စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 24, 2012

အနာဂတ် စွမ်းအင်သစ် (သို့) လေမှထုတ်မည့် ဓာတ်ဆီ


          ရေနံ၊ သဘာဝဓာတ်ငွေ့… ဒါတွေနဲ့ ကမ္ဘာကြီးက လည်ပတ်နေတာ။  လျှပ်စစ်မီး၊ သယ်ယူပို့ဆောင်ရေး၊ နေ့စဉ် လူနေမှု့ဘ၀ ဒါတွေအားလုံးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပေါ် အများကြီး မှီခိုနေတယ်။  ဒီလောင်စာစွမ်းအင် အရင်းအမြစ်ဆိုတာကလဲ ထပ်ပြီးတော့ အသစ်ဖြစ်ဖို့ နှစ်သန်းပေါင်းများစွာကြာတဲ့ မြေအောက်က ဖိအားများစွာနဲ့ သဘာဝအတိုင်းဖြစ်လာတဲ့ Fossil Fuel တွေ။  ဒါတွေကို တူးဖော်၊ ထုတ်လုပ်ပြီး လူသားတွေ အသုံးချနေကြတာ။  တစ်နေ့ကျရင် ဒီ Fossil Fuel တွေဟာ ဒီနှုန်းအတိုင်း ဆက်လက်ပြီးတော့ တူးဖော်နေရင် ကမ္ဘာမြေပေါ်ကနေ ပျောက်သွားမှာ။  ဒီတော့ ဘာလုပ်မလဲ?  ကြက်ဆူဆီစိုက်မလား?  ဒါမှ မဟုတ် အပေါ်က ဓာတ်ပုံထဲကလို စမ်းသပ်ခန်းထဲမှာ ဒိုင်နိုဆော တွေ မွေး၊ မြေမြှုပ်၊ ပြီးတော့ နှစ်တွေကြာအောင်စောင့် ပြီးတော့ ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့ ဖြစ်လာတော့မှ ပြန်တူး။  ဒီနည်းလဲ သိပ်တော့ မဟန်လှဘူး။
          အခု သတင်းတစ်ပုဒ်ဖတ်မိတယ်။  အင်္ဂလန်က Air Fuel Synthesis ဆိုတဲ့ကုမ္ပဏီတစ်ခုက လေထဲကနေ ဟိုက်ဒရိုကာဘွန် လောင်စာကို ထုတ်လုပ်နိုင်ပါပြီတဲ့။  ထုတ်လုပ်တဲ့ concept ကတော့ အောက်ကပုံအတိုင်း လေထုထဲကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို ကာဘွန် Filter နဲ့စစ်၊ ရလာတဲ့ CO2 ကို ရေထဲကနေ Hydrogen Electrolyser ကနေခွဲထုတ်ပေးလိုက်လို့ ရလာမယ့် H2 နဲ့ပေါင်း၊ Fuel Reactor ထဲထည့် ဟော… ဟိုက်ဒရိုကာဘွန် လောင်စာ စွမ်းအင် အသစ်ရပါပြီတဲ့ဗျား။  ဒီတော့ သူ့မှာ သုံးတာက လေနဲ့ ရေပဲဆိုတော့ ထွေထွေထူးထူး ကမ္ဘာမြေပေါ်မှာ ညစ်ငြမ်းမှု့တွေ၊ ပြုန်းတီးမှု့တွေ မရှိပဲ ကောင်းမွန်လှတဲ့ နည်းလမ်းနဲ့ လောင်စာ စွမ်းအင်ထုတ်ပေးမှာ ဖြစ်ပါသတဲ့။ 


          သူတို့ရဲ့ sustainable fueldemonstrator plant ကလည်း အလုပ်ဖြစ်နေပါပြီ။ အဓိက အားဖြင့်ကတော့ လျှပ်စစ်ကို အသုံးပြုရမှာဖြစ်ပြီး ဒီလျှပ်စစ်ကိုတော့ လေအားလျှပ်စစ် လိုမျိုး သဘာဝအရင်းအမြစ် ညစ်ညမ်းမှု့၊ ဆုံးရှုံးမှု့နည်းပါးတဲ့ လျှပ်စစ်စွမ်းအင် အရင်းအမြစ်ကနေ ရယူနိုင်ပါသတဲ့။  ကဲ.. ဒီလိုဆိုတော့လဲ ကမ္ဘာကြီးအတွက် အသက်ရှုနဲနဲချောင်သွားတာပေါ့ဗျာ။  ဒါပေမယ့် ဒီ demonstrator plant က တစ်နေ့ကို ၅လီတာကနေ ၁၀ လီတာလောက်ပဲ ထွက်နိုင်ပါသေးတယ်။  သို့ပေမယ့် မျှော်လင့်ချက် ရောင်ခြည်အသစ်ကတော့ အာရုံဦးဆီမှာ ပေါ်ထွက်လာပါပြီ။  

Source : (Link)

3 comments:

  1. အင်း .. ထူးထူးဆန်းဆန်းပဲ

    ReplyDelete
  2. ကြက်ဆူဆီစိုက်တာထက် ပိုကောင်းတယ့်နည်းလေးပဲ..း)

    ReplyDelete
  3. ရေနံဝယ်စရာမလိုတော့ဘူးဆိုပါတော့ ...
    ရေနံကိုပဲ မှီခိုနေစရာမလိုတော့ဘူးပေါ့နော်...

    ReplyDelete