စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, April 1, 2012

X-47B (သို့) Unmanned Combat Aerial Vehicle (UCAV)


          ကျွန်တော်တို့ သိပ္ပံကားတွေထဲမှာ လူမပါပဲ ထိန်းကျောင်းပြီး မောင်းနှင်နိုင်တဲ့ လေယာဉ်တွေကို တွေ့ကြဖူးမှာပါ။  ခုတော့ အမေရိကန်က X-47B ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပျံသန်းနိုင်ခဲ့ပါပြီ။  X-47B ဟာ လေယာဉ်မောင်းနှင်သူမပါဝင်တဲ့ တိုက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်။  ဒီလေယာဉ်အမျိုးအစားတွေကို ထုတ်လုပ်ဖို့ ကနဦးက DARPA ရဲ့ J-UCAS ရဲ့ အစီအစဉ်ထဲမှာပါဝင်ပြီးတော့ ခုတော့ United States Navy ရဲ့ UCAS-D (Unmanned Combat Air System Demonstration) ပရိုဂရမ် ထဲမှာ ပါဝင်ပါတယ်။  ဒီ ပရိုဂရမ်ရဲ့ ရည်ရွယ်ချက်ကတော့ လေယာဉ်တင်သင်္ဘောတွေမှာ မောင်းသူမဲ့ လေယာဉ်တွေ ထည့်သွင်းနိုင်ဖို့ဖြစ်ပါတယ်။
          ဒီလေယာဉ်အမျိုးအစားကို ဖန်တီးနိုင်ဖို့ Boeing နဲ့ Northrop ကုမ္ပဏီနှစ်ခုကို အမေရိကန် ဒေါ်လာ ၂သန်းစီ ချပေးခဲ့ပြီး ၁၅ လတာ ကနဦး ဖြစ်နိုင်ခြေများကို ဖော်ဆောင်နိုင်ဖို့ စီစဉ်ခဲ့တာပါ။  ဒီလေယာဉ်တွေမှာ ပင်လယ်ပင် ဆားငွေ့ပါတဲ့ လေတွေကြောင့် ဖြစ်လာနိုင်တဲ့ သံချေးတက်မှု့တွေ၊ လေယာဉ်တင်သင်္ဘော ကုန်းပတ်ပေါ်ကို လေယာဉ် အတက်အဆင်း ပြုလုပ်နိုင်ဖို့၊ လေယာဉ်ကို ထိန်းကျောင်း အမိန့်ပေး စေခိုင်းနိုင်ဖို့တွေ၊ လျှပ်စစ်သံလိုက်လှိုင်း မြင့်မားတဲ့ နေရာတွေမှာပါ သွားလာနိုင်ဖို့ စတဲ့ အချက်တွေပါ ထည့်သွင်း စဉ်းစားခဲ့ကြရပါတယ်။  ၂၀၀၇ခုနှစ်ပါ ဒီလိုလေယာဉ်တွေ တည်ဆောက်ဖို့အတွက် အမေရိကန် ဒေါ်လာ 635.8 သန်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၂ မှာတော့ ထုတ်လုပ်မှု့စရိတ် ဒေါ်လာ ၈၁၃ သန်းအထိ တက်လာခဲ့ပါတယ်။

အခြားသော စစ်သုံးလေယာဉ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ - ဈေးအကြီးဆုံး တိုက်လေယာဉ်များမှာ သွားရောက်ကြည့်နိုင်ပါတယ်။

Friday, March 30, 2012

Cheetah (သို့) ကမ္ဘာ့အမြန်ဆုံး တရိစ္ဆာန်


          ချီတာ တွေဟာ တစ်နာရီကို မိုင် ၇၀ ကနေ ၇၅ မိုင် (112 km/h and 120 km/hr) ပြေးနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး တရိစ္ဆာန်ပါ။  ကျွန်တော်တို့တွေဟာ Cheetah ကို Leopard, Jaguar တို့နဲ့ မှားတတ်ကြပါတယ်။  ချီတာတွေဟာ ဒီ Leopard၊ Jaguar တွေထက် အရွယ်အစားပိုမိုသေးငယ်ပြီးတော့ သူတို့လို သန်မာတဲ့ မေးရိုးတွေ၊ သန်မာတဲ့ လက်ဖျံတွေ၊ လက်သည်းတွေ မရှိပါဘူး။ 
          ချီတာတွေဟာ သားကောင်တွေကို လိုက်တဲ့အခါမှာ နေ့ဘက်မှာပဲ သားကောင်လိုက်လေ့ရှိပါတယ်။  မနက်ပိုင်းစောစောမဟုတ်ရင် ညနေစောင်းမှာ လိုက်ကြတာပါ။  ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အကြားအာရုံ၊ အနံခံအာရုံတွေထက် အမြင်ကို အဓိကထားပြီး အမဲလိုက်ကြရလို့ပါ။  သူတို့ဟာ ကမ္ဘာအမြန်ဆုံးနှုန်းနဲ့ ပြေးနိုင်ကြပေမယ့်၊ အကြာကြီးတော့ ပြေးနိုင်တာမဟုတ်ပါဘူး။  ဒီတော့ အချိန်တိုအတွင်းမှာ သားကောင်ကို ရအောင် အမိဖမ်းကြရပါတယ်။  သူတို့ ပြေးတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ တက်လာတဲ့အတွက် သူတို့ဟာ အမဲလိုက်ပြီးတဲ့ အချိန်မှာ ခန္ဓာကိုယ် အပူချိန်ပြန်ကျအောင် အနားယူကြရပါတယ်။  တစ်ကယ့်ကို ပင်ပင်ပန်းပန်း အမဲလိုက်ရတဲ့ အခါမှာတော့ တစ်ခါတစ်လေ နာရီဝက်ကျော်လောက်အထိကို အနားယူနေရပါတယ်။  ဒီအချိန်မှာ ချီတာတွေအတွက် ရန်သူကို တန်ပြန်ခုခံနိုင်စွမ်းမရှိတော့ပါဘူး။

Thursday, March 29, 2012

အနာဂတ်အတွက် ပို့ဆောင်ရေး နည်းသစ် (သို့) Evacuated Tube


လေလက်ရှိအချိန်မှာ လူတွေဟာ ကားတွေ၊ ရထားတွေ၊ သင်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့၊ ကုန်စည်တွေ သယ်ယူ၊ ပို့ဆောင်ဖို့ အသုံးချနေကြပါတယ်။ အခု Daryl Osler ဆိုသူကတော့ သယ်ယူပို့ဆောင်ရေးအတွက် နည်းပညာတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေပါတယ်။  ဒါကတော့ လေဟာနယ် ပြွန်စနစ် (Evacuated Tube Travel [ETT] )  ပဲဖြစ်ပါတယ်။ 
          Daryl Osler အဆိုပြုထားတာကတော့ ကားအရွယ်အစားလောက်ရှိတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ် (Capsules) တွေကို ကြီးမားတဲ့ လေဟာနယ် ပြွန်ကနေတစ်ဆင့် သံလိုက်စွမ်းအားကို အသုံးချပြီး ပို့ဆောင်ဖို့ပဲ ဖြစ်ပါတယ်။  ခရီးသည်တွေအတွက် ဒီယာဉ်ထဲမှာ ပြင်ပ လေဖိအားနဲ့ တူညီတဲ့လေဖိအား အခြေအနေရရှိအောင်  လေဖိအား ထည့်သွင်းထားမှာဖြစ်ပေမယ်၊ ဒီပြွန်ကြီးကတော့ လေလုံးဝမရှိပဲ သံလိုက်ပြေးလမ်းပေါ်ကနေ ခရီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။  ဒီလိုယာဉ်နဲ့သွားမယ်ဆိုရင် မိုင် ၈၀၀၀ ကွာဝေးတဲ့ ၀ါရှင်တန် ဒီ စီမြို့ကနေ  ဘေဂျင်းကို ၂ နာရီသာ အချိန်ယူရတော့မယ်လို့ဆိုပါတယ်။  လောလောဆယ် အမြန်ဆုံး သွားလာရတဲ့ အချိန်ကတော့ ၁၈ နာရီပါ။  Daryl အဆိုအရ ဒီခရီးအတွက် ကျသင့်ငွေဟာ ဒေါ်လာ ၁၀၀ ၀န်းကျင်သာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။

Wednesday, March 28, 2012

Littoral Combat Ships (သို့) အနာဂတ်ရဲ့ စွမ်းရည်မြင့် စစ်သင်္ဘောများ


          LCS – The USA’s Littoral Combat Ships တွေဟာတော့ အမေရိကန်ရဲ့ အနာဂတ် ကမ်းရိုးတမ်းနဲ့ မြစ်တွင်း ဗျူဟာမြောက် စစ်ဆင်ရေးတွေမှာ အစွမ်းထက်မြက်စွာ အသုံးချနိုင်ဖို့ ရည်ရွယ်ထားတဲ့ စစ်သင်္ဘောတွေဖြစ်ပါတယ်။  အမေရိကန်ဟာ သူတို့ရဲ့ FFG-7 Oliver Hazard Perry Class frigates စစ်သင်္ဘော အစီး ၃၀၊ MCM Avenger Class မိုင်းရှင်း သင်္ဘော ၁၄ စီး၊ MHC-51 Osprey Class coastal mine hunters မိုင်းရှင်းသင်္ဘော ၁၂ စီး စတဲ့နေရာတွေမှာ LCS သင်္ဘော တွေနဲ့အစားထိုးဖို့ ရည်ရွယ်ထားတဲ့ သင်္ဘောတွေဖြစ်ပါတယ်။

Sunday, March 25, 2012

သွားကြဦးမလား ရေအောက်ပြတိုက် (Cancun Underwater Museum)


          Cancun Underwater Museum ကတော့ Jason deCaires ဆိုသူ အနုပညာရှင်ဖန်တီးထားတာဖြစ်ပြီးတော့ မက္ကစီကိုနိုင်ငံ Isla de Mujeres ကမ်းရိုးတမ်း ရေအောက်မှာ ခင်းကျင်းပြသထားတဲ့ ပြတိုက်ဖြစ်ပါတယ်။  ဒီပြတိုက်ကို ၂၀၀၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီးတော့ Cancun ရေအောက် National Marine Parkမှာ ရာပေါင်းများစွာသော ရုပ်ထုတွေ ကို ခင်းကျင်းပြသထားပါတယ်။  ကဲ ရေအောက်ပြတိုက်က ရုပ်ထုလေးတွေကို ကြည့်လိုက်ကြရအောင်…..

Saturday, March 24, 2012

သောက်ကြဦးမလား ပန်ဒါ လက်ဖက်ခြောက်


          တရုတ်နိုင်ငံ စီချွမ်ဒေသဟာ ပန်ဒါလေးတွေ မွေးမြူစောင့်ရှောက်ထားတဲ့ ဒေသဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ပန်ဒါ ၀က်ဝံ အများဆုံးဒေသဖြစ်ပါတယ်။  ဒါကို ကျွန်တော် ပန်ဒါလေးများ စောင့်ရှောက်ရေး ဂေဟာ ဆိုပြီးတော့ ပိုစ့်တစ်ခု တင်ဖူးပါတယ်။  ခု ပိုစ့်ကတော့ ပန်ဒါ လက်ဖက်ခြောက်အကြောင်းပါ။  အဆိုပါ ပန်ဒါစောင့်ရှောက်ရေးဂေဟာနားက လက်ဖက်ခင်းပိုင်ရှင် လိရှိမင် ဆိုသူကတော့ ပန်ဒါ လက်ဖက်ခြောက်ဆိုပြီး ထုတ်လုပ်လိုက်ပါပြီ။  အဆိုပါ ပန်ဒါစောင့်ရှောက်ရေးဂေဟာက ပန်ဒါဝက်ဝံတွေရဲ့ မစင်တွေကို မြေသြဇာအဖြစ် အသုံးပြုပြီး ထုတ်လုပ်လိုက်တဲ့ လက်ဖက်ခြောက်ပါ။  ဈေးကတော့ သက်သာလိမ့်မယ်မထင်ပါနဲ့ ၅၀ ဂရမ် တစ်ထုတ်ကို တရုတ်ငွေ ယွမ် ၂သောင်း ၂ ထောင်၊ အမေရိကန်ဒေါ်လာ ၃၅၀၀ (မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၃၀) ၀န်းကျင် ပေးရတဲ့ လက်ဖက်ခြောက်ပါ။  ဒါဟာ ကမ္ဘာဈေးအကြီးဆုံး လက်ဖက်ခြောက်ဖြစ်လာပါပြီ။

ရုရှားနိုင်ငံမှာ တွေ့တဲ့ UFO


          ရုရှားနိုင်ငံ၊ ဆားဘီးယား ကျေးရွာလေးပေါ်ကို မော်တော်ကား အရွယ်အစားလောက်ရှိတဲ့ အမျိုးအမည်မသိ အရာတ္တုတစ်မျိုး ကောင်းကင်ကနေ ကျခဲ့ပါတယ်။  ရုရှားမီဒီယာတွေကတော့ ဒီရုရှားနိုင်ငံ မော်စကိုမြို့ကနေ မိုင် ၂၀၀၀ ဝေးတဲ့ အိုထရက်နန်စကီး ဒေသမှာ ကျလာတဲ့ ကီလိုဂရမ် ၂၀၀ လောက်လေးတဲ့ အရာဝတ္တုဟာ UFO ဖြစ်တယ်လို့ ဆိုပါတယ်။
          ဒီ အရာဝတ္တုကို ကျွမ်းကျင်သူတွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒါအပိုင်းအစဟာ ဒုံးကျဉ် ဒါမှမဟုတ် ဒုံပျံ တွေက အပိုင်းအစမဟုတ်ပါဘူးလို့ ဆိုပါတယ်။  ရုရှားနိုင်ငံ အမျိုးသား အာကာသ အေဂျင်စီက ပြောရေးဆိုခွင့်ရသူကတော့ ဒီအရာဝတ္တုဟာ အာကာသ နည်းပညာတွေနဲ့ ဆက်စပ်မှု့မရှိဘူးလို့ဆိုပါတယ်။  ဒါပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ကျွမ်းကျင်ပညာရှင်တွေ စမ်းသပ်ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်လို့ရမယ်လို့ ဆိုသွားပါတယ်။

Friday, March 23, 2012

“လ” ဘယ်က စဖြစ်ပေါ်လာတယ်?


          လသာတဲ့ ညတွေဆို ကျွန်တော်တို့ ငယ်ငယ်တုန်းက ပြည့်ပြည့်ဝန်းဝန်း လမင်းကြီးကို ငေးမောကြည့်ရှု့ဖူးကြပါတယ်။  ဖိုးလမင်းကြီးရဲ့ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်တဲ့ အဖိုးအို” ပုံပြင်လေးကိုလည်း နားထောင်ဖူးကြမှာပါ။   လမင်းကြီးကိုကြည့်ပြီးတော့ ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်း တောင်းဖူးကြမှာပါ။  ဆိုလိုတာက လ ဆိုတာက ကမ္ဘာကြီးနဲ့ ခွဲမရတဲ့ ကမ္ဘာရဲ့ အရံဂြိုလ်တစ်လုံးပါ။  ဒီလို လမင်းကြီး ဘယ်လို ဖြစ်ပေါ်လာပါသလဲ?  ဒါဟာ ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာကထည်းက ရှေးလူတွေ သိချင်ခဲ့တဲ့ အဖြေတစ်ခုပါ။  လနဲ့ ပါတ်သတ်ပြီးတော့ ရှေးခေတ်လူတွေဟာ ပြက္ခဒိန်တွေ၊ ဘာသာစကားတွေ၊ အနုပညာတွေ၊ ဒဏ္ဍာရီပုံပြင်တွေ အများအပြား ဖန်တီးခဲ့ ရှိခဲ့ကြပါတယ်။  ဒီတော့ လ နဲ့ပါတ်သတ်ပြီး စိတ်ဝင်စားစရာတွေ အများကြီးတည်ရှိခဲ့ပါတယ်။  ဒီအထဲမှာတော့ လ ဘယ်ကနေ စပြီးဖြစ်ပေါ်လာတယ်ဆိုတာက ပိုပြီးစိတ်ဝင်စားစရာကောင်းလှပါတယ်။

ကမ္ဘာမြေမြင်မှ မြင်ရသော လမျက်နှာပြင် (near side)

ကမ္ဘာမြေမြင်၏ ဆန့်ကျင်ဘက်ခြမ်းမှ မြင်ရသော လမျက်နှာပြင် (far side) 

Friday, March 16, 2012

လုပ်ကြဦးမလား သုဘရာဇာ


          သုဘရာဇာ ဆိုလို့ အထင်မသေးလိုက်ပါနဲ့။  တရုတ်နိုင်ငံက ဒီအလုပ်ကြော်ငြာမှာတော့ ဒီလို သုဘရာဇာ ရာထူးမျိုးရဖို့ သိပ်မလွယ်လှပါဘူး။  အမှန်ကတော့ အသုဘတွေမှာ သေဆုံးသူတွေရဲ့ မိသားစုအတွက် အလုပ်လုပ်ပေးရမှာပါတဲ့။  အလုပ်ခေါ်ပုံလေးကိုကြည့် - လျှောက်ထားလိုသူဟာ အမျိုးသမီးဖြစ်ရမယ်၊ အရပ်ရှည်ရမယ်၊ အသက် ၂၅ နှစ်အောက်။  ဒါတင်လားဆိုတော့ မဟုတ်ဘူး၊  နောက်ပြီးတော့ ဘွဲ့ရပညာတတ်ဖြစ်ရမယ်၊ တရုတ်လို (Mandrain) လို မွှတ်နေအောင်ပြောတတ်ရပါမယ်တဲ့။  ဒါဆိုရင်တော့ သင်္ချိုင်းမှာ အလုပ်ရပါပြီ။  ဒီအတွက် တစ်နှစ်ကို လစာ ယွမ် ၁ သိန်း (အမေရိကန်ဒေါ်လာ ၁၅၈၈၆ ဒေါ်လာ) ရမှာပါ။  မြန်မာငွေနဲ့ဆိုရင်တော့ တစ်လကို ၁၀ သိန်းကျော် ၀င်ငွေရှိမှာပါ။  ဒီအပြင် အခန်းကောင်းကောင်းလည်း ပေးဦးပါမတဲ့။  အိမ်မှာလည်း စာတွေဘာတွေ ကျက်နိုင်သလို နိုင်ငံခြားကိုလည်း စာသင်ချင်ရင် အခွင့်အလမ်းရှိပါသေးသတဲ့။ 
          အဲ့ဒီကြော်ငြာမှာတော့ အလုပ်ဝင်ခွင့်ရတဲ့ သူတွေဟာ အင်တာဗျူးမဖြေခင် ၁၀ ရက်ကြာ သင်တန်းတက်ရမယ်လို့ ဆိုထားပါတယ်။  ကဲ ဘယ်သူများ စိတ်ဝင်စားပါသလဲ ?

Source : (Link)

Friday, March 9, 2012

တိုပါးရိုး.....


              တိုပါးရိုး မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပြီးခဲ့တဲ့ တစ်ပတ်က ရောက်ဖြစ်သည်။  စင်ကာပူရောက်တုန်းလေး ဘုရား၊ တရား၊ သံဃာ သုံးပါးစလုံး စုံအောင် ဖူးရသည်။  တရုတ်မှာဆိုလျှင် ဝေးသည်၊ သရဏဂုံ ၃ပါးစလုံးကို စိတ်မှာ အာရုံပြုပြီး မှန်းသာ မှန်းလို့ရသည် အပြင်မှာ တွေ့ရဖို့ မလွယ်လှ။  ထို့ကြောင့် ရောက်တုန်းလေးသွားဖြစ်သည်။  သူငယ်ချင်းက စုပြီးတော့ အအေးလှုသောကြောင့် အအေးလိုက်ဝေပေးလိုက်သည်။  ကြံလှုသော ဓမ္မပဒ လေးကို ပြန်သတိရမိသည်။  ကြံတွေကို သပိတ်လျှံအောင်လှုသောကြောင့် အကျိုးပေးကောင်းသလို သပိတ်ပြည့်ရုံလှုသောကြောင့် နောင်ဘ၀တွင် တူသောအကျိုးပေးသည်ဟူ၏။  ထို့ကြောင့် ဘုန်းကြီးကျောင်းပေါ်မှ ဆင်းလာသောသူများကို ဘာသောညာသော မောင်ပိန်သော၊ နောဇာနာမိ တို့မသိ.. လက်ထဲသို့ မုန့်တွေ၊ အချိုရည်တွေ အပြည့်ကြီး လျှောက်ဝေသည်။  ယူချင်ချင်၊ မယူချင်ချင် ဖိနပ်စီးခွင့်တောင်မပေး လျှောက်ပေးပစ်သည်။  လက်နှစ်ဘက်စလုံး မကာတော့လျှင် အိတ်တွေထဲ လျှောက်ထည့်ပြီး ပေးသည်။  တော်ပါပြီပြောလို့လဲမရ... အတင်းလိုက်ပေးသည်။  

Thursday, March 8, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )


          ငါးထောင်တန်ဖုန်း အကြောင်း တဂ်ထားမှန်းသိပေမယ့် စင်ကျားပေါရောက်မှ အလုပ်တွေထပိနေလို့ ပြန်မဖြေနိုင်ဖြစ်နေတာပါ။  အမှန်ဆို တရုတ်ကနေပြန် စင်ကျားပေါရုံးကို ရောက်ကြောင်းသတင်းပို့၊ သုံးထားတဲ့ ပိုက်ဆံတွေ ပြန်တောင်း၊ ရုံးကနေလစ်ပြီး အိမ်မှာ ကွေးနေရမှာဖြစ်ပေမယ့် အငြိမ်မနေ ရှိသမျှ ရုံးကလူတွေကို လိုက်နှုတ်ဆက်ရင်းကနေ new building မန်နေဂျာက သင်္ဘောအသစ်အတွက် ပုံတွေကို စစ်စေ ဆိုပြီး အမိန့်ချလိုက်သောအခါ ပုံစစ်ရုံမက၊ ပုံဆွဲဘ၀ပါ ရောက်သွားပြီး  ဘာမဆိုင်ညာမဆိုင် ကိုယ့်သင်္ဘောမဟုတ်တဲ့ ပုံတွေကို လျှောက်ကြည့်နေရင်း ကောင်းကောင်းမနားရပဲ တွတ်ပီ ကံမကောင်းဖြစ်သွားပါတယ်။  နောက် ရောက်တုန်းလေး ဟိုသွား ဒီသွား အတိုးချစား၊ ဂိမ်းဆော့ နေတာနဲ့ ဒီပိုစ့်အတွက် အကြွေးကျန်နေလို့ ခုပဲ ဒီ ငါးထောင်တန် အကြောင်းလေးရေးဖြစ်ပါတော့တယ် ခင်ဗျာ။ ဒီနေ့တော့ ရုံးမသွားရတာကြောင့် မဒမ်ကိုးနဲ့ ကိုမိုးဇက်တို့က တဂ်ထားတဲ့ ပိုစ့်လေးကို ရေးလိုက်ပါတယ် ခင်ဗျာ။  ဒီ ၅၀၀၀ တန်ဖုန်းရဲ့ မူရင်း source ကတော့ ကိုသက်တန့်ချို ဖြစ်ပါတယ်။  ကျွန်တော့်ကို တဂ်တဲ့ မဒမ်နဲ့ ကိုမိုးဇက်တို့ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
           ငါးထောင်တန်ဖုန်းကို တော်တော်များများလည်း ထင်မြင်ချက်ကလေးတွေ ပေးထားပြီးပါပြီ။  ကျွန်တော့်ထင်မြင်ချက်ကလေးတွေကတော့..

၁။  ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
     ဖြေ။  ။  နှစ်သိန်းတန် က စင်းမ် ကဒ်လား ဖုန်းလား မကွဲတော့ စင်းမ်ကဒ်အနေနဲ့ဆို များပြီးတော့၊ ဖုန်းပါတွဲပါမယ်ဆိုရင်တော့ မဆိုးလှဘူးလို့ မြင်မိပါတယ်။  ဟိုရက်က သူငယ်ချင်းတစ်ယောက်ပြတဲ့ မြန်မာ့ဆက်သွယ်ရေးကို သွင်းဖို့ဆိုပြီး ဖုန်းအဖြူလေးက Smart Phone ပါ။  ဘာတံဆိပ်မှန်းတော့မသိပေမယ့် အတော်လေးတော့ လှတပတရှိပါတယ်။  ဒါမျိုးဖုန်းကို စင်းမ်ကဒ်နဲ့ တွဲပေးမယ်ဆိုရင်တော့ ဈေးမများလှဘူးလို့ ဆိုရမှာပါ။

၂။  ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?
       ဖြေ။  ။  အင်း.. ဒါလည်း တစ်မျိုးတော့ တစ်မျိုးပဲ.. ဦးဆောင်သူက ဘယ်သူနဲ့ ဦးတည်ပြီးတော့ ဆွေးနွေးမယ်ဆိုတာလေးပေါ်မူတည်ပြီးတော့ အကျိုးသက်ရောက်မှု့ ဘယ်အတိုင်းအတာအထိ ရှိမယ်ဆိုတာကို မမှန်းတတ်ပါဘူး။  ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တာကိုတော့ အားပေးပါတယ်။

၃။  ငါးထောင်တန်ဖုန်း ပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကို တင်ပြခြင်းအပေါ် သင်ဘယ်လို မြင်မိပါသလဲ?
            ဖြေ။   ။  တီရှပ်၊ စတေကာကပ်တာတွေထက်စာရင် ဒါဟာ ပိုပြီးတော့ ဆီလျှော်တဲ့ တောင်းဆိုမှု့တစ်ခုလို့ မြင်မိပါတယ်။  အားပေးပါတယ်ခင်ဗျာ။

၎။  ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?
           ဖြေ။   ။  ဘယ်ဒေသတွေမှာ အသုံးပြုလို့ရမယ်၊  ဒီအတွက် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်၊ ထပ်မံ ထည့်သွင်းရမယ့် ဆက်သွယ်ရေးတိုင် အရေအတွက်၊  ဒါတွေ အားလုံး ကျကျနန ထုတ်ဝေသူတွေက ချပြပြီးတော့ တကယ်တမ်း လူပေါင်းများစွာ အသုံးပြုလာတဲ့အခါမှာ ဖုန်းလိုင်းတွေ ကောင်းမွန်နေမယ့် စနစ်ဆိုရင်တော့ ၀မ်းသာအားရ အားပေးပါတယ်ခင်ဗျာ။  မဟုတ်ပဲ ဟဲလို... ဟဲလို.. ဒုန်ရင်းဖြစ်နေရင်တော့ ဒါဟာ ညာစားတာနဲ့ တူတူပဲမို့လို့ အားမပေးပါဘူး။  မဟုတ်ရင် ပြည်သူတွေ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဆိုသလို ဖြစ်နေပါမယ်။  နောက်တစ်ခုက စင်းမ်ကဒ်ကို ငါးထောင်နဲ့ ရောင်းပြီးတော့ Pre-paid ကဒ်တွေကျတော့မှ ဈေးနှုန်းက အဆမတန်မများဖို့၊  Miss call တွေကို ပိုက်ဆံမဖြတ်ဖို့.. စသည် စသည်တို့ကို လည်း မထုတ်ဝေခင်ထဲက ကြိုတင်ပြီး ထုတ်ဝေသူများဘက်က ပြည့်စုံအောင် သတင်းအချက်အလက် ထုတ်ပြန်ပေးရင်တော့ တိုင်းထက်အလွန်ပါပဲ ခင်ဗျာ။  ဒီမေးခွန်းအတွက်ကတော့ ကြိုဆိုပါတယ်။  တိုင်းထက်အလွန်ပါ။

၅။  ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက် ချရေးပေးပါ။
               ဖြေ။   ။ မြန်မာပြည် ဆက်သွယ်ရေး ကွန်ယက် ဖွံဖြိုးလာမယ်၊ တိုးတက်လာမယ်ဆိုရင်၊ အဓိကအားဖြင့် အခြေခံလူတန်းစားတွေရဲ့ ဆက်သွယ်ရေးကွန်ယက် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဒါဟာ ၀မ်းမြောက်စရာ တစ်ခုပဲ ဖြစ်ပါတယ်။  လူတိုင်း ဖုန်းကိုင်နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်။  ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ လုပ်ငန်းပါ။ ဒီကနေ နိုင်ငံတော်က ရလာမယ့် ငွေကြေးဟာ လက်တစ်ဆုပ်စာ လူတန်းစာတွေ လက်ဝါးကြီးအုပ်ပြီး အိပ်ထဲထည့်နေတာထက် အများကြီးပိုပါတယ်။ ဒီအတွက် ကိုယ်ကျိုးမကြည့်ပဲ တိုင်းပြည်အတွက် နည်းနည်းလောက် စေတနာလေးထားနိုင်မယ်ဆိုရင် အရမ်းကို ၀မ်းမြောက်မိမှာပါ ခင်ဗျာ။


             

Monday, March 5, 2012

၂၀၁၂ စင်ကာပူ အလုပ်သမားဆိုင်ရာ ဘက်ဂျက် ဆွေးနွေးမှု့များ

          ဒီဆွေးနွေးခန်းလေးကတော့ Ong Teng Cheong Labour Leadership Institute က ကမကထ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပြီးတော့ စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းနဲ့ မေးမြန်းသူတွေ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပါတယ်။  ဒီဆွေးနွေးပွဲလေးရဲ့ နာမည်ကတော့ Labour Movement Pre-Budget 2012 Dialog Between Prime Minister ဖြစ်ပါတယ်။  ဒီအထဲမှာတော့ စင်ကာပူ ၀န်ကြီးချုပ်က အဓိကအားဖြင့် အချက် ၃ ချက်ကို ပြောသွားပါတယ်။

၁။  ထုတ်လုပ်မှု့စွမ်းအားတွေကို မြှင့်တင်ခြင်းနဲ့ နိုင်ငံခြားမှ အလုပ်သမားများကို မှီခိုနေရခြင်းကို လျှော့ချရန်
          ဒီအထဲက စင်ကာပူဝန်ကြီးချုပ်ပြောသွားတာလေးတွေကို ထုတ်နှုတ်လိုက်ရင် “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်စွမ်းအားတွေကို ကျွန်တော်တို့ကိုယ်တိုင် တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်နေသင့်ပါပြီ။  ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စင်ကာပူရဲ့ စီးပွားရေးဟာ တစ်စိတ်တစ်ပိုင်း တိုးတက်ခဲ့ပါတယ်။  ဒါဟာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားမြှင့်တင်မှု့တင်မကပဲ သိသာတဲ့ အချက်ကတော့ နိုင်ငံခြားသားတွေကို နိုင်ငံတွင်းမှာ ကူညီဖို့ အသုံးပြုခဲ့တဲ့အတွက်ပါ။  ဒီလိုမှ နိုင်ငံခြားသားတွေကို အသုံးမပြုခဲ့ဘူးဆိုရင် ဒီလိုမျိုး အခြေအနေတွေကို ရရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။  ဒီအတွက် စင်ကာပူလူမျိုးတွေရဲ့ လခတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကောင်းမွန်စွာ မပေးနိုင်ခဲ့ပါဘူး။  ပြီးခဲ့တဲ့ ၅ နှစ်ကတော့ လစာတွေ တိုးတက်လာပေမယ့် သိသိသာသာကြီး မဟုတ်ခဲ့ပါဘူး။
          “ ခု ကျွန်တော်တို့မှာ လူဦးရေ ၅ သန်းရှိနေပါပြီ။  နောက်ထပ် ၁၀ နှစ်ဆိုရင် လူဦးရေ ၆သန်းဖြစ်လာမှာဖြစ်ပြီး နောက် အနှစ် ၂၀ ဆိုရင်တော့ လူဦးရေ ၇ သန်းဖြစ်လာမှာပါ။  ဒီတော့ ကျွန်တော်တို့ဟာ နိုင်ငံခြားသားဦးရေကို လျှော့ချလာနိုင်မှာဖြစ်ပေမယ့် ဒီလိုမျိုးလျှော့ချဖို့ကတော့ အတိုင်းအတာ တစ်ရပ်ရှိပါတယ်။  ဒီအတွက် ကျွန်တော်တို့ဟာ နိုင်ငံအတွက် လိုအပ်မယ့် နိုင်ငံခြားသားတွေကို လျှော့ချနိုင်ဖို့ စီမံခန့်ခွဲရမှာဖြစ်သလို ဒါမှလည်း နိုင်ငံခြားသားတွေအပေါ် မှီခိုနေရမှု့ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။  ဒါဟာ ဘာကို ဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ ထုတ်လုပ်မှု့စွမ်းအားတွေ မြင့်မားလာအောင်၊ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ၊ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို မြင့်မားလာအောင် ပိုပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်…..”


Thursday, March 1, 2012

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၆

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၂
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၃
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၎
အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၅

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏



ကိုယ့်တန်ဖိုး ကိုယ်သိ.......

Tuesday, February 28, 2012

Today Myanmar

           တူဒေးမြန်မာဆိုတာ ဟိုဟာ.. ဒီဟာ သတင်းတွေမဟုတ်။  ဖုန်းကဒ်သာဖြစ်သည်။  ပူသည်... ထုံးစံအတိုင်း စင်ကျားပေါရောက်လျှင် အတော်ပူသည်။ ပူသော်လည်း....စားချင်တာတွေ နှစ်ယောက်သား လျှောက်စားကြရာ ဖက်တီးဘုတ်ဖြစ်လာတော့မည်။  မဒမ်ထွဋ်က ပိုစားသည်၊ ၂ ရက်အတွင်း 2 kg တက်လာသည်ဟုဆိုသည်။  စားလိုက် လေ့ကျင့်ခန်းလုပ်မည်ဟုဆိုကာ လေပန်းလိုက် စားလိုက်နှင့် နှစ်ယောက်လုံး ငါးပူတင်းဖြစ်တော့မည်။  သို့သော်.. စင်ကျားပေါ အစားအစာ စာငတ်သောကြောင့် ရောက်တုန်းလေး အတိုးချစားသည်။  စီလုတ်မှာနေတုန်းကတော့ မြန်မာ အစားအစာတွေလွမ်းလှသည်၊ နာဇီအရမ်းပန်းညက်လွမ်းသည် (ကြက်ကြော်နှင့် ထမင်း)၊  လာဆာ လွမ်းသည်... လွမ်းလွမ်းနှင့် လျှောက်စားသည်။  ခဏလောက်နေလျှင် စီလုတ်အစားအစာတွေ လွမ်းဦးမည်... ပြန်ရောက်လျှင် အတိုးချစားဖြစ်လိမ့်မည်... ပိန်နိုင်ဖွယ်မမြင်။  
                    ပြန်ရောက်တော့ ရွှေပြည်တော်ကို ဖုန်းဆက်ရန် ထုံးစံအတိုင်း ၁၈၁၈ ၀ယ်သည်။  ဆိုင်ကညွှန်းလိုက်သောကြောင့် တူဒေး မြန်မာဆိုသော ဖုန်းကဒ်ကို ၁၀ ပေးပြီး ၀ယ်လိုက်သည်။  ၆၅ မိနစ်ခေါ်လို့ရသည်။  အသံကြည်သည်။  ထွက်စမို့လို့ဖြစ်မည်။ ထို့ကြောင့် တန်သည်။  တန်သောကြောင့် စင်ကျားပေါမှ လူများ စမ်းကြည့်စေလိုသည်။  သို့သော် ခေါ်ပြီးတိုင်း ဖုန်းနံပါတ်တစ်ခုပြန်နှိပ်ကာ လိုင်းပြန်ဖြုတ်ရသည်.. မဟုတ်လျှင် ပိုက်ဆံတွေ ပါသွားမည်။  မည်သို့ပင်ဆိုစေ လောလောဆယ်တော့ အတော် တန်သလို၊ အသုံးတည့်သည်။  ထို့ကြောင့် ဖုန်းကဒ်ကို ဓာတ်ပုံရိုက်ကာ တင်ပေးလိုက်ပါသည်။   နောက် နည်းနည်းကြာလျှင်တော့ ပိန်မသာ လိမ်မသာ အခြား ဖုန်းကဒ်တွေလို ပြန်ဖြစ်ချင် ဖြစ်သွားနိုင်သည်။ 

Sunday, February 26, 2012

ထူးခြားဆန်းပြားမင်္ဂလာဆောင်များ - ၂

ဝေဟင်မှ မင်္ဂလာဆောင်
          ဘယ်(လ်)ဂျီယံ နိုင်ငံ၊ ဘရူဆဲလ်က Jeroen နဲ့ Kippers တို့အတွဲကတော့ အများနဲ့မတူ တမူထူးခြားစွာဖြင့် အမြင့် ၁၆၀ ရှိတဲ့ စင်ကို ကရိန်းနှင့်မပြီးတော့ ထိုကရိန်းပေါ်မှာ လက်ထပ်ပွဲကို ဆင်နွှဲခဲ့ပါသတဲ့။  ထိုစင်ပေါ်မှာ ဧည့်သည်တော် ၂၀ လောက်က မင်္ဂလာပွဲကို လာရောက် ချီးမြှင့်ပေးခဲ့ပါတယ်။  နောက်ထပ် စင်တစ်ခုမှာတော့ တီးဝိုင်းအဖွဲ့က တီးမှုတ်ပေးခဲ့ပါတယ်။  မင်္ဂလာဆောင်ပြီးသွားတဲ့အခါမှာတော့ သတို့သားနဲ့ သတို့သမီးဟာ ထိုစင်ပေါ်ကနေ ကြိုးနဲ့ ခုန်ဆင်း (bungee jumping) ခဲ့ပါတယ်။  ဒီလို ခပ်ကြောင်ကြောင်မင်္ဂလာဆောင်ကိုတော့ “Marriage In The Sky” ဆိုတဲ့ ကုမ္ပဏီက စီစဉ်ပေးပါသတဲ့။ 

Saturday, February 25, 2012

ဒီပန်းသီး ဘယ်လောက်လဲ။ ၄၅၀။ ကားပေါ်မြန်မြန်တက်ပါ။


ဟိုးအဝေးကတိမ်တောင်တွေပေါ်မှာ အန္တရာယ်များတဲ့ အိုင်ဒီယာတွေပါသွားသလားလို့ ကြည့်မိ တခဏမှာ
ခင်ဗျားက bulb သီကို လက်နဲကထွန်းညှိလိုက်ပါတယ်
သူမဟာ တစ်ကိုယ်လုံးလှုပ်ရှားမှု့ကို ပရိသတ်ကိုပြချင်လို့ အ၀တ်နက်ခြုံပြီး
၁ က ၅၀ အထိ ရေတွက် လိပ်ပြာကိုလှုပ်လိုက်ပါတယ်

ကျွန်တော်တို့နေထိုင်တဲ့ ပြည်ထောင်စုမှာ တောင်တန်းတွေ လှိုင်းတွေနဲ့ ရှေးရိုးယဉ်ကျေးမှု့
ဓလေ့စရိုက်တွေ ဟာမိုနီဖြစ်မဖြစ် စီစစ်ပြီး ကော်ပီလုပ်ရမယ်
အားလုံးဟာ ဗလာတွေပါပဲ အားလုံးဟာ ဗလာတွေပါပဲ ဘယ်လိုပဲပြောပြော
အားလုံးဗလာမဲပေါက်ကြတာ

အရှေတီမောရဲ့ နုနုငယ်ငယ်လွတ်လပ်ရေးနဲ့အင်းဒိုနီးရှားရဲ့ ဒီမိုကရေစီ စိမ်ခေါ်ပွဲ
မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ စတော့မတဲ့

လူတစ်ယောက်ရဲ့ ခြေ၊ လက်၊ ခန္ဓာနဲ့ ပုဂ္ဂိုလ်တစ်ပါးရဲ့ ခြေလက်ခန္ဓာဘာကွာသလဲ
အမှန်လွန်သစ်သီးကို အပ်ချည်ကြိုးနဲ့ ဆွဲချမိတဲ့ ဖြစ်ရပ်
အမှည့်လွန်သစ်သီးကို ဈေးကွက်တင်တဲ့ ကိစ္စ
ဖြစ်သမျှဇာတ်ကြောင်းတိုင်းမှာ လွတ်လပ်တဲ့ ဇာတ်အကျိုးရှိသလား

ဘ၀မှာခဏခဏ ဒီရေတက်နေရတယ်
          (၁) မေးခွန်း
          (၂) အသံ
          (၃) ဟန်ကိုယ့်ဖို့လား သူ့ဖို့လား မသိခြင်းတရား
ခင်ဗျားနံဘေးနားမှာ မြစ်စီးနေသမျှပေါ့

ငြိမ်းဝေ၏ ဂဃနဏ စာအုပ်မှ

Friday, February 24, 2012

တရုတ်က အားကစား အသုံးအဆောင် ကုမ္ပဏီကြီးကို တရားစွဲတော့မယ့် မိုက်ကယ်ဂျော်ဒန်


          ဘက်စကတ်ဘော လောကရဲ့ နာမည်ကြီးတစ်ယောက် ဖြစ်ခဲ့သူ မိုက်ကယ်ဂျော်ဒန်ကတော့ တရုတ်နိုင်ငံက အားကစားဝတ်စုံတွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီ Qiaodan Sports Co. ကို တရားစွဲဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။  မိုက်ကယ် ဂျော်ဒန်ဟာ ကမ္ဘာနာမည်ကြီး အားကစား ပစ္စည်းများ ထုတ်လုပ်လောင်းချတဲ့ ကုမ္ပဏီ Nike နဲ့ ပူးတွဲပြီးတော့ သူ့ကိုယ်ပိုင် အားကစားဝတ်စုံနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသူပါ။
          မိုက်ကယ် ဂျောဒန်ကတော့ “ဒီလိုမျိုး ကျွန်တော့်နာမည်ကို တရုတ်လို အသုံးပြုပြီး ကျွန်တော့်ခွင့်ပြုချက်မရှိပဲ သုံးစွဲတာကို တွေ့ရတဲ့အတွက် အလွန့်ကို စိတ်ပျက်မိပါတယ်။  နောက်ပြီး ကျောနံပါတ် ၂၃ ကိုလည်း ကျွန့်တော်ခွင့်ပြုချက် မရပဲ အသုံးပြုတဲ့အပြင် ကျွန်တော့် ကလေးတွေရဲ့ နာမည်ကို ပါယူပြီးတော့ သုံးစွဲပါသေးတယ်” လို့ ဆိုသွားပါတယ်။
          “ကျွန်တော်က ငွေ အတွက်ကြောင့် တရားစွဲတာမဟုတ်ပါဘူး၊ လုပ်ထုံးလုပ်နည်းအရရယ်၊ ကျွန်တော့်နာမည်ကို ကာကွယ်ဖို့အတွက် တရားစွဲတာပါ” လို့ ထပ်လောင်းပြောသွားပါသေးတယ်။

FLIP သို့မဟုတ် Floating Instrument Platform


          ဒီသင်္ဘောအမျိုးအစားကို FLIP လို့ နာမည်ပေးထားပါတယ်။  ရေပေါ်မှာ အလျှားလိုက် သွားနိုင်သလို သုတေသန ပြုလုပ်တဲ့အချိန်မှာတော့ ၉၀ ဒီဂရီ ဒေါင့်မတ်ပုံစံ သင်္ဘောကို ထောင်လိုက်ပုံစံ ထားလို့ရပါတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်က Drs. Fred Fisher နဲ့ Fred Spiess တို့ဟာ ဒီလို သင်္ဘောမျိုးကို စတင် တီထွင်ခဲ့တာပါ။  ဒီသင်္ဘောကိုတော့ ပင်လယ်ပြင်သုတေသန အတွက် အသုံးပြုတာပါ။  ပင်လယ်ရေစီးကြောင်းတွေ ဘယ်လို စီးဆင်းတယ်၊ ဘယ်လိုမျိုး ကြီးမားတဲ့ လှိုင်းကြီးတွေ ဖြစ်ပေါ်လာရတယ်၊ လှိုင်းတွေ ဘယ်လိုရွှေ့လျှားတယ်၊ လေထုနဲ့ ပင်လယ်ကြားမှာ အပူတွေ ဘယ်လိုပုံစံနဲ့ ဖလှယ်နေကြတယ်၊  ပင်လယ်ရေအောက်က သတ္တ၀ါတွေဟာ ဘယ်လိုမျိုး အသံလှိုင်းတွေကို ထုတ်လွှတ်ကြတယ် စတဲ့ စမ်းသပ်မှု့များစွာကို ဒီသင်္ဘောကို အသုံးပြုပြီး လေ့လာနိုင်ခဲ့ကြပါတယ်။ 

          ဒေါင်လိုက်ပုံစံအတွက် အထူးဒီဇိုင်းထုတ်ရတာကတော့ ပင်လယ်ပြင်မှာ ပိုမို တည်ငြိမ်တဲ့ အခြေအနေလိုချင်တဲ့အတွက်ပါ။  အလျှားလိုက်ပုံစံထက်၊ ဒေါင်လိုက်ပုံစံဟာ ပိုမိုတည်ငြိမ်စေပြီး လှိုင်းကြောင့် သင်္ဘော လူးခြင်းကိုလည်း သက်သာစေပါတယ်။

Wednesday, February 22, 2012

ဘာမြင်ရလဲ? - ၂



ကဲ အကောက်လား အဖြောင့်လား ပြော.......

ဖြိုက်ကနဲ


ဖြိုက်ကနဲ…
မိုးက တစ်ပြိုက်ရွာ
ခိုကိုးရာမဲ့ ခိုက်ခိုက်တုန်လို့

ဖြိုက်ကနဲ…
သိမ့်သိမ့်တုန်ကျန်ခဲ့
နင်နင်းခဲ့တဲ့ သစ်ကိုင်း

ဖြိုက်ကနဲ….
လွင့်သွားတဲ့ကြယ်တွေ
ငိုသူက ငို၊ ဆွေးသူကဆွေး

ဖြိုက်ကနဲ….
အလင်းရောင်တွေ
မျက်စိတွေတောင် ကျိန်းစက်လို့

ဖြိုက်ကနဲ…..
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
ညငှက်တို့ အစာရှာချိန်


ဖြိုက်ကနဲ….
တေလေတစ်သိုက်
ရောက်တက်ရာရာတွေပြော

ဖြိုက်ကနဲ…..
မျှော်လင့်ချက်တွေ
တစ်ရှိုက်မက်မက် တပ်မက်ရင်း

ဖြိုက်ကနဲ….
ငါ…
မဲလို့...
မှောင်လို့.....
ပျောက်ဆုံးလို့ ကောင်းတုန်း