စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, October 11, 2012

ရှန်ဟိုင်း အပိုင်းအစ ၁


                    ဘာမှထွေထွေထူးထူးတော့ မဟုတ်။  ရှန်ဟိုင်းသည် ရှန်ဟိုင်းအတိုင်းသာလျှင်ဖြစ်သည်။  ၅ နှစ်အတွင်း လန်ဒန်ရဲ့ မြေအောက်ရထားစနစ်ထက်ပိုပြီးကြီးသွားအောင် ဆောက်ထားသော Metro မြေအောက်ရထားတွေပေါ်မှာတော့ လူတွေ အစားလဲစားသည်၊ အရည်လဲသောက်သည်၊ အမှိုက်လဲပစ်သည်။  အထုတ်ကြီး အထုတ်ငယ်တွေလည်း တင်သည်။  ထိုအထဲမှာ ယောင်လည်လည်နှင့် ရထားလျှောက်စီးသည်။  သူ့ဟာနှင့်သူတော့ ရမ်သမ်ကိုက်နေသည်၊ ဟာမိုနီစည်းဝါးကျလိုက်တာမှ အချက်ကျကျ၊ ဟန်ချက်ညီညီ။  ဘူတာရုံထဲမှာ မိန်းမချင်းရန်ဖြစ်ပြီးတော့ ဟိုဘက်အမျိုး ဒီဘက်အမျိုးတွေ သတ်ပုတ်နေတာလဲ တွေ့နိုင်သည်။  မကြေနပ်လျှင် ရဲကိုပါ ပါးရိုက်ချင်ရိုက်ကြဦးမည်။  ဘူတာရုံအ၀မှာ သူတောင်းစားတွေလဲ ရှိသည်၊ မှောင်ခိုခွေတွေ ရောင်းသူကရောင်းမည်၊ အတုအစုံ ရောင်းသူက ရောင်းမည်။
မိုးထိမြင့်သော အဆောက်အအုံတွေ အကြီးကြီးမှ အများကြီး…. အာဘန် အာဘန် (Urban) မြို့ကြီးတွေ ထုံးစံအတိုင်း။  မော့ကြည့်လျှင် ဇက်ညောင်းရုံသာ… တစ်နေ့စာ တစ်နေ့ကုန်းရုန်းပြီး ရှာသူကရှာနေမည်။  သုံးမကုန်အောင် လျှံသူကလျှံနေမည်။  တစ်နယ်စီဝေးပြီး လင်နှင့်မယား အလုပ်လုပ်လျှင် လုပ်ကြမည်။  ကတိက၀တ်၊ စည်းတို့သည် စာချုပ်ပေါ်တွင်သာရှိသည်။  အသက်ရှင်ဖို့အတွက်၊ ၀မ်းစာအတွက်၊ ရင်ခုန်ဘက်အသစ်အတွက်၊ စပွန်စာအတွက် ဒီလိုနှင့် Urban မြို့ပြက ရှင်သန်နေမည်။  လူကျင့်ဝတ်ဆိုတာ မိုးခါးရေသောက်သူကြားထဲမှာ ဟာသတစ်ပုဒ်ကို ခပ်ကျယ်ကျယ်ဖတ်ပြလိုက်သလို ဒီလို အသိုက်အမြုံကြားထဲမှာ ကိုယ်သာ သူရူးတစ်ယောက်ဖြစ်ချင်ဖြစ်သွားမည်။
 

          လိုချင်သည်… လူတိုင်းလိုချင်ကြသည်။ ရပြီးတော့ကော.. ဘာမှသိပ်တော့ ထူးခြားလှသည်မဟုတ်။  ကြော်ငြာသည် ကြော်ငြာသာဖြစ်သည်။   အသစ်… အသစ်… အသစ်နောက်ကို လိုက်ကြဦးမည်။  ရှု့မငြီးကတော့ သူ့သူငယ်ချင်းနှင့် ပုလဲရောင်းသည့်နေရာကိုသွားကြည့်သည်…. ပုလဲဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည် ဆိုတာ အဟုတ်… ပုလဲရဖို့အတွက် ကမာကောင်လေးတွေ အရှင်လတ်လတ် ရင်ခွဲခံရသည့် အဖြစ်။  ကြိုက်တာရွေး… ကမာကောင် အရှင်လတ်လတ်ထဲက ထုတ်လို့လဲ ရသည်။  ပုလဲကို ရတနာလို့မမြင်တော့။  ဘယ်တော့မှလဲ မ၀ယ်တော့။  ဒီပုလဲမှ မဆင်ရလျှင် ဘာမှမှ ဖြစ်မသွားနိုင်တာပဲလေ…။ 







          လူတွေကြားထဲလျှောက်တိုးမည်…..  ယောင်ဝါး ယောင်ဝါး… သူများဝါးလျှင် လိုက်ဝါးကြည့်မည်။  ရောကောသောကောနှင့် လူလှိုင်းကြားထဲ ပါချင်ပါသွားမည်။  ဒီအထဲမှာ ဆွဲဆောင်မှု့တွေက များလှသည်။  အားလုံးသော ဆွဲဆောင်မှု့တွေက ငွေဟူသောအရာနှင့် ဖလှယ်ရယူမည်။  နန်ကျင်းလမ်းမတစ်လျှောက် လမ်းလျှောက်သွားလျှင် မာဆက် မာဆက်ဆိုပြီး ဘေးနားကိုလာပြီး တိုးတိုး၊ တိုးတိုးနှင့် လိုက်ပြောမည့် ပွဲစားတွေရှိသည်။  မာဆက်မကြိုက်ဘူးလား… ဘာလိုချင်လဲ… တရုတ်မ ချောချောလေးတွေလား  ရှိသည်… ကြိုက်တာကို လိုက်ရွေးဟု ပြောဦးမည်။  မကြိုက်ဘူးလား  ပစ္စည်းအတုတွေလိုချင်လား နာရီ၊ မျက်မှန် ကစလို့ လိုချင်တဲ့ အတုတွေ အကုန်လုံးကို မှောင်ခိုဈေးထဲ ခေါ်သွားမည့် ပွဲစားတွေလဲရှိသည်။  အားလုံး ကိုယ့်ဒေါသနှင့်ကိုယ်….    ဒီလိုနှင့် ယောင်ဝါး ယောင်ဝါး လူတွေကြားထဲ တိုး….. ။  အရုပ်တောထဲရောက်သည်။  အို… အစုံ အစုံ… ဆိုဒ်စုံ၊ မျိုးစုံ အရုပ်တွေ အရုပ်တွေ…. နာရူတို အသဲစွဲတွေအတွက် နင်ဂျာ လက်နက်အစုံလဲရှိသည်၊ wall E၊ ၀ူခုန်း၊ FINAL FANTASY စုံပလုံတောထဲ တွေ့သမျှ လျှောက်ရိုက်သည်။






          အသက်ရှုကျပ်လာလျှင် THE BUND ကို သွားမည်။  လေ၀၀ ရှုလို့ရမည်။  ဘီယာ သောက်လို့ရမည်။  မြစ်ကမ်းဘေးတစ်လျှောက် ညဖက် မီးရောင်စုံနှင့် ခေတ်မျိုးစုံကို ထင်ဟပ်တဲ့ အဆောက်အဦးတွေကို ကြည့်လို့ရမည်။  ဒီလိုနှင့် တစ်ရက်ကုန်သွားမည်။  ရှန်ဟိုင်းသည် ရှန်ဟိုင်းအတိုင်း ရှိဦးမည်ဖြစ်သည်။



8 comments:

  1. သူ့အရပ်နဲ့သူ့ဇာတ်ကိုက်ဘို့ပဲလိုပါတယ် မောင်အောင်ထွဋ်ရေး)
    ရှန်ဟိုင်းရဲ့နေရာအချို့ကို ရောက်သွားသလို လိုက်လျှောက်ကြည့်နေမိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. bund ရယ်လွမ်းတယ်...

    ReplyDelete
  3. ရှန်ဟိုင်းကိုတော့ သွားချင်တယ် ရုပ်ရှင်တွေထဲမှာ စာအုပ်တွေထဲမှာ
    တော့ အရမ်းကိုလှပနေတယ် အပြင်မှာလဲ လှမယ်ထင်တာပဲ

    ReplyDelete
  4. ဓာတ်ပုံတွေ အရမ်းကောင်းတယ်
    ပုလဲတွေများ လှလိုက်တာ..
    ရှုခင်းတွေလည်း တကယ်ကိုလှတယ်

    ReplyDelete
  5. ရှန်ဟိုင်းကအရမ်းလှတယ်နော် ကိုအားထောင်

    ReplyDelete
  6. လှလိုက်တဲ့ ရှန်ဟိုင်း....၊အိုင်ဆေးဆားပုလင်းရေ.....ကျွန်တော်တော့ အဲ့လိုမျိုး လူကြားထဲ လျှောက်သွားရတာသိပ်သဘောကျ
    တယ်....၊ညောင်းလာရင်...ဘာတဲ့.....bund....ဟုတ်လား.....ဘီဘီဆိုင်ထင်တယ်....အင်း.....အဲ့ ဘီဘီဆိုင်မှာ ဘီဘီလေးချ....
    ဝိုး....ကောင်းထှာ.....၊ရှန်ဟိုင်းကို လာရင် လိုက်ပို့မှာလာ အိုင်ဆေး....... :)))))

    ReplyDelete
  7. စိတ်ဝင်စားတယ်ဗျာ ဘီယာအဝသောက်လို့ ရတဲ့ နေရာကို .... အဟီး ... ။

    ReplyDelete
  8. အရုပ်လေးတွေ သဘောကျသွားပြီ..ရှန်ဟိုင်းက လှသား..အရင်ရုံးက မလေးတရုတ်မ ရှန်ဟိုင်း၊ စူးကျိုး၊ ကွမ်ကျိုးဖက်ကို သွားလည်တာ ပြန်လာတော့ တော်တော်ကွန်ပလိမ်းတယ်..း)

    ReplyDelete