စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, November 2, 2011

ကာမီကာဇေ ပုရွက်ဆိတ်


          ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေအသုံးပြုတဲ့ နည်းစနစ်တစ်ခုက “ကာမီကာဇေ” ပါ။  ကာမီကာဇေဆိုတာက တစ်ဘက်ရန်သူကို သေကျေ ပျက်စီးစေဖို့ မိမိအသက်ကို ပါ အဆုံးစီရင်တဲ့ နည်းစနစ်တစ်ခုပါ။ ဒါမျိုးဟာ လူ့အဖွဲ့အစည်းထဲမှာပဲ ရှိတယ်လို့ထင်ပါသလား။ 
          အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းက ပုရွက်ဆိတ်မျိုးစိတ်တစ်ခုမှာလည်း ဒီလို နည်းစနစ်ရှိပါတယ်တဲ့။  ဒါဟာ သူတို့ အသိုက်အမြုံကို လာရောက်ဖျက်ဆီးတဲ့ အခြားသော ကျူးကျော်သူ ပုရွက်ဆိတ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဝင်လို့ နောက်ဆုံးအချိန်ရောက်ရင် အဲ့ဒီပုရွက်ဆိတ်တွေဟာ ရန်သူပုရွက်ဆိတ်ကို ပူးကပ်ပြီးတော့ မိမိကိုယ်ကို အဆုံးစီရင်ရင်း ရန်သူပုရွက်ဆိတ်ကိုပါ သေစေပါသတဲ့။
          ဒီပုရွက်ဆိတ် မျိုးစိတ်ဟာ သူတို့ အဆုံးစီရင်တဲ့အခါမှာ သူတို့ရဲ့ကိုယ်ကနေပြီးတော့ အ၀ါရောင် စေးပြစ်တဲ့ အရည်တစ်မျိုးကို ထုတ်လွှတ်စေပြီး သူတို့ အသိုက်အမြုံကို တိုက်ခိုက်လာတဲ့ ရန်သူကိုပါ စေးကပ်စေကာ အတူတစ်ကွ သေဆုံးလေ့ရှိကြပါတယ်။  ဘယ်လ်ဂျီယံနိုင်ငံ လျူဗန်း ကက်သလစ် တက္ကသိုလ် (KUL) က ဂျိုဟန် ဘီလ်လန် နဲ့ သူ့အဖွဲ့တွေဟာ ဒီပုရွက်ဆိတ်မျိုးစိတ်ကို တွေ့ရှိခဲ့ပါတယ်။ 

          ပုံမှန်အားဖြင့် ပုရွက်ဆိတ်မျိုးစိတ်ပေါင်း ၁ သောင်းကျော်ဟာ သူတို့ရဲ့ မေးရိုး တစ်လျှောက်မှာရှိတဲ့ အရည်ထုတ်ပေးနိုင်တဲ့ အကြိတ်ကလေးတွေပါရှိပြီး လည်းကောင်း အကြိတ်ကလေးတွေကနေပြီးတော့ ဓာတုဗေဒ နည်းအားဖြင့် အရည်တွေကို ထုတ်လွှတ်ကာ သူတို့ရဲ့ ရန်သူတွေကို တိုက်ခိုက်လေ့ရှိပေမယ့် ဒီမျိုးစိတ် ပုရွက်ဆိတ်မှာတော့ မေးရိုးသာမက သူတို့ရဲ့ကိုယ်မှာပါ အရည်ထုတ်ပေးနိုင်တဲ့ အကြိတ်ကလေးတွေ ပါရှိနေတာပါ။ 
          ဒါဟာ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပုရွက်ဆိတ်အတွက် အလွန်ကို ခံစားရခက်စေနိုင်ပေမယ့် သူ့ရဲ့ မျိုးရိုးအတွက်တော့ ကာကွယ်ပေးနိုင်ပါတယ် လို့ ဂျိုဟန် ကဆိုပါတယ်။  ကိန်းဘရစ် တက္ကသိုလ်က ၀ီလီယမ် ဖော်စတာကလည်း ဒီအဆိုကိုထောက်ခံသွားပြီး “မျိုးရိုးအတွက် တိုက်ခိုက်ရင်း၊ အသိုက်အမြုံအတွက် အသေခံကြတဲ့ ပုရွက်ဆိတ်ကလေးတွေပါ” လို့ ဖြည့်စွက်ပြောကြားသွားပါတယ်။

Source : (Link)

No comments:

Post a Comment