စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, April 26, 2013

H7N9


          စီလုတ်ပြည်တွင် နေရသည်မှာ ခုရက်ပိုင်း အတော့်ကို နေမထိထိုင်မသာ ဖြစ်နေ၏။  အကြောင်းမူကား H7N9 ကြောင့်ပင်ဖြစ်သည်။  ကျွန်တော်နေသည်က ရှန်ဟိုင်း၊  H7N9 ဖြစ်ပွားမှု့အများဆုံးနေရာကလည်း မြေပုံမှာ ပြထားသလို ဒီနေရာပင်ဖြစ်သည်။  ဧပြီလ ၁ ရက်နေ့တုန်းက WHOက Influza A (H7N9) တုပ်ကွေးကို လူတွေဆီမှာ ကူးစက်ကြောင်း တရားဝင်ထုတ်ပြန်သည်။  လောလောဆယ်အထိတော့ လူပေါင်း ၁၁၃ ယောက်ကို ကူးစက်ပြီးဖြစ်ကြောင်းကို ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ အတည်ပြုထုတ်ပြန်ထားပြီး ဒီအထဲကနေ ၂၂ ယောက်ကတော့ သေသွားပြီ။ ငှက်တွေ၊ ကြက်တွေက ကူးသည်ဟုဆို၏။ အများဆုံး သံသယရှိသည်က ကြက်ခြံ၊ ဘဲခြံတွေကနေ စတင်ကူးသည်ဟု ဆိုသည်။

          ရုံးမှာတော့ လက်ကမ်းစာစောင်တွေထုတ်သည်။   
  • -       ကြက်၊ ငှက်၊ ၀က်များကို မကိုင်ပါနှင့် တို့
  • -       သား၊ ငါးဈေးထဲကို မသွားပါနှင့် တို့
  • -       ကျက်အောင် ချက်ထားသော အစားအသောက်များကိုသာ စားပါ တို့
  • -       လက် ခဏ ခဏ ဆေးပါ တို့
  • -       မျက်စေ့၊ ပါးစပ် နှင့် နှာခေါင်းတို့ကို လက်နှင့်မကိုင်ပါနှင့်တို့
  • -       ချောင်းဆိုးလျှင်၊ နေမကောင်းလျှင် ဆရာဝန်ဆီ တန်းသွားပါ တို့… စသည် စသည်အားဖြင့် အများကြီး


ခက်သည်က စားရေးပင်ဖြစ်သည်။  ကြက်၊ ၀က်၊ ဘဲ ရှောင်ဖို့က မဖြစ်နိုင်ချေ။  ဒီမှာက တွေ့ရာ လျှောက်စားနေသည်မှာ အကျင့်ပါနေပြီဖြစ်သည်။  ဒီက တရုတ်တွေကတော့ တုပ်ကွေး ဖြစ်လို့ ဖြစ်မှန်းလားတောင်သိရဲ့လား မသိ။  အစားအသောက်မပျက်ချေ။  မှတ်မိသေးသည်။  ရှန်ဟိုင်းစရောက်တော့ သင်္ဘောကျင်းက ကောင်လေးတွေက ညွှန်းလိုက်သည်။  ဒီဆိုင်က ကြက်သားချက်တာ အရမ်းစားလို့ကောင်းတယ်ဆိုလို့ သွားလိုက်သည်။  ကြက်သားဟင်း တစ်ပွဲမှာလိုက်သည်။  ခဏနေတော့ ဆိုင်ရှင်က ကြက်အရှင်တစ်ကောင်ယူလာ ပြီးတော့ ကြိုက်လားဆိုပြီး လာမေးသည်။  သြော်… ခက်ပ.. ကြက်ကလေးကြည့်လိုက်တော့ ၀၀ဖိုင့်ဖိုင့်နှင့် ချစ်စရာလေး။ ကတော်..  ကတော်နှင့်တောင် အော်နေလိုက်သေးသည်။  မစားချင်တော့။  တစ်ခါတစ်လေ ငါးကန်တွေထဲက ငါးတွေကို ဘယ်အကောင်ကြိုက်လဲ လက်ညှိုးထိုးပြီး ရွေးခိုင်းသည့် ဆိုင်တွေလည်း ရောက်၏။  စားချင်စိတ် ကုန်ကုန်သွားသည်။
          ခုရက်ပိုင်း  ဆိုးသည်က အစားအသောက်ရွေးစားနေရခြင်းပင်ဖြစ်သည်။  ဟိုဆိုင်သွားလဲ ဖြစ်ပါ့မလား၊ ဒီဆိုင်သွားလဲ ဖြစ်ပါ့မလား၊ သိုလော သိုလောနှင့် ဘာစားလို့ စားရမှန်းမသိတော့ချေ။  ဒီတုပ်ကွေးမပြီးသ၍တော့ ဒီပုံသာ ဆက်ပြီး စခန်းသွားနေရဦးမည်။  စိုးရိမ်တာက လေဆိပ်တွေရောက်ရင် အရင် SARS တုန်းကလိုမျိုး ဘာမဟုတ် ညာမဟုတ် Isolation ခန်းထဲ ဖမ်းထည့်ပြီး ၂ ရက်လောက် အိပ်ခိုင်းထားမှ ဒုက္ခ။  အဲ.. ခုရက်ပိုင်း အလုပ်ရှုပ်နေသောကြောင့် ပို့အတင်ကြဲနေသည်မှာ အတော်ကြာပြီဖြစ်သည်။  လာလည်ကြသူများကိုလည်း အလွန်အားနာမိသည်။  ခုဆောက်နေတဲ့ သင်္ဘော ရှောရှာရှုရှု ဖြစ်တော့မှ ပိုစ့်များများ ပြန်တင်မည်ဟု ရည်စူးထားသည်။  

Photo : (Source)

2 comments:

  1. အေးဗျာဗိုလ်ထွဋ် သိလေးထားဂရုစိုက်ဗျာ့
    စိတ်ပူတယ်

    ReplyDelete
  2. ဒီမှာလဲ စိတ်ပူလို့ ငါးပဲ ဖိတွယ်နေရတယ်..

    ReplyDelete