညံလှသော ခေးရဲ့ ငါးဖယ်ကိုယ်လုံးလေး ပုံကျလာတာကို အလိုက်သင့်ဖမ်းလိုက်စဉ် ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော ကျွန်တော့်ဆော်သည် ရှေ့တည့်တည့်သို့ရောက်လာချေ၏

“ဟမ်… ကျန်း ကျန်း.. ရှင်က ဒီမှာ လာပြီး နှိုက်မည်းနေတာပေါ့လေ…  အိုဗာတင်းတွေပေးပြီးတော့ အလုပ်ထဲမှာ Meeting ရှိသလေး ဘာလေးနဲ့ ရှင်က ဒီမှာလာပြီး လျှမ်းလိုက် ပွတ်စပါးလိုက်နဲ့ ပွဲတော်ကြီး ခံနေတဲ့ပေါ့လေ….ကွကိုယ် ရှက်ပြီး လဲသေလိုက်လို့ ရပြီ…. ”

“ကိုယ် ရှင်ပျဇီ ခေးရယ်..  ကိုယ်ဟာ တွေ့ရာ နှိုက်မည်းတတ်တဲ လူတစ်ယောက်မဟုတ်ပါဘူး.. ဟွာလေ.. ဟွင်း.. ခုဟာက ဂယ်ရီးကို အမှတ်မထင် တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာပါ….”

“ဟင် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဟို အဆင်းဂိုက်ပေးထားတဲ့ ကောင်မက မူးထှာဆိုပြီး ငါ့ကွီးကို စနိုက်ကျော်ချင်လို့ အဲ့ဒီလောက်လွယ်မယ်ထင်လား..  ရှင်ကလဲ ကျွန်မကို ခင်ပန်းစိန် လို့ ထင်နေလို့လား… အဲ့ဒီလောက် လွယ်မယ်ထင်မနေနဲ့… ဂျစပွတ်မရဲ့…”

“အို… စင်ဒီကို မစော်ကားနဲ့.. တို့က ကိုယ့် အဆင့်နဲ့ ကိုယ်… ရှင့်လို စမန်ခုတ်နေတဲ့ ဟာမမျိုး မဟုတ်ဘူးသိရဲ့လား… ခု စင်ဒီတကယ် မူးထှာဆိုလို့ ကွီးက စေတနာနဲ့ ဖေးမတာ… လာပြီး မယ်အံကျော်ဇာတ်မခင်းနဲ့…”

“အောင်မာ.. စနိုက်ကျော်မကများ ကလော်ကလယ်… ဟိုက ဟာကြီးကလည်း လစ်ရင် လစ်သလို မည်းချင်၊ နှိုက်ချင်တဲ့ ဟာကြီး..  ခုတော့ လုခံစိန်မနဲ့ တွေ့တော့ ဇရက်တောင်ပံကျိုးနေပြီမလား…”

“ခေးရယ်  ကိုယ်ရှင်ပျဇီ… ဟွာလေ.. ဟွင်းလေ…”

ဆိုတော့… မြန်မာစာမှာ အသစ်ဝင်လာတော့ စကားလုံးများမှာ…

ပိတ်သတ်            - ပုရိတ်သတ်
လွှိုက်                 - လှိုက်
အဇမ်း    - အရမ်း
လန်း      - ခေတ်မီသည်
စွန်း       - အရမ်း
အိုဗာတင်း           - အလွန် အကျွန်
အာတာလွတ်       - ချစ်သူရည်းစားမရှိပဲ လွတ်လပ်နေသူ
ပလစ်     - ကျော်ပစ်လိုက်သည်
ဂေါ်       - ကြည့်ကောင်းမိုက်သော
ခပ်ချေချေ- ခပ်ကြွားကြွား
မယ်အံကျော်        -           ဇွတ်တရွတ် အကြမ်းပတမ်းလုပ်တတ်သော
ပုလင်းကွဲရှ          -           မိန်းမချင်းဖြစ်တတ်သော
အပုံး                  -           မသိမသာ ခြောက်တတ်သော အခြောက်
ကြွိုင်      - တစ်ဖက်သတ် ကြိတ်ပိုးသည်
သူငယ်   - မသိမသာ အခြောက်၊ ယောကျာ်းပုံစံနှင့် ခြောက်နေသူ
ဖလန်း ဖလန်းထ -           လှုပ်ခတ်တက်ကြွလွန်းသော ရွသော
အဆင်လေး         -           သန့်စင်သော၊ နှစ်သက်ဖွယ်ကောင်းသော
သူငယ်   - ယောက်ျားငယ်လေး
ရွံထာ     - ရွံရှာလှသည်
လျှမ်း     - ကဲသည်
ဖွာသည်  - ကြိုက်သည် နှစ်လိုသည်
စိန်ဗေဒါပတ်လုံးတီး -
ခင်ပန်းစိန်           - ထူသော၊ အသော၊ တုံးသော မိန်းမ (သို့) အခြောက်မ
ကျန်း     - ကြည့်စမ်း
ဂွမ်းသည်            - အရှက်ရသည်၊ မကောင်းမွန်သော
ဝုန်းသည်            - ဖြဲသည်၊ သောင်းကျန်းသည်။
အပ်       - သေးသည်
ပဲမြစ်      - သေးကွေး စံမမှီသော
ပြိုင်း      - ပင်ပန်းသည်

ကျန်တာတွေကတော့ ကွကိုယ် ရှာကြည့်တော်မူကြပါကုန်……..



2 comments:

  1. ဟား...
    ကိုယ်တယောက်ထဲ
    ဒိတ်အောက်နေပြီထင်နေတာ
    အပေါင်းအသင်းရှိသား...
    တခါတလေပြန်သွား
    ရန်ကုန်မှာ
    အနေမကြာတော့
    တကယ့်တောသားပါဘဲ
    ကိုယ့်မြို့မှာတော့
    ရှမ်းလိုဘဲပြောတော့
    ကိစ္စမရှိ...
    fb နဲ့တလလောက်ဝေး
    သွားရင်ကို
    တကမ္ဘာလောက်ခြားသွားသလို..
း))))
    ဒီအတိုင်းလေးဘဲကောင်းပါတယ်..

    ReplyDelete
  2. ဟဟား...အများကြီးစာရင်းပြုစုထားတာပဲး)

    အမြဲသုံးနေကျသူတောင် ရက်ပိုင်းလောက်မသုံးတော့ရင် လိုက်မမှီတဲ့ခေတ်ကြီးဗျ အဲ့တော့ အမှီသာလိုက် ။

    ReplyDelete