စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, March 24, 2013

ငါးပုဏ္ဏား


          စင်ကျားပေါသို့ ခဏပြန်ရောက်နေသည်။  ပူသည်။  ဘလောဂ့်မရေးဖြစ်သည်မှာ ကြာပြီဖြစ်သည်။  ဟင်းမချက်ရသည်မှာလည်း ကြာပြီ။  ရွှေပြည်ကြီးမှ မြန်မာအစားအစာတွေ ငတ်နေသည်မှာလည်းကြာပြီ။  မနေ့က ငါးပုဏ္ဏားချက်သည်။  Duty Free မှ ဘုမ်ဘေ ဒရိုင်းဂျင် ၂ လုံးပါလာသည်။  ဂျင်တိုးနစ်ရှိသည်။ ဆိတ်သားခြောက်၊ ငါးခြောက် ရွရွလေးတွေရှိသည်။ 
          ထမင်းနှင့် စားဖို့ရာသာ ဟင်းလို၏။  စီးတီးဟောမှာ ငါးပုဏ္ဏား တစ်ထုပ်ကို ၅ ကျပ်ဖြစ်သည်။   ခပ်လတ်လတ် အကောင် နှစ်ဆယ် အစိတ်လောက်ပါ၏။  ငါးကို အနံသတ်သည်။  အနံသတ်သည်ဆိုသည်မှာ အကြေးခွံထိုးပြီးတော့ နနွင်းရယ်၊ ဆားရယ်၊ Ground Pepper နည်းနည်းရယ်၊ သံပရာရည်လေးနည်းနည်း နှင့်ရောနယ်ပြီးတော့ နှပ်ထားခြင်းဖြစ်သည်။  ဤသို့လုပ်လိုက်လျှင် ငါး၏ အညှီနံ ပျောက်လေသတည်း။


        ဆီသတ်တာကတော့ အထူးအထွေမဟုတ် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဂျင်းနည်းနည်းလေးထည့်ပြီး သတ်ခြင်းဖြစ်သည်။  ဆီသတ်တဲ့ နေရာက ဟင်းတစ်ခွက်ရဲ့ အသက်ဖြစ်သည်။  ဆီသတ်တာ တူးသွားလျှင် ဟင်းက တူးစော်နံ၏။  ဆီသတ်တာ မကျက်လျှင် ဟင်းက ကြက်သွန်စိမ်းနံလိုလို၊ ဆီသတ်တာမကျက်သော အနံကြီးစွဲနေပြီး ဘယ်လိုမှ စားမကောင်းချေ။  နောက်တစ်ခုက ဆီသတ်တာ ကျက်တော့မှ ဟင်းအနှစ်ဟူသော အရာဖြစ်၏။  မကျက်လျှင် ကြက်သွန်ဖြူက ကြက်သွန်ဖြူအရသာ၊ ကြက်သွန်နီက ကြက်သွန်နီအရသာ၊  ကျန်တဲ့ ဆားတို့၊ ငံပြာရည်တို့က အရသာ သတ်သတ်၊  ဘယ်လိုမှ စားမကောင်းချေ။  ထို့ကြောင့် ဆီသတ်သည့် အဆင့်မှာအလွန်အရေးကြီးသည်။ စိတ်ရှည်ဖို့လိုသည်။
  
              မီးအေးအေးနှင့် ဆီသတ်ရသည်။  ကျန်တဲ့လူတွေကတော့ အရောင်ကို ကြည့်သည်ဟုဆိုသည်။  ကျွန်တော်ကတော့ ဆီသတ်လျှင် အနံနှင့် အလုပ်လုပ်သည်။  ကြက်သွန်စိမ်းနံ နံနေသ၍ ဆီသတ်လို့ မကျက်ချေ။  ဆီသတ်တာ ကျက်လုပြီဆိုလျှင် အနံပြောင်းသွားသည်။  ဆီသတ်တဲ့ အချိန်မှာ တူးတဲ့အချိန်နဲ့ ကျက်တဲ့အချိန်က ၂ မိနစ်ကနေ ၃ မိနစ်ကြားထဲမှာ။  အဲ့ဒီအချိန်က ဟင်းတစ်ခွက်ရဲ့ အသက်အချိန်။  ဒီအချိန်မှာ အရောင်တင်မှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည် ဒါတွေကို ရောထည့်၊  ပြီးလျှင် ဆီသတ်ထားသော ဟင်းအနှစ်ကို အရသာ မြည်းကြည့်။  အိုကေလျှင် ဆီသတ်ထားသော ဒယ်အိုးကိုချ။  ဟင်းကိုနောက်မှ အရသာ ထပ်ဖြည့်လို့ရသည်။  သို့သော် ဆီသတ်ကထည်းက အရသာကို ကျွန်တော်ကပိုကြိုက်သည်။

          ဒန်အိုးထဲထည့်ပြီး ဆီသတ်ထားသော ဟင်းအနှစ်နှင့် ငါးကို လုံးလိုက်သည်။  ငါးကို နနွင်းနှင့် နယ်ထားသောကြောင့် နဲနဲလေးတော့ စိတ်ရှည်ရသည်။  မဟုတ်လျှင် ဟင်းထဲမှာ နနွင်းနံကြီး ကျန်နေခဲ့မည်။  မွှေးနံထွက်လာလျှင် ရေစပ်ကျင်းထည့်၊ ရေဆူလာလျှင် မကျီးသီးဖျော်ကို ထည့်။  ငါးပိကို နည်းနည်းလေး၊ ပိစိလေးထည့်။  ပြီးလျှင် နည်းနည်းမွှေပေး။  နောက်ထပ် ၇ မိနစ်လောက်ကြာလျှင် ကိုယ်လိုချင်သော ဟင်းအရည်ပမာဏလောက်ကို ရေနွေးထပ်လောင်းထည့်။  ငရုပ်သီးစိမ်းလေးတွေ ထည့်၊  မဆလာ ထည့်။  နောက်ဆုံးအကြိမ် အပေါ့ အငံ အရသာ စမ်းကြည့်။  အားလုံး အိုကေလျှင်  နံနံပင်တွေ ပစ်ထည့်ပြီးတော့ အဖုံးပိတ်။ မီးပိတ်။  စားမယ့် အချိန်ကျတော့မှ အိုးဖွင့်ပြီး စားရုံပဲ။  ငါးပုဏ္ဏားက အလယ်ရိုးပဲရှိတော့ စားရတာ အဆင်ပြေတယ်။  မနက်ဖြန်ကျတော့မှ ၀က်ပုန်း ချက်ဦးမယ်။
  

12 comments:

  1. ညနက်သန်းခေါင် စာလာဖတ်၍ စိတ်ကူးဖြင့် အဝဆွဲသွားပါကြောင်း၊

    ReplyDelete
  2. ငါးပုဏ္ဏားတော့ကြိုက်ဝူးရယ်....၊ဒါနဲ့စကားမစပ် အဲ့ငါးကို ဘာလို့ ငါးပုဏ္ဏားလို့ခေါ်သတုန်းဗျ.....၊ဗေဒင်များဟောတတ်လို့လားဟင်..... :P

    ReplyDelete
  3. ငါးခူတို့ ငါကျည်းတို့ေ၇ာ စင်ကပူမှာရလား ကိုအောင်ထွဋ်.

    ReplyDelete
  4. ရပါ့... အစုံရ၏ :P

    ReplyDelete
  5. ချက်တတ်လိုက်တာ.. .
    ဟင်းချက်အတော်လေး ကျွမ်းကျင်ပုံရတယ်...ငါးပုဏ္ဏားဟင်း အရမ်းကြိုက်တယ်။ အရသာအလွန်ရှိတဲ့ငါးပါ။ လောလောဆည် ရန်ကုန်မှာတော့ လတ်လတ်ဆတ်ဆတ်ဆို အင်မတန်ဈေးကြီးသည်။ ၀က်ပုန်းလဲ ကြိုက်၏။ :)

    ReplyDelete
  6. ငါးပုဏ္ဏားဆိုရင် ကြော်စားတာပိုကြိုက်တယ်... အဲ့ဒီလိုချက်တာကိုတော့ တီတင့်ခင်ပွန်းကကြိုက်ပါ့း)
    ဟင်းချက်တာကြည့်ပြီး မောင်အောင်ထွဋ်မှဟုတ်ရဲ့လားလို့ ဘလော့ကိုပြန်ကြည့်ရသေးတယ် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ကြော်စားတာ ပိုစားဖြစ်တယ်။ ဟင်းတွေကို အနှစ်မစားနိုင်တာ နဲနဲတောင်ကြာသွားပြီ။ ဟင်းချက်တိုင်း အနှစ်တွေကို သွန်ပစ်ရတာ နှမြောလို့နောက်ပိုင်း ဟင်းတောင် မချက်ဖြစ်တော့ပဲ အကြော်၊ အပြုတ် အသုတ်နဲ့ နှပါးသွားဖြစ်နေတယ်။ ခုကိုအေဟိတ်ခ်ျ ရဲ့ဟင်းကလေးကတော့ အနံ့အရသာ ပြည့်စုံမယ့်ပုံပဲ။

    ReplyDelete
  8. ဟန်ကြည်March 26, 2013 at 8:01 AM

    အောင်မလေး ကိုအောင်ထွဋ်ရယ် ဆီသတ်တာများ ရေအေးအေးနဲ့ သတ်ရတယ်လို့...ဓားမနဲ့ သုံးလေးချက် ခုတ်ချပစ်လိုက် သေရောမဟုတ်လား...

    မနက်ကျ ဘာဖြစ်လို့ ၀က်ပုန်းချက်ရမှာလဲ သူများစားမှာ စိုးရိမ်လို့လား...ချက်သာချက်ပါ ပုန်းမချက်နဲ့ ပြောင်ပြောင်ပဲချက် ၀က်ပြောင်ပေါ့ မကောင်းလားး)

    မစားရ ညှော်ခံရတာ မမိုက်ပေါင်ဗျာ...ဘဲကင်တုန်းက ကျထားတဲ့ သွားရည်လေးတွေတောင် မသိမ်းရသေးဘူး...၀က်ပုန်းဦးမယ်ဆိုတော့ နှိပ်စက်ချက်က လွန်ပါရောလားး)

    ReplyDelete
  9. အံမယ် ကိုအွတ်ထောင်က အချက်အပြုတ်လည်း ရသား..ငါးတွေ ချက်တိုင်း ညှီနံ့ ရလို့  ကိုအွတ်ထောင်နည်းအတိုင်း စမ်းလိုက်ဦးမယ်...

    ReplyDelete
  10. အလဲ့ ချက်ပြုတ်ပိုင်ချက်ကတော့လား တော်တယ်ဗျား
    ဝက်ပုန်းဆိုလို့ မနေ့ကညောင်ဦးကအပြန် ပုန်းရည်ကြီးတွေဆွဲလာခဲ့တာ
    အိမ်ကမိန်းက အမဲနဲ့ဝက်မစားတော့ ကျွန်တော့်မှာ ပုန်းရည်ကြီးသုပ်သာ ကနေ့ညနေစားရမယ်ဖြစ်ကြောင်း
    မန့်ရင်း ဝက်ပုန်းကြီးကိုမြင်ယောင်ပြီး သွားရည်ကျသွားပါကြောင်း



    မောင်ဘကြိုင်

    ReplyDelete
  11. စွယ်စုံပါလားဆရာရေ။း)
    သင်တန်းလည်းတက်ရင်းစားလည်းစားရင်းပြန်ပြီ..
    နောက်ချက်ရင်လည်းတင်အုန်းနော်။
    အိုင်အိုရာ

    ReplyDelete
  12. တကယ်တော်တယ်။
    ချက်နည်းပြုတ်နည်းအတုယူသွားပါသည်။
    :P

    ReplyDelete