စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, January 20, 2021

မြိတ် ကျွန်းစုသို့တစ်ခေါက်


           ၂၀၂၁ နှစ်သစ်ကူးသွားပြီးတဲ့ အချိန်လေးမှာ မြိတ်မြို့ကို ရောက်နေတယ်။ မြိတ်ကို ဒုတိယအကြိမ်မြောက်ပြန်ရောက်တာပါ။ ပြီးခဲ့တဲ့ ၁၄ နှစ်လောက်က မြိတ်ကို တစ်ခေါက် ကျောင်းက စီစဉ်ပေးတဲ့ လေ့လာရေး အစီအစဉ်နဲ့ တောင်ကြီး သင်္ဘောစီးပြီး တစ်ခေါက်ရောက်ဖြစ်တယ်။  အဲ့ဒီတုန်းက မာလာ မုန်းတိုင်းမိတာလေးတွေ မှတ်မိသေးတယ်။

အခု နှစ်တွေတော်တော်ကြာပြီးတော့မှ ပြန်ရောက်တော့ မြိတ်မြို့လေးက လှတုန်းပါပဲ။  ခေတ်မီလာတယ်၊  Shopping Mall တွေ၊ Fast Food ဆိုင်လေးတွေနဲ့ စည်စည်ကားကား။ မြိတ်ကမ်းနားလမ်းကတော့ အရင်အတိုင်း လှနေတုန်းပဲ။  COVID 19 အချိန်ကြီး ပထမဆုံး လေယာဉ်ပြန်တွေပြန်ဖွင့်တယ်ကြားတော့ မြိတ်ကို သွားဖြစ်လိုက်တာပါ။  အလုပ်ကိစ္စကလည်း ရှိတော့ အဖွဲ့လိုက် Hotel Quarantine 7 ရက်၊ Swab Test ယူ အလုပ်ကိစ္စလေးတွေ ပြီးအောင်မြန်မြန်ဖြတ်၊  ပြီးတော့ ရန်ကုန်မပြန်ခင် မြိတ်ကျွန်းစုဖက်ကို ၁ ညအိပ်ခရီး Speed boat လေးနဲ့ သွားဖြစ်တယ်။  အလုပ်ကိစ္စအတွက် တောက်လျှောက်သုံးဖြစ်တော့ Speed Boat ပိုင်ရှင်နဲ့ ရင်းနှီးပြီး အထူးလျှော့ဈေးနဲ့ သွားဖြစ်ပါတယ်။

          ဘယ်တွေ ရောက်ဖြစ်လဲဆိုတော့ ဒုံးကျွန်းရယ်၊ ဒုံးညောင်မှိုင်းကျွန်းက ရွာကလေးရယ်၊  စမတ်ကျွန်းရယ်၊  King Island ရယ်၊ နောက်ပြီး သန္တာကျောက် scuba diving ငုပ်ပြီး ကြည့်လို့ရတဲ့ virgin island (လူသိပ်မရောက်သေးတဲ့ နေရာ) လေးတွေရယ် ရောက်ဖြစ်တယ်။

          မြိတ်ကနေ ဒုံးကျွန်းကို အရင်ဆုံးသွားဖြစ်တာပါ။  မြိတ်မြို့ကတော့ ရေလုပ်ငန်းအရမ်းကို တွင်ကျယ်တဲ့အတွက် မြိတ်ဆိပ်ကမ်းမှာ ၀ါးလတ်၊ ၀ါးတန်း၊ ပြည်ကြီးငါးဖမ်းတဲ့ မီးထွန်းလှေ၊ သစ်ခွံ၊ သံခွံ စသည်အားဖြင့် ကျွန်တော်နှင့် အခေါ်အဝေါ်မရင်းနှီးသော ငါးဖမ်းလှေတွေ အများကြီးပေါ့။  ဆိပ်ကမ်းကထွက်ပြီး သိပ်မကြာခင်မှာ သဘာဝ ဒီရေတော့လေးထဲကို ဖြတ်သွားရတယ်။  ပြီးတော့မှ ဒုံးကျွန်းဖက်ကို သွားဖြစ်ပါတယ်။  ဘိတ်မြို့ခံ သူငယ်ချင်းပါ ခရီးစဉ်လေးကို လိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။  သူနဲ့ စကားလေးပြောလိုက် ဘီယာလေးသောက်လိုက်၊  speed boat ခုန်လိုက်၊ လေတိုက်လိုက်၊ အမြည်းစားလိုက်နဲ့ ဒုံးကျွန်းကိုရောက်သွားတယ်။  ပြောရရင် မြိတ်မှာ ကျွန်းပေါင်း ၈၀၀ ကျော်ရှိတော့ အကုန်စေ့အောင်သွားဖို့ မလွယ်။

          မြိတ်မှာ ရေချိုထွက်တဲ့ ကျွန်း ၂ ကျွန်းထဲက ဒုံးကျွန်းက တစ်ခုပါ။  သဘာဝ ရေချိုတွေ တောင်ပေါ်ကနေ ရေတံခွန်အသေးလေးလို စီးကျနေပြီးတော့ အရမ်းကို သာယာတဲ့ ကျွန်းလေးပါ။  ရေတံခွန် ကိုရောက်ဖို့ သံလှေကား စောက်နက်နက်တစ်ခုကို တက်ရပါတယ်။  သတိတော့ထားရတာပေါ့၊ ပြုတ်ကျရင် အောက်မှာ ကျောက်ဆောင်တွေဆိုတော့ သိပ်မလွယ်ပါဘူး။  ရေတံခွန် အခြေလေးမှာတော့ သဘာဝအတိုင်း ရေကန်ကလေးဖြစ်နေပါတယ်။  အဲ့ဒီမှာ ရေက အေးစိမ့်နေပြီး သိပ်ပြီး ရေစိမ်လို့ကောင်းတယ်။  စိတ်ထဲမှာ သိပ်ဘ၀င်မကျတာကတော့ အမှိုက်တွေပါ။  ကန်လေးရဲ့ ဟိုဘက် ဒီဖက်မှာ အမှိုက်စတွေက တော်တော်လေး ကြည့်လို့မကောင်းဘူးပေါ့။ 




          ဒုံးကျွန်းပြီးတော့ ဒုံးညောင်မှိုင်းရွာကို သွားဖြစ်တယ်။ ရွာမှာ ဆလုံလူမျိုးသိပ်တော့မရှိဘူး ၅ အိမ်လောက်ပဲ ရှိတော့မယ်ထင်ပါတယ်၊ သူတို့က ရွာနဲ့ ခပ်လှမ်းလှမ်းမှာ နေကြတယ်။  နောက်ရွာထဲမှာ ကျွန်တော့် သူငယ်ချင်းရဲ့ အသိတွေရှိတော့ ဟင်းတွေ ချက်ချင်းချက်ပေးကြတယ်။  လတ်လတ်ဆတ်ဆတ် ငါး၊ ပုဇွန်၊ ကင်းမွန်တွေကို ဒေသခံအရသာအတိုင်း ချက်ပေးကြတာ။ ဒုံညောင်မှိုင်းမှာ သိပ်ကြာကြာမနေဖြစ်လုက်ဘူး။  စမတ်ကျွန်းဖက်ကို နေမလင့်ခင်ရောက်အောင် ခပ်သွက်သွက်လေး သွားကြတယ်။







          စမတ်ကျွန်းလည်း အရမ်းလှပါတယ်။  စမတ်ကျွန်းက နှစ်ပိုင်းရှိတယ်။  မြင်လွယ်အောင်ပြောရရင် ကျွန်းရဲ့ ဟိုဖက်ကမ်းခြေနဲ့ ဒီဖက် ကမ်းခြေပေါ့။  စစချင်း ခြေချတဲ့နေရာမှာတော့ သဲနုနုလေးတွေနဲ့ ကမ်းခြေပါ။  သဲလေးတွေက ဖွေးပြီးတော့ အရမ်းကို နူးညံပါတယ်။  ချောင်းသာ၊ ငွေဆောင်က သဲနဲ့ မတူတာတော့ သိတယ်။  ပိုပြီးတော့ နူးညံတယ်။  အဲ့ဒီကနေပြီးတော့ တောလမ်းလေးအတိုင်းသွားလိုက်ရင် ဟိုဖက်ကမ်းခြေကို ရောက်ပါတယ်။  အဲ့ဒီမှာတော့ ကျောက်စရစ်ကလေးတွေချည်းပဲ ရှိတဲ့ ကမ်းခြေပါ။  ကျောက်တွေကို ရေတိုက်စားပါများတော့ ကျောက်တုံးလေးတွေ အကုန်လုံးက ၀ိုင်းဝိုင်း ပြားပြားလေးတွေ။  အရမ်းလှပါတယ်။  အရောင်စုံ ကျောက်ကလေးတွေရှိတယ်။ ပင်လယ်ကမ်းစပ်နဲ့ နဲနဲဝေးတဲ့နေရာမှာတော့ အ၀ိုင်းခပ်ကြီးကြီးလေးတွေ၊  ကမ်းခြေနားနီးလေး အ၀ိုင်းခပ်သေးသေးကျောက်ကလေးတွေ၊  ပင်လယ်ကမ်းခြေ တစ်ခုလုံး ကျောက်စရစ်ကလေးတွေချည်းပဲဆိုတော့ အရမ်းလှတယ်။  ပင်လယ်ရေလေးက နွေးနေတော့ ကမ်းစပ်မှာ ကျောက်စရစ်လေးတွေပေါ်လှဲပြီး ပင်လယ်ရေထဲ စိမ်ရတာ ဘာအရသာနဲ့မှ မတူပါဘူး။  စမတ်ကျွန်းကနေ အ၀ိုင်းပြား ခပ်ကြီးကြီး ကျောက် ၂ လုံးလောက်ကို King Island ကို သယ်လာခဲ့တယ်၊  ဟိုမှာ မီးဖိုရင် ကျောက်ခံပြီး အကင် ကင်စားလို့ရအောင်။ စမတ်ကျွန်းရောက်တော့ ဖုန်းအားကုန်သွားလို့ ကျောက်လုံးလေးတွေ ဓာတ်ပုံ မရိုက်လိုက်ရဘူး။




          စမတ်ကျွန်းမရောက်ခင်ကျွန်တော့် သူငယ်ချင်း အသိငါးဖမ်းလှေတွေနဲ့ တွေ့လို့ လှေပေါ်ခဏ တက်ဖြစ်ကြတယ်။ ၂၀၂၁ နှစ်သစ်ကထည်းက အဲ့ဒီနားမှာ အနားယူနေကြတယ် လှေပိုင်ရှင်တွေက သူတို့ ချက်ထားတာတွေနဲ့ ဖော်ဖော်ရွေရွေ ဧည့်ခံကြတယ်။  အချိန်က လင့်နေတာမို့ နေစောင်းနေတာနဲ့ အကြာကြီး မနေဖြစ်ပါဘူး။  မြိတ်ဒေသခံတွေ အရမ်း သဘောကောင်းကြပါတယ်။  ကျွန်တော်တို့ကို ပုဇွန်၊ ဂဏန်း၊ ငါး၊ ပြည်ကြီးငါး အစုံ လှေပေါ်ကနေ အများကြီးပေးလိုက်တယ်။




          စမတ်ကျွန်းကနေ King Island ကို တစ်နာရီကျော်လောက် မောင်းရတယ်။  Speed Boat က ၅၅ ကီလိုမီတာလောက် ပြေးတော့ ကီလို ၅၀ ကျော်လောက် သွားရတယ်ဆိုတဲ့ သဘောပေါ့။  လမ်းမှာ နေ၀င်သွားပြီ။  Speed Boat မောင်းတဲ့ ကောင်လေးက ကျွမ်းကျင်ပါတယ်၊  ကျောက်ဆောင်လေးတွေက ဟိုနား ဒီနား ကျွန်းစုတွေမှာ ရှိပါတယ်။  ညမှောင်မှောင် ကီလို ၅၀ နဲ့ ကျောက်ဆောင်ကို မိတ်ဆက်လိုက်ရင် မစားသာပါဘူး။  ညပိုင်းရောက်တော့ မီးထွန်းလှေလေးတွေ ရေစီးကြောင်းအတိုင်း ပြည်ကြီးငါးအုပ်နောက်လိုက်နေတာ မြင်ရတယ်။  ငါးဆရာတွေကတော့ ရေကြောနပ်တော့ သူ့ရေစီးကြောင်းနဲ့သူ မီးထွန်းလှေတွေက အတန်းလိုက် အတန်းလိုက်ရယ်။  ရေလုပ်ငန်းမှာတော့ ပဲနင်း ငါးဆရာက ၃ ပုံ ၁ ပုံ အမြတ်ယူကြတယ်လို့ ပြောပါတယ်။  ကျန်တာကတော့ ပိုင်ရှင်ပေါ့။  ငါးက ဘယ်ကိုသွင်းလဲဆိုတော့ ထိုင်းနိုင်ငံကိုပဲ အများစုကို သွင်းရပါတယ်။  ပြီးတော့ ထိုင်းနိုင်ငံကပဲ ငါးဖမ်းပိုက်၊ လှေစက်ပစ္စည်းတွေ၊ မီးထွန်းဖမ်းတဲ့ မီးတွေ ပြန်ဝယ် ဒီလိုနဲကပဲ သံသရာလည်နေတာပါပဲ။  ဈေးကွက်ကတော့ ဟိုဖက်က ချုပ်ထားတော့ ဈေးနှိမ်တာတွေဘာတွေရှိတာပေါ့။

          ပြန်ဆက်လိုက်ဦးမယ်… King Island ရောက်တော့ နေ၀င် မိုးချုပ်နေပါပြီ။  King Island မှာ မင်းသားဆိုတဲ့ ခွေးကလေးရှိတယ်။  အရမ်းလိမ္မာပါတယ်။  ဧည့်သည်တွေလာရင် ရေထဲအထိ ဆင်းကြိုတာ။  တစ်ခြားခွေးကလေးတွေလည်း ရှိတယ်။  သူ့ပိုင်နက်နဲ့သူ။  မင်းသားက ရှေ့ပိုင်းအပိုင်၊ ကျန်တဲ့ခွေးလေးတွေက Resort နောက်ပိုင်းအပိုင်။  နယ်ကျော်ရင် ဂီး ဂီး ဆိုပြီး ရန်စောင်သေးတာ။  Resort ဆိုပေမယ့် ချောင်းသားတို့ ငွေဆောင်တို့ကလိုမျိုး Resort ကို စိတ်ထဲမှာ ပြေးမပြင်ပါနဲ့။  အဲ့ဒီ Resort မှာ မန်ကျီးပင်ရှိတယ်၊ သရက်ပင်ကြီးရှိတယ်… ဘာဖြစ်လို့လဲဆိုတော့ Resort မှာနေတဲ့ ဦးလေးတို့မိသားစုက အညာက။  အဲ့ဒီက မျိုးယူပြီးစိုက်ထားတာ။  ရေချိုးခန်း၊ အိမ်သာ သန့်သန့်ပြန့်ပြန့်ရှိတယ်၊  အမိုးအကာ ကောင်းတဲ့ အဆောင်လေးရှိမယ်၊ ပြီးရင် ဟင်းချက်ဆောင်လေးရှိတယ်။  အဲ့ဒါ Resort ပဲ။  ကျွန်တော်တို့ကတော့ ကွပ်ပျစ်လေးတွေမှာ တဲထိုးပြီး အိပ်ဖို့လုပ်လိုက်တယ်။  တဲတစ်နေရာကို ၂ သောင်းပေးရပါတယ်။ 










          ပါလာတဲ့ အသား၊ ငါး၊ ပုဇွန်တွေ ထုတ် ဟင်းချက်ဝါသနာပါတဲ့ ကျွန်တော့်သူငယ်ချင်း လူပျိုကြီးကတော့ ဟင်းချက်ဆောင်ထဲတန်းဝင်ပြီး အသား ငါး တွေကိုင်၊ အချဉ်စပ်၊  ကျန်တဲ့လူတွေက ရှေ့မှာ မီးမွှေး။  Resort က ဦးလေးတို့မိသားစုက သဘောကောင်းကြပါတယ်။  ၀ိုင်းကူချက်ပေးကြတယ်။  ကျွန်တော်တို့ ဆန်၊ဆီ၊ဆား၊ ငရုပ်၊ ကြက်သွန်၊ မဆလာ၊ အသား၊ ငါး အစုံယူသွားကြတာ။ ဟင်းချက် မီးဖို  ပြီးတော့ အကင်လေးနဲ့ညပိုင်းကို ဖြတ်သန်းကြတာပေါ့။  ဒေသခံတွေကတော့ပြောကြတယ်၊  အထက်ပိုင်းကလူတွေက ပင်လယ်စာကို ညှီမှာစိုးလို့ အရမ်းကျက်အောင် ချက်ကြတယ်။  တစ်ကယ်တော့ ပင်လယ်စာညှီတာ မလတ်ဆတ်လို့၊ လတ်ဆတ်ရင် ဒီအတိုင်းစား အရမ်းကောင်းဆိုပဲ။  ကျွန်တော့်သူငယ်ချင်းကတော့ ပုဇွန်နဲ့ ပြည်ကြီးငါးကို အစိမ်းလှီးပြီး အချဉ်နဲ့ အားရပါးရစားနေတာပဲ။  ကျွန်တော်တို့တွေကတော့ ဗိုက်နာမှာစိုးလို့ မြည်းကြည့်ရုံသာ။  လတ်ဆတ်တော့ မညှီပဲ စားလို့ကောင်းပါတယ်။

          မနက်နိုးတော့ Resort နားက ကျောက်တောင် ကမူလေးတွေဖက် လမ်းလျှောက်ကြည့်၊ လေညှင်းခံ၊ ပင်လယ်ထဲဆင်းရေချိုး၊ လှေလှော်။ King Island က လှလားဆို အရမ်းလှပါတယ်။  King Island Resort ကတော့ King Island ရဲ့ နေရာလေးတစ်ခုပဲရှိပါတယ်။  မြိတ်ကျွန်းစုတွေထဲမှာတော့ King Island က အကြီးဆုံး ကျွန်းဖြစ်မယ်ထင်တယ်။  ရန်ကုန်တစ်မြို့စာလောက်ရှိတယ်လို့ ဒေသခံကောင်လေးကပြောတယ်။ ရွာပေါင်း ၁၀၀ လောက် အဲ့ဒီကျွန်းပေါ်မှာ ရှိတယ်၊  ဒူးရင်းသီးတွေ အဲ့ဒီကျွန်းက အများဆုံးထွက်တယ်၊ စိုက်ပျိုးရေးလုပ်ကြတယ်၊ ရေလုပ်ငန်းလည်း လုပ်ကြတယ်။  ခရီးသွားတွေ အများကြီးမရှိသေးတော့ လူမရောက်သေးတဲ့ နေရာတွေအများကြီး ရှိပါသေးတယ်။


 ပြီးတော့ အဲ့ဒီနားက Scuba Diving လုပ်လို့ရတဲ့ နေရာလေးနားသွားပြီး ရေငုပ်ကြပါတယ်။  သံပချုပ်တွေမှ အများကြီးပဲ။  ငါးလေးတွေကလည်း အရောင်စုံ။  Scuba လုပ်မယ်ဆိုရင် နေရောင် ကောင်းကောင်းရတဲ့အချိန်အကောင်းဆုံးပါပဲ။  သတိတော့ထားရပါတယ်။  သူတို့ အခေါ် ခက်ရင်းရှတယ်လို့ခေါ်ပါတယ်။  ရေအောက်က ကျောက်ဆောင်လေးတွေမှာ ခရုခွံလေးတွေ ကပ်နေတာပါ။  အရမ်းထက်တော့ သွားမထိမိတာကောင်းပါတယ်။  ထိလိုက်ရင်တော့ ဟက်တက်ပဲ။  ၀ါးလတ်တွေ ခိုးဝင်ပြီး ဆွဲသွားတဲ့နေရာတွေကတော့ သန္တာကျောက်တန်းတွေ ပျက်စီးပြီး သေတဲ့နေရာ သေနေပါတယ်။ ဂေဟ စနစ်ပျက်သွားရင်တော့ ကျွန်တော်တို့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။  သန္တာကျောက်တန်းနဲ့ သူ့ဂေဟ ငါးနဲ့ အကောင်လေးတွေကို ကာကွယ်ပေးဖို့တော့ လိုအပ်ပါတယ်။  ရေအောက်ရိုက်တဲ့ ကင်မရာ မရှိတော့ ရေအောက်ကို ရိုက်လို့မရ။

          ပြီးတော့ King Island ကိုပြန် ဟင်းချက်၊ ထမင်းစား၊ တစ်ရေးလောက်နား၊ ညနေ ၃ နာရီခွဲလောက်ကို မြိတ်ကို ပြန်လာဖြစ်ပါတယ်။  မြိတ်ကျွန်းစုကို လည်မယ်ဆိုရင် ဘာကိုကြိုပြီး မျှော်လင့်ရမလဲဆိုတော့ သဘာဝ အတိုင်းနေထိုင်မှု့ဖြစ်ပါတယ်။  ပုံမှန် ကမ်းခြေတွေလို စားသောက်ဆိုင်၊ convenient store၊ ဟော်တယ်ကောင်းကောင်း ဒါမျိုးတွေတော့ မရှိသေးပါဘူး။  အဲ့ဒီတော့ လိုအပ်တဲ့ စားသောက်စရာ၊ ဆေးဝါး၊ First Aid Kit၊ ကိုယ်မရှိမဖြစ်ဆောင်သွားရမယ့် ဟာမျိုးလေးတွေ ဆောင်သွားပါ။  Kind Island မှာ ကမ်းရိုးတမ်း ၄၉ ဖုန်းကလွဲပြီး ကျန်တဲ့ ဖုန်းလိုင်းမမိပါဘူး။  ဒါလေးကိုတော့ သတိထားစေချင်ပါတယ်။  လှလားဆိုရင် အရမ်းလှတဲ့ နေရာလေးတွေပါ။  နောက်တစ်ခါ ထပ်သွားဦးမလားဆိုရင်တော့ သေချာတယ် ထပ်သွားဖြစ်ဦးမှာပါ။  Lotion ဘူးလေးဆောင်ပြီး လိမ်းသွားပေါ့။  အခုတော့ လက်မှာ နေလောင်ပြီး အရေပြားအလွှားလိုက်ကွာထွက်နေလို့ Lotion လိမ်းလိုက်ဦးမည်။

1 comment:

  1. Long time no see အွတ်ထောင် :P

    မိုးငွေ့

    ReplyDelete