စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, January 30, 2012

ဆားပုလင်း အောင်ထွဋ်နှင့် နတ်ကတော်ပါပု (တဂ်ပိုစ့်) - အပိုင်း ၂


       
     ထိုအချိန်တွင် ကိုမောင်သန့်တစ်ယောက်မှာ မနက်စာ လက်ဖက်ရည်သောက်ပြီး မောင်ဘကြိုင်ခြံရှေ့ ဖြတ်လျှောက်သွားချိန်နှင့် တိုက်ဆိုင်နေရကား “ဟ ဟုတ်ပြီ စင်ကာပူ ပရိုမိုးရှင်းတွေ ခဏထား ဒီသတင်းထူးတယ်” ဆိုပြီး ပိုစ့်အသစ်တင်ရန် ခပ်သုတ်သုတ်နှင့် သူ့အိမ်သို့ ခပ်သုတ်သုတ်ပြန်သွားသည်ကိုကား ကျွန်ုပ်တို့ ၄ ယောက်စလုံး မသိလိုက်ပါချေ။    
     
ကျွန်ုတို့လူစုမှာကား နတ်ရုပ်ကြီးကို မသွားသော ဂျက်စ် နှင့် လွင်ပြင်တို့နောက်သို့ လိုက်ရန် ပြင်ရလေတော့သတည်း။  သို့သော် ထိုစုံတွဲမှာ မည်သို့မည်ပုံ ခြေရာဖျောက်သွားသည်မသိ၊ စံပယ်တစ်ပွင့်မှ လွဲ၍ မည်သည့်သဲလွန်စမျှ ရှာမတွေ့တော့ချေ။  ထိုသို့နှင့်ပင် ကျွန်တော်တို့ ရပ်ကွက်ထဲရှိ အလွန် နာမည်ကြီးလှသော ဗေဒင်ဆရာမကြီး မြသွေးနီထံသို့ သွားကာ ဂျက်စ်နှင့် လွင်ပြင်တို့ မည်သည့်အရပ်သို့ ထွက်ခွာသွားသည်ကို မေးမြန်းရလေတော့သည်။

          ဗေဒင်ဆရာမကြီး၏ တွက်ချက်ပေးမှု့အရ အဆိုပါ စုံတွဲမှာ ဟန်းဂုရွာသို့ တိမ်းရှောင်သွားသည်ဟု ခန့်မှန်းဟောပြောပေးလေသည်။  ဟန်းဂုရွာမှာ ကျွန်ုပ်တို့နေထိုင်ရာ အရပ်နှင့် လွန်စာမှ ဝေးရတကား မည်သို့မည်ပုံ သွားရမည်ကို လွန်စွာမှ စဉ်းစားရခက်လေတော့သည်။  သို့ဖြင့် ညနေလည်းစောင်းလေပြီဖြစ်ရကား ထူးထူးဆန်းဆန်း အစားအစာများရောင်းချသော မချော ဆိုင်သို့ သွားကာ စားသောက်ကြလေတော့သည်။


          မချော၏ဆိုင်မှာ အစိမ်းရောင်လေးများနှင့် တန်ဆာဆင်ထားသဖြင့် မျက်စေ့အေးလှပေသည်။  ထို့ကြောင့်ပင် စားသုံးသူများက မချော၏ဆိုင်ကလေးကို အစိမ်းရောင်လွင်ပြင် ဟု တင်စားခေါ်ဝေါ်ကြသည် ထင်ပေ၏။  အစားဆန်းဆန်းလေးတွေ ချက်တတ်သည်သာမက ထူးထူးဆန်းဆန်းများကိုလည်း သိပေရကား ကျွန်ုပ်တို့ ဟန်းဂုရွာကို အဘယ်ပုံ အဘယ်နည်းနှင့် သွားရမည်ကို မချောအား မေမြန်းရလေတော့သည်။  မချောက “အမလေး….. ဒါလေးများ၊ လွယ်လွန်းလို့ ရှင်တို့ KOM Express ဆိုတာကို မကြားဖူးဘူးလား။  အဲ့ဒီ Express ပိုင်ရှင် မကွန် က နေရာစုံကို မြန်နှုန်းမြှင့် သွားနည်းတွေ သိတယ်လေ။  ဘယ်သူမှ သူ့လောက် နေရာစုံကို အချိန်တိုတိုနဲ့ သွားနိုင်တာမဟုတ်ဘူး။ သူ့ဆီသွားပြီး အကူအညီတောင်းကြည့်ပါလား၊ သူကူညီနိုင်ရင် ကူညီမှာပေါ့”ဟု ဆိုလေသည်။

ထို့နောက် မချောမှ ဆက်လက်၍ “ကျွန်မလည်း ဒီလို ထူးထူးဆန်းဆန်းအဖြစ်တွေကို စိတ်ဝင်စားမိတယ်…. ဒီတော့ ရှင်တို့နဲ့အတူ ဟုန်းဂုရွာကို လိုက်မယ်… ဆိုင်ကတော့ ပိတ်ခဲ့တာပေါ့” ဟုပြောဆိုလေတော့သည်။  ထို့ကြောင့်ပင် ဟိုတစ်လောက မချောတစ်ယောက် ခရီးသွားစရာရှိသည်ဟုဆိုကာ ဘလော့ဂ်ပေါ်မှ ခဏ ပျောက်သွားခြင်းပင် ဖြစ်လေတော့သည်။  ကျွန်ုပ်တို့လည်း ဟ တယ်ကောင်းတဲ့ အကြံဥာဏ်ပါလား ဟရို့ ခုမှပဲ အကြံရတော့တယ် ဟုတ်တယ် မနက်ဖြန်မနက် မကွန် ဆီသွားပြီးတော့ အကူအညီတောင်းမှ ဟုဆိုကာ ထိုကနေ့ည လူစုခွဲလိုက်လေတော့သည်။

          နောက်တစ်နေ့ မနက်သို့ရောက်သော် ကျွန်ုပ်တို့လူစုလည်း မကွန် ဆီသို့ချီတက်ကြလေတော့သည်။  “ဗျို့…….မကွန် ရှိပါသလား၊ မကွန်” ဟု တံခါးကို လေးငါးကြိမ်ခေါက်လေတော့မှ ကလေးမကလေး တစ်ဦးထွက်လာပြီး

“ဘာကိစ္စများရှိပါ သလဲ” ဟု ကျွန်ုပ်တို့အား မေးမြန်းလေ၏။

ကျွန်ုပ်တို့လည်း လာရင်းအကြောင်းကို အကျဉ်းချုံးကာ ရှင်းပြလိုက်လေသည်။  ထိုအခါ ကလေးမလေးက

“ခဏစောင့်ပါရှင်၊ ကျွန်မတို့ မမလေးကို သွားပြီး ပြောပေးပါ့မယ်၊ မမလေး ခွင့်ပြုရင်တော့ ရှင်တို့အိမ်ထဲ ၀င်ခွင့်ရမှာပါ” ဟု ထူးဆန်းစွာပြောလေ၏။  ကျွန်ုပ်တို့လည်း တံခါးပေါက်ဝတွင် မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်နေကြကုန်၏။  ကွမ်းတစ်ယာညက်ခန့် ကြာသောအခါ အဆိုပါကလေးမလေး ပြန်ထွက်လာပြီးနောက်-

“မမကွန်က ဧည့်သည်တော်ကြီးတွေကို လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်၊  စောင့်ရတဲ့အတွက် အားနာပါတယ်ရှင်” ဟု ချိုသာစွာ ပြောဆိုလေသည်။

သို့နှင့် ကျွန်ုပ်တို့လည်း မကွန်အားတွေ့ဆုံရန် သွားရောက်ကြလေ၏။  အိမ်ကလေးမှာ သန့်ရှင်းသပ်ရပ်နေသည်။ နံရံများပေါ်တွင်ကား ၀ိုးတ၀ါး ဓာတ်ပုံများကို ချတ်ဆွဲထားလေသည်။  အချို့ပုံများမှာ စောင်းနေလေ၏။  ကျွန်ုပ်တို့လည်း ထိုဓာတ်ပုံများကို ကြည့်ကာ ဇက်အတော်ညောင်းသွားတော့သည်။ ထိုသို့နှင့် ဧည့်ခန်းထဲသို့ဝင်လိုက်သောအခါ အမျိုးသမီးတစ်ယောက်သည် ဇာကန့်လန်ကာနောက်တွင် ထိုင်လျှက်ရှိပြီး “ဧည့်သည်တော်ကြီးများကို ကြိုဆိုပါတယ်ရှင် ဘာကိစ္စများ ကူညီပေးရပါမလဲ” ပျူငှာစွာ ဆိုလေသည်။  

ကျွန်ုပ်တို့လည်း “မကွန်နဲ့ စကားပြောစရာရှိလို့ပါ။ အရေးကြီး ကိစ္စလေးလည်း ရှိလေတော့ သူများ ကူညီနိုင်မလားဆိုပြီး အကူအညီလေးလည်း တောင်းစရာရှိလိုပါ” ဟုပြောလေလျှင် ဇာခန်းဆီးနောက်ကွယ်ရှိ အမျိုးသမီးက “ကျွန်မ မကွန်ပါပဲ”ဟု ချိုသာသော အသံဖြင့် ပြန်ဖြေလေသည်။  ကျွန်ုပ်တို့လည်း ထိုအခါမှ ထိုအမျိုးသမီးမှာ မကွန်မှန်းသိပေတော့သည်။   မကွန်မှာ ဇာခန်းစည်း ကာထားသည်သာမက သူခေါင်းပေါ်တွင်လည်း ခမောက်တလုံးကို ဆောင်းထားကာ ထိုခမောက်နှင့် တွဲဆက်လျှက် မျက်နှာရှေ့တွင် ဇာပ၀ါကို ထပ်မံ ချိတ်ဖြင့် ချိတ်ထားလေရကား ၀ိုးတ၀ါးသာ မြင်ရသဖြင့် မကွန်၏ ပုံသဏ္ဍာန်ကို ကျွန်ုပ်တို့အနေနှင့် မှန်းဆခြင်းငှာ မစွမ်းသာပေ။   ကျွန်ုပ်တို့လည်း လာရင်းအကြောင်းအရင်းကို ပြောပြလေရာ - 
          “ဒီအတွက်တော့ မပူပါနဲ့၊  ကျွန်မ ရှင်တို့ကို ကျွန်မရဲ့ အထူး အိတ်စ်ပရက်စ်ယာဉ်ကြီးနဲ့ ဟန်းဂုရွာရောက်အောင် ဆောင်ကျဉ်းပေးမှာပါ” ဟု မကွန်မှ ပြောလေရာ ကျွန်ုပ်တို့ အားလုံး အားတက်မိကြလေတော့သည်။

                 “ဒါနဲ့ အဲ့ဒါ ဘာယာဉ်ကြီးလဲ ဆိုတာ သိခွင့်မရှိဘူးလာဗျာ” ဟု မောင်ဘကြိုင်ကမေးလေလျှင်

       “အို…. ဒါက ကျွန်မရဲ့ လျှို့ဝှက်ချက်ရှင့်၊ ဒီယာဉ်ကြီးကြောင့် သူများတွေ မျက်စေ့လည်လောက်အောင် အချိန်တိုအတွင်း နေရာပေါင်းများစွာ ကျွန်မရောက်နိုင်တာပေါ့” မကွန်မှ ပြန်လည်ဖြေကြားလေတော့သည်။  ထိုအခါမှပင် ကျွန်ုပ်တို့လည်း မကွန်တစ်ယောက် ဤသို့သော ယာဉ်ကြီးရှိလို့သာ ဒီလို နေရာစုံသွားနိုင်ပေတကားဟု အံသြရလေသတည်း။

          သို့သော် မကွန်၏ ထူးဆန်းသော ယာဉ်ကြီးမှာ ဆီကုန်နေသည်ကတစ်ကြောင်း၊ စက်ချို့ယွင်းနေသည်က တစ်ကြောင်းကြောင့် စက်ပြင်ဆရာကြီးက စက်များကိုပြင်ကာ သူ့၏ လက်တိုလက်တောင်း ခိုင်းစေသူလေးက ကြက်ဆူသီများ ခူးနေသည်ကိုတွေလေရာ “မကွန်၊ ကြက်ဆူသီးက ဘာလုပ်ဖို့တုန်း” ဟုမေးမိလေသည်။

“ဟင်… ဒါလေးတောင်မသိဘူးလား ဒီယာဉ်ကြီးက ကြက်ဆူဆီထည့်မောင်းရတာ” ဟု မကွန်က ပြောလေလျှင် ကျွန်ုပ်တို့လည်း တိုင်းထက်အလွန် အံသြခြင်းအဖြစ်သို့ ရောက်လေ၏။ ထိုနှင့်ပင် ကြက်ဆူသီးများကို ထည့်ထောင်းကာ ကြက်ဆူဆီယူခြင်း၊ စက်ပြင်ခြင်းများကို ၂ ရက်ခန့် လုပ်ဆောင်ပြီးသကာလ မကွန်က သူမ၏ ယာဉ်ကြီးနှင့် ကျွန်ုပ်တို့အား ဟန်းဂုရွာသို့ လိုက်လံပို့ဆောင်စေလေသည်။  ထိုယာဉ်ကြီးကို စီးရသည်မှာ ဆိုင်ကယ် ကယ်ရီ စီးရသကဲ့သို့ပင် တလှပ်လှပ် ခံစားရလေသည်။  ဝေဟင်အမြင့်မှ ပျံသန်းသဖြင့် တိမ်စိုင် တိမ်ခဲများမှာ စီစရီ ကျန်ခဲ့ကြလေ၏။  ကျွန်ုပ်တို့လည်း ပင်ပန်းလှရာ ငိုက်မြည်းခြင်းအဖြစ်သို့ရောက်လေသည်။  မည်မျှ ငိုက်မြည်းသွားသည်ဟု မဆိုသာ ယာဉ်မောင်းကြီးက ကျွန်ုပ်တို့အား လှုပ်နှိုးလေတော့မှ ဟန်းဂုရွာသို့ ဆိုက်ရောက်ပြီဖြစ်ကြောင်း သိရှိလေတော့သည်။
(အဆိုပါ ထူးဆန်းသော ယာဉ်ကြီး၏ ပုံပန်းသဏ္ဍာန်ကိုမူကား မကွန်က နှောင်းလူတို့အား မပြောပါနှင့်ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ကတိပေးထားသောကြောင့် ဤဇာတ်လမ်းထဲတွင် ချန်လှပ်ထားခဲ့ရပေသည် - စာရေးသူ)

          သို့နှင့် ဟန်းဂုရွာသို့ရောက်လေလျှင် ကိုရီးယားလူမျိုးနှင့် တူလှစွာသော လှပျိုဖြူကလေးများက ကျွန်ုပ်တို့အား “အိုးပါးတို့ ကျန်းမာပါစ၊ အညာစကော ပါရှန့်” ဟု ချိုသာစွာနှုတ်ဆက်ကြလေတော့သည်။  ကျွန်ုပ်တို့မှာကား မိမိတို့ကိုယ်ကို ပြန်ကြည့်ကာ “ဘာအိုးမှလည်း မပါးပါဘူး ခင်ဗျာ၊ အော်ရီဂျင်နယ်အတိုင်းပါပဲ၊ အညာက စကောကတော့ အလျှင်စလို ခရီးထွက်လာတော့ မပါခဲ့ကြပါဘူး” ဟု ပြန်လည် ဖြေဆိုကြရတော့သည်။

          ထိုအခါ ကိုရီးယားလူမျိုးများနှင့်တူသော လှပျိုဖြူလေးများက အို … အိုးပါးတို့ကလည်း ဒါက ဟန်းဂုရွာ စကား၊ ဟန်းဂုဘာသာနဲ့ “နေကောင်းပါစလို့ နှုတ်ဆက်တာ ဒါလေးတောင် မသိဘူး ညံပ” ဟုဆိုလေရာ ကျွန်ုပ်လည်း သြော်.. ငါစုံထောက်ဖြစ်ပြီး တယ်ညံရပါတကားဟု ကိုယ့်နဖူး ကိုယ်ရိုက်မိလေတော့သည်။  ဟန်းဂုရွာ သို့ရောက်လေလျှင် ကျွန်ုပ်တို့လည်း အသိမိတ်ဆွေကြီးရှိရာ ကျူတီ၏ဆိုင်တွင် တည်းခိုကြလေတော့သည်။

          ကျူတီတစ်ယောက်မှာ ကင်မ်ချီ (သူ့အခေါ် ဂင်ချီဟု ခေါ်သော ဟင်းများကိုလည်းကောင်း)၊  အိုဒိုလ်ပျော့ ဘို့ကွမ်းဘူဒယ်ကျီးဂဲ အစရှိသော ကျွန်ုပ်တို့ တစ်ခါမှ မကြားဖူးသော အဆိုပါ ဟင်းများကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးလေရာ ကျွန်ုပ်တို့လူစုမှာ များစွာမြိန်လှပေတော့သည်။  သို့နှင့် ကျူတီဆိုင်တွင် စတည်းချကာ ထွက်ပြေးသွားသော ဂျက်စ်နှင့် လွင်ပြင်တို့ အကြောင်းကို စုံစမ်းကြရန် အစီအစဉ်ဆွဲပြီး အသီးသီး လူစုခွဲကာ အိပ်ယာသို့ ၀င်ကြလေတော့သည်။ 

ထိုညကာ ဆီးနှင်းများလည်း သည်းထန်စွာကျဆင်းနေရကား ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပိန်းပိတ်အောင်မှောင်နေလေသည်။  ချမ်းအေးလွန်ရကား ကျွန်ုပ်မှာ ပုဆိုးကို ခြုံ၍ ဒူးနှစ်လုံးကြား လက်ထည့်ကာ ပုဇွန်တုပ်ကွေးကွေးပြီး နေရတော့သည်။ ထိုစဉ် ကျွန်ုပ်အိပ်နေသော အခန်၏ အိမ်ခေါင်မိုး အုပ်ကျွပ်ထက်မှ ချိုးချိုးချွတ်ချွတ်မည်သံများကြားရကား မသင်္ကာသဖြင့် ခြောက်လုံးပြူး သေနတ်လေးကိုကိုင်ကာ ပြုတင်းပေါက်မှ ခုန်ဆင်းကာ အိမ်အပေါ်သို့ ကြည့်လိုက်သည်တွင် အလံများဝှေ့ရမ်း ကိုင်ဆောင်ထားသော လူတစ်စုမှာ တိုက်များပေါ်မှ လွှားကနဲ ခုန်ဆင်းလာကြကာ ကျွန်ုပ်အား ၀ိုင်းလိုက်လေတော့သည်။  ကျွန်ုပ်လည်း မဆိုင်းမတွ လက်မှ ပါလာသော သေနတ်မောင်းကို ဖြုတ်ချလိုက်သောအခါ လူတစ်ယောက် လဲကျသွားပြီး ကျန်သောလူများမှာ တိုက်များပေါ်သို့ ပေါ့ပါးစွာ ခုန်တက်ပျောက်ကွယ်သွားလေတော့သည်။  ကျွန်ုပ်လည်း ဒဏ်ရာရသွားသော လူကိုယ်ပေါ်သို့ ရှာဖွေကြည်ရာ ၀ါ၊ စိမ်း၊ ညို၊ ပြာ၊ ခရမ်း၊ လိမ္မော်၊ အနီ ဟူသော အရောင် ၇ ရောင်ခြယ် အလံကိုတွေ့ရှိလိုက်လေရာ

“ဟင် ဒါ သက်တန့်ဂိုဏ်း အထိမ်းအမှတ်ပဲ…. ဘယ့်နှယ်ကြောင့် သူတို့ပါ ဟန်းဂုရွာကို ရောက်ရှိနေကြတာလည်း၊ ဒီလိုဆိုရင်တော့ သက်တန့်ဂိုဏ်းခေါင်းဆောင် သက်တန့်ချိုတစ်ယောက်ပါ ပါလာလိမ့်မယ် ထင်တယ်” ဟု တစ်ယောက်ထဲ စဉ်းစားကာ အခန်းထဲသို့ ပြန်ဝင်လိုက်လေသည်။  သက်တန့်ဂိုဏ်းမှာ ထူးဆန်းသော ဂိုဏ်းကြီးဖြစ်သည်။  ဆေးပညာရပ်ကို လိုက်စားသော ဂိုဏ်းဖြစ်သကဲ့သို့၊ ထူးဆန်းသော သိုင်းများကိုလည်း တတ်မြောက်ကြလေသည်။  အခန်းထဲတွင် ကျန်ခဲ့သော သူကြီးမင်း မောင်ဘကြိုင်ကန်ဒီပူးပူးမချော စသူတို့မှာ ခရီးပန်းသောကြောင့် အိပ်ပျော်နေကြပြီဖြစ်သည်။ ဒီအတိုင်းဆိုရင်တော့ ဟန်းဂုရွာကို ဘလော့လောကသားတွေ တစ်ဖွဲဖွဲရောက်လာကြလိမ့်မယ်ထင်တယ်ဟု တွက်ဆလိုက်လေတော့သည်။

မိုးလင်းသောအခါ ဟန်းဂုရွာသူရွာသားများ လှုပ်လှုပ်ရွရွဖြစ်နေသည်ကို မြင်ရလေတော့သည်။  အဘယ့်ကြောင့်ဆိုသော် သဲကန္တရအတွင်းမှာသာရှိသော ကုလားအုပ်ကြီးများဖြင့် ဆွတ်ဆွတ်ဖြူသော ၀တ်ရုံကြီးများကို ခြုံလွှမ်းကာ ဦးခေါင်းပေါ်တွင် အနက်ရောင်ကွင်းတပ်ဆင်ထားသော စော်ဘွားကဲ့သို့ လူတစ်စု ရွာထဲသို့ ၀င်လာသောကြောင့်ဖြစ်ပေသည်။  ရှေ့ဆုံးတွင် ကုလားအုပ်မစီးပဲ မြင်းအနက်ကြီးကိုစီးထားသူမှာ ချပါတီတစ်ချပ်ကို အားရပါးရပင် ၀ါးနေလိုက်သေးသည်။  ခါးတွင်ကား ဓားကောက်ကြီးတစ်လက်ကို ချိတ်ဆွဲထားပြီး နေကာမျက်မှန် အနက်ကြီးကို တပ်ဆင်ထားသည်မှာ လွန်စွာမှ ခန့်ငြားလေတော့သည်။  ကျွန်ုပ်လည်း ထို လူထူးလူဆန်း အုပ်စုကို ကြည့်ကာ ဟင်……. ဒါ ဒါ ထူးဆန်းထွေလာ ပါတီ ဂိုဏ်းကြီးပါလား၊  ဂိုဏ်းခေါင်းဆောင်ကြီး ကိုပီတာလည်း ပါလာတာကိုး ဟု အံအားသင့်စွာ ရေရွတ်လိုက်မိလေတော့သည်။  ထူးဆန်းထွေလာ ပါတီဂိုဏ်းခေါင်းဆောင်ကြီး ကိုပီတာသည်လည်း ကျွန်ုပ်ဘက်ကို တစ်ချက်လှမ်းရှိုးလိုက်ကာ ချပါတီ တစ်ကိုက်ကို ဖဲ့ကာ ရွာလည်လမ်းမအတိုင်း တစ်ရွှေ့ရွှေ့ ဆက်သွားလေတော့သည်။

ထိုစဉ် ကျွန်ုပ်တို့၏ သွားများမှာ အလွန်ပင် ကြိမ်းလာလေတော့သည်။  လေတို့သည် တစ်ဝူးဝူးတိုက်လာပြီး ဖုန်များလည်း ထလာတော့သည်။  ကျွန်ုပ်လည်း ထိုမျှ အံဘနန်း ဖြစ်စဉ်ကို မည်ကဲ့သို့ ဖြစ်သည်ဟု ဝေခွဲမရဖြစ်နေစဉ်မှာပင် ဖုန်မှုန့်များကြားထဲမှ စုံတွဲ တစ်တွဲ ထွက်ပေါ်လာလေတော့သည်။  အမျိုးသမီးမှာ လိမ္မော်သီး ၂လုံးကို ဘယ်တစ်လုံး၊ ညာတစ်လုံး ကိုင်လျှက် ပါးစပ်ထဲတွင်လည်း လိမ္မော်သီးတစ်လုံးကို ၀ါးလျှက်ရှိသည်။  အမျိုးသားမှာကား အတန်ငယ်ထူးခြား၏။  နှုပ်ခမ်းမွှေးစစနှင့် ဥပဓိရုပ်ခန့်ငြားကာ လိမ္မော်သီးများကို တောင်းလိုက် ဘေးနားတွင် ချကာထား ဇနီးဖြစ်သူအား ပြုံးစိစိဖြင့် ကြည်၍နေလေသည်။  ကျွန်ုပ်လည်း ထိုမျှလောက်ထူးခြားသော စုံတွဲကို မမြင်ဖူးကား ဘေးနားရှိ သူကြီးမင်းကို လက်တို့ရလေတော့သည်။  ထိုအခါမှ သူကြီးမင်းက သြော်.. စုံထောက်ကြီးရယ် ညံပဗျာ… ဒီလောက် နာမည်ကြီးတဲ့ လိမ္မော်ကျွန်းက ကိုးဒေ၀ီ နဲ့ ဒါရိုက်တာ ရင် ကိုများ မသိဘူးလားဟု အငေါ်တူးလေတော့မှ သြော်…. ဟိုးတစ်လောကမှ လိမ္မော်သိုင်းကျင့်စဉ်ကြီးကို အဆုံးစွန်အထိပေါက်မြောက်အောင်မြင်ပြီး အောင်ပွဲခံတဲ့ အနေနဲ့ ဒန်ပေါက်ထမင်းစားခဲ့တဲ့ ကိုးဒေ၀ီနဲ့ လိမ္မော်သိုင်းကျမ်းကျင့်စဉ်ကြီးကို တီထွင်ခဲ့တဲ့  နှုပ်ခမ်းမွှေးစစနဲ့ ဒါရိုက်တာ ရင် တို့ဖြစ်ပေသကိုးဟု သိလိုက်ပေတော့သည်။  ဒါရိုက်တာရင်၏ ရိုက်ချက်မှာ ပြောင်မြောက်ရကား ကိုးဒေ၀ီ သည်ပင် လိမ္မော်သိုင်းကျင့်စဉ်ကြီးတွင် အတော်လေး အီစလန်ဝေအောင် ခံလိုက်ရသည်ဟု သူကြီးမင်းက မည်သူမျှ မကြားအောင် တိုးတိုးလေး ကပ်ပြောလေတော့သည်။


(စကားချပ် -  ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများအား ပျော်ရွှင်စေရန် ဟာသ အဖြစ် ရေးသားထားခြင်းဖြစ်ပါတယ်ခင်ဗျာ။  စိတ်ဆိုးတော် မမူကြပါရန်နှင့် အမိုက်အမဲကလေးများကို ခွင့်လွှတ်ပေးကြပါ....လို့ ကျွန်တော် AH မှအနူးအညွှတ် တောင်းပန်အပ်ပါတယ်။  ကျန်သော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမ များကိုလည်း နောင် အပိုင်း များကျတော့မှ ထည့်သွင်းရေးသားပါ့မယ်ခင်ဗျာ။  ဆက်လက် အားပေးတော်မူကြပါ။)

11 comments:

  1. ဘူများလဲလို့ ပါဆယ်ဂိုဏ်းချုပ်ကြီး ဆာအွတ်ထောင်ကိုး.ဒါနဲ့ ဆာကြီးရဲ့ အထုပ်သိုင်းကျမ့်စဉ် အောင်မြင်သွားတယ်ကြားလို့ ၀မ်းသာပါတယ်။ဆာကြီးရဲ့ ကတော် အထုပ်ဒေ၀ီ လီယဲ့ရော ကျန်းခန့်သာရဲ့လား..ခရီးဦးကြိုပြုတာ ပန်ပန်းသွားပြီ..တစ်ခွက် လက်ခံပါ ဂိုဏ်းချုပ်ကြီး...:D

    ReplyDelete
  2. သြော် ...... နဂါးနိုင်ဓား ထက်ရှည်မဲ့ ဇတ်လမ်း ထင်တယ် ....

    ReplyDelete
  3. ကိုကိုမောင်(ပန်းရနံ့)January 31, 2012 at 5:38 AM

    ဒီဆားပုလင်း လူတွေအကြောင်း တော်တော် သိနေပါလား။ ဒါကြောင့်မို့လဲ ဆားပုလင်းဆိုတဲ့ နာမည်ယူထားတာ ထင်ပါ့။
    သူ့ဇာတ်ကောင်နှင့်သူ့ဇာတ်ဆောင် ဟုတ်နေတာဘဲ။ ဒါနဲ့.. ဟို လိမ္မော်သိုင်းကျမ်းကျင့်စဉ် တူတူကျင့်ကြတဲ့ စုံတွဲနှင့် ဟိုမိုးဇက်ဆိုတဲ့ စောရကြီးကိုလဲ သတိထားရမယ်။ ဒီအမှုတွဲထဲမှာ စံပယ်တို့မောင်နှံတင်မကဘဲ သူတို့လဲ အလစ်သုတ်တဲ့အထဲမှာ ပါလောက်တယ်။
    ဒါမှမဟုတ် ဆားပုလင်းကြီးကိုယ်တိုင် စောရကြီးဖြစ်နေလေရော့သလား။ ဟား ဟား ဟား(အတွင်းအားခပ်ပြင်းပြင်းဖြင့် ရယ်မောခြင်း)။း)

    ReplyDelete
  4. စာရေးကောင်းပါ. အစ်ကိုရေ။

    ReplyDelete
  5. ကိုးဒေ၀ီတော့ မနေ့ကဘဲ ပိန်ဆေးတွေသောက်ပြီး မျော့နေလေရဲ့
    ဂိုဏ်းချုပ်ကြီးကိုအွတ်ထောင်ရေး)

    ReplyDelete
  6. တရုတ်သိုင်းကားတစ်ကားကြည့်သွားရသလိုပါပဲလား မောင်အောင်ထွဋ်ရေ။
    ဆားပုလင်းနှင်းမောင်နဲ့ဆားပုလင်းအောင်ထွဋ် ဘာတော်လဲဟင် :P
    နတ်ရုပ်ကြီးပိုင်ရှင်လက်ထဲကိုပြန်ရောက်မဲ့အချိန်ကို
    စိတ်ဝင်စားစွာစောင့်ဖတ်နေတယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. သဲလွန်စ စံပယ်တစ်ပွင့်ကို မရောင်းစားလိုက်နဲ့နော်
    ဟိ
    ဖတ်လို့ကောင်းလာပြီ ဆက်ရေးပါအုံး

    ReplyDelete
  8. ကားရီးယိုးလိုအပိုင်း၁၀၀ကျော်မယ်ထင်တယ်

    ReplyDelete
  9. အပိုင်းများလေကောင်းလေပဲဗျိုး...တဟိဟိနဲ့ရီပြီးပြန်ပြီ ငံပြာရည်ပုလင်းအွတ်ထောင်ရေ...(ငံပြာရည်ဆိုတော့ ဆားပုလင်းထက်ပိုကောင်းတယ်ဗျ....ချိုငံလေး..၊
    ချိုငံဆို ငိုပြန်ရကိုးဗျ.........:P)

    ReplyDelete
  10. ဂိုဏ်းတွေကွဲလာပြီ ဟဟဟ မမဂျက်စ်တို့ ဘယ်ဒိုးနေပါလိမ့် :P

    ReplyDelete
  11. express ဆိုဘဲ ရယ်လိုက်ရတာ. ကြံကြံဖန်ဖန်........
    အိမ်ကလေးကသပ်ရပ်သန်ရှုင်းနေတာဘဲဆိုတာတော့မှားတယ် အိမ်ရှင်းချိန်မရဘူး ဘောလ့နဲ့ဖဘနဲ့ အားရတယ်မရှီဘူး။

    ReplyDelete