စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, June 18, 2012

ရာဇ၀င်ထဲက ခွေးသူရဲကောင်းများ


          သခင့်ကို သစ္စာစောင့်သိတာ၊ သခင်ကို ဘယ်တော့မှ သစ္စာမဖောက်တာ၊ အနွံအတာခံတာ ဘယ်သူလဲလို့ လက်ညှိုးထိုးပြရမယ်ဆိုရင် သုနက္ခော ခွေးကလေးတွေကိုသာ လက်ညှိုးထိုးရမှာပါ။  ရာဇ၀င်ထဲမှာလည်း သူတို့လေးတွေရဲ့ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂုဏ်ပြုခံခဲ့ရတဲ့ ခွေးလေးတွေ မနည်းလှပါဘူး။  ဒီထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တပ်ကြပ်ကြီး စတက်ဘီ 
          စတက်ဘီကတော့ သမိုင်းတစ်လျှောက်လုံးမှာ ဂုဏ်ပြုတံဆိပ်တွေ အများဆုံးရရှိခဲ့တဲ့ ခွေးစစ်သားလေးပါ။  ဂုဏ်ပြုခံရတာမှ တပ်ကြပ်ကြီးရာထူးအထိကို သူ့ကို ချီးမြှင့်ခဲ့တာ။  ဒီလိုမျိုး ခွေးထဲမှာ တပ်ကြပ်ကြီး ရာထူး ရခဲ့တာ သူတစ်ကောင်ပဲ ရှိတယ်။  စတက်ဘီဟာ ခွေးဘီလူးနဲ့ တယ်ရီယာ စပ်ထားတဲ့ခွေးကလေးပါ။  အသံကျယ်ကျယ်နဲ့ ဟောင်တတ်တဲ့ ခွေးကလေးပေါ့။  စတက်ဘီ ခွေးစစ်သားဖြစ်လာပုံကလည်း အဆန်းသား။  သူ့ သခင်ဘယ်သူလည်း၊ သူဘယ်ကလာသလဲ ဘယ်သူမှ မသိပါဘူး။  တစ်နေ့တော့ New Haven က ယေးလ်စစ်လေ့ကျင့်ကွင်းမှာ စစ်သားတွေ စစ်ရေးလေ့ကျင့်နေတုန်း စတက်ဘီတစ်ကောင် လေ့ကျင့်ရေးကွင်းထဲဝင်လာပြီးတော့ ဟိုစပ်စပ်၊  ဒီစပ်စပ်နဲ့ လေ့ကျင့်ရေးကွင်းထဲက ရာထူးအဆင့်မရွေး စစ်သည်တွေအားလုံးနဲ့ မိတ်ဖွဲ့ပြီး နောက်ပိုင်းတော့ စစ်သည်တွေရဲ့ အချစ်တော် ဖြစ်လာပါတယ်။  ဒီလိုနဲ့ စစ်သည်တွေ စစ်မြေပြင်ထွက်တော့ ရောဘတ် ကွန်ရွိုင်း ဆိုတဲ့ တပ်ကြပ်တစ်ယောက်က စတက်ဘီကို သင်္ဘောပေါ်ကို ၀ှက်ပြီး တင်ဆောင်ခဲ့တာပါ။  ဒီလိုနဲ့ စတက်ဘီဟာ အမေရိကန်ရဲ့ ပထမဆုံး ခွေးစစ်သည် ဖြစ်လာခဲ့ပါတယ်။ 
          စတပ်ဘီဟာ အမေရိကန်စစ်တပ်ရဲ့ ခြေမြန်တပ်ရင် ၁၀၂ မှာ စစ်မှု့ထမ်းခဲ့တာပါ။  သူဟာ စစ်ပွဲပေါင်း ၁၇ ပွဲကို ၁၈ လာတာ ဆင်နွဲခဲ့တဲ့ အာဂခွေးပါ။  သူ့ရဲ့ ပထမဆုံး စစ်ပွဲကတော့ ၁၉၁၈ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ ပြင်သစ်စစ်မြေပြင် Chemin des Dames စစ်ပွဲဖြစ်ပါတယ်။  စစ်ပွဲဟာ နေ့ရော၊ ညရော မနားပဲ တစ်လကျော်ကြာဖြစ်ခဲ့တဲ့ စစ်ပွဲတစ်ပွဲဖြစ်ပါတယ်။  စစ်ပွဲတွေနဲ့ ရင်းနှီလာခဲ့တဲ့ စတက်ဘီဟာ သူ့စစ်သည်တွေကို အဆိပ်ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်မှု့တွေရှိခဲ့ရင် အချက်ပေးခဲ့ပါတယ်။  စစ်မြေပြင် စစ်ပွဲပြီးသွားရင်လည်း ဒဏ်ရာရပြီး လဲကျနေတဲ့ စစ်သည်တွေကို စတက်ဘီက နေရာရှာဖွေပေးခဲ့ပါတယ်။  နောက်ပြီးတော့ ရန်သူ စစ်တပ်ကြီး ရွှေ့လျှားလာတာကိုလည်း စစ်သည်တွေ မကြားခင်မှာပဲ စတက်ဘီက ကြားနိုင်ပါတယ်။  အာဂွန်နီစစ်ပွဲမှာတော့ စတက်ဘီဟာ ဂျာမနီ စပိုင်တွေကို အထိက ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ခွေးကလေးပါ။ 

          ၁၉၁၈ ဧပြီလမှတော့ စတက်ဘီတစ်ယောက် ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရခဲ့ပါတယ်။  တပ်ဆုတ်ပြေးတဲ့ ဂျာမနီစစ်သည်တစ်ယောက် ပစ်လိုက်တဲ့ လက်ပစ်ဗုံးကြောင့် စတက်ဘီရဲ့ ရှေခြေထောက်မှာ ဒဏ်ရာရခဲ့ပါတယ်။  သူ့ကို နောက်တန်းကို ပြန်ပို့ခဲ့ပြီးတော့ ကုသပေးခဲ့ပါတယ်။  ဒဏ်ရာက ပြန်ကောင်းတော့ စတက်ဘီတစ်ယောက် ရှေ့တန်းကို ပြန်သွားတာပါပဲ။  စတက်ဘီဟာ အမေရိကန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ပါပဲ။   ပြင်သစ်စစ်မျက်နှာပြင်ကနေ ပြန်ရောက်လာတဲ့ စတက်ဘီကို အမေရိကန်က အမျိုးသမီးကြီးတစ်ယောက်က အကျီင်္ချုပ်ပေးခဲ့ပါတယ်။   အဲ့ဒီအကျီင်္ပေါ်မှာ သူ့အတွက် ဂုဏ်ပြုတဲ့ ဆုတံဆိပ်တွေအားလုံးကို ချိတ်ဆွဲပေးခဲ့ပါတယ်။  ပဲရစ်မှာတုန်းက တပ်ကြပ် ကွန်ရိုးနဲ့အတူ စတက်ဘီက ကလေးမလေးတစ်ယောက် ကားတိုက်ခံရမယ့်အဖြစ်ကနေလည်း ကယ်တင်ခဲ့ပါသေးတယ်။  စစ်ကြီးပြီးတော့ ကွန်ရိုးဟာ စတက်ဘီကို သူ့အိမ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
          စစ်ပြီးတော့ စတက်ဘီဟာ ပြည်သူ့အချစ်တော် ခွေးကလေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။  စစ်ရေးပြအခမ်းအနားတွေမှာလည်း သူမပါရင် မပြီးသလိုပါပဲ။  ဒီခွေးကလေးကို အမေရိကန် သမ္မတ ၀ီဒရိုး ၀ီလ်ဆင်၊ ကယ်လ်ဗင် ကိုလိုက်၊ ၀ါရန် ဂျီ ဟာဒင်းတို့ကလည်း တွေ့ဆုံခဲ့ကြပါတယ်။  တစက်ဘီဆိုတဲ့ခွေးကလေးကို အမေရိကန် စစ်တပ်ရဲ့ American Legion၊ ကြက်ခြေနီအဖွဲ့အစည်း၊ YMCA (Young Men’s Christian Association) အသင်းတို့က ရာသက်ပန် အသင်းဝင်အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။  ၁၉၂၁ခုနှစ်မှာ သူ့ရဲ့ နိုင်ငံအတွက်စွမ်းဆောင်မှု့တွေအတွက် Humane Education Society အဖွဲ့ကနေ ရွှေတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။  စတက်ဘီကို အမေရိကန် ပထမကမ္ဘာစစ်ရဲ့ ဂုဏ်ပြုသူများ တံတိုင်းမှာ သူ့နာမည်နဲ့ အုတ်တစ်ချပ်ရေးထိုးကာ ဂုဏ်ပြုခဲ့ပါတယ်။  စတက်ဘီဟာ ၁၉၂၆ခုနှစ်မှာ ကွန်ရိုးရဲ့ လက်ပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။  သေဆုံးတဲ့အချိန်မှာ စတက်ဘီရဲ့အသက်ဟာ ၉နှစ် ဒါမှမဟုတ် ၁၀နှစ်လို့ ခန့်မှန်းကြပါတယ်။  

ဒီနေ့ အလုပ် အတန်ငယ်ရှုပ်နေလို့ စတက်ဘီ အကြောင်းပဲ ဖော်ပြပေးပါရစေ။  နောက်နေ့တွေ ကျတော့မှပဲ ခွေးဇာတ် ထပ်ခင်းပါရစေ ခင်ဗျာ....

Source : (Link)


8 comments:

  1. ခွေးဇာတ် ကိုတော့ စိတ်ဝင်စားသွားပြီး ....နောင်တော် ...
    နောက်နေ့ တွေမှာ မျှော်နေမယ်နော် ... ။

    ReplyDelete
  2. နောက်နေ့ခင်းမဲ့ ဇာတ်ကိုလဲစိတ်ဝင်စားစွာစောင့်နေပါတယ်

    ReplyDelete
  3. ကိုကိုမောင်(ပန်းရနံ့)June 19, 2012 at 12:06 AM

    ဓါတ်ပုံထဲမှာတောင် ခပ်မော့မော့နဲ့ စတိုင်လ်ကျတယ်။
    ခွေးမတွေအလယ်မှာ အရမ်းစန်းပွင့်မဲ့ ရုပ်ရည်မျိုး။း)

    ReplyDelete
  4. ဟန်ကြည်June 19, 2012 at 4:43 AM

    ကမ္ဘာစစ်မှတ်တမ်းနံရံမှာပါ ကမ္ပည်းတင်ခံရအောင် စွမ်းတာကို လေးစားသဗျာ...တကယ့်သတ္တိခဲခွေးပဲကိုး...ဖတ်ရင်းနဲ့ စိတ်ဝင်စားလွန်းလို့ ဆက်စပ်ရာရာလေးတွေပါ လိုက်ရှာပြီး ဖတ်ဖြစ်လိုက်သေးတယ်...ကိုင်း ကိုအောင်ထွဋ်ရေ နောက်တစ်ကောင်အကြောင်း သိပ်မကြာကြေးဗျား...

    စကားမစပ် အထက်က လူပြိုကြီးကလည်း တွေးလိုက်မှဖြင့် တည့်ချည်းပဲး)

    ReplyDelete
  5. သုခနော မဟုတ်ပါဘူး ကိုယ့်ဆရာရဲ့.... သုနက္ခော ပါ ဗျ... ပါဠိ လို သုနက္ခ = ခွေး ဂေါဏ =နွား.. မူသိက = ကြွက်..

    ReplyDelete
  6. ကျေးဇူးပါ ဆရာ... ကျွန်တော်ပြင်လိုက်ပါပြီ။

    ReplyDelete
  7. ခွေးသူရဲကောင်းအကြောင်း လာဖတ်သွားပါတယ် .. အာဂခွေးပေပဲ

    ReplyDelete
  8. ကျွန်တော်လည်း ခွေးချစ်သူပဲဗျ....၊ဆက်ခင်းဗျာ....ကိုအွတ်ထောင်ရဲ့အဲဒီဇာတ်ကြီးကို....:))))။ အကြီးကြီးအားပေးနေတယ်.....။

    ReplyDelete