စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, June 26, 2012

ထာဝရ ရှင်သန်နေတဲ့ ဆဲလ် (သို့မဟုတ်) Hela’s immortal cell

          သက်ရှိသတ္တ၀ါတွေမှာတော့ ဖြစ်ခြင်း၊ ပျက်ခြင်းနဲ့ ကင်းကွာနေတာမဟုတ်ပါဘူး။  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု့ကစလို့ ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေတဲ့ ဆဲလ်တွေပါ အချိန်တိုင်း စက္ကန့်မလပ် အသစ် အသစ်တွေဖြစ်ပေါ်လာလိုက်၊ ချုပ်ငြိမ်းသွားလိုက်နဲ့ ကျွန်တော်တို့ မသိလိုက်တဲ့၊ သတိမထားလိုက်မိတဲ့ အချိန်တွေမှာပဲ ဖြစ်၊ပျက်တွေ မြောက်မြားစွာဖြစ်ပေါ်ခဲ့ ဖြစ်ပေါ်နေဆဲပါပဲ။  အဘိဓမ္မာတရားနဲ့ ယှဉ်ထိုးပြီး ကြည့်ရင် စက္ကန့်မလပ် ဖြစ်ပျက်တာတွေ မြင်နိုင်ပေမယ့် ပုထုဇဉ်ဖြစ်တဲ့ ကျွန်တော်တို့ကတော့ အ၀ိဇ္ဇာဆိုတဲ့ မသိမှု့၊ တဏှာဆိုတဲ့ စွဲလမ်းမှု့တွေ အောက်မှာ နစ်မြုပ်နေကြဆဲပေါ့လေ။  ဒီတော့ ကျွန်တော်တို့တွေဟာ အိုကြ၊ နာကြ၊ သေကြ။  အိုခြင်းဆိုတာကလည်း အသစ် အသစ်ဖြစ်လာတဲ့ ဆဲလ်တွေဟာ အရင့် အရင်ဖြစ်ခဲ့တဲ့ ဆဲလ်တွေရဲ့ အရည်အတွက်နောက်ကို မလိုက်နိုင်တော့တဲ့ အချိန်မှာ လူတွေဟာ အိုမင်းလာကြတယ်။ 
          နောက်ပိုင်း ခေတ်သစ် သိပ္ပံပညာ၊ ဆေးပညာတွေ တိုးတက်လာတဲ့ အခါမှာတော့ သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းတွေမှာ ဆဲလ်တွေရဲ့ သဘောသဘာဝကို လေ့လာခဲ့ကြပါတယ်။  ဆဲလ်တွေ ဘယ်လို အလုပ်လုပ်လဲ? ဒီကနေပြီးတော့ ရောဂါတွေကို ဘယ်လိုပုံစံနဲ့ ကုသနိုင်သလည်း ဒါတွေကို လေ့လာခဲ့ကြပါတယ်။  ဒီအတွက် သူတို့လိုအပ်တာဟာ အသစ် အသစ် အဖြစ်ထပ်မံရှင်သန်ပေါက်ဖွားနိုင်တဲ့ ဆဲလ် တစ်နည်းအားဖြင့် (Immortalized Cell line) ကိုလိုအပ်တာပါ။  ဒါမှလည်း ဆဲလ်တန်းတစ်ခုရဲ့ တည်ရှိမှု့၊ ပြောင်းလဲမှု့ ဒါတွေကို စဉ်ဆက်မပြတ် လေ့လာနိုင်မှာပါ။  ဒီအတွက် သိပ္ပံပညာရှင်တွေဟာ Immortalized cell line ကို ရှာဖွေကြတယ်၊ ဖန်တီးကြတယ် ဒါပေမယ့် ၁၉၅၁ ခုနှစ်အထိ မအောင်မြင်ခဲ့ကြပါဘူး။  ဒါပေမယ့် ၁၉၅၁ ခုနှစ်မှာတော့ ထာဝရရှင်သန်နိုင်တဲ့ ဆဲလ်တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ကြပါတယ်။  ဒါဟာ HeLa ရဲ့ ထာဝရ ရှင်သန်နေမယ့် ဆဲလ် ဖြစ်ပါတယ်။

HeLa's Cell Line
          HeLa ဆိုတာက Henrietta Lacks ဆိုတဲ့ နာမည်နှစ်ခုရဲ့ ရှေ့ဆုံး ၂ လုံးစီကို ယူပြီးတော့ အမည်ပေးထားခြင်းဖြစ်ပါတယ်။  ဒီတော့ Henrietta Lacks ဆိုတာ ဘယ်သူလဲ?  သူဟာ ထာဝရ ရှင်သန်နေနိုင်မယ့် ဆဲလ်ကို ရှာဖွေတွေ့ရှိခဲ့သူလား? ဒါမှမဟုတ် တီထွင်ခဲ့တဲ့လူလား?  မဟုတ်ပါဘူး  Henrietta Lacks ဆိုတာက အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားတောင်ပိုင်းက ဆေးရွက်ကြီး စိုက်ပျိုးတဲ့ ပုံမှန် လူတန်းစား လူမဲ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။  ဒီတော့ သူမဟာ ဘယ်လိုများ ထာဝရရှင်သန်နေမယ့် ဆဲလ်တစ်ခုကို ဖန်တီးခဲ့တာလဲ? သူမ အသက် ၃၀ အရွယ်မှာ သားအိမ်ခေါင်း ကင်ဆာရောဂါခံစားခဲ့ရပြီး ဒီရောဂါနဲ့ပဲ သူမဟာ ကွယ်လွန်သွားခဲ့ပါတယ်။  သူမ သားအိမ်ခေါင်းကင်ဆာရောဂါခံစားနေရချိန်အတွင်းမှာ သူမရဲ့ သားအိမ်ခေါင်းကနေပြီးတော့ ကင်ဆာဖြစ်နေတဲ့ အသားစရယ်၊ ရိုးရိုးအသားစရယ်ကို နမူနာအဖြစ် သူမ မသိရှိပဲ ဆရာဝန်တွေက ခွဲစိတ်ယူဆောင်ခဲ့ပါတယ်။  ဒီအသားစ နမူနာကို ဂျော့ရှ်အော့တို ဂိုင်း ဆိုတဲ့ ဓာတ်ခွဲရှာဖွေသူ ဇီဝဗေဒ ပညာရှင်တစ်ယောက်ကို ပေးပို့ခဲ့ပါတယ်။  ဂျော့ရှ်ဟာ Henrietta ရဲ့ ဆဲလ်ကို တွေ့ရှိတဲ့အခါမှာတော့ မယုံနိုင်လောက်ကို အံအားသင့်ခဲ့ရပါတယ်။  အခြားသော ဆဲလ်တွေဟာ လူ့ခန္ဓာကိုယ်ထဲက ထုတ်ယူပြီး အချိန်အနည်းငယ်အတွင်းမှာ သေဆုံးသွားလေ့ရှိပေမယ့် ဟန်ရီယက်တာရဲ့ ဆဲလ်ကတော့ ရှင်သန်ပြီး ကြီးထွားလာလို့ပါပဲ။  ဒီလိုနဲ့ ဂျော့ရှ်ဟာ ဒီဆဲလ်ရဲ့ နာမည်ကို HeLa လို့နာမည်ပေးလိုက်ပါတယ်။  HeLa immortal cells ဟာ အချိန်အနည်းငယ်အတွင်းမှာပဲ မြောက်မြားစွာ ပွားယူခဲ့ကြပါတယ်။  တကမ္ဘာလုံးက ဓာတ်ခွဲခန်းနှင့် ဆေးသိပ္ပံပညာရှင်တွေထံကို ပေးပို့ပြီးတော့ ကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှု့ရောဂါ (AIDS)၊ ဓာတ်ရောင်ခြည်သင့်မှု့များ၊ အဆိပ်သင့်စေသော အရာဝတ္တုများ၊ မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှု့တွေ စသည်အားဖြင့် မြောက်မြားလှစွာသော သိပ္ပံပညာစမ်းသပ်မှု့တွေကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။  ယနေ့ဆိုရင် သိပ္ပံပညာရှင်တွေဟာ သူမရဲ့ ဆဲလ်ပေါင်း အလေးချိန်အားဖြင့် တန် ၂၀ ကျော်ကို ပွားများခဲ့ကြပြီးပါပြီ။
          သူမဟာ အသက် ၃၀ အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပေမယ့် သူမရဲ့ ထူးခြားတဲ့ ဆဲလ်ကြောင့် ဆေးပညာ၊ သိပ္ပံပညာ၊ မျိုးရိုးဗီဇ ဘာသာရပ်တွေမှာ သူမကြောင့် များစွာ တိုးတက်ခဲ့ရပါတယ်။  ၁၉၉၆ ခုနှစ်မှာတော့ ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က Morehouse School of Medicine နဲ့ အတ္တလန်တာ မြို့တော်ဝန်တို့ဟာ Henrietta Lack ရဲ့ ကျန်ရစ်သူ မိသားစုတွေကို သူမရဲ့ ကွန်လွန်သွားသည့်တိုင်အောင် ဆေးပညာလောက၊ ကျန်းမာရေးဆိုင်ရာ သုသေသတလုပ်ငန်းတွေ အတွက် အသုံးဝင်လှတဲ့ Immortal cells ကို မျိုးစေ့ ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။  ၂၀၁၁ မှာတော့ Morgan State University ကနေပြီးတော့ သူမအတွက် ကွယ်လွန်သွားပေမယ့် စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့တဲ့ ဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။  ၂၀၁၁ စက်တင်ဘာ ၁၄မှာတော့ ၀ါရှင်တန် Evergreen School District ၁၁၄ က ဒါရိုက်တာ အဖွဲ့ဝင်တွေဟာ သူတို့ အသစ်ဖွင့်မယ့် ကျန်းမာရေးနှင့် ဇီဝသိပ္ပံကျောင်းကို သူမကို ရည်စူးလို့ သူမနာမည်ပေးခဲ့ကြပါတယ်။  ဒီကျောင်းကိုတော့ ၂၀၁၃မှာ ဖွင့်နိုင်ပါလိမ့်မယ်။

HeLa ဆိုတဲ့ ထာဝရှင်သန်နိုင်တဲ့ ဆဲလ်ကို ရှာဖွေတွေ့ရှိခဲ့သူ ဂျော့ရှ် အော့တို ဂိုင်း

            Wikipedia - HeLa
            


4 comments:

  1. စိတ်ဝင်စားစရာလေးပါ... ဒါပေမယ့် ထာဝရဆိုတဲ့ စကားလုံးလေးကိုတော့ သံသယ၀င်မိတယ်...း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. အားပါး...ရေးအားကောင်းလှချေလား ကိုအောင်ထွဋ်ရေ...

    လိုက်ဖတ်တဲ့လူတောင် အကြိတ်အနယ် လိုက်ဖတ်ယူရတယ်...ဒီပို့စ်မှာ ရေးထားတဲ့ ကိစ္စကို တစ်ခါမှ မကြားဖူးဘူးဗျာ...ထာဝရ ရှင်သန်တယ်လို့ ပြောဖို့ကျတော့လည်း ခက်တယ်ဗျ...အချိန်က စကားပြောရအောင်ကလည်း သူ့ဟာကို စောင့်ကြေည့်ဖို့ ကိုယ့်အသက်နဲ့ သိပ်မလောက်ပြန်ဘူး...ကျွန်တော်က ဆေးလောကနဲ့ကလည်း ခပ်ကွာကွာ ဖြစ်နေတာ အတော်ကြာပြီဆိုတော့လည်း မဝေဖန်ရဲတော့ဘူးလေ...ကျောင်းကစာတွေ ကျောင်းပြန်သွားကြပြီ ဟဲ ဟဲ...

    ReplyDelete
  3. inmortal ဆိုတာကျနော်သိသလောက်သဘာဝအလျောက်ပျက်စီးခြင်းကင်းတာကိုပြောတာဖြစ်ပါလိမ့်မယ် ပြင်ပပရောဂပါရင်တော်ပျက်စီးရင်စီးမှာပေါ့ :)

    ReplyDelete
  4. inmortal ဆိုတာကျနော်သိသလောက်သဘာဝအလျောက်ပျက်စီးခြင်းကင်းတာကိုပြောတာဖြစ်ပါလိမ့်မယ် ပြင်ပပရောဂပါရင်တော်ပျက်စီးရင်စီးမှာပေါ့ :)

    ReplyDelete