စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, October 24, 2011

Borobudur သို့မဟုတ် ဂျာဗားကျွန်းက အမွေအနှစ်တစ်ခု


          ကျွန်တော် အခွင့်ကြုံရင် သွားချင်တဲ့ နေရာတစ်ခုပါ။  Borobudur အင်ဒိုနီးရှားအခေါ် ဘောရောဘုဒေါ လို့ခေါ်တဲ့ ကမ္ဘာ့အံဖွယ်နေရာ တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ ဗုဒစေတီတော်ကြီးဆီကိုပါ။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်မှာ တည်ရှိပါတယ်။  ကျွန်တော် ဒီနေ့မနက် ဘောရောဘုဒေါ အကြောင်းကို အလုပ်အတူလုပ်နေတဲ့ အင်ဒိုနီးရှား လူမျိုး Chief Enginner နဲ့ စကားစမြည်ပြောရင်း မေးဖြစ်ပါတယ်။  သွားသင့်တဲ့နေရာတစ်ခုဖြစ်ပြီး အံသြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတယ်လို့ဆိုပါတယ်။  အဲ့ဒီဒေသမှာ အင်ဒိုနီးရှား နိုင်ငံဘာသာစကားဖြစ်တဲ့ ဘဟာစာ စကားကို မပြောကြပဲ သူတို့ ကျွန်းစကား ဂျာဗား ဘာသာနဲ့  ပြောဆိုကြတယ်လို့ဆိုပါတယ်။  အဲ့ဒီကို ရောက်ရင် မျက်စေ့မှိတ်ပြီးတော့ လက်နဲ့ စေတီတော်ကို ထိပြီး လမ်းလျှောက်ပါတဲ့ အဲဒီအချိန်မှာ အခြားတစ်ဘက်က မိန်းကလေးကလည်း အဲ့ဒီလို မျက်စေ့မှိတ်ပြီးတော့ လမ်းလျှောက်ရင်း လက်နှစ်ခု ထိမိရင် ဒါဟာ ဖူးစာရှင်ဖြစ်ပြီး အိမ်ထောင်ပြုကြတယ်လို့ ဆိုပါတယ်။  ကျွန်တော်ရောက်ရင်တော့ ဒီလို လုပ်လို့မဖြစ်ပါဘူး။  အိမ်က ရှု့မငြီးက ဓားနဲ့ လိုက်ခုတ်မယ်နဲ့ တူတယ်။  ဘောရောဘုဒေါ စေတီတော်ကြီးရဲ့ အနီးအနားမှာလည်း များစွာသော ဘုရား ပုထိုးတွေ ရှိနေပါသေးတယ်တဲ့။  ဥပမာ မန်ဒတ်တို့ ပ၀မ်တို့ ဒေသတွေမှာပါ။  တစ်ချိန်က ဗုဒ ဘာသာထွန်းကားခဲ့တဲ့ ကျွန်းကြီး တစ်ကျွန်း ဖြစ်ပါတယ်။




          ဘောရောဘုဒေါ အကြောင်းကို အင်တာနက်ကနေ သိသလောက် အကျဉ်းချုံးပြီး တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။  ဒီစေတီတော်ကြီးကို အေဒီ ၈ရာစုနှင့် ၉ရာစုမှာ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။  ဒီစေတီတော်ကြီးကို ၃ ဆင့်တည်ဆောက်ထားပါတယ်။  ပထမဆင့်ကတော့ လေးထောင်ပုံစံ တည်ထားတာပါ။  အဆိုပါ ပထမအဆင့်မှာ လေးထောင့်ပုံ အဆင့် ၅ ဆင့်ပါဝင်ပါတယ်။  ဒုတိယ အဆင့်ကတော့ စက်ဝိုင်းပုံစံ တည်ထားတာပါ။  အဆိုပါအဆင့်မှာတော့ စက်ဝိုင်းပုံ ပတ်လမ်း ၃ ခုပါဝင်ပြီး  တတိယအဆင့်ကတော့ စေတီတော်ဖြစ်ပါတယ်။  ပရ၀န်စုစုပေါင် စတုရန်းမီတာ ၂၅၀၀ ကျယ်ဝန်းပါတယ်။  ဒုတိယအဆင် စက်ဝိုင်းပုံ ပတ်လမ်းမှာတော့ စေတီငယ်ပေါင်း ၇၂ ဆူရှိပြီး တစ်ခုချင်းစီးမှာ  မြတ်စွားဘုရား ဆင်းတုတော် တစ်ဆူစီရှိပါတယ်။  ၁၉၇၀မှာတော့ ဆင်းတုတော်တွေကို ယူနက်စကို အဖွဲ့ကြီးရဲ့ အကူအညီနဲ့ ပြန်လည် တည်ထားပေးခဲ့ပါတယ်။
          ဒီ ဘောရောဘုဒါ စေတီတော်ကြီးကို စေလင်ဒရ တိုင်းပြည်ထူထောင်ချိန်က တည်ဆောက်ခဲ့တယ်လို့ ယူဆရပါတယ်။  တည်ဆောက်ချိန် ၇၅နှစ်လောက် အချိန်ယူတည်ဆောက်ခဲ့ရပြီး မြတ်စွာဘုရားကို ကြည်ညိုတဲ့အတွက်ရော ဘုရင်မင်းမြတ်ကို ချီးမြှင့်တဲ့အနေနဲ့ရော တည်ဆောက်ခဲ့ပါတယ်။  သက္ကရာဇ် ၈၂၅ မှာတော့ တည်ဆောက်ပြီးစီးခဲ့ပါတယ်။  ဒါဟာ အန်ကောဝပ်ကျောင်းတော်ကြီး တည်ဆောက်ပြီးစီးတာထက် နှစ်ပေါင်း ၄၀၀ ကျော်လောက် စောပါတယ်။  Borobudur ဆိုတဲ့ အမည်နာမဟာ ဆန်စကရစ် ဘာသာစကားက ပေါက်ဖွားလာတာဖြစ်ပြီး “ဗြဟရ ဗုဒ ဟာ(vihara Budda uhr)”လို့ ခေါ်ဆိုပါတယ်။  အဓိပ္ပာယ်ကတော့ တောင်ကုန်းပေါ်မှာတည်ရှိတဲ့ ဗုဒ ကျောင်းတော်လို့ မည်ပါတယ်။ 
          ဒီ စေတီတော်ကြီးဟာ ၁၈ ရာစုအထိ တည်ရှိခဲ့တယ်လို့ ကမ္ဘာက မသိရှိခဲပဲ တိမ်မြုတ်ပျောက်ကွယ် နေခဲ့တာပါ။  အန်ကလို ဒက်ခ်ျ ဂျာဗား စစ်ပွဲ တွေဖြစ်တဲ့အချိန်မှာ ဂျာဗားကျွန်းဟာ အင်္ဂလိပ်လက်အောက် ၁၈၁၁ ကနေ ၁၈၁၆ အတွင်းကာလမှာ ကျွန်းအုပ်ချုပ်သူ ဗိုလ်ချုပ် သောမတ် စတမ်ဖိုဒ် ရက်ဖဲ ကနေပြီးတော့ ၁၈၁၄ မှာ ဒီ စေတီတော်ကြီးကို စတင်တွေ့ရှိခဲ့ပါတယ်။  သူကိယ်တိုင် သေချာမလေ့လာနိုင်ခဲ့တဲ့အတွက် ဒက်ခ်ျလူမျိုး အင်ဂျင်နီယာ H.C. Cornelius ကို စေလွှတ်ပြီး စုံစမ်းစေခဲ့ပါတယ်။  ချုံနွယ်ပိတ်ပေါင်းတွေရှင်းလင်းပြီး တဲ့အချိန်မှာ ပျက်စီးယိုယွင်းနေတဲ့ ဒီစေတီတော်ကြီးကို ပုံဆွဲပြီးတော့သာ ပေးပို့နိုင်ခဲ့ပါတယ်။  ဒီကနေ တစ်စ တစ်စ ကမ္ဘာက သိရှိလာခဲ့ရတာပါ။ 
          ဘာကြောင့် ဒီစေတီတော်ကြီးကို ရှေးလူတွေ စွန့်ခွာခဲ့ရတာလည်းဆိုတာကတော့ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ခုသဖွယ်ဖြစ်ပါတယ်။  ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းပြချက်ကတော့ သက္ကရာဇ် ၉၂၈ မှ ၁၀၀၆ အတွင်း မီးတောင်ပေါက်ကွဲမှု့တွေကြောင့် ဘုရင် မပူး ဆင်ဒုခ် ဟာ မီဒန်နိုင်ငံကို ဂျားဗားကျွန်းအရှေ့ဖက်ကို ပြောင်းရွှေ့တည်ထားရာက အစပြုတယ်လို့ ယူဆကြပါတယ်။
          ဒီစေတီတော်ကြီးမှာ စုစုပေါင်း အနုပညာလက်ရာပေါင်း ၂၆၇၀ လောက်ရှိတယ်လို့ ဆိုပါတယ်။  ဒီမှာ ရာဇ၀င်အကြောင်းတွေကို ဖော်ပြတဲ့ အနုပညာလက်ရာတွေလည်းပါဝင်ပါတယ်။  ဒီလို ထူးဆန်းမှု့တွေနဲ့ ပြည်နှက်နေတဲ့ ဘောရောဘုဒါ စေတီကြီးဆီကို တစ်ခေါက်လောက်တော့ ရောက်အောင်သွားမယ်လို့ အားခဲ့ထားပါတယ်။  အသေးစိတ်လေ့လာချင်ရင်တော့ အောက်က လင့်မှာ သွားရောက် ဖတ်ရှု့လေ့လာနိုင်ပါပြီ ခင်ဗျာ။






















          Ref : (WikipediaUNESCO)

8 comments:

  1. သွားရင်လဲအသိပေးနော်
    အိမ်ကလူကြီးပါခေါ်ပြီးသွားရအောင်သူငယ်ချင်းတွေပျော်ပျော်ပါးပါးပေါ့
    ဂျက်လဲကြားဖူးတယ်...သွားချင်နေတာ..ဗီဇာလွယ်တယ်
    မအားလို့သာနော်...

    ReplyDelete
  2. ဟုတ်ပ မဂျက်စ်ရေ.... ကျွန်တော်မေးကြည့်တယ် ဂျာကာတာ၊ ဘာလီကျွန် ပြီးတော့ ဘောရောဘုဒါ ၃ နေရာလောက်ကို တစ်ယောက် ၁၀၀၀ လောက်ပဲ ကုန်မယ်ပြောတယ်။ ဒီနှစ်ကုန် မြန်မာပြည်လည်းပြန်ချင်တယ်.. တစ်နေရာရာလည်း သွားချင်တယ်.... မြန်မာပြည်ပြန်ဖြစ်ဖို့ များမယ်နဲ့ တူပါတယ်... :( ဘောရောဘုဒါ တော့ ရောက်အောင်သွားမယ် ဒီနှစ်မဟုတ်ရင် နောက်နှစ်ပေါ့ :)

    ReplyDelete
  3. သွားပြီးအဲလိုလုပ်ကြည့်လိုက်ရင်ကောင်းမယ် ဟိဟိး)

    ကိုရင်ကိုတော့ရှင်မျက်စိဖွင့်လျှောက်လို့
    ကျုပ်ကတော့မှိတ်လျှောက်မယ်လို့ ဟဲဟဲး)

    ReplyDelete
  4. တော်ကြာ မျက်စေ့မှိတ်လျှောက်ပြီး အဘိုးကြီးနဲ့ လက်ချင်းထိမိရင် ဒုက္ခ :P

    ReplyDelete
  5. ၇ခိုင်ဘု၇ားတွေနဲ့  ပုံစံတူတယ်နော်။

    ReplyDelete
  6. အာ မျက်လုံးမှိတ်ပြီး လျှောက်လို့မဖြစ်ပါဘူး.. တော်ကြာ အဖိုးကြီးနဲ့တိုးရင် ဒုက္ခ။
    ရှေးဟောင်းဘုရားဆိုတော့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေမှာ သေချာပါတယ်။။။
    သွားချင်ပါတယ်။။ ဘုရားဖူးဖို့ လေ့လာဖို့ပေါ့
    မျက်စိမှိတ်ပြီး လမ်းလျှောက်ဖို့တော့ မဟုတ်ပါး)

    ReplyDelete
  7. သွားချင်တဲ့နေရာတခုပေါ့ဗျာ
    တီဗွီချယ်နယ်တခုမှလာဖူးကတည်းက စိတ်ပိုဝင်စားမိတယ်
    အန်ကောဝပ်ကျောင်းကြီးဆီလည်းသွားချင်မိတယ်

    မောင်ဘကြိုင်

    ReplyDelete
  8. စေတီအထက်ပိုင်းရေဆင်းဖို့ပြင်ဆင်နေတဲ့အတွက် အခုဆိုမျက်စိမှိတ်လမ်းလျှောက်သွားလို့ မဖြစ်နိုင်သေးဘူးထင်တယ်
    ဒေသခံတွေဆီကကြားဖူးတာတော့ စေတီထဲကဘုရားအဆူရဲ့လက်ကိုမိမိလက်နဲ့ထိကိုင်နိုင်ခဲ့ရင် လိုရာဆုကိုပြည့်တယ်လို့ဆိုပါတယ်
    ခြေထောက်ချထားတဲ့ ရုပ်ပွားတော်က (အောက်ကစရေတွက်ရင် ကိုးပုံမြောက်ပါ) အဲ့ဒီဘုရားကမဟုတ်ပါဘူး..

    ReplyDelete